01/27/17



မုံရွာ၊ ဇန်နဝါရီ ၂၇။

မိမိစီးနင်းနေသော ကားပေါ်တွင် တရားမ၀င်သစ်များပါကြောင်း သတင်းရပါက ဖမ်းရန် ရဲတပ်ဖွဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားကြောင်း ပုလဲမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးဇော်ထက်က ပြောသည်။

ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ပုလဲမြို့သို့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ ရောက်ရှိပြီး ဌာန ဆိုင်ရာအဖွဲ့များနှင့် တွေ့ဆုံစဉ် ၀န်ကြီးချုပ်က ပြောခဲ့ကြောင်း ၄င်းက ဆိုသည်။
"သစ်မှောင်ခိုသယ်တာရဲ့ နောက်ကွယ်က လူတွေကို ၀န်ကြီးချုပ်က ရှာဖမ်းခိုင်းတာ။ သူ့ကားမှာတောင် သစ်ပါရင် ဖမ်းဖို့ အဲဒီလောက်အထိ အဆုံးစွန်ဆုံးပြောတယ်။ တိုင်းရဲတပ်ဖွဲ့မှူးလည်း ရှိတယ်။ ကျွန်တော်တို့နယ်မှာက သစ်ဖမ်းမှုတောင် အဌားတရားခံတွေ များတာ။ တကယ်လုပ်တဲ့သူ မမိဘူး"ဟု လွှတ်တော်အမတ်က ပြောသည်။

အလောင်းတော်ကဿ ပဘေးမဲ့တောအတွင်းမှ သစ်ခိုးထုတ်သူများ၏ အဓိက ထွက်ပေါက်လမ်းကြောင်းသည် ပုလဲမြို့ဖြစ်သောကြောင့် ၄င်းလမ်းကြောင်းများကို ပိတ်ဆို့ဖမ်းရန် ရဲတပ်ဖွဲ့သို့ ဒေသခံများက အကြံပေးမှုများ ရှိခဲ့ကြောင်း သိရသည်။
"လမ်းက ဂိတ်စောင့်ရဲတွေကလည်း လာဘ်မစားပဲ ဖမ်းဖို့လိုတယ်။ ရွာတွေထဲမှာ လွှစင်ထောင်ခွဲတဲ့သူတွေ ရှိတယ်။ အဲဒီရွာတွေကလည်း အနည်းစုပါ။ ၀င်ဖမ်းရဲဖို့ပဲ လိုတာ။ ပိုင်ရှင်မဲ့တွေ မဖြစ်ဖို့အရေးကြီးတာ "ဟု ပုလဲမြို့နယ်၊ ချင်ပြစ်ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း အုတ်မွန်းတော ရွာအနီးတွင် မှောင်ခိုသစ်ကားအား ထွေအုပ်နှင့် ရဲတပ်ဖွဲ့မှ သွားဖမ်းစဉ် လူအုပ်စုဖြင့် ၀ိုင်းရိုတ်ပြီး သစ်ကားကို ပြန်လည် ယူပြေးခဲ့သဖြင့် ၀န်ကြီးချုပ်နှင့်အဖွဲ့က ကွင်းဆင်းလာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစဉ်က သစ်ကားလုယူပြေးသူများသည် တောအတွင်းတစ်နေရာတွင် သစ်များကို စုပုံထားခဲ့ပြီး ကားကို ယူသွားခဲ့သဖြင့် သစ်များမှာ သိမ်းမိသော်လည်း ကားနှင့်တရားခံများ ပျောက်ဆုံးနေသည်ကို ဒေသခံများမှ အားမရ ဖြစ်နေကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar


(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ ၂၄ ရက်နေ့က ပုဂံဒေသကို သွားရောက်ကြည့်ရှုခဲ့စဉ်) Photo : Kaung Htet Kyaw/RFA
ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရေးအတွက် ပုဂံဒေသက ရှေးဟောင်းစေတီ ပုထိုးတော်တွေပေါ်ကို ခရီးသည်တွေတက်ခွင့်မပြုတော့ပဲ ရှုခင်းကြည့်ဖို့အတွက် စင်မြင့်တွေ စတင်ဆောက်လုပ်နေပြီလို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

စင်မြင့်တွေအားလုံး ဒီနှစ်ကုန်ပိုင်းမှာ ပြီးသွားပြီဆိုရင် ဘုရားတွေပေါ်ကို တက်ခွင့်လုံးဝပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့အတွက် သတ်မှတ်ဇုန်ချဲ့မယ်ဆိုရင် ပုဂံလူထုရဲ့ လူမှုဘဝတွေ ထိခိုက်နိုင်တာနဲ့ ပတ်သက်ပြီး လူထုကို အာမခံပေးတဲ့အနေနဲ့ ဒီရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ပုဂံတဝိုက်မှာ ပိုမိုစိုပြေလှပရေးနဲ့
ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုအဆင်ပြေရေးအတွက်လည်း ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ပုဂံမှာ အရင်အစိုးရလက်ထက်က ခွင့်ပြုခဲ့တဲ့ ဟိုတယ်တချို့ဟာ စည်းကမ်းချက်တွေကို
ချိုးဖေါက်ဆောက်လုပ်ခဲ့ကြောင်းလည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“ရှေးဟောင်းစေတီတွေနဲ့ ပေ ၁၂ဝ ကွာရင် ဆောက်လို့ရတယ်။ ပြီးတော့ ပေ ၃ဝ
ထက်မြင့်တဲ့ အဆောက်အဦးကို ဆောက်ခွင့်မရှိဘူး။ အကုန်လုံးက ဥပဒေနဲ့ မလုပ်ခဲ့ကြဘူး။ ခွင့်ပြုချက်မှာ ပါဝင်တာတွေကို မသိချင်ယောင်ဆောင်ခဲ့ကြတာတွေ ရှိတယ်ဗျ။ ကျနော့်လက်ထက်ကျမှ ကျနော့်ခေါင်းပေါ် အကုန်ပုံတော့တာပဲ”

အဲဒီလို သတ်မှတ်စည်းကမ်းချိုး ဖေါက်ဆောက်လုပ်ခဲ့တဲ့ ဟိုတယ်တွေကို လက်ငင်းမှာ ပြန်ဖျက်ချလို့ မဖြစ်နိုင်ပေမယ့် တချိန်ချိန်မှာ ဖယ်ရှားမှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲနေကြောင်းနဲ့ လူထုကို အဆင့်ဆင့်ချပြ အသိပေးမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/




တရုတ်နိုင်ငံရဲ့ အင်တာနက် အသုံးပြု ရောင်းဝယ်ရေး ဈေးကွက်မှာ အကြီးဆုံး ဖြစ်တဲ့ အလီဘာဘာ ကုမ္ပဏီရဲ့ အွန်လိုင်း ဒစ်ဂျစ်တဲလ် ငွေပေးချေရေး ဝန်ဆောင်မှု ကုမ္ပဏီ တခုဖြစ်တဲ့ အေအန်တီ ငွေကြေးဝန်ဆောင်မှု (Ant Financial) က အမေရိကန်အခြေစိုက် ငွေလွှဲ ကုမ္ပဏီ မန်းနီးဂရမ် (MoneyGram) ကို ဒေါ်လာ ၈၈၀ သန်း (ပေါင် ၇၀၀ သန်း) နဲ့ ဝယ်ယူလိုက်ပါတယ်။

မန်းနီးဂရမ် ဆိုင်ခွဲတွေဟာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ နီးပါးမှာ ဝန်ဆောင်မှု ပေးနေတဲ့ ဆိုင်ခွဲပေါင်း ၃၅၀,၀၀၀ ခန့် ရှိပါတယ်။

