01/19/17



ကုလ ကိုယ်စားလှယ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ တွေ့ဆုံ (Myanmar State Counsellor Office)
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေ ရရှိနိုင်ရေးနဲ့၊ အကြမ်းဖက်ပဋိပက္ခတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ ပြည်ထောင်စုအဆင့် မောင်တောဒေသ အစိုးရစုံစမ်းရေးကော်မရှင်ကိုလည်း နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် သတင်းပေးပို့ထားပါတယ်။

လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက်မြန်မာပြည်ကို ၅ ကြိမ်မြောက် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပိုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်အတွင်း မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကိစ္စ ၊ နောက်ပြီးတော့ ကချင်တို့ ရှမ်းမြောက်တို့မှာဖြစ်တဲ့ Humanitarian access ပိုရဖို့ ကိစ္စတို့ နောက်ပြီးတော့ အဲဒီဒေသမှာဖြစ်တဲ့ အခြေအနေတို့ နောက်ပြီးတော့ ရခိုင်ပြည်သူသွားခဲ့တဲ့ ခ၇ီးစဉ် နောက်ပြီးတော့ မောင်တောမြောက်ပိုင်းသူသွားခဲ့တာ လေးတွေ သူအဲဒါတွေ ပြောပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးမြင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်ခင်ဗျ။”

Ms.YangHee Lee အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်ကို ၃ ရက်တာ သွားရောက်လေ့လာခဲ့ပါတယ်။ ဒါပေမဲ့လို့ သူ့အနေနဲ့ တချို့နေရာတွေကို လုံခြုံရေးအခြေအနေကြောင့်ရော အချိန်အခက်အခဲကြောင့်ပါ သွားခွင့်မရခဲ့ပါဘူး။ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာလည်း ရခိုင်ပြည်အရေးနဲ့ ပက်သတ်လို့ အလေးထား ဆွေးနွေးခဲ့တာတွေ ရှိတယ်လို့ ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

“ မောင်တောမြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ဟာပေါ့နော် ၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ဟာကိုတော့ သူက Strongly condemn လုပ်တယ်ဆိုတာလေး ပြောပါတယ်ခင်ဗျ။ နောက်ပြီးတော့ ခုနက ပြောသလိုပဲပေါ့နော် ဆက်စပ်ပြီးတော့ လုပ်တဲ့ကိစ္စတွေမှာ စွပ်စွဲမှုတွေရှိတဲ့ဟာကိုလည်း သူကြားသိရတယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တချို့ဒေသတွေသွားတဲ့အခါမှာ သူမေးမြန်းခဲ့တယ်ဆိုတာလေး သူပြောပါတယ်ခင်ဗျ။”

ကုလအထူးကိုယ်စားလှယ်ဟာ မြန်မာပြည် ခရီးစဉ် စစချင်းမှာပဲ ကချင်ပြည်နယ်ဘက်ကို သွားရောက်ခဲ့ပေမယ့်လို့ အဲဒီ့ဒေသမှာလည်း တစ်ချို့နေရာတွေကို သွားခွင့်မရခဲ့ပါဘူး။မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးဟောင်း ဦးအောင်ကြည်ကတော့ ဒီကနေ့ Ms.Yanghee Lee နဲ့ တွေ့ဆုံစဉ်အတွင်း ရခိုင်ဒေသတွင်း လူ့အခွင့်အရေးအခြေအနေ ကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“သူတွေ့ရှိထားတဲ့ ရရှိထားတဲ့ သတင်းအချက်အလက်လေးတွေပေါ့လေ ဒါလေးတွေနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန်ဆွေးနွေးကြတဲ့ သဘောပါပဲ။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ရဲ့ စစ်ဆေးတွေ့ရှိတဲ့ အတွေ့အကြုံလေးတွေ နောက်ပြီးတော့ အချိန်ကာလနည်းတဲ့အတွက် ကျနော်တို့က ခပ်သွက်သွက်လုပ်ခဲ့ရတာတွေ နောက်တခုကလည်း အနာဂတ်ကာလမှာပေါ့လေ ၊ ဒီအစည်းအဝေးမှာ ၀ိုင်းဝန်းစဉ်းစားကြပြီးတော့မှ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်း စဉ်းစားထားတာလေးတွေပေါ့။”

နေပြည်တော်မှာရောက်နေတဲ့ ကုလအထူးကိုယ်စားလှယ်ဟာ ပညာရေး ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာအပါအ၀င် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ကော လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ မနက်ဖြန်မှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗီုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ရှိတယ်ဆိုပြီးလည်း သတင်းတွေ ထွက်ပေါ်နေပေမယ့်လို့ ကုလသမဂ္ဂဘက်ကတော့ ဒါကို အတည်ပြုမပြောကြားသေးပါဘူး။ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ဇန်န၀ါရီလ ၂၀ ရက်နေ့ သောကြာနေ့မှာတော့ သူ့ရဲ့ ၁၂ ရက်တာ မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနဲ့ ပက်သတ်လို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပမှာဖြစ်ပါတယ်။

 ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဂိုးဘားတန်းကို သုံးကြိမ်ဆက်တိုက် ဘောလုံးဖြင့် ထိအောင် ကန်ပြနိုင်ခဲ့သည့် ၇ နှစ်အရွယ် ကောင်လေးတစ်ဦးကို ထိုင်းဘီလျံနာသူဌေး Vichai Srivaddhanaprabha ပိုင်ဆိုင်သည့် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လက်စတာ စီးတီးက ခေါ်ယူလေ့ကျင့်သင်ကြားပေးတော့မည် ဖြစ်သည်။

Suvin သို့မဟုတ် Nong Pee အမည်ရ ယင်းကလေးငယ်မှာ ဇန်န၀ါရီ ၇ ရက်က ထုတ်လွှင့်ပြသခဲ့သည့် တီဗီရှိုးတစ်ခု၌ ၎င်း၏ ထူးခြားသော ဘောလုံးစကေးကို ပြသနိုင်ခဲ့ပြီးနောက် နာမည်ကျော်လာခဲ့သူဖြစ်ကာ ၎င်းကို မြေတောင်မြှောက်ပေးရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်သည့် ဘောလုံးကလပ်အများအပြား ရှိခဲ့သည်။

၎င်းကလေးငယ် ဘောလုံးစကေး ပြသထားသော ဗီဒီယိုကို ဖေ့ဘွတ်ခ်စာမျက်နှာတစ်ခုတွင် တင်ထားခဲ့ပြီးနောက် ကြည့်ရှုသူပေါင်း ၉ ဒသမ ၁ သန်း ရှိခဲ့သည်။

ယခုအခါ အဆိုပါ ကလေးငယ်ကို ခေါ်ယူကာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ပညာသင်ကြားမှုပိုင်းတွင်ပါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လက်စတာအသင်း၏ ဒုဥက္ကဋ္ဌ Aiyawatt Srivaddhanaprabha က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။

“ ကလေးငယ်၏ ပညာသင်ကြားမှုပိုင်းအတွက် ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်၊ အခြား ပြည်ပနိုင်ငံမှာပဲဖြစ်ဖြစ် သင့်လျော်သည့် ကျောင်းတစ်ခုတွင် သင်ကြားနိုင်ရန် ထောက်ပံ့ပေးသွားမည်” ဟု ၎င်းက ပြောသည်။ အလားတူ ၎င်းကလေးငယ် ထိုင်းတွင် ရှိနေချိန် ၎င်းကို ကူညီလေ့ကျင့်ပေးနိုင်ရန် နည်းပြတစ်ဦး အသင်းဘက်က လွှတ်ပေးမည်ဖြစ်သည်။

ကလေးငယ်မှာ ထိုင်းတွင် နောက်ထပ်တစ်နှစ်၊ နှစ်နှစ် ဆက်နေမည်ဟု ယူဆရကြောင်းနှင့် ယင်းနောက်ပိုင်း အင်္ဂလန်သို့ လာရောက်မည်ဟု ထင်ကြောင်းလည်း ၎င်းက ဆိုသည်။ ကလေးငယ်ကို ပရိုဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်လာအောင် မြေတောင်မြှောက်ပေးရာတွင် အနည်းဆုံး ထိုင်းဘတ် သန်း ၃၀ မှ ၄၀ အကြား ကုန်နိုင်ကြောင်း ၎င်း က ခန့်မှန်းတွက်ချက်သွားသည်။

အဆိုပါ ကလေးငယ်မှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်နေသူ မွန်လူမျိုး တစ်ဦးလည်း ဖြစ်သည်။
Mizzima - News in Burmese

နေပြည်တော် ဇန်န၀ါရီ ၁၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်မှုအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများ၊ လူ့အခွင့် အရေးမြှင့်တင်ကာကွယ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စများ၊ တည်ဆဲဥပဒေများကို နိုင်ငံတကာ စံနှုန်း နှင့်အညီ ပြန်လည်သုံးသပ်မှုများပြုလုပ်သည့်ကိစ္စနှင့် ဥပဒေကြမ်းရေးဆွဲမှု လုပ်ငန်းစဉ်များ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အခြေအနေနှင့် ယင်းဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့မှုများအပေါ် အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းပြောကြားခဲ့ပြီး နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ထွက်ပေါ်နေသည့် စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

Myanmar State Counsellor Office


ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာတွင် စေတနာ့ ၀န်ထမ်း ကချင်ဆရာမ ၂ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည်မှာ ဇန်န၀ါရီ ၁၉ ရက်တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သော်လည်း အမှုမှန် မပေါ်ပေါက် သေးကြောင်း သတင်းများအရ သိရသည်။

ကွတ်ခိုင်မြို့နယ်မှ ဦးဘရန်ဂျာက “အဲ့ဒီကိစ္စကို မနက်ဖြန် ၂ နှစ်ပြည့်တော့မယ်။ အခု အဲ့ဒီနေ့က သတိရဖို့ သက်ဆိုင်တဲ့ သူတွေ မမေ့ကြဖို့ အဲ့ဒီနေ့အတွက် အချင်းချင်း ပြန်သတိပေးနေကြတာ ရှိပါတယ်။ တခြား အထူးအထွေ ပြန်ပြီးဖော်ထုတ်တဲ့ ကိစ္စကတော့ ကျွန်တော် သိရသလောက် မကြားရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်အနေနဲ့ မသိပေမယ့် ကြိုးပမ်း ဖော်ထုတ်သူတွေလည်း ရှိနိုင်ပါတယ်”ဟု ပြောသည်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့က ရှမ်းပြည် နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း မြို့နယ်၊ နမ့်တောင်း ကျေး ရွာ၊ ကောင်းခါးတွင် ကျောက်မဲအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၀၃)မှ တပ်သား ၅၀ ခန့်ပါဝင်သည့် တပ်ဖွဲ့မှာ ကောင်းခါးရွာအတွင်း ရောက် လာခဲ့ပြီး စေတနာဝန်ထမ်း ဆရာမတို့နေအိမ်မှ ကိုက်(၁၀၀)ခန့်သာ ကွာဝေးသည့် ရွာသားများ၏ နေအိမ် လေးအိမ်တွင် ယာယီတပ်စွဲ စခန်းချခဲ့ပြီး၊ ဆရာမများ၏ နေအိမ်မှာ စစ်တပ်မှ လုံခြုံရေးချထားတဲ့ ကိုက် ၂၀၀ ဧရိယာအတွင်းတွင် ကျရောက်ကြောင်း ၁ နှစ်ပြည့် သတင်းစာရှင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်းများ ရှိသည်။ သို့သော် စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်နှစ်ပြည့်ခါနီးအထိ အမှုမှန်မပေါ်ခဲ့ပေ။

ကောင်းခါးကျေးရွာ ခရစ်ယာန် ဘုရားကျောင်းဝင်းထဲက နေအိမ် မှာ ကျောင်းဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင် တို့ နှစ်ဦး ဇန်န၀ါရီ ၁၉ ရက်နေ့မနက် အရုဏ်မတက်ခင်မှာ အဓမ္မပြုကျင့် သတ်ဖြတ် ခံခဲ့ရတဲ့ ဒဏ်ရာများနှင့် သေဆုံးနေတာဖြစ်ပြီး အခင်းဖြစ်ပွားပြီးသည်မှာ ဇန်န၀ါရီ ၁၉ ရက်တွင် ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

