01/20/17
မုံးကိုး တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ နှစ်ခြင်းခရစ်ယာန်အသင်းက သင်းအုပ်ဆရာ ဒမ်ဒေါ်နောင်လတ်နဲ့ လန်ဂျော်ဂမ်ဆိုင်းတို့ကို လူပျောက် တိုင်တန်း ခဲ့ရာမှာ ၎င်းတို့နှစ်ယောက်ကို တပ်မတော်မှ ဖမ်းဆီးထား ကြောင်း အစိုးရ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။
အစိုးရ ထုတ်ပြန်ချက်ထဲမှာ ဒီဒီနောင်လတ်ဆိုသူနဲ့ လန်ဂျော်ဂမ်ဆိုင်းတို့ကို ဒီဇင်ဘာ လ ၇ရက်နေ့က မိုးကိုးမြို့ထဲကို တိုက်ပွဲ ရှောင် ပြည်သူတွေနဲ့ ပြန်လည်ဝင်ရောက် လာရာမှာ ရှာဖွေ ဖမ်းဆီး ခဲ့တယ်လို့ဆိုပါတယ်။
ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာ လက်နက်ကိုင်တွေ အတွက် လူသစ်စုဆောင်းပေးခြင်း သတင်း ပေးခြင်း မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်း တွေ ပါဝင်လုပ်ဆောင်တယ် လို့ပြောပါတယ်။
သင်းအုပ်ဆရာ နှစ်ယောက်ဟာ ကချင် ခရစ်ယန် အသင်းတော်မှ ဖြစ်ပြီး အသက်ရှင်လျှက် ရှိနေတယ်လို့ သိရတဲ့ အတွက် ဝမ်းသာတယ်လို့ ကေဘီစီ အဖွဲ့ချုပ် အတွင်းရေးမှူးဒေါက်တာ ဆန်ဆမ် က ပြောပါတယ်။
ရှမ်းပြည်နယ် မုံးကိုးဒေသက သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဓမ္မဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ ဒီဇင်ဘာလ ၂၄ရက်နေ့ ညမှာ ပျောက်ဆုံး သွား ခဲ့တာပါ။
အခုလို ပျောက်ဆုံးနေသူ ၂ဦးဟာ မုံးကိုးဒေသက အစိုးရစစ်တပ်က ဖမ်းဆီးသွားသူတဦးကို ပြန်လွှတ်ပေးဖို့ ကိစ္စအကြောင်း ပြောဆိုကာ ထွက်သွားကြ ပြီးတဲ့နောက်ပိုင်း ပျောက်သွားတာ ဖြစ်တယ်လို့ မုံးကိုးမြို့က ခရစ်ယာန် ဓမ္မဆရာတဦးက ဘီဘီစီကို ပြောပါတယ်။
အဲဒီအဖမ်းခံရသူဟာ ပြီးခဲ့တဲ့ မုန်းကိုးဒေသ တိုက်ပွဲဖြစ်စဉ်တွေမှာ အစိုးရစစ်တပ် ဖမ်းဆီးတာ ခံခဲ့ရပြီး ပြန်လွတ်လာတဲ့သူ ဖြစ်တယ်လို့လည်း အဲဒီဓမ္မဆရာက ပြော ပါတယ်။
မုံးကိုးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ပျက်စီးဆုံရှုံးမှုရှိတဲ့ နေရာတွေကို ပျောက်သွားတဲ့သူ နှစ်ယောက်က လိုက်ပြ ပေးခဲ့ဖူးပါတယ်။
အခုအခါ ဒီပုဂ္ဂိုလ်၂ယောက်ကို တိုက်ပွဲ ကာလ အတွင်း ကေအိုင်အေနဲ့ အကြိမ်ကြိမ် ဆက်သွယ်မှု အပါအဝင် စွပ်စွဲမှုတွေ လုပ်ထားတဲ့ အပေါ်မှာတော့ တရားဥပဒေ အရ ရင်ဆိုင် သွားမယ်လို့ ဒေါက်တာ ဆန်ဆမ် ပြောကြား ခဲ့ပါတယ်။
အစိုးရ သတင်းစဉ်ရဲ့ဖော်ပြချက်ထဲမှာ တပ်မတော်ဘက်က လက်နက်ကိုင်တွေနဲ့ ပတ်သက်ဆက်နွယ်နေသူ အမာခံ တွေကို ထပ်မံ ဖမ်းဆီး ရမိရေးနဲ့ ဒေသ တည်ငြိမ်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ တပ်မတော်ရဲ့ထိုးစစ်တွေကြောင့် ဒုက္ခသည်တွေ အများအပြား ပေါ်ထွက်နေတဲ့ကိစ္စ၊ လူ့ အခွင့်အရေး ချိုးဖောက်မှု စတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီကိုယ်တိုင် အစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ကွင်းဆင်း လေ့လာခဲ့ပါတယ်။ 
BBC Burmese
http://www.bbc.com/burmese
ဗိုလ်ချုပ်ကြီးနေဝင်း ကြီးစိုးတဲ့ မဆလ ဆိုရှယ်လစ်ခေတ် (၂၆) နှစ်မှာ ဖားကန့်ဒေသကို KIA က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ချုပ်ကိုင်ပြီး ကျောက်စိမ်းဟာ KIA ရဲ့  အဓိကရန်ပုံငွေ ဖြစ်ပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရတက်လာပြီး ဗကပ တဖြစ်လဲ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲတဲ့အခါ အစိုးရတပ်ဟာ KIA ကို ဦးတည်တိုက်ခိုက်ပြီး ကျောက်စိမ်းတွင်းတွေကို သိမ်းပိုက်လာပါတယ်။ ဒါကြောင့် KIA ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ ၁၉၉၄ မှာ သဘောတူလိုက်ရတာ ဖြစ်တယ်လို့ Global Witness အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ (၁၇) နှစ်ကာလမှာ ကျောက်စိမ်းဒေသကို ဝိုင်းအမဲဖျက်ကြပါတယ်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးမကြာမီ ၂၀၁၁ ဇွန်လမှာ ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ပြန်လည်ဖြစ်ပွားတာ အခုအချိန်အထိပါပဲ။ တိုက်ပွဲပြန်ဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ ကျောက်စိမ်းနဲ့ ပတ်သက်တာတွေ ပါဝင်နေပါတယ်။ ကချင်ပြည်နယ်က ကျောုက်စိမ်းကို စစ်အုပ်စု၊ ခရိုနီအသိုင်းအဝိုင်းနဲ့ ဝတပ်ဖွဲ့တို့က လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတာမို့ ကချင်ပြည်သူတွေဟာ ကိုယ်ခြံထဲက သစ်သီးကိုယ်စားခွင့်မရှိတဲ့ဘဝ ရောက်နေတယ်လို့ မြင်ကြပါတယ်။ ငြိမ်းချမ်းသွားရင် ကျောက်စိမ်းဒေသကို လက်လွှတ်ရမှာမို့ အကျိုးခံစားနေရတဲ့ စစ်အုပ်စုအသိုင်းအဝိုင်းအတွက် ဆုံးရှုံးစရာတွေများနေပါတယ်။
ကျောက်စိမ်းထွက်တဲ့ လုံးခင်း၊ ဖားကန့်၊ မိုးညဉ်း၊ နန့်ယား စတဲ့နေရာတွေကို အစိုးရတပ်က ချုပ်ကိုင်ထားပေမယ့် KIA သြဇာခံဒေသဖြစ်တဲ့အတွက် ဆက်ကြေးကောက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အစိုးရတပ်ကလည်း ကျောက်စိမ်းလုပ်ငန်းက ငွေဝင်ဖို့ကိုသာ အဓိကထားပါတယ်။ လုပ်ငန်းကြီးတွေရဲ့  လုံခြုံရေးကို စစ်တပ်က တာဝန်ယူတဲ့အခါ ဆက်ကြေးအများကြီးရပါတယ်။ လုပ်ငန်းငယ်တွေကိုတော့ ကြားပွဲစား၊ သတင်းပေးနဲ့ရဲတို့ကတဆင့် (၂၀) ရာခိုင်နှုန်းဆက်ကြေးကောက်ပါတယ်။ ဖားကန့်က ဗျူဟာမှူးကို ကျပ်ငွေသိန်းငါးဆယ်က တရာအထိ ဆက်ကြေးပေးရပြီး ကျောက်စိမ်းတွင်းစောင့်ပေးတဲ့ စစ်သားတွေကိုလည်း ထောက်ပံ့ကြေးပေးရပါတယ်။ တရုတ်ပြည်ကို ကျောက်စိမ်းခိုးထုတ်သူတွေဟာ အစိုးရကို ဆက်ကြေးပေးရပါတယ်။ မြောက်ပိုင်းတိုင်းမှူးနဲ့ အဆင်ပြေဖို့ လာဘ်ထိုးရပါတယ်။
ကျောက်စိမ်းလုပ်ငန်းက အကျိုးအမြတ်ရယူဖို့အတွက် အစိုးရတပ်နဲ့ KIA နားလည်မှုယူပြီး ပူးပေါင်းဆောင်ရွက်တာမျိုးလည်း ရှိပါတယ်။ KIA ရဲ့  ကျောက်စိမ်းသယ်ယူပို့ဆောင်မှုကို အစိုးရတပ်က မသိချင်ယောင်ဆောင်နေတာမျိုး ရှိပါတယ်။ ကျောက်စိမ်းအောင်တဲ့အခါမှာ ဘယ်လောက်ဆက်ကြေးယူမယ်ဆိုတာကို အစိုးရတပ်ကို KIA သဘောတူချက်ရယူနိုင်တယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းလုပ်ငန်းလေးတွေကို ဆက်ကြေးတောင်းရာမှာ ဗျူးဟာမှူးနဲ့ KIA တပ်ရင်း (၆) အသုံးပြုတဲ့ ကြားပွဲစားတွေဟာ အတူတူဖြစ်နေတာ တွေ့ရပါတယ်။ ဒီကြာုးပွဲစားနဲ့ အဆက်အသွယ်လုပ်တာကြောင့် နားလည်မှုလွဲမှားပြီး ပစ်ခတ်တာမျိုးမဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။ ကချင်ပြည်နယ်က လက်နက်ကိုင်တွေဟာ ရာခိုင်နှုန်းပြည့် စစ်ဖြစ်တာကို မလိုလားသလို ရာခိုင်နှုန်းပြည့် ငြိမ်းချမ်းရေးရမှာကိုလည်း မလိုလားဘူးလို့ ဆိုပါတယ်။
လက်တွေ့စစ်မတိုက်ရဘဲ ကျောက်စိမ်းက ဆက်ကြေးရအောင် မြွေမသေတုတ်မကျိုး အခြေအနေမျိုးကိုသာ အစိုးရစစ်တပ်က လိုလားပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ကို စစ်တပ်ထောက်ခံဖို့အတွက် ကချင်ပြည်နယ်မှာ စစ်တပ် ဘယ်လိုပြုမှုကျင့်ကြံတယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ၂၀၁၁ မှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားတဲ့အခါ KIA ဟာ ကျောက်စိမ်းလုပ်ငန်းကို ပြန်လည်ချုပ်ကိုင်နိုင်ဖို့ ရည်ရွယ်တယ်လို့ Global Witness ကို ပြောပြပါတယ်။ ဒီလိုလုပ်နိုင်အောင် ကျောက်စိမ်းဒေသမှာ KIA တပ်ဖွဲ့တွေကို နေရာချထားရပါတယ်။ ၂၀၁၂ ဇန်နဝါရီလမှာ ဒေါ်လာသန်း (၂၀) KIA က ဆက်ကြေးကောက်ယူနိုင်ခဲ့ပါတယ်။ KIA ရဲ့  အောင်မြင်မှုကို ဝန်ကြီးအချို့  မကျေနပ်တဲ့အတွက် KIA ဆက်ကြေးမရအောင် ၂၀၁၂ မေလမှာ ကျောက်စိမ်းထုတ်လုပ်မှုကို ပိတ်ပင်လိုက်ပါတယ်။
၂၀၁၄ ကျောက်စိမ်း ပြန်လည်ထုတ်ယူခွင့်ပြုတဲ့အခါမှာ KIA ဟာ ဆက်ကြေးပြန်ကောက်နိုင်တာ တွေ့ရတယ်လို့ Global Witness က ဆိုပါတယ်။ ဆက်ကြေးလက်ခံရရှိကြောင်း KIA က ပေးတဲ့ ပြေစာဟာ တရုတ်နယ်စပ်အထိ ကျောက်စိမ်းသယ်ခွင့်ပြုတဲ့လက်မှတ် ဖြစ်ပါတယ်။ လိုင်ဇာဌာနချုပ်ကတဆင့် တရုတ်ပြည်ကို တင်ပို့တာလည်း ရှိပါတယ်။ ၂၀၁၂ မတိုင်မီက KIA ဟာ ယူနန်မှာ ကုမ္ပဏီဖွင့်ပြီး ကျောက်စိမ်းအရောင်းအဝယ်လုပ်တယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းလုပ်ငန်းဟာ ဝင်ငွေများသလောက် တာဝန်ခံမှု အလွန်နည်းပါးပါတယ်။ လက်နက်ကိုင်တွေရဲ့  လျှို့ ဝှက်စီးပွားရေးလုပ်ငန်းလို ဖြစ်နေပါတယ်။
Global Witness အစီရင်ခံစာဟာ အပေါ်ယံလေ့လာမှုသာဖြစ်လို့ မသိနိုင်မမြင်နိုင်တာ အများကြီး ကျန်နေပါတယ်။ ကျောက်စိမ်းကုမ္မဏီကြီးတွေကို စစ်အုပ်စုမိသားစုတွေ ချုပ်ကိုင်တယ်ဆိုတဲ့သတင်းကို စုံစမ်းလေ့လာဖို့ လိုပါတယ်။ ကျောက်စိမ်းလုပ်ငန်းကို တရုတ်ပြည်မှာ ဘယ်သူ အကျိုးခံစားနေရတယ်။ မြန်မာပြည်မှာ ဘယ်လောက် သြဇာလွှမ်းမိုးနိုင်တယ်ဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ ကျောက်စိမ်းငွေတွေ တရုတ်ပြည်မှာရော မြန်မာပြည်မှာပါ တောင်လိုပုံနေပါတယ်။ သယံဇာတနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဦးသိန်းစိန်အစိုးရ အစပျိုးသွားတာတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့လိုကြောင်း Global Witness အဖွဲ့က သုံးသပ်တင်ပြထားပါတယ်။