တရုတ် ကုမ္ပဏီရဲ့ သိမ်းယူမှုကို မန်းနီးဂရမ်ရဲ့ အမှုဆောင်လူကြီးများ ဘုတ်အဖွဲ့က သဘောတူညီ ထားပြီး ဖြစ်ပါတယ်။

အခု ဝယ်ယူမှုကို အမေရိကန် အစိုးရ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကော်မတီက အတည်ပြု ဖို့တော့ လိုပါသေးတယ်။ ဌာနပေါင်းစုံပါဝင်တဲ့ ဒီကော်မတီဟာ ပြည်တွင်းက အမေရိကန် လုပ်ငန်း ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားက ဝယ်ယူမှု ပြုလုပ်ရင် နိုင်ငံတော်လုံခြုံရေးအတွက် ပြန်လည် စိစစ်လေ့ရှိပါတယ်။

ဒီ ကုမ္ပဏီ နှစ်ခု ပူးပေါင်းမှုကြောင့် ကမ္ဘာတဝှမ်းက လူတွေဟာ ပိုမို လွယ်ကူ ရိုးရှင်းပြီ စိတ်ချရတဲ့ ငွေကြေးလွှဲပြောင်းမှု တွေ ပြုလုပ်နိုင်ပါမယ်၊ အထူးသဖြင့် အဓိက စီးပွားရေးရာ နိုင်ငံကြီးများ ဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ မက္ကစီကို၊ ဖိလစ်ပိုင် နိုင်ငံတွေ အတွက် အကျိုးရှိပါမယ်လို့ Ant Financial ရဲ့ အမှုဆောင် အရာရှိချုပ် အဲရစ်ဂျင်း က ပြောပါတယ်။

Ant Financial ဟာ တရုတ်နိုင်ငံရဲ့ ငွေပေးချမှု ဈေးကွက်မှာ နေရာ အများစု ယူထားတဲ့ ကုမ္ပဏီ တခုပါ။ အခု ပူးပေါင်းမှုကနေ နိုင်ငံခြား ဈေးကွက်ကိုလည်း ထိုးဖောက်လာနိုင်မယ့် သဘော ဖြစ်ပါတယ်။ တရုတ် ပြည်တွင်းမှာ Ant Financial ရဲ့ ပြိုင်ဘက် Tencents ကုမ္ပဏီ ရဲ့ WeChat ငွေပေးချေမှု လုပ်ငန်းကလည်း ကြီးထွားလာနေတဲ့ အချိန်ဖြစ်ပါတယ်။

အခု ဝယ်ယူမှု သတင်းကြောင့် အမေရိကန် ဈေးကွက်က မန်းနီးဂရမ်ရဲ့ ရှယ်ယာဈေးနှုန်းတွေ ၉ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.facebook.com/bbcburmese/


ဇန်န၀ါရီ ၂၄ ရက် ရက်စွဲဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ထုတ်ပြန်ခဲ့သည့် ၁၅ ပါတီ၏ ပူးတွဲသဘောထားကြေညာချက်တွင် တအောင်(ပလောင်)အမျိုးသားပါတီ-TNP ၏ နာမည်အတု၊ လက်မှတ်အတု ပါရှိခြင်းနှင့်ပတ်သက်၍ တအောင်း(ပလောင်)အမျိုးသားပါတီက ပြင်းထန်စွာကန့်ကွက်လိုက်ကြောင်း သိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ တအောင်း(ပလောင်)အမျိုးသားပါတီ-TNPက ဇန်န၀ါရီ ၂၅ ရက်စွဲဖြင့် ၁၅ ပါတီ၏ ပူးတွဲသဘောထားကြေညာချက်အပေါ်ကန့်ကွက်ကြောင်း သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ၁၅ ပါတီ၏ ပူးတွဲသဘောထားကြေညာချက်ကိုပါဝင်လက်မှတ်ရေးထိုးသူများစာရင်း၌ အမှတ်စဉ် ၁၁ တွင် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းကြိုင်အမည်ဖြင့် လက်မှတ်ရေးထိုးဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ ပါတီအနေဖြင့် တက်ရောက်ဆွေးနွေးကာ သဘောတူ၍လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် ဗဟိုအလုပ်အမှုဆောင်တွင် ဦးထွန်းကြိုင်အမည်မရှိဘဲ အမည်တု၊ လက်မှတ်တုရေးထိုးကာ ပါတီအမည်ကိုအလွဲသုံးစားပြုခြင်းနှင့် ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ၁၅ ပါတီ၏ ပူးတွဲသဘောထားကြေညာချက်ကို ထုတ်ပြန်သူများအနေဖြင့် ပါတီအမည်အား ပြန်လည်ပယ်ဖျက်ပေးရန်နှင့် ၁၅ ပါတီ၏ ပူးတွဲသဘောထားကြေညာချက်တွင်ပါရှိသော အချက် ၆ ချက်လုံးမှာ တအောင်း(ပလောင်)အမျိုးသားပါတီ-TNP၏ သဘောထားမဟုတ်ကြောင်းတို့ကို ဖော်ပြထားသည်။

“ပါတီဥက္ကဌက သွားတက်ခိုင်းလို့ အဲဒီပွဲကို သွားတက်တယ်။ သူတို့ဆွေးနွေးနေတာနဲ့ပတ်သက်ပြီး ဆွေးနွေးတာ၊ မှတ်ချက်ပေးတာ ဘာမှမရှိဘူး။ အစည်းအဝေးပြီးတော့ ပြန်တာပဲ။ ထုတ်ပြန်ချက်ထုတ်တဲ့အခါကျမှ နာမည်အတု၊ လက်မှတ်အတုနဲ့ ပါလာတာပါ”ဟု ဇန်န၀ါရီ ၂၄ ရက်က ရန်ကုန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးတွင်ကျင်းပသောအစည်းအဝေးသို့ တက်ရောက်ခဲ့သူ တအောင်း(ပလောင်)အမျိုးသားပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဦးထွန်းမြိုင်က ပြောသည်။

ဇန်န၀ါရီ ၂၄ ရက် ရက်စွဲဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ထုတ်ပြန်ခဲ့သည့် ၁၅ ပါတီ၏ ပူးတွဲသဘောထားကြေညာချက်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းရာတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ညှိုနှိုင်းတိုင်ပင်ခြင်းမရှိသည့်ကိစ္စ၊ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ထားသော အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ခန့်အပ်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ ခန့်အပ်ခြင်းကိစ္စနှင့် နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာခြိမ်းခြောက်ချက်များအတွက် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကသာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်းနှင့် နိုင်ငံသားမဟုတ်သူများကို ပြန်လည်လက်ခံမည့် သတင်းများထွက်ပေါ်နေခြင်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန(သို့မဟုတ်)နိုင်ငံတော်အစိုးရက တိကျရှင်းလင်းသောသဘောထားထုတ်ပြန်ပေးရန် တိုက်တွန်းကြောင်းတို့ကို ဖော်ပြထားသည်။

၁၅ ပါတီ၏ ပူးတွဲသဘောထားကြေညာချက်ပါ ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွီတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ၀ံသာနုဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီနှင့် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်အချို့ထံသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။

ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်သူလူထုရဲ့ လူနေမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးပြီး အာမခံချက်ရှိစေနိုင်မယ့် ဥပဒေ၊ နည်းဥပဒေတွေမရှိသေးတာကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကိုရပ်တန့်ထားဖို့ စီမံကိန်း ဧရိယာအတွင်းမှာပါဝင်တဲ့ ကျေးရွာပေါင်း ၂၅ ရွာက ဒေသခံ ၃၀၀ လောက်က ဒီနေ့ ကျောက်ဖြူမြို့နယ်မှာ ပြုလုပ် တဲ့ ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ကျောက်ဖြူမြို့နယ် နှမ်းဖဲတောင်ကျေးရွာမှာပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ရပိုင်ခွင့်တွေဆုံးရှုံးသွားမှာကို စိုးရိမ်တဲ့အကြောင်းကို အဓိကထား ဆွေးနွေးခဲ့တယ် လို့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်ကပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် အသစ်ဖြစ်ပေါ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ဒေသ ခံတွေအတွက် အလုပ်အကိုင်ရရှိနိုင်တဲ့ အခွင့်အလမ်းနည်းပါးမှာဖြစ်သလို ဗဟိုချုပ်ကိုင်မှုလွန်ကဲတဲ့ စီမံကိန်းဖြစ် တာကြောင့် ဒေသခံတွေနဲ့ ရခိုင်ပြည်သူလူထုအတွက်ပါ အကျိုးအမြတ်မရှိနိုင်ဘူးဆိုတာကို ဆွေးနွေးခဲ့ကြတယ် လို့လည်း သိရပါတယ်။

ဒီနေ့အစည်းအဝေးနဲ့ပတ်သက်ပြီး အချက် ၁၁ ချက်ပါတဲ့ ဆုံးဖြတ်ချက်ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန် လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် မိရိုးဖလာအရပိုင်ဆိုင်လာခဲ့ကြတဲ့ မြေယာတွေ ဆုံးရှုံးခံ ရနိုင်တာအပြင် ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေအတွက် သေချာတဲ့အာမခံချက် မရှိတဲ့အတွက် နိုင်ထက်စီးနင်း ခံမှုတွေရှိလာမှာကို စိုးရိမ်မိကြောင်း အချက်တွေကို ဖော်ပြထားပါတယ်။

ဒီနေ့အစည်းအဝေးကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ မင်းတပ်တောင်၊ စီမော်၊ ရှောက်ချောင်း၊ ကပ်သပြေ၊ ဇင်ချောင်း၊ ချောင်းဝ၊ ကုလားပါ စတဲ့ကျေးရွာပေါင်း ၂၅ ရွာက ဒေသ ခံတွေ ပြုလုပ်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဧကပေါင်း လေးထောင့်နှစ်ရာကျော်ကျယ်ဝန်းမယ့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အစိုးရက မကြာခင် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
RFA



(မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး ခင်မောင်စိုး ကိုတွေ့ရစဉ်) Photo: Kyaw Lwin Oo/RFA
မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းက ရဲအုပ်တစ်ဦးကို အဂတိလိုက်စားမှုနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာမှာ အဂတိလိုက်စားတာတွေ့ရတဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူစစ်ဆေးနေတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး ခင်မောင်စိုးက ပြောပါတယ်။

"ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရပေါ့။ လောလောဆယ်တော့ သူ့ကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ အရေးယူထားပြီတော့ အခုသူ့ကို သက်ဆိုင်ရာ မွန်ပြည်နယ် ရဲတပ်ဖွဲ့အစီအစဉ်နဲ့ပဲ သူ့ကို စစ်ဆေးလျက်ရှိပါတယ်"

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရေးမြို့နယ် အဘော်ကျေးရွာမှာ အလုပ်သမားတစ်ယောက် ကားပေါ်ကားပြုတ်ကျတဲ့အမှုမှာ တရားစွဲဆိုခံရတဲ့ အလုပ်ရှင်ဆီကနေ ရဲအုပ် ကျော်သက်ခိုင်က ငွေကျပ်သုံးသိန်း တောင်းခံခဲ့သလို ရိုင်းစိုင်းစွာပြောဆိုတာကြောင့် အလုပ်ရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး အဂတိလာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာမှာ အဂတိလိုက်စားတာတွေ့ရတာကြောင့် ဇန်နဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


UNFC ခေါင်းဆောင်နိုင်ဟံသာ
UNFC ခေါင်းဆောင်နိုင်ဟံသာ
တိုင်းရင်းဒေသတွေမှာ စစ်ရေးပဋိပက္ခတွေ ပြေလည်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တွေ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် ပင်လုံညီလာခံမတိုင်ခင် အမြန်ဆုံးတွေ့ဆုံပြီး ဆွေးနွေးကြဖို့ စီစဉ်နေတယ်လို့ UNFC ခေါင်းဆောင်နိုင်ဟံသာကပြောဆိုလိုက်ပါတယ်။ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ အနေအထားအပေါ် အစိုးရအနေနဲ့ တပ်မတော်ကို ကြားဝင်ညှိနှိုင်းအဖြေရှာပေးနိုင်ဖို့လည်း တိုင်းရင်းသားခေါင်းဆောင်တွေဘက်က မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ရက်နေ့ကနေ ဇန်နဝါရီလ ၂၆ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCရဲ့ အရေးပေါ်အစည်းအဝေးကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးက ခေါင်းဆောင်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

နိုင်ဟံသာ။ ။ အဓိက ကတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးကိစ္စကို ဆက်လက်ပြီးတော့မှ ဆွေးနွေးနိုင်ရေး ဖြစ်ပေါ်နိုင်ရေးအတွက်နဲ့ အောင်မြင်နိုင်ရေးအတွက် အဲ့တာကို ညှိနှိုင်းကြတယ် ကျနော်တို့ DPN( Delegation for Political Negotiation ) အနေနဲ့က ဒေါ်စုနဲ့လည်း သွားတွေ့ဖို့ အစီအစဉ်တွေ လုပ်ထားတယ်။ နောက်ပြီးတော့မှ NRPC (the National Reconciliation and Peace Centre) နဲ့လည်း ဆက်လက်ပြီးတော့မှ ဆွေးနွေးနိုင်ရေးပေါ့လေ။ အဲံ့တာကိုလည်း အစီအစဉ်တွေ လုပ်ထားတယ်။ နောက်ပြီးတော့ ကျနော်တို့ UNFC ရဲ့ ပုံမှန် ညီလာခံကိုလည်း ဆက်လုပ်ဖို့ အဲ့ဒီ့ကိစ္စကိုလည်း ကျနော်တို့ ဆွေးနွေးကြတယ်။

ဆုမွန်။ ။ အဲ့ဒီ့တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဖို့ကိစ္စက ဘယ်တော့လောက်များ ဖြစ်နိုင်ပါမလဲရှင်။ တကယ်လို့ သူနဲ့တွေ့တဲ့အခါမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိက ဆွေးနွေးဖို့ရှိပါသလဲ။

နိုင်ဟံသာ။ ။ အဓိက ကတော့ တစ်ဆို့နေတဲ့ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့။ ဘယ်လိုကိစ္စတွေလည်း ဆိုရင် ဥပမာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲ့ဒီ့တိုက်ပွဲတွေကို ရပ်တန့်ပြီးတော့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပုံမှန်ဆက်လုပ်သွားနိုင်ရေး။ အဲ့မှာ လုပ်တဲ့အခါမှာလည်း အဖွဲ့အားလုံးပါဝင်ရေးလည်း အပါအဝင်ဖြစ်တယ်။ နောက်ပြီးတော့ လိုအပ်နေသေးတဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိုလည်း ကျနော်တို့က နှစ်ဘက် လက်ခံနိုင်တဲ့ပုံစံနဲ့ ကျေကျေလည်လည်နဲ့ လက်ခံနိုင်တဲ့ပုံစံမျိုး ဖြစ်အောင်ပေါ့လေ အဲ့တာကိုလည်း ပြန်လည်ညှိနှိုင်းပြီးမှ အတည်ပြုနိုင်ရေး ဒါတွေကိုလည်း ကျနော်တို့ သွားဆွေးနွေးဖို့ရှိတယ်။