KBC ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ ၂၀၁၆ ခုနှစ်၊ ဇွန်လ၊ ၁၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတအား လိပ်မူပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီး၊ အစိုးရရုံးများသို့ ဖြစ်စဉ်အစအဆုံး၊ ရှမ်းပြည်နယ်၊ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် အပြန်အလှန် ဆက်သွယ် ဆောင် ရွက်မှုများကလည်း အကောင်အထည် မဖော်နိုင်ခြင်း ရှိနေသည့် အကြောင်းနှင့် (၁)နှစ် ကျော်ကြာသည့် အချိန်ထိ မည်သည့်အဖြေမှ မရခဲ့တဲ့အခြေအနေကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းများရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက သတင်းထောက်များ သတင်းရယူရာတွင် အကူအညီပေးခဲ့သည့် မုံးကိုးမြို့ရှိ ကချင်ဓမ္မ ဆရာ နှစ်ဦးဖြစ်သည့် ဦးဒွယ်ဒေါ့နောင်လတ် နှင့် ဦးဂမ်ဆိုင်း တို့၏ အခြေအနေနှင့် ပတ်သက်ပြီး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားသော် လည်း ၎င်းတို့နှစ်ဦးအကြောင်း ထူးခြားမှု မရှိသေးကြောင်း ဒေ သခံများ အဆိုအရ သိရသည်။

ထိုနှစ်ဦးပျောက်ဆုံးသည့် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များဖြစ်သည့် Amnesty International နှင့် Human Right Watch အဖွဲ့တို့မှ စိုးရိမ်ပူပန်မှုဖြစ်ကြောင်း အမြန်ဆုံး ရှာဖွေဖော်ထုတ် စုံစမ်းလိုကြောင်း ဇန်န၀ါရီ ၁၆ ရက်က သတင်း ထုတ်ပြန်ခဲ့ခြင်းများရှိပြီး HRW ကြေညာချက်တွင် ကချင်ဆရာမ နှစ်ဦး အမှုနှင့် ပတ်သက်၍လည်း ဖော်ပြထားသည်။

စိုင်းဟန်
The Ladies News

၁၇၊ဇန်န၀ါရီ၊ရန်ကုန်။ ဇန်နဝါရီလ ညနေပိုင်းမှာ သခင်မြပန်းခြံကနေ ရွှေပြည်သာ (အောက်ဂိတ်) ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းအမှတ် ၄၀ အပြာရောင်ဟာအင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းသစ်တောဝင်းရှေ့မှာလမ်းလယ် ဘလောက်တုံးကိုဝင် တိုက်ပြီး ယာဉ်မောင်းတိမ်းရှောင်ထွက်ပြေး သွား ခဲ့တယ်လို့သိရပါတယ်။

အင်းစိန်မြို့နယ်ဘုရင့်နောင်လမ်းအတိုင်း မောင်းနှင်လာတဲ့ YBS အမှတ် ၄၀ ကအဆိုပါလမ်းအတိုင်းမောင်းနှင် လာတဲ့ကားကိုကျော်တက်ပြီး ကြို့ကုန်းမှတ်တိုင်အနီးအရောက်မှာ လမ်းလယ်မှာရှိတဲ့ ဘလောက်တုံးများကို ဝင်ရောက်တိုက်မိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကားနဲ့ဘလောက်တုံးပျက်စီးဆုံးရှုံးမှုတန်ဖိုး ခြောက်သိန်းခန့်ဆုံးရှုံးခဲ့ပြီး ခရီးသည် တွေထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းကို ယာဉ်(ပ)၅/၂၀၁၇ ၊ယာဉ်မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ -၂၇၉/၂၀၂ နဲ့အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဇန်န၀ါရီ၁၆ရက်နေ့ကစတင်ပြေးဆွဲ့အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ် YBS ကိုစတင်ခဲ့တာဖြစ်ပြီး ယာဉ်လိုင်းများနဲ့ပတ်သတ်လို့ ကားမောင်းကြမ်းတာ၊ယာဉ်တိုက်မှုဖြစ်ပွားတာတွေနဲ့ပတ်သတ်ပြီး တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းများကိုထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကလည်းရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်တိုက်မှုတွေမှာ သုံးယောက်နဲ့ အထက်သေဆုံးခဲ့တယ်ဆိုရင် ယာဉ်မောင်းလိုင်စင်ကို တသက်စာပိတ်သိမ်းမယ်လို့စည်းကမ်းထုတ်ထားပါတယ်။

Author ထင်လင်းထက်၊ဝင်းနန္ဒာ
Credit : Kumudra


လူတွေဟာ အအေးကို ဆေးပညာကုထုံးအဖြစ် ရှေးခေတ်ကတည်းက သုံးခဲ့ပါတယ်။၁၉၇၀ ခုနှစ်မှာ ဂျပန်ဆရာဝန် ယာမာအူချီက သုညဒီဂရီအောက် အပူချိန်ရှိတဲ့ အအေးခန်းတွေ ထဲမှာ ခန္ဓာကိုယ်ကို စိမ်ထားခြင်းဖြင့် လူနာတွေကို ကုသနိုင်မယ့် သဘောတရားကို စတင်မိတ်ဆက်ခဲ့ ပါတယ်။ ဒီကုသနည်းဟာ ဥရောပကိုစတင်ပျံ့နှံ့သွား ပြီး မကြာသေးမီနှစ်တွေမှာတော့ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိလာပါတယ်။ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်တွေနဲ့ အားကစားသမားတွေကြားမှာ လျင်မြန်စွာ ရေပန်းစားနေပြီး သူတို့ကတစ်ဆင့် နိုင်ငံအနှံ့ပျံ့နှံ့လာနေတယ်လို့ သိရပါတယ်။

အအေးလွန်ကုထုံးစင်တာတွေက နိုက်ထရိုဂျင်အရည်မှ အေးအောင်ပြုလုပ်ပေးနိုင်တဲ့ စက်ပစ္စည်းတွေကို အသုံးပြုထားပြီး အအေးခန်းတွေကို အပူချိန် အနုတ် ၁၆၀ နဲ့ ၃၀၀ ကြားမှာ ထားရှိ တယ်လို့ဆိုပါတယ်။ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ၂၀၁၃ ခုနစ်က အန္တာတိက တိုက်မှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝအလျောက်ဖြစ်ပေါ်တဲ့ အနိမ့်ဆုံးအပူချိန်အနှတ် ၁၃၅ ဒသမ ၈ ဒီဂရီဖာရင်ဟိုက် နဲ့ နှိုင်းစာရင် ပိုပြီးနိမ့်ကျပါတယ်။ မန်ဟတ်တန်မှ စင်တာပိုင်ရှင် တစ်ယောက်အပြောအရ သုံးမိနစ်စာ ဆက်ရှင် အတွက် ဒေါ်လာ ၉၀ ကုန်ကျမှာ ဖြစ်ပြီး သူ့စင်တာကို တစ်နေ့လူအယောက် ၈၀ နီးပါး လာရောက်တယ်လို့ သိရပါတယ်။ နောက်ထပ် စင်တာခုနစ်ခုကို ဆက်လက်တိုးချဲ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အအေးခန်းထဲမှာ အချိန် ဘယ်လောက်ကြာကြာ နေသင့်သ လဲဆိုတာနဲ့ပတ်သက်ပြီး လူတွေအကြားမှာ အငြင်းအခုံဖြစ်နေကြပြီး ပြင်းထန်တဲ့အခြေအနေအောက်မှာ လူတွေရဲ့ တုံ့ပြန်နိုင်မှုကို လေ့လာနေတဲ့ မန်နီတို ဘာတက္ကသိုလ်မှ ပါမောက္ခ ဂေါ်ဒွန်ဂီးစ်ဘာခ်ျရဲ့ အဆိုအရ လူတွေရဲ့ သွေးတွေ၊ အတွင်းအင်္ဂင်္ါတွေအေးခဲသွားဖို့ အချိန်အတော်ကြာတာကြောင့် သုံးမိနစ်အချိန်ဟာသင့်တော်တယ်လို့ ပြောပါတယ်။ စင်တာပိုင်ရှင်တွေအဆိုအရတော့ ဒီလိုနိမ့်ကျတဲ့ အပူချိန်မှာ ရှစ်မိနစ် အချိန်နေထိုင်ရင် အသက်သေဆုံးနိုင်တယ်လို့ ပြောပါတယ်။

ထောက်ခံသူတွေက အအေးလွန်ကုထုံးကြောင့် နာကျင်ခြင်းဝေဒနာ လျော့ကျမှု၊ ထိခိုက်ဒဏ်ရာရမှုကို အလျင်အမြန် သက်သာစေမှုနဲ့ စိတ်အားတက်ကြွစေမှုတို့ကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တခြားသူတွေရဲ့ အဆိုအရ အရိုးပွ/အရိုးပါးရောဂါကို ကာကွယ်တာ၊ ရင်ကျပ်ရောဂါကို ပျောက်ကင်းစေတာနဲ့ ကိုယ်အလေးချိန်ကို လျင်မြန်စွာ လျော့ကျစေတာ စတဲ့ကောင်းကျိုးတွေရှိတယ်လို့ ဆိုပါတယ်။

အစားအစာနှင့် ဆေးဝါးအဖွဲ့အစည်းကြီးကတော့ အအေးလွန်ကုထုံးကြောင့် အကျိုးကျေးဇူးရရှိတယ်ဆိုတာကို အသိအမှတ်မပြုပါဘူး။ ဗြိတိန်နိုင်ငံမှာ အခုနှစ်စက်တင်ဘာလမှာပြုလုပ်တဲ့ သုတေသနအရလည်း အအေးလွန်ကုထုံးကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့လုံလောက်တဲ့အထောက်အထား မတွေ့ရှိရဘူးလို့ဆိုပါတယ်။ဆန့်ကျင်သူတွေကတော့ အအေးလွန်ကုထုံးဟာ ငွေချမ်းသာသူတွေရဲ့ စတန့်ထွင်မှုသာဖြစ်ပြီး ငွေဖြုန်းတီးမှု သက်သက်သာဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။

Ref: NY Times

Credit: Healthy Life
Link:http://www.healthylifejournalmyanmar.com/my/2017/01/17/aboutcryotherapytreatment-2/


ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး စနစ်ပြောင်းလဲချိန်တွင် မီးရထားစီးနင်း အသုံးပြုသူ ပိုမိုများပြားလာပြီး မီးရထားတွဲများကိုလည်း တိုးချဲ့ပြေး ဆွဲ ပေးလျက်ရှိကြောင်း သိရသည်။

“ဘက်စ်ကားလိုင်းတွေက ဘာမှန်းမသိသေးတော့ ရထားစီးတာက စိတ်ချမ်းသာသေးတယ်။ ရထားဘူတာကနေ လမ်းလျှောက်ရတာတော့ ရှိတာပေါ့။ ဒါပေမယ့် စိတ်မရှုပ်ရဘူးလေ၊ ကားလိုင်း အပြောင်းအ လဲကြောင့် ရထားပြောင်းစီးကြတယ် ထင်တယ်။ ရထားစီးတဲ့လူတွေ များလာတယ်” ဟု ဒဂုံမြို့နယ်အတွင်း နေထိုင်သူ ကိုမင်းမင်းက ပြောသည်။

သယ်ယူပို့ဆောင်ရေး စနစ် မပြောင်းလဲမီ ဇန်နဝါရီလ ၁၅ ရက်အထိ မီးရထား စီးနင်း အသုံးပြု သွားလာသည့် ခရီးသည်ဦးရေသည် ရန်ကုန်ဘူတာကြီး တစ်ဘူတာ၌ပင် ခရီးသည်ဦးရေ ၈,၀၀၀ ကျော်ရှိခဲ့ရာမှ ဇန်နဝါရီလ ၁၆ ရက်တွင် ရထားစီးခရီးသည် အရေအတွက် ၁၂,၀၀၀ ကျော် အထိ ရောက်ရှိလာကြောင်းလည်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်မှ စတင်ပြောင်းလဲလိုက်သည့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်သစ်တွင် ယခင်ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်မှ လိုင်းကားများကို ပြန်လည်စုစည်းပြီး လိုင်းပေါင်း ၇၀ ဖြင့် ယာဉ်လိုင်း ကြောင်းအသစ် ပြောင်းလဲပြေး ဆွဲပြီးနောက် ရထားစီး ခရီးသည်ပိုမိုများပြား လာခဲ့ခြင်းဖြစ်သည်။

“အရင်ကဘူတာမှာ ဒီလောက်လူမများဘူး။ အခုရထားစီးတဲ့ လူ တော်တော်များလာတယ်။ အန်တီက အရင်ကတည်းက ရထားစီးမှ အဆင်ပြေတော့ ရထားပဲစီးဖြစ်တာ။ အခုရထားစီးတဲ့လူလည်း များလာတယ်၊ ရထားတွဲတွေလည်း ရှည်လာတယ်” ဟု ကမာရွက်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ဘက်စ်ကားလိုင်းများ စတင်ပြောင်းလဲ ပြေးဆွဲပေးသည့်နေ့တွင် ယာဉ်အရေအတွက်ထက် ခရီးသည် များနေခြင်းကြောင့် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းရန် အခက်အခဲများ ရှိခဲ့ခြင်းကြောင့် မီးရထားခရီးကို ပြောင်းလဲအသုံးပြုသူ များလာခြင်း ဖြစ်သည်။