 ဦးအောင်ခင် / ကျော်ကျော်သိန်း/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မန္တလေးဇာတိ ဂေးအလှမယ်မျိုးကိုကိုစန်းကို သရုပ်ဆောင် အကယ်ဒမီဝတ်မှုံရွှေရည်က ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ရန်ကင်းမြို့မရဲစခန်း၌ အမှုဖွင့်၍ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
မျိုးကိုကိုစန်းကို အမှုဖွင့်ထားသည်မှာ မှန်ကန်ကြောင်းနှင့် ရန်ကင်းမြို့မရဲစခန်းတွင် ချုပ်ရက်ရမန် ယူ၍ ထိန်းသိမ်းထားကြောင်း ရန်ကင်းရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။
''သူ့ ကို ဒီမှာ လောလောဆယ်ချုပ်ရက်ရမန်ယူပြီး ထိန်းသိမ်းထားပါတယ်။ ဒီနေ့ကစပြီး နှစ်ပတ်ရမန်ယူပါမယ်။ ကျန်တဲ့အပိုင်းကတော့ ကျွန်တော်တိုပြောလို့မရပါဘူး''ဟု ၎င်းက ဇန်န၀ါရီ ၁၈ ရက်တွင် ရန်ကင်းမြို့မရဲစခန်း၌ News Watch သို့ ပြောကြားသည်။ မျိုးကိုကိုစန်းကို ရန်ကင်းမြို့နယ် တရားရုံး၌ ဇန်န၀ါရီ ၁၈ ရက်က ရုံးထုတ်စဉ် တရားလိုဝတ်မှုံရွှေရည် (ခ) ကစ်ကစ်က ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်ဟု မြို့နယ်တရားသူကြီးက ပြောကြားခဲ့ကြောင်း မျိုးကိုကိုစန်း၏ရှေ့နေတဦးက ပြောကြားသည်။
''မျိုးကိုကိုစန်းကို cele cele small page ရဲ့ Admin ဆိုပြီး ဖမ်းတယ်လို့သိရပါတယ်။ မျိုးကိုကိုစန်းက သူမဟုတ်ဘူးဆိုတဲ့အကြောင်း ကျွန်မတို့ကိုလည်းပြောပါတယ်။ ရဲစခန်းကိုလည်း ပြောထားပါတယ်။ သူ့ဖုန်းကိုလည်း ရဲစခန်းကိုအပ်ထားပါတယ်။ cele cele small page က အခုအချိန်ထိ Post တွေ တင်နေ တုန်းပါ''ဟု Myanmar LGBT right network မှ ရှင်းသန့်က News Watch သို့ ပြောကြားသည်။
ဘန်ကောက်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် မျိုးကိုကိုစန်းကို မင်္ဂလာဒုံ လေဆိပ်၌ အရပ်ဝတ် ၀တ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်အချို့က မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရန်ကင်းမြို့မရဲစခန်း၌ သီးသန့်ထိန်းသိမ်းထားကြောင်းအမှုကို လိုက်ပါကူညီနေသူများထံမှ သိရသည်။
''ဒီကိစ္စမှာ ပုဒ်မ ၆၆(ဃ)ကို သုံးတာတော့ ကျွန်တော်သဘောမကျပါဘူး။ ကိုယ့်ကို အသရေဖျက်တယ်လို့ ယူဆရင် ပုဒ်မ ၅၀၀ နဲ့ စွဲလို့ရတာပဲလေ။ တယောက်နဲ့တယောက် လက်စားချေသလိုမျိုးဒီဥပဒေကို သုံး နေတာမျိုးက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်''ဟု တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြော သည်။ ဂေးအလှမယ်မျိုးကိုကိုစန်းသည် Miss Inter-national Queen Myanmar 2014 မေ ၂၀၁၄ ပြိုင်ပွဲတွင် သရဖူရရှိခဲ့သူဖြစ်သည်။
နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ နိုင်ငံရဲ့ ၄၅ ဦးမြောက် သမ္မတအဖြစ် ကကျမ်းသစ္စာကျိန်ဆိုမယ့် Donald Trump က အခမ်းအနားမှာ ပြောကြားမယ့် မိန့်ခွန်းကို သူကိုယ်တိုင်ရေးမှာ ဖြစ်ပါတယ်။ မိန့်ခွန်းဟာ တိုတောင်းပြီး အမေရိကန်နိုင်ငံ ပြန်လည် စည်းလုံး ညီညွတ်လာရေးအတွက် ဦးစားပေး ပြောကြားလိမ့်မယ်လို့ Trump ရဲ့ အကြံပေးတွေက ပြောပါတယ်။ ဒါဟာ ၅၈ ကြိမ်မြောက် အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အမေရိကန်ရဲ့ နှစ်ပေါင်း ၂၀၀ သက်တမ်းမှာ သမ္မတတွေအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ခေါင်းဆောင်တွေ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောကြားတဲ့မိန့်ခွန်းဟာ သမ္မတသစ်အနေနဲ့ တိုင်းပြည်ကို ဘယ်လိုပုံစံနဲ့ ဦးဆောင်သွားမလဲဆိုတဲ့ သူတို့ရဲ့ ပေါ်လစီ အကြမ်းဖျဉ်းကို တိုင်းပြည်ကို ပထမဆုံးချပြတဲ့ မိန့်ခွန်း ဖြစ်တာကြောင့် ဒီ မိန့်ခွန်းကို အချိန်ယူ ပြင်ဆင်ကြလေ့ ရှိပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ကလည်း သူပြောမယ့် မိန့်ခွန်းကို သူ့ရဲ့အနီးကပ် အကြံပေးတွေနဲ့ တိုင်ပင်ပြီး သူကိုယ်တိုင် ရေးသားမှာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ Trump ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း စကားကြီး စကားကျယ်တွေ ပြောခဲ့တာ၊ ကြုံသလို လက်တန်း ပြောတာတွေအပြင် စကားလုံး တလုံးထဲနဲ့ ပြန်ပက် ပြောတာမျိုးတွေမှာ ရှိခဲ့ပေမယ်လို့လည်း ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာလမှာ သမ္မတအဖြစ် ရွေးကောက်ခံရစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်း လေသံအတိုင်း နိုင်ငံကို သွေးစည်း ညီညွတ်မှု ရရှိစေဖို့ အလေးပေး ပြောကြားလိမ့်မယ်လို့ ဆိုပါတယ်။
အဲဒီအချိန်က သူပြောခဲ့တာကတော့ -
“အတိတ်က ကျနော့်ကို မထောက်ခံဖို့ ဆုံးဖြတ်ခဲ့ကြသူတွေထံက လမ်းညွန်မှုနဲ့ အကူအညီတွေ ရယူနိုင်ဖို့ ကျနော် လက်ကမ်း ကြိုဆိုပါတယ်။ ဒါမှလည်း ကျနော်တို့ အတူတကွ လက်တွဲပြီး အမေရိကန်ပြည်ထောင်စုကြီး ပြန်လည် သွေးစည်း ညီညွတ်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”
သူ့မိန့်ခွန်းကို ရေးတဲ့အခါမှာ သမိုင်းဝင် မိန့်ခွန်းတွေထဲက အရေးပါတဲ့ အချက်တွေကို နမူနာယူသွားမှာ ဖြစ်တဲ့အကြောင်း၊ အထူးသဖြင့်တော့ သမ္မတ John F. Kennedy နဲ့ Ronald Reagan တို့ရဲ့ မိန့်ခွန်းတွေကို နမူနာယူ ရေးသားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းကို ပြင်ဆင် ရေးသားနေတဲ့အချိန်မှာ သူ့အနေနဲ့ သမ္မတ Reagan ရဲ့ စကားပြောတဲ့ စတိုင်မျိုးနဲ့ Kenney ရဲ့ အမျှော်အမြင်ရှိတဲ့ မိန့်ခွန်းပုံစံရေးသားပြီး သူ့ရဲ့ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်မယ့် အခြေအနေတွေကို ပြောကြားဖို့ရှိတယ်လို့ Donald Trump က ပြောပါတယ်။
သမ္မတ Kenney နဲ့ Reagan တို့ ၂ ဦးစလုံးဟာ သူတို့အနေနဲ့ ဘယ်လို ပေါ်လစီတွေကို ချမှတ် လုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်း ပြောကြားခဲ့ကြပြီး သူတို့ရဲ့ မိန့်ခွန်းတွေဟာလည်း အမေရိကန်သမိုင်းမှာ မှတ်သားစရာအကောင်းဆုံး မိန့်ခွန်းတွေဖြစ်တယ်လို့ အသိအမှတ် ပြုခံထားရသူတွေ ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ သမ္မတ Kennedy ပြောကြားတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းအတွင်းက ကောက်နှုတ်ချက်တချို့ဟာ ကနေ့အချိန်အထိ ကမ္ဘာကျော်နေဆဲ ဖြစ်ပါတယ်။
“အမေရိကန်နိုင်ငံသား ရောင်းရင်းများ ခင်ဗျား၊ ခင်ဗျားတို့ကို တိုင်းပြည်က ဘာလုပ်ပေးနိုင်သလဲလို့ မေးမယ့်အစား၊ ခင်ဗျားတို့အနေနဲ့ တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို မေးကြစေချင်ပါတယ်။”
အမေရိကန်သမိုင်းမှာ ရီပတ်ဘလီကန်ပါတီရဲ့ ရှေ့ဆောင်လမ်းပြတဦးဖြစ်ပြီး လူထုရဲ့ ကြည်ညိုမှုကို ခံရတဲ့ သမ္မတ Reagan ကိုလည်း Trump က အားကျတာဖြစ်ပြီး သူပြင်ဆင်နေတဲ့ အခု မိန့်ခွန်းထဲမှာ ကိုးကားဖို့ ရှိတယ်လို့ ဆိုပါတယ်။
၁၉၈၁ ခုနှစ် Reagan ရဲ့ ပထမသက်တမ်းမှာ အဲဒီအချိန်က ရင်ဆိုင်နေရတဲ့ အမေရိကန်ရဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် နိုင်ငံခြားရေး ပေါ်လစီမှာလည်း အခက်အခဲတွေ တွေ့ကြုံနေရတဲ့အတွက် Reagan က အစိုးရကိုသာ အားမကိုးပဲ ပြည်သူတွေ ကိုယ်တိုင် ပါဝင်ကြဖို့ တိုက်တွန်းခဲ့တာကလည်း သမိုင်းဝင်တဲ့ ပြောကြားချက်ဖြစ်ပါတယ်။
“အခုလတ်တလော နိုင်ငံက ရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်းကို ဖြေရှင်းရာမှာ အစိုးရအနေနဲ့ အဖြေရှာမပေးနိုင်ပါဘူး။ အကြောင်းကတော့ ပြဿနာက အစိုးရကိုယ်တိုင် ဖြစ်နေလို့ပါပဲ။”
Donald Trump ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ စတင်မယ်ဆိုပေမယ့် ကျမ်းကျိန်ပွဲနဲ့ဆိုင်တဲ့ အခမ်းအနားတွေကို ဒီကနေ့ ဇန်န၀ါရီလ ၁၉ ရက်နေ့ကတည်းက စတင်မှာဖြစ်သလို Donald Trump ကလည်း Lincoln Memorial ပေါ်ကနေ သူ့ကို ထောက်ခံသူတွေကို ဒီကနေ့ မိန့်ခွန်း ပြောကြားဖို့ စီစဉ်ထားပါတယ်။
အမေရိကန်သမိုင်းမှာ အတိုဆုံး ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းကိုတော့ ပထမဆုံးသမ္မတ George Washington က သူ့ရဲ့ ဒုတိယသမ္မတ သက်တမ်းဖြစ်တဲ့ ၁၇၉၃ မှာ ပြောကြားခဲ့တဲ့ စကားလုံးပေါင်း ၁၃၅ လုံး ရှိတဲ့ မိန့်ခွန်းဖြစ်ပြီး အရှည်ဆုံး မိန့်ခွန်းကိုတော့ ၉ ဦးမြောက် သမ္မတအဖြစ် ၁၈၄၁ ခုနှစ်မှာ ရွေးကောက် တင်မြောက်ခံလိုက်ရတဲ့ သမ္မတ William Henry Harrison, Sr. က စကားလုံးပေါင်း ရှစ်ထောင်ကျော်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Donald Trump ကတော့ သူ့ရဲ့မိန့်ခွန်းကို ခပ်တိုတိုပဲ ပြောကြားဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
VOA Burmese News
အမေရိကန်သမ္မတဟောင်း George H.W. Bush ဟာ အသက်ရှုလမ်းကြောင်းမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် - Texas ပြည်နယ် ဟူစတန်မြို့က ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ သက်တောင့်သက်သာ အနားယူနေတယ်လို့ မိသားစုရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Jim McGrath က ပြောဆိုလိုက်ပါတယ်။ သမ္မတဟောင်း Bush ရဲ့ ကျန်းမာရေးအခြေအနေဟာ တည်တည်ငြိမ်ငြိမ် ရှိနေပြီး၊ စောင့်ကြည့်စစ်ဆေးဖို့ အတွင်းလူနာ အဖြစ်နဲ့ ဆေးရုံမှာ နေရဦးမယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။