ဆုမွန်။ ။ ဒုတိယအကြိမ်ပင်လုံညီလာခံမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့များ ရှိနိုင်မလား။

နိုင်ဟံသာ။ ။ အင်း.. ရှိနိုင်ပါတယ် ရှိနိုင်ပါတယ်။ အဲ့တာကတော့ DPN အနေနဲ့ ကျနော်တို့ကတော့ ဒီ ဒုတိယပင်လုံမတိုင်ခင် ဖြစ်နိုင်ဖို့ အလားအလာရှိပါတယ်။ ဘယ်တော့လောက်လဲ ဆိုတာကတော့ အတိအကျတော့ ကျနော်လည်း မသိဘူး။ သူတို့ဘက်က ပြန်လည်ဆက်သွယ်ပြီးတော့မှ ရက်နေ့တွေ ပြန်ချိန်းရမယ်။

ဆုမွန်။ ။ ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်နေတယ်ဆိုတော့ တပ်မတော်နဲ့ပတ်သက်ပြီးတော့ရောရှင့်။ တပ်ဘက်က တိုင်းရင်းဒေသတွေမှာ အပစ်ရပ်ထားတဲ့နေရာတွေမှာလည်း ထိတွေ့မှုတွေ ဖြစ်သလို အပစ်မရပ်ထားတဲ့ အဖွဲ့တွေနဲ့ ရှမ်းမြောက် ရှမ်းတောင်ဘက်၊ ကချင် အဲ့ဘက်တွေမှာ ဖြစ်နေတဲ့အနေအထားတွေမှာ တပ်ဘက်နဲ့ရော ဆွေးနွေးဖို့ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကနေတဆင့် သွားဖို့ကိစ္စတွေမှာရော ဘယ်လိုများ စီစဉ်ထားပါလဲရှင့်။

နိုင်ဟံသာ။ ။ ကြည့်ရတာက ကျနော်တို့ မြင်တာလေ တပ်ဘက်ရဲ့ကနေ့ လှုပ်ရှားမှုကတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို တဘက်က နှေးကွေးအောင် တဘက်က ဒါမှမဟုတ်ရင်လည်း တလွဲတချော်ဖြစ်အောင် တမျိုးမျိုး လုပ်နေတဲ့ပုံစံမျိုးလို့ ကျနော်တို့က မြင်တယ်။ ဒါကြောင့် အစိုးရနဲ့ နားလည်မှုရရင် အစိုးရကနေပြီးတော့မှ တပ်အပေါ်မှာ ညှိနှိုင်းယူလို့ရမလားပေါ့ ကျနော်တို့က ကိုယ်တိုင်သွားပြီးတော့ ညှိနှိုင်းဖို့က မလွယ်ဘူးလေ။ ကျနော်မြင်တာ။ ဒါကြောင့် ကျနော်တို့ က အစိုးရနဲ့သွားပြီးတော့ ဆွေးနွေးတယ် ဆိုတဲ့သဘော နောက်ပြီးတော့ သူတို့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါ့နော် ညှိနှိုင်းရေးအဖွဲ့ပေါ့နော် NRPC နဲ့ ဆွေးနွေးနိုင်ဖို့ကို လုပ်ဆောင်နေခြင်းဖြစ်တယ်။

ဆုမွန်။ ။ ဟုတ်ကဲ့ UNFC အဖွဲ့ခေါင်းဆောင်တွေလည်း ဆက်ပြီးတော့ ဆွေးနွေးပွဲတွေလည်း လုပ်သွားမယ်ဆိုတော့ ဘယ်တော့လောက်များ ဆွေးနွေးပွဲတွေ လုပ်ဖို့ရှိပါလဲရှင်။

နိုင်ဟံသာ။ ။ အထူးသတ်မှတ်ထားတာတော့ မရှိပါဘူး။ အခုဟာက ကျနော်တို့ တချို့ကိစ္စတွေက လိုအပ်သလို ဆုံးဖြတ်လို့ပြီးသွားပြီပေါ့နော် ကျနော်တို့ စဉ်းစားသုံးသပ်ချမှတ်ပြီးဖြစ်တယ်။ နောင်အခါကို လိုရင်လိုသလို လုပ်သွားမှာပါ။

ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတဲ့ အရေးပေါ်အစည်းအဝေးက ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် နိုင်ဟံသာကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
VOA Burmese News



မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto အားတွေ့ရစဉ် (ဆင်ဟွာ)
    မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

    နှစ်နိုင်ငံ နယ်စပ်တွင် တံတိုင်း ကာရံမည့် အမေရိကန်၏ ဆုံးဖြတ်ချက်အား ငြင်းပယ်ကြောင်း နှင့် မည်သည့် တံတိုင်းအတွက်မျှ အခကြေးငွေ ပေးဆောင်ရန် မရှိကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto က ဇန်နဝါရီလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

“တံတိုင်းကာရံမဲ့ ကိစ္စ ဆက်လက် တည်ဆောက်မယ်ဆိုတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ကို ဝမ်းနည်းစေသလို ဒါကိုလဲ လက်မခံနိုင်ပါဘူး၊ ဒီတံတိုင်းက ကျွန်တော်တို့ရဲ့ စည်းလုံးမှုကို ဝေးကွာစေသလို ကျွန်တော်တို့အကြား ကွဲကွာသွားစေနိုင်မယ်” ဟု မက္ကဆီကို သမ္မတက တွစ်တာ အကောင့်တွင် တင်ခဲ့သော ဗီဒီယို ကြေညာချက်၌ ပြောကြားထားသည်။

အမေရိကန်-မက္ကဆီကို နယ်စပ်အား တံတိုင်း ကာရံရန်အတွက် အမိန့် တစ်ခုကို သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ အစောပိုင်းက လက်မှတ်ရေးထိုးလိုက်ပြီးနောက် မက္ကဆီကို သမ္မတက ယခုလို တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“တံတိုင်းများ တည်ဆောက်မှု အပေါ် မက္ကဆီကိုက ယုံကြည်မှု မရှိဘူး၊ မည်သည့် တံတိုင်းအတွက်မျှ မက္ကဆီကိုက ပေးဆောင်မှာ မဟုတ်ဘူးလို့ ထပ်ခါထပ်ခါ ပြောလိုက်ပါတယ်” ဟု မက္ကဆီကို သမ္မတက ပြောသည်။

ဝါရှင်တန်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အမျိုးသား ညှိနှိုင်းဆွေးနွေးပွဲနှင့် လွှတ်တော် ကိုယ်စားလှယ်များ နှင့်အတူ ဆွေးနွေးပြီးနောက် ထွက်ရှိလာမည့် မက္ကဆီကို အရာရှိများထံမှ နောက်ဆုံး အစီရင်ခံစာအပေါ် အခြေခံကာ လာမည့် အဆင့်များအား ဆက်လက် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံအကြား တံတိုင်းကာရံမည့် ကိစ္စသည် ထရမ့်၏ မဲဆွယ် စည်းရုံးရေး၏ ကတိ တစ်ခု ဖြစ်ပြီး ယင်း အချက်ဖြင့် ဝင်ငွေနည်း မဲဆန္ဒရှင်များထံမှ မဲများအား သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