ဘတ်စ်ကား ပြုပြင်ပြောင်းလဲရေး တတိယမြောက်နေ့တွင် ပြည် လမ်းတစ်ကြော အင်းစိန်လမ်းတစ်ကြောမှာ အခက်ခဲ မရှိသော်လည်း မော်တင် ၊ သခင်မြ ပန်းခြံဘက် ရောက်ပါက ကားရှားပါး မှုကြောင့် မှတ်တိုင်တွင် စုပြုံနေမှုများ အနည်းငယ် ဆက်လက် ဖြစ် ပွားခဲ့သည်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရသည်။

“ဒီမှတ်တိုင်က ၅၇ လာရမယ့် နေရာလို့ ပြောတယ်။ အခုထိ မလာသေးဘူး။ စုံပြုံနေတယ်။ ဒါကြောင့် ကူညီရေး ကားတွေနဲ့ပဲ စီးနေရတယ်” ဟု မော်တင်မှတ်တိုင် မဟာဗန္ဓုလ လမ်းပေါ်တွင် ယနေ့ မနက်ပိုင်းက ဘတ်စ်ကား စောင့်နေသူက ပြောသည်။

မြို့ထဲ အဓိကလမ်းမ ၄ လမ်းတွင် မဟာဗန္ဓုလလမ်းမှာ တရားဝင် လိုင်းအဖြစ် သတ်မှတ်ထားသည့် ကားများ ပြေးဆွဲမှု နည်းပါးသည့် လမ်းဖြစ်နေပြီး အနော်ရထာလမ်းပေါ်တွင် ဘတ်စ်ကား အမှတ် ၅၈ ပြေးဆွဲမှု ရှိသော်လည်း ပုံမှန် လူမကျပ်သည့် နေ့လယ်ပိုင်းတွင် ဘတ်စ်ကားပေါ်တွင် လူကျပ်နေဆဲဖြစ်သည်။

ဘတ်စ်ကားစနစ်သစ်နှင့် ပတ်သက်၍ အသားကျစေရန် တစ်ပတ်ခန့် အချိန်ယူရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောဆိုထားသည်။

ဇော်မင်းထွန်း
The Ladies News

မောင်တော ဒေသတွင်းက လူမှုအသိုင်းအ၀ိုင်းအတွက် မလေးရှား လူမှုကူညီရေး အသင်းအဖွဲ့တွေရဲ့ အကူအညီတွေကို မြန်မာဘက်က လက်ခံဖို့ ဒီကနေ့ နှစ်နိုင်ငံ အစိုးရချင်း သဘောတူလိုက်ပါပြီ။ မလေးရှား လူမှု ကူညီရေး အသင်းအဖွဲ့တွေရဲ့ Food Flotilla For Myanmar - မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ ပို့ဆောင်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တရားဝင်လမ်းကြောင်းကနေ ဆောင်ရွက်ဖို့ မြန်မာ အစိုးရက ပြီးခဲ့တဲ့ လပိုင်းက သံတမန်ရေး အရ သတိပေးခဲ့ပြီးနောက်ပိုင်း အခုလို နှစ်နိုင်ငံ အစိုးရချင်း သဘောတူလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ အင်ဒိုနီးရှား နိုင်ငံဘက်ကလည်း ရခိုင်ပြည်နယ် အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပြင် တခြား အရေးပါတဲ့ ကဏ္ဍတွေ အတွက်ပါ အကူအညီတွေ ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မလေးရှား လူမှု အသင်းအဖွဲ့တွေရဲ့ Food Flotilla For Myanmar - မြန်မာနိုင်ငံ အတွက် စားနပ်ရိက္ခာတွေကို သဘောင်္တွေနဲ့ ပို့ဆောင်မယ့် အစီအစဉ်ကို လက်ခံဖို့ ဒီကနေ့ မြန်မာနဲ့ မလေးရှား အစိုးရတို့ကြား ဆွေးနွေး သဘောတူညီချက် ရရှိပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဒီကနေ့ သဘောတူညီချက်ကို အခုလို ပြောပါတယ်။

“သဘောတူညီချက်က သူတို့က သူတို့အကူအညီပေးမယ့် ပစ္စည်းစာရင်းကို ကျနော်တို့ဆီ ပို့ပေးမယ်။ ပစ္စည်းစာရင်းတော့ မပါလာသေးဘူး။ အဲဒါကို ကျနော်တို့ကနေပြီးတော့ ရန်ကုန်မှာ လက်ခံမယ်။ လက်ခံပြီးတဲ့အခါကျတော့ ဒီပစ္စည်းတွေကို ကျနော်တို့ကပဲ တာဝန်ယူပြီးတော့ ရခိုင်ပြည်နယ်ကို ပို့မယ်။ ရခိုင်အစိုးရဆီကို အပ်မယ် အဲဒါပြီးရင် ရခိုင်အစိုးရနဲ့ ကျနော်တို့ ၀န်ကြီးဌာနတွေနဲ့ပူးပေါင်းပြီးတော့ ဖြန့်ဝေမယ့်နေရာကိုရောက်အောင် ကျနော်တို့ အမြန်ဆုံး ဖြန့်ဝေမယ်။ ကျနော်တို့မှာ မှတ်တမ်းတွေထားမယ်။ အဲဒါကို ပြီးသွားပြီ သဘောတူသွားပြီ ဒီနေ့ အကုန်လုံး အားလုံးနဲ့ ဆိုင်တယ်။ Affected area မှာရှိသောသူ အားလုံး ဘာသာလည်းမခွဲခြားဘူး လူမျိုးလည်း မခွဲခြားပါဘူးတဲ့ ။”

မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့မှာတော့ ရခိုင်ဒေသကို သဘောင်္တွေနဲ့ စားနပ်ရိက္ခာတွေပို့မယ်ဆိုတဲ့ အစီအစဉ်ကို ဦးဆောင်ခဲ့တဲ့ Kelab Putera 1 Malaysia (KP1M) လူမှုကူညီရေး အဖွဲ့ရဲ့ ဒုတိယ အကြီးအကဲနဲ့ ပြန်ကြားရေး အကြီးအကဲတို့လည်း ပါဝင်ခဲ့တာပါ။ မူလက ရခိုင်ပြည်နယ် စစ်တွေကို တိုက်ရိုက်သွားရောက်မယ်လို့ ပြောဆိုခဲ့တဲ့ အပေါ် မြန်မာ အစိုးရဘက်က အကူအညီပေးလိုရင် တရားဝင် ညှိနှိုင်းဖို့ သံတမန်ရေးနည်းလမ်း အရ သတိပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီကနေ့ သဘောတူညီချက်မှာတော့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခ ဒေသတွင်း ဘာသာ လူမျိုး မခွဲခြားဘဲ လူမှု အဖွဲ့အစည်း အားလုံးအတွက် ဖြစ်တယ်လို့ မလေးရှား ကိုယ်စားလှယ် အဖွဲ့က ပြောဆိုတဲ့ အကြောင်းလည်း ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

နောက်လ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မလေးရှားနိုင်ငံကနေ စတင် ခုတ်မောင်းလာမှာ ဖြစ်ပြီး ရန်ကုန်မြို့မှာ အကူအညီတွေကို လက်ခံဖို့ သဘောတူထားပြီး အကူအညီပေးမယ့် စာရင်းတွေတော့ အတိအကျ ပို့မလာသေးဘူးလို့လည်း ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

“အကြမ်းဖျင်းတော့ ပြောသွားတာကတော့ ဆန်ရိက္ခာ ဆေးဝါးပစ္စည်း ဒါတွေပါမယ်၊ နောက်ပြီးတော့ Hygiene kit တွေပါမယ်။ ဆန်က သူတို့ပြောသွားတာ ၃၄၀ တန်လောက်ရှိမယ်။ ခေါက်ဆွဲခြောက်ထုတ်တွေကတော့ အတိအကျတော့ မပြောသွားသေးဘူး Hygiene kit တွေပါမယ် ပေါ့နော် ၊ စာရင်းကို သူတို့ အမြန်ပို့ပါမယ်တဲ့။ သူတို့က ဖေဖ၀ါရီ၃ ၇က်နေ့ကို သူတို့ဆီက ထွက်လာမယ်တဲ့ ကျနော်တို့ဆီ ဘယ်တော့ ရောက်မလဲတော့ မသိဘူးပေါ့နော် ၇ ရက်လောက်တော့ ကြာမယ်လို့တော့ ပြောတယ်။”

Kelab Putera 1 Malaysia (KP1M) မလေးရှား လူမှုကူညီရေး အဖွဲ့အစည်းက ၂၀၁၂ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်းမှာလည်း မြန်မာ အစိုးရနဲ့ ညှိနှိုင်းပြီး အကူအညီပေးခဲ့တာပါ။ မွတ်စလင် အများစု နေထိုင်ရာ မောင်တော ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် ဒေသခံ လူမှု အသိုင်းအ၀ိုင်း အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း ဒေသတွင်း မွတ်စလင် နိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဘက်က လူသားချင်း စာနာထောက်ထားမှု အပြင် ဒီအရေးကို ကိုင်တွယ်ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ မနက်ဖြန် ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ ကျင်းပမယ့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ အထူးအစည်းအဝေး ကျင်းပဖို့လည်း ရှိနေတာပါ။ အင်ဒိုနီးရှား နိုင်ငံကတော့ ရခိုင်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အပြုသဘောနဲ့ ထောက်ပံ့ပေးဖို့ OIC ကို တောင်းဆိုသွားမယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Armanatha Nasir က ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံရဲ့ အားထုတ် ဆောင်ရွက်ချက်တွေကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC က အပြုသဘောနဲ့ ထောက်ပံ့ပေးရေး အတွက် အခု အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံက အဓိကထား တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေသာ မကဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ တခြား အရေးပါတဲ့ အခန်းကဏ္ဍတွေမှာပါ ကူညီပေးသွားမယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ထပ်လောင်း ပြောပါတယ်။ မလေးရှားနိုင်ငံမှာ မနက်ဖြန် ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ လုပ်မယ့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC အထူးအစည်းအဝေး မတိုင်ခင် လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ လူ့အခွင့်အရေး အခြေအနေကို ထည့်သွင်း စဉ်းစားလာရတဲ့ အခြေအနေမှာ ရဲတွေ အနေနဲ့ အရပ်သားတွေနဲ့ ဘယ်လို ပုံစံ ထိတွေ့ဆက်ဆံသင့်သလဲ ဆိုတာကို ပညာပေးဖို့က အရေးကြီးဆုံး ကိစ္စ တခု အနေနဲ့ ရှိနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ပြောဆိုပြီး မြန်မာရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည် မြှင့်တင်ရေး အထောက်အကူတွေ ပေးမယ့် အစီအစဉ်ကိုလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မသိင်္ဂီထိုက်
VOA Burmese News

အင်ဒိုနီးရှားနိုင်ငံခြားဌာန ပြောခွင့်ရ Armanatha Nasir (VOA/Fathiyah Wardah)
အင်ဒိုနီးရှားနိုင်ငံခြားဌာန ပြောခွင့်ရ Armanatha Nasir (VOA/Fathiyah Wardah)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုနဲ့ အကူအညီပေးတာတွေကို သာမက ပညာရေး၊ ကျန်းမာရေးနဲ့ တခြားဦးစား ပေးကဏ္ဍတွေမှာလည်း ကူညီသွားဖို့ ရည်ရွယ်ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့ပြောပါတယ်။

“တခု ထပ်ဖြည့်ချင်တာကတော့ မြန်မာရဲတပ်ဖွဲ့အတွက် စွမ်းရည်မြှင့်တင်ရေးမှာ အကူအညီပေးမယ့်ကိစ္စပါ။ ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားတဲ့ တပြိုင်ထဲမှာပဲ နိုင်ငံသားတွေနဲ့ ဘယ်လို ထိတွေ့ဆက်ဆံသင့်တယ်ဆိုတာက အဓိက ကိစ္စရပ်ကြီးတခု ဖြစ်နေတာကြောင့်ပါပဲ။” လို့ အင်ဒိုနီးရှားနိုင်ငံခြားဌာန ပြောခွင့်ရ Armanatha Nasir ကပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အစည်းအဝေးအတွက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောသွားတာပါ။ အခုအစည်းအဝေးမှာ အင်ဒိုနီးရှားအနေနဲ့ပြောမယ့် အဓိကအချက်ကတော့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းတဲ့အဖြေ တခုရရေးကို ရည်ရွယ်လုပ်ဆောင်တဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းချက်တွေကို အထောက်အပံ့ပြုတဲ့အနေနဲ့ အပြုသဘော လုပ်ဆောင် ကြပါလို့ OIC အဖွဲ့ကို တိုက်တွန်းဖို့ဖြစ်ပါတယ်လို့လဲ ပြောခွင့်ရ Nasir ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေစဖြစ်တဲ့ လွန်ခဲ့တဲ့ လေးနှစ်နီးပါးကနေ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရိုဟင်ဂျာလို့ သူတို့ခေါ်ဆိုသူတွေ ထွက်ပြေးကြတဲ့နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားလည်းအပါအ၀င်ပါ။ ၂၀၁၅ ခုနှစ်က အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ရွှေ့ပြောင်းသူ ၃,၀၀၀ ကျော် ရောက်သွားပြီး အဲဒီလူတွေကို ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂက ပန်ကြားပေမယ့်လဲ ငြင်းခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒီပြဿနာအတွက်အဖြေတခုရအောင် လုပ်တဲ့နေရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာလဲ တာဝန်ရှိတယ် ဆိုတာ အင်ဒိုနီးရှားရော မလေးရှားကပါ သဘောတူခဲ့ကြပြီး တိုက်တွန်းပြောဆိုထားပါတယ်။
VOA Burmese News