သမ္မတကတော်ဟောင်း Barbara Bush ဟာလည်း - ပင်ပန်းနွမ်းနယ်ပြီး ချောင်းဆိုးတာကြောင့် ကြိုတင်သတိထားတဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့က အဲဒီဆေးရုံမှာပဲ ဆေးရုံတင်ခဲ့ရသေးတယ်လို့လည်း McGrath က ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ယောက်မြောက် သမ္မတဖြစ်ခဲ့သူ Bush ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက အမောဖောက်လာပြီးနောက် ဆေးရုံတင်ခဲ့ ရတာ ဖြစ်ပါတယ်။ အသက် ၉၂ အရွယ် သမ္မတဟောင်း Bush ဟာ အဆုတ်အအေးမိဝေဒနာကို ခံစားရတာကနေ အသက်ရှုလမ်းကြောင်းမှာ ကျန်းမာရေးပြဿနာကြုံပြီး၊ အခုနောက်ဆုံး ကုသမှုမှာ မေ့ဆေးသုံးခဲ့ရတယ်လို့လည်း မိသားစု ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ ရာထူးကနေ အနားယူတော့မယ့် သမ္မတ ဘရက်ခ် အိုဘားမား က သူ့ရဲ့ နောက်ဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Bush မိသားစုနဲ့ အဆက်အသွယ် မပြတ်တဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။
သမ္မတဟောင်း George H.W. Bush နဲ့ သမ္မတကတော်ဟောင်း Barbara Bush တို့ဟာ တိုင်းပြည်အတွက် သူတို့ဘ၀တွေကို မြှုပ်နှံထားကြရုံ သာမက - ကုန်လွန်ခဲ့တဲ့နှစ်တွေအတွင်း သူနဲ့အတူ သမ္မတကတော် မီရှဲ အိုဘားမားတို့အတွက် မိတ်ဆွေကောင်း၊ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေဖြစ် ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ သမ္မတဟောင်းနဲ့ သမ္မတကတော်ဟောင်းတို့ ကျန်းမာချမ်းသာစေဖို့ ဆုတောင်းကြောင်းလည်း ဗုဒ္ဓဟူးနေ့က နောက်ဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောဆိုသွားခဲ့ပါတယ်ရှင်။
VOA Burmese News
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ မှာ ကျင်းပနေတဲ့ သြစတြေးလျ အလွတ်တန်း တံခွန်စိုက် ထိပ်သီးတင်းနစ်ပြိုင်ပွဲ (Australian Open) ဒုတိယ အဆင့်မှာ နာမည်ကြီး ဆာဗီးယား တင်းနစ် ကစားသမား လက်ရှိ ကမ္ဘာ့ အဆင့် ၂ နိုဗက်ဂျိုကိုဗစ်ဟာ ကမ္ဘာ့ အဆင့် ၁၁၇ က ဒင်းနစ်အက်စတိုမန်ကို အံအားသင့် ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။
ဂျိုကိုဗစ် ဟာ သြစတြေးလျ တံခွန်စိုက် ၆ ကြိမ် အပါအဝင် ထိပ်သီး တင်းနစ်ပြိုင်ပွဲ (Grand Slam) ဆု ၁၂ ကြိမ် ရဖူးထားသူပါ။
ဒါပေမယ့် ဒီနေ့လည်မှာ ကစားခဲ့တဲ့ ပွဲမှာတော့ ပုံမှန် လက်ပျောက်နေပြီး ၇-၆ (၁၀-၈) ၅-၇ ၂-၆ ၇-၆ (၇-၅) ၆-၄ နဲ့ ၄ နာရီ ၄၈ မိနစ်ကြာ ကစားပြီး အက်စတိုမန် ကို ရှုံးနိမ့်သွားခဲ့ပါတယ်။ အသက် ၃၀ နှစ် ရှိပြီ ဖြစ်တဲ့ ဥဇဘက်ကစ္စတန် တင်းနစ် ကစားသမား အက်စတိုမန်ဟာ ပွဲငယ် ၂ ပွဲ ၁ ပွဲ နဲ့ ရှုံးနေရာကနေ နောက်ဆုံးမှာ ၅ ပွဲ ကစားပြီး အနိုင်ရသွားခဲ့တာပါ။
အသက် ၂၉ အရွယ် ရှိပြီ ဖြစ်တဲ့ ဂျိုကိုဗစ် အတွက် ဒီ ရှုံးပွဲဟာ ၂၀၀၈ ခုနှစ် ဝင်ဘယ်လ်ဒန် ထိပ်သီး ပွဲ ဒုတိယအဆင့် က ထွက်ရပြီး နောက်ပိုင်း ပြိုင်ပွဲကြီးတွေမှာ ဒုတိယ အဆင့်က ထွက်ရတာာ ဒါ ပထမ ဆုံး အကြိမ် ဖြစ်ပါတယ်။
ဂျိုကိုဗစ် ပြိုင်ပွဲက ထွက်သွားခဲ့ရလို့ တတိယ အဆင့် ရောက်နေပြီး ဖြစ်တဲ့ ဗြိတိန် တင်းနစ်ကစားသမား လက်ရှိ ကမ္ဘာ့ အဆင့် ၁ အင်ဒီမာရေး အတွက် သူ တစ်ခါမှ မရဖူးသေးတဲ့ သြစတြေးလျ အိုးပင်း တံခွန်စိုက်ဆု ရဖို့ အခွင့်ကောင်း ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
မာရေးဟာ သြစတြေးလျ အိုးပင်း နောက်ဆုံးဗိုလ်လုပွဲကို ပြီးခဲ့တဲ့ ၇ နှစ် အတွင်း ၅ ကြိမ် ရောက်ဖူးပြီး ၅ ကြိမ်လုံး ရှုံးခဲ့ပါတယ်။ ရှုံးခဲ့တဲ့ ၅ ကြိမ်မှာ ၄ ကြိမ်က ဂျိုကိုဗစ် ကို ရှုံးခဲ့တာပါ။
ဂျိုကိုဗစ် အတွက်တော့ ဒီနေ့ ရှုံးပွဲဟာ လွန်ခဲ့တဲ့ ၇ နှစ် အတွင်း ကမ္ဘာ့ အဆင့် ၁၀၀ ပြင်ပက ကစားသမား တစ်ဦးကို ရှုံးနိမ့်ခဲ့တာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ သူဟာ ရီယို အိုလံပစ် ၂၀၁၆ တုန်းကလည်း ကမ္ဘာ့ အဆင့် ၁၄၅ ရှိ အာဂျင်တီးနား ကစားသမား ဂျူအန်မာတင်ဒဲလ်ပိုထရို ကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ဒီနေ့ပွဲမှာ သူ့ကို အနိုင်ရသွားတဲ့ အက်စတိုမန်ဟာ ကျဉ်းထဲကျပ်ထဲမှာ ပိုကောင်းအောင် ကစားနိုင်တဲ့ သူပါ၊ သူဟာ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်လို့ ဂျိုကိုဗစ် က ပွဲအပြီးမှာ ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။
BBC Burmese
Traffic Control Center မကြာမီ အသုံးပြုနိုင်မည်ရန်ကုန်မြို့တွင်
အချက်ပြမီးပွိုင့်များ အားလုံးကို Traffic Control Center ကို မကြာမီကာလအတွင်း ဖွင့်လှစ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောကျပ် တည်းမှုများနှင့် ယာဉ်သွားလာမှုများကို ထိန်းချုပ်ကွပ်ကဲဆောင်ရွက်နိုင်ရန် အချက် ပြမီးပွိုင့်များအားလုံးကို ထိန်းညှိဆောင်ရွက် နိုင်မည့် Traffic Control Center အဆောက်အအုံ တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး မြို့တွင်းမီးပွိုင့်အချို့တွင် ထိန်းချုပ်ခန်းနှင့်ဆက်သွယ်မည့် တပ်ဆင်မှုအပိုင်း များကျန်ရှိနေသည့်အတွက် မကြာမီပြီးစီးပါက စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
''မှန်းထားတာကတော့ ဒီလကုန်လောက် အသုံးပြုနိုင်မယ်ပေါ့။ မီးပွိုင့်တချို့မှာ တပ်ဆင်မှုအပိုင်း ကျန်နေသေးလို့ပါ။ Control Center ကတော့ ပြီးစီးသွားပါပြီ။ မီးပွိုင့်အားလုံးပြီးသွားတဲ့အခါမှာ တပွိုင့်နဲ့တပွိုင့်ကို ချိတ်ဆက်ထားပြီးတော့ ယာဉ်သွားလာမှုကို Control Center ကနေ ထိန်းချုပ်ဆောင်ရွက်နိုင်မှာပါ။ အခုလက်ရှိမှာ ကင်မရာတွေကတဆင့် ယာဉ်လမ်းကြောတွေကို ကြည့်ရှုနိုင်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်အတွင်း တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် Traffic Control Center မှ မီးပွိုင့်စနစ်များ အားလုံးကို လွှမ်းခြုံကြည့်ရှုနိုင်မည်ဖြစ်ပြီး ယာဉ်ကြောကျပ်တည်းနေမှုများကို ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ အချက်ပြမီးပွိုင့် ၁၆၀ ခန့် တွင် စီစီတီဗီကင်မရာများ တပ်ဆင်ထားကာ Automatic System သုံးအချက်ပြထိန်းချုပ်စနစ်ဖြင့် ယာဉ်ကြောထိန်းသိမ်းရေးအပြင် လုံခြုံရေးကိုလည်းဆောင်ရွက် နိုင်မည်ဟု သိရသည်။
ယင်းစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ ပုဂ္ဂလိကကုမ္ပဏီများအား တင်ဒါခေါ်ယူခဲ့သည်။
ယင်းတင်ဒါကို တရုတ်ကုမ္ပဏီတခုက တင်ဒါအောင်မြင်ခဲ့ကာ ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ပြီးစီးရန် သတ်မှတ်ထားခဲ့သော်လည်း သတ်မှတ်ချိန်အတွင်း မပြီးစီးခဲ့သည့်အတွက် တရက်လျှင် ဒဏ်ကြေး တသိန်းကျပ်နှုန်းဖြင့် အဆိုပါကုမ္ပဏီအား ပေးဆောင်စေလျက်ရှိသည်ဟု သိရသည်။
၀၀၇
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ် Syed Hamid Albar
မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ် Syed Hamid Albar
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေ လက်ရှိ ကြုံတွေ့နေရတဲ့ ပြသနာတွေနဲ့ပတ်သက်ပြီး အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို မလေးရှားအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ကွာလာမ်ပူမြို့တော်မှာ ဒီကနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
အစည်းအဝေးမကျင်းပခင် တရက်အလိုမှာတော့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ တိုးပွားလာနေတာကို ရပ်တန့်သွားအောင် ကုလသမဂ္ဂအနေနဲ့ ကြားဝင် ဆောင်ရွက်ပေးသင့်တဲ့အကြောင်း OIC အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။ အကြောင်းစုံကိုတော့ Reuters ကို အခြေခံပြီး ဦးစံမိုးဝေ က စုစည်းတင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထပ်ပြီး တိုးများမလာအောင် - တချိန်က ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့သလိုမျိုး လူမျိုးတုံး သတ်ဖြတ်မှုတွေ မဖြစ်ပွားအောင် တားဆီးနိုင်ဖို့ ကုလသမဂ္ဂအနေနဲ့ ကြားဝင် ဆောင်ရွက် ပေးသင့်တယ်လို့ OIC အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Syed Hamid Albar က ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့အနေနဲ့ ကမ္ဘောဒီးယားနဲ့ ရ၀မ်ဒါနိုင်ငံတွေမှာ ဖြစ်ပွားခဲ့သလိုမျိုး လူမျိုးတုံး သတ်ဖြတ်မှုတွေကို ထပ်ပြီး မမြင်ချင်တော့ပါဘူး။ နိုင်ငံတကာ မိသားစုအနေနဲ့ လူတွေသန်းနဲ့ချီ သေဆုံးခဲ့ရတာ တွေ့ခဲ့ပြီးပါပြီ။ ကမ္ဘောဒီယားနိုင်ငံအတွင်းမှာ သန်းပေါင်း ဘယ်လောက်သေခဲ့သလဲ၊ နောက်ပြီးတော့ ဆရီဘရီနီကာ (Srebrenica)။ အဲဒီမှာ လူတွေသတ်ဖြတ်နေကြတာကို ကုလသမဂ္ဂ က တွေ့ခဲ့ပြီးပါပြီ။ ဒါတွေဟာ ကျနော်တို့အနေနဲ့ ဘာလုပ်နိုင်မလဲဆိုတာ ဆင်ခြင်နိုင်ဖို့ အတိတ်က သင်ခန်းစာတွေပါ။”