တံတိုင်း တည်ဆောက်မည့် ကုန်ကျစရိတ်အား မက္ကဆီကိုနိုင်ငံဘက်မှလည်း ပေးဆောင်ရန် ထရမ့်က ခံယူထားပြီး ကနဦး တည်ဆောက်စဉ်တွင် အမေရိကန် အစိုးရမှ ငွေကြေး စိုက်ထုတ်မည်ဟူ၍လည်း အရိပ်အမြွက် ပြောကြားထားကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com



(ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေ ကို တွေ့ရစဉ်)Photo: Aung Thin Kha/RFA
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပထမဆုံးလှူဒါန်းငွေဟာ ကျပ်ငွေ ၁၁ ဘီလီယံအထိရှိနေပြီး ထပ်မံလှူဒါန်းဖို့ရှိတာတွေပေါင်းရင် ကျပ်ငွေ ၁၅ ဘီလီယံအထိ ရရှိမယ်လို့ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေက ပြောပါတယ်။

ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပါဝင်လှူဒါန်းကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အလှူငွေတွေကို ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေ၊ ကမ္ဘောဇဘဏ်က ဦးအောင်ကိုဝင်း၊ ရွှေသံလွင်ကုမ္ပဏီက ဦးကျော်ဝင်းနဲ့ တော်ဝင်ကုမ္ပဏီက ဦးကိုကိုထွေးအပါအ၀င် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ စုပေါင်းလှူဒါန်းကြတာဖြစ်ပါတယ်။

အခုလို အစိုးရအလှူငွေထည့်ဖို့တိုက်တွန်းတာဟာ ပထမဆုံးဖြစ်ပြီး နိုင်ငံတကာရဲ့ အထောက်အပံ့တင် မဟုတ်ပဲ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်တယ်ဆိုတာကို ပြသချင်တဲ့သဘောဖြစ်မယ်လို့ ဦးခင်ရွှေက ပြောပါတယ်။

ရရှိလာတဲ့ အလှူငွေတွေကို စစ်ဘေးဒဏ်သင့်ဒေသတွေက ပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အဓိကအသုံးပြုစေချင်တယ်လို့ ဦးခင်ရွှေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



(စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ကျောင်းသား ၉ ဦးကို တွေ့ရစဉ်) Photo: Aung Khant Zaw/ Facebook
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ကျောင်းသား ၉ ဦးရဲ့ အမှုကို အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုရာမှာ အမှုကို ပုသိမ်မြို့နယ်တရားရုံးက မနေ့က လက်ခံလိုက်ပါတယ်။

ပြဇာတ်ကရာမှာ ဦးဆောင်သူ ကိုအောင်ခန့်ဇော်ကို ပုဒ်မ ၅၀၀၊ ကျန်တဲ့ ၈ ဦးကို ပုဒ်မ ၅၀၀/၃၄ နဲ့ တရားစွဲဆိုတာကို လက်ခံလိုက်တာဖြစ်တယ်လို့ ပြဇာတ်ကရာမှာ ပါဝင်ခဲ့တဲ့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။

"ပုဒ်မ ၅၀၀ နဲ့ စွဲတာကို လက်ခံပြီးတော့ ကျနော်က ပုဒ်မ ၅၀၀၊ ကျန်တဲ့ ၈ ယောက်က ပုဒ်မ ၅၀၀/၃၄ နဲ့ အမှုကို လက်ခံတယ်၊ ၈ ရက်နေ့မှာ ရုံးထုတ်မယ်ပေါ့၊ အဲဒီနေ့မှ အာမခံတို့ ဘာတို့အကုန်လုံး လုပ်ရမှာပေါ့၊ ၅၀၀/၃၄ ကျတော့ ပါဝင်ပတ်သက်သူပေါ့၊ ကြံရာပါပုံစံမျိုး၊ ပုဒ်မ ၅၀၀ ကျတော့ တိုက်ရိုက်ပတ်သက်သူဆိုတဲ့ပုံစံမျိုးပါ"

အဲဒီအမှုကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်စစ်ဆေးဖို့ ရုံးချိန်း ချိန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကပြဖျော်ဖြေခဲ့ရာမှာ သုံးနှုန်းတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး အသရေဖျက်မှုနဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲထားတာ ဖြစ်ပါတယ်။

ဒီပြဇာတ်ရဲ့ရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေးလိုချင်ပြီး စစ်ပွဲတွေအလိုမရှိဘူးဆိုတာကို အဓိကအနေနဲ့ ပြောချင်တာဖြစ်သလို ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့စိတ်နဲ့ ရည်ရွယ်ချက်ရှိရှိပြောတာမဟုတ်ဘဲ အနုပညာဖျော်ဖြေမှု တစ်ခုသာဖြစ်တာကြောင့် တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာ ဖြစ်တယ်လို့လည်း ကိုအောင်ခန့်ဇော် က ပြောပါတယ်။

အဲဒီပြဇာတ်မှာ ၁၀ တန်းကျောင်းသား ၄ ဦးနဲ့ တက္ကသိုလ်ကျောင်းသား ၅ ဦးက ပုသိမ်မြို့က စစ်ပွဲထောက်ခံသူတွေကို အင်တာဗျူးမေးတဲ့ပုံစံမျိုးနဲ့ ဟာသနှောပြီး ကပြဖျော်ဖြေခဲ့တာဖြစ်ပြီး သူတို့ ၉ ဦးကို တပ်မတော်က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့မှာ (၇)တန်းကျောင်းသူတစ်ဦး ကိုယ်ဝန် ရရှိမှုနဲ့ပတ်သတ်ပြီး အသက်(၇၆)နှစ်အရွယ် ကျောင်းထိုင်ဆရာတော်တစ်ပါးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးထားတယ်လို့ အင်္ဂပူမြို့နယ် ရဲစခန်းက သိရပါတယ်။

 မိဘတွေက ငွေကြေးချို့တဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာနေထိုင်ပြီး ဘုန်းကြီးရဲ့ အထောက်အပံ့နဲ့ကျောင်းတက်နေရင်း ကိုယ်ဝန်ရှိလာတာကြောင့် ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ အင်္ဂပူမြို့နယ် ရဲစခန်းဒုရဲအုပ်ထွန်းထွန်း ကပြောပါတယ်။

စစ်ဆေးချက်တွေအရ ကျောင်းထိုင်ဆရာတော်ကသားမယားပြုကျင့်ခဲ့ကြောင်းပေါ်ပေါက်ခဲ့တယ်လို့လည်းဒုရဲအုပ်ထွန်းထွန်းကပြောပါတယ်။

အဲဒါကြောင့် ဆရာတော်ကို မြို့နယ်သံဃနာယက ဆရာတော်ရှေ့မှောက်မှာ လူဝတ်လဲစေပြီး ဟင်္သာတခရိုင် ထောင်ချုပ်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Ingapu Township
5 Plus News
https://www.facebook.com/5plusnews


အမေရိကန်သမ္မတ အိမ်ဖြူတော်က မျှော်မှန်းထားတဲ့အတိုင်း သမ္မတ Donald Trump အစိုးရက အကောင်အထည်ဖော် လုပ်ဆောင်မယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ ကြီးမားတဲ့ ငွေကြေးဖြတ်တောက်ခံရမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