စစ်ပွဲကြောင့် ထွက်ပြေးနေရသော ဒုက္ခသည်များ (Citizen Journalist)
စစ်ပွဲကြောင့် ထွက်ပြေးနေရသော ဒုက္ခသည်များ (Citizen Journalist)
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွါးနေဆဲ စစ်ရေးအဋိပက္ခ အတွင်းမှာ ဒေသခံအရပ်သားတွေအနေနဲ့ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို နေရပ်က နေစွန့်ခွာနေရမှုတွေလဲရှိနေခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ နမ့်ဆန်မြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့တို့ အကြားဖြစ်ပွါး ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တထောင်ကျော်ဟာ နီးစပ်ရာမြို့နယ်တွေမှာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ နိုင်ငံ ရေးပါတီတခုဖြစ်တဲ့ တအာင်းပလောင် အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် တာ့လှဖေကပြောပါတယ်။

“လားရှိုးမှာ အောင်မင်္ဂလာကျောင်း နမ့်ဆန်က ဘုန်းကြီးသတင်းသုံးတဲ့ကျောင်းမှာ လူ ၂၀၀ လောက်ရှိတယ်။ ကျောက်မဲမှာလည်း လူ ၂၀၀ လောက်ရှိတယ်၊ မန္တလေးမှာလည်း ၂၀၀ လောက်ရှိတယ်။ ထွက်ပြေးနေတဲ့ အနေအထားလောက်ရှိတဲ့ မြို့ပေါ်လူတန်းစားတွေပဲ ပြေးနိုင်တာပေါ့လေ။ ရွာကလူတန်းစားတွေကတော့ နီးစပ်ရာပေါ့ သီပေါတို့မှာထွက်ပြေးတဲ့လူတွေလည်းရှိတာပေါ့။ ကျေးရွာတွေဘ၀က အင်မတန်မှ ရင်နာစရာကောင်းပါတယ်။ ပြေးဖို့ကလည်း မြို့ပေါ်ကို ပြေးနိုင်ဖို့အတွက် အင်အားလည်းမရှိဘူး။ ပြေးဖို့အနေအထားကလည်း အခြေအနေမပေးတော့ ကျင်းတွေထဲမှာ ၀င်ပုန်းခိုပြီးတော့ ကျောက်ဂူတို့ ဗုံးခိုကျင်းတို့မှာ ဖန်တီးယူပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။”

ကျောက်မဲမြို့ကိုရောက်ရှိနေတဲ့ နမ့်ဆန်စစ်ဘေးရှောင်တွေကတော့ စစ်ဘေးရှောင်စခန်းမှာမနေဘဲ ဆွေမျိုးသားချင်း အိမ်မှာနေထိုင်နေကြတယ်လို့ ကျောက်မဲ ကူညီရေးအဖွဲ့ဝင် ကိုသားဇော်ကပြောပါတယ်။

“ကျောက်မဲတို့ မန္တလေးတို့မှာ ထွက်ပြေးတိမ်းရှောင်တာကတော့ ဟုတ်ပါတယ်။ သူတို့က အမှန်က နမ့်ဆန်ဘက်က ဆွေမျိုးများတယ်ဆိုတော့ နောက်ပြီး နမ့်ဆန်ဆိုတဲ့ မြို့က လဖက်လည်း ထွန်းကားရာဒေသ ဆိုတော့ ငွေကြေးနည်းနည်းရှိတော့ သူတို့ကစစ်ဘေးရှောင်စခန်းတွေ မှာ တော့မရှိဘူး။ ဒီမှာ ကျနော်တို့လည်း တရားဝင်တော့ စောင့်ပါတယ်။ ဒါပေမယ့် သူတို့က အမျိုးအိမ်တွေမှာ သွားနေတယ်။”

တိုက်ပွဲတွေကြောင့် နမ့်ဆန်ဒေသခံ (၂၀၀၀)ခန့်ဟာ မန္တလေးလားရှိုး၊ကျောက်မဲ၊ သီပေါ၊ နောင်ချို နဲ့ ပြင်ဦးလွင် စတဲ့ မြို့တွေကို တိမ်းရှောင်နေကြရသလို ဒေသတွင်းတောတောင်ထဲမှာ ပုန်းခိုနေရတဲ့ သူတွေလဲရှိနေပါတယ်။

ဒါ့အပြင် နမ့်ဆန်အ၀င်အထွက်လမ်းတွေကိုလဲ တပ်မတော်ကနေလုံခြုံရေး အခြေအနေအရ ဗုံးထောင်ထားတာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေးမှာ အခက်တွေ့နေသလို ဗုံးကြောင့်ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ တာ့လှဖေက ဆက်ပြောပါတယ်။

“ဒီအချိန်မှာ ကားဂိတ်တွေလည်း ပိတ်ပစ်လိုက်ပြီ။ မြို့နဲ့ ကျနော်တို့ ရွာတွေကို ဆက်သွယ်တဲ့လမ်းတွေကိုလည်း အစိုးရတပ်က မိုင်းတွေ ဆင်လိုက်တယ်။ TNLA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၀င်လာမှာ စိုးရိမ်ပြီးတော့မှ မိုင်းတွေဆင်ထားတယ်။တရုတ်သင်္ချိင်းကုန်း တောင်ခြေနားမှာ မိုင်းတွေဆင်ထားလိုက်တယ်။ ရွာပြင်မထွက်နဲ့ မိုင်းတွေဆင်ထားတယ်။ ကိုယ့်ရွာသူရွာသားတွေကို ရွာပြင်မထွက်နဲ့ ပြောပါဆိုပြီးတော့ ပြောတယ်တဲ့။ ၁၄ ရက်နေ့မှာပဲ ဖြစ်ချင်တော့ သူတို့သတိပေးထားတဲ့ဟာကို မသိလိုက်လို့ လဖက်ခြံမှာ ရောက်နေတဲ့ လင်မယား ၂ ယောက်က ဆိုင်ကယ်နဲ့ မိုင်းကို နင်းမိလိုက်တာ ခြေထောက်ကြီးပြတ်ထွက်သွားတယ်။ အဲဒီလူနာ လားရှိုးဆေးရုံမှာ ရှိတယ်။”

ပြီးခဲ့တဲ့ ဇန်န၀ါရီ(၁၃) (၁၄)ရက်အတွင်း နမ့်ဆန်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွါးခဲ့စဉ်အတွင်း နမ့်ဆန်မြို့အနီး ဟိုချောင်းကျေးရွာပေါ် လက်နက်ကြီးကျည်ကျလို့ အသက်(၇)နှစ် အရွယ် ကျောင်းသားတဦးနဲ့အတူ အရပ်သားတဦးသေဆုံးခဲ့သလို အရပ်သား(၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ပါတယ်။

ဒီလိုပစ်ခတ်မှုမှာ မြန်မာ့တပ်မတော်ဘက်က TNLAလက်ချက်လို့သတင်းထုတ်ပြန်ထားသလို ဒေသခံတွေကတော့ မြန်မာ့တပ်မတော်တပ်ကုန်းကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး လို့ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ(၂၆)ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မတ်မီးရွာကို လေယာဉ်နဲ့ ဗုံးကြဲမှု ဖြစ်စဉ်အတွင်း အရပ်သား(၃)ဦးသေဆုံးပြီး ကလေးငယ်တဦးနဲ့ကိုယ်ဝန်ဆောင် မိခင်တဦးအပါဝင် လူ(၇)ဦးခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်နည်းတူ ကချင်ပြည်နယ်ဘက်မှာလဲ မြန်မာ့တပ်မတော်နဲ့KIO ကချင်လွတ်လပ်ရေး တပ်မတော်အကြားဖြစ်ပွါး နေတဲ့တိုက်ပွဲကြောင့် စစ်မက်ဖြစ်ပွါးရာဒေသကပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဝိုင်းမော်မြို့နယ် ဇိုင်းအောင်နဲ့မဂါးယန်စစ်ရှောင်စခမ်းမှာရှိတဲ့ဒုက္ခသည်အခြေအနေကိုတော့ ကချင်လူမှုအဖွဲ့အစည်း ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့အတွင်းရေးမှူးဂွမ်ရှာအောင်ကအခုလိုပြောပါတယ်။

“ဒီ မဂါးယန် ကလည်း အများစုတော့ နမ့်ခမ်းပါလို့ခေါ်တဲ့ နဂိုမူလ Camp ကနေ ၃- ၄ မိုင်လောက်ဝေးတဲ့ အနောက်ဘက်မှာပေါ့နော် အဲဒီမှာ ရှိတဲ့ နေရာမှာ သူတို့ ရွှေ့ပြောင်းနေနေကြတဲ့ အနေအထားရှိတယ်။ တချို့တော့ အိမ်ထောင်စု ၅၀ လောက်ကတော့ လိုင်ဇာဘက်ကို ဆင်းတဲ့ အနေအထားရှိပါတယ်။ ဇိုင်းအောင် camp ကျတော့ နဂိုမူလ camp ကနေ ၁၀ မိုင်လောက်ဝေးတဲ့ လုံပန် ဒေသမှာ ခဏစခန်းချပြီးနေနေတဲ့ အနေအထားရှိတယ်။ သူတို့ အဲဒီထက်ပိုပြီးတော့ လုံခြုံမယ့်အနေအထား၇ှာနေတဲ့ အနေအထားဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ဇန်န၀ါရီ(၁၃)ရက်နေ့မှာ လက်နက်ကြီးကျည်ပေါက်ကွဲခဲ့လို့ ဇိုင်းအောင်စစ်ပြေးဒုက္ခသည် (၄၀၀၀) ခန့်ဟာ တရုတ်နယ်စပ်မှာတိမ်းရှောင်နေရသလို ၀ိုင်းမော်မြို့ ကချင်နှစ်ခြင်း ခရစ်ယာန်ဖွံ့ဖြိုးရေးဒုက္ခသည် စခန်းကို အယောက် (၅၀)ခန့်ပြောင်းရွှေ့လာသူရှိတယ်လို့ စခန်းတာဝန်ခံ ဦးခေါင်တောင်ကပြောပါတယ်။

“ဇိုင်းအောင် မူရာဇွတ်ဘက်က ထွက်ပြေးလာတဲ့လူတွေ ကျနော်တို့ ဖွံ့ဖြိုးရေးဒုက္ခသည် စခန်းကို ပြောင်းလာကြတဲ့ မိသားစုတွေရှိတယ်။ မိသားစု ၁၅ စုလောက်ရှိတယ် လူ ၅၀ လောက်ပေါ့နော်။”

လက်ရှိမှာမြန်မာအစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပေမဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ စစ်ရေးတင်းမာနေ ဆဲဖြစ်ပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေအတွင်းအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် သေဆုံးထိခိုက်မှုတွေ ဒေသတွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရမှုတွေလဲဖြစ်ပွါးလာခဲ့တာပါ။

ကချင်နဲ့ရှမ်းလူမှုအဖွဲ့အစည်းတွေအနေနဲ့ကတော့ လက်ရှိဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်နေမှုနဲ့ စစ်ပြေးဒုက္ခသည်အရေး ကိစ္စတွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ကိုယ်တိုင်လာရောက်လေ့လာဖို့ကိုလဲ တိုက်တွန်းမှုတွေရှိနေပါတယ်။
VOA Burmese News


ရန်ကုန်၊ ဇန်န၀ါရီ ၁၈

သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ ဘီအိုစီမှတ်တိုင်တွင် စိုက်ထူထားသော YBS မော်တော်ယာဉ်လိုင်း ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်အား ၁၆.၁.၂၀၁၇ ရက်နေ့ ၀၇၁၅ အချိန်ခန့်တွင် အမျိုးသားတစ်ဦးမှ လက်ဖြင့် ရိုက်နှက်ဖျက်ဆီး သွားကြောင်းကို ၁၈.၁.၂၀၁၇ ရက်နေ့ ၁၀၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ ဖုန်းသတင်းပေးပို့ ချက်အရ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

