01/07/17


ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms Yanghee Lee ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စခန်းကို သွားရောက်စဉ်။ ဓါတ်ပုံ - (UN Information Center)
ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms Yanghee Lee ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စခန်းကို သွားရောက်စဉ်။ ဓါတ်ပုံ - (UN Information Center)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee ရဲ့ ဒီတခေါက် ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်သူတွေ ကျူးလွန်နေသလဲဆိုတာ နိုင်ငံတကာဘက်က မှန်မှန်ကန်ကန် သိအောင် ဖေါ်ထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒုက္ခသည် အရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တွေကပြောပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်နေ တဲ့ဒေသတွေက ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီတွေကို Yanghee Lee ရဲ့ခရီးစဉ်ကနေ အထောက်အ ကူပြုဆောင် ရွက်ပေး နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရတက်လာပြီးနောက် တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာပြီး ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်တွေ ဝေးကွာနေ တယ်လို့ တိုင်းရင်းသားပြည်သူတွေ က ဝေဖန်ထောက်ပြနေချိန်၊ တခါ ရခိုင်ပြည်အရေး ဟာလည်း ပြည်တွင်းရေး မဟုတ်တော့ပဲ အာဆီယံ ဒေသတွင်း အရေးကိစ္စဖြစ်လာချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ် ထွက်ပေါ်လာတာပါ။
အထူးသဖြင့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအခြေအနေနဲ့ပတ်သက်လို့ သတင်းအမှားတွေ နိုင်ငံတကာကို ပြန့်နှံ့နေတဲ့အချိန်မှာ အခုလို Yanghee Lee ရဲ့မြန်မာနိုင်ငံခရီးစဉ်ကနေ မှန်ကန်တဲ့ အချက်အလက်တွေ ဖေါ်ထုတ်နိုင် ဖို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး အကျိုးဆောင်ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက အခုကျနော်တို့ အစိုးရသစ် သက်တမ်းနုနေသေးတဲ့ ကာလမှာ ဘက်ပေါင်းစုံကနေပြီး ထိုးနှက် တိုက်ခိုက်နေတာတွေရှိပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အစီရင်ခံမယ့်ပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ မြန်မာနိုင်ငံ လက်ရှိ တည်ဆဲNLD အစိုးရရဲ့ ဂုဏ်သိက္ခာကို ပိုမိုပြီးတော့ မြှင့်တင်ပေးနိုင်မယ် သတင်းအစစ်မှန်တွေကိုလည်း ကုလသမဂ္ဂက ကြားနိုင်မယ့် အနေအထားမျိုးဖြစ်တဲ့အတွက် ကျနော်တို့က လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းမယ့် ပုဂ္ဂိုလ်လာမှာကို ကြိုဆိုသင့်ကြိုဆိုထိုက်တယ်လို့ပဲ ကျနော်ကမြင်ပါတယ်။ နောက်တချက်က ဒီလူ့အခွင့်အရေးချိုးဖောက်မှုကို ဘယ်ဘက်က ကျူးလွန်တယ်ဆိုတာကို ပိုမိုပီပြင်စွာ ဆက်လက်ပြီးတော့ ဖော်ထုတ်နိုင်ဖို့ အတွက် သမိုင်းဆိုင်ရာ လိုအပ်ချက်အနေနဲ့ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းမယ့်ပုဂ္ဂိုလ်ကို ဆက်လက်ထားရှိသင့်သေးတယ်လို့ ကျနော့်အနေနဲ့ကတော့ ရိုးသားစွာမြင်မိပါတယ်။"

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်ဘက်မှာဆိုရင် လုံခြုံမှုမရှိပဲ အမြဲ စိုးရိမ်နေရကြောင်း ဒေသခံ တွေကပြောပါတယ်။ အထူးသဖြင့် စစ်ပြေးဒုက္ခသည်တွေရဲ့စခန်းတွေမှာ အခြေအနေတွေ ဆိုးရွားနေပြီး လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက အစဉ်တစိုက် ထောက်ပြနေကြတာပါ။

ဒါကြောင့် (၅)နှစ်ကြာရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေစခန်းတွေအတွက် ဆက်ပြီး လိုအပ်နေတဲ့ အကူအညီတွေ အမြန်ဆုံးရရှိအောင် Yanghee Lee ရဲ့ ခရီးစဉ်ကနေ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Htoi Gender အဖွဲ့အစည်း တာဝန်ခံ နန်ပုက ပြောပါတယ်။

" များသောအားဖြင့် ဒီကုလသမဂ္ဂက လာတဲ့ကိုယ်စားလှယ်တွေက ရိုဟင်ဂျာအရေးကိုပဲ Highlights လုပ်ပြီးတော့ ရိုဟင်ဂျာ အရေးကိုပဲ ဖြေရှင်း မှုတွေ ပေးတယ်ပေါ့နော်။ IDP တွေဆိုရင် အများကြီးပဲ ဒုက္ခရောက်တယ်။IDP ဘဝကနေပြီးတော့ ထပ်ပြီးတော့ အထုပ်ပိုက်ပြီး ပြေးနေရတဲ့ အခြေအနေ၊ အခုဆိုရင် မိုးအရမ်းရွာနေတဲ့ကြားထဲမှာလေ သူတို့တွေ ဘယ်နေရာမှာ ဘယ်လို ခိုလှုံပြီးတော့နေကြမလဲဆိုတာက အရမ်းပဲ ရင်လေးစရာဖြစ်တာပေါ့။ အဲ့တာကြောင့်မို့လို့ ကုလသမဂ္ဂကလည်းပဲ တိုင်းရင်းသားအရေးတွေ IDP အရေးတွေကိုလည်း များများ ထည့်သွင်းစဉ်းစားပြီးတော့ သူတို့တွေ အမြန်ဆုံးငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ခိုင်မာတဲ့ငြိမ်းချမ်းရေး ရအောင် ဖြေရှင်းသွားဖို့ရန်ကိုလည်း ကျမတို့ အများကြီးမျှော်လင့်တယ်။"

ဒါအပြင် Yanghee Lee နဲ့ တွေ့ဆုံခွင့်ရပြီး အခြေအနေမှန်တွေကို တင်ပြခွင့်ရဖို့ မျှော်လင့်ထားကြောင်း နန်ပုက ပြောပါတယ်။

" ကျမတို့အနေနဲ့ကတော့ အခြေအနေမှန်ကို ပြောချင်တယ်။ ကျမတို့ ကချင်ဒေသက အခြေအနေတွေကို သူ့ရဲ့ Report ထဲမှာ ထည့်နိုင်အောင်လို့ ကျမတို့ကတော့ တောင်းဆိုသွားရမယ်။ သူလည်း ကျမတို့ တောင်းဆိုတဲ့အတိုင်း လုပ်ပေးမယ်လို့ မျှော်လင့်တယ်ပေါ့ လွန်ခဲ့တဲ့အချိန်မှာလည်း သူကတိပေးသွားတဲ့ အတိုင်း ထည့်ပြောသွားတယ်ပေါ့နော်။ State Level မှာလည်း အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေ ကျွမ်းကျင်သူတွေရှိပါတယ်ပေါ့နော် အခုဆိုရင် သူပြောတော့ ၃၀% နဲ့ပတ်သက်ပြီးတော့ Peace Process မှာလည်း လက်ခံလာတယ်။ လက်နက်ကိုင်တွေဘက်ကတော့ ၃၀%ကို လက်ခံလာတာ တွေ့ရတာပေါ့။"

အစိုးရရဲ့ဖိတ်ကြားချက်နဲ့ ဇန်န၀ါရီလ (၉)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ ၁၂ ရက်ကြာခရီးစဉ် အတွင်း အထောက်အကူဖြစ်စေဖို့ သူ ဦးစားပေး သွားရောက်မယ့် ဒေသတွေမှာ လိုအပ်မယ့်အကူအညီတွေ အပါအ၀င် အပြန်အလှန်လေးစားလိုက်နာမယ့် သဘောတူညီချက်တွေကို မြန်မာအစိုးရကို Yanghee Lee ကြိုတင်ပြီး တင်ပြထားကြောင်း မနေ့ သောကြာနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးကောင်စီ ရဲ့ သတင်းက ဆိုပါတယ်။

သူရဲ့ ငါးကြိမ်မြောက် ခရီးစဉ်မှာ ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဖားကန့်နဲ့ လိုင်ဇာ၊ ရခိုင်ပြည်နယ်က စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောမြို့တွေ အပြင် နေပြည် တော်နဲ့ ရန်ကုန်မြို့တွေ ကိုလည်းသွားဖို့ စီစဉ်ထားပါတယ်။ ဒီခရီးစဉ်က စုံစမ်းသိရှိချက်တွေကို မတ်လမှာကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။


၂၀၁၇ ခုနှစ်အတွင်း စောင့်ကြည့်ရမယ့် ပဋိပက္ခ ၁၀ ခုထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ နိုင်ငံတကာပဋိပက္ခလေ့လာ စောင့်ကြည့်ရေး အဖွဲ့ ICG အဖွဲ့က ပြောပါတယ်။ ဇန်န၀ါရီလ ၅ ရက်နေ့က Foreign Policy အင်တာနက် စာမျက်နှာမှာ ဖော်ပြတဲ့ ICG အဖွဲ့ အကြီးအကဲ Jean-Marie Guehenno ရဲ့ သုံးသပ်ချက်ဆောင်းပါးထဲမှာ မြန်မာနိုင်ငံဟာ ပဋိပက္ခစောင့်ကြည့်ရမယ့် ဆယ်နိုင်ငံစာရင်းထဲက ၈ နိုင်ငံမြောက် အဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေမှုတွေကို ရည်ညွန်းပြီး မြန်မာနိုင်ငံကို ထည့်သွင်း ထားတာဖြစ်ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရသစ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိပ်ဆုံးဦးစားပေးလုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ဖွဲ့ တို့ဟာ တရုတ်-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးဇုန်ကို ပူးတွဲတိုက်ခိုက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း မူဆလင်အသိုင်းအ၀ိုင်းရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့စိုးရိမ်မှုတွေကို တိုးလာစေ တာကြောင့် မြန်မာနိုင်ငံကို စောင့်ကြည့်ရမယ့် ပဋိပက္ခ ၁၀ ခုထဲမှာ ထည့်သွင်းရတာ ဖြစ်တယ်လို့ ICG အဖွဲ့ အကြီးအကဲ က ရေးသားထားပါတယ်။

တခြားပါဝင်တဲ့နိုင်ငံတွေကတော့ ဆီးရီးယား၊ အီရတ်၊ တူရကီနဲ့ ယီမင် နိုင်ငံအပြင် Congo ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ တောင်ဆူဒန်နိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေ ပါဝင်သလို ယူကရိန်းနဲ့ မက္ကစီကို နိုင်ငံတို့လည်း ပါဝင်ပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကိုတော့ ထိပ်ဆုံးစောင့်ကြည့်ရမယ့်နိုင်ငံတွေ အဖြစ် ဖော်ပြထားပါတယ်။
VOA Burmese News


ရန်ကုန်၊ ဇန်န၀ါ၇ီ ၇ – ရခိုင်ပြည်နယ်မောင်တောမြို့နယ် နတ်မြစ်အတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသောင်းနှစ်ထောင်ခန့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ မနက်လေးနာရီခွဲခန့်မှာ တက်ချောင်းဝအနီး မင်္သကာဖွယ်သင်္ဘောတစ်စီးကို တွေ့ရှိလို့ တာဝန်ရှိသူတွေက စစ်ဆေးဖို့ မီးအချက်ပြပြီးခေါ်ခဲ့ပေမယ့် လာရောက်ခြင်းမရှိတဲ့အပြင် ဖမ်းဆီးတဲ့အချိန်မှာ လှေပေါ်ပါသူများဟာ လှေကို ကမ်းကပ်ကာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

အဆိုပါလှေအတွင်းမှအနက်ရောင်ကြွပ်ကြွပ်အိတ်နဲ့ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ကိုးသောင်းနှစ်ထောင်ခန့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမူးယစ်ဆေးဝါးများရဲ့ကာလတန်ဖိုးမှာ ကျပ်သိန်းနှစ်ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူများကို စုံစမ်းစစ်ဆေးလျက်ရှိပြီး မန်ကျည်းချောင်း ရဲစခန်းမှာ မူးယစ် ပ-၁/၂၀၁၇ မူးယစ်ဆေးဝါးများနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ မောင်တောမြို့နယ် တပ်စု ၄၆ မူးယစ်တပ်ဖွဲ့မှ သိရပါတယ်။

Author ဝင်းနန္ဒာ
Kumudra



နွားလှည်းဝါသနာပါတဲ့ ဖခင်က ဘွဲ့ရသမီးကို ဂုဏ်ပြုချင်တာကြောင့် လှည်းယာဉ်ကြော့နဲ့ သေချာပြင်ဆင်ပြီး ဘွဲ့နှင်းသဘင်နေ့ မတိုင်ခင် အကြိုလေ့ကျင့်တဲ့နေ့မှာ ခမ်းခမ်းနားနား တက်ရောက်စေခဲ့တာပါ။ ဇန်နဝါရီ ၅ ရက်က ပြုလုပ်တဲ့ မုံရွာတက္ကလိုလ် ၁၇ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အကြိုလေ့ကျင့်တဲ့နေ့မှာ ဖြစ်ပါတယ်။ နေ့ကျောင်းတက်တဲ့ ကျောင်းသူ မအိမွန်ကျော်ဟာ ရုက္ခဗေဒဘာသာရပ်ကို ဂုဏ်ထူးတန်းနဲ့ အောင်မြင်ပြီး ဘွဲ့ယူမယ့် ကျောင်းသူဖြစ်ပါတယ်။ တောသူ တောင်သား လယ်သမားတွေရဲ့ သားသမီးတွေဟာလည်း ဘွဲ့ရ ပညာတတ်တွေ ဖြစ်ကြတယ်ဆိုတာ သိစေချင်တဲ့ ဆန္ဒကြောင့်လည်း သမီးတွက် ဒီလိုပြင်ဆင်ချင်တာ ဖြစ်တယ်လို့ စာထဲမှာ ဖခင်က ရှင်းပြထားပါတယ်။ လှည်းယာဉ်နှစ်စီးဖြစ်ပြီး ရှေ့တစ်စီးက အဖေနဲ့ အမေစီးကာ နောက်တစ်စီးကတော့ ဘွဲ့ယူမယ့် သမီးငယ် စီးနင်းလာတာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မျိုးမင်းဦး
7Day TV


ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးအရေးယူ ခံထားရသူ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား ဇန်န၀ါရီ ၆ ရက်က ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် ဦးမျိုးရန်နောင်သိန်းအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် လှိုင်မြို့မရဲစခန်းမှူး နှင့် သက်သေခံများအား သိမ်းဆည်းရာတွင် ပါဝင်ခဲ့သည့် သက်သေတစ်ဦးတို့ကို စစ်ဆေးခဲ့သည်။

ယင်းအပြင် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာန၏ တရားစွဲဆိုခွင့် အကြောင်းကြားစာအား စွပ်စွဲခံထားရသူ ဦးမျိုးရန်နောင်သိန်းဘက်မှ ကန့်ကွက်တင်ပြခဲ့မှုအပေါ် ကြားဖြတ်အမိန့် ချမှတ်ခဲ့သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဦးမျိုးရန်နောင်သိန်းဘက်မှ လျှောက်ထားခဲ့သည့် အာမခံအား ကမာရွတ်မြို့နယ်တရားရုံးက ပယ်ချခဲ့သည့်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးသို့ ထပ်မံလျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသဖြင့် အမှုအား အချုပ်နှင့်ပင် ဆက်လက်ရင်ဆိုင်နေခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါရုံးချိန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကိုယ်တိုင် လာရောက်ကြည့်ရှု နားထောင်အားပေးခဲ့သည်ကို တွေ့ရသည်။

ယင်းအမှုဖြစ်စဉ်မှာ Myo Yan Naung Thein Facebook အကောင့်မှ အောက်တိုဘာ ၁၄ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်သည့် စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို ကမာရွတ်မြို့မရဲစခန်းက (ပ) ၆၂၄/၂၀၁၆ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး ဦးမျိုးရန်နောင်သိန်းအား နိုဝင်ဘာ ၃ ရက်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ နှစ်လကျော်ကြာ အချုပ်နှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။


Writer:
ဉာဏ်ဝင်းရှိန်
Eleven Media Group



အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski
မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သမားရိုးကျ လုပ်ရိုးလုပ်စဉ်လို ဆက်လုပ်နေပြီး၊ လုပ်ခွင့်ပေးထားပုံရတယ်လို့ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတယောက်က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တော ခရိုင်ထဲကနယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းစဉ် ကိုးတန်ကောက်ကျေးရွာမှာ မွတ်ဆလင်တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နိုင့်ထက်စီးနင်းပြုမူနေတဲ့ Video ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီလို လူ့အခွင့်အရေးချိုးဖောက်နေတဲ့လုပ်ရပ်ဟာ သူတို့လုပ်နေကျ ခွင့်ပြုချက် ရထားတဲ့ လုပ်ရပ်မို့သာ သူတို့ကိုယ်တိုင် Video ရိုက်ပြနေတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski က AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အီရတ်က Abu Ghraib အကျဉ်းထောင်မှာ အမေရိကန်စစ်သားတွေ အီရတ် အကျဉ်းသားတွေကို နိုင့်ထက်စီးနင်းလုပ်နေတဲ့ ဓါတ်ပုံတွေကြောင့် သင်ခန်းစာရ စရာဖြစ်ခဲ့သလို ကိုးတန်ကောက်ရွာကိုစစ်ဆေးခဲ့တဲ့ တပ်ဖွဲ့ထဲမှာ ဒီလို အပြုအမူတွေ ကို ခွင့်ပြုထားတယ်လို့ သူ့အနေနဲ့ထင်ကြောင်း Mr. Malinowski ကအေပီသတင်းဌာနကို ပြောတာကို ဝါရှင်တန်ပို့စ်သတင်းစာမှာ ကိုးကားဖော်ပြပါတယ်။ မြန်မာအစိုးရကတော့ ဒီ Video ထွက်ပေါ်လာခဲ့ပြီးနောက် သက်ဆိုင်သူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာလည်း အဲဒီတနေရာမှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။