သမ္မတ Trump က ဆောင်ရွက်နိုင်ခြေရှိတဲ့ မူကြမ်း ၂ ခုကို သူတို့ လက်ခံရရှိခဲ့ကြောင်း The New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။ ပထမ မူကြမ်းကတော့ - ပါလက်စတိုင်း အစိုးရကို ကုလသမဂ္ဂ တင်းပြည့် အဖွဲ့ဝင်ဖြစ်ရေးအတွက် ထောက်ခံတဲ့ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေ၊ ပြည်ပမှာ ပဋိသန္ဓေဖျက်ချရေးအတွက် အထောက်အပံ့ ပေးနေတဲ့ ဌာနတွေ၊ ဒါမှမဟုတ် အီရန်နဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို ရှောင်နိုင်ရေးအတွက် အထောက်အကူပြုနေတဲ့ ကုလသမဂ္ဂနဲ့ ပတ်သက်နေတဲ့ ဌာနမှန်သမျှကို အမေရိကန်က ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမေရိကန်ပြည်ထောင်စုက အထောက်အပံ့ပေးနေတာတွေကိုလည်း အနဲဆုံး ၄၀% လျှော့ချသွားရေးအတွက်လဲ မူကြမ်းထဲမှာ အဆိုပြုထားတယ်လို့ ဆိုပါတယ်။

ဒုတိယ မူကြမ်းကတော့ - နိုင်ငံပေါင်းစုံ သဘောတူညီချက်တွေကို ပြန်လည် သုံးသပ်ရေးအတွက် အဆိုပြုထားတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မယ့်အစီအစဉ် ရပ်တန့်ရေးအတွက် အင်အားကြီးနိုင်ငံတွေနဲ့ ရရှိထားတဲ့ သဘောတူညီချက် ဖျက်သိမ်းရေးလည်း ပါဝင်ပါတယ်။ အီရန်နဲ့ ရရှိထားတဲ့ သဘောတူညီချက်ဟာ ညံ့ဖျင်းတဲ့ သဘောတူညီချက်ဖြစ်တယ်လို့ မစ္စတာ Trump က အရင်က ပြစ်တင် ရှုတ်ချထားတာ ဖြစ်ပါတယ်။

ဒုတိယ မူကြမ်းထဲမှာ မစ္စတာ Trump က အရင်က ဝေဖန်ခဲ့တဲ့ ပဲရစ် သဘောတူညီချက်လို့ခေါ်တဲ့ - ဥတုရာသီ ပြောင်းလဲမှု ဖြစ်ပေါ်နေတာကို ထိန်းချုပ်နိုင်မယ့် နိုင်ငံတကာ သဘောတူညီနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်လည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


(ပုသိမ်) ဇန်နဝါရီ ၂၆ ရက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီမှာ ယာဉ်တိုက် မှုကြောင့် ဆေးကု သမှု ခံယူနေရာမှ ဒဏ်ရာသက်သာလာသည့် အတွက် ဆေးရုံမှဆင်းပြီး ယမန်နေ့ကစတင်၍ ရုံးတက်ကာ တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

'ဝန်ကြီးချုပ်က ၂၂ ရက်နေ့က ဆေးရုံကဆင်းပြီးတော့ ရန်ကုန်မှာ ၂ ရက်လောက်နားပြီး ၂၅ ရက်နေ့မှာ ရုံးပြန်တက်တယ်။ ယာဉ်တိုက်မှုကြောင့် လည်ပင်းအရိုး ထိခိုက်သွားတော့ လည်ပင်းအကာ တပ်ထားရတယ်။ ဒဏ်ရာအကင်းမသေခင် ငုံ့ကြည့်တာ မော့ကြည့်တာစတဲ့ လည်ပင်းရိုး လှုပ်ရှားတာတွေ ဖြစ်မှာစိုးလို့လေ'ဟု ဝန်ကြီးချုပ် ဦးမန်းဂျော်နီ၏ ကိုယ်ရေးအရာရှိ ဦးဇာနည်မောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


ဝန်ကြီးချုပ် ဦးမန်းဂျော်နီမှာ ယခုလ ၇ ရက်နေ့က နေပြည်တော်သို့ အစည်းအဝေးတက်ရန်အသွား ရန်ကုန် ပုသိမ် ကားလမ်းပေါ်တွင် တက္ကစီနှင့် ရွှေတော်ဝင်ယာဉ်လိုင်းတို့ကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စေခဲ့သည့် တက္ကစီ ကားမောင်းသူနှင့် ရွှေတော်ဝင်ယာဉ်လိုင်း မောင်းနှင်သူတို့အား တရားစွဲဆို အရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ - မန်းဂျော်နီ Facebook
Ayeyarwaddy Times
https://www.facebook.com/ayetimes



မော်လမြိုင်မြို့တွင် အသက်(၁၄)နှစ်အရွယ်မိန်းကလေးကို အလုပ်ရှင်မှ ရေနွေးပူလောင်းချသည့်အမှု မော်လမြိုင် တရားရုံးက ဇန်နဝါရီ ၃၀ ရက်တွင် စတင်စစ်ဆေးမည်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်အား အလုပ်ရှင်မှရေနွေးပူဖြင့်လောင်း ချသည့်အမှုကို ချုပ်မိန့် ရမ္မာန်ကြီး(၂)ပတ်ယူပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် မော်လမြိုင်မြို့နယ် တရားရုံးမှ စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအမှုကို မုပွန်နယ်မြေရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၂၆နှင့် အမှုဖွင့်ပြီးနောက် ချုပ်မိန့်ရမ္မန်ကြီး(၂) ပတ်ရယူခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်တွင် မော်လမြိုင်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ထားခြင်းဖြစ်ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။
“နစ်နာသူက ကျွန်တော်တို့ရဲစခန်းကိုတိုင်ကြားတယ်။ ရဲလုပ်ထုံးလုပ်နည်းအရ တရားသူကြီးဆီကနေချုပ်မိန့် ရမ္မန်ကြီး(၂)ပတ်ယူတယ်။ ဒီကြားမှာလုပ်ထုံးလုပ်နည်းနဲ့အညီ တရားခံကိုစစ်ဆေးတာတွေလုပ်တယ်။ ဇန်နဝါရီ ၅ ရက်နေ့ ကရမ္မန်ကြီး(၂)ပတ်ယူတာတစ်လပြည့်လို့ မော်လမြိုင်မြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့လိုက် တယ်။”ဟု မုပွန်နယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် မင်းမင်းထွန်းကပြောသည်။

မော်လမြိုင်မြို့တက္ကသိုလ်ကျောင်းဝင်း အမျိုးသားဘော်ဒါဆောင်၌ ထမင်းချက်လုပ်ငန်းအား ကန်ထရိုက်ယူလုပ် ကိုင်သူ မအေးအေးစိုး အသက်(၃၈)နှစ်က ၎င်းနှင့်အလုပ်ဝိုင်းကူလုပ်ပေးနေသည့် အသက်(၁၄)နှစ်အရွယ် မိန်း ကလေးတစ်ဦးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် လိမ္မော်သီး(၂)လုံးပျောက်သည်ကို အကြောင်းပြု၍ ဓာတ် ဗူး(၂)လုံး၌ ထည့်ထားသည့် ရေနွေးပူဖြင့်လောင်းခြင်း၊ ထင်းစဖြင့် ဦးခေါင်းကိုရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့သို့ပြုလုပ်ခြင်းကြောင့် အသက်(၁၄)နှစ်အရွယ်မိန်းကလေးမှာ ဝဲဘက်ပုခုံးမှ တင်ပါးအောက်အထိ ရေနွေးပူ လောင်ဒဏ်ရာများ၊ ခန္ဓာကိုယ်အရှေ့ဘက်ခြမ်းဝဲယာပုခုံးမှ လက်မောင်းအထိ အရေနွေးပူလောင်ဒဏ်ရာများ၊ ဝဲယာပေါင်ခြံတွင် ရေနွေးပူလောင်ဒဏ်ရာများ ဦးခေါင်းဝဲဘက်ချိုဇောင်းတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသက်(၁၄)နှစ်အရွယ်မိန်းကလေး၏ အဒေါ်ဖြစ်သူဒေါ်လှကြည်(ခ) ဒေါ်ပု အသက် (၄၇)နှစ်မှ ၂၀၁၆ ခုနှစ်ဒီဇင်ဘာ ၂၇ ရက်တွင် မုပွန်နယ်မြေရဲစခန်း၌ တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် ရဲစခန်းမှ အပြင်းအထန်နာကျင်စေမှု ပုဒ်မ- ၃၂၆ အရ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 အသက်မပြည့်သေးသူ ကလေးသူငယ်အား ရဲစခန်းမှအပြင်းအထန်နာကျင်စေမှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်ခြင်းသည် ရာဇဝတ်မှုခင်းကျဆင်းရေးကို အထောက်အကူမပြုပဲ ပြစ်မှုကျူးလွန်သူများကို အားသာချက်ဖြစ်စေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