ဒီရိုဟင်ဂျာအရေးဟာ ပြည်တွင်းရေးပြသနာ မဟုတ်တော့ဘဲ နိုင်ငံတကာက ၀င်ရောက် ဆောင်ရွက်ရတော့မယ့်ကိစ္စ ဖြစ်လာနေပြီလို့လည်း OIC မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ဟာမက် အယ်လ်ဘာ က ပြောပါတယ်။
ဒီကနေ့ ကျင်းပမဲ့ OIC နိုင်ငံခြားရေးဝန်ကြီး အဆင့် အစည်းအဝေးကို မလေးရှားအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ခေါ်ယူကျင်းပတာဖြစ်ပါတယ်။ OIC အဖွဲ့ဟာ ကမ္ဘာအနှံ့မှာရှိတဲ့ မွတ်ဆလင်နိုင်ငံပေါင်း ၅၇ နိုင်ငံကို ကိုယ်စားပြု ဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ လူသားချင်းစာနာမှု အထောက်အကူတွေကို ရခိုင်ပြည်နယ်အတွင်း ပို့ဆောင်ခွင့်ပြုရေး OIC နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေက မြန်မာအစိုးရကို တောင်းဆိုကြဖို့ ဆွေးနွေးကြမှာ ဖြစ်သလို ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကို အဖြေရှာရေး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ သူတို့ရဲ့ နေအိမ်တွေရှိရာကို လုံခြုံစိတ်ချစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ခွင့်ရရှိဖို့နဲ့ မြန်မာပြည်တွင်းက တစ်သိန်းကျော်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ OIC ရဲ့ ကနဦး ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ရခိုင်ပြည်နယ်အတွင်းက မြန်မာနယ်ခြားစောင့် ရဲစခန်းတွေကို လက်နက်ကိုင် လူစုလူဝေးက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် မြန်မာရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ချိန်ကစပြီး ပဋိပက္ခတွေ ကြီးထွားလာခဲ့တာပါ။ လူပေါင်း ၈၆ ယောက် သေဆုံးခဲ့ရပြီး လူပေါင်း ၆ သောင်း လောက် ဟာ တဖက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ ကြတယ်လို့ သတင်းတွေကြတယ်လို့ န့်မှန်းကြပါတယ်။
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ဥပဒေမဲ့ အကျဉ်းရုံး သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ၊ ကျေးရွာတွေ လူနေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရက ငြင်းဆို ခဲ့ပြီး ဒါတွေဟာ ပြည်တွင်းရေးပြသနာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တပ်စခန်းတွေစီးနင်း တိုက်ခိုက်ခံခဲ့ရမှုကို တိုန့်ပြန်ကိုင်တွယ်ဆောင်ရွက် တာသာဖြစ်ပြီး ဒီတိုက်ခိုက်ခဲ့မှုရဲ့ နောက်ကွယ်မှာ ပြည်ပက စစ်သွေးကြွတွေပါဝင်နေတယ်လို့ ပြောပါတယ်။
အစ္စလာမ်ဝါဒ ပြန်လည်ထွန်းကားရေး တပ်ဦး အဖွဲ့ကတော့ ရိုဟင်ဂျာမွတ်ဆလင် အရေးကိစ္စကို ကုလသမဂ္ဂ က ကြားဝင်ပေးဖို့ တောင်းဆိုပါတယ်လို့ အဖွဲ့ရဲ့ခေါင်းဆောင် အာမက် ဖါရွတ်မူဆာ က ပြောပါတယ်။
“ဘောစနီးယားစစ်ပွဲတုံက အခြေအနေကိုကြည့်လိုက်ပါ။ ကုလသမဂ္ဂအနေနဲ့ ဆားဘီးယားတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့အတွက် OIC က ကြားဝင် ဖိအားပေး လုပ်ဆောင်ခဲ့ပြီးတဲ့နောက် စစ်ပွဲရပ်သွားစေခဲ့သလိုမျိုး အလားတူပဲ မြန်မာနိုင်ငံမှာလည်း ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းနှိပ်စက်နေမှုတွေ ရပ်တန့်သွားအောင် OIC အနေနဲ့ လုပ်သင့်ပါတယ်။”
မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုဟာ ဒေသခံတွေရဲ့ မလိုလားအပ်တဲ့ တုန့်ပြန်မှုတွေနဲ့ ကြုံရနိုင်ကြောင်း၊ နိုင်ငံတကာ မိသားစုအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခ အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားဖို့နဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ ချင်းကပ်မှုမျိုး ပြုလုပ်သင့်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ အစ္စလာမ်မစ် နိုင်ငံတနိုင်ငံ မဟုတ်တဲ့အတွက် OIC ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်မှာ မဟုတ်ပဲ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုတော့ အခြေနေအရပ်ရပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
VOA Burmese News
ကချင်ပြည်နယ် မံစီမြို့နယ်ထဲမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ကချင်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြပြီး မံစီမြို့ထဲမှာပါ တိုက်ပွဲတွေ ဖြစ်လာမယ့်အရေး စိုးရိမ်နေကြပါတယ်။ အသေးစိတ် ကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ်တွင်းက ကချင်ကျေးရွာတွေမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA ရဲ့ တပ်ရင်း ၁၂ တို့ကြား တိုက်ပွဲတွေ ၃ ရက်ဆက်တိုက် ဖြစ်နေပါတယ်။ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ လိုင်ဇာအခြေစိုက် ဒုက္ခသည်ရေးရာကော်မတီက ဦးဒွဲပီဆားက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။
“မံစီမြို့နယ်ပါ။ မံစီမြို့နယ်ရဲ့ တောင်ဘက်ပေါ့ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်စပ်ကြားပေါ့။ အဲဒီမှာ တပ်ရင်း ၁၂ အခု တခြားဒေသမှာတော့ အခုတလောတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ ကျနော်တို့ ဗဟို ပတ်ဝန်းကျင်မှာလည်း မရှိဘူး။ ရှမ်းပြည်ဘက်မှာတော့ ရှိတယ်ထင်တယ်။ အတိအကျတော့ မသိရဘူး။ ဒုက္ခသည်တော့ တိုးလာပါတယ်။ တိုးလာတယ်ဆိုတာ ဇိုင်းအောင်တို့၊ မဂါးရန်တို့ အဲဒီကနေ ပြောင်းခဲ့တဲ့ လူတွေ တိုးလာတာ။”
ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA အခြေစိုက်ရာ လိုင်ဇာပတ်ဝန်းကျင် တ၀ိုက်မှာတော့ ဒီရက်ပိုင်း တိုက်ပွဲတွေ မရှိဘူးလို့လည်း ဦးဒွဲပီဆားက ပြောပါတယ်။ မန်စီမြို့မှာတော့ အခြေအနေ တည်တည်ငြိမ် ငြိမ် ရှိနေပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေမြို့ပေါ်ကို ကူးစက်လာမယ့်အရေး စိုးရိမ်မှုတွေတော့ ရှိနေတာပါ။ မံစီမြို့ခံတဦးကလည်း တိုက်ပွဲတွေ အခြေအနေကို အခုလို ပြောပါတယ်။
“ကျနော်တို့ မံစီနဲ့ ရှမ်းပြည်နယ်နဲ့ အစပ်ဘက်မှာပေါ့နော်။ စီအူကျေးရွာအထက်ပိုင်းပေါ့။ ကချင်ရွာတွေဘက်မှာပေါ့နော်။ ဒေသခံတွေကတော့ တိုက်ပွဲနဲ့ပတ်သက်တဲ့ဟာတော့ အားလုံး ဒေသခံလူထုကတော့ စိုးရိမ်နေတာပေါ့။ နောက်ဆုံးအဆင့် မံစီမြို့ပေါ်တောင်မှ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြောင့်ကြမှုတွေ ရှိတာပေါ့။ ကျနော်တို့ မံစီကနေ မြင်ရတာတော့ လေယာဉ်တွေသွားတာ၊ ရဟတ်ယာဉ်တွေသွားတာတော့ မြင်နေရတာပေါ့။ ဟိုမှာကတော့ သတင်းရတာကတော့ လေယာဉ်နဲ့ တိုက်နေတယ်လို့ သတင်းရတာပေါ့။ မျက်မြင်ကိုယ်တွေ့တော့ မဟုတ်ဘူးပေါ့နော်။”
မံစီမြို့နဲ့ မိုင် ၆၀ ကျော်အကွာက စီအူကျေးရွာဆီကိုတော့ ထွက်ပြေး တိမ်းရှောင်လာသူတွေ ရှိနေပြီး ဒီလူတွေကိုတော့ ဒေသခံတွေက ၀ိုင်းဝန်းကူညီပေးနေကြပါတယ်လို့လည်း မံစီမြို့ခံက ပြောပါတယ်။
“တောင်ပေါ်မှာနေတဲ့ ကချင်ရွာတွေ အကုန်လုံးကတော့ စီအူကျေးရွာဘက်ကို လူ ၃၀ ခန့် တိမ်းရှောင် လာတာပေါ့နော်။ တိုက်ပွဲတိမ်းရှောင်လာတဲ့ ဟာတွေတော့ ရှိတယ်။ စီအူကျေးရွာဆိုတာက ကျနော်တို့ မံစီနဲ့ ၆၄ မိုင် ဝေးတယ်ပေါ့နော်။ အဲဒီရွာမှာတော့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသူရွာသားတွေတော့ ရှိတယ်။”
တိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ မံစီမြို့နယ်တွင်းမှာတော့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ခိုလှုံရေးစခန်းတခုနဲ့ မန်စီနဲ့ ၁၃ မိုင်လောက်အကွာက မိုင်းခေါင်ကျေးရွာမှာ လည်း စစ်ဘေးရှောင် ခိုလှုံရေးစခန်း ၂ ခု ရှိနေတာပါ။ လောလောဆယ်မှာတော့ မိုင်းခေါင် ခိုလှုံရေး စခန်းတွေမှာ ခိုလှုံသူတွေ များနေပြီး စခန်းအပြင်မှာ နေထိုင်နေကြရသူတွေလည်း ရှိနေပါတယ်။
VOA Burmese News
ဇန်န၀ါရီ ၁၈ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်ထားဝယ်ခရိုင်ဘက်တွင် KNU တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီတို့ တပ်ဖွဲ့ဝင်တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများမှာ ၎င်းတို့ဘက်သို့ ကူးစက်လာမည်ကို စိုးရိမ်ကြောင်း KNU ဒူးပလာယာခရိုင်၊ ၀င်းရေးမြို့နယ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၆တို့က ဇန်န၀ါရီ ၁၆ ရက်နေ့တွင် သဘောထားထုတ်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်သည်။
ဝင်းရေးမြို့နယ် ဥက္ကဌ ပဒိုစောမောင်ရွှေက “KNUတပ်မဟာ ၄ နဲ့ မွန်ပြည်သစ်ပါတီတို့ ပစ်ခတ်မှုတွေ ဖြစ်နေ တော့ ကျနော်တို့ ဘက်ကို မကူးစက်လာအောင် ထိပ်တိုက်ရင်ဆိုင်မှုနဲ့မသွားပဲ။ တွေ့ဆုံဆွေးနွေး အဖြေရှာ ကြဖို့ပေါ့။ မွန်၊ ကရင်တွေ့ဆုံညှိနှိုင်းမှုပြုလုပ်တယ်။ ဆုံးဖြတ်ချက်မကျဘူး။ အောက်ခြေထိ မရောက်ဘူး။ လူမျိုးရေးအစွဲတွေ ရှိကြတဲ့အတွက် ပဋိပက္ခဖြစ်နေရတယ်” ဟု ဇန်န၀ါရီ ၁၇ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကို မကြီးထွားလာအောင် နှစ်ဘက်စလုံးမှ ထိန်းထိန်းသိမ်း သိမ်း လုပ်ဆောင်သွားရန်နှင့် သဘောထားကြီးကြီးဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် မျှော်လင့်ကြောင်း လည်း ပဒိုစောမောင်ရွှေက ဖြည့်စွက် ပြောဆိုသည်။