မွတ်ဆလင်တွေဖက်က နစ်နာခံစားချက်တွေကို ဖြေရှင်းဖို့လိုတယ် ဆိုတာကို မြန်မာအစိုးရကို အမေရိကန်ဖက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက ပြောကြားခဲ့တယ်လို့လည်း နိုင်ငံခြားရေးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက AP သတင်းဌာနကိုပြောပါတယ်။

အဲဒီလိုမှ မဖြေရှင်းရင် ခံစားနေရသူကို ပြည်ပအဖွဲ့အစည်းတွေက အခွင့်ကောင်းယူပြီး အကြမ်းဖက်တုံ့ပြန်အောင် လုပ်လာလိမ့်မယ်လို့ ပြောခဲ့တယ်လို့သူကဆိုပါတယ်။ အခုလက်ရှိမှာ ကြီးမားတဲ့ အတိုင်းအတာနဲ့ မဟုတ်ပေမဲ့ အဲဒီလိုအခြေအနေမျိုး ဖြစ်လာပုံရတယ်လို့ Mr. Malinowski ကပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့ နယ်စပ်လုံခြုံရေးအတွက် အကူအညီပေးဖို့အဆင်သင့်ပဲလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski က AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တချိန်က အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် အမေရိကန်က ကူညီပြောင်းလဲပေးနိုင်ခဲ့တယ်လို့ သမ္မတအိုဘားမားနဲ့ သူ့ရဲ့အကြံပေးတွေက ပြောနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ခုလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေဆဲဖြစ်တဲ့အတွက် သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အောင်မြင်မှုမှာ ထောက်ပြစရာဖြစ်တယ်လို့ အဲဒီ AP သတင်းထဲမှာ ရေးသားထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အိန္ဒိယ- မြန်မာ နယ်စပ်စည်းရိုး တည်ဆောက်ရန်ဆောင်ရွက်မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဒေသတွင်းအခြေစိုက်တဲ့ လူမှု အဖွဲ့အစည်းတွေက သဘောထား ထုတ်ပြန်ပါတယ်။

အိန္ဒိယမြန်မာနယ်စပ်မှာ နာဂ၊ ချင်း၊ ကူးကီး၊ ကချင်၊ တို့ နယ်နိမိတ် ဆက်ကြား ကူးလူး ဆက်ဆံနေထိုက်ကြပြီးအခုလိုဒေသခံတွေကိုမတိုင်ပင်ပဲဆောင်ရွက်ရင် ဒေသ ငြိမ်းချမ်းရေး နဲ့ လူမှုစီးပွားဘဝကိုထိခိုက်နိုင်ကြောင်း ဒေသခံတို့ရဲ့ အခွင့်အရေး ကို ချိုးဖော က်ရာရောက်ကြောင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာ နဲ့ အိန္ဒိယ နိုင်ငံ အကြားမှာ ခြံစည်းရိုး ဆောက်ဖို့ ဆိုတဲ့ ကိစ္စက လွန်ခဲ့တဲ့ ၅ နှစ်ခန့် အချိန်မှာ ကတည်းက အိန္ဒိယ အစိုးရ ဘက်က အဆိုပြု နေတာ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ အိန္ဒိယ ခရီးစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အိန္ဒိယ ခရီးစဉ် ပြီးနောက်မှာ နှစ်နိုင်ငံ နယ်စပ် ကြား မှာ ခြံစည်းရိုး ဆောက်ဖို့ ကိစ္စတွေ အကောင်အထည် ဖော်လာတာလည်း ဖြစ်ပါတယ်။

နာဂ လက်နက်ကိုင် အဖွဲ့အစည်း တွေ နယ်စပ် တလျှောက်မှာ အခြေမစိုက် နိုင်ရေး အတွက် အိန္ဒိယ ဘက်ကလည်း မြန်မာကို အမြဲလိုလို ဖိအားပေးလေ့ ရှိပါတယ်။

ပန်ရှား ဆိုတဲ့ နာဂ ရွာမှာ အိန္ဒိယ တပ်မတော် နဲ့ မြန်မာ့ တပ်မတော် တို့ ပူးပေါင်းပြီး နယ်စပ် ခြံစည်းရိုး ဆောက်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

နယ်စပ် ခြံစည်းရိုး တည်ဆောက်မှု ကို မြန်မာဘက် ခြမ်းက နာဂ ဆိုရှစ်လစ် ကောင်စီ နဲ့ အိန္ဒိယ ဘက်ခြမ်း က နာဂ အဖွဲ့အစည်း တွေက ကန့်ကွက် နေကြပါတယ်။

မြန်မာနဲ့ အိန္ဒိယ နယ်နမိတ် ထိစပ်မှု က မိုင်ပေါင်း တစ်ထောင် ကျော်ရှိပါတယ်။ အဲဒီ အထဲမှာ မှ ဘယ်အတိုင်းအတာထိ နုယ်စပ် စည်းရိုး တည်ဆောက် မလဲ ဆိုတာကိုတော့ နှစ်နိုင်ငံ လုံး က သတင်း ထုတ်ပြန်ခြင်း မရှိပါဘူး။

နှစ်နိုင်ငံ စလုံး ရဲ့ နယ်နမိတ် ထဲမှာနာဂ လူမျိုး တွေ နေထိုင် ကြပြီး နယ်စပ် စည်းရိုး က တချို့ရွာတွေကို အလယ်တည့်တည့် ကနေ ဖြတ်ပြီး တည်ဆောက်မှာ ဖြစ်တဲ့ အတွက် လူမှု စီးပွား ဘဝတွေ ထိခိုက် နိုင်တာကြောင့် ကန့်ကွက် တာလို့ လူမှုရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

နယ်စပ် စည်းရိုးကြောင့် နာဂ လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ပဋိပက္ခတွေ ပိုမို များလာပြီး ဒေသ တည်ငြိမ်ရေး ကို ထိခိုက် လာနိုင်ကြောင်း နာဂ ဒေသ လူမှုရေး အဖွဲ့အစည်းတွေက ပြောကြားနေပါတယ်။

BBC Burmese
http://www.bbc.com/burmese


အမေရိကန်ပြည်ထောင်စု Florida ပြည်နယ်က Fort Lauderdale-Hollywood နိုင်ငံတကာလေဆိပ်မှာ သောကြာနေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့လို့ ၅ ယောက်သေဆုံးပြီး ၈ ယောက်ဒဏ်ရာရတယ်လို့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက ပြောပါတယ်။

နေ့လည် ၁ နာရီမထိုးခင်မှာ Terminal ၂ အောက်ထပ် ခရီးဆောင်အိတ်တွေ ယူရတဲ့နေရာဘေးမှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် ၁၃ ယောက် အနည်းဆုံးထိမှန်ခဲ့ပါတယ်။ ဒဏ်ရာရသူ ၈ ယောက်ကိုတော့ ဒီနားကဆေးရုံပို့ပြီး ကုသနေပါတယ်။ ၅ ယောက်ကတော့ သေဆုံးခဲ့တယ်လို့ Broward မြို့နယ်ရဲအရာရှိ Scott Israel ကပြောခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်ခဲ့သူဟာ တယောက်တည်းဖြစ်ပုံရပြီး သူ့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ၁ နာရီလောက်အကြာမှာ လေဆိပ်ထဲက နောက်နေရာတွေမှာ ပစ်ခတ်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမဲ့ တာဝန်ရှိသူတွေကတော့ အဲဒီသတင်းတွေမမှန်ပါဘူးလို့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ မသင်္ကာသူဆီမှာ Esteban Santiago ဆိုတဲ့နာမည်နဲ့ စစ်တပ်မှတ်ပုံတင်ကဒ်ကို တွေ့တယ်လို့ Florida ပြည်နယ်အထက်လွှတ်တော်အမတ် Bill Nelson က သတင်းထောက်တွေ ကို ပြောပါတယ်။ ဒါပေမဲ့ အဲဒီကဒ်ပြားဟာ သူ့ကိုယ်ပိုင်လား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဘာကြောင့်ပစ်ခတ်သလဲဆိုတာကိုလည်း စစ်ဆေးနေဆဲဖြစ်တယ်လို့ Mr. Nelson ကပြောပါတယ်။ ပစ်ခတ်သူလို့ မသင်္ကာသူဟာ Canada လေကြောင်းလိုင်းလေယာဉ်နဲ့ ပါလာတဲ့ ခရီးသည် တယောက်ဖြစ်ပြီး သေနတ်ကို စစ်ဆေးမှုခံပြီး အပ်နှံသယ်ဆောင်လာတဲ့ အိတ်ထဲမှာ သယ်ယူလာတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီသူဟာ ကျနော်ဟာ ဂျူးလူမျိုးတယောက်မဟုတ်ဘူးလို့ အကြိမ်ကြိမ်အော်ဟစ်ခဲ့တယ်လို့ မျက်မြင်တယောက်က ABC ရုပ်သံကိုပြောပါတယ်။

Star Wars ရုပ်ရှင်ရုပ်ပုံတွေပါတဲ့ T shirt ကိုဝတ်ဆင်ထားသူဟာ ၁၃ ယောက်ကို ပစ်ခတ်အပြီး ကြမ်းပေါ်မှာ ခြေကားယား လက်ကားယားလှဲနေပြီး အဖမ်းခံဖို့စောင့်နေခဲ့တယ်လို့ တချို့ကလည်းပြောကြပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှု နဲ့ပတ်သက်မှုရှိမရှိဆိုတာ တပ်အပ်မပြောနိုင်သေးဘူးလို့ ရဲကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


(ပုသိမ်) ဇန်န၀ါရီ ၇ ရက်၊

နေပြည်တော်ကို အစည်းအဝေး တက်ဖို့ အသွား ညောင်တုန်းမြို့နယ် ညောင်စောက်ကျေးရွာအနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

"ယာဉ်တိုက်မှုအရှိန်ကြောင် ခေါင်းမှာအနည်းငယ် ဒဏ်ရာရတယ်။ ခေါင်းတော့ မပေါက်ပါဘူး။ လက်ကကျတော့ ယခင်တုန်းက ဘောလုံးကန်တုန်းက လက်ကျိုးထားဖူးတော့ အဲဒီ ဒဏ်ရာဟောင်းကို ပြန်ထိသွားတယ်ထင်တယ်။ လက်လှုပ်မရ ဖြစ်နေလို့ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ပြီး စစ်ဆေးပေးနေတယ်။ ယာဉ်တိုက်မှုဖြစ်တုန်းက သတိလစ်သွားပေမယ့် အခုတော့ တောက်လျှောက်သတိရနေပါပြီ။ စိုးရိမ်စရာ မရှိပါဘူး"လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။


ရန်ကုန် - ဇလွန်ပြေးဆွဲတဲ့ ရွှေတော်ဝင်ယာဉ်လိုင်းက ဘတ်စ်ကားဟာ အငှားယာဉ် Taxi ရဲ့ နောက်ပိုင်းကို ၀င်ဆောင့်တဲ့အတွက် တက္ကစီကားက အရှိန်မထိမ်းနိုင်ဘဲ ၀န်ကြီးချုပ်ကားကို မျက်နှာချင်းဆိုင်အနေအထားနဲ့ ၀င်တိုက်မိခဲ့ရာကနေ ၀န်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ လက်နဲ့ ဦးခေါင်း ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။


ဝန်ကြီးချုပ် စီးလာတဲ့ကားပေါါ်မှာ လူ ၃ ဦး လိုက်ပါလာပေမယ့် ၀န်ကြီးချုပ် ဦးမန်းဂျော်နီတဦးပဲ ထိခိုက်ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ ရွှေတော်ဝင် ဘတ်စ်ကားမောင်းသူ ကားသမားကတော့ ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက် ကားကိုထားပြီး ထွက်ပြေးသွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိနိုင်ရေး ကြိုးပမ်းနေကြောင်း သိရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ဦးမန်းဂျော်နီကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး တပတ်ခန့်အနားယူပြီးနောက် ပြန်ကောင်းသွားမယ်လို့ ဆရာဝန်တွေက ပြောဆိုပါတယ်။

ဓာတ်ပုံ - Citizen Journalist From Facebook
Ayeyarwaddy Times
https://www.facebook.com/ayetimes



ဟီလာရီ ကလင်တန် ကို သိက္ခာချ ဖို့ အတွက် ဆိုက်ဘာ ဖောက်ထွင်း မှုတွေ လုပ်ဖို့ ရုရှ သမ္မတ က ညွှန်ကြား
အမေရိကန် ရွေးကောက်ပွဲ မှာ ဒေါ်နယ် ထရမ့် အနိုင်ရအောင် ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ဖို့ ရုရှ သမ္မတ ဗလာဒီမီယာ ပူတင် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေး ခဲ့ကြောင်း အမျိုးသား ထောက်လှမ်းရေး အဖွဲ့ တာဝန်ရှိသူ က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ဒီမိုကရက် ပါတီ ကို ပြည်သူတွေ က ယုံကြည်မှု ကျဆင်းလာအောင် လုပ်ဖို့၊ ဒေါ်နယ် ထရမ့် ရဲ့ ပြိုင် ဘက် ဟီလာရီ ကလင်တန် ကို သိက္ခာချ ဖို့ အတွက် ဆိုက်ဘာ ဖောက်ထွင်း မှုတွေ လုပ်ဖို့ ရုရှ သမ္မတ က ညွှန်ကြား ခဲ့တယ်လို့ အစီရင် ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

ဆိုက်ဘာ တိုက်ခိုက်မှုတွေ ဟာ ရုရှ နိုင်ငံ က ပြုလုပ်တာလို့ အမေရိကန် က အစဉ် တစိုက် စွပ်စွဲ ပြောကြားနေပေမယ့် အခုအခါမှာတော့ သမ္မတ ဗလာဒီမီယာ ပူတင် ကိုယ်တိုင် ပါဝင်နေကြောင်း ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ ဒေါ်နယ် ထရမ့် သမ္မတ ရာထူး တာဝန် စတင် ထမ်းဆောင်တဲ့ နေ့မှာ ရုရှ ရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို တုံ့ပြန်မယ်လို့ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် ခံရထားရတဲ့ မိုက် ပန့်စ် က ပြောပါတယ်။

အစောပိုင်း အချိန်တုန်း က ရွေးချယ်ခံ သမ္မတ ဒေါ်နယ် ထရမ့် ဟာ အမျိုးသား ထောက်လှမ်းရေး အဖွဲ့က ခေါင်းဆောင် ပိုင်းတွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဆိုက်ဘာ တိုက်ခိုက် မှုတွေဟာ အမေရိကန် ရွေးကောက်ပွဲ အပေါ်မှာ အကျိုး သက်ရောက်မှု မရှိဘူးလို့ လည်း သူက ပြောကြား ထားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


အများပိုင်ယာဉ်လိုင်း များစတင်ပြေးဆွဲမည့်နေ့မတိုင်မီ ဇန်န၀ါရီ ၁၅ရက်ကစ၍ မထသကို အပြီးတိုင်ဖျက်သိမ်းမည်
ဖြစ်ပြီး ယင်းအဖွဲ့၏ ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်က ဆက်လက်တာဝန်ယူကိုင်တွယ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

အများပိုင်ယာဉ်များစတင် ပြေးဆွဲမည့်အစီအစဉ်နှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ရုံးတွင် ဇန်န၀ါရီ ၆ရက် က သတင်းစာရှင်းလင်းပွဲပြုလုပ် ပြီး မထသဖျက်သိမ်းမည့်အစီအ စဉ်ကို ၀န်ကြီးချုပ်က ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

‘‘မထသရဲ့စီမံအုပ်ချုပ်မှု လုပ်ငန်းအရပ်ရပ်ကို ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့က လွှဲပြောင်းရယူသွားတော့ မှာဖြစ်ပါတယ်။ မထသလက်အောက် ပြေးဆွဲတဲ့ယာဉ်တွေဟာလည်း ဇန်န၀ါရီ ၁၆ ရက်ကစပြီး စနစ်အသစ်နဲ့ပြေးဆွဲကြရတော့မှာဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

ယင်းအဖွဲ့သည် ရန်ကုန်မြို့ အတွင်း ဘတ်စ်ကားများစည်း ကမ်းချိုးဖောက်မှုများကို ကြပ်မတ် ဆောင်ရွက်နိုင်မှု အားနည်းသည် ဆိုကာ ဝေဖန်မှုများ ပိုများလာ သည်။ ရန်ကုန်မြို့တွင် လက်ရှိ၌ ယာဉ်လိုင်းပေါင်းသုံးရာကျော်ရှိ ပြီးအများပိုင်ယာဉ်များပြေးဆွဲပါ က ယာဉ်လမ်းကြောင်း ၅၈ခုသာ ထားရှိတော့မည်ဖြစ်ကြောင်း ရန် ကုန်မြို့ သယ်ယူပို့ဆောင်ရေးအာ ဏာပိုင်အဖွဲ့က သတင်းစာရှင်း လင်းပွဲတွင် ကြေညာခဲ့သည်။

အများပိုင်ယာဉ်များ ပြေးဆွဲပါက သတ်မှတ်လမ်းကြောင်းအလိုက် ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြေးဆွဲကြရမည်ဖြစ်ပြီး လက်ရှိအ သုံးပြုနေသော ယာဉ်လိုင်းအမည် များနှင့် ယာဉ်လိုင်းနံပါတ်များကို ဆက်လက်အသုံးပြုတော့မည်မ ဟုတ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ယာဉ်လိုင်းအရေအတွက် လျှော့ချလိုက်သော်လည်း ယာဉ် စီးရေနှင့်ခရီးသည်များလက်ရှိ သွားလာနေသည့်လမ်းကြောင်း များနှင့်သိသာစွာကွာခြားမည်မ ဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးနော်ပန်းသဉ္ဇာမျိုးကပြော သည်။

‘‘အခု ဆွဲထားတဲ့ လမ်း ကြောင်း ၈၀ ရာခိုင်နှုန်းကလက်ရှိ လမ်းကြောင်းတွေကိုပဲ အခြေခံဆွဲ ထားတာဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