“အင်းဝအပ်ချုပ်ဆိုင်အမှုမှာတောင် လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုလုပ်ပြီး ကလေးသူဆိုင်ရာ ဥပဒေပုဒ်မ-၆၆(ဃ)နဲ့ တရားစွဲခဲ့သလို အခုရေးနွေးပူလောင်းတဲ့အမှုမှာလည်း ပုဒ်မ-၆၆(ဃ)နဲ့ လူမှုဝန်ထမ်းက တရားစွဲသင့် ပါတယ်။ ရဲစခန်းကလည်း အမှုကိုပြီးပြည့်စုံအောင် တည်ဆောက်ဖို့လိုပါတယ်။”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

အသက်(၁၄)နှစ်အရွယ်မိန်းကလေးအား ရေနွေးပူဖြင့်လောင်းသည့်အမှုနှင့်ပတ်သက်၍ မွန်ပြည်နယ် ကလေး သူငယ်အခွင့်ရေးများဆိုင်ရာကော်မတီဥက္ကဌ၊ မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်မှ အလုပ်သမားဥပဒေရုံးသို့ ကလေးသူငယ်အားဆိုးရွားစွာထိခိုက်စေမှုအတွက်အရေးယူရန် ညွှန်ကြားထား ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါအမှုကို အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန(မွန်ပြည်နယ်ရုံး) စစ်ဆေးရေးအ ရာရှိများကစစ်ဆေးခဲ့ရာ တဆင့်ခံကန်ထရိုက်အလုပ်ဖြစ်နေခြင်းကြောင့် အလုပ်ရုံများအက်ဥပဒေအရ အကျုံးမ ဝင်သည့်အတွက် ၎င်းတို့ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်း အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေး ရေးဦးစီးဌာန(မွန်ပြည်နယ်ရုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးကပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း ကလေးသူငယ်ဖြစ်ရပ်အမှုပေါင်း (၇၀)ရှိခဲ့ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ရုပ်၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များသည် အများဆုံးဖြစ်ခဲ့ကြောင်း မွန်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper


ဟေတီနိုင်ငံမှာ စုံစမ်းစစ်ဆေးရေးဆိုင်ရာ တရားသူကြီး တဦးက ရွေးကောက်ခံ သမ္မတ ဟိုဗယ်လ်နယ်မိုးအီစ် ကို ငွေကြေး မသမာမှုတွေနဲ့ စပ်လျဉ်းပြီး ၄ နာရီ ကြာ မေးခွန်းထုတ် စစ်ဆေးခဲ့ပါတယ်။

ရှေ့လမှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးရင် ဟေတီ သမ္မတတာဝန်ကို စတင် ထမ်းဆောင်ရတော့မယ် မိုးအီစ်ဟာ ဒီ ကြားနာ စစ်ဆေးပွဲကို ရှေ့နေ မခေါ်ဘဲ သူ့ သဘော ဆန္ဒာနဲ့သူ သွားရောက် ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အရင်က ပြည်ပကို ငှက်ပျော်သီး တင်ပို့တဲ့ လုပ်ငန်း လုပ်ကိုင်ခဲ့သူ မိုးအီစ်ဟာ နိုင်ငံရေးလောကကို မဝင်ခင် တရားမဝင် ငွေမည်း ခဝါချမှု၊ သူ့ကို အကျိုးပြုတဲ့ ချေးငွေတွေ လက်ခံမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတာပါ။

ဒီစွပ်စွဲမှုတွေဟာ ပြိုင်ဘက်တွေက သူ့ကို နာမည်ပျက်အောင် နိုင်ငံရေးအရ လုပ်ကြံတာလို့ မိုးအီစ်က ပြောပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပုံမှန် စစ်ဆေးမှု တခုအနေနဲ့ ဒီစုံစမ်းစစ်ဆေးမှု ဟာ စတင်ခဲ့တာပါ။

ဒီအမှုဟာ ဟေတီနိုင်ငံမှာ နိုင်ငံရေး အရ ကွဲပြားမှုတွေ ဖြစ်ပေါ်နေတာကိုလည်း ရောင်ပြန်ဟပ်နေပါတယ်။

၂၀၁၅ အောက်တိုဘာတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မိုးအီစ် အနိုင်ရခဲ့ပေမယ့် မဲလိမ်မှုတွေ အများအပြား ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာပြီးနောက် အကြမ်းဖက် မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တာကြောင့် ရွေးကောက်ပွဲ ရလဒ်ဟာ ပျက်ပြယ် ခဲ့ရပါတယ်။

၂၀၁၆ နိုဝင်ဘာမှာ နောက်တကြိမ် ရွေးကောက်ပွဲ ကျင်းပရာမှာလည်း မိုးအီစ် ပဲ အနိုင်ရခဲ့ပေမယ့် ရလဒ်ကို အဓိက ပြိုင်ဘက် ၃ ယောက်လုံးက လက်ခံဖို့ ငြင်းဆိုခဲ့ပြီး တရားရုံးတင် ကန့်ကွက်ခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ မိုးအီစ် သမ္မတ တာဝန်မယူခင် တရားသူကြီးအနေနဲ့ အခု နောက်ဆုံး ဖြစ်ပေါ်နေတဲ့ စွပ်စွဲမှုနဲ့ စပ်လျဉ်းပြီး အဖြေတခု ဆုံးဖြတ်ချက် ချမလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဟေတီနိုင်ငံဟာ ဆယ်စုနှစ်ကာလတွေ ကြာရှည် နိုင်ငံရေး မတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှု ဒဏ်တွေ ခံစားခဲ့ရတဲ့ အပြင် ၂၀၁၀ ငလျင်ဘေးဒဏ်ကနေလည်း ပြန်လည် ထူထောင်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်က အကျဉ်းသားတွေကို ချုပ်နှောင်ပြီး မျက်နှာကို ရေလောင်း နှိပ်စက် စစ်ဆေးတာက အလုပ်ဖြစ်တယ်၊ မီးကို မီးနဲ့ ပြန် တိုက်ရမယ်လို့ ပြောလိုက်ပါတယ်။

ထရမ့်က အစွန်းရောက်ဝါဒကို ဘယ်လို တရားဝင်နည်းလမ်းတွေ သုံးပြီး ပြန်လည် တိုက်ဖျက် စစ်ခင်းနိုင်မယ်ဆိုတာကို ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်စ်နဲ့ စီအိုင်အေ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး မိုက်ပွန်ပီရို တို့နဲ့ ဆွေးနွေးမယ်လို့လည်း အေဘီစီ သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ အစွန်းရောက် အဖွဲ့တွေက ခေါင်းဖြတ်သတ်နေတယ်၊ ကျွန်တော်တို့က ညီမျှတဲ့ ကစားကွင်း တခုမှာ ယှဉ်ပြိုင် နေရတာ မဟုတ်ဘူးလို့ ထရမ့်က ပြောခဲ့ပါတယ်။