KNU ၀င်းရေးမြို့နယ်၏ ထုတ်ပြချက်အရ ယခု ၀င်းရေးမြို့နယ်၏ အခြေအနေသည် မဖြစ်သင့်သော အခြေအနေတစ်ရပ်၏ တွန်းပို့မှုကြောင့် နယ်မြေတည်ငြိမ်းအေးချမ်းမှုကို ထိခိုက်လာသည်မှာ မဖြစ်သင့် သလို လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ထိပါးလာစေကြောင်း၊ လူထုအကျိုးစီးပွား ထိခိုက်ပျက်စီး စေနိုင် သော အခြေအနေများကို မိမိတို့ ဆန့်ကျင်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အထောက်အပံ့ပြုစေမည့် လုပ်ရပ်မျိုးကို ပြုမှုဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
အဆိုပါ ကေအဲန်ယူ ၀င်းရေးမြို့နယ်နှင့် KNLA တပ်ရင်း ၁၆တို့၏ ထုတ်ပြန်ချက် အပေါ် မွန်ပြည်သစ်ပါတီဘက် သဘောထားကို ရရှိရန် ကေအိုင်စီမှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားမည့်သူ မရှိပါ။
ကရင်၊ မွန် လက်နက်ကိုင်အဖွဲ့ ပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ အရပ်သား အပစ်ရပ် စောင့်ကြည့်လေ့ လာရေးကော်မတီ ဒုဥက္ကဌ
ဦးမင်းမင်းနွယ်က “ညီကို အချင်းချင်း သင့်သင့်မျှမျှနဲ့ ရောနှော နေထိုင်းလာကြပြီးမှ ဖက်ဒ ရယ်ပြည် ထောင်စု တည်ဆောက်နေတဲ့ကာလမှာ ဒီလိုပဋိပက္ခတွေ မဖြစ်စေချင်ဘူး။ နောက်နောင်မဖြစ်အောင် လည်း ကြိုးစားပြီးတော့ အရပ်ဖက်တွေရော၊ အခြားနိုင်ငံရေးအဖွဲ့ တွေရော၊ ၀ိုင်းဝန်းညှိနှိုင်းပြီး ဆက်လက်မဖြစ်ဖို့ တိုက်တွန်းချင်တယ်။ စေ့စပ်ညှိနှိုင်းဖြေရှင်းတဲ့နည်းနဲ့ ကမ်းလှမ်းလာရင်တော့ ကျနော်တို့ မွန်CSO (အရပ်ဖက်)အနေနဲ့ ထောက်ခံကြိုဆိုပါတယ်” ဟု ယနေ့ (ဇန်န၀ါရီ ၁၈ရက်)တွင် ကေအိုင်စီသို့ ပြောသည်။
KNU ၀င်းရေးမြို့နယ်သည် မွန်ပြည်နယ်နှင့် ထိစပ်နယ်မြေဖြစ်ပြီး ယခုအချိန်တွင် ၀င်းရေးမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် တဒိန်၊ ၀င်းရော်ဆိပ်ကြီး၊ ဗိန္နဲတောင်နေရာများတွင် နှစ်ဖက်သော လက်နက်ကိုင်အင်အားစုများ လှုပ်ရှားမှုများ ရှိလာသည့်အတွက် ပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။
နယ်မြေပြဿနာကြောင့် KNU နှင့် NMSP တို့သည် ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်က ဘုရားသုံးဆူဒေသတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်အတွင်း ပြီးခဲ့သည့် ၂၀၁၆ခုနှစ် စက်တင်ဘာ ၈ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၂၀ရက်တွင် တစ်ကြိမ်နှင့် ဇန်န၀ါရီ ၁၁ ရက်နေ့တွင် နှစ်ကြိမ် စုစုပေါင်း လေးကြိမ်အထိ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု တာဝန်ရှိသူထံမှ သိရသည်။
လက်ရှိ KNU သည် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့နှင့်အတူ ယခင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCAကို လက်မှတ်ရေးထိုးထားပြီး မွန်ပြည်သစ်ပါတီမှာ NCA ကို လက်မှတ် ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၃ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည်။
 စောမြတ်ဦးသာ (ကေအိုင်စီ)
http://kicnews.org
မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လက်အောက်မှာရှိတဲ့ လန်းပီ ပင်လယ်ရေကြောင်းကုမ္ပဏီ လီမီတက်က သန်လျင်မြို့နယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ခြံစည်းရိုးခတ်ထားတာကို တွေ့ရစဉ်။ Photo: Thiha Tun/RFA
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စီမံကိန်းဧရိယာအတွင်းမှာရှိတဲ့ လယ်ယာမြေဧက ၁၅၀ ကျော်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လက်အောက်မှာရှိတဲ့ လန်းပီ ပင်လယ်ရေကြောင်းကုမ္ပဏီ လီမီတက်က ဒီနေ့မနက်ပိုင်းမှာ ခြံစည်းရိုးလာခတ်တာကြောင့် ဒေသခံ လယ်သမားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ နေ့လည်ပိုင်းက ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လန်းပီ ပင်လယ်ရေကြောင်း ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ၊ လယ်သမားကိုယ်စားလှယ်တွေ တွေ့ဆုံပြီး နောက်ဆက်တွဲ ရာဇ၀တ်မူတွေမဖြစ်ရေးအတွက် ခြံစည်းရိုးခတ်တာတွေကို ယာယီရပ်ဆိုင်းထားဖို့ ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောခဲ့ပါတယ်။
ဒေသခံလယ်သမား ၃၀ ကျော်နဲ့ ခြံစည်းရိုးခတ်တဲ့ ကုမ္ပဏီဘက်က ၀န်ထမ်း ၃၀ ကျော်တို့ တစ်ဖက်နဲ့တစ်ဖက် တုတ်၊ ဓားတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မယ့် အခြေအနေရှိတဲ့အတွက် ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့ နဲ့ ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့က ၀င်ရောက်ဖြန်ဖြေပေးခဲ့ရတာဖြစ်ပါတယ်။
ဆွေးနွေးပွဲအပြီးမှာ လန်းပီ ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်တာတွေကို ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီမြေယာပိုင်ဆိုင်မူအရေးကို ဖြေရှင်းဖို့ သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးသွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင် က ပြောပါတယ်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က သီလ၀ါ မြေကွက် ၁၂၊ ၁၃ နဲ့ ၁၄ ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံကနေ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စတင်ပြီး လွှဲပြောင်းဝယ်ယူခဲ့ပြီး မူလလက်ငုပ်လယ်သမား ၁၀ ဦးကျော်ကို ထိုက်သင့် တဲ့ မြေယာလျော်ကြေးပေးခဲ့တယ်လို့ ကျောက်တန်းမြို့နယ် အထွေထွေထွေ အုပ်ချုပ်ရေးရုံးမှာပြုလုပ် တဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
လက်ရှိ လုပ်ကိုင်နေတဲ့ လယ်သမား ၉ ဦးကတော့  အဲဒီမြေဧက ၁၅၀ ကျော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်ကစပြီး ဓားမဦးချလုပ်ကိုင်ခဲ့ကြကြောင်းနဲ့  မြေယာလျော်ကြေးငွေကိစ္စနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ကုမ္ပဏီဘက်က ညှိုနှိုင်းဆွေးနွေးတာတွေ မရှိခဲ့ဘူးလို့ပြောပါတယ်။
ဒါ့အပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စီမံကိန်းဧရိယာအတွင်းမှာရှိတဲ့ မြေယာအရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစစ်ဆေးနေပေမယ့် လက်ရှိအချိန်အထိ မပြီးပြတ်သေး ဘူးလို့ တွေ့ဆုံပွဲမှာ လယ်သမားတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဇန်နဝါရီ ၁၉ရက်
ကချင်ပြည်နယ် တနိုင်မြို့နယ် ရှင်းဗွေယန်မြို့ တွင် ရွှေမှော်လုပ်ကွက်များ ရပ်နားထားခြင်းကြောင်း ဒေသခံပြည်သူများ အလုပ်လက်မဲ့ ဖြစ်နေကြောင်း နာဂရိုးရာစာပေးနှင့် ယဉ်ကျေးမူ အဖွဲ ဥက္ကဌ ဦးစိန်ယုံ ကပြောသည်။
ရှင်ဗွေယန်မြို့မှနေတဲ့ ဒေသခံပြည်သူတွေက လယ်ယာမြေမရှိတဲ့အတွက်ကြောင့် ရွှေတူးဖော်တဲ့လုပ်ငန်းတွေမှ နေ့စားအဖြစ်နဲ့  မိသားစု စားဝတ်နေရေးအတွက် အဓိကထားပြီး ရှာဖွေ စားသောက်နေကြရတာပါ ခုလို ရွှေမှော်လုပ် ကွက်တွေ ရပ်နားထားတဲ့အတွက် စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေပါတယ်လို့ ယင်းကပြောကြားသည်။
အဓိကရွှေမှော်လုပ်ကွက်တွေ ပိတ်ထားရတဲ့ အကြောင်းက တနိုင်မြို့နယ်နဲ့ ရှင်ဗွေယန်မြို့ကို တင်ပို့ရောင်ချနေတဲ့ လောင်စာဆီတွေ ပိတ်ပင် ထားရှိတဲ့ အတွက်ကြောင့် လုပ်ငန်းတွေ ရပ်နားထား ရတာပါ ခုပိတ်ထားတား တစ်လ ကျော်ပြီ၊ လောင်စာဆီတင်မကဘူး ဆန်တွေလည်း ပိတ်ထားတယ် ဆက်ပြီးတော့ပိတ်ထား မယ်ဆိုရင် ဒီမှာရှိတဲ့ ဒေသခံပြည်သူတွေ အခက်ခဲများစွာနဲ့ တွေကြုံနေမှာ ဖြစ်တယ်လို့ ဆက်လက်ရှင်းပြသည်။
ကျွန်တော်တို့က ရွှေတူးဖော်တဲ့ လုပ်ကွက်မှာ နေ့ စားနဲ့ ဝင်လုပ်နေတာပါ၊ တခြားလယ်ယာမြေလည်း လုပ်ကိုင်စာသောက်တဲ့ နေရာမရှိဘူး ဆက်ပြီးတော့ လုပ်ကွက်တွေ ပိတ်ထားအုံးမယ်ဆိုမိသားစု စားဝတ်ေ်နရေးအတွက် အခက်ခဲတွေနဲ့ ကြုံ့ နေရမှာဖြစ်တယ်လို့  ရှင်ဗွေယန်မြို့နေ ဒေသခံတစ်ဦးက ပြောပြသည်။
ရွှေမှော်လုပ်ကွက်တွေ မြို့နဲ့ တစ်မိုင်ကျော်လောက်ဝေတယ်၊ လုပ်ကွက်မှာ အခြေချပြီး နေထိုင်နေတဲ့ မိသားစုဝင်ကလေးတွေဟာ ကျောင်းလာတက်တဲ့ နေရာမှာ ခုဆို လမ်းလျှောက်လာနေရတယ်၊ ယခင်က ဆိုင်ကယ်နဲ့ လာတာ၊ အကြောင်းရင်းက လုပ်ကွက်တွေ ရပ်နားထားတာရယ် ဆန်နှင့် လောင်စာဆီ သယ်ယူခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့  ပြောပြသည်။
ရှင်ဗွေယန်မြို့တွင် တရားဝင် လုပ်ကိုင်နေသော ရွှေမှော် လုပ်ကွက်နှင့် တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ကွက်ပေါင်း သုံးဆယ်ကျော်ရှိပြီး ဒေသခံများအနေဖြင့် ရွှေတူးဖော်သည့်လုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်နေရကြောင်း သိရသည်။