သို့သော်လက်ရှိရေးဆွဲထား သောလမ်းကြောင်းများအရ မြို့ တွင်းသို့တိုက်ရိုက်ဦးတည်ပြေးဆွဲ သော ဘတ်စ်ကားရှိတော့မည် မဟုတ်ဘဲ မြို့တွင်းသို့ လှည့်ပတ် ပြေးဆွဲမည့်ယာဉ်လိုင်းသုံးလိုင်းကို သီးခြား သတ်မှတ်ပေးထား ခြင်းဖြစ်သည်။

အများပိုင်ယာဉ်လိုင်းများကို ဦးစီးလုပ်ကိုင်ရန် အဆိုပြုလျှောက်ထားသည့် ကုမ္ပဏီ ၂၀ ခန့်ရှိပြီး ၎င်းတို့အား စိစစ်၍ကုမ္ပဏီရှစ်ခုကို ရွေးချယ်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။

အများပိုင်ယာဉ်လိုင်းကုမ္ပဏီရှစ်ခုကို အတည်ပြုပြီးပါကလည်း သက်ဆိုင်ရာကုမ္ပဏီများက ၎င်းတို့စိတ်တိုင်းကျ ခြယ်လှယ်နိုင်ခြင်းမရှိစေရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် အစိုးရက ကုမ္ပဏီတစ်ခုချင်းစီအလိုက် ၅၀ ရာခိုင်နှုန်းထက်ပိုသော ရှယ်ယာဝင်ရောက်မည်ဟု ထုတ်ပြန်သည်။

ထိုသို့ လုပ်ဆောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘတ်ဂျက် ငွေကျပ်ဘီလီယံ ၆၀ ခန့် သုံးစွဲရန် လျာထားသည်ဟု ဆိုသည်။ ယခုအခါ ယာဉ်ပိုင်ရှင်များ က ထုတ်ပြန်ထားသော လမ်း ကြောင်းများထဲမှ မိမိကြိုက်နှစ် သက်ရာလမ်းကြောင်းသို့ အဆိုပြုလျှောက်ထားနိုင်ပြီး ကုမ္ပဏီများနှင့်ပူးပေါင်း ရှယ်ယာဝင်၍ လုပ်ကိုင်ခြင်းဖြင့်လည်း ၎င်းတို့စိတ်ကြိုက်ရွေးချယ်လုပ်ကိုင်ခွင့်ပေးမည်ဟု ဦးဖြိုးမင်းသိန်းက ဆို သည်။

သို့သော် လက်ရှိစုပေါင်းပြေးဆွဲသည့်စနစ် သုံးလပြည့်သည့်အချိန်မှစ၍ ယာဉ်ပိုင်ရှင်များအနေဖြင့် ကုမ္ပဏီရှစ်ခုအနက်တစ်ခုခု၏အောက်၌ အတည်တကျဝင်ရောက် ပြေးဆွဲကြရမည်ဖြစ်ပြီး မော်တော်ယာဉ်၏ အရည်အသွေး၊ ပြေးဆွဲမှုဆိုင်ရာ နည်းပညာပိုင်းများကိုလည်း မြှင့်တင်မည်ဟု သတင်းရရှိသည်။

‘‘သုံးလတစ်ကြိမ် ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်ပြီး အဆင့် မြှင့်တင်တာတွေ အဆင့်ဆင့် ပြု လုပ်မှာပါ။ ပထမသုံးလမှာတော့ ယာဉ်လုပ်သားတွေက ပိုက်ဆံ ကောက်တဲ့စနစ်မျိုးနဲ့ ဆက်လက် သွားနိုင်ဦးမှာဖြစ်ပေမယ့် နောက် တစ်ဆင့်မှာတော့ ခရီးသည်က စီး သလောက်ပဲ ကျသင့်စေမယ့် ဘယ်ကားစီးစီး အတက်အဆင်း ကတ်ရိုက်ငွေပေး စီးရတဲ့စနစ်မျိုး လုပ်သွားပါ့မယ်’’ဟု ၀န်ကြီးချုပ် က ဆက်လက်ပြောကြားသည်။

စတင်ပြေးဆွဲစဉ်တွင် ယာဉ် စီးခ နှုန်းထားကို အပိုင်းလိုက် ကောက်ခံစေမည်ဖြစ်ပြီး ခရီးစဉ် အစ/အဆုံးကို ကျပ် ၃၀၀ ထက် ပိုများစေမည်မဟုတ်ဘဲ ည ၁၀ နာရီခန့်အထိ ပြေးဆွဲပေးနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အများပိုင်ယာဉ်လိုင်းစနစ် ပြေးဆွဲရာတွင် စုပေါင်းပါဝင်ပြေး ဆွဲလိုသည့် ယာဉ်ပိုင်ရှင်များကို ဇန်န၀ါရီ ၇ ရက်မှစ၍ ၁၀ ရက်အထိ မှတ်ပုံတင် အဆိုပြုလွှာ လျှောက်ထားခြင်းများကို လက်ခံ မည်ဖြစ်ကာ ၁၁ ရက်တွင် သတ် မှတ်လမ်းကြောင်းအလိုက် ပြေး ဆွဲမည့် ယာဉ်စီးရေကို ထုတ်ပြန် မည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ပြောသည်။

ယာဉ်လုပ်သားများလည်း ထိုနေ့မှစ၍ လာရောက်မှတ်ပုံတင် ကြရမည်ဖြစ်ပြီး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နေရာများအ တွက် အမျိုးသား၊ အမျိုးသမီးခွဲ ခြားခြင်းမရှိဘဲ လုပ်ကိုင်စေမည် ဟု ဆိုသည်။

ယာဉ်မောင်းများအနေဖြင့် သတ်မှတ်ယာဉ်လိုင်းနံပါတ် အ တွက်သာ ၀န်ထမ်းသက်သေခံ စမတ်ကတ် ကိုင်ဆောင်၍ မောင်း နှင်ရမည်ဖြစ်ပြီး အခြားယာဉ်လိုင်း နံပါတ်သို့ ကူးပြောင်းမောင်းနှင် ခွင့်မရှိဟု ၎င်းက ပြောသည်။

ဝန်ထမ်းသက်သေခံစမတ် ကတ်ကို မှတ်ပုံတင်လာရောက် လျှောက်ထားစဉ်ထုတ်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ လမ်းကြောင်း တစ်ခုလျှင် ယာဉ်စီးရေမည်မျှအသုံးပြုမည် ကို လျှောက်ထားမှုအပေါ်အခြေခံ ၍ တွက်ချက်သွားမည်ဖြစ်ပြီး ပ ညာရပ်ပိုင်းဆိုင်ရာအရ အစီးရေ မည်မျှ အသုံးပြုရမည်နှင့် ယာဉ် တစ်စီးနှင့်တစ်စီး မည်မျှအကွာ ထွက်ခွာရမည်တို့ကို လျာထား တွက်ချက်ထားပြီးဖြစ်သည်ဟု က ရင်တိုင်းရင်းသားရေးရာဝန်ကြီး ကဆိုသည်။

ထိုသို့ အများပိုင်ဘတ်စ်ကား စနစ်ကို ကူးပြောင်းရခြင်းမှာ ရန် ကုန်မြို့တွင်း သွားလာနေကြ သည့် ခရီးသည်များအဆင်ပြေစွာ သွားလာနိုင်ရေး၊ ဘတ်စ်ကားများ စနစ်တက ပြေးဆွဲနိုင်ရေးနှင့် ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေလျှော့စေရန်တို့အတွက် ဖြစ် သည်ဟု ဦးဖြိုးမင်းသိန်းကပြော သည်။

ယင်းစနစ်စတင်ပြေးဆွဲမှုအ ပေါ် ခရီးသွားများကြိုတင်သိရှိစေ ရန်အတွက် ရန်ကုန်မြို့ သယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ၎င်း၏ ၀က်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်ခ် တို့တွင် လမ်းကြောင်းများ၊ ရှင်း လင်းချက်များကို ထုတ်ပြန်ပေး သွားမည်ဖြစ်ပြီး ဖုန်းမှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်မည့် ဆော့ဖ်ဝဲများ ဖွင့်လှစ်ပေးခြင်း၊ Call Center ထားရှိခြင်း၊ ဘတ်စ် ကားမှတ်တိုင်များတွင် ယာဉ်လမ်း ကြောင်းမြေပုံများပြသထားရှိခြင်း နှင့် မထသစနစ်၌ ရှိခဲ့သည့် ယာဉ် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ် အဖွဲ့များကို ခရီးသည်များအားကူ ညီဆောင်ရွက်လမ်းညွှန်ပေးမည့် သူများအဖြစ်ထားရှိခြင်းများလုပ် ဆောင်သွားမည်ဟုသတင်းရရှိ သည်။

ထိုသို့အများပိုင်ယာဉ်စနစ် ပြောင်းလဲပြေးဆွဲမည့်အစီအစဉ် ကို ၂၀၁၆ ဇွန်လကတည်းကစ တင်ကြိုးစားလုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပြီး အစပိုင်းတွင် ယာဉ်ပိုင်ရှင် အများစုက ပူးပေါင်း ပါဝင်ရန် ငြင်းဆန်မှုများရှိခဲ့ကြောင်းယာဉ် ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုတရုတ် လေးကပြောသည်။

‘‘အခုတော့ ယာဉ်ပိုင်ရှင် တော်တော်များများက လက်ခံ လာကြပါပြီ။ တချို့စီးပွားရေး လက်ဝါးအုပ်ချင်သူ တချို့တွေလည်းရောပါလာတာမျိုးတွေ တွေ့ရတယ်’’ဟု ၎င်းက ပြောသည်။

7 Day.


ရန်ကုန်ရှိ ယာဉ်လိုင်း ၃၀၀ ကျော် ဇန်နဝါရီ ၁၅ ရက်ည မှစ၍ ပြေးဆွဲခွင့်မရှိတော့ကြောင်းနှင့် အဆိုပါနေ့တွင် မထသကို ဖြတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယနေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်မှာ ပုဂ္ဂလိကက ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေရော ဦးပိုင်တို့ တခြားကုမ္ပဏီနာမည်တွေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃၀၀ ကျော် အားလုံး ဇန်နဝါရီ ၁၅ရက်နေ့ညမှာ အပြီးသတ်ရပ်ဆိုင်းလိုက်ပါပြီ။ဇန်နဝါရီ ၁၅ရက်နေ့ညဟာ အခုပြေးဆွဲနေတဲ့ယာဉ်နံပါတ်တွေရဲ့ နောက်ဆုံးပဲဖြစ်ပါတယ်။ အခု ၁၆ရက် မနက်ကစပြီး ယာဉ်လိုင်းပေါင်း ၅၈ လိုင်းက ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးကို ဝင်ရောက်ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရှယ်ယာအများဆုံးပါဝင်သည့် အများပိုင် ကုမ္ပဏီ ၈ ခုက ယာဉ်လိုင်း ၅၈ ခုဖြင့် ခရီးစဉ်အလိုက် ယာဉ်စီးခ ၁၀၀ ,၂၀၀, ၃၀၀ ကျပ် စသည်ဖြင့်ယာဉ်စီးခ သတ်မှတ်ပြီး ည၁၀နာရီ အထိ ပြေးဆွဲနိုင်ရန် ကုမ္ပဏီ ၈ ခုနှင့် ဆက်လိုက်ညှိနှိုင်းနေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆင့်မြှင့်တင်ပြေးဆွဲမည့် ယာဉ်လိုင်း ၅၈ လိုင်းနှင့်ပတ်သတ်သည့် အချက်အလက်များကို ကားမှတ်တိုင်များတွင် ကပ်ထားပေးမည်ဖြစ်ပြီး စတင်သည့်အချိန်တွင် အမျိုးသား/အမျိုးသမီး စပယ်ယာများပါဝင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ကတ်စနစ်ဖြင့် ဆောင်ရွက်ရန်စီစဉ်ထားသည်ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

(နှင်းမောင်ဦး)
News Watch
https://www.facebook.com/NewsWatchJournal/

နေပြည်တော်၊ ဇန်န၀ါရီ ၆

ရခိုင်ပြည်နယ်၊ မောင်တောဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ လုပ်ကြံဖန်တီးထားသည့် မှတ်တမ်းဓါတ်ပုံအမှားများဖြင့် သတင်းများ ထုတ်လွှင့်လျက် ရှိသဖြင့် သတိရှိကြရန် လိုအပ်ကြောင်း အယ်ဂျာဇီးယား ရုပ်သံက ထုတ်လွှင့်ခဲ့သည်။

အယ်ဂျာဇီးယားရုပ်မြင်သံကြားသတင်းဌာန၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Tweeter In Chief #Rohingya Fake News on AJNews Grid အစီအစဉ်တွင် အစီအစဉ် တင်ဆက်သူ Leah Harding က ထိုသို့ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

အစီအစဉ် တင်ဆက်သူ Leah Harding က ဓါတ်ပုံဖြင့် ဖော်ပြထားသော ၄င်းဖြစ်စဉ်ဖြစ်ရပ်မှာ လူမှုကွန်ယက်တွင် လူအများ စိတ်ဝင်စားမှု ရရှိနေကြောင်း၊ တစ်ချိန်တည်းမှာပင် ထိုသို့ လူအများစိတ်ဝင်စားမှုသည် သတင်းမှား အတော်များများ ကို ပြန့်နှံ့စေနိုင်သည်ကို သတိထားရန် လိုအပ်ကြောင်း၊ မိမိတို့ AJ News Grid အစီအစဉ်သို့ အလွန်တရာပင် စိတ်ရှုပ်ဖွယ်ရာ ကောင်းသည့် ဓာတ်ပုံ အတော်များများ ရောက်ရှိလာခဲ့ပြီး မိမိတို့ အစီအစဉ်အဖွဲ့သားများအနေဖြင့် ယင်းဓါတ်ပုံများ၏ မူလဇစ်မြစ်ကို အတည်ပြုနိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိ တင်ပြခဲ့သည့် အတိုင်း လွန်ခဲ့သော ၅ နှစ်ခန့်က နိုင်ဂျီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဓာတ်ပုံများကို ရခိုင်ပြည်နယ်က လူမဆန်သောလုပ်ရပ်များအဖြစ် စွပ်စွဲပြောဆိုမှုများ ဖြစ်နေကြောင်း၊ ထိုသို့ သတင်းမှားများ အများအပြား မြင်တွေ့နေရသည့်အတွက် ရခိုင်ပြည်နယ်မှ သတင်းများ ဟု လူသိများစေရန် Hastag တွဲမည် ဆိုပါက အထူး သတိထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် နေ့လည်ကပင် အစီအစဉ် ထုတ်လုပ်သူအား တွေ့ဆုံပြီး ဤကဲ့သို့ လုပ်ကြံဖန်တီးထားသော မှားယွင်းသည့် ဓာတ်ပုံအချို့ ရှိနေကြောင်း တင်ပြခဲ့ကြောင်း၊ အစီအစဉ် ထုတ်လုပ်သူက ထိုသို့ မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းများကို ပေးပို့နေသူ တစ်ဦး ရှိကြောင်း၊ ၎င်းမှာ သူ့ကိုယ်သူ လူမျိုးတစ်မျိုး (မြန်မာနိုင်ငံတွင် တရားမဝင်သော လူမျိုးအမည်) ဟု ပြောကြောင်း၊ ၄င်း၏ အမည်မှာ Ro Nay San Lwin ရိုနေဆန်းလွင်ဟု ခေါ်ကြောင်း၊ ယင်းမတိုင်မီ Human Rights Watch အဖွဲ့က အဆောက်အဦများ မီးလောင်ထားသော ဂြိုလ်တုဓါတ်ပုံများ ထုတ်ပြန်ပြီးနောက် ဤ (မဟုတ်မမှန်) ဓါတ်ပုံများကို တင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အယ်ဂျာဇီးယားရုပ်မြင်သံကြားသတင်းဌာန၏ အင်္ဂလိပ်ဘာသာဖြင့် Tweeter In Chief #Rohingya Fake News on AJNews Grid အစီအစဉ်တွင် အစီအစဉ် တင်ဆက်သူ Leah Harding ၏ ပြောကြားချက်ကို Leah Harding ယူကျု စာမျက်နှာတွင် ကြည့်ရှု နိုင်သည်။ ယင်းသတင်း ကြည့်ရှုရန် အင်တာနက်လိပ်စာမှာ https://www.youtube.com/watch?v=EBhXhOsbMJc ဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ သတင်းမှားများ ဖြန့်ချိလျက်ရှိသော Ro Nay San Lwin သည် ကာကွယ်ဆေး အဓမ္မ ထိုးနှံရာမှ ကလေးငယ်တစ်ဦး သေဆုံးရသည် ဟူ၍ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသော သတင်းကို စတင်ဖြန့်ချိခဲ့သူလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အောက်တိုဘာလ ၉ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် မဟုတ်မမှန် လုပ်ကြံ ဖန်တီးထားသည့် သတင်းမှားကို ဖြန့်ချိလျက် ရှိရာ ထိုသတင်းမှားများကြောင့် နိုင်ငံတကာမှ မြန်မာ နိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့သည်။

ထိုသို့ သတင်းမှားများကို ဦးဆောင်ဖြန့်ချိနေသူများမှာ မြန်မာနိုင်ငံ ပြင်ပတွင် နေထိုင် နေကြသူများ ဖြစ်ပြီး လူမျိုးအမည်တစ်ခုကို အကြောင်းပြု၍ အကျိုးဆောင်သူများ အဖြစ် အလှူရှင်နိုင်ငံများ၊ အလှူရှင်အဖွဲ့ အစည်းများ၊ အလှူရှင် လူပုဂ္ဂိုလ်များထံမှ ငွေကြေးနှင့် ထောက်ပံ့ကူညီမှုများစွာ ရရှိလျက် ရှိကြောင်း၊ ပြည်ပရောက်ရှိနေကြသူများ ဖြစ်၍ ထောက်ပံ့ကူညီမှုများ အသုံးပြုကာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ဖြစ်ပေါ်လာစေရန်၊ ပဋိပက္ခများ ငြိမ်သက်သွားပါကလည်း ပြန်လည် ဖြစ်ပွားလာစေရန် သွေးထိုးပေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