အဆိုပါဆိုင်းဘုတ်၏အလယ်တွင် အရှည်(၁)ပေခွဲခန့် ကန့်လန့်ဖြတ်စုတ်ပြဲ ပျက်စီးနေသည်ကိုတွေ့ရှိခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၃၈/၂၀၁၆၊ ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့်ကာ ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်အား ပျက်စီးအောင်ပြုလုပ် သွားသူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်နေ နန္ဒသူရ၊ (၄၀)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၁၈.၁.၂၀၁၇ ရက်နေ့ ၁၂၀၅ အချိန်တွင် ၎င်းအားဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ YBS ယာဉ်လိုင်းများ ပြေးဆွဲဆောင်ရွက်နေမှုအပေါ် ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်များအား မလျော်ကန် ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့သူများကို ရဲတပ်ဖွဲ့မှထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်း အုပ်စု အတွင်းမှာတည်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် တကောင်းနီကယ်စက်ရုံ က မြန်မာ အလုပ်သမားတွေဟာ လုပ်ခလစာ ခွဲခြားသတ်မှတ်ခံရတာနဲ့ ပတ်သက်ပြီး ဇန်နဝါရီ (၁၈) ရက်နေ့ နေ့လည်ပိုင်း အချိန်က ကန့်ကွက်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြပါတယ် ။


တကောင်း နီကယ်စက်ရုံ က မြန်မာအလုပ်သမားတွေဟာ လုပ်ခလစာ မညီမျှခြင်း တရုတ်နိုင်ငံသားများနဲ့ ခွဲခြားဆက်ဆံ ခံရခြင်း ဆေးဝါး စောင့်ရှောက်မှုမရှိခြင်းအပြင် နိုင်ငံသား အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ် လို့ ဦးဆောင်လှုပ်ရှားသူ အလုပ်သမား ခေါင်းဆောင် ဦးထွန်းထွန်းဝင်း က ပြောပါတယ် ။

မြင့်လွင်
https://www.facebook.com/ktamyintlwin


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆန်ခါကျေးရွာနဲ့ “နမ့်မဖြစ်” ကျေးရွာတွေမှာ ရွာသားတဦးနဲ့ ကျောင်းဆရာတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံတွေ ထိတ်လန့်နေကြတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

 ဇန်နဝါရီလ (၁၇) ရက် မနေ့ညနေပိုင်းမှာ ဆန်ခါရွာက အသက် ၄ဝ ကျော်အရွယ် အမျိုးသားတဦးနဲ့၊ ဒီကနေ့မနက်ပိုင်းမှာ နမ့်မဖြစ်ရွာ အလယ်တန်းကျောင်းက အသက် ၂ဝ ကျော်အရွယ် ကျောင်းဆရာတဦးကို မျက်နှာဖုံး ဝတ်ထားတဲ့ ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ် ၂ ခုလုံးမှာ ရရှိထားတဲ့ သေနတ် ကျည်ဆံခွံတွေရဲ့ အရွယ်အစားဟာ တူနေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ သေဆုံးမှု ၂ မှုလုံး အတွက် ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့်ထားတယ်လို့ လုံးခင်းရဲစခန်းမှူးက ပြောပါတယ်။

 လတ်တလော ဖြစ်စဉ်တွေ အပါအဝင် ရှေ့ဆက်ဆောင်ရွက်ရမယ့် အုပ်ချုပ်ရေး အစီအမံတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ကို သုံးသပ်အစီရင်ခံစာ ပေးပို့မယ်လို့လည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တပ်မတော် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်- စကခ ၇ နဲ့ ရဲတပ်ရင်းတပ်ဖွဲ့တွေ၊ အစိုးရဌာနဆိုင်ရာတွေ ရှိပေမယ့် ဒေသခံလူထုရဲ့ လုံခြုံရေးတွေကို ထိထိရောက်ရောက် ဆောင်ရွက်မပေးဘူးလို့ ဆန်ခါရွာသားတဦးက ပြောပါတယ်။

 ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်း ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင် ၂ ဦးနဲ့၊ ၂ဝ၁၆ ခုနှစ်က အမျိုးသမီးအုပ်ချုပ်ရေးမှူး တဦးကို ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်လို့လည်း အခုအချိန်အထိ တရားခံ ဖော်ထုတ်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese



မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအစည်းအဝေးအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)
   ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံအနေဖြင့် အထူးစီးပွား ရေးဇုန်ကြီးသုံးခုကို ဆောင်ရွက်လျက် ရှိပြီး ရှေ့ဆက်၍ စီးပွားရေးဇုန်သစ်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ့အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဒေါက်တာသန်းမြင့်က “အထူးစီးပွား ရေးဇုန်များ၏ အခန်းကဏ္ဍသည် အလွန် အရေးပါသည့်အတွက် လက်ရှိဆောင် ရွက်ဆဲ အထူးစီးပွားရေးဇုန်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် နိုင်ငံ၏လက်ရှိလိုအပ်ချက်အရ စီးပွားရေး အမြန်ဆုံးတိုးတက်အောင် အများပြည်သူများ ပူးပေါင်းဆောင်ရွက် နိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းချုပ်ဆိုမည့် စာချုပ်များအတွက် ဥပဒေကျွမ်းကျင်သူပညာရှင်များ ပါဝင် ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။

လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် အထူးစီးပွားရေး ဇုန်များ ဥပဒေနှင့်အညီ လိုက်နာသွား ရမှာဖြစ်သလို ဒေသခံ ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတို့ အပေါ်တွင်လည်း ထည့်သွင်းစဉ်းစား ပေးကြရန်လိုအပ်ကြောင်း၊ မိမိတို့ဗဟို လုပ်ငန်းအဖွဲ့အနေဖြင့် အစိုးရအဖွဲ့နှင့် ဗဟိုအဖွဲ့တို့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသလို အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီများသည် လည်း အထက်အဖွဲ့အစည်း အဆင့်ဆင့်၏ လမ်းညွှန်ကြီးကြပ်မှုများနှင့်အညီ ဆောင် ရွက်သွားကြရန် လိုအပ်ကြောင်း၊

အထူးစီးပွားရေးဇုန်များ အောင်မြင် စွာ အကောင်အထည်ဖော်ဆောင်ရွက် ကြရာတွင် အမျိုးသားအကျိုးစီးပွားများကို ဦးတည်ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ အထူးစီးပွားရေးဇုန်များ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အမံနှင့် အလားအလာများကို အများ ပြည်သူထင်သာမြင်သာရှိအောင် ဆောင် ရွက်လာခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံလိုသူ များကို ဆွဲဆောင်နိုင်မှာဖြစ်ကြောင်း ဝန်ကြီးမှ ပြောကြားခဲ့သည်။

(Xinhua)
http://xinhuamyanmar.com


ရန်ကုန်၊ ဇန်န၀ါရီ ၁၈

၁၈.၁.၂၀၁၇ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာ အဝေးပြေးဝင်းမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သိမ်ချောင်းလမ်းဆုံသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအမှတ်(၆)၊ ယာဉ်အမှတ် 1D----HYUNDAI BUS ခရီးသည်တင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေး
မှတ်တိုင်မှ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှတ်တိုင်သို့ လိုက်ပါစီးနင်းလာသော လှိုင်သာယာမြို့နယ်နေ ဇနီးမောင်နှံ ၂ ဦးသည် ယာဉ်စီးခအဖြစ် ငွေကျပ်(၅၀၀)ပေးချေထားခဲ့ရာမှ စော်ဘွားကြီးကုန်းမှတ်တိုင်အရောက်တွင် ပြန်အမ်းရမည့်ငွေကျပ်(၁၀၀)အား ယာဉ်နောက်လိုက်ဖြစ်သူ အောင်နိုင်မိုးထံ ပြန်လည်တောင်းခံရာ ၎င်းယာဉ်နောက်လိုက်မှ ယာဉ်စီးခငွေ ကောက်ခံ
သော အခြားယာဉ်နောက်လိုက်ထံ တောင်းခံရန်ပြောဆိုရာမှ စကားများကြပြီး အောင်နိုင်မိုးမှ ခရီးသည်ဇနီးမောင်နှံအား လက်သီးနှင့်ထိုးကြိတ်ခဲ့သဖြင့် ပွန်းပဲ့နာကျင်ဒဏ်ရာများ ရရှိခဲ့ကြပြီး အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ ရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်နောက်လိုက် အောင်နိုင်မိုးအား အင်းစိန်မြို့မရဲစခန်း(ပ)၉၇/၂၀၁၇၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၄၁/၁၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



လူ ၅၂ ယောက် သေဆုံးကာ ရာကျော် ဒဏ်ရာ ရ
နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက် ဘက်မှာ ရှိတဲ့ ဒုက္ခသည် စခန်း တစ်ခုကို အစိုးရ စစ်တပ်က မှားယွင်းပြီး ဗုံးကြဲ မိခဲ့တဲ့ အတွက် အရပ်သား အများအပြား သေဆုံး သွားပါတယ်။

နိုင်ဂျီးရီးယား နဲ့ ကင်မရွန်း နယ်စပ်အနီး၊ Rann ဆိုတဲ့ ဒေသမှာ ရှိတဲ့ ဒုက္ခသည် စခန်း လေကြောင်း အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်ပြီး လူ ၅၂ ယောက် သေဆုံးကာ ရာကျော် ဒဏ်ရာ ရသွားကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။

သေဆုံး သူတွေထဲ ကြက်ခြေနီ အဖွဲ့ကလို ဒုက္ခသည်တွေကို ကူညီနေတဲ့ သူတွေလည်း ပါဝင် နေပါတယ်။

နိုင်ဂျီးရီးယား စစ်တပ်ဟာ အခင်းဖြစ်ရာ ဒေသထဲ အစ္စလာမ်မစ် လက်နက်ကိုင် ဘိုကိုဟာရမ် အဖွဲ့ကို တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

အခုလို ဒုက္ခသည် စခန်းက သူတွေ သေဆုံး ကုန်တဲ့ အတွက် အင်မတန် စိတ်မကောင်း ဖြစ်ရတယ် ဆိုပြီး နိုင်ဂျီးရီးယား သမ္မတ မိုဟာမက်ဒူ ဘူဟာရီက ဝမ်းနည်းကြောင်း သဝဏ်လွှာ ရေးသား ပေးပို့ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရန်ကုန် ဇန်နဝါရီ ၁၇

ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ ပြောင်းလဲပြေးဆွဲလိုက်သည့် ဘတ်စ်ကားစနစ်သစ်ကြောင့် အဆင်ပြေမှုများရှိသလို အဆင်မပြေအခက်ကြုံရသည့် ခရီးသွားပြည်သူများစွာတို့ ရှိခဲ့သည် ။ ပထမဦးဆုံးနေ့ စတင်အပြောင်းအလဲတွင် ရန်ကုန်မြို့၌ စာရင်းရှိ ဘတ်စ်ကားစီးရေထက် အတော်လျော့နည်းကာ ပြေးဆွဲခဲ့ သည့်အတွက်ကြောင့်လည်း ခရီးသည်နှင့်ယာဉ်အစီးရေ မမျှမတဖြစ်ကာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းပိုင် မော်တော်ယာဉ်များ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းပိုင်ယာဉ်များက အခမဲ့လိုက်လံ ပို့ဆောင်မှုများရှိခဲ့သော်လည်း ညပိုင်းအချိန်အထိ အိမ်ပြန် ချိန်များစွာ ခက်ခဲခဲ့သည်ကို သိရှိရသည်။
ဘတ်စ်ကားစနစ် မပြောင်းလဲမီကပင် မြို့နေလူထု၏ အဓိကအခက်အခဲမှာ နေ့စဉ်ဘတ်စ်ကားစီးရသည့် ဒုက္ခများဖြစ်သည့်အပြင် နံနက်ရုံးတက်ချိန်နှင့် ညနေရုံးဆင်းချိန်များသည် မှတ်တိုင်များ၌ ခရီးသည်များစုပြုံနေတတ်လေ့ရှိပြီး ယာဉ်အစီးရေနှင့်ခရီးသည် မလုံလောက်မှုမှာ ယခင် ကတည်းကပင် ဖြစ်သည်ဟု သိရသည်။ အလားတူ ယာဉ် လုပ်သားများ၏ ပြစ်တင်ဝေဖန်မှု၊ ဆဲဆိုကြိမ်းမောင်းမှု များကြားတွင် လိုရာခရီးကိုရောက်ရှိဖို့ရာ စိတ်ရှည်သည်းခံကာ စီးနင်းလာခဲ့ကြသည်မှာလည်း ကြာပြီပင်ဖြစ်သောကြောင့် ဘတ်စ်ကားစနစ်သစ် အပြောင်းအလဲတွင် ဝေဖန်မှုများရှိသော်လည်း နေ့စဉ်ဘတ်စ်ကားစီးခရီးသည်များကမူ အဆင်မပြေမှုများကို နားလည်မှုပေးကာ ပူးပေါင်းဆောင်ရွက်ပေးကြသည်ဟု သိရသည်။