မင်းထွန်းဇော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရွှေကမ္ဘာအိမ်ရာမှာနေထိုင်တဲ့ ဦးအောင်မင်း၊ ဒေါ်ခင်နန်းတင့်တို့ရဲ့ နေအိမ်မှာ အိမ်အကူအလုပ်လုပ်ကိုင်ခဲ့တဲ့ အသက် ၁၀ နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးကို သွား ၆ ချောင်းကျိုးတဲ့အထိ နှိပ်စက်ခဲ့တယ်ဆိုပြီး အုပ်ထိန်းသူတွေက ဘုရင့်နောင်နယ်မြေရဲစခန်းမှာ အပြင်းအထန်နာကျင်စေမှု ရာဇသတ် ကြီးပုဒ်မ ၃၂၅ အပါအ၀င် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။
နှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ နန်းမို့မို့အေးရဲ့ အဖွားဖြစ်သူက တရားလိုလုပ်ပြီး အမှုဖွင့်တိုင်တန်းထားတာကြောင့် စွပ်စွဲသူရော စွပ်စွဲခံရသူတွေကိုပါ စစ်ဆေးဆောင်ရွက်နေတယ်လို့ အမှုကိုစစ်ဆေးနေတဲ့ ဘုရင့်နောင်နယ်မြေ ရဲစခန်းက ဒုရဲအုပ် ဖုန်းကျော် က ပြောပါတယ်။
"သူ့ရဲ့အုပ်ထိန်းသူပေါ့ဗျာ၊ ဒေါ်ခင်ဝင်းဆိုတာက နန်းမို့မို့အေးရဲ့ အဖွား၊ သူကနေမှ တရားလိုလုပ်ပြီးတော့ ကျနော်တို့ စခန်းမှာ အမှုဖွင့်ထားတာခင်ဗျ၊ စွပ်စွဲသူတို့၊ စွပ်စွဲခံရသူတို့ကို ကျနော်တို့ စစ်ဆေးဆောင် ရွက်နေတဲ့ အဆင့်မှာပဲရှိသေးတယ်ဗျ၊ ကျန်တာတော့ အသေးစိတ်ထုတ်ပြန်လို့ မရသေးပါဘူး၊ တိုင်စာပါအချက်အလက်တွေ မှန်ကန်မှုရှိ၊ မရှိ ကျနော်တို့ စစ်ဆေးနေတယ်၊ ဒီကလေးမလေးတွေကို သူတို့ခံစားခဲ့ရမှုတွေကို ကျနော်တို့ မေးမြန်းစုံစမ်းနေပါတယ်"
အိမ်အကူမိန်းကလေးရဲ့ အုပ်ထိန်းသူတွေဘက်က ဇန်န၀ါရီလ ၃ ရက်နေ့က ဘုရင့်နောင် နယ်မြေရဲစခန်းမှာ လူမှုရေးအရညှိနှိုင်းပေးဖို့ လာရောက်အကူအညီတောင်းခဲ့ရာမှာ ရဲစခန်းဘက်က ဥပဒေနဲ့မညီတဲ့ အတွက် ဆောင်ရွက်မပေးနိုင်ကြောင်း ပြောခဲ့ပြီးနောက် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ အခုလို တရားဝင်အမှု ဖွင့်ခဲ့တာဖြစ်တယ်လို့လည်း ဒုရဲအုပ်ဖုန်းကျော်က ပြောပါတယ်။
အိမ်အကူတွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာက နေအိမ်ဟာ ဒုဗိုလ် မှူးကြီး(ငြိမ်း) ရဲ့ နေအိမ်ဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းဘက်ကတော့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဥပဒေတွေရဲ့ အားနည်းချက်ကြောင့် အသက်မပြည့်တဲ့ အိမ်အကူနဲ့ အလုပ်သမားတွေအပေါ် အလုပ်ရှင်နဲ့ အိမ်ရှင်တွေက ညှဉ်းပန်းနှိပ်စက်မှုတွေ မကြာခဏဖြစ်ပေါ်နေတယ်။
အဲဒါကြောင့် အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းဖို့ လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ၂၀၁၆ ခုနှစ် နိုဝင်ဘာလ တုန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရန်ကုန်၊ ဇန်နဝါရီ ၁၉
Yangon Bus Service ယာဉ်လိုင်းများတွင် အကူအညီပေးနေသည့် Volunteer လက်ပတ်များဝတ်ဆင်ကာ ခရီးသည်နှင့် ယာဉ်မောင်း၊ ယာဉ်အကူများကို စိတ်အနှောင့်ပေးနေသူများရှိနေခြင်းကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇန်နဝါရီ(၁၉) ရက်တွင် Volunteer လည်ဆွဲကဒ်များ ထုတ်ပေးနေကြောင်း သိရှိရသည်။
အဆိုပါ Volunteer လက်ပတ်ဝတ်ဆင်ထားသူများသည် ခရီးသည်များကို ဆဲဆိုခြင်းအပြင် စိတ်အနှောက်ယှက်ဖြစ်စရာများ ပြုလုပ်နေခြင်းကြောင့် Volunteer များမှလည်း ခရီးသည်များကို သတိပေးမှုများ ရှိနေကြောင်း သိရသည်။
“အခုကဒ်တွေထုတ်ပေးတာက လက်ပတ်အတုတွေ ရှိတာကြောင့်လို့ထင်တယ်။ လက်ပတ်အတုတွေနဲ့ ပတ်သက်ပြီးတော့လည်း မကောင်းတဲ့သတင်းတွေတော့ ကြားနေရတယ်။ ဒါကြောင့်မို့လို့ အခမဲ့ကူညီတဲ့ သူတွေကို နာမည်နဲ့တကွ ကဒ်ပေးနိုင်အောင် စီစဉ်တာဖြစ်တယ်။”ဟု အလုံမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။
Yangon Bus Service ကို ဇန်နဝါရီ (၁၆)ရက်မှ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကာ Volunteer များ အနေဖြင့် ဇန်နဝါရီ (၂၀) ရက်အထိ အခမဲ့ကူညီပေးရန် စီစဉ်ထားကြောင်း သိရသည်။
“လက်ပတ်အတုတွေ ပတ်ပြီးတော့ ကားသမားတွေနဲ့ ခရီးသည်တွေကို ရန်တိုက်ပေးတာတွေလုပ်နေတယ်လို့ သိရတယ်။ ဒါတွေကို တွေ့တယ်ဆိုရင် ဗွီဒီယိုဖိုင်တွေ ဓာတ်ပုံတွေနဲ့ တိုင်ကြားနိုင်တယ်လို့လည်း သိရတယ်။”ဟု YBS များပြေးဆွဲရာတွင် Volunteer ပြုလုပ်နေသူ တစ်ဦးက ပြောသည်။
YBS ယာဉ်လိုင်းများကို ပြေးဆွဲရာတွင် အခက်အခဲများရှိနိုင်ခြင်းကြောင့် ကူညီပေးမည့်သူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိုနှိုင်းခြင်းများ ပြုလုပ်ကာ ဇန်နဝါရီလ (၁၆)ရက်မှ စတင်ကာ စေတနာရှင်ပေါင်းများစွာနှင့် အခမဲ့ ကားများမှ ပံ့ပိုးကူညီခြင်းများပြုလုပ်နေကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
နိရဉ္စရာ၊ ဇန်န၀ါရီ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဗိုလ်မှူးရွာအနီးရှိ ဘင်္ဂလီကျေးရွာ တစ်ရွာတွင် လက်နက်များ သိုလှောင်ထားကြောင်း သတင်းရရှိသဖြင့် တပ်မတော်နှင့် နယ်ခြားစောင့်တပ်မှ ရွာကို ၀ိုင်းဝန်းကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။
“ ဒီကနေ့ ညနေ ၃ နာရီ ၅၀ လောက်ကတည်းက အဲဒီရွာကို ၀ိုင်းဝန်းထားပြီး လက်နက်တွေကို ရှာဖွေမှု လုပ်နေပါတယ်။ လက်နက် ၅၀ ခန့် ရွာထဲမှာ ၀ှက်ထားတယ်လို့ သတင်းရတဲ့ အတွက် ရှာဖွေနေတယ်လို့ သိရပါတယ်။ အခု ကျွန်တော်ကိုယ်တိုင် စစ်သားတွေနဲ့ ရဲတွေကို မြင်နေရတယ်။ အနီးကို သွားခွင့်မရတဲ့ အတွက် တိတိကျကျတော့ ဘာမှ မပြောနိုင်ပါဘူး” ဟု ဗိုလ်မှူးရွာမှ ရွာသား တစ်ဦးက ညနေ ၄ နာရီကျော်မှ နိရဉ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။
အခု ရှာဖွေနေသော ဘင်္ဂလီရွာမှာ ဗိုလ်မှူးရွာနှင့် ကပ်ရပ် သီရီမင်္ဂလာ ခန်းမ အရှေ့ဘက် ကျေးရွာ ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်က မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်းနောက်ဘက်က ကျေးရွာ ဖြစ်ကြောင်း၊ သေနတ်ပစ်ခတ်မှု မရှိကြောင်း၊ ဇော်ဟီးဆိုသော ဘင်္ဂလီ တစ်ဦးကို ရှာဖွေနေကြောင်း၊ ဖမ်းဆီးခံထားရသော ဘင်္ဂလီ အကြမ်းဖက်သမားများ၏ ထုတ်ဖော်ပြောကြားချက်အရ ရှာဖွေနေခြင်း ဖြစ်သည်ဟု သတင်းရကြောင်း ဗိုလ်မှူးရွာသားက ဆက်လက် ပြောကြားသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး အာဏာပိုင်များအား ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသဖြင့် လက်နက်ဖမ်းဆီးရမိခြင်း ရှိ မရှိ အပါအ၀င် ဖြစ်စဉ် အသေးစိတ်အား တင်ပြနိုင်ခြင်း မရှိပါ။
Narinjara
https://www.facebook.com/Narinjara
ပြည်ပသတင်းဌာနအချို့မှ သတင်းရေးသားထုတ်လွှင့်ဖော်ပြခဲ့သည့် Zafor Alam ၏ ပြောကြားချက် နှင့်ပတ်သက်ပြီး သက်ဆိုင်တာဝန်ရှိသူများက အဖြစ်မှန်ဖော်ထုတ်နိုင်ရေး ဆက်လက်စုံစမ်းမှု ပြုလုပ်လျက်ရှိ
နေပြည်တော် ဇန်န၀ါရီ ၊ ၁၉
ပြည်ပသတင်းဌာနအချို့တွင် ထုတ်လွှင့်ဖော်ပြသွားသည့် နတ်မြစ်အတွင်း ၁၆ လသားအရွယ် မိုဟာ မက်ရှုဟာဘတ် သေဆုံးနေသည့် သတင်းနှင့် ၄င်း၏ဖခင်ဆိုသည့် Zafor Alam ၏ ပြောကြားချက်ကို သတင်းထုတ်လွှင့်ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ရာ လက်တွေ့မြေပြင်တွင် ဖြစ်စဉ်မရှိခဲ့သည့်အတွက် ဖြစ်စဉ်မှန် တိတိကျကျ ဖော်ထုတ်နိုင်ရေး ဆက်လက် စုံစမ်းမှုပြုလုပ်လျက်ရှိသည်။
မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာသည့် လှေအား မြန်မာနိုင်ငံနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ လက်လွှတ်စပယ် ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအ၀င် (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိုသေဆုံးသူများထဲတွင် ၁၆ လသား အရွယ်ကလေးငယ်ပါဝင်ကြောင်း၊ အဆိုပါ ၁၆ လ သားအရွယ် မိုဟာမက်ရှုဟာဘတ် သေဆုံးနေသည့်ပုံအား အခြားသူများက ဓာတ်ပုံရိုက်ယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ LADA ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် ဖခင်ဖြစ်သူ Zafor Alam ထံသို့ ပေးပို့ခဲ့ကြောင်းကို ပြည်ပသတင်းဌာနအချို့မှ သတင်းရေးသား ထုတ်လွှင့်ဖော်ပြခဲ့သည်။
ထို့ကြောင့် သက်ဆိုင်ရာက Zafor Alam နှင့်ပတ်သက်ပြီး လိုက်လံစုံစမ်းခဲ့ရာ ဦးရှင်းကျား ကျေးရွာတွင် Zafor Alam ဆိုသူတစ်ဦးရှိရာ ၄င်းမှာလွန်ခဲ့သည့် (၂) လခန့်ကတည်းက ကျောက်ဖြူ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး ဓါတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးရာ သတင်းဌာနများမှ မေးမြန်းခဲ့သည့် Zafor Alam မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။
သို့ဖြစ်၍ သက်ဆိုင်ရာက သတင်းတွင် ပါရှိသော Zafor Alam နှင့်ပက်သတ်၍ ဆက်လက် စုံစမ်းရာ Zafor Alam မှာ ရေခပ်ချောင်းဂွဆုံကျေးရွာတွင် နေထိုင်သူဖြစ်သည်ကို သိရှိရပြီး ၄င်းနှင့်တစ်ရွာတည်း နေထိုင်ကြသူများအား စုံစမ်းမေးမြန်းခဲ့သည်။