၂၀၁၇ နှစ်အစဖြစ်သော ၁.၁.၂၀၁၇ နေ့ တွင် ကျွန်တော် သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ စာပေဟောပြောရန်ရောက်ရှိနေသည် ။ ထိုမြို့တွင်ပုဂ္ဂလိကသတင်းစာအလွယ်တကူဝယ်ယူမရသဖြင့် ဖေ့စ်ဘွတ်ကိုသာအသုံးပြုရင်း နှစ်သစ်၏ ပထမဆုံးနေ့ ၏သတင်းဦးသတင်းထူးများကို ရှာဖွေဖတ်ရှုရသည် ။ယနေ့ကမ္ဘာကြီးတွင်အင်တာနက်ကြောင့်သတင်းစီးဆင်မှုသည် လျှင်မြန်လေ၏ ။ ယနေ့ အင်တာနက်တွင် ဖတ်ရှုရသော သတင်းများသည် မနက်ဖြန်မှသတင်းစာများ ဂျာနယ်များတွင်ပါလာလိမ့်မည် ။ထိုအခါအနည်းဆုံး ၁၂ နာရီခန့် ကြာမြင့်ခဲ့ပြီဖြစ်သော သတင်းများသည် အထူးတဆန်း အံ့သြဘနန်းမဟုတ်တော့ ။ သတင်းအခေါ်အဝေါ်အရ သတင်းသိုးသွားပြီဖြစ်သည် ။တခါတရံ ဂျာနယ်တွင်ပါပြီး သုံးလေးရက်ရှိမှ ထိုသတင်းကိုအထူးတဆန်းလုပ်ကာပြောကြ ပြကြ ဝေဖန်ကြသော ကျွန်တော့်မိတ်ဆွေအချို့လဲရှိသည် ။ထိုသူများကိုကျွန်တော်က ခင်ဗျား အထူးတဆန်းပြောနေတဲ့ကိစ္စတွေအားလုံးက ဒိတ်အောက်နေတဲ့သတင်းတွေချည်းဖြစ်နေပြီ ဟု အာမနာတမ်းဝေဖန်ခဲ့ဖူးသည် ။ ပြောလိုရင်းက သတင်းရေးမည့်သူ ၊ခေတ်အခြေအနေကိုထင်ဟပ်စေသောဆောင်းပါးများရေးမည့်သူ သည် နောက်ဆုံးပေါ်ကမ္ဘာ့သတင်း၊မြန်မာ့သတင်းများကိုစိတ်ဝင်စားဖွယ်သတင်းများကိုအမြဲမပြတ်ဖတ်ရှုလေ့လာနေရသည် ဟူသည့်သဘောဖြစ်သည် ။ထို့ ကြောင့်ကျွန်တော်သည်ဖေ.ဘွတ်တောက်လျှောက်သုံးကာသတင်းများကိုစောင့်ကြည့်ခဲ့ပါ၏ ။ ၂၀၀၇ ဇန်န၀ါရီ (၁)ရက်နေ့၏အထူးခြားဆုံးသတင်းကား ရဲတပ်ဖွဲ့ ဝင်တစ်ဦးရိုက်ကူးခဲ့သည် မောင်တောဒေသမှ ဗီဒီယိုဖိုင်လ်တစ်ခုဖြစ်သည် ။ တစ်မိနစ်နှင့်ဆယ့်ငါးစက္ကန့် သာကြာမြင့်သော ဆဲလ်ဖီ ဗီဒီယိုဖိုင်က မြန်မာနိုင်ငံအကြောင်း ၊ ရခိုင်ဒေသအကြောင်း ၊ ဘင်္ဂလီများအကြောင်း၊ မြန်မာလုံခြုံရေးတပ်ဖွဲ့ ဝင်များအကြောင်း စသည့်အကြောင်းအရာအတော်များများကိုပြတ်ပြတ်သားသား မီမောင်းထိုး ပြလိုက်သလိုရှိသည် ။

အားလုံးသိကြသည့်အတိုင်း ထိုဗီဒီယိုဖိုင်ထဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားသူများက ဘင်္ဂလီများကို ရိုက်နှိက်နေသည့်ပုံများဖြစ်သည် ။ ရွာသားဟုယူဆရသူ (ယောက်ကျားလေးများသီးသန့် ) ကိုရွေးထုတ်ပြီးတန်းစီထိုင်ခိုင်းထားရာ ထိုသို့ တန်းစီခိုင်းရာတွင်သူတို့ စိတ်တိုင်းမကျသူများ ၊ သူတို့ စိတ်နှင့်မတွေ့ သူများကို ဆဲဆိုအော်ငေါက်ရိုက်နှက်ခြင်း ၊တုတ်နှင့်ရိုက်ခြင်း ၊ စစ်ဖိနပ်ဖြင့်ဆောင့်ကန်ခြင်းများ ကိုပြုလုပ်ကြောင်းဗီဒီယိုဖိုင်ကပြဆို၏ ။ ထိုဗီဒီယိုဖိုင်သည် ၂၀၁၆၏နောက်ဆုံးနေ့  ဒီဇင်ဘာ ၃၁ ညနေတွင် အွန်လိုင်းပေါ်သို့ တက်လာပြီး နောက်တစ်နေ့  ၂၀၁၇ နှစ်သစ်၏ပထမဆုံးနေ့ တွင် ပြည်တွင်းပြည်ပ မီဒီယာတော်တော်များများသို့ ပျံ့ နှံ့ ရောက်ရှိသွားလေသည် ။အထူးသဖြင့် အယ်လ်ဂျာဇီးယားရုပ်သံကဲ့သို့ သော အစ္စလာမ်ကမ္ဘာနှင့်နိုင်ငံတကာသို့ ထိုးဖောက်ရောက်ရှိသော မီဒီယာကြီးများကထပ်ဆင့်ပြန်လွှင့်ထုတ်ကြခြင်းကား မြန်မာနိုင်ငံ၏ပုံရိပ်ကိုဆိုးရွားသွားစေပါသည် ။ မြန်မာရဲတပ်ဖွဲ့ ဝင်များ နှင့် မြန်မာ့တပ်မတော်အပေါ်လူ့ အခွင့်အရေးသမားများ ၊ ဘင်္ဂါလီ နှင့်ရိုဟင်ဂျာလော်ဘီများ ကစဉ်ဆက်မပြတ် လူ့ အခွင့်အရေးချိုးဖောက်မှုများဖြင့် စွပ်စွဲလာသည်ဖြစ်ရာ ဤဗီဒီယိုဖိုင်သည် စွပ်စွဲသူတို့ အတွက်ခိုင်မာသောအထောက်အထားတခုဖြစ်သွားလေသည် ။ထို့ ကြောင့် ဤသတင်းမှာ နှစ်သစ်ကူးနေ့ တွင်တပြိုင်နက်ပေါ်ထွက်လာသော အခြားသတင်းများကိုဖုံးအုပ်သွားလေသည် ။ ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ် ၁၈ ဦးတွေ့ ဆုံသည့်သတင်း ၊ ကိုမင်းကိုနိုင်မင်္ဂလာဆောင်သည့်သတင်း၊နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေဗဟိုဌာန( NRPC)ဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန့် ခွန်းပြောသောကိစ္စ တို့ ထက် ရဲတယောက်၏ဗီဒီယိုဖိုင်ကိုလူထုကပို၍စိတ်ဝင်စားခဲ့သည် ။ ထိုအဖြစ်အပျက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ခါတိုင်းလို မသိသလိုမနေပဲချက်ချင်းအရေးတယူသတင်းထုတ်ပြန်သည် ။ ဗီဒီယိုထဲတွင်ပါသောအဖြစ်အပျက်မှာ ၂၀၁၆ နိုဝင်ဘာ (၅) ရက်နေ့ က၊ ကိုးတန်ကောက်ကျေးရွာတွင် အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစဉ်ကတာဝန်ကျသူရဲတပ်ဖွဲ့ နှစ်ဖွဲ့ ရှိကြောင်း ၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲနှင့် အမှတ် (၃၆) လုံခြုံရေးရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ နယ်မြေရှင်းလင်းစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည် ။ မေင်တောမြို့ နယ်နိုရူလာရဲကင်းစခန်းကိုပစ်ခတ်တိုက်ခိုက်ခဲ့သည့်အကြမ်းဖက်သမားများမှာ ကိုးတန်ကောက်ကျေးရွာတွင်တိမ်းရှောင်နေကြောင်းသတင်းရရှိခြင်း ၊ ကိုးတန်ကောက်ကျေးရွာသို့ နိုင်ငံခြားသံတမန်များလာရောက်စဉ်ဖြစ်စဉ်မှန်မဟုတ်သည့်စာတန်းများကိုင်ဆောင်ဆန္ဒပြခဲ့ခြင်းဖြစ်စဉ်များနှင့်ပါတ်သက်၍ စာဖြန့် ဝေသူဟုသတင်းရသူကိုစိစစ်ဖော်ထုတ်ရန်ဝင်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်သည် ။ ထိုကိစ္စအတွက် တာဝန်ရှိသူများဖြစ်သော အမှတ်(၂)နယ်ခြာစောင့်ရဲတပ်ဖွဲ့ ခွဲမှရဲမှူးရဲထွန်းနိုင် ၊ အမှတ်(၃၆)လုံခြုံရေးရဲတပ်ဖွဲ့ ခွဲမှဒုရဲအုပ်တေဇာလင်း၊ ဗီဒီယိုရိုက်ကူးခဲ့သူရဲတပ်သားဇော်မျိုးထိုက် ၊ ရွာသားများကိုရိုက်နှက်ကန်ကျောက်ခဲ့သူရဲတပ်သားပြည့်ဖြိုးသွင် တို့ ကိုအရေးယူထားပြီး ရိုက်နှက်ကန်ကျောက်ရာတွင်ပါဝင်သူများကိုဆက်လက်စိစစ်အရေးယူသွားမည်ဟု ကြေငြာချက်ထုတ်ပြန်ထားပါသည် ။ ဤကားဖြစ်စဉ်အကျဉ်းချုပ်ဖြစ်၍ ကျွန်ုပ်၏အယူအဆများကိုဆက်လက်ရေးသားရပေအံ့ ။

ကိစ္စတိုင်းတွင်အကောင်းနှင့်အဆိုးဒွန်တွဲနေသည်ဖြစ်ရာ အဆိုးကိုချည်းကြည့်လျှင်ဆိုးသောအရာကိုပဲတွေ့ မည် ၊အကောင်းဘက်ကလှည့်ကြည့်လျှင်ကောင်းတာကိုမြင်ရမည်ဖြစ်သည် ။ အဆိုးထဲတွင်ကောင်းကွက်များလဲရှိကောင်းရှိနိုင်ပေ၏ ။ ပထမဆုံး ဗီဒီယိုဖိုင်ကိုရိုက်ကူးခဲ့သူ ရဲတပ်သား ဇော်မျိုးထိုက်၏လုပ်ရပ်ကိုကြည့်ကြပါစို့  ။ သူအေးအေးလူလူဗီဒီယိုရိုက်နေသည်ကို မည်သူကမျှတားမြစ်ခဲ့ခြင်းမရှိကြောင်းတွေ့ မြင်ရသည် ။ ထို့ ကြောင့်အပြစ်တင်လျှင်သူတစ်ယောက်ထဲအပြစ်တင်ရုံနှင့်လုံလောက်မည်မဟုတ် ။ သူဤဗီဒီယိုဖိုင်ကို အေးအေးလူလူသေသေချာချာရိုက်ကူးခဲ့သည်ဖြစ်ရာ အကြောင်း (၃)ခုထဲမှတခုခုကြောင့်ရိုက်ကူးခဲ့ပုံရသည် ။

(၁) ဘာရယ်မဟုတ်ပဲ အမှတ်တရအနေဖြင့်အပျော်ရိုက်ကူးခြင်း

(၂) သတင်းဌာနတခု (သို့ မဟုတ် ) အဖွဲ့အစည်းတခုခုက ရိုက်ကူးခိုင်းသဖြင့် ရိုက်ကူးခြင်း

(၃) ရဲတပ်ဖွဲ့ ဝင်များ လူအချင်းချင်းအကြမ်းဖက်နှိပ်စက်ခြင်းကိုမလိုလားသဖြင့်သက်သေရအောင်ရိုက်ကူးခြင်း

ဤအကြောင်းပြချက်သုံးခုထဲမှတခုခုဖြင့်ရိုက်ကူးခဲ့ဟန်ရှိသည် ။ ပထမမေးခွန်းမှာ ဤသို့ ဗီဒီယိုရိုက်ခဲ့ခြင်းမှာအပြစ်ရှိသလားဟူသောမေးခွန်းဖြစ်သည် ။ ရဲတပ်ဖွဲ့ ဝင်များကလူထုကိုနှိပ်စက်သည် ။ ရဲကသူတို့၏နှိပ်စက်မှုကိုပြန်၍ဗီဒီယိုရိုက်သည် ။ သူသည်တရားဥပဒေစိုးမိုးရေးကို ပူးပေါင်းကူုညီပေးသူဟူ၍သတ်မှတ်၍မရဘူးလား ။ ရဲတို့ တွင်ဤသို့ လုပ်ခွင့် (ရိုက်နှက်နှိပ်စက် ညှဉ်းပန်းခွင့်)တရားဝင်ရှိသလား ဟူသောမေးခွန်းဖြစ်သည် ။ ရဲ၏လုပ်ရပ်တရားမ၀င်ဘူးဆိုလျှင် ထိုတရားမ၀င်သောအပြုအမူကိုမှတ်တမ်းတင်သော သူမှာ အပြစ်ရှိသောလုပ်ရပ်ဟုသတ်မှတ်မည်လောဟူသောမေးခွန်းပေါ်ပေါက်သည် ။ ဤနေရာ၌ ရဲတပ်ဖွဲ့ဘက်ကလည်းမလိုက် ၊ ဘင်္ဂလီဘက်ကလည်းမလိုက် ၊ ရခိုင် ဗမာစသောသူများဘက်ကလည်းမလိုက်ပဲ ကြားလူတယောက်အနေနှင့် စဉ်းစားကြည့်ပါစို့ ။ ပထမဆုံး ရဲတပ်ဖွဲ့ဝင်တို့၏ခံစားချက်ဖြစ်သည် ။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကိုဝင်တိုက်ခံရခြင်း၊မိမိလုပ်ဖော်ကိုင်ဖက်များအကြမ်းဖက်သတ်ဖြတ်ခံရခြင်း ၊ မိမိရဲကင်းစခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်ခံရခြင်းတို့အတွက် ရဲတပ်ဖွဲ့ ဝင်များသည် သွေးဆူနေပေလိမ့်မည် ။ An eye for an eye ဆိုသောစိတ်ဓာတ်များကိန်းအောင်နေမည်ဖြစ်သည် ။ ဒါကိုနားလည်ပေး၍ရသည် ။သို့ သော် ရဲတပ်ဖွဲ့ ၏အကြီးအကဲမှာ ဤစိတ်ဓာတ်မျိုးဤအပြုအမူမျိုးကိုတားဆီးထိမ်းချုပ်ရမည်ဖြစ်သည် ။ လက်စားချေချင်သော ဒေါသစိတ်အစား ဥပဒေစိုးမိုးရေးဝန်ထမ်းများပီပီ ဥပဒေအတိုင်းဆောင်ရွက်ရန် အနီးကပ်ထိမ်းသိမ်းကြီးကြပ်ရမည်ဖြစ်သည် ။ ရဲတပ်ဖွဲ့ ဝင်များ၏ စိတ်ခံစားချက်ကိုနားလည်ပေး၍ရသော်လည်း မိမိကဥပဒေဘက်တော်သားများဖြစ်သည်ဆိုခြင်းကိုမူ ရဲအချို့မေ့လျော့နေကြောင်း တွေ့ မြင်ရ၏ ။ ဗမာ ၊ရခိုင်စသောလူမျိုးများဘက်ကကြည့်သောအခါ ကုလားများကိုဆော်ပလော်တီးခြင်းကို လူအများစုကအားရကြသည် ။ ဆော်ရမည် တေရမည် ရိုက်ရမည် ကန်ကျောက်ရမည် ။သို့ သော်သိသာသိစေမမြင်စေနဲ့ဆိုသလို ဗီဒီယိုရိုက်ပြီးတော့မှတ်တမ်းမတင်နဲ့ ၊ဗီဒီယိုရိုက်သူသည် ကုလားအားပေး ၊အမျိုးသားသစ္စာဖောက်ဟုမြင်ကြသည် ။ ဒေသခံဘင်္ဂလီများ ၊ ဒူးတုပ်ကာ ထိုင်ထားခံရသူများဘက်ကဘယ်လိုမြင်မည်နည်း ။ ကုလသမဂ္ဂဘက်ကကိုယ်စားလှယ်များရခိုငပြည်နယ်စစ်တွေ၊ဘူးသီးတောင်၊မောင်တော်ဒေသသို့ လာသောအခါ ရခိုင်တို့ဘက်ကလည်း ဆန္ဒပြကြ ဆိုင်းဘုတ်တွေကိုင်ကြတာပဲမဟုတ်လား ။ သို့ သော် မည်သည့်ရခိုင်ရွာများကိုဤသို့ ရိုက်နှက်ကန်ကျောက်ဆဲဆိုနေပါသလဲ ။ အကြမ်းဖက်သောင်းကျန်းသူများကိုဖမ်းဆီးသည်ဆိုရာ၌ အကြမ်းဖက်သူကိုဖမ်းဆီးခြင်းအားထောက်ခံသော်လည်း အကြမ်းဖက်သည့်အထဲတွင်မပါဝင်သူရွာသားများကိုပါ တရားခံများသဖွယ် ရိုင်းစိုင်းစွာ လုပ်ဆောင်နေခြင်းမှာ တရားမျှတပါ၏လော ။ အထူးသဖြင့် ဥပဒေဘက်တော်သား ပြည်သူ့ ရဲများသည် ဤသို့ တရားလက်လွတ်လုပ်ပိုင်ခွင့်ရှိပါသလော ဟူသော မေးခွန်းများပေါ်ထွက်လာဖွယ်ရှိ၏ ။နိုင်ငံတကာအမြင်ကရော မည်သို့ ရှိမည်နည်း ။မြန်မာရဲများကြမ်းပုံရမ်းပုံကိုကမ္ဘာကသိမြင်သွားပြီဖြစ်ရာ ယခင်က ဘင်္ဂလီတို့ လိမ်လည်စွပ်စွဲခဲ့သော မျိုးတုန်းသတ်ဖြတ်တို့  ၊ အဓမ္မပြုကျင့်တို့  ၊အိမ်မီးရှို့ တို့ ဆိုသည်မှာ ဟုတ်တန်ရာသည်ဟူသောအမြင်များရသွားကြဖွယ်ရှိသည် ။