ဘတ်စ်ကားစနစ်သစ်စတင်မှု၏ ဒုတိယနေ့တွင်မူ ပထမနေ့လောက် အခက်အခဲမကြုံတွေ့ရသော်လည်း လိုအပ်ချက်များက ရှိနေဆဲဖြစ်သည်ဟု သိရသည်။ ဒုတိယ နေ့တွင် ကားအရေအတွက် တိုးမြှင့်ပြေးဆွဲလာမှုကြောင့် ယခင်နေ့ကထက် ပိုမိုအဆင်ပြေလာသည်ဟု ခရီးသွားများ၏ ပြောကြားချက်အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများကလည်း စနစ်သစ်ပြောင်းလဲမှုတွင် အချိန် အနည်းငယ်ယူရမည်ဖြစ်ပြီး ယင်းမှာ ရေရှည်ကောင်းမွန်သော ဘတ်စ်ကားစနစ်အတွက် ခြေလှမ်းအစပင်ဖြစ်သည်ဟု အသိပေးပြောကြားထားသည်။


''ဘတ်စ်ကားစနစ် အပြောင်းအလဲက လိုင်းအသစ်၊ လမ်းကြောင်းအသစ်၊ စီမံအုပ်ချုပ်မှုပုံစံအသစ်ကို ဆောင်ရွက်တာပါ။ ကားဟောင်းတွေ အားလုံးရပ်ပြီး ကားသစ်တွေနဲ့ အစားထိုးပြေးဆွဲတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကားအသစ် တွေနဲ့ နောက်ပိုင်းမှာလည်း ကတ်စနစ်နဲ့ ငွေပေးတဲ့စနစ်ကို အဆင့်ဆင့်ပြောင်းလဲသွားမှာပါ။ လက်ရှိမှာ ကားဟောင်း ပိုင်ရှင်တွေလည်း မနစ်နာရအောင်၊ ကြံ့ခိုင်မှုလည်း ကောင်းသေးတဲ့ ကားတွေကို ဆက်လက်ပြေးဆွဲခွင့်ပြုတာဖြစ်ပါတယ်။ လိုင်းတွေ ထပ်နေတာ၊ တူနေတာတွေကို စနစ်တကျနဲ့ လမ်းကြောင်းသတ်မှတ်ပြီး ပြေးဆွဲစေတာပါ။ စနစ် တစ်ခုအပြောင်းအလဲမှာ အခက်အခဲတွေ အများကြီးကြုံရ မှာဖြစ်တဲ့အတွက် ဒါတွေကို အများပြည်သူနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားရမှာပါ။ သယ်ယူပို့ဆောင်ရေးအာဏာ ပိုင်အဖွဲ့ စတင်ဖွဲ့စည်းကတည်းက အဓိကထားလုပ်ဆောင်မှာက ဘတ်စ်ကားစနစ်ပြုပြင်ပြောင်းလဲရေးပါ''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ဘတ်စ်ကားအရေ အတွက်သည် စာရင်းရှိ ၆ဝဝဝ ကျော်ခန့်ဖြစ်သော်လည်း နေ့စဉ် ပုံမှန်ပြေးဆွဲနေသည့် ယာဉ်အစီးရေသည် ပျမ်းမျှ အားဖြင့် ၄ဝဝဝ ကျော်ခန့်သာရှိသည်ဟု သိရသည်။ နေ့စဉ် နှင့်အမျှ မြို့ပြတွင် လှုပ်ရှားသွားလာနေသည့် လူဦးရေမှာ မြို့နေလူဦးရေ၏ထက်ဝက်ခန့် ၂ ဒသမ ၅ သန်းကျော် ခန့်ဖြစ်ပြီး စာရင်းရှိ ဘတ်စ်ကားစီးရေနှင့်လုံလောက်မျှတစွာ သယ်ယူပို့ဆောင်ပေးနိုင်ခြင်းမှာ ယခင်ကတည်းက မရှိခဲ့ကြောင်း သိရသည်။ မြို့နေလူဦးရေ၏ ၈၅ ရာခိုင်နှုန်း ကျော်မှာ ဘတ်စ်ကားများကိုသာ အားထားစီးနင်းနေရပြီး အခြားသော ပို့ဆောင်ရေးများကို စီးနင်းနေသူများ ရာခိုင်နှုန်းအားဖြင့် အင်မတန်နည်းပါးလျက်ရှိသည်။ ယင်းကြောင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ရွှေ့ပြောင်း အခြေချနေထိုင်သူများ၊ ထပ်မံတိုးပွားလာမည့် လူဦးရေ နှင့်အညီ လုံလောက်မျှတသော သယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်ရန် မဖြစ်မနေ လုပ်ဆောင်ရတော့မည်ဖြစ်ပြီး မြို့ပတ်ရထားကဲ့သို့သော အခြားသယ်ယူပို့ဆောင်ရေး စနစ်များကိုလည်း အဆင့်မြှင့်တင်ရန် မဖြစ်မနေ လိုအပ်လာပြီဟု ပညာရှင်များက ဝေဖန်အကြံပြုထားကြသည်။ ယခင်က အဆင်ပြေသလို ဖြေရှင်းကာ ပြေးဆွဲခဲ့သည့် ယာဉ်လမ်းကြောင်းများ၊ တစ်ဦးတစ်ယောက်ချင်းပိုင် ယာဉ်များကို စုစည်းကွပ်ကဲအုပ်ချုပ်နေသည့် စီမံမှုပုံစံများ၊ လမ်းကြောင်းတူ လမ်းကြောင်းထပ်နေသည့် ယာဉ်လိုင်းများ၊ ပြိုင်မောင်းလုမောင်း၊ ဝင်ငွေအပြိုင်အဆိုင် ရှာဖွေနေသော ပုံစံမှ စနစ်တကျ လမ်းကြောင်းများသတ်မှတ်ကာ ပြည်သူကို ဝန်ဆောင်မှုပေးနိုင်မည့် ဘတ်စ်ကားစနစ်သစ် ကို ပြောင်းလဲနိုင်ရန် စတင်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ထံမှ သိရသည်။


ယင်းသို့ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဘတ်စ်ကားစနစ်ဟောင်း တော်လှန်ရေး၊ စနစ်သစ် စတင်နိုင်ရေးတွင် အများပြည်သူ၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျပြီး ယာဉ်ပိုင်ရှင်များ၊ ယာဉ်လုပ်သားများ၏ ပါဝင်မှုသည်လည်း အရေးကြီးကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

'' စနစ်အဟောင်းကနေ စနစ်သစ်ပြောင်းတော့ အခက်အခဲတွေက အများကြီးပါပဲ။ အရင်ကလည်း ဒီလိုပဲ စနစ်တစ်ခုပြောင်းတိုင်း အခက်အခဲတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ရေရှည်ကောင်းအောင် မလုပ်နိုင်ဘဲ အဖျားရှူး သွားပြီး ဒုံရင်းဒုံရင်း ပြန်ဖြစ်သွားတယ်။ ဒီတစ်ကြိမ်ကတော့ ပြည်သူ့ဆန္ဒနဲ့ရွေးထားတဲ့ အစိုးရလည်းဖြစ်တယ်။ အပြောင်းအလဲကိုပြည်သူကလည်း ကြိုဆိုတယ်။ အရင် ဘတ်စ်ကားစနစ်ကို ပြည်သူက လုံးဝကို မလိုချင်တော့ဘူး။ မလိုလားတော့ဘူး။ ဒါကြောင့် မဖြစ်မနေ ပြောင်းကို ပြောင်းရ တော့မယ်။ ရေရှည်ကောင်းတဲ့စနစ် ဖြစ်/မဖြစ်ကိုတော့ စောင့်ကြည့်ရမယ်။ အဓိကက ပြည်သူတွေရဲ့ ပါဝင်မှုပဲ။ တကယ် ဘတ်စ်ကားကို စီးနေသူတွေက အဆင်မပြေ တာတွေကို ညည်းတွားကြပေမယ့် ဒီအပြောင်းအလဲကို လက်ခံတာ တွေ့ရတယ်။ ဒါအောင်မြင်နိုင်ပါတယ်။ ဘတ်စ်ကားပိုင်ရှင်တွေအနေနဲ့ကလည်း အရင်က ကားကို ဒီအတိုင်း ယာဉ်မောင်း၊ စပယ်ယာကို ပေးထားရတာ။ တစ်နေ့ ဘယ်လောက်နှုန်းအပ်ဆိုပြီး ပေးထားရပေမယ့် ယာဉ်မောင်း၊ စပယ်ယာကလည်း အုံနာကြေးကိုက်အောင်၊ နေ့တွက်ကိုက်အောင် ကားကိုခိုင်းမှာပဲ။ အပြိုင် လုမောင်း၊ ခရီးသည် လုရှာရမှာပဲ။ အခု စနစ်အပြောင်းအလဲမှာ စိတ်အေးချမ်းသာစွာနဲ့ မောင်းရပြီးတော့ ပုံမှန်ဝင်ငွေတစ်ခု ရနိုင်တယ်။ မရှုံးဘူးဆိုရင် ကုသိုလ်လည်းရ ဝမ်းလည်းဝနိုင် တဲ့အလုပ်တစ်ခုပါ''ဟု ရန်ကုန်မြို့ခံ ဦးစိန်လှိုင်က ပြောသည်။


ရန်ကုန်မြို့၏ မြို့ပြသယ်ယူပို့ဆောင်ရေးတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ဘတ်စ်ကားကို အားထားခဲ့ကြပြီး ခေတ်အဆက်ဆက် ကောင်းမွန်သော သယ်ယူပို့ဆောင် ရေးစနစ်ကို အဆင့်မြှင့်တင် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။ ဗန်ကောက်၊ စင်ကာပူ စသော မြို့ကြီးများတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များကို ခေတ်နှင့် အညီ ပြုပြင်ပြောင်းလဲသွားခဲ့သော်လည်း ရန်ကုန်မြို့တွင်မူ ယနေ့ထက်တိုင် ပြောင်းလဲနိုင်ခြင်းမရှိသေးဘဲ ဘတ်စ်ကား များကိုသာ အားထားစီးနင်းနေရဆဲပင်ဖြစ်သည်။