Zafor Alam နှင့် တစ်ရွာတည်းနေထိုင်သည့် ရေခပ်ချောင်းဂွဆုံကျေးရွာမှ ကျေးရွာတာဝန်ခံ မာမောက်ဆလင်(ဘ) နာတီဟူဆောင်းအားမေးမြန်းရာ Zafor Alam ကို ကောင်းစွာသိရှိကြောင်း၊ ၄င်းမှာ ရေခပ်ချောင်းဂွဆုံကျေး ရွာတွင်နေထိုင်ကြောင်း၊ ၄င်း၏ဖခင် ဒူဒူမီယာနှင့် မိခင်မရိုဆက်မှာ လွန်ခဲ့သည့် (၁၀) နှစ်ခန့်က မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြောင်း၊ ၄င်းမှာ သားအကြီးဆုံး ဖြစ်ကြောင်း၊ ၄င်းတွင် သားနှစ်ဦးရှိပြီး ဆိုဖိုက်တ် (၃) နှစ်နှင့် ၁ နှစ် ၆ လအရွယ် မိုဟာမက် ရှုဟာဘတ်တို့ ရှိကြောင်း၊ လွန်ခဲ့သည့်(၂)လခန့်က နေအိမ်မီးရှိုခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ LADA စခန်းသို့ ထွက်ပြေးသွားကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့် ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက် သည်ကို မကြားသိကြောင်း၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားခဲ့သည်။
အလားတူ ရေခပ်ချောင်းဂွဆုံကျေးရွာ ဆယ်အိမ်မှူး မာမောက်ရော်ရှီ (ဘ) အော်လီအာမောက် က မိမိမှာ ရေခပ်ချောင်းဂွဆုံကျေးရွာ နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် (၁၄) ရက်က ဆယ်အိမ်မှူး တာဝန် ထမ်းဆောင်ကြောင်း၊ Zafor Alam ကို ကောင်းစွာသိရှိကြောင်း၊ အိမ်ထောင်စု (၁၁၂) တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် (၂) လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့် ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။
ရွာခန့်စာရေး ဆော်လီမော်လာ(ဘ)ဇာဖော့ဟူဆိန်းကလည်း မိမိမှာ ရေခပ်ချောင်းဂွဆုံကျေးရွာ ဇာတိဖြစ်ပြီး လွန်ခဲ့သော (၃) နှစ်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရွာခန့်စာရေးအဖြစ် တာဝန် ထမ်းဆောင်နေကြောင်း၊ Zafor Alam ကို ကောင်းစွာသိရှိပြီး အိမ်ထောင်စု (၁၁၂) တွင် နေထိုင်ကြောင်း၊ လွန်ခဲ့သည့် (၂) လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရ ကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့်ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။
ရပ်မိရပ်ဖ မာမက်တာလောင်(ဘ)ဘော်ဇော်မျှာလည်း မိမိမှာ ရေခပ်ချောင်းဂွဆုံကျေးရွာဇာတိ ဖြစ်ပြီး Zafor Alam ကို ကောင်းစွာသိရှိပြီး အိမ်ထောင်စု (၁၁၂) တွင်နေထိုင်ကြောင်း၊ လွန်ခဲ့သည့် (၂) လ ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့်ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ် မှုကြောင့် ကလေးငယ်များနှင့်အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။
ဦးရှင်းကျားကျေးရွာ နေထိုင်ပြီး ကျပန်းအလုပ်လုပ်ကိုင်သူ မာမက်ရော်ဖီး (ဘ) ကာလာမျာ ကလည်း Zafor Alam ကို ကောင်းစွာသိရှိပြီး ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူဖြစ်ကြောင်း၊ ၄င်းထံမှ ပစ္စည်း ၀ယ်ယူလေ့ရှိသည့်အတွက် ကောင်းစွာသိရှိ ရင်းနှီးပါကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့်ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ် မှုကြောင့် ကလေးငယ်များနှင့်အမျိုးသမီးများ သေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။
Zafor Alam ၏ ညီမအရင်းဖြစ်သူ ရေခပ်ချောင်းဂွဆုံကျေးရွာနေ ဆေဒါခါတွန်(ခ) ဆော်ရော် တာခါတူ(ဘ) ဒူဒူမီယာက မှတ်တမ်းဓာတ်ပုံပါ Zafor Alam (ခ) ဇာဖာဟူဆင်အား ကောင်းစွာသိရှိပြီး မိမိ၏အစ်ကိုအရင်းဖြစ်ပါကြောင်း၊ အိမ်ထောင်စု (၁၁၂) တွင် နေထိုင်သူဖြစ်ပြီး ၄င်းတွင် သားနှစ်ဦးရှိကြောင်း၊ ဆိုဖိုက်တ်(၃) နှစ်နှင့် ၁ နှစ် ၆ လ အရွယ် မိုဟာမက်ရှုဟာဘတ် တို့ဖြစ်ကြောင်း၊ Zafor Alam (ခ) ဇာဖာဟူဆင်မှာ နေအိမ်မီးလောင်ခံရပြီး လွန်ခဲ့သည့် (၂) လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားပြီး LADA ဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိကြောင်း၊ ဇနီးနှင့် သားနှစ်ဦးမှာ လွန်ခဲ့သည့် (၂) လခန့်က နေအိမ်မှထွက်ခွာသွားပြီး ယနေ့အထိ ပြန်လည် ရောက်ရှိ လာခြင်းမရှိဘဲ သေဆုံးသွားသည်ဟု သတင်းကြားသိရပါကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက် (၅) ရက်တို့တွင် ဦးရှင်းကျားချောင်းနှင့်ချောင်းဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးထွက်သည့် လောင်းလှေ တိမ်းမှောက်သည်ကို မကြားသိကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများသေဆုံးကြောင်းကို မကြားသိကြောင်း ပြောကြားသည်။
သတင်းမီဒီယာအချို့တွင် ဦးရှင်းကျားကျေးရွာမှ Zafor Alam ဟု ဖော်ပြခဲ့သော်လည်း လက်တွေ့ မြေပြင်တွင် ဦးရှင်းကျားကျေးရွာမှ Zafor Alam ဆိုသူမှာ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုများ မဖြစ်ပွားမီကပင် ဘီဒီပြေးအဖြစ် ကျောက်ဖြူအကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံနေရသူဖြစ်ကြောင်း သိရှိရသည်။ သတင်းဌာနပါ Zafor Alam ၏ ဓါတ်ပုံဖြင့် လိုက်လံ ရှာဖွေရာ ရေခပ်ချောင်းဂွဆုံ ကျေးရွာတွင် နေထိုင်ခဲ့သည့် အထောက်အထားများ တွေ့ရှိရသော်လည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့များတွင် လှေတိမ်းမှောက်သည့် ဖြစ်စဉ် သတင်းများ မတွေ့ရှိရပေ။ သို့သော်လည်း သတင်းမီဒီယာများတွင် ဖော်ပြပါရှိသော ဖြစ်စဉ်သတင်းနှင့် စပ်လျဉ်း၍ ပိုမို တိကျစွာ သိရှိနိုင်ရန် ဆက်လက် စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အမေရိကန် B-2 ဗုံးကျဲလေယာဉ်
လစ်ဗျားနိုင်ငံ၊ Sirte မြို့ရဲ့ အနောက်တောင်ဘက် ၄၅ ကီလိုမီတာလောက်အကွာက IS အစွန်းရောက်အဖွဲ့ရဲ့ စခန်းတွေကို အမေရိကန် B-2 ဗုံးကျဲလေယာဉ်တွေနဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာဖြစ်ပြီး သက်တမ်းကုန်ဆုံးတော့မယ့် သမ္မတ အနေနဲ့ ခွင့်ပြုချက်ပေးတဲ့ နောက်ဆုံး စစ်ရေးလုပ်ဆောင်ချက် ဖြစ်ဖွယ်ရှိပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက Sirte မြို့ကို ပြန်သိမ်းတဲ့အချိန် ထွက်ပြေးလွတ်မြောက်သွားတဲ့ အစွန်းရောက် အကြွင်းအကျန်တွေကို ရှင်းလင်းဖို့ ရည်ရွယ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။
တိုက်ခိုက်မှုမှာ စခန်းနှစ်ခုကို ထိမှန်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ပန်လီရွာနှင့် ငါးမိုင်ခန့်အကွာတွင် ဇန်နဝါရီလ (၁၇) ရက်က ကားမောင်းလာသည့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီးဖြစ်သူတို့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ပစ်၍ ကားကိုမီးရှို့သွားကြောင်း သိရသည်။
မိုင်းခုတ်မြို့နယ် ဝမ်တောင်းကျေးရွာအုပ်စုပူကျွဲ (၂) ကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သည့် ဦးအားထောနှင့် ဇနီး ဒေါ်ဘူဒေါ့တို့သည် ပြည်သူ့စစ်အဖွဲ့ဝင် လော်ထူနှင့် အခြားတစ်ဦးလိုက်ပါပြီး ကျိုင်းတုံမြို့မှ ဇန်နဝါရီလ (၁၇) ရက် ညနေ (၃)နာရီခန့်တွင် မိုင်းခုတ်မြို့နယ် ဝမ်တောင်းအုပ်စု ပူးကျွဲရွာသို့ ပြန်ရန် ထွက်ခွာသွားရာ ညနေ (၅)နာရီခွဲခန့်တွင် ဦးအားထောနှင့်အတူ လိုက်ပါသွားသည့် လော်ထူက ၎င်းတို့ လိုက်ပါသွားသည့် ကားအား ပန်လီရွာအကျော်တွင် လက်နက်ကိုင်လူတစ်စုမှ ပစ်ခတ်သဖြင့် ဦးအားထောနှင့် ဒေါ်ဘူဒေါ့တို့မှာ ယာဉ်ပေါ်တွင် သေနတ်ထိမှန်သေဆုံးသွားပြီး ကားမီးလောင်သွားကြောင်း ကျိုင်းတုံမြို့နေအိမ်သို့ ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့များ လာရောက် စစ်ဆေးချိန်တွင် မီးလောင်နေသည့် မော်တော်ယာဉ်အတွင်းမှ ပြာကျနေသည့် အရိုးစုကိုသာ တွေ့ရပြီး ဦးအားထောနှင့်အတူ လိုက်ပါသွားသည့် ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် လော်ထူနှင့် လော်ဗြဲတို့မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာရ၍ ကားယာဘက်တံခါးအား တွန်းဖွင့်၍ လမ်း၏ယာဘက်ရှိ လျှိုထဲသို့ ခုန်ချထွက်ပြေးပြီးနောက် အခင်းဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် မိုင်းခွန်ဘက်မှလာသော ကားကြုံအကူအညီဖြင့် ပန်လီကျေးရွာဆေးရုံသို့ ရောက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။
မီးလောင်ထားသည့် ကားအတွင်းမှ အမ် ၁၆ သေနတ်၊ အမ် ၂၁ သေနတ်တို့အား မီးလောင်နေသည်ကို တွေ့ရပြီး ကား၏အနောက်ဘက် ဆယ်ပေခန့်အကွာတွင် ကျည်ခွံတစ်ခု၊ ပေ (၂၀)ခန့်အကွာတွင် ကျည်ခွံ (၅)ခု၊ ကား၏ဘေးဘက် ဝဲဘက်ပေ(၂၀)ခန့်အကွာ (၁၂)ပေအမြင့် ကမ်းပါးယံနှင့် ရေနှုတ်မြောင်းထဲမှ ကျည်ခွံ (၁၄)ခုတို့ကို လည်းကောင်း အခင်းဖြစ်နေရာအနီး ကမ်းပါးယံတောင်ကုန်းပေါ်မှ ကတုတ်ကျင်း အတွင်းမှ ကျည်ခွံ (၁၈)ခုနှင့် ပြောက်ကျားလျှာထိုးဦးထုပ်တို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
အရိုးစုများအား သိမ်းဆည်းပြီး ဒဏ်ရာရရှိသူနှစ်ဦးကို ကျိုင်းတုံမြို့ဆေးရုံသို့ပြောင်းရွှေ့ထားကြောင်း သိရသည်။