ဒါပေမယ့် စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်း လီယွန်ပက်နက်တာ ကတော့ ညှဉ်းပန်းစစ်ဆေးမှု ကျင့်သုံးရင် နောက်ကို ပြန်သွားတဲ့ အလွန်မှားယွင်းမှု တခု လို့ ယူဆပါတယ်။

အဆင့်မြင့် ထောက်လှမ်းရေးအရာရှိတွေကို ညှဉ်းပန်းနှိပ်စက် စစ်ဆေးမှု တွေ အလုပ် ဖြစ် မဖြစ် သူ မေးရာမှာ သေချာပေါက် အလုပ် ဖြစ်ကြောင်း ပြန် ဖြေကြတယ်လို့ ထရမ့်ကတော့ ဆိုပါတယ်။

မျက်နှာပေါ် ရေလောင်းချ နှိပ်စက် စစ်ဆေးခြင်းကို အမေရိကန် နိုင်ငံမှာ တားမြစ်ပိတ်ပင်ထားတယ်လို့ အများက ယူဆထားကြပါတယ်။

ထရမ့်က သူ ဒီကိစ္စ အတွက် ကာကွယ်ရေးဝန်ကြီးနဲ့ စီအိုင်အေ ဒါရိုက်တာတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်၊ သူတို့က နှိပ်စက်မှုတွေ လုပ် စစ်ဆေးချင်ရင် သူခွင့်ပြုမယ်၊ သူတို့က ဒီနည်းတွေ မသုံးဘူးလို့ ဆုံးဖြတ်ရင်လည်း သူ့အနေနဲ့ အဆင်ပြေတယ်လို့လည်း ပြောပါတယ်။

ပါတီတွင်း ကနဦး ရွေးကောက်ပွဲ အကြို မဲဆွယ်ကာလတုန်းက ပြုလုပ်ခဲ့တဲ့ ရုပ်သံ ငြင်းခုံဆွေးနွေးပွဲ တခုမှာ ထရမ့်က အကြမ်းဖက်မှု သံသယနဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ရေမွန်းနှိပ်စက်ခြင်း အပါအဝင် ကြမ်းတမ်းတဲ့ စစ်ဆေးနည်းတွေ သုံးခိုင်းမယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီရပ်တည်ချက်နဲ့ ပတ်သက်ပြီး အနည်းအငယ် လျော့သွားပြီး သူ့အနေနဲ့ စစ်တပ်ကို နိုင်ငံတကာဥပဒေတွေ ချိုးဖောက်ခိုင်းတာမျိုးတော့ မလုပ်ဘူးလို့ ပြောခဲ့ပါတယ်။

လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရယူဖို့ အတွက် ဒီလို အကြမ်းဖက် စစ်ဆေးစရာ လိုကို မလိုပါဘူး၊ ဗိုလ်ချုပ်ကြီး မက်တစ်စ်လည်း ဒီလိုပဲ ယူဆတယ်၊ ထောက်လှမ်းအဖွဲ့အစည်းတွေ အားလုံးက ဒီလိုပဲ ခံယူတယ်၊ အက်ဖ်ဘီအိုင်ကလည်း ဒီလိုပဲ ယုံကြည် ထားပါတယ်၊ ဒီလိုတွေ ညှဉ်းပန်းနှိပ်စက်ရင် ကမ္ဘာအလယ်မှာ အမေရိကန် နိုင်ငံဟာ သိက္ခာကျစရာ ဖြစ်မယ်လို့ စီအိုင်အေ ဒါရိုက်တာ ဟောင်း လီယွန်ပက်နက်တာက ဘီဘီစီရဲ့ ထရမ့် ရက် ၁၀၀ အစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese



အမေရိကန်နိုင်ငံ က ပြည်နှင်ဒဏ်ပေးခဲ့သည့် ဆိုမာလီ နှင့် ကင်ညာနိုင်ငံသားအချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    နိုင်ရိုဘီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ မှ ပြည်နှင်ဒဏ်ပေးခဲ့သော ဆိုမာလီနိုင်ငံသား နှင့် ကင်ညာနိုင်ငံသား ၉၀ဦးကျော်သည် ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမြို့သို့ ဇန်နဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ကင်ညာနိုင်ငံ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ Eric Kiraithe က ပြည်နှင်ဒဏ်ပေးခံရသူများတွင် ဆိုမာလီအမျိုးသား ၉၀ ဦး နှင့် ကင်ညာအမျိုးသမီး ၂ဦးပါဝင်ကြောင်း နှင့် မည်သည့်အတွက်ကြောင့် ပြည်နှင်ဒဏ်ပေးခံရခြင်းကိုမူ မသိရှိကြောင်း ပြောကြားခဲ့သည်။

လေဆိပ်ရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဆိုမာလီနိုင်ငံသားများသည် ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့သို့ ဆက်လက်ပျံသန်းသွားမည်ဖြစ်ပြီး ကင်ညာနိုင်ငံသားများမှာမူ ကျန်ရစ်နေခဲ့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အခြားတာဝန်ရှိသူများက အမေရိကန်နိုင်ငံ အာဏာပိုင်များက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ တင်းကျပ်စွာ ဆောင်ရွက်နေသည့်အတွက်ကြောင့် ယခုပြည်နှင်ဒဏ်ပေးမှုသည် ယခင်ဖြစ်စဉ်များနှင့် နှိုင်းယှဉ်ပါက အရေအတွက်ပိုမိုများကြောင်း သတ်မှတ်ပြောဆိုခဲ့သည်။

ယင်းပြည်နှင်ဒဏ်ပေးမှုသည် ရွှေ့ပြောင်းဒုက္ခသည် အများစုအား ယာယီ ပိတ်ပင်ခြင်း၊ ဆီးရီးယားနိုင်ငံသားများ၊ အခြားအရှေ့အလယ်ပိုင်း နှင့် အာဖရိကနိုင်ငံ ခြောက်နိုင်ငံအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ခြင်းတို့ ပါဝင်သည့် သမ္မတ အမိန့်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခြင်းမတိုင်ခင် ထွက်ပေါ်လာခြင်းဖြစ်သည်။

လေ့လာသုံးသပ်သူများက  အမေရိကန်နိုင်ငံအတွင်းသို့ ကလေးငယ်များအဖြစ် တရားမဝင် ဝင်ရောက်လာသူ ၈၀၀,၀၀၀ နီးပါးအား ပြည်နှင်ဒဏ်ပေးခြင်းမှ ကာကွယ်ပေးထားသည့် ၂၀၁၂ခုနှစ် အိုဘားမား၏ အမိန့်စာကို ဒေါ်နယ်ထရမ့်အနေဖြင့် ပယ်ဖျက်ရန် အစီအစဉ် နှင့် ပတ်သက်၍မူ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် ၎င်း၏ မဲဆွယ်ပွဲများအတွင်း အိုဘားမား က တရားမဝင်ရွှေ့ပြောင်းလာသည့် ငယ်ရွယ်သူများအား ပြည်နှင်ဒဏ်ပေးခြင်းမှ ယာယီကာကွယ်ပေးထားခြင်းနှင့် ၎င်းတို့အား ၂နှစ်တာ အလုပ်လုပ်ခွင့်များ ပေးအပ်ထားသည့် အစီအစဉ်အား ချက်ချင်းရပ်တန့်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

(Xinhua)
http://xinhuamyanmar.com

Author Name