''အဘတို့ ငယ်ငယ်တုန်းက ရန်ကုန်မှာ လိုင်းကားတွေက တံဆိပ်တွေနဲ့ပြေးဆွဲကြတာ။ ဥပမာ ရွက်လှေ တံဆိပ်နဲ့ ဘတ်စ်ကားဆိုရင် ရန်ကုန်ဆိပ်ကမ်းကို ရောက်တယ်။ လေယာဉ်ပျံတံဆိပ်ဆိုရင် လေယာဉ်ကွင်း ပေါ့။ မေးနေစရာမလိုဘူး။ တက်စီးသွားရုံပဲ။ နောက်တော့ နံပါတ်တွေနဲ့ဖြစ်သွားတယ်။ နံပါတ်တွေတိုးလာတာရှိသလို တချို့ပျောက်တဲ့နံပါတ်တွေ ပျောက်သွားတယ်။ နောက် တစ်ခါ ယောက်ျားသက်သက်၊ မိန်းမသက်သက် စီးရတဲ့ ကားတွေ၊ နှစ်စီးတွဲ ယာဉ်တွေဆိုတာ ဖြစ်လာပြန်ရော၊ အဲဒါ ဆိုရှယ်လစ်ခေတ်ပေါ့။ နောက်တော့ အဲဒါတွေပျောက်သွားပြီး နဝတခေတ်ဦး ၁၉၉ဝ ဝန်းကျင်မှာ ကိုရီးယားက ကားကြီးတွေ ရောက်လာပြီး မြို့ပတ်ယာဉ်ဆိုတာ ပေါ်လာတယ်။ အဲဒါလည်း ပျောက်သွားပြန်ပြီ။ ဒီဘက်ခေတ်ကလေးတွေ တော်တော်များများ မီကြမယ်ထင်တယ်။ အဲကွန်းဘတ်စ် ဆိုတာတွေ၊ အဲဒါလည်း ပိုက်ဆံတောင်းကောင်းအောင် လုပ်တာပဲထင်တယ်။ မအောင်မြင်ပြန်ဘူး။ နောက်တော့ အထူးကားတဲ့။ ဒါလည်း ထူးမခြားနားဘဲဖြစ်သွားတယ်။ ဆိုလိုချင်တာကတော့ လုပ်တော့လုပ်နေတာပဲ။ အနှောင်း မသေချာတော့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်ခဲ့တာ''ဟု တရား လွှတ်တော် ရှေ့နေကြီး ဦးအေးချိုက ခေတ်အဆက်ဆက် ရန်ကုန်မြို့ပြ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးစနစ်၏အဆင့်ဆင့် အပြောင်းအလဲများကို ပြောသည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစကာလတွင် ရန်ကုန်မြို့နေ လူဦးရေသည် ခြောက်သိန်းခန့် ရှိလာသည်ဟု သိရပြီး နေ့စဉ်နှင့်အမျှ သွားလာမှုများအတွက် စစ်ကျန် ဘတ်စ်ကားများဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည် ဟု သိရသည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မြို့ပြလူဦးရေမှာ ၁ ဒသမ ၅ သန်းသို့ ရောက်ရှိလာပြီဟု သိရပြီး သာကေတ၊ သုဝဏ္ဏ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ စသည့် မြို့သစ်များ တိုးချဲ့ခဲ့ခြင်းနှင့်အတူ မြို့ပြသယ်ယူပို့ဆောင်ရေးနှင့် သွားလာရေးတို့တွင် လိုအပ်ချက်များ၊ အခက် အခဲများ ရှိလာခဲ့သည်ဟု သိရသည်။ ထိုကာလများတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ပုဂ္ဂလိက ယာဉ်ပိုင်ရှင် တွေကသာ ဦးစီးလုပ်ကိုင်ခဲ့ကြပြီး ယုန်၊ ကြံ့၊ ပုစွန်၊ ရွက်လှေ၊ လေယာဉ်ပျံ စသည့် အရုပ်တံဆိပ်များဖြင့် ခွဲခြား သတ်မှတ်ပြေးဆွဲခဲ့ရာမှတစ်ဆင့် နံပါတ်များကို ပြောင်းလဲ သတ်မှတ်ခဲ့ကြပြန်ရာ ၁၉၆၂ ခုနှစ်တွင် ခရီးသည် သယ်ယူ ပို့ဆောင်ရေးအတွက် ယာဉ်လိုင်းအမှတ် ၁ မှ ၁၆ အထိ၊ ယာဉ်အစီးရေ ၁၅ဝဝ ခန့်ဖြင့် မြို့ပြသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ ထိုကာလ သယ်ယူ ပို့ဆောင်ရေးယာဉ်များမှာ စစ်ကျန် ဘတ်စ်ကားများဖြစ်သည့် ချက်ပလက်၊ ဖို့ဒ်၊ ဂျီအမ်စီ၊ ဒေါ့ဂ်ျ ယာဉ်များဖြစ်သည် ဟု သိရသည်။

ယင်းသို့ဖြင့် ၁၉၇၄ ခုနှစ်တွင် ကုန်းလမ်းပို့ဆောင် ရေးအဖွဲ့၏ ခရီးသည်တင်ယာဉ်အစီး ၃၆ဝ၊ မထသ ခရီးသည်တင် ယာဉ်အစီး ၃၇၆ စီးတို့ဖြင့် ရန်ကုန်မြို့ ခရီး သည်ပို့ဆောင်ရေးကိုဆောင်ရွက်ခဲ့သည်။ ထိုကာလအထိ စစ်ကျန်ဘတ်စ်ကားများသာ အားထားနေရဆဲပင်ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြို့နယ်များ၊ ရွှေ ပေါက်ကံ၊ ပုလဲမြို့သစ်၊ ပတ္တမြား မြို့သစ်စသည့် မြို့သစ်များကို တိုးချဲ့တည်ဆောက်လာရာတွင် လူဦးရေသည်လည်း ပိုမို ထူထပ်များပြားလာရာ ယခင် က သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် လုံလောက်မှုမရှိ တော့ဘဲ ယာဉ်လိုအပ်ချက်များရှိလာခဲ့သည်ဟု သိရပြီး စစ်ကျန်ဘတ်စ်များအပြင် ဘီအမ်ဟီးနိုးများ၊ ကေအမ်ဟီးနိုး (ရိန်းဂျား)များ၊ ကုန်တင်ယာဉ် အငယ်စားများဖြစ်သည့် ဒိုင်နာ၊ ဟိုင်းလပ် ယာဉ်များဖြင့်ပါ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်လာခဲ့ကြရသည်။ အများပြည်သူ ဝန်ဆောင်မှုပေးသည့် သယ်ယူပို့ဆောင်ရေးစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ လိုအပ်ချက် အပေါ် လိုအပ်သလို ရေတိုနည်းလမ်းဖြင့်သာ ဖြေရှင်းခဲ့ကြ သောကြောင့် မြို့ပြသယ်ယူပို့ဆောင်ရေးသည် ဝန်ဆောင်မှု အသွင်ဖြစ်ပေါ်မလာဘဲ ဝင်ငွေရရှိရန် စီးပွားရှာဖွေသည့် နည်းလမ်းတစ်ခုဖြစ်လာခဲ့သည်ဟု မြို့ပြရေးရာကျွမ်းကျင်သူ သုတေသီများက ဝေဖန်သုံးသပ်ကြသည်။

''တစ်ချိန်က ရန်ကုန်လူဦးရေ နည်းသေးတာရယ်၊ ကားတွေ နည်းသေးတာရယ် အဆင်ပြေပေမယ့် ရန်ကုန်ကို ရွှေ့ပြောင်း အခြေချလာသူတွေ များလာတာရယ်၊ မြို့ပြ ဖွံ့ဖြိုးမှုနဲ့ မြို့ပြဧရိယာချဲ့ထွင်လာမှုတွေက သယ်ယူ ပို့ဆောင်ရေးမှာ လိုအပ်ချက်တွေ ရှိလာတယ်။ မြို့ပတ် ရထားဆိုတာကလည်း အင်္ဂလိပ်က စနစ်တကျဖော်ဆောင် ခဲ့ပေမယ့် နောက်ပိုင်း မြို့ပြချဲ့ထွင်လာမှုမှာကြတော့ မြို့ပြ ဧရိယာအနှံ့ လွှမ်းခြုံမရောက်ရှိဘူး။ မြို့ပတ်ရထား လမ်းကြောင်းတွေဟာ တချို့လူနေရပ်ကွက်တွေ၊ အိမ်တွေ ရဲ့ နောက်ဖေးလမ်းကြားတွေ၊ အမြင်မတော်တာတွေ ဖြစ်ကုန်ရော။ ဘတ်စ်ကားလိုင်းတွေကိုလည်း သက်ဆိုင်ရာ က တာဝန်ယူဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ တစ်ဦး တစ်ယောက်ချင်းပိုင် ယာဉ်ပိုင်ရှင်တွေကို စုစည်းပြီး ပြေးဆွဲလာတာဆိုတော့ ဝင်ငွေရတဲ့ လမ်းပိုင်းကို ပြေးဆွဲ ချင်တဲ့သူတွေနဲ့ လိုင်းတွေများ၊ ကားလမ်းကြောင်းတွေထပ်ပြီး လမ်းကြောင်းရှုပ်ထွေးလာတယ်။ အဲလိုကနေ ယနေ့ ပြုပြင်ဖို့ တော်တော်ခက်သွားတဲ့ မြို့ပြပို့ဆောင်ရေး အခြေအနေတွေ ဖြစ်လာတာပဲ။ ဒါတွေကို စနစ်တကျနဲ့ ရေရှည်စီမံကိန်းနဲ့ဆောင်ရွက်ဖို့ဆိုတာမှာ အများပြည်သူရဲ့ စည်းကမ်းတကျ ပူးပေါင်းပါဝင်မှုလည်း လိုအပ်တယ်''ဟု ရန်ကုန်မြို့ပြပို့ဆောင်ရေးဆိုင်ရာ သုတေသနစာတမ်းပြုစု ခဲ့သူတစ်ဦးက သုံးသပ်သည်။

ရန်ကုန်မြို့ပြပို့ဆောင်ရေးတွင် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းမှစတင်၍ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတွင် အသုံးပြုပြီးသော တစ်ပတ်ရစ်စီးတီးဘတ်စ်များကို တင်သွင်းလာခဲ့ပြီး အသုံးပြုလာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ နစ်ဆန်း၊ ဟီးနိုး၊ ဖူဆို၊ အီဆူဇူး၊ ဟွန်ဒိုင်း၊ ဒေဝူး စသည်ဖြင့် နှစ်အလိုက် ယာဉ်များကို တင်သွင်းခဲ့ကြသလို ဒိုင်နာ၊ ဟိုင်းလပ်၊ စစ်ကျန်ဘတ်စ်များကိုလည်း အားထားနေရ ဆဲပင်ဖြစ်သည်။ ယင်းနောက် စစ်ကျန်ဘတ်စ်၊ ဒိုင်နာ၊ ဟိုင်းလပ်ယာဉ်များကို မြို့ပြအင်္ဂါရပ်နှင့် မညီညွတ်တော့၊ ပြေးဆွဲရန် မသင့်တော့ဟုဆိုကာ ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ယာဉ်ကြီးများ၊ မီနီဘတ်စ်များနှင့် အစားထိုး ပြေးဆွဲစေ ခဲ့ပြန်သည်။ အဲကွန်းဘတ်စ်၊ အထူးကားဟူ၍ အမည်အမျိုးမျိုးတပ် ပြေးဆွဲခဲ့ကြသော်လည်း ယနေ့အချိန်အထိ ခရီးသည်လိုအပ်ချက်နှင့်အညီ ပြည့်မီအောင် ပြေးဆွဲပေး နိုင်ခြင်းမရှိသေးသလို၊ အများပြည်သူကို ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဘေးကင်းလုံခြုံမှုရှိသော သွားလာရေး စနစ်များ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဟု မြို့ပြ ရေးရာကျွမ်းကျင်သူများက သုံးသပ်သည်။

ယင်းသို့ အဆင့်ဆင့်ကြုံတွေ့ခဲ့ရသည့် မြို့ပြပို့ဆောင်ရေးတွင် ပြုပြင်ရန်ခက်ခဲသော အခြေအနေမှ ယနေ့တွင် မ.ထ.သ အဖွဲ့အစည်းကို ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြီးကြပ်ကွပ်ကဲ၍ ဘတ်စ်ကားပြေးဆွဲမှု စနစ်သစ်ကို စတင်လိုက်ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ အရိုးစွဲခဲ့သည့်စနစ်ဟောင်း တော်လှန်ရေးသည် အချိန်ကာလ မည်မျှကြာမြင့်မည်ကို မသိရှိသေးသော်လည်း ရန်ကုန်မြို့နေလူထုအနေဖြင့် ယခင်က ပြည်သူလူထုကို ဗဟိုမပြုသောစနစ်ကို မကြိုက်နှစ်သက်သောကြောင့် ယခု အပြောင်းအလဲကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဖြေကြားကြသည်။ ယင်းသို့ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် ကောင်းမွန်သောအပြောင်းအလဲများ သို့ ဦးတည်ရာတွင် အဓိကကျသောကြောင့် အစိုးရအနေဖြင့် ယင်းကို အခွင့်ကောင်းယူကာ စနစ်တကျဆောင်ရွက် သွားနိုင်ရန်လိုအပ်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူများ က ဇန်နဝါရီ ၁၆ ရက်တွင် ကြုံတွေ့ခဲ့ရသည့် ရန်ကုန်မြို့၏ ဘတ်စ်ကားစနစ်သစ် အပြောင်းအလဲနှင့် အတွေ့အကြုံများ အပေါ် သုံးသပ်ပြောကြားလျက်ရှိသည်။

(ဆုနှင်းလဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/



လယ်ယာထွန်ယက်စိုက်ပျိုးနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

    မြန်မာ့လယ်ယာကဏ္ဍတစ်ခုလုံးကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍမှ စံပြအဖြစ် ဦးဆောင်သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်(U.M.F.C.C.I) ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ကြောင်း (U.M.F.C.C.I) မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဖက်ဖက်သောအဖွဲ့အစည်းများမှ သီးခြားစီ လုပ်ဆောင်နေသည့်အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ ပေါင်းစပ်ကာ စီမံချက် ရေးဆွဲပြီး တိုင်းဒေသကြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံအဝန်းရှိ လယ်ယာများ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်သည့် လယ်မြေဧက ၂၅ သိန်းကျော်ရှိနေသော်လည်း အဆိုပါဧရိယာ၏ ထက်ဝက်ခန့်တွင်သာ စိုက်ပျိုးလုပ်ကိုင်နေကြောင်း၊ ဒေသတွင်းရှိ ဆည်ကြီး ၉ ဆည်မှ ရေပေးဝေမှုအားနည်းနေခြင်းကြောင့် မိုးရေကိုသာ အားထားနေရကြောင်း တိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းကပြောသည်။