ဤနေရာတွင်ရဲတပ်သားကလေးဗီဒီယိုရိုက်ခဲ့ရာတွင် နံပါတ်တစ်နှင့်သုံးဟူသောအကြောင်းပြချက်မျာဖြင့်ရိုက်ခဲ့ခြင်းကကိစ္စမရှိ ။နံပါတ်(၂) အကြောင်းပြချက်ဖြစ်သောသတင်းဌာနတခု (သို့ မဟုတ် ) အဖွဲ့အစည်းတခုခုက ရိုက်ကူးခိုင်းသဖြင့် ရိုက်ကူးခြင်းဆိုလျှင်ပြသနာရှိလာပေပြီ ။ နိုင်ငံတော်တည်ငြိမ်အောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်နှင့် မြန်မာအစိုးရအသစ်တို့ အားကျိုးမာန်တက်ဆောင်ရွက်နေခိုက်ဖြစ်ရာ ရခိုင်၌ပြသနာမတက်တက်အောင် ၊ အစိုးရအခက်အခဲအကြပ်အတည်းမတွေ့ တွေ့ အောင် ပြုလုပ်လိုသော နိုင်ငံရေးအင်အားစုများမြန်မာနိုင်ငံတွင်ရှိနေပါသည် ။ထိုအဖွဲ့ တွေများ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရအဖွဲ့ ကို ချောက်ထဲကျအောင်တွန်းပို့ သလားဟု ထင်မြင်ယူဆစရာတွေလည်းရှိပါသည် ။ ရဲတပ်သားကလေးကတော့ နောက်ကွယ်ကလက်မည်းကြီးတွေကို ပြောရဲမည်မထင်ပါပေ ။ သူတယောက်ထဲပြစ်ဒဏ်ခံသွားဖို့ ပို၍ဖြစ်နိုင်ချေရှိလေသည် ။ ကဲအဆိုးထဲကအကောင်းပဲတွေးကြည့်ကြစို့  ။ အနည်းဆုံးအားဖြင့် မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ်လိုအပ်သည်ထက်အာဏာနှင့်လုပ်ပိုင်ခွင့်သုံးကာ ညှဉ်းပန်းနှိပ်စက်တတ်ကြောင်း ခိုင်လုံသောသက်သေအထောက်အထားရခြင်းကအမြတ်ထွက်ခြင်းတခုပင်ဖြစ်ပေသည် ။ ရဲတို့ သည် ဘင်္ဂလီဖြစ်စေ ၊ မြန်မာဖြစ်စေ ၊ မိမိလူမျိုးအချင်းချင်းဖြစ်စေ သူတို့ ရဲလုပ်ပိုင်ခွင့်ခွင်ထဲဝင်လာသည်နှင့် တရားလက်လွတ်အနိုင်ကျင့်ကာညှဉ်းပန်းနှိပ်စက်လေ့ရှိသည် ။ အချုပ်ခန်းထဲတွင် အချုပ်သားအချင်းချင်းရက်စက်စွာ အနိုင်ကျင့်နှိပ်စက်နေခြင်းကိုရဲက၀င်ရောက်မတားဆီးပဲ အလိုတူအလိုပါ လွှတ်ပေးထားသောဗီဒီယိုဖိုင်တခု အင်တာနက်ဖေ့ဘွတ်တွင်တက်လာခဲ့ဖူးသည် ။ဟိုရဲစခန်းလိုလိုသည်ရဲစခန်းလိုလို ဟိုလူ့ ကိုအရေးယူမလိုလို သည်လူ့ ကိုအရေးယူမလိုလိုဖြင့်ထိုအမှုမှာပျောက်ကွယ် သွားခဲ့ဖူးသည် ။ ရဲစခန်းတွင်တရားခံကိုစစ်ဆေးရာမှ လက်လွန်သေဆုံးရသောဖြစ်ရပ်အများအပြားလည်း ရဲအချုပ်ခန်းများတွင်ရှိနေသည် ။ လောလောဆယ်တွင်ပဲ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြိ့ နယ် ဘောကထာနယ်မြေရဲစခန်းတွင် အသက် ၃၀ ခန့် မသင်္ကာဖွယ်အမျိုးသားတဦး အားရဲစခန်းမှရိုက်နှင်စစ်ဆေးရာရဲစခန်းအတွင်း၌ပင် သေဆုံးမှုဖြစ်ပွားခဲ့သဖြင့် စခန်းမှူးအပါအ၀င်ရဲတပ်ဖွဲ့ ဝင် ၁၀ ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှတ်တမ်းအရသိရသည်ဆို၏ ။ ဤဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် ရဲများသည် မင်္သကာသူတရားခံတယောက်ကို မိလာပြီဆိုလျှင် ဗိုလ်မှူး၊ ဗိုလ်ချုပ် ၊ခရိုနီစသော နောက်ခံဘက်ဂရောင်းရှိသူအချို့ မှလွဲ၍ ကျန်သော သာမန်ကျောမွဲပြည်သူလူထုအပေါ် အကြမ်းဖက်လူဆိုးဂိုဏ်းများသဖွယ် စိတ်ထင်သလိုနှိပ်စက်ညှဉ်းပန်းလေ့ရှိကြောင်း သက်သေဖြစ်သည်။ထိုအပြုအမူသည်မြန်မာတနိုင်ငံလုံးရှိရဲစခန်းအားလုံးလောက်နီးပါးတွင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး၊ မြန်မာနိုင်ငံရဲချုပ်အပါအ၀င်သက်ဆိုင်ရာ အကြီးအကဲများက ထိုကိုလိုနီစရိုက်ဆိုးကိုတားမြစ်နိုင်မှုမရှိသေးကြောင်းထင်ရှားသည် ။ ထိုသို့ ပြောသော်ရဲတို့ ဘက်မှအထောက်အထားမရှိပဲမပြောပါနှင့်ဟုဗြောင်ငြင်းကြမည်ဖြစ်ရာ ယခုပေါ်ပေါက်လာသော ကိုးတန်ကောက်ကျေးရွာမှဗီဒီယိုဖိုင်နှင့် ရွှေကျင်မြို့နယ်ဘောကထာနယ်မြေရဲစခန်းမှလူသတ်မှုက သက်သေခံနေပေသည် ။ ဤအချက်များကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်း စိတ်ဓာတ်နှင့်ခံယူချက်အပြုအမူပြောင်းလဲရေးစီမံကိန်းကိုမဖြစ်မနေစတင်လုပ်ဆောင်ဖို့ လိုလာပြီဖြစ်သည် ။ ထစ်ကနဲနေရိုက်လိုက်မည် နှက်လိုက်မည် ငါ့စခန်းရောက်လာတုန်း နှိပ်စက်လိုက်မည် ဆိုသော စိတ်ဓာတ်အစား ကူညီလိုက်မည် ၊ ဥပဒေအတိုင်းငါကစ၍ပြုမူဆောင်ရွက်လိုက်မည် ။ မပေါ်သေးသောလူသတ်မှု ၊လုယက်မှုများ ၊အမှုကြီးများကို ပေါ်ပေါက်အောင်ကြိုးစားလိုက်မည် ။ ပြည်သူလူထုကိုဘယ်လိုစောင့်ရှောက်လိုက်မည်ဟူသော စိတ်ဓာတ်မျိုးဖြစ်ပေါ်လာအောင် ပြောင်းလဲရတော့မည်ဖြစ်သည် ။တနိုင်ငံလုံးပြောင်းလဲရာတွင်ရဲတပ်ဖွဲ့ မှနောက်ချန်နေရစ်ခဲ့၍မသင့်ချေ ။ ဤသို့ မကောင်းသောအကျင့်များခ၀ါချပြီး ကောင်းသောအလေ့အထများဖြစ်ပေါ်လာအောင် တပ်လှန့်နှိုးဆော်ရာရောက်သဖြင့် ရဲတပ်သားဇော်မျိုးထိုက်၏ဗီဒီယိုအားအပြစ်မမြင်ပဲ ပြောင်းလဲခြင်းအတွက်တွန်းအားတခုအဖြစ်မြင်နိုင်လျှင် အဆိုးထဲမှအကောင်းဖြစ်ပါပေ၏ ။

နောက်တခုပြန်တွေးကြည့်လျှင်လည်း ရဲတပ်ဖွဲ့ ဝင်များ တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များနှင့်ပါတ်သက်၍ လူ့ အခွင့်အရေးအဖွဲ့များ ၊ကုလသမဂ္ဂအပါအ၀င် အချို့နိုင်ငံများ၏ စွပ်စွဲချက်များနှင့်ပါတ်သက်၍ ကျွန်တော်တို့ သည် ရဲများ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ဆောင်ရွက်ချက်ကို ဘယ်တုန်းကမှသံသယမ၀င်ခဲ့ ။ မဟုတ်တာတော့မလုပ်လောက်ဘူး ၊ ကုလားတွေကလီဆယ်တာနေမှာ ဟုသာအမြဲထင်မြင်ယူဆခဲ့ပါသည် ။ ယခုအဖြစ်အပျက်ကြောင့် ကျွန်တော်တို့သည် မည်သည့်အရာကိုမှ တဆင့်ကြားနှင့် ယုံ၍မဖြစ်တော့ပဲ ကိုယ့်ဘက်ကလည်းဒီလိုရှိပါလား ၊ဒီလိုလုပ်ကြပါလား ။ဗီဒီယိုရိုက်မထားနိုင်လို့သာငါတို့မသိကြတာပါလားဟူသော အသိပညာဥာဏ်အလင်းပွင့်ခဲ့ရပါသည် ။မည်သည့်ကိစ္စမဆိုတဖက်နားနှင့်ယုံလို့မရသည့်အဖြစ် ။ ဗုဒ္စမြတ်စွာဟောပြောခဲ့သည့်ကာလာမသုတ်တရားတော်ကိုလည်းပို၍ အားကိုးစရာဖြစ်လာပါသည် ။ ဤအကြောင်းများသည် အဆိုးထဲမှအကောင်းဖြစ်ပါသည် ။

တဖန်မြန်မာနိုင်ငံကိုဘင်္ဂလီကိစ္စ ၊သူတို့ အခေါ်ရိုဟင်ဂျာကိစ္စဖြင့်စဉ်ဆက်မပြတ်ထိုးနှက်တိုက်ခိုက်နေသော အစ္စလာမ်နိုင်ငံအချို့နှင့် အဖွဲ့ အစည်းအချို့မှ လုပ်ကြံလိမ်လည်ထားသော သတင်းအမှားများ၊ဓာတ်ပုံအမှားများဖြင့် အင်တာနက်တွင် စွပ်စွဲ ၀ါဒဖြန့် နေကြသည်ဖြစ်ရာ ၊ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံးမှချက်ချင်းပင် ဓာတ်ပုံအတုများစွပ်စွဲချက်များကိုဓာတ်ပုံအစစ်များ အဖြစ်အပျက်အမှန်များဖြင့် တုန့် ပြန်ဖြေရှင်းနေခြင်းကိုတွေ့ မြင်ရပါသည် ။ယခင်ကထိုသို့ တုန့် ပြန်ရကောင်းမှန်းမသိခဲ့ ၊တုန့် ပြန်မှုလည်းမရှိခဲ့ချေ ။ ဒါက အဆိုးထဲမှအကောင်းဖြစ်တော့သည် ။ ဥပမာ ရခိုင်တွင်မူဆလင်တဦးအရှင်လတ်လတ်မီးရှို့ ခံရဟူသော စာရေးထားသည့်ဓာတ်ပုံမှာ တရုတ်သမ္မတတိဗက်သို့ ရောက်ရှိစဉ် တိဗက်တက်ကြွလှုပ်ရှားသူတဦး မိမိကိုယ်ကိုမီးရှို့ ကာ၊ ဆန္ဒပြနေသောဓာတ်ပုံဖြစ်ကြောင်း ဖော်ထုတ်ပြခြင်း ၊ ဗုဒ္စဘာသာဘုန်းတော်ကြီးများ မူဆလင်များကိုအစုလိုက်အပြုံလိုက်သတ်နေပုံဟုဖော်ပြထားသောအလောင်းကောင်များကြားမှ ဗုဒ္စဘာသာဘုန်းတော်ကြီးများပုံမှာ ၂၀၁၀ တိဗက်ငလျှင်လှုပ်ခတ်အပြီး ငလျင်ဒဏ်သင့်သေဆုံးသူများကိုမီးသဂြိုဟ်ရန် ဘုန်းတော်ကြီးများမှကူညီပြင်ဆင်နေပုံများဖြစ်ကြောင်း စသည်ဖြင့် အခြားဓာတ်ပုံအတုတော်တော်များများကို အမှန်အတိုင်းရှင်းလင်းကာ နိုင်ငံတော်အတိုင်ပင်ခံရုံး ၏တရားဝင်အင်တာနက်စာမျက်နှာတွင်တင်ထားနိုင်လာခြင်းသည် အဆိုးထဲမှအကောင်းဖြစ်ပါသည်။ ထို့ ကြောင့်မတရားမှုကို မည်သည့်ရည်ရွယ်ချက်ဖြင့်မှတ်တမ်းတင်သည်ဖြစ်စေကောင်းသည်သာဖြစ်သည် ။ မတရားမှုများလက်ဆုပ်လက်ကိုင်ရလေလေ တရားသောလမ်းကြောင်း ကောင်းမွန်သောလမ်းကြောင်းသို့ နိုင်ငံတော်နှင့် နိုင်ငံတော်လက်အောက်ခံအဖွဲ့ အစည်းများ ပြောင်းလဲနိုင်လေလေဖြစ်သည် ။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ ၊ တပ်မတော်သားများ ၊၀န်ထမ်းအဖွဲ့ အစည်းအသီးသီး နှင့် ပြည်သူလူထုသည် လာဘ်စားမှုများ၊အာဏာအလွဲသုံးမှုများ ဥပဒေကိုကျော်လွန်သောကိစ္စမှန်သမျှ ဗီဒီယိုများဆက်ပြီးရိုက်ကြပါ ၊ သက်သေအထောက်အထားများပိုမိုစုဆောင်းကြပါ ။ မသမာသောအကြံဖြင့်အသုံးမပြုပဲတိုင်းပြည်တိုးတက်ပြောင်းလဲရေးအတွက်အသုံးပြုခဲ့ပါလျှင် အဆိုးထဲမှာလည်းကောင်းကွက်များစွာရှိနေပါကြောင်းတင်ပြလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၆.၁.၂၀၁၇


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် တွေထဲက တပ်မတော်နဲ့ ရဲစခန်းတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ ပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲ တွေကြောင့် ဒုက္ခသည်တွေ အဖြစ် ထွက်ပြေး ခဲ့ကြရသူတွေ အခုလို ဆောင်းရာသီမှာ အကူအညီတွေ ပိုမို လိုအပ် နေတယ်လို့ သူတို့ကို ကူညီသူတွေက ပြောကြပါတယ်။

ဒီကြားထဲမှာ လွတ်လပ်ရေးနေ့ ညက မိုးသီးမုန်တိုင်းဒဏ်ကြောင့် တရုတ်မြန်မာ နယ်စပ် ကျူကုတ် ပန်ဆိုင်း အနီး ဖိုင်ကောင်း ဒုက္ခသည် စခန်း ပျက်စီးသွားပါတယ်။

ဒုက္ခသည် စခန်းဟာ မူဆယ် မြို့နယ် ပန်ဆိုင်းနဲ့ မုံးကိုး ကြားမှာ ရှိပြီး အခိုင်အမာ တည်ဆောက် ထားတဲ့ စခန်း မျိုး မဟုတ်ဘဲ ဖြစ်သလို ဆောက်ထားတဲ့ ယာယီ တဲတွေသာ ဖြစ်တယ်လို့ အဲဒီက ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကွတ်ခိုင်က ဒေသခံ ကိုဟောင်းဒေါင်က ပြောပါတယ်။

ဖိုင်ကောင်း ရွာမှာ တိုက်ပွဲတွေ ဖြစ်တဲ့ အတွက် အဲဒီက ရွာသားတွေက တရုတ်နိုင်ငံနယ်စပ်နဲ့ နီးတဲ့ လယ်ကွင်းထဲမှာ ဒုက္ခသည် စခန်း အဖြစ် သွားရောက် နေထိုင်ကြတာ ဖြစ်ပါတယ်။

မိုးသီးတွေကြွေလို့ ပျက်စီး သွားတဲ့ အမိုး အကာတွေကို ပြန်လည် ပြုပြင်ပြီး ပဲ နေကြရတယ်လို့ ကိုဟောင်းဒေါင်က ပြောပါတယ်။

အခုလောလောဆယ် လု့ခြုံတဲ့ အမိုးအကာ၊ နွေးထွေးတဲ့ အဝတ်အစားနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

သူတို့ နေရပ်ရင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာ မရှိပေမဲ့ ရွာတွေနဲ့ နီးစပ်တဲ့ နေရာမှာ နှစ်ဘက် တပ်တွေ နေရာယူ ထားတာ ရှိပြီး တပ်မတော် ဘက်လည်း ရွာတွေထဲမှာ နေရာယူထားတဲ့ အတွက် ရွာကို ပြန်သွား နေဖို့ စိုးရိမ်နေကြတယ်လို့ ကိုဟောင်းဒေါင်က ပြောပါတယ်။

ကွတ်ခိုင်ဝန်းကျင်က ကျေးရွာ သုံးရွာက လူတွေကို တပ်မတော် ဘက်က ဖယ်ရှားခိုင်း ထားတယ်လို့လည်း သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese



နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အမှတ်တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOFA)
   ရန်ကုန် ၊ ဇန်န၀ါရီ ၆ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စု အနေဖြင့် နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်းမပြုမိစေရန် မလေးရှားနိုင်ငံ အစိုးရ အနေဖြင့် ထိန်းသိမ်းညှိနှိုင်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့ ရှိ မလေးရှားသံရုံးသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၅ ရက်နေ့ တွင် အကြောင်းကြားထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည်။

မလေးရှားနိုင်ငံမှ NGOs များအနေဖြင့် ရခိုင်ပြည်နယ်သို့ လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပါဝင်သော သင်္ဘောအုပ်စု စေလွှတ်ရန် စီစဉ်နေသည်ကို ကြားသိရကြောင်း ၊ မလေးရှားနိုင်ငံ အစိုးရနှင့် NGOs များအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ဆောင်ရွက်သည့် လမ်းကြောင်း အတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံနိုင်ငံများမှ ရခိုင်ပြည်နယ်သို့ လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စနှင့် ပတ်သက်ပြီး သံတမန်လမ်းကြောင်းမှ တစ်ဆင့် တရားဝင်အကြောင်းကြားဆောင်ရွက်ရန်၊ အကူအညီ များအား ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းနှစ်ခုလုံး အားခွဲခြားမှု မရှိဘဲ ပေးအပ်ရန်နှင့် ဆိပ်ကမ်းများ သို့ ရောက်ရှိချိန်တွင် အထောက်အပံ့ ပစ္စည်းများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် အလှူရှင်နိုင်ငံများကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏

သံရုံးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင်အကြောင်းကြား ထားကြောင်း သိရသည်။အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းနှစ်ခုလုံး အတွက် လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရန် သံတမန်လမ်းကြောင်းဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


၆-၁-၂၀၁၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  Soi Lat Phrao လက်ဖလော့ နဲ့ -ချို့ ချိုင်း စီ လမ်းမကြီးပေါ်မှာ ညပိုင်း ဆိုင်ကယ်နဲ့ သွားနေသူ အမျိုးသား-အမျိုးသမီးတွေကို ဓါးထောက်ပြီး လုနေတဲ့ ထိုင်းနိုင်ငံသား ကစ်တီကွန် နဲ့  အပေါင်းအပါတစ်ဦးဟာ နောက်ဆုံး အလုခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတစ်ဦးကို ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးပြီး သေဆုံးသူ လက်ထဲက IPhoe ကို လုယူသွားခဲ့ပါတယ်။


ရဲတွေက တရားခံကို ရက်ပိုင်းအတွင်း မိအောင်လိုက်ဖမ်းနိုင်ခဲ့ပြီး ဒီကနေ့  သူကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကို ၀န်ခံသရုပ်ပြပွဲ လုပ်ခဲ့ရာမှာ လူသတ်ခဲ့တဲ့ နေရာမှာစောင့်နေကြတဲ့ သေဆုံးသူ ကျောင်းသားရဲ့  သူငယ်ချင်းတွေနဲ့  လူုအုပ်ကြီးက တရားခံကို ၀ိုင်းရိုက်ခဲ့ကြပါတယ်။


တရားခံဟာ ထောင်အကြိမ်ကြိမ်ကျခဲ့ဘူးသူဖြစ်ပြီး ထိုင်းဘုရင်သစ် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ တဲ့ အကျဉ်းသား (၃၀၀၀၀)မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ တရားခံနဲ့  အတူ ထောင်ထဲမှာ အတူနေခဲ့သူ တစ်ဦးနဲ့  ဘန်ကောက်မြို့ တွင်း နေရာ အတော်များများ မှာ ဆိုင်ကယ်တစ်စီးနဲ့  လိုက်လုနေကြတာဖြစ်ပါတယ်။

Social Action for Women - SAW



ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံဘက်က မူဆလင်ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ရဲ လုံခြုံရေးယူထားစဉ်။ (နိုဝင်ဘာ ၂၁၊ ၂၀၁၆)
    ရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ပြဿနာတွေအပါအ၀င် ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် မြန်မာအစိုးရရဲ့ အထူးသံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှေ့သီတင်းပတ်မှာသွားရောက်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တချိန်တည်းမှာပဲ၊ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မောင်တောမြို့ကို ဒီကနေ့သွားရောက်ပြီးတော့ ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် ဦးဆောင်တဲ့ မြန်မာအစိုးရ အထူးသံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့်ရှ်နိုင်ငံကို ရှေ့လာမယ့် သီတင်းပတ် အတွင်းမှာ သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခအပါအ၀င် ၂ နိုင်ငံကိစ္စရပ်တွေ ကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ဗွီအိုအေကို ပြောပါတယ်။

" အဓိက ကတော့ ကျနော်တို့ နှစ်နိုင်ငံကြားမှာပေါ့နော် နားလည်မှု ပိုမို တည်ဆောက်တဲ့ အနေအထား ရည်ရွယ်ချက်လေးလည်း ပါပါတယ်။ ကျနော်တို့ လုပ်ဆောင်တာနဲ့ပတ်သက်ပြီး ပိုမိုပြီးတော့မှ ထိတွေ့မှုလေး မြှင်တင်ချင်တဲ့ သဘောလည်း ပါပါတယ်။ နှစ်နိုင်ငံကြားမှာ ( FOC) Foreign Office Consultations ဆိုတဲ့ ယန္တယားလေးရှိပါတယ်။ အဲ့တာ့ Foreign Office Consultations ပေါ့လေ။ ကျနော်တို့ဆီက နှစ်ဘက်ပေါ့ တွေ့ဆုံကြမယ် ဆွေးနွေးကြတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာထဲမှာလည်း ကျနော်တို့ဘက်က အလှည့်ကျလို့ ဆွေးနွေးဖို့ရှိတယ်။ အဲ့တာ အကြောင်းကြောင်းကြောင့် မသွားဖြစ်ဘူးပေါ့လေ။ မသွားဖြစ်တော့ နောက်တပိုင်းက သူတို့နဲ့ထိတွေ့မှု မြှင့်တင်ချင်တဲ့သဘောလေး ကျနော်တို့ ဒါ စဉ်းစားပေးတဲ့သဘောပါခင်ဗျ။ ကျနော်တို့ဆီကတော့ ဝန်ကြီးချုပ်နဲ့ ဒုဝန်ရှိမယ် နောက်တခါ နိုင်ငံခြားရေးဝန်ကြီးပေါ့လေ အဲ့ဒီ့အနေအထားမျိုးလေးပါ။ "

မေး ။ ။ ရခိုင်ြပည်နယ်မြောက်ပိုင်းမှာ ဖြစ်တဲ့ ပြသနာနဲ့ပတ်သက်ပြီး ဒီဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးသွားတယ်ဆိုပြီးတော့ ပြောတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံ ဘက်ကနေ ဘင်္ဂလားဘက်ကို ကူးသွားတယ် ဆိုတဲ့ သူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ဖို့ ပြောနေတာတွေလည်း ကြားနေရပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ရော ဘယ်လို အစီအစဉ်များရှိသလဲ။

ဖြေ။ ။ ဒီအခု ပြောတဲ့ဟာကတော့ သိပ်ပြီးတော့ လွယ်လွယ်ကူကူ လုပ်ငန်းစဉ်တော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်အချက်က ကျနော်တို့တွေ ကြားမှာ ဒါမျိုးတွေ အရင်တုန်းကတော့ ဖြစ်ခဲ့ဖူးတယ်။ ထွက်ပြေးသွားတယ် ဆိုတဲ့ အနေအထားမျိုးလေးတွေ နောက်ပြီးတော့ အဲ့ဒီ့မှာ ကျနော်တို့က နှစ်ဘက် ညှိနှိုင်းပြီးတော့ ပြန်လည်လက်ခံတဲ့ အနေအထားမျိုးလေးတွေ ဒါက နောက်ထပ် လုပ်ငန်းစဉ်တွေ အများကြီးပါတော့ တော်တော် ကာလကြာရှည်သွားမယ့် အနေအထားမျိုးတွေ ရှိပါတယ်။ နောက်ပြီးတော့ ဒါတွေက သူ့သက်ဆိုင်ရာ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပါဝင်ပတ်သက်မှုလည်း လိုမယ်လေ အဲ့ဒီ့တော့ အဲ့လောက်အသေးစိတ်ကိစ္စတော့ မပါလောက်ဖို့ များပါတယ်။ တဖက်က အဲ့ဒီ့ကိစ္စကို ထည့်သွင်းလာမယ်ဆိုရင်တော့ ကျနော်တို့က ဒါကိုတုန့်ပြန်မှာပါ ကျနော်တို့ဘက် ကတော့ ဒါတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားဖို့တော့ ကိုယ့်ဘက်က စတင်ဆွေးနွေးသွားဖို့တော့ မရှိပါဘူးခင်ဗျ။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရတာကြောင့် မြန်မာ အစိုးရတပ်တွေဘက်က အဲဒီဒေသတွင်းမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီး၊ ဒေသတွင်းမှာ အခြေအနေတွေက တင်းမာခဲ့သလို၊ အဲဒီဒေသမှာ ရှိတဲ့ မွတ်ဆလင်တွေ အတော်များများလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဟာ မောင်တောမြို့က ပြဿနာဖြစ်ခဲ့တဲ့ ကျေးရွာတွေကို ဒီကနေ့ သွားရောက်ပြီး ဒေသခံရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်မြင့်ဖေက ဗွီအိုအေကို အခုလို ပြောပါတယ်။

" မောင်တောက အခင်းဖြစ်တဲ့နေရာတွေဆီကိုကျနော်တို့ ဒီနေ့သွားပါတယ်။ ရွာက ရွာလူကြီးတွေနဲ့လည်း တွေ့တယ် အဲ့ဒီ့မှာ ၉ရက်နေ့၊ ၁၀ ရက်နေ့က ဖြစ်တဲ့ ကိစ္စတွေထဲမှာ ပါဝင်နေတဲ့ ရွာတွေထဲကို ရောက်တယ်။ အဲ့မှာ ရှိတဲ့ ရွာသူရွာသားတွေကို ခေါ်မေးတယ်။ သူတို့စားဝတ်နေရေး ဘယ်လိုနေသလဲ၊ ဘယ်လိုအခက်အခဲတွေရှိသလဲ။ ဘာတွေတင်ပြချင်သလဲ။ ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ကျနော်တို့ရဲ့ အဖွဲ့ဥက္ကဋ္ဌ ဒုသမ္မတကြီးကိုယ်တိုင် ပွင့်ပွင့်လင်းလင်းနဲ့ မေးတာမြန်းတာတွေ တော်တော်လုပ်ပါတယ်။"

ဒီကနေ့တွေ့ဆုံမှုအတွင်း ဒေသခံမွတ်စလင်အသိုင်းအ၀ိုင်းဘက်ကလည်း သူတို့ရဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့စိုးရိမ်ချက်တွေ နဲ့ ပြောပြခဲ့တယ်လို့လည်း ဦးဇော်မြင့်ဖေက ပြောပါတယ်။ မောင်တောတိုက်ခိုက်မှုနောက်ပိုင်းအခြေအနေတွေကို စုံစမ်းစစ်ဆေးတဲ့ အစိုးရကော်မရှင်ရဲ့ ကနဦးအစီရင်ခံစာပါ ထုတ်ပြန်ချက်တွေဟာ အဖြစ်မှန်ကို ဖုံးကွယ်တဲ့ အစိုးရရဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဝေဖန်လိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်မြင့်ဖေက အခုလို တုံ့ပြန်လိုက်ပါတယ်။

" ဥပဒေနဲ့မညီတဲ့ ပြသနာတွေ ပေါ်လာနိုင်သလို အခြေအမြစ်မရှိတဲ့ သတင်းတွေလည်း ထွက်လာနိုင်တာပဲ။ အဲ့ဟာနှစ်ခုကိုတော့ တပြိုင်နက်တည်း စဉ်းစားဖို့လိုတယ်လေ။ အားလုံးက ကောလဟာလလို့ မပြောပါဘူး။ ကျနော်တို့ပြောတာက သက်သေ အထောက်အထားဟာ အခုအထိ ခိုင်ခိုင်မာမာ ဖော်ထုတ်လို့မရသေးဘူးလို့ပြောနေတဲ့ကြားထဲက ပြောတော့ ပြောနေကြတယ်။ တိုင်တာလည်း မရှိသေးဘူးဆိုတာလောက်ပဲ ကျနော်တို့က ပြောတယ်။"

မောင်တောဒေသမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေဟာ အစိုးရရဲ့ ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်အပြင် ဘာသာရေးအဖွဲ့တွေ၊ နိုင်ငံတကာ NGO အဖွဲ့တွေနဲ့လည်း ဒီကနေ့ တွေ့ဆုံတာခဲ့တယ်လို့ ဦးဇော်မြင့်ဖေက ပြောပါတယ်။

 ရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဧရာဝတီ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီသည် ပုသိမ်မှ နေပြည်တော် သို့ အစည်းအဝေး တက်ရောက်ရန် သွားစဉ် ညောင်တုန်းမြို့နယ် ဆားမလောက် အလွန်တွင် ရန်ကုန်မှ ပုသိမ်ဘက်သို့ မောင်းနှင်းလာသည့် ဇလွန် ရွှေတော်ဝင် ကားနှင့် ညနေ ၅ နာရီ အချိန်တွင် ယာဉ်မတော် တဆမှုဖြစ်ကြောင်း သိရှိရသည်။

 ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ဂွန်ဆိုင်းအောင်ဈာပနမှာ ကျန်ရစ်သူမိသားစု။
(Photo Credit to Justice for Gum Seng Awng)
ဂွန်ဆိုင်းအောင်ဈာပနမှာ ကျန်ရစ်သူမိသားစု။ (Photo Credit to Justice for Gum Seng Awng)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီး သေနတ် ထိမှန် သေဆုံးခဲ့တဲ့ ဂွန်ဆိုင်းအောင် အမှုနဲ့ပတ်သတ်ပြီး တရားစီရင်လိုက်မှုအပေါ် ကချင်ဒေသခံတွေက ကျေနပ်လက်ခံခြင်းမရှိတာကြောင့် ကာကွယ်ရေးဦးစီးချုပ်ဆီကို စာတင်သွားမယ်လို့ ပြောပါတယ်။ အမှုကိုမကျေနပ်လို့ အရပ်ဘက် တရား ရုံးသို့ ပြန်လည် စစ်ဆေးနိုင်ဖို့ကိုလည်း လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ ဒီသေဆုံးမှု ဒီအမိန့်ချမှု တွေအပေါ် မှာနှစ်ဖက်အသိုင်းအဝိုင်းက လူမှုကွန်ယက်တွေမှာ မကျေမနပ် သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အမှုနဲ့ ပတ်သတ်လို့ မေခက ဆက်သွယ်မေးမြန်းထားပါတယ်။

သေနတ်ထိမှန် သေဆုံးခဲ့တဲ့ ဂွန်ဆိုင်းအောင်အမှုနဲ့ပတ်သတ်လို့ တပ်မတော်မှ ရဲတပ်သား မောင်မောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ပါတယ်။ အမှုကို ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်(မပခ)ရှိ အကျဉ်းစစ် တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။ အမှုနဲ့ပတ်သတ်လို့ ကချင်ပြည်နယ်က ဒုတိယရဲမှူးကြီး မျိုးသူရမောင်က အခုလိုပြောပြခဲ့တာပါ။

"ကျနော်တို့က အခုလက်ရှိ ကတော့ ဂွန်ဆိုင်းအောင် ကိစ္စမှာတော့ ကျနော်တို့က နယ်ဘက်မှာ အမှုဖွင့်လိုက်တယ်ပေါ့နော်။ အမှုဖွင့်ပြီးတော့မှ အမှုစစ်ဆေးတယ်။ အမှုစစ်ဆေးပြီးတဲ့အခါကျမှ ကျနော်တို့က ဒီဟာက တပ်မတော်သားဖြစ်တဲ့အတွက် တပ်မတော်ဘက်ကို လွှဲပြောင်းပေးလိုက်တယ်။ တပ်မတော်ကနေမှ ဒါကို စစ်ခုံရုံးနဲ့ စစ်ဆေးတာပါ။ စစ်တရားရုံးနဲ့စစ်ဆေးတာပါ။ အခုလက်ရှိကတော့ စစ်တရားရုံးက သူ့ကိုစစ်ဆေးတာကတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပဲ စစ်ဆေးတာပါ။ အမှုနဲ့ပတ်သက်လို့ စုံစမ်းဖော်ထုတ်လို့ရတာမှန်သမျှကတော့ ကျနော်တို့က လွှဲပေးလိုက်ပြီ။ တချို့ ထွက်ပြေးနေတာတွေ၊ တိမ်းရှောင်နေတာတွေ ရှိတယ်ပေါ့နော်။"

သေဆုံးသွားတဲ့ ဂွန်ဆိုင်းအောင်မိဘတွေဘက်က အမှုစီရင်မှုကို မမျှတဘူးလို့ ယူဆတာကြောင့် တရားမျှတ ဖို့ ကာကွယ်ရေးဦးစီးချုပ်ဆီကို စာတင်သွားမယ်လို့ တရားလိုဖက်မှ ကူညီဆောင်ရွက်ပေးနေသူ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တာဝန်ခံ ဦးဇော်ဂျတ် ကခုလိုပြောပြတာပါ။

" ကျနော်တို့အမြင်မှာ တရားမျှတမှုမရှိဘူးပေါ့ အဲ့တာကြောင့် ဂွန်ဆိုင်းအောင် မိသားစုတွေကတော့ ပြန်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ဆီမှာ စာတင်ဖို့ရှိတယ်။ အဲ့လိုတော့ အစီအစဉ်တော့ရှိပါတယ်။ နောက်ဆက်တွဲပေါ့ တရားမျှတတယ်လို့ မမြင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူတယောက် သေတာ သေနတ်နဲ့ ပစ်ပြီးမှ သေတဲ့အမှုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်ပဲ ချတဲ့အပေါ် ကျနော်တို့က မျှတတယ်လို့တော့ မမြင်ဘူးပေါ့။"

အသက် ၁၉ နှစ်အရွယ် ဂွန်ဆိုင်းအောင်သည် မြစ်ကြီးနားမြို့တွင် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်ပါတယ်။၂၀၁၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ညကဖြစ်ခဲ့တဲ့ ဒီအမှုရဲ့ သူသေဆုံး မှုဖြစ်စဉ်ဟာအာဏာပိုင်တွေဘက်က ထုတ်ပြန်မှုနဲ့ ဒေသခံတွေပြောဆိုချက်တွေက တော်တော်လေး ကွဲလွဲမှုရှိခဲ့ တာပါတယ်။

အခုအမှုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လူသေမှု ပုဒ်မ ၃၀၄(က) အရ စွဲချက်တင် အရေးယူခဲ့တာဖြစ် ပြီး တရားခံကိုလည်း တပ်မတော်ကနေ အပြီးအပိုင် ထုတ်ပယ်လိုက်တာပါ။ တပ်မတော်က နေအပြီး အပိုင် ထုတ်ပယ်လိုက်တာ ဖြစ်လို့ တရားခံက အရပ်ဘက် အကျဉ်းထောင်မှာ အပြစ်ခံယူရဖွယ် ရှိနေပေမယ့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖြေကြားပေးတဲ့သူမရှိခဲ့ပါဘူး။

ဂွန်ဆိုင်းအောင်သေဆုံးမှုအပေါ် အဲချိန်က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့တာက တော့ ၀ိုင်းမော် ဘက်မှပြန်လာတဲ့ အမျိုးသား၊ အမျိုးသမီးလေးဦးကို အမည်မသိသူ ရှစ်ဦးက လိုက်လံလုယက် နှောင့်ယှက် တာမို့ လမ်းတံတား မှာတာဝန်ကျတပ်မတော်သားများ က ကူညီခဲ့ရအပြီး နှောက်ယှက်သူရှစ်ဦးကစောင့်ဆိုင်းလုံးထွေး သတ်ပုတ်စဉ် မတော်တဆကျည် ထွက်ကာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ဂွန်ဆိုင်းအောင်သေဆုံးမှု နှင့်ပတ်သက်၍ ထင်ကြေး အမျိုးမျိုးပေးကြ တာလည်း ရှိပါတယ်။ ဂွန်ဆိုင်းအောင်ဟာ တချိန်ကလည်း အခြားစုံတွဲ ကိုနှောက်ယှက်တဲ့ အမှုတခုကို ကျူးလွန်ခဲ့တယ်လို့ လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်တာ ရှိခဲ့သလို ဒီအပေါ်မှာ ကချင်ဒေသခံတွေကတော့ ဒါဟာ ဥပဒေမမြောက်တဲ့ သံသယ ရှိမှုသာဖြစ်တယ်လို့ပြန်လည်ချေပခဲ့တာရှိပြီး ကချင် လူငယ်ကို ရည်ရွယ်သတ်ဖြတ်တာလို့ စွပ်စွဲတာတွေထိပေါ်ပေါက်ခဲ့ပါတယ်။

အခုလက်ရှိအမှုစစ်ဆေးမှုနဲ့ပတ်သတ်လို့ ရှေ့နေ ဦးသိန်းသန်းဦးကတော့ ခုလိုသုံးသပ်ပါတယ်။

" ၃၀၄ (က)ကြီးက ပေါ့ဆမှုနဲ့ လူသေတာ။ သေနတ်နဲ့ပစ်လိုက်တာ မတော်တဆ ကျည်ထွက်သွားတာ၊ တိုက်မိတာတို့ အဲ့ဒီ့မျိုးကတော့ မတော်တဆမှုပေါ့ ၃၀၄ (က)ဆိုရင်တော့ နှစ်နှစ်၊ သုံးနှစ်ပါပဲ အများကြီး မချပါဘူး။"

ဂွန်ဆိုင်းအောင်အမှုနဲ့ပတ်သတ်မှုတွေကို အခုလို တရားစီရင်ချက်ချလိုက်ပေမယ့် သူနဲ့အပေါင်းအပါ အပြစ်ကျူးလွန်သူ တွေနဲ့ပတ်သတ်လို့ကတော့ ခုထိ စစ်ဆေးနိုင်ခြင်းမရှိပါဘူး။

မေခ
VOA Burmese News


 မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee Lee ။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee Lee ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အခြေအနေတွေက နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေးအခြေအနေကို သတိထားပြီး မပြတ်စောင့်ကြည့်သွားရမယ်ဆိုတာ ပြနေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee Lee က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်စဖို့ သုံးရက်အလို ဒီကနေ့ထွက်လာတဲ့ ထုတ်ပြန်ချက်တခုထဲမှာ မစ္စယန်ဟီးလီက အဲဒီလို ပြောထားတာပါ။ ရခိုင်ပြည်ဘက်မှာ ဖြစ်နေတာအပြင် ကချင်နဲ့ရှမ်းဘက်မှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာ၊ အဲဒီကနေ အရပ်သားတွေရဲ့ အခြေ အနေအပေါ် အနုတ်လက္ခဏာဆောင် သက်ရောက်မှုတွေ မလွှဲမရှောင်သာ ဖြစ်လာတာတွေဟာ အစိုးရအဖွဲ့သစ်ရဲ့ ပထမနှစ်အတွင်း သွားနေတဲ့လမ်းကြောင်းပေါ် စိုးရိမ်ပူပန်စရာတချို့ ဖြစ်လာစေပါတယ်လို့ မစ္စယန်ဟီးလီကပြောပါတယ်။

မစ္စယန်ဟီးလီဟာ ဇန်န၀ါရီလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာမှာပါ။ ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ဖားကန့်နဲ့ လိုင်ဇာ၊ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်းတောမြို့တွေ အပြင် နေပြည် တော်နဲ့ ရန်ကုန်မြို့တွေကိုလည်းသွားဖို့ စီစဉ်ထားပါတယ်။

အစိုးရရဲ့ဖိတ်ကြားချက်နဲ့ လာရောက်မယ့် ၁၂ ရက်ကြာခရီးစဉ် အတွင်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ရပ်ရွာအကြီးအကဲတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို နိုင်ငံ တကာအသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီခရီးစဉ် အတွင်း လေ့လာတွေ့ရှိ ချက်တွေကို အစီရင်ခံစာ ရေးပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ၂၀၁၇ ခုနှစ် မတ်လမှာ တင်သွင်းမှာဖြစ်ပါတယ်။
VOA Burmese News


မလေးရှားနိုင်ငံ ကွာလာလမ်ပူက ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များ။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးမှာ အမည်မသိ လက်နက်ကိုင်တချို့ရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာအလုပ်သမား ၅ ယောက် သေဆုံးခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ ဆာဒန်းမြို့နယ်မှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာနိုင်ငံ သားတွေကို လက်နက်ကိုင်လူတစုက ဓားတွေနဲ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ လူတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီလို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်

မလေးရှားနိုင်ငံကွာလာလမ်ပူမြို နဲ့ ကီလိုမိတာ ၃၀လောက်ကွာဝေးတဲ့ ဆားဒန်း ဆိုတဲ့နေရာ တခုက လျှပ်စစ်ပစ္စည်း စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တချို့ဟာ ကြာသပတေးနေ့ညက အလုပ်က အပြန်မှာ လက်နက်ကိုင် လူတစုရဲ့ တိုက်ခိုက်မှု ခံခဲ့ရတာ ဖြစ်တဲ့အကြောင်း၊ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

ဓားတွေကိုင်ဆောင်လာသူ အမည်မသိ လူအုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ သား ၄ ဦး ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ လည်း မလေးရှား အခြေစိုက် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်း က ပြောပြပါတယ်။

"မနေ့ကည ဆယ်နာရီလောက်မှာ ကလေးတွေက အလုပ်မှာ အိုဗာတိုင် ဆင်းပြီး ပြန်တယ်ပေါ့လေ နောက် ကွာလာလမ်ပူကနေ ကီလိုမီတာ (၃၀)လောက်ရှိတဲ့ ဆာဒန်းမြို့မှာ အလုပ်လုပ်ကြတယ်။ သူတို့က မီတာဘောက်စ် လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ကြတာပေါ့လေ အဲ့မှာ မီတာဘောက်စ်ဆိုတော့ မီတာဘောစ်လုပ်တဲ့ စက်ရုံကနေ ပြန်ကြတယ်။ သူတို့က နေ့တိုင်း ဒီလမ်းကပဲပြန်ကြတယ်။ ပြန်တော့ သူတို့သူငယ်ချင်း (၁၃) ယောက် အဲ့လမ်းကနေ ပြန်တယ်ပေါ့လေ။ ပြန်တဲ့အချိန်မှာပဲ အိမ်နဲ့ စက်ရုံကြားထဲမှာပေါ့လေ လူတစုရဲ့တိုက်ခိုက်မှု ခံခဲ့ရတယ်။ အဲ့လိုတိုက်ခိုက်တာလည်း သူတို့က တိုက်ခိုက်မယ်မှန်းမသိဘူး။ ရှေ့ဘက် နောက်ဘက်ကို ပိတ်ပြီး တိုက်ခိုက်တာ ခံရတဲ့အခါကျတော့ လေးယောက် ပွဲချင်းပြီး သေခဲ့တယ်။ သုံးယောက်က အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ ကျန်ခဲ့တဲ့သူတွေက ရှောင်ပြီး ထွက်ပြေး သွားကြတာ ဘယ်ရောက်လို့ရောက်ကုန်မှန်းတောင် စုံစမ်းလို့မရသေးဘူး။"

တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၅ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး တခြား မြန်မာနိုင်ငံသား ၇ ဦးကို ခေါ်ယူ စစ်ဆေးနေတယ် လို့လည်း Serdang ခရိုင် ယာယီရဲမှူး လီဝေလောင်း Lee Wai Leong ကို ကိုးကားပြီး မလေးရှားမီဒီယာတွေက ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာ အပြင်းအထန်ရခဲ့တဲ့ နောက်တဦးကတော့ ဆေးရုံမှာထပ်မံ သေဆုံးခဲ့ကြောင်းလည်း မလေးရှားရောက် မြန်မာနိုင်ငံသား တယောက်ကပြောပါတယ်။

"မနေ့က အတည်ပြုတာကတော့ လေးယောက်ပါ အမ။ လောလောဆယ် ဆေးရုံမှာ သေသွားတဲ့တယောက်ကို အတည်ပြုလို့ မရသေးဘူးဆိုတာက ကျနော်တို့ မြန်မာသံရုံးကလည်း သွားစစ်တယ်လေ အမရယ်။ သွားစစ်တဲ့အခါကျတော့ ကြေညာချက်ထုတ်မယ်လို့တော့ ပြောတယ်။"

အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံက မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း မှာပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဖြစ်ပွားနေတဲ့ အကြမ်းဖက်မူဖြစ်စဉ်တွေ အပြီး ရိုဟင်ဂျာမူဆလင်တွေအပေါ်မှာ ဖိနှိပ်မူတွေ လူအခွင့်ရေး ချိုးဖောက်မူတွေ ရှိနေတယ်ဆိုပြိး ပြီးခဲ့တဲ့လမှာပဲ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်က ကန်ကွက်ဆန္ဒပြမူတွေ လုပ်ခဲ့ရာက မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်မူတွေ ထွက်ပေါ်ခဲ့ကြသလို မြန်မာသံရုံးကလည်း သတိနဲ့သွားလာနေထိုင်ကြဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားအခြေစိုက် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်း ကတော့ မြန်မာပြည်တွင်းမှာ မတည်ငြိမ်မူတွေဖြစ်တဲ့အချိန်မျိုးမှာ အလားတူ ဖြစ်ရပ်တွေ ကြုံရလေ့ရှိတတ်တယ်လို့ ဆိုပါတယ်။

" ၂၀၁၃ လောက်တုန်းကဆိုရင် မိတ္ထီလာအရေးအခင်းကြောင့် ကွာလာလမ်ပူ ဘက်မှာ လူမျိုးရေး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်။ အခုကိစ္စတွေထဲမှာ လူမျိုးရေးကိစ္စတွေနဲ့ နည်းနည်းပါးပါး ဆက်နွယ်မယ်လို့ ထင်ပါတယ်ပေါ့လေ။"

မလေးရှားနိုင်ငံမှာတရားဝင်ရော၊ တရားမ၀င်ပါနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ တွေ ၅သိန်းထက်မနည်း ရှိနေတာပါ။ လစဉ်လည်း မလေးရှားမှာ အလုပ်လုပ်ကိုင်လိုသူတွေ လူ၎ထောင်ထက် မနည်းကို မြန်မာအစိုးရ ကစေလွှတ်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကန့်ကွက်မူတွေဖြစ်လာပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာတော့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်မှုတွေရှိတဲ့အတွက် ဆိုကာအလုပ်သမားတွေ စေလွှတ်မယ့်အစီအစဉ်ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 အေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဓားကိုင် လူစုရဲ့ တိုက်ခိုက်တာ ခံရ။
မလေးရှား နိုင်ငံ မှာ အလုပ်လုပ်ကိုင် နေတဲ့ မြန်မာ အလုပ်သမားတွေ ဇန်နဝါရီလ ၅ ရက် ကြာသပတေး နေ့တုန်းက အစုလိုက် အပြုံလိုက် အတိုက်ခိုက် ခံခဲ့ရတဲ့ အတွက်ကြောင့် ၄ ယောက် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး၊ နောက်တစ်ရက် သောကြာ နေ့မှာလည်း နောက်တစ်ယောက် ထပ်မံ သေဆုံး သွားပါတယ်။

ကွာလာလမ်ပူ မြို့တော် အနီး ဆီလန်ဂို အရပ်က ဆရီ ဆာဒန် စက်မှုဇုန် ထဲက စက်ရုံ တစ်ရုံ မှာ အလုပ် လုပ်ကိုင်တဲ့ မြန်မာ စက်ရုံ လုပ်သား ၁၅ ယောက် ည ၁ဝ ဝန်းကျင် အဆောင်ကို ပြန်တုန်း လူ ၈ ယောက် လောက်က ဓားတွေနဲ့ ဝိုင်းဝန်း တိုက်ခိုက်တာ ခံခဲ့ရတာ ဖြစ်တယ်လို့ ကွာလာလမ်ပူ မြန်မာသံရုံးက အလုပ်သမားရေးရာ တာဝန်ခံ ဦးတင်အောင်မိုးက ဘီဘီစီ ကို ပြောပါတယ်။

တိုက်ခိုက်သူ တွေဟာ ဘယ်သူ ဘယ်ဝါ တွေမှန်း မသိရ သေးသလို၊ ဘာ့ကြောင့် တိုက်ခိုက် ခဲ့တာလဲ ဆိုတဲ့ ရည်ရွယ်ချက် အကြောင်းခံ ကိုလည်း မသိရ သေးပါဘူး။

ဒီ ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးရာမှာ အထောက်အကူ ဖြစ်စေဖို့ မြန်မာ ၇ ယောက်ကို မလေးရှား ရဲ ထိန်းသိမ်း ထားတယ်လို့ ဆာဒန် ရဲ တပ်ဖွဲ့ ယာယီ အကြီးအကဲ လီဝေလျောင်းကို ကိုးကားပြီး မလေးမေးလ် သတင်းစာက ရေးသား ထားပါတယ်။

သေဆုံးသူ တွေကို ဘယ်သူတွေလည်း ဆိုတာ နာမည်နဲ့ တကွ တရားဝင် အတည်ပြု နိုင်ဖို့ သံရုံးဘက်က ကြိုးစား နေပြီး ရင်ခွဲရုံမှာ သွားရောက် စောင့်ဆိုင်း နေတယ်လို့ မြန်မာ သံရုံး ဘက်က ဆိုပါတယ်။

တရားဝင် အတည်ပြု နိုင်ပြီ ဆိုရင်တော့ မြန်မာပြည်က မိသားစု ဆွေမျိုးတွေကို အကြောင်းကြား ပြီး၊ ရုပ် အလောင်း တွေကို မြန်မာပြည်ကို ပြန် လည် သယ်ဆောင် သင်္ဂြိုဟ် ချင်ရင်လည်း တာဝန်ယူ ဆောင်ရွက် ပေးမယ်လို့ ဦးတင်အောင်မိုးက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရွှေချောင်းများ ထည့်လာသော အိတ်ငယ်သုံးအိတ်ကို ဖော်ပြထားသည့် ဓါတ်မှန်အား အကောက်ခွန်အရာရှိများက စစ်ဆေးနေစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဒါကာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အဓိက လေဆိပ်ဖြစ်သည့် ဒါကာမြို့ လေဆိပ်တွင် အလေးချိန် ၁.၂ကီလိုဂရမ်ရှိသော ရွှေချောင်း ၁၂ချောင်းအား စအိုထဲ၌ ထည့်သွင်းဖွက်လာသည့် ပြည်ပမှ ဆိုက်ရောက်လာသော ခရီးသည်တစ်ဦးအား အကောက်ခွန်တာဝန်ရှိသူများက ဇန်နဝါရီ ၅ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အကောက်ခွန် စုံစမ်းစစ်ဆေးရေးဋ္ဌာန တာဝန်ရှိသူတစ်ဦးက ရွှေချောင်း၁၂ချောင်းကို စအိုထဲ ထည့်သွင်းလာသည့် လူတစ်ဦးကို ထိန်းသိမ်းထားကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အဆိုပါ အမည်မဖော်လိုသူ တာဝန်ရှိသူက Sharif Ahmed အမည်ရှိ အမျိုးသားသည် မလေးရှားနိုင်ငံမှ ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၅ရက်တွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူ၏ပြောကြားချက်အရ အဆိုပါအမျိုးသား၏ မူမမှန်သည့် လမ်းလျှောက်ပုံများကြောင့် အကောက်ခွန်တာဝန်ရှိသူများက သံသယဖြစ်ကာ ၎င်းအား ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသားအား ဓါတ်မှန်ရိုက်ကြည့်ပြီးနောက် ၎င်း၏စအိုအတွင်း၌ အိတ်ငယ်သုံးအိတ်ကို တွေ့ရှိခဲ့ကြောင်း နှင့် ၎င်းသည် အဆိုပါ အိတ်ငယ်များအား အပြင်သို့ ထုတ်ပေးခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

တာဝန်ရှိသူ၏ပြောကြားချက်အရ ရွှေချောင်းများသည် ဘင်္ဂလားဒေ့ရှ် တာကာ ၆သန်း (အမေရိကန်ဒေါ်လာ ၇၂,၂၈၉ ဒေါ်လာ) တန်ဖိုးရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ထိုင်းနိုင်ငံတောင်ပိုင်းက ရေကြီးမှုအတွင်း လူအနည်းဆုံး ၅ ယောက် သေဆုံးပြီး၊ လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသလို၊ ဆေးရုံတွေလည်း ပိတ်ထားရပါတယ်။ ဒါ့အပြင် ရထားပြေးဆွဲမှုတွေလည်း နေရာတော်တော်များများမှာ ရပ်ဆိုင်းထားသလို၊ တချို့လမ်းတွေ ရေကြီးနေတာ ကြောင့် မြို့တော် ဘန်ကောက် ကနေ ခရီးရှည် ဘတ်စ်ကားလမ်းကြောင်း ၆ ခုကိုလည်း ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

တောင်ပိုင်းခရိုင် ၈ ခုမှာ တနင်္ဂနွေနေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေဖြစ်ခဲ့တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး ဌာနက အစီရင်ခံစာ ထုတ်ပြန်ပြောဆိုခဲ့တာပါ။ လူ ၃ ယောက် သေဆုံးခဲ့ကြောင်းလည်း ကြေညာချက်က ပြောဆိုထားပြီး၊ ထိုင်းရုပ်သံလွှင့် MCOT သတင်းမှာတော့ - ရေထဲနစ်မြုပ်သွားတဲ့ ကားတစင်းထဲမှာ ကလေးနဲ့ မိခင်တို့ရဲ့ နောက်ထပ်အလောင်း ၂ လောင်းကို ကြာသပတေးနေ့က တွေ့ရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ရေကြီးမှုကြောင့် သယ်ယူပို့ဆောင်ရေးမှာ အဟန့်အတားဖြစ်ခဲ့သလို - ထိုင်းပင်လယ်ကွေ့ထဲက Samui အပန်းဖြေကျွန်းမှာ ရေကြီးမှုကြောင့် ခရီးသွားလာမှုတွေ ပိတ်ဆို့ကုန်ပြီး၊ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပမ်းစားတဲ့ကျွန်းက လေယာဉ်ခရီးစဉ်တွေလည်း နှောင့်နှေးခဲ့ရတာ ကြောင့် ကျွန်းကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ အားလပ်ရက်ကို ထိခိုက်ခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မလေးက မြန်မာအလုပ်သမားတွေ တိုက်ခိုက်ခံရ
မလေးရှားနိုင်ငံ ဆာဒန်းမြို့မှာ အလုပ်ကပြန်လာတဲ့ မြန်မာအလုပ်သမား ၁၃ ယောက်ကို လူတစ်စုက ဓားနဲ့ ဝင်ခုတ်တဲ့အတွက် အလုပ်သမား ၄ ယောက် နေရာမှာတင်သေဆုံးပြီး ၃ ယောက်ကတော့ အတွင်းလူနာအနေနဲ့ ဆာဒန်းဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ မလေးရှားနိုင်ငံ ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှု အသင်းက ဦးဆန်းဝင်း က ပြောပါတယ်။

ညအချိန်ဖြစ်နေတာကြောင့် ဓားနဲ့ခုတ်သူတွေနဲ့ အရေအတွက်ကို သေချာမသိလိုက်ကြဘူးလို့ ဦးဆန်းဝင်း က ပြောပါတယ်။

"သူတို့ မနေ့ညက Over Time ရှိတော့ အလုပ်ပြီးသွားတဲ့အခါ သူတို့နေတဲ့အိမ်ကို ပြန်လာတယ်။ ပြန် လာတဲ့အခါမှာ လမ်းတစ်ခုရဲ့ကြားမှာ လူ ၁၃ ယောက်က အလုပ်က အတူတူပြန်လာတယ်။ အဲဒီမှာ ခိုက်ရန်လည်း ဘာမှမရှိဘဲနဲ့ လူတစ်စုက သူတို့ကို ဓားနဲ့လာခုတ်ကြတယ်။ အဲ့လို ဓားနဲ့လာခုတ် တဲ့အခါမှာ ၄ ယောက်က ပွဲချင်းပြီးသေပြီးတော့ ၃ ယောက်က အတွင်းလူနာအနေနဲ့ ဆာဒန်းဆေး ရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ညဘက်ဆိုတော့ ကွဲကွဲပြားပြားကြည့်ချိန်တောင် မရလိုက်ဘဲ အားလုံးက ဝင်ပြီးခုတ်တဲ့အတွက် သူတို့ကြောက်လန့်သွားကြတယ်။ အဲ့လိုဖြစ်နေကြတယ်။"

အတွင်းလူနာအဖြစ် ကုသနေရသူ ၃ ယောက်ထဲက တစ်ယောက်ကတော့ ဒီကနေ့ ညနေမှာ ထပ်မံသေဆုံး သွားတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ ဆာဒန်းမြို့မှာ ဇန်နဝါရီလ ၅ ရက်နေ့ညက မြန်မာလုပ်သား ၁၃ ဦး ဓါးခုတ်ခံရတဲ့နေရာကို တွေ့ရစဉ်။ ဓါတ်ပုံ - ဆန်းဝင်း
ဓားနဲ့ အခုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေဟာ လျှပ်စစ်ပစ္စည်းတွေကို ထုပ်ပိုးတဲ့ ပုံးအခွံတွေကို ထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမားတွေ ဖြစ်ပါတယ်။

ဒီဓားခုတ်မှုနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးက တာဝန်ရှိသူတွေ ဦးဆောင်ကာ ကွာလာလမ်ပူမြို့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဦးဆန်းဝင်း က ပြောပါတယ်။

ဓားခုတ်မှုဖြစ်ခဲ့တဲ့ ဆာဒန်းမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁ သောင်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese



ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မန္တလေး စည်ပင်သာယာရေးကော်မတီဝင်တွေကို ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Mandalay City Development Committee
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနယ်နိမိတ် ၆ မြို့နယ်ကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ စည်ပင်သာယာရေးကော်မတီဝင် ၆ ဦးနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်တဲ့ပညာရှင် ၅ ဦး စုစုပေါင်း ၁၁ ဦးတို့ကို ကော်မတီဝင်တွေအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေမှာ အတည်ပြုခန့်အပ်လိုက်ပါတယ်။

ကော်မတီဝင်အဖြစ် ခန့်အပ်ခံရတဲ့ မန္တလေးမြို့ခံ စာရေးဆရာ ဆရာကျော်ရင်မြင့် က သူ့အနေနဲ့ စည်ပင်မှာ အခုလို ကော်မတီဝင်တစ်ဦးအနေနဲ့ ပါဝင်လုပ်ဆောင်ခွင့်ရလို့ မြို့အကျိုးအတွက် တိုးတက်ပြောင်းလဲအောင် အပြည့်အဝ လုပ်ဆောင်ရွက်ခွင့်ရမယ်လို့ ယုံကြည်တယ်လို့ပြောပါတယ်။

"တာဝန်ကတော့ တရားဝင်ဘာမှမခွဲရသေးပါဘူး၊ ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုတာပဲ လုပ်ရပါသေးတယ်၊ အခုက အစိုးရသစ်ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရော၊ မြို့တော်ဝန် ဒေါက်တာရဲလွင်ရော၊ သူတို့တွေက တကယ်ကို မြို့ကောင်းကျိုးအတွက် တက်တက်ကြွကြွ လုပ်ချင်တဲ့ဆန္ဒတွေမြင်နေရတယ်၊ ဒီလိုလုပ်ချင်နေတဲ့အချိန်မျိုးမှာ ဒီလိုလုပ်ခွင့်ရတဲ့အတွက်ကြောင့်မို့လို့ အဲဒီအင်အားနဲ့ အများကြီး တိုးတက်ပြောင်းလဲအောင် လုပ်လို့ရမယ်လို့ ယုံကြည်ပါတယ်"

ဒီနေ့ခန့်အပ်တဲ့ ကော်မတီဝင်တွေကြီးကြပ်ရမယ့် စည်ပင်သာယာရေးဌာနတွေကိုတော့ လာမယ့် ဇန်န၀ါရီလ ၉ ရက်နေ့မှာသာ ခွဲဝေပေးသွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်တဲ့ ပညာရှင် ၅ ဦးက ဦးအောင်ကျော်ထွန်း(ဥပဒေ) ဒေါ်မြင့်မြင့်သန်း(အင်ဂျင်နီယာ)၊ ဦးသစ်ဆင်း(ဆရာဝန်)၊ ဦးကျော်ဆန်းမြင့်(ခ) ကျော်ရင်မြင့်(စာရေးဆရာ) ဦးရဲမြတ်သူ ( အိုင်တီပညာရှင်) တို့ဖြစ်ကြပါတယ်။

အစိုးရက တိုက်ရိုက်ခန့်အပ်တဲ့ကော်မတီဝင် ၅ ဦးထဲက ဦးအောင်ကျော်ထွန်း(ဥပဒေပညာရှင်)ကို အတွင်းရေးမှူးကို ရွေးချယ်ခန့်အပ်ခဲ့ပြီး စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယမြို့တော်ဝန်ကိုတော့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကော်မတီဝင် ၆ ဦးထဲက ထပ်မံရွေးချယ်သွားမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ သည် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၅အချိန်က ပုသိမ်မှနေပြည်တော်သို့အသွား ဆားမလောက်ကျေးရွာအကျော်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။


ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့်အတွက် ညနေ ၆နာရီဝန်းကျင်အချိန်က ရန်ကုန်မြို့ ရန်ကုန်ပြည်သူ့ဆေးရုံအရေးပေါ်ဌာသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေကြောင်းသိရသည်။

ယာဉ်မတော်တဆမှုကြောင့် လက်အနည်းငယ်ဒဏ်ရာရရှိခဲ့သော်လည်းမစိုးရိမ်ရကြောင်း ဝန်ကြီးချုပ်၏သားဖြစ်သူ ကိုဇာနည်မောင်ကမီဒီယာသို့ပြောသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/



 ထရမ့်ကို လက်ရှိ ဒုသမ္မတ ဝေဖန်
ရုရှားက ဆိုင်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး တွေရဲ့ စကားကို မယုံကြည်တဲ့ ထရမ့်ကို လက်ရှိ ဒုသမ္မတ ဝေဖန်။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတသစ် ဖြစ်လာမယ့် ဒေါ်နယ်ထရမ့် က အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေရဲ့ လုပ်ဆောင်ချက် တွေ အပေါ် သေးသိမ်အောင် မှတ်ချက် ပေးခဲ့မှု အတွက် လက်ရှိ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က အပြင်းအထန် ဝေဖန် လိုက်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ တုန်းက ရုရှားက စွက်ဖက်မှုတွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ အပေါ် မစ္စတာ ထရမ့်က သံသယ ရှိကြောင်း မှတ်ချက် ပေးခဲ့တဲ့ လုပ်ရပ် အတွက် မစ္စတာ ဘိုင်ဒင်က မစ္စတာ ထရမ့်ကို ရင့်ကျက်ပါတော့ ဆိုပြီး ပြောဆို ခဲ့သလို၊

ထရမ့်ဟာ နောက်ဆက်တွဲ အကျိုးဆက်တွေ ဘာဖြစ်လာမလဲ ဆိုတာ လုံးဝ မစဉ်းစား မဆင်ခြင်သူပဲ လို့လည်း မစ္စတာ ဘိုင်ဒင်က ဆိုပါတယ်။

ရုရှားက အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလ ကွန်ပြူတာ ထွင်းဖောက် တိုက်ခိုက် တာတွေ လုပ်ခဲ့တယ် ဆိုတဲ့ တွေ့ရှိချက် တွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေး အရာရှိတွေက မစ္စတာ ထရမ့်ကို ရှင်းပြဖို့ နာရီ အနည်းငယ် အလိုမှာပဲ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ ဒီ သတင်းတွေ အပေါ် မယုံကြည်တဲ့ သဘော ရေးသား ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ဆီကိုတော့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေက သူတို့ တွေ့ရှိချက် တွေကို အစီရင် ခံစာ တင်သွင်း ခဲ့ပြီး ဖြစ်တာမှာ အဲဒီ အစီရင်ခံစာ ထဲ ဒေါ်နယ် ထရမ့် သမ္မတ ရွေးကောက်ပွဲ နိုင်တုန်းက ရုရှား အစိုးရ အဖွဲ့ထဲက ထိပ်တန်း ပုဂ္ဂိုလ် တချို့ အောင်ပွဲ ခံခဲ့ ကြတယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး ဂျိမ်းစ် ကလက်ပါ က အမေရိကန် အနေနဲ့ ရုရှားရဲ့ ဆိုင်ဘာ တိုက်ခိုက်တဲ့ အန္တရာယ်ကို မကြုံစဖူး အတိုင်းအတာထိ ခံနေရပြီ ဖြစ်တယ်လို့ အစောပိုင်း တုန်းက ပြောထား ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဇန်န၀ါရီ ၆၊ ၂၀၁၇

ဇန်န၀ါရီ ၆ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် ဒါးပိုင်ဆရာကျေးရွာ၊ မောင်ကြီးတောင်ကျေးရွာနှင့် ဂေါ်ဒူသာရ(အရှေ့)ကျေးရွာများ၌ လက်နက်ကိုင်သင် တန်းတက်ရောက်ခဲ့သူ ၅ ဦးအား ထပ်မံ ဖမ်းဆီး ရမိခဲ့သည်။

ဒါးပိုင်ဆရာကျေးရွာနေ ဆူနာလီ၏ ဥယျဉ်ခြံအတွင်း ၂၀၁၆ခုနှစ် ဇူလိုင် ပထမ အပတ်မှစ၍ နည်းပြဆရာ မော်လ၀ီအဒူရော်ဇောက မာဒူးလာအပါအ၀င် သင်တန်းသား ၁၅ ဦးကို ၁လခန့် သင်တန်းပို့ချခဲ့သည် ဟူသော တရားခံမာဒူးလာ၏ ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၂၀၁၇ခုနှစ် ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းတွင် ကျေးရွာအနီး ပိတ်ဆို့၍ အိမ်ထောင်စုစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ဆူနာလီသည် လာရောက်ခြင်းမရှိဘဲ တိမ်းရှောင်နေခဲ့သည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်န၀ါရီ ၆ ရက် နံနက် ၈နာရီတွင် ဆူနာလီ၏နေအိမ်သို့ ၀င်ရောက် ရှာဖွေရာ ၎င်းအား နေအိမ်အတွင်းမှ ဖမ်းဆီးရမိသည်။ အလားတူ မောင်ကြီးတောင်ကျေးရွာ၌ ဇန်န၀ါရီ ၄ ရက်က ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင်သင်တန်း တက်ရောက်ပြီးသူ တရားခံကူမူရူး၏ ထွက်ဆိုချက် များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်န၀ါရီ ၆ ရက် နံနက် ၆နာရီတွင် မောင်တောမြို့နယ် မောင်ကြီးတောင် (တောင်) ရွာအား ပိတ်ဆို့ရှာဖွေရာ လက်နက်ကိုင်သင်တန်း တက်ရောက်ပြီးသူ မာမောက်နိုမန်အား ၎င်း၏နေအိမ်အတွင်း၌ လည်းကောင်း၊ နံနက် ၇ နာရီတွင် ဂေါ်ဒူသာရကျေးရွာအား ပိတ်ဆို့ရှာဖွေရာ အီစမိုင်၊ မာမောက်ဟူဆန်နှင့် မာမက်ကာဆိမ်း ၃ ဦးအား လည်းကောင်း ထပ်မံ ဖမ်းဆီးရမိသည်။

ဖမ်းဆီးရမိသူ လက်နက်ကိုင် သင်တန်းတက်ရောက်ပြီးသူ ၅ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom


သေနတ်နဲ့ ဝင်ပစ်သတ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ကော်ဖီဆိုင်။ (ဇူလိုင် ၃၊ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ကော်ဖီဆိုင်တခုမှာ ပြီးခဲ့တဲ့နှစ်က လူတွေကို သေနတ်နဲ့ ၀င်ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် အဓိက သံသယရှိထားသူကို ပစ်သတ်လိုက်ပြီလို့ ဒါကာရဲတပ်ဖွဲ့က ဒီကနေ့ပြောပါတယ်။

ဒါကာမြို့တော်က Artiscan ကော်ဖီဆိုင်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တိုက်ခိုက်မှုမှာ အဓိက ကြိုးကိုင်စီစဉ်သူတွေထဲ Nurul Islam Marjan လည်းပါတယ်လို့ ယူဆထားတဲ့ အကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီဖြစ်ရပ် မှာ နိုင်ငံခြားသားအများစုဖြစ်တဲ့ ဓားစာခံ အယောက် ၂၀ အသတ်ခံခဲ့ရပါတယ်။

နောက်ထပ် သံသယရှိသူ အကြမ်းဖက်ဝါဒီတဦးကိုလည်း မနက်အစောပိုင်း အပြန်အလှန်ပစ်ခတ်မှုမှာ သတ်လိုက်တယ်လို့ ရဲတပ် ဖွဲ့ကပြောပါတယ်။ ဒုတိယစစ်သွေးကြွ ဘယ်သူဘယ်ဝါဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ကော်ဖီဆိုင်ကိုတိုက်ခိုက်တာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အစွန်းရောက်အဖွဲ့က ပြောထားပေမယ့်လည်း တိုက်ခိုက်သူတွေ ဟာ Jamaat-ul-Majahideen ဘင်္ဂလားဒေ့ရှ်အဖွဲ့က အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းအခြေစိုက် အဲဒီအဖွဲ့ကို ပိတ်ပင်ကန့်သတ်ထားတာ ၁၀ နှစ်ကျော်နေပါပြီ။

ကော်ဖီဆိုင်ကို တိုက်ခိုက်ခံရပြီးကတည်းကဆိုရင် အစ္စလာမ်အစွန်းရောက်ဝါဒီ ၄၅ ယောက်ထက်မနည်းကို လုံခြုံရေးတပ်တွေက သုတ်သင်ခဲ့ပြီးပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးအစွဲကင်းတဲ့ ဘလော်ဂါတွေ၊ စာရေးဆရာတွေ၊ ထုတ်ဝေသူတွေ၊ လူနည်းစုတွေနဲ့ နိုင်ငံခြား သားတွေကို တိုက်ခိုက်တာတွေ မကြာသေးခင်နှစ်တွေအတွင်း အတော်များများဖြစ်လာနေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com