"အခု အသတ်ခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်က မကြာမီအချိန်တွင်းက ကားထဲမှာ မူးယစ်ဆေးဝါးမိလို့ ဖမ်းဆီးခံရပေမယ့် မလိုလားတဲ့ ရွာသားတစ်ဦးရဲ့ အမှုဆင်တိုင်ကြားမှုဖြစ်ကြောင်း သက်သေပြသနိုင်တဲ့ အတွက် အမှုကနေ ကွင်းလုံးကျွတ်လွတ်လာခဲ့သူလို့ သိရပါတယ်.."ဟု မိုင်းခုတ်မြို့မှ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၁၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၀၇ ဖြင့် အမှုဖွင့်ပြီး သေနတ်ဖြင့်ပစ်သွားသည့် လက်နက်ကိုင်အဖွဲ့အား စုံစမ်းနေကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
Tachileik News Agency
http://www.tachileik.net
OIC အဖွဲ့ဝင် နိုင်ငံတွေရဲ့အစည်းအဝေးကို ကန့်ကွက်ကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့က နိုင်ငံရေးသိပ္ပံကျောင်းသူဟောင်း မမြတ်ဆုမွန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်စဉ်။ Photo: Thant Zin Oo/RFA
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံမှာပြုလုပ်တဲ့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေရဲ့အစည်းအဝေးကို ကန့်ကွက်ကြောင်းနဲ့ မြန်မာနိုင်ငံကို ဖိအားပေးခြင်းကို ကန့်ကွက်ရှုတ် ချကြောင်း အမျိုးသားရေး လှုပ်ရှားသူ နိုင်ငံရေးသိပ္ပံကျောင်းသူဟောင်း မမြတ်ဆုမွန်က ဒီကနေ့ ရန်ကုန်မြို့မှာ တစ်ကိုယ်တော် ဆန္ဒပြပါတယ်။
OIC အစည်းအ၀းမှာ မြန်မာနိုင်ငံကိစ္စဆွေးနွေးတာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်တဲ့ အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ မမြတ်ဆုမွန်က ပြောပါတယ်။
အခုလို တစ်ကိုတော်ဆန္ဒထုတ်ဖော်မှုက အကျိုးသက်ရောက်မှုမရှိရင် အဖွဲ့လိုက်ပါ ထပ်လုပ်သွားဖို့ရှိတယ်လို့လည်း မမြတ်ဆုမွန်က ပြောခဲ့ပါတယ်။
မမြတ်ဆုမွန်ဟာ ရန်ကုန်တက္ကသိုလ်ရှေ့ကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ မလေးရှားသံရုံးအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြတာဖြစ်ပြီး သူ့ကို အမျိုးသားရေးလှုပ်ရှားသူအချို့က ဝန်းရံခဲ့ပါတယ်။
အဲဒီလို ဆန္ဒပြတဲ့အပြင် မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးရဲ့အခွင့်အရေးကိုလိုက်နာဖို့၊ နိုင်ငံရေးအချုပ်အခြာ အာဏာကို လိုက်နာဖို့နဲ့ မြန်မာနိုင်ငံရဲ့အရေးကိစ္စကို အခြားနိုင်ငံမှာ အစည်းအဝေးလုပ်တာကို ကန့်ကွက်ကြောင်း စတာတွေပါဝင်တဲ့ စာတစ်စောင်ကို မလေးရှားသံရုံးကို ပေးပို့ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အမျိုးသမီး ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ ရပ်ကွက်အတွင်း ယူနီဖောင်းဝတ်၍ လှည့်
ထိုသို့ရှာဖွေရာ နေအိမ်အပေါ်ထပ်ရှိ မဇင်မာသင်းအိပ်ခန်းအတွင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တံဆိပ်ပါ အမျိုးသမီးရဲတပ်ဖွဲ့ဝင်ဆောင်း ဦးထုပ်တစ်လုံး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘတ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ဘတ်တံဆိပ်ပါ ယူနီဖောင်းအကျီ င်္တစ်ထည်နှင့် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်ဝတ်ဆင်သည့် သတ်မှတ်ပုံစံ စကတ်တစ်ထည်တို့ကို တွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး မဇင်မာသင်းကို ရဲစခန်းသို့ခေါ်ဆောင်လာခဲ့ကာ ဥပဒေအရ အ ရေးယူပေးပါရန် ဒုရဲအုပ်ကိုကိုအောင်က တရားလိုပြု တိုင်တန်းခဲ့ရာ မုံရွာနယ်မြေရဲ စခန်း(ပ)၃၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ၁၇၁အရအမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ - မုံရွာနယ်မြေ ရဲစခန်း
မျိုးဝင်းထွန်း မုံရွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဇန္န၀ါရီလ ၁၉ ရက်နေ၊ ၂၀၁၇ ခုနှစ်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃၊ ၄၊ ၅၊ ၆) လက်အောက်ရှိ တပ်စခန်းကုန်း တချို့တွင် အစိုးရတပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိပြီး (KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား ယမန်နေ့က မြန်မာ့တပ်မတော်မှ သိမ်းပိုက်လိုက်သည် ဟု သိရသည်။
ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန်မာ့တပ်မတော်မှ ယမန်နေ့က ၀င်ရောက် သိမ်းပိုက်လိုက်သည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ ၃ တပ် ရင်း ၁၂ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဂျွန်းအောင်မှ အတည်ပြု ပြောဆိုသည်။
“ဟုတ်ပါတယ် မနေ့က ၁၀ နာရီလောက်မှာ ၀င်သွားတယ် သူတို့ အဲဒီ မြန်မာ စစ်ကြောင်းကနေ ၀င်သွားတယ်။ ၅ ရက် ၆ ရက်လောက် တိုက်ခိုက်တယ်။ ဆင်တွေရော၊ လေယာဉ်နဲ့ရော သူတို့ ၀င်တိုက်လို့ အဲဒါ ကျနော်တို့ နည်းနည်းတော့ ဆုတ်ပေးလိုက်တဲ့ သဘောပေါ့။ ကျနော်တို့ တပ်စခန်း အဟောင်းတွေ ကျနော်တို့ဖက်က မီးရှို့ ပစ်တဲ့ နောက်ပိုင်း ၂ ရက် ၃ ရက်ဆိုမှ သူတို့ဝင်လို့ရသွားတယ်။” ဟု ဒု-ဗိုလ်မှူး ကြီး ဂျွန်းအောင် က ပြောသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မန်စီနှင့် ရွှေကူမြို့နယ်တို့တွင် တိုက်ပွဲ များ ပြင်းထန်လျှက်ရှိပြီး အစိုးရတပ်မတော်မှ တပ်အင်အားတိုးချဲ့မှုများဆက်လက် လုပ်ဆောင်နေသည် ဟု ဒု-ဗိုလ်မှူးကြီး ဂျွန်းအောင် က ဆက်ပြောသည်။
“မနေ့က ၁၀ နာရီကနေ ဒီနေ့ ဒီအထိတော့ အခုအထိတော့ မြည်နေသေးတယ်။ အခုထိုးစစ်ဆင် လုပ်နေတုန်းပဲ ဆိုတော့ ပြန်ဖြစ်လာမဲ့ အခြေအနေတော့ ရှိသေးတယ်။ တိုက်ခိုက်မှုရှိတယ်။ အခုက သူတို့ဘက်က တပ်မ ၈၈ ရယ် နောက်က တစ်ခြားတပ်ရင်းတွေလည်း ရှိသေးတယ်။ တပ်ရင် ၅ ရင်း ၆ ရင်း လောက် ရှိမယ်ထင်တယ်။ အခု ဒီလွယ်ခမ်းတို့ ဘာဖန် နမ့်လင်းပါ ဒီ တစ်ဝိုက်မှာ အခု စစ်ကြောင်း တွေ အခု ဒီကြားမှာ ရှိနေတယ်။ ရွှေလီမြစ် ကမ်းဖက် တစ်လျှောက်မှာလည်း တပ်အင်းအားတွေ ထပ်ဝင်လာ တယ်လို့ သတင်းကြားရတယ်။ နယ်မြေစိုးမိုးရေး သဘောလောက်ရှိနေပါတယ်။ သူတို့က အခုဒီ နမ့်လင်းပါတို့ မဂျီကုန်းတို့ ဒီကြားမှာ တပ်ရင်း ၂၇ နဲ့ ၁၂ အဲဒီထဲမှာ ဆိုလို့ရှိရင် သူတို့ ထိုးစစ်ဆင်တဲ့နေရာမှာဆို တပ်နေရာချတဲ့ သဘောပေါ့ အဲ့လိုရှိနေတယ်လို့ပဲ ယူဆတယ်။” ဟု ဒု-ဗိုလ်မှူးကြီး ဂျွန်းအောင် မှ ဆက် ပြောသည်။
တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁၂) ထိန်းချုပ်နယ်မြေအတွင်းရှိ နမ့်လင်းပါ(Nam Lin Pa)၊ နမ့်ဒတ်(Nam Dat) ဆဂါး(Saga)နှင့် ခလန်း(Hkalen) တပ်စခန်းကုန်းတို့တွင် လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည် ဟု သိရသည်။
ယခုရက်ပိုင်းအတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားလျက်ရှိပြီး မြန်မာ့ တပ်မတော်မှ ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ မြေပြင် ထိုးစစ်အပြင် လေ ကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် အသုံးပြုကာ ၎င်းစခန်းအား ယမန်နေ့က သိမ်းပိုက်ခဲ့သည်ဟု တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး facebook လူမှုကွန်ယက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ အတိအကျမသိရသေးပေ။
တပ်မဟာ(၃) တပ်ရင်း-၁၂ အနီးတဝှိုက်တွင် မန်ကောင်ရွာ၊ လွယ်ခမ်းရွာ၊ ဘာဖန်ရွာနှင့် နမ့်မော်ရွာတို့တည်ရှိပြီး အဆိုပါကျေးရွာမှ ဒေသခံ ရွာသားများအတွက် စိုးရိမ်ရကြောင်း ဒု-ဗိုလ်မှူးကြီး ဂျွန်းအောင် က ပြောသည်။
ထိုကဲ့သို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုများ ပြင်းပြင်း ထန် ထန် ပြုလုပ်နေခြင်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ် ထိုးရန် ဖိအားပေးနေခြင်းမျိုး ဖြစ်နိုင်သည်ဟု နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လေ့လာစောင့် ကြည့်သူများ က သုံး သပ်မှုများ ရှိနေသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ထိုးစစ်ဆင်တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက “စစ်ရေးအရ ဖိအားပေး တယ်လို့ တော် တော်များများက ယူဆကြပါတယ်။ ဆိုလိုတာက NCA မှာ အစိုးရက သတ်မှတ်ထားတဲ့ အတိုင်း လက်ခံပြီး ထိုး အောင်လို့ပေါ့နော်၊ အစိုးရဆိုတာလည်း တပ်မတော်က ဆုပ်ကိုင်ထားတဲ့ NCA မူ အတိုင်း မပြင်မဆင်ပဲနဲ့ ထိုး အောင် ဖိအားပေးတာ ဖြစ်နိုင်တယ်လို့ အများကတော့ သုံးသပ်ကြပါတယ်။ ဖြစ်လည်း ဖြစ်နိုင်ချေရှိပါ တယ်။ ဒါပေမယ့် အဲ့လိုဖိအားပေးလို့ကတော့ ကျနော်ကတော့ ရလာဒ်ကောင်း ရလာမယ်လို့ မထင်ဘူးဗျ။ စစ်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်လို့ မြင်ပါတယ်။” ဟု သုံးသပ် ပြောဆိုသည်။
မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ အရေးပါသော တပ်စခန်းကုန်းများ ဖြစ်သည့် ဂိဒေါင်၊ လိုင်ဖောင်နှင့် အနီးအနားရှိ တပ်စခန်းကုန်းငယ်များအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ လလယ် ပိုင်းမှ စတင်၍ သိမ်းပိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲများ ဆက်လက် ဆင်နွှဲနေသည်မှာ ယနေ့တိုင် ဖြစ်သည်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
http://www.nmg-news.com/