တိုင်းဒေသကြီးအတွင်း အဓိကစိုက်ပျိုးနေသည့် ဆန်စပါးနှင့် ပဲ လုပ်ငန်းစက်ဝန်း (Supply Chain) တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဓိကအားဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းပိုင်း၊ ကြိတ်ခွဲထုတ်ပိုးမှုလုပ်ငန်းပိုင်းနှင့် သယ်ယူပို့ဆောင်မှုလုပ်ငန်းပိုင်းများမှာပါ ငွေကြေးထောက်ပံ့မှု၊ ဈေးကွက်ချိတ်ဆက်မှုအပြင် နည်းပညာနှင့် ခေတ်မီစက်ကိရိယာများ ရရှိနိုင်ရေး စိန်ခေါ်ချက်များအား ယခုဆွေးနွေးပွဲတွင် အလေးပေးဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် စက်မှုလယ်ယာစနစ်၊ ကန်ထရိုက်လယ်ယာစနစ် စနစ်တကျဖြစ်ထွန်းလာစေရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေး (Land reform) အတွက် ဦးစားပေး ဆွေးနွေးခဲ့ကြပြီး စားနပ်ရိက္ခာနှင့် အာဟာရ လုံခြုံရေး၊ Food Park များ၊ Agriculture service center များ၊ Wholesale center များ တည်ထောင်နိုင်ရေးနှင့် ပတ်သက်၍ အဓိကအားဖြင့် အကြံပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်၌ ဇန်နဝါရီလ ၁၇ နှင့် ၁၈ နှစ်ရက်ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

(Xinhua)
http://xinhuamyanmar.com


ဇန်န၀ါရီလ ၁၈

ဖားကန့်မြို့ နယ် နမ့်မဖြစ်ကျေးရွာ အလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြ ကျောင်းဆရာဦးအောင်ဇင်ထွန်း(အသက် ၂၇ ၊ အဘ ဦး​ကျော်​ရှိန်​)  ယနေ့ နံနက်ပိုင်းက ဂျာလန်လမ်းခွဲတွင် သတ်ဖြတ်ခံခဲ့ရကြောင်း ပညာရေးဝန်ထမ်း တစ်ဦးကပြောသည်။

" ၈ နာရီ ၄၅ မိနစ်လောက်မှာ ဆရာနဲ့တွေ့ချင်တယ်လို့လာပြောတယ်။ ဆရာက အိပ်ရာမထသေးဘူးထင်တယ်ကောလို့ ကျမတို့တွေကပြောတယ်။ ဆရာကိုလည်း မထွက်ခဲ့လို့ဆိုပြီးတော့ သွားပြောတယ်။ ခဏလေးပဲ ကျွန်တော်တို့ ကိုယ်တိုင်လာပြန်ပို့ပါမယ်ဆိုပြီးတော့မှ ခေါ်သွားတာ။ ကျမတို့တွေကလည်း အုပ်ချုပ်ရေးမှုးတွေကို ဖုန်းဆက်တယ်။ အုပ်ချုပ်ရေးတွေရောက်ခဲ့ပြီးမှ ကျောင်းကော်မတီတွေနဲ့ လိုက်သွားတာကိုမှ အုပ်ချုပ်ရေးမှုးတို့က ကားနဲ့လိုက်သွားတယ်။ သူတို့က ဆိုင်ကယ်နဲ့ဆရာကို တင်သွားတာ။ အဲမှာတင်မျက်ခြေပျက်ပြီးတော့ တစ်ခါတည်း သတ်လိုက်တာ။ " ဟု ၄င်းကဆက်လက်ပြော ကြားသည်။

ယနေ့နံနက်ပိုင်း ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ယနေ့နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် အမည်မသိ အရပ်သားဝတ်လက်နက်ကိုင်နှစ်ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ပြီး လမ်းခွဲတစ်နေရာတွင် သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် ကျောင်းဆရာ၏ ရုပ်အလောင်းကို မြင်တွေ့ခဲ့ရကြောင်း ၄င်း၏ပြောကြားချက်အရသိရသည်။

ကျောင်းဆရာသည် သတ်ခံရမှုမတိုင်ခင် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်နေ့ ၁၀ ရက်နေ့၌ပျက်ကွက်သည့်ကျောင်းသားများကို ဆုံးမခဲ့ကာ ကျောင်းသားမိဘများ မကြေနပ်သောကြောင့် ကချင်အဖွဲ့အစည်းများ တိုင်တန်းမှုများပြုခဲ့ကြောင်း ၊ ထိုတိုင်တန်းမှုကိုလည်း ကျောင်းဆရာအပါအ၀င် ကျောင်းတာဝန်ရှိသူများက ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဖြေရှင်းခဲ့ကြသည်။
" လူ့အခွင့်အရေးချိုးဖောက်မှုကိုလည်းပဲ ဆက်တင်သွားမယ်။ အရင်အဆက်ဆက်ကဖြစ်ပျက်ခဲ့တဲ့ဟာတွေရောပေါ့။ တရားဥပဒေစိုးမိုးရေးကိုတော့ ကျွန်တော်တို့ကနေပြီးတော့မှ ဘယ်လိုလုပ်ရမလည်းဆိုတာကိုတော့ ဖားကန့်လမ်းကို စစ်အုပ်ချုပ်ရေးကာလတစ်ရပ်အဖြစ်သတ်မှတ်ပြီးတော့မှ မြို့ဝင်မြို့ထွက်တွေမှာ မသင်ကာရင်မသင်ကာသလို ရှာဖွေသွားစေချင်တာပေါ့။ အခုဟာက လက်တိုတွေဟာ မြို့ထဲမှာ တော်တော်များများရောက်ထားတဲ့သဘောမျိုးရှိတယ်ဗျ။ " ဟု ရှမ်းမျိုးနွယ်စုရေးရာမှ(SEA) ဥက္ကဌက ပြောကြားသည်။

ဇန်န၀ါရီလ ၁၇ ရက်နေ့တွင်လည်း နမ့်ဆန်ခါကျေးရွာ ရှမ်းနီပါတီဝင် ကိုမောင်တိုးသည် နေအိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

The Voice of Shan-Ni


မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးမှူး Ms. Yanghee Lee ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

အင်္ဂါနေ့တုန်းကတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ Ms. Yanghee Lee တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေအပြင်၊ သတင်းမီဒီယာကောင်စီနဲ့ ရှေ့နေအဖွဲ့အစည်းကတာဝန်ရှိသူတွေနဲ့ ၃ နာရီကြာတွေ့ဆုံစဉ်မှာ အကြောင်းအရာ ၆ ခုကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။

လူ့အခွင့်အရေးအခြေအနေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် ပြင်ဆင်ပြောင်းလဲနေတဲ့ အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေး၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ အမျိုးသမီး၊ ကလေးငယ်နဲ့ လူနည်းစုတွေရဲ့အကြောင်းစတဲ့ကိစ္စတွေမှာ ဘယ်လိုတိုးတက်မှုတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ အရေးကြီးသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာလည်း လူ့အခွင့်အရေးနဲ့ပါတ်သက်ပြီး ဂရုစိုက်လုပ်ဖို့လိုတဲ့အကြောင်း Ms. Yanghee Lee ကပြောခဲ့တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းရေးမှူးရဲ့ ၅ ကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်အတွင်း ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထဲမှာ လုံခြုံရေးအခြေအနေကြောင့် တချို့နေရာတွေဆီ သွားခွင့်မရခဲ့ပါဘူး။

ဒါပေမဲ့ အင်းစိန်ထောင်၊ ဘူးသီးတောင်ထောင် ၊ စစ်တွေထောင်နဲ့ ဇင်းကျိုက်အလုပ်ကြမ်းစခန်းတို့ဆီ သွားရောက်လေ့လာနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း သူမြင်တွေ့ခဲ့တာတွေကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးမှူး Ms. Yanghee Lee က ဇန်နဝါရီလ ၂၀ ရက်နေ့ မြန်မာနိုင်ငံက မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


၁၈-၁-၂၀၁၇

ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေတဲ့ Pferier Zdenek ချက် နိုင်ငံသား (Czech Rebublic) အသက် ၅၂ နှစ်ကို ၁၇ -၁-၂၀၁၇ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ ပူးကက် အပန်းဖြေစခန်း မှာ တာဝန်သိပြည်သူတစ်ဦးရဲ့  သတင်းပေးမှုကြောင့် သူနေထိုင်နေတဲ့ တိုက်ခန်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့  သိရပါ တယ်။

တရားခံဟာ သူ့ မှာရှိတဲ့ HIV ပိုးကို ရောဂါရှိနေတာကို ဖုန်းကွယ်ထားပြီး တခြားသူတွေကို ကူးဆက်ပြန့် ပွားအောင် အတူနေတဲ့သူတွေကို ကွန်ဒုံ မသုံးဘဲ ကာမဆက်ဆံနေပြီး ရောဂါကူးဆက်သွားအောင် လုပ်နေတဲ့သူဖြစ် ပါ တယ်။

သူနဲ့ အိပ်ခဲ့ အတူနေခဲ့တဲ့ လိင်တူ ဆက်ဆံ နေသူတွေနဲ့ အမျိုးသမီးတွေ ပါ HIV ရောဂါကူးဆက်သွားခဲ့ပါတယ်။


သူနေထိုင်နေတဲ့ချက်နိုင်ငံ (Czech Rebublic) ကနေ ခလေးနဲ့ လိင်ဆက် ဆံမှူ HIV ရောဂါကို တခြားသူတွေ ကူးဆက်အောင် လုပ်ဆောင်နေ တဲ့အမှုတွေ နဲ့  ထွက်ပြေးခဲ့ပြီး နိုင်ငံပေါင်းစုံကို လှည့်ပါတ်သွားလာနေခဲ့ပါတယ်။

တရားခံကတော့ ထိုင်းနိုင်ငံကို ၀င်ရောက်တာ ကာလ (လေးနှစ်) အတွင်းမှာ လိင်တူဆက်ဆံခဲ့တာများကြောင်း ၀န်ခံခဲ့ပါတယ်၊ လက်ရှိအချိန်အထိ တရားဝင် အစစ်ခံခဲ့သူ ကျားမ (၁၀)ဦးမှာ HIV ပိုးကူးဆက်နေတာ တွေ့ ရတယ်လို့  ထိုင်းသတင်းတွေမှာ ရေးသားဖေါ်ပြနေပါတယ်။

Photo Nation
Social Action for Women - SAW



ဝီကီလိခ် ဝက်ဘ်ဆိုက်ကို အရေးကြီး စာရွက်တွေ လက်ဆင့် ကမ်းခဲ့သူ။
အမေရိကန် ပြည်ထောင်စုမှာ ထိပ်တန်း လျှို့ဝှက် စာရွက် စာတမ်းတွေ ပေါက်ကြား စေခဲ့မှုနဲ့ ထောင် ၃၅ နှစ် ချခံထားရတဲ့ အမျိုးသမီး စစ်သည်ဟောင်း ချယ်ဆီ မဲန်နင်းကို သမ္မတ အိုဘားမားက ပြစ်ဒဏ် ကနေ လျှော့ပေါ့ သက်ညှာ ပေးလိုက်ပါတယ်။

အီရတ်မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ နာမည်ဟောင်း ဘရက်ဒ်လီ မဲနင် အမည်ရှိသူ ဟာ လာမယ့် မေလထဲ ပြန်လွတ်လာမယ် ဆိုပြီး အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

စစ်ရေးနဲ့ သံတမန်ရေး ဆိုင်ရာ အရေးကြီးတဲ့ အချက်အလက် တွေ ပါဝင်တဲ့ စာရွက်စာတမ်း ပေါင်း ၇၅ သိန်း လောက် အထိကို ဝီကီလိခ် ဝက်ဘ်ဆိုက်ကို ပေးခဲ့တဲ့ အတွက် အပြစ် ရှိတယ် ဆိုပြီး ချယ်ဆီ မဲန်နင်းကို ၂ဝ၁၃ ခုနှစ် မှာ ပြစ်ဒဏ် ချမှတ် ထားတာ ဖြစ်ပါတယ်။

တခါ၊ အီရန်ရဲ့ နျူကလီယာ အစီအစဉ် အပေါ် ဆိုင်ဘာ တိုက်ခိုက် ခဲ့တဲ့ အကြောင်း ပေါက်ကြားမှု ကို FBI ထောက်လှမ်းရေးက စုံစမ်း စစ်ဆေးတုန်း မဟုတ်မမှန် ထွက်ဆို ခဲ့လို့ ပြစ်ဒဏ် ချမှတ် ခံထားရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျိမ်းစ် ကာ့ထ်ရိုက် ကိုလည်း သမ္မတ အိုဘားမားက လွတ်ငြိမ်း ချမ်းသာခွင့် ပေး ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese