01/29/17


ယနေ့ နေ့လည် ၃နာရီ ၁၅ နာရီ စင်္ကာပူလေကြောင်းလိုင်းနဲ့ ရန်ကုန် ပြန်သွားတဲ့ ဦးကိုနီအား ညနေ ၅ နာရီခန့်တွင် ရန်ကုန်လေဆိပ်၌ သေနတ်နဲ့ လုပ်ကြံခံရကြောင်း ဦးရောဘတ်စန်းအောင်က မဇ္ဈိမသို့ အတည်ပြုသည်။ ပစ်ခတ်သူအားလည်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးထားသည်ဟု သိရသည်။

ဖြစ်စဉ်မှာ လေဆိပ်အပေါ်ထပ်တွင် အသက် ၅၀ ခန့်ရှိ သေနတ်သမားမှ ဦးကိုနီအား ပစ်ခတ်ခဲ့ပြီး ပစ်ခတ်သူမှ အောက်ထပ်သို့ထွက်ပြေးစဉ် လေဆိပ်တက်စီသမားများမှ ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ရာတွင် ၎င်းမှ ထပ်မံပစ်ခတ်ခဲ့သဖြင့် တက်စီသမားတစ်ဦး သေဆုံးခဲ့သည်။ ပစ်ခတ်သူမှာ အသက် ၅၀ ကျော်ဝန်းကျင်ရှိပြီး ၎င်းကို ပစ်ခတ်ဖမ်းဆီးခဲ့ရာတွင် သေဆုံးမှုမရှိကြောင်း သိရသည်။ ဦးကိုနီမှာ နေရာတွင် သေဆုံးကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံမှ ပြန်ရောက်လာသော ဦးကိုနီနှင့် ကိုမြအေးတို့ လေဆိပ် ဆိုက်ရောက်လာပြီး ကိုမြအေးမှ အိမ်ပြန်သွားခဲ့ကာ ဦးကိုနီမှ မိသားစုလာကြိုမည်ဖြစ်၍ စောင့်ဆိုင်းနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ ကိုမြအေး အိမ်ရောက်ရှိပြီး ၎င်း ထံဖုန်းဆက်ခဲ့ကာ ၎င်းနောက်မှ ဦးကိုနီသတင်းကြားသိခြင်းဖြစ်ကြောင်း ကိုဂျင်မီက ယနေ့ညနေ ၆ နာရီခွဲခန့်က မဇ္ဈိမ သို့ အတည်ပြုခဲ့သည်။

ဦးကိုနီမှ သူ့မြေးကို ချီထားစဉ် သေနတ်နှင့်နှစ်ချက် တေ့ပစ်ခံရခြင်းဖြစ်ကြောင်း သိရသည်။


ရှေ့နေဦးကိုနီ
Mizzima - News in Burmese

ရှေ့နေကြီး ဦးကိုနီ အား လုပ်ကြံသူ မှာကြည်လင်း၊ အသက်..၅၃နှစ်၊
မန္တလေးတွင်နေသူ ဟု ဖော်ပြပါရှိ။...



တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဒီနေ့ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ သေနတ်သမားတဦးရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ပြီး ဒီကနေ့ ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ သေနတ်သမားတဦးရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။
သေနတ်သမားဖြစ်သူကိုလည်း ဖမ်းဆီမိထားပြီး ဖြစ်ကြောင်း သိရပါတယ်။

ရိုက်ကူး – မျိုးကြီး


အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုထဲ ဒုက္ခသည်တွေကိုဝင်ခွင့် ပိတ်ပင်လိုက်တဲ့အချိန်မှာ ကနေဒါဝန်ကြီးချုပ်ကတော့ သူ့နိုင်ငံက ဒုက္ခသည် တွေကို လက်ခံမယ်လို့ စနေနေ့က သူ့ရဲ့ Twitter မှာ ရေးသားလိုက်ပါတယ်။

“ဒေါ်နယ်ထရမ့်က အခုလို နိုင်ငံထဲ ဒုက္ခသည်တွေဝင်ရောက်ခွင့်ကို ရပ်ဆိုင်းလိုက်တဲ့အတွက် နိုင်ငံတချို့မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးသည်တွေ လေယာဉ်တွေပေါ်တက်ခွင့်မရခဲ့ကြပါဘူး။ ကမ္ဘာတ၀န်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ရက်စက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်လာသူ ဘယ်သူ့ကိုမဆို၊ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ကနေဒါနိုင်ငံက လက်ခံမယ်။ မတူကွဲပြားမှုစုစည်းမှုဟာ ကနေဒါနိုင်ငံရဲ့ အားသာချက်ဖြစ်တယ်” လို့ ကနေဒါဝန်ကြီးချုပ်ကပြောပါတယ်။

ကနေဒါလေဆိပ်တခုမှာ ဒုက္ခသည်တဦးကို ၀န်ကြီးချုပ်ကြိုဆိုနေတဲ့ ပုံတပုံကိုလည်း ၀န်ကြီးချုပ်က တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကနေဒါနိုင်ငံက ဒုက္ခသည် ၃၅၀၀၀ လောက်လက်ခံခဲ့ပါတယ်။

DVB TV News


မွတ်စလင်နိုင်ငံတွေကနေ တရားဝင်ဗီဇာနဲ့ အမေရိကန်မြေပေါ်ဆင်းသက်လာသူတွေကို နေရပ်ပြန်ပို့မှာမဟုတ်ဘူးလို့ နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင် တရားသူကြီးက တရားဝင် အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် နယူးယောက်ပြည်နယ် ဘရွတ်လင်းမြို့ ပြည်ထောင်စုတရားရုံရှေ့မှာ ဆန္ဒပြသူတွေ အောင်ပွဲခံနေကြပါတယ်။

ဆီးရီးယား ဒုက္ခသည်တွေကို ခေါ်ယူရေးအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားဖို့နဲ့ ဆီးရီးယား-အီရတ်နဲ့ အီရန်အပါအ၀င် မွတ်စလင်နိုင်ငံ ၇ ခုကနေ အမေရိကန်ကို ၀င်ရောက်လာသူတွေအပေါ် အထူးတင်းကြပ်ရေးအမိန့်သစ်ကို သမ္မတ ထရမ့်က မနေ့က လက်မှတ်ထိုးခဲ့ပါတယ်။

ဒီ့အတွက် ဒီကနေ့ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးကို ၀င်ရောက်လာတဲ့ မွစလင်တွေကို ဘယ်လိုစဉ်းစားမလဲ၊ သူတို့ကိုပြန်ပို့မလားဆိုပြီး လေဆိပ်အသီးသီးမှာ ၀ရုန်းသုန်းကားဖြစ်ကုန်ပါတယ်။

ဒီအမိန့် သစ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေဟာ မြို့တော်-၀ါရှင်တန်ဒီစီနဲ့ နယူးယောက်အပါအ၀င် မြို့ကြီးအတော်များများမှာလည်း ဆူဆူညံညံထွက်ပေါ်လာပါတယ်။

ဒီအ့တွက် နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင်တရားသူကြီး အန်း ဒေါ်နယ်လီက တရားဝင်ဗီဇာနဲ့ဝင်ရောက်လာသူ မွတ်စလင်တွေကို နေရပ်ပြန်ပို့မှာမဟုတ်ကြောင်း ဒီကနေ့ တရားဝင် အမိန့်ထုတ်ပြန်ပေးလိုက်ပါတယ်။

ဒီ့အတွက် ဘရွတ်လင်းမြို့က ဆန္ဒပြသူတွေ ပျော်ရွှင်စွာ အောင်ပွဲခံနေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

DVB TV News


ဂျပန် - မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ ချယ်ရီပန်းပင်တွေ စိုက်ပျိုးပွဲမှာ ဇန်နဝါရီလ ၂၉ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချယ်ရီပန်းပင်စိုက်ပျိုးနေစဉ်
ဂျပန် - မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ ချယ်ရီပန်းပင်တွေ စိုက်ပျိုးပွဲမှာ ဇန်နဝါရီလ ၂၉ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချယ်ရီပန်းပင်စိုက်ပျိုးနေစဉ်
Photo: Win Naung Toe/ RFA
ချယ်ရီပန်းကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ့် သင်္ကေတအဖြစ် မှတ်ယူဖို့လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ နေပြည်တော် လွှတ်တော်အနီးက ဗိုလ်ရှုခံစင်မြင့်နားမှာ ဂျပန် - မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ ချယ်ရီပန်းပင်တွေ စိုက်ပျိုးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာဖြစ်ပါတယ်။

"ကျမတို့နိုင်ငံဟာ ငြိမ်းချမ်းရေးလမ်းပေါ်မှာ စတင်ပြီးလျှောက်လှမ်းနေတာဖြစ်ပါတယ်၊ ကျမတို့ငြိမ်းချမ်းရေးလမ်းဟာလည်း လှပခြင်း၊ တင့်တယ်ခြင်း၊ မှန်ကန်ခြင်း၊ သဟဇာတရှိခြင်းဆိုတဲ့ တန်ဖိုးတွေကိုအလေးထားပြီးတော့ ကျမတို့ဆောက်တည်သွားရမှာပါ၊ ကမ္ဘာကြီးမှာဆိုရင် လူသားအားလုံးဟာ ငြိမ်းချမ်းရေးကိုလိုချင်တယ်၊ ငြိမ်းချမ်းရေးကို လိုလားတယ်၊ တမ်းတတယ်၊ တန်ဖိုးထားတယ်ဆိုတာ ကျမတို့ယုံကြည်ပါတယ်၊ ငြိမ်းချမ်းရေးရဲ့အဓိပ္ပါယ်၊ ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကိုနားမလည်တဲ့သူများသာလျှင် ငြိမ်းချမ်းရေးကိုအလေးမထားတတ်တာ၊ မလိုလား တတ်တာဖြစ် ပါတယ်၊ ကျမတို့ နိုင်ငံသူ၊ နိုင်ငံသားများဟာငြိမ်းချမ်းရေးအလှအပကိုလည်း နားလည်အောင် သင်္ကေတအမျိုးမျိုးနဲ့ ကျမတို့ကြိုးစားသွားရမှာဖြစ် ပါတယ်၊ ငြိမ်းချမ်းရေးရဲ့ သင်္ကေတဟာ ဂျိုးဖြူငှက်လေးဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပဲ၊ ဒါပေမယ့် ချယ်ရီပန်းလို အင်မတန်မှ လှပပြီးတော့ မတူတဲ့ယဉ်ကျေးမှုကြားထဲမှာ အဆက်အသွယ်လုပ်ပေးနိုင်တဲ့ ပန်းလေးတစ်ခုဟာလည်း ငြိမ်းချမ်းရေးရဲ့သင်္ကေတဖြစ်ပါတယ်"

ချယ်ရီပန်းပင်စိုက်ပျိုးပွဲကို ပန်းပင်စိုက်တယ်လို့ မစဉ်းစားဘဲ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲအောင် ပြုစုပျိုးထောင်တယ်လို့ စိတ်ထဲမှာ မှတ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ချယ်ရီပန်းဟာ ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုမှာ အရေးပါတဲ့ ပန်းဖြစ်ပြီး အခုလိုကောင်းမွန်တဲ့ ယဉ်ကျေးမှုကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ချယ်ရီပန်းကို သင်ခန်းစာယူပြီး မိမိနိုင်ငံ မိမိပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးအတွက် အကျိုးရှိရှိ နေထိုင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နေပြည်တော်မှာ ချယ်ရီပန်းပင် တစ်ထောင်စိုက်ပျိုးမှာဖြစ်ပြီး ဒီနေ့မနက်မှာ အပင် ၁၀၀ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲကို ဂျပန် - မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်းဥက္ကဌ Mr. Ichiro Aisawa နဲ့ အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း ၊ နေပြည်တော် ကောင်စီဥက္ကဌ ဦးမျိုးအောင် နဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
RFA

 အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုတွေ့ရစဉ် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုတွေ့ရစဉ်
တရုတ်အစိုးရအာဘော် အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့် အနေနဲ့ သူ့ပြည်တွင်း ဦးစားပေးရေး အစီအစဉ်တွေကြောင့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုလျှော့နည်းပြီး လက်ရှိကူညီမှုတွေကို လျှော့ချနိုင်ဖွယ် ရှိကြောင်းနဲ့ NLD အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အစီအစဉ်ကိုတောင် ဥပက္ခာပြုလာနိုင်ကြောင်း မနေ့က ရေးသားလိုက်ပါတယ်။


ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုထံက အကူအညီတွေ ထပ်မံတိုးတက် မရရှိတော့ဘူး ဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်ဆံပူးပေါင်းမှုတွေကို ပိုမိုတိုးချဲ့လာနိုင်တယ်လို့လည်း တရုတ်သတင်းစာမှာ ဖေါ်ပြ ထားပါတယ်။

(American Myanmar Chamber of Commerce) အမေရိကန် မြန်မာကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းတင် ကတော့ အဲဒီ အယူအဆကို သူလက်မခံနိုင်ကြောင်း၊ တရုတ်နိုင်ငံဟာ သမ္မတ ထရမ့်လက်ထက်မှာ အမေရိ ကန်နိုင်ငံက လက်ရှိရရှိနေတဲ့ ကုန်သွယ်မှုအမြတ်အစွန်းတွေ လျှော့နည်းသွားမှာကို စိုးရိမ်နေတာကြောင့် သူတို့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို စည်းရုံးနေတာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

"အရှေ့တောင်အာရှ ၁၀ နိုင်ငံအားလုံးကို သူကစည်းရုံးတယ်တဲ့၊ အဲဒီအထဲမှာ မြန်မာကိုစည်းရုံးလို့ အလိုအပ်ဆုံးပဲခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်က တရုတ်ကို တော်တော်လေး အားကိုးခဲ့ပါတယ်ခင်ဗျ၊ အိမ်နီးနားချင်းမို့လို့လည်း အားကိုးခဲ့တာပါတယ် ဒါပေမဲ့ အခုကျနော်တို့ အားကိုးဖို့မလိုတော့ပါဘူး၊ ကျနော်တို့မှာ ပို့လို့ရတဲ့တိုင်းပြည်တွေ အများကြီးရှိပါတယ်၊ ကျနော်တို့ ပွဲစားတွေမလိုတော့ပါဘူး၊ ဒေါ်နယ်လ်ထရမ့်က သူဟာသူ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် သူက ကျနော်တို့တိုင်းပြည်ကို တော်တော်လေး စိတ်ဝင်စားတာပါ ဒါပေမဲ့ ကျနော်တို့က ဒီဥစ္စာကို သူသိအောင် သူ့အထိရောက်အောင် ဒါကိုကျနော်တို့ လုပ်ရမှာ၊ ဆောင်ရွက်ရမှာဖြစ်ပါတယ်"

ဒါ့အပြင် Global Times သတင်းစာမှာ အမေရိကန် သမ္မတ ထရမ့်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တရုတ်နိုင်ငံက တိုးချဲ့နိုင်ကြောင်း၊ တရုတ်ပြည်ဟာ ဒေသ အတွင်း ပြိုင်ဘက်မရှိ ဗိုလ်ကျစိုးမိုးရေးဝါဒကို ကျင့်သုံးခြင်းမရှိကြောင်းနဲ့ တခြားတိုင်းပြည် တစ်ခုခုက အလားတူ လုပ်ဆောင်မှုကိုလည်း ကန့်ကွက်ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

တရုတ်အစိုးရအာဘော် သတင်းစာက အမေရိကန်အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေ လျှော့ ချနိုင်ကြောင်း ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် မြန်မာကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းတင်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
RFA


သင့်ကားအတွင်းမှာ ရှိနေချိန်မှာဆိုရင် ဤဘေးကင်းရေး အဆင့်များကို လိုက်နာလုပ်ဆောင်ပြီး အသက်တွေကို ကယ်တင်လိုက်ပါ လူကောင်းကြီးကြီး သေးသေး အရက်သေစာရဲ့ ဆိုးကျိုးကို ဘယ်သူကမှ မရှောင်ရှာနိုင်ပါဘူး အရက်တစ်ခွက်တည်းကတောင်မှ ဆိုးရွားလွန်းတဲ့ ကားတိုက်/ မှောက်မှုဘေးအန္တရာယ်ကို တိုးမြှင့်စေနိုင်ပါတယ်။

အရက်က သင့်ရဲ့ သွေးစီးကြောင်းထဲ ရောက်သွားတာနဲ့ တစ်ခါတည်း တစ်ခုတည်းသော ကုစားချက်ကတော့ အချိန်ပဲဖြစ်ပါတယ်၊

ဖြတ်လမ်းနည်းများဖြစ်သော ကော်ဖီလိုမျိုး ရေးအေးနဲ့ ရေချိုးတာလိုမျိုးဖြစ်ပြီး အားဖြည့်အချိုရည် တွေငတော့ ထူးထူးခြားခြား အမှုးပြေသွားစေတာမျိုး မရှိပါဘူး။ သောက်ပြီးတဲ့နောက်ပိုင်းသင်က ခရီးသွားဖို့ လိုအပ်တယ်ဆိုရင် တာဝန်ယူတက်သူဖြစ်ပါစေ။ တက္ကစီ (အငှားယာဉ်) ဒါမှမဟုတ် ဘတ်စ်ကား၊ ရထားစတဲ့ အများသုံးသယ်ယူပို့ဆောင်ရေးကို စီးသွားပါ၊ ဒါမှမဟုတ်ရင်လည်း သင်ရောက်နေတဲ့ နေရာမှသာ နေလိုက်ပါ လမ်းဘေးအန္တရယ်ကင်းရှင်းရေးအတွက် ကျွန်မတို့အားလုံးက တစ်ထောင့်တစ်နေရာကနေ ပါဝင်ပါသည်။

Mizzima - News in Burmese


ဇန်နဝါရီ ၂၈၊ ၂၀၁၇

မောင်တောမြို့နယ် ငန်းချောင်းရဲကင်းစခန်း၌ လူပျောက်တိုင်ကြားထားသော ကြက်ရိုးပြင်ကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဇော်ကီမူဟာမတ် ၃၃ နှစ် အား ရွှံ့နွံအိုင်ထဲ၌ မှောက်လျက်သေဆုံးနေကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၁ နာရီတွင် ပျောက်ဆုံးနေသော ကြက်ရိုးပြင်ကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဇော်ကီမူဟာမတ်အား ၎င်း၏ အစ်ကိုဖြစ်သူ ဒီမာမတ်မှ လိုက်လံရှာဖွေခဲ့ရာ ပြောင်ပိုက်ကျေးရွာ အနောက်တောင်ဘက်ရှိ ရွှံနွံအိုင်ထဲ၌ နစ်မြုပ်၍ မှောက်လျက်သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ငန်းချောင်းရဲကင်းစခန်းသို့ လာရောက်သတင်းပို့လာသောကြောင့် သွားရောက် စိစစ်ခဲ့ကြသည်။

အလောင်းအား စစ်ဆေးရာ ယာပါးပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ယာနံဘေး ထိုးသွင်းဒဏ်ရာ ၂ ချက်၊ လည်ပင်းလှီးပြတ်ဒဏ်ရာ ၂ ချက်၊ ယာဒူးပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ၁ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။
သေဆုံးသူ၏အလောင်းအား မောင်တောဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်းသိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/



လတ်တလောကာလမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အကြမ်းဖက်ခံရမှု မြင့်မားလာတဲ့အတွက် ဒီဥပဒေပြဌာန်းနိုင်ဖို့အတွက် ရှေ့နေချုပ်ရုံးကို အကြံပြုချက်ပေးဖို့ တင်ပြခဲ့
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ အမျိုးသားလွှတ်တော်နဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတို့ ပူးပေါင်းပြီး အမျိုးသမီး အကြမ်းဖက်ခံရမှု ကာကွယ်ရေးဆိုင်ရာ ဥပဒေကို လာမယ့် လွှတ်တော် အစည်းအဝေးမှာ ပြဌာန်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

လတ်တလောကာလမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အကြမ်းဖက်ခံရမှု မြင့်မားလာတဲ့အတွက် ဒီဥပဒေပြဌာန်းနိုင်ဖို့အတွက် ရှေ့နေချုပ်ရုံးကို အကြံပြုချက်ပေးဖို့ တင်ပြခဲ့တယ်လို့ ကလေးသူငယ် အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါက်တာ မြသောင်းက ဘီဘီစီကို ပြောပါတယ်။

ပြဌာန်းမယ့် ဥပဒေမှာ ပါတဲ့အချက်တွေဟာ မျိုးစောင့် ဥပဒေတွေမှာ ပါတဲ့ အချက်တွေနဲ့ ညှိစွန်းနေတဲ့အတွက် မျိုးစောင့်ဥပဒေပါ အချက်တချို့ကို ပြင်ဆင်ဖို့လိုတယ်လို့ ရှေ့နေချုပ်ရုံးက အကြံပြုခဲ့ကြောင်း ဒေါက်တာ မြသောင်းက ပြောပါတယ်။

အခုလို ညှိစွန်းတဲ့အထဲက တချက်ကတော့ လက်ထပ်နိုင်တဲ့ အသက်အရွယ်ကို ဗုဒ္ဓဘာသာ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေမှာ ၁၆ နှစ်လို့ ရေးသားထားတာကို နိုင်ငံတကာ ပြဌာန်းချက်အတိုင်း ၁၈ နှစ်လို့ ပြင်ဖို့ လိုတယ်လို့လည်း ရှေ့နေချုပ်ရုံးက ပြောဆိုခဲ့ပြီး မျိုးစောင့် ဥပဒေမှာ အမျိုးသမီး အခွင့်အရေး နစ်နာ ဆုံးရှုံးစေမယ့် အချက်တွေ ပါဝင်နေတယ်လို့ သူက ပြောပါတယ်။

အခုလို မျိုးစောင့်ဥပဒေပြင်မယ်လို့ သတင်းထွက်လာတဲ့အတွက် အဖွဲ့အစည်းအချို့က ဒါကို ဆန္ဒပြမယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

မျိုးစောင့် ဥပဒေလို့ လူသိများတဲ့ ဥပဒေတွေဟာ တလင်တမယား ကျင့်သုံခြင်းဆိုင်ရာ ဥပဒေ၊ ဗုဒ္ဓဘာသာ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေတွေကို ကန့်ကွက်မှုတွေ ရှိတဲ့ကြားက ယခင် အစိုးရလက်ထက်ကတည်းက ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မန္တလေးမြို့တွင် ၂၀၁၆ ခုနှစ်အတွင်း လူသတ်မှုနှင့် မုဒိမ်းမှုများ ယမန်နှစ်ထက်များပြားခဲ့ပြီး အမှုကြီး(၁၀)မျိုး ဖြစ်ပွားရခြင်း၏အဓိကဖြစ်သော ကြိုတင်ကာကွယ်မှု (၁၀)မျိုးကိုလျော့နည်းပပျောက်အောင် ဆောင်ရွက် နေကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ဒီအမှုကြီး(၁၀)မျိုးမှာက လူသတ်၊ ဓားပြ၊ လုယက်၊ ပြန်ပေး၊ ဖောက်ထွင်း၊ တိရစ္ဆာန်ခိုး၊ မုဒိမ်း စသဖြင့်ပေါ့။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ လူသတ်မှုကနည်းပေမယ့် ယခုနှစ်မှာ များလာတယ်။ ပြီးရင် မုဒိမ်းမှုပါ။ လူသတ်မှု တခုဖြစ်တယ်ဆိုရင် များသောအားဖြင့် အရက်သေစာသောက် စားကြတယ်။ ပြီးရင်မူးပြီး ရန်ဖြစ်ကြတယ်။ အဲဒီကနေ စိတ်ကိုမထိန်းချုပ်နိုင်ဘဲနဲ့ လူကိုသတ်တဲ့အထိ ဖြစ်ခဲ့ကြတယ်။ မုဒိမ်းမှုမှာကလည်း အနေနီးလို့ ဖြစ်ကြတာတွေရှိတယ်။ ရည်စားနောက်လိုက်လို့ဖြစ်တာတွေရှိတယ်။ နောက်ပြီး မိဘတွေက မကျေနပ်လို့ တိုင်တာတွေရှိတယ်။ တချို့ကြတော့လည်း ကလေးတွေကို အဓမ္မပြုကျင့်တာတွေလည်း ရှိခဲ့တယ်။ ကျွန်တော် တို့အနေနဲ့ မုဒိမ်းမှုတွေဖြစ်ပွားမှုမရှိအောင်လို့ ဖမ်းဆီးမှုတွေပြုလုပ်သလို ပညာပေးဟောပြောမှုတွေလည်း ပြုလုပ်ပေးနေပါတယ်''ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ထွန်းက ပြောသည်။

အမှုကြီး(၁၀)မျိုးတွင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ မုဒိမ်းမှု၊ နိုင်ငံ/ ပုန်ကန်မှု၊ လက်နက်မှုနှင့် မတရာသင်း အမှုတို့ပါဝင်ပြီး ၂၀၁၆ ခုနှစ်အတွင်းက လူသတ်မှု(၄၅)မှု၊ ဓားပြမှု(၂)မှု၊ လုယက်မှု (၁၆)မှု၊ ဖောက်ထွင်းမှု(၂)မှု၊ တိရစ္ဆာန်ခိုးမှု (၂)မှုနှင့် မုဒိမ်းမှု(၃၅)မှုတို့ ဖြစ်ပွားခဲ့ကာ ၂၀၁၅ ခုနှစ်က အမှုကြီး(၁၀)မျိုးအနက် လူသတ်မှု(၂၈)မှု၊ လုယက်မှု(၁၁)မှု၊ ဖောက်ထွင်းမှု(၃)မှုနှင့် မုဒိမ်းမှု(၁၁)မှုသာဖြစ်ပွား ခဲ့သည်။

''ဒီအမှုကြီး(၁၀)မျိုး ဖြစ်ပွားမှုမရှိအောင်လို့ ရဲတပ်ဖွဲ့အနေနဲ့ ကြိုတင်ကာကွယ်မှုဖြစ်တဲ့ လက်နက်ပုန်း၊ လောင်းကစား၊ ပြည့်တန်ဆာ၊ ကျင့် ၅၄၊ ယစ်မျိုး၊ ရဲအက်၊ ခြေချုပ်၊ မူးယစ်ဆေးဝါး၊ အရေးပေါ်စီမံမှုနဲ့ ဆင်ဆာမဲ့တွေကို အတတ်နိုင်ဆုံး လျော့နည်းကင်းစင်ပပျောက်သွားအောင် ဆောင်ရွက်နေပါတယ်။ ကြိုတင် ကာကွယ်မှုမှာက အမှုကြီး(၁၀)မျိုးကို ဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မို့ ကြိုတင်ကာကွယ်မှုကို အရင်ဆုံးဆောင်ရွက်ရတယ်။ အမှုကြီး(၁၀)မျိုးကျတော့လည်း ကြိုတင်ကာကွယ်မှုတွေထဲကမှ လူသတ်မှုဆို တာတွေ ရှိလာနိုင်တယ်။ ဒီကိစ္စတွေက ကြိုပြီးတားလို့မရနိုင်ဘူး။ ကြိုတင်ကာကွယ်မှုကနေမှ အဓိကဖြစ်တဲ့ အမှုကြီး (၁၀)မျိုးက ဖြစ်လာတာပါ''ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမှုကြီး(၁၀)မျိုး ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများဖြစ်သော ကြိုတင်ကာကွယ်မှု (၁၀)မှုတွင် ၂၀၁၆ ခုနှစ်အတွင်း လက်နက်မှု (၁၃၀)မှု၊ လောင်းကစားမှု (၁၃၁)မှု၊ ပြည့်တန်ဆာမှု (၂၀)မှု၊ ကျင့် ၅၄ (၁၀၄၁)မှု၊ ယစ်မျိုးမှု (၁၂၇)မှု၊ ရဲအက်(၃၄၉၆)မှု၊ ခြေချုပ်မှု(၁၁) မှု၊ မူးယစ်ဆေးဝါး(၂၂၇)မှုနှင့် ဆင်ဆာမဲ့ (၃၇)မှုတို့ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်းကလည်း လက်နက်မှု(၁၀၉)မှု၊ လောင်းကစားမှု (၁၁၈)မှု၊ ပြည့်တန်ဆာမှု (၁၈)မှု၊ ကျင့်၅၄(၈၅၁)မှု၊ ယစ်မျိုး(၃၃၀)မှု၊ ရဲအက်(၂၉၅၂)မှု၊ ခြေချုပ် (၁၄)မှု၊ မူးယစ်ဆေးဝါးမှု(၁၅၄)မှုနှင့် ဆင်ဆာမဲ့ (၂၉)မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal/


GPS ရဲ့ သဘောတရားကို အလွယ်ဆုံး ပြန်ပြောရမယ်ဆိုရင် ဂြိုဟ်တု အခြေပြု တည်နေရာပြစနစ်ပါ။

GPS က တပ်ဆင်ထားတဲ့ ကား၊ ဖုန်း စတဲ့ အရာတွေကို တည်နေရာ၊ ရောက်ရှိနေရာနဲ့ မြေပုံတွေကို ပြသပေးနိုင်တာ ဖြစ်ပါတယ်။ ကားတွေမှာ မောင်းနှင်နေရင်းလည်း သုံးနိုင်သလို ကားခိုးခံရရင်လည်း လိုက်ပြီး ခြေရာခံနိုင်ပါတယ်။

GPS စနစ်အကြောင်း သိပြီဆိုရင် ဒီစနစ်မှာ ဘာတွေပါဝင် ဖွဲ့စည်းထားပါသလဲ။ နည်းနည်းလောက် ကြည့်ရအောင်ပါ။ အဓိက အနေနဲ့တော့ ၃ ပိုင်းပါ။

(၁) GPS Tracking Device

ဒါကတော့ ကျနော်တို့ရဲ့ကားမှာ GPS စနစ် ထည့်တော့မယ်ဆိုရင် မဖြစ်မနေ ထည့်ရမယ့် ပစ္စည်းပါပဲ။ သူက လမ်းကြောင်းပြ စနစ်ကို လုပ်ဆောင်ပေမယ့် စက်ပါ။ သူ့မှာ အဝင်လက်ခံနဲ့ အထွက်ထုတ်လွှတ် အပိုင်းတွေ ပါရှိပါတယ်။

အဝင်လက်ခံ အပိုင်းက ပင်မ Server ကနေ ထုတ်လွှတ်ပေးလိုက်တဲ့ လှိုင်းအရ မိမိကားရဲ့ တည်နေရာကို လက်ခံပါတယ်။ နောက်ထပ် အဝင်လက်ခံစနစ်က တခြား GPS စနစ် တပ်ဆင်ထားတဲ့ ကားတွေက ထုတ်လွှတ်လှိုင်းကို လက်ခံပေးခြင်း ဖြစ်ပြီး သင့်ကားမှာ တခြား GPS တပ်ဆင်ထားတဲ့ ကားတွေရဲ့ တည်နေရာကို ပတ်ဝန်းကျင် အနီးအနား သတ်မှတ် နယ်ပယ်အတိုင်း ပြပေးနိုင်ပါတယ်။

နောက်ထပ် အထွက်ထုတ်လွှတ်မှုကတော့ ရောက်ရှိ တည်နေရာအတိုင်း လှိုင်းထုတ်လွှတ်ခြင်း ဖြစ်ပြီး အဆိုပါလှိုင်း ထုတ် လွှတ်တည်နေရာကို ပင်မ Server က ဘယ်နေရာဆိုတာ ပြန်လည် အတည်ပြုပေးဖို့ ဖြစ်ပါတယ်။

(၂) GPS Tracking Server

သူကတော့ ကျနော်တို့ လူတွေလိုဆိုရင် Operator လို လုပ်ဆောင်ချက်မျိုး လုပ်ဆောင်ပေးသူပါ။ လမ်းကြောင်း အနေအထားနဲ့ ပတ်သက်သမျှကို GPS Device ဆီက လာသမျှ လက်ခံတယ်၊ ဘယ်နေရာလဲ အတည်ပြုတယ်၊ ပြန်ပြီး ထုတ်လွှင့် ပေးတယ်။ သူ့ရဲ့အလုပ်က ဂြိုဟ်တုရဲ့ လုပ်ဆောင်ချက်နဲ့ တွဲဖက်ထားတာ ဖြစ်ပါတယ်။

(၃) User Interface

သူကတော့ ပြသမျက်နှာပြင်နဲ့ ဖန်တီးထားတဲ့ အသုံးပြုသူ မြင်နိုင်မယ့်အပိုင်း ဖြစ်ပါတယ်။ အထက်က အပိုင်း ၂ ခုရဲ့ လုပ်ဆောင်ချက်အရ သင့်ရဲ့ကား ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာ သင်မြင်နိုင်ပါပြီ။

ဘေးနားမှာ သင့်လို GPS တပ်ဆင်ထားတဲ့ ကား ဘယ်နှစီးရှိလဲ သိနိုင်ပါတယ်။ သင့်ရဲ့ပျောက်သွားတဲ့ကား ဘယ်မှာလဲ သိနိုင်ပါတယ်။ သူကတော့ သတင်းအချက်အလက်ပြ စနစ်ပါပဲ။


By လင်းထက်(IA)
The Irrawaddy - Burmese Edition




Weekly Headlines ဂျာနယ်အတွက် မရေးဖြစ်တာတောင် တော်တော်ကြာသွားပေပြီ ။ အယ်ဒီတာချုပ်ကိုသဲအောင်ကတော့ စိတ်မပျက်လက်မပျက်မကြာခနစာမူတောင်းသော်လည်း ကျန်းမာရေးအရ အနားယူနေရသဖြင့် စိတ်ထင်တိုင်းမရေးနိုင်သောကာလကိုလည်းဖြတ်ခဲ့ရပေ၏ ။ ရှေ့ လာမည့်ဂျာနယ်များတွင်လည်း အပါတ်စဉ်ရေးဖို့ ထက် တစ်ပါတ်ခြားဖြစ်စေ ထုံ့ ပိုင်းထုံ့ ပိုင်းတော့ရေးဖြစ်လိမ့်မည်ဟုယူဆရပေသည် ။ ယခုတစ်ပါတ်တော့ ရေးစရာသတင်းခေါင်းစဉ်ကများလှသည် ။ YBS ရန်ကုန်ဘတ်စ်ကားသတင်း ၊ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော ၀န်ကြီးချုပ်များအားခိုင်းပါဆိုသောသတင်း(ခိုင်းပါဆိုပေသည့်တစ်ဖက်ကလည်း၆၆(ဃ) ဘာညာကိုကြောက်ရတော့သိပ်မခိုင်းရဲဘူးခင်ဗျ) ၊ သည်းခံသင့်တာကိုသည်းခံပြီး သည်းမခံသင့်တာကိုသည်းမခံဖို့ ဆိုသော မိန့် ခွန်းသတင်း ၊ ပါတီ ၁၅ ပါတီကသခွပ်ပင်ကမီးတကျီကျီ မရောင်ရာဆီလူးနေတဲ့သတင်း ၊ အဲဒီ သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ တဲ့  ၁၅ ပါတီထဲမှာ သူတို့မပါဘူး ။ လက်မှတ်ကလည်းသူတို့ပါတီခေါင်းဆောင်လက်မှတ်မဟုတ်ဘူးလို့  တအောင်း(ပလောင်)ပါတီကငြင်းလိုက်တဲ့သတင်း ၊ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ပြန်စတော့မည့်သတင်း ၊ ငြိမ်းချမ်းရေးရန်ပုံငွေတွေ ကျပ်ဘီလျံသုံးထောင်ကျော် အလှူခံရရှိနေပြီဆိုတဲ့သတင်း စတာတွေနှင့် ရေးစရာပြောစရာများလှပေ၏ ။ ထို့ ကြောင့်တစ်ခုတည်းကိုမရေး သဗ္ဘရနံပေါင်း အကုန်ရေးရမည်ကဲ့သို့ ရှိချေ၏ ။ ဒါတောင်ကမ္ဘာ့သတင်းတွင်ဒေါ်နယ်ထရန့် ကြီးကြမ်းနေရမ်းနေပုံကြောင့် ဒုတာတေးသတင်းပင်ခပ်မှိန်မှိန်ရှိသွားပုံ ၊ တရုတ်နှင့် ရုရှားပင် ထရန့် ကြီးကိုအရိပ်အကဲကြည့်ပေါင်းနေရတာတွေ မပါသေးချေ ။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသကဲ့သို့ ပြောစရာကားများလှ၏ ။

အရင်ဆုံး YBS အကြောင်းပြောချင်သည် ။ ကိုကြီးဖြိုး နဲ့ YBS ပြောင်းလဲရေးဗျူဟာ
YBS စနစ် (ကားဆရာနဲ့ စပါယ်ယာတွေကိုယ်ရကိုယ်ယူတစ်စီးချင်းကိုယ့်ငွေကိုယ်ကိုင်စနစ်မှ အများပိုင်ကုမ္မဏီသဘောအားလုံးမျှယူစနစ် )ပြောင်းလိုက်တာကောင်းသည် ။
- စနစ်ပြောင်းလိုက်တာထောက်ခံသည် ။သို့ သော် အထိုင်ကျနေသည့်ကားလိုင်းပြေးဆွဲသည့်ခ၇ီးစဉ်လမ်းကြောင်း Route များအားလုံးပြောင်းလိုက်တာမှားသည် ။
ဂျပန်အစိုးရဖွံ့ ဖြိုးတိုးတက်ရေးအေဂျင်စီ ( JICA )က ကိုကြီးဖြိုးကို အများဆုံးအကြံပေးသည် ။ပြောင်းလဲလိုက်သောလမ်းကြောင်းအသစ်များက မြို့ တွင်းပါတ်လိုင်းတွေများသည် ။ဟိုကွေ့ သည်ကောက်တွေများသည် ဂျပန်မှာ ၊ စင်္ကာပူမှာ ၊ လန်ဒန်မှာ ၊ အမေရိကမှာ မြန်မာပြည်လို ဂိတ်စဂိတ်ဆုံး မစီးသည့်သူတွေများသည် ။ အနီးဆုံးဘူတာရောက်တာနှင့် မြေအောက်ရထားစီးဖို့ ဘူတာရုံထဲဆင်းသွားကြသည် ။သူတို့ နိုင်ငံမှာ ရထားကိုအဓိကယာဉ်အဖြစ်သုံးကြပြီး ဘတ်စ်ကားကို အဖြည့်ခံယာဉ်အဖြစ်သုံးသည် ။ ကားနှင့်ရထားကိုချိတ်ဆက်ထားသည် ။ ရထားနှင့်ကားကို တချိန်တည်းလိုလိုပြောင်းစီးလျှင်ပိုက်ဆံထပ်မပေးရ ၊အချို့နိုင်ငံတွေမှာတော့စတိသဘောနည်းနည်းထပ်ကောက်သည် ။ မြန်မာပြည်မှာ ကားစီးသူတွေသည် ကားကို အဓိကပို့ ဆောင်ရေးယာဉ်အနေနဲ့စီးကြသည် ။ ဘူတာရောက်တာနှင့် ကားပေါ်ကဆင်းသွားကြသူများမဟုတ် ။ မြောက်ဥက္ကလာ-ဆူးလေ။ လှိုင်သာယာ-ဆူးလေ။ အင်းစိန်ဆူးလေ။ သံလျှင်-ဆူးလေ စသည်ဖြင့် အစအဆုံးသွားလာနေကြသူတွေများသည် ။ ရထားစီးသူကသပ်သပ် ၊ ဘတ်စ်ကားစီးသူကသပ်သပ်ဖြစ်သည် ။ ဂျပန်နှင့်မတူပါ ။ ဤအချက်ကြောင့် ဂျပန်အကြံဥာဏ်အတိုင်းလိုက်လုပ်လျှင် ဂျပန်မှာအဆင်ပြေမည်။ရန်ကုန်မှာအဆင်ပြေနိုင်မည်မဟုတ်ပါ ။ မြန်မာအကြံပေးကောင်းကောင်းကိုသုံးပါကိုကြီးဖြိုး ။ သို့ သော် ဤအပြောင်းအလဲကိုဆန့် ကျင်နေခြင်းမဟုတ် ။ကိုကြီးဖြိုးကိုထောက်ခံသည် ။ မှားလျှင်ပြန်တည့်ပါ ။ အရင်လူတွေထက်စာလျှင်အများကြီး အလုပ်လုပ်လာသည်ကိုထောက်ခံပါ၏ ။

၁၅ ပါတီကိစ္စကတော့ (တကယ်တော့ ၁၄ ပါတီ ဟုပြောမှမှန်မည် ။ပလောင်ကသူမပါဟုငြင်းသည် ) အကြော်သယ်မလက်နှီးစုတ်လို ဖန်တရာတေနေသောနိုင်ငံရေးခြောက်လှန့် မှုဖြစ်သည် ။ ကာလုံကို ဇွတ်ကြီးပွဲထုတ်နေသောလုပ်ရပ်ဖြစ်သည် ။ ထုံးစံတိုင်း အမျိုးသားရေး ၊ ဘာရေးညာရေးကို ဘန်းပြကာ အစိုးရအဖွဲ့ ကို စစ်တပ်လွှမ်းမိုးရေး နှပ်ကြောင်းပေးနေခြင်းဖြစ်သည် ။ဤအကွက်တွေမှာ ဘိုးတော်ဘုရားလေးဘက်ထောက်သွားနေကာစလောက်ကအကွက်တွေဖြစ်၍ ရိုးအီနေချေပြီ ။ စစ်ပွဲတွေကိုထောက်ခံကြအဖွဲ့ နောက်သို့ လည်း လူတွေများများစားစားပါမလာတာကို ကြည့်လျှင်မြန်မာပြည်သူလူထုက ဤအကွက်ကိုကြိုသဘောပေါက်နေကြတာများသည်ဟုဆိုရမည် ။ မြန်မာ့ အိုင်ကျူ ကမ္ဘာသို့ လွှမ်းချေပြီ ။ ဤအထဲတွင် လွန်ခဲ့သောရက်ပိုင်းက NDF ပါတီ၏ထူးခြားသောကြေညာချက်တစ်ခုကိုဖတ်လိုက်ရသည် ။ The Voice စသော မီဒီယာအချို့ က NDF ပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်လိုလို မဟာမိတ်လိုလို ရေးသားခဲ့သဖြင့် မဟုတ်ရပါကြောင်း ရှင်းလင်းထားသောကြေငြာချက်ဖြစ်သည် ။ ရှင်းသည်ဆိုကတည်းက ရှုပ်နေသောကြောင့်ဖြစ်သည် ။ မရှုပ်လျှင်ရှင်းစရာမလို ။ ချဉ်ဖတ်အိုးထဲသို့ ခုန်ဆင်းမိသော မုန်လာဥတစ်ဖတ်မှာ ကိုယ်ကမချဉ်ချင်ပါဘူးဟုပြောသည့်တိုင် ဘယ်လိုအရသာဖြစ်နေမည်လဲဆိုတာ နိုင်ငံရေးဆရာကြီးများ သိဖို့ ကောင်းသည် ။ ငရုတ်သီးနှင့်ပေါင်းလို့ ကြက်သွန်မှာရောအထောင်းခံရသည်ဆိုသောပြောရိုးလည်းရှိသည် ။ ငရုတ်သီးရော ၊ကြက်သွန်ရော ငရုတ်ဆုံထဲ ခုန်မချကြဖို့လိုပေသည် ။ ဝေဖန်ရေးကားကောင်း၏ ။ သို့ သော် အရာရာကိုချင့်ချိန်ထောက်ဆပြီးမှလုပ်သော်ပိုကောင်းပေ၏ ။

နောက်ထပ်စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်ကား ၈၈ မျိုးဆက် များ ပါတီထောင်ဖို့ အကြံဥာဏ်များရယူရန်ဖိုရမ်ကျင်းပမည့်သတင်းဖြစ်သည် ။ ပြည်ခိုင်ဖြိုးနှင့် NLD သာ မီနူးပေါ်တွင်ရွေးစရာရှိသလိုဖြစ်နေသောအဖြစ်မှ တတိယအင်အားစုတစ်ခုဝင်လာမည်ဆိုခြင်းကို ထောက်ခံကြိုဆိုပါ၏ ။ ၁၉၈၈ မှစကာ ၂၉ နှစ်လုံးလုံး နိုင်ငံရေးသီလမကျိုးပေါက်ခဲ့သောအဖွဲ့ တစ်ခုကိုမဲပေးဖို့ ပြည်သူလူထုက စောင့်မျှော်နေပါသည် ။သို့ သော် ထိုအဖွဲ့ ပါတီထောင်မည့်ကိစ္စတွင် ဦးကိုကိုကြီးသာပါဝင်ပြီး ကိုမင်းကိုနိုင်ကမပါဝင်ပဲ အမျိုးသားနိုင်ငံရေးလိုလိုဘာလိုလိုလုပ်မည်ဆိုတာကိုတော့သဘောမကျ ။ အမေရိကန်သမ္မတလင်ကွန်းပြောခဲ့သောစကားတစ်ခွန်းရှိသည် ။ သူသည် မည်သည့်အလုပ်ကိုမှ တစ်စိတ်တစ်ပိုင်းနှင့် တို့ လို့ တန်းလန်း ( Half Done ) ထားခဲ့ရိုးမရှိပါ တဲ့ ။ မြန်မာ့နိုင်ငံရေးတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များပါဝင်မှုနက်ရှိုင်းခဲ့သည် ။ အရင်းအနှီးကြီးခဲ့သည် ။ သို့ သော် ဒီမိုကရေစီတိုက်ပွဲကမပြီးသေးပါ ။ ပြည်သူ့ ဘက်တော်သားတွေအာဏာရဖို့ လိုသည် ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်း ၊ငြိမ်းချမ်းရေး ၊ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေကိုဆက်သွားဖို့ လိုသည် ။ဒါတွေသည် အာဏာမရှိပဲ စာရွက်ပေါ်တွင်ကြေငြာချက်ထုတ်ရုံ ၊ ဟိုလူ့ ဝန်းရံသည်လူ့ ဝန်းရံရုံဖြင့်လုပ်၍မရပါ ။ ကိုမင်းကိုနိုင်ကို အပြင်းအထန် မေတ္တာရပ်ခံတောင်းဆိုပါသည် ။ ကိုကိုကြီးနှင့်အတူ ၈၈ မျိုးဆက်ပါတီထောင်ပါ ။ ရွေးကောက်ပွဲဝင်ပါ ။ ၅၄ နှစ်ဆိုသောအရွယ်သည် နိုင်ငံရေးအရအကောင်းဆုံးအသက်အရွယ်ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်အလွန်မြန်မာ့နိုင်ငံရေးအတွက်ယခုထဲကပြင်ဆင်ထားကြပါ ။ ပါတီထောင်ခြင်း၊ရွေးကောက်ပွဲဝင်ခြင်း ၊အာဏာ ရယူခြင်းတို့ သည် ရှက်စရာ ရွံ့ စရာမဟုတ်ပါ ။ ရဲရဲဝံ့ ဝံ့ရှေ့ ဆက်လျှောက်လှမ်းကာ ၁၉၈၈ တိုက်ပွဲ၏အပြီးသတ်အလုပ်တစ်ခုကိုဆက်လက်လုပ်ကိုင်ပါဟု ကိုမင်းကိုနိုင်ကိုတောင်းဆိုလိုက်ရပါကြောင်း။

သရ၀ဏ်(ပြည်)

Weekly Headline ဂျာနယ်
၂၈.၁.၂၀၁၇


သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်ထားချက်ပါ အမေရိကန်ကို အသစ်ဝင်ရောက်လာတဲ့ မွတ်ဆလင် တိုင်းပြည် တချို့က လူတွေကို နှင်ထုတ်မယ့် အစီအစဉ်ကို ဗဟို ပြည်ထောင်စု တရားသူကြီး တဦးက ယာယီ တားမြစ်လိုက်ပါတယ်။

ထရမ့်ရဲ့ မွတ်ဆလင် အများစု ရှိရာ တိုင်းပြည်တွေက ရွှေ့ပြောင်း အခြေချနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်မှု အပေါ် ပြီးခဲ့တဲ့ စနေနေ့က အမေရိကန် ပြည်သူ့ရေးရာ လွတ်မြောက်ခွင့် အဖွဲ့ချုပ် (ACLU) က တရားရုံးတင် တရားစွဲခဲ့ပါတယ်။

အမှုကို စစ်ဆေးရာမှာ တရားသူကြီး အန်းဒေါ်နယ်လီ က သမ္မတရဲ့ အမိန့်ကြောင့် လေဆိပ်မှာ ပိတ်မိနေတဲ့ တိုင်းပြည်ထဲကို တရားဝင် ဝင်ခွင့် ပြုခဲ့တဲ့ ပြည်ဝင်ခွင့် လက်မှတ် ဗီဇာပါ ခရီးသွားတွေ သို့မဟုတ် အသိအမှတ်ပြုပြီး ဒုက္ခသည်တွေ ပြည်နှင်ဒဏ်ပေးမယ့် အစီအစဉ်ကို တားဆီးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ACLU အဖွဲ့ က ပြောပါတယ်။ တရားသူကြီးက လေဆိပ်မှာ ဖမ်းဆီးထားတဲ့ လူတွေရဲ့ နာမည်စာရင်းကို ထုတ်ပြန်ပေးဖို့လည်း အစိုးရကို အမိန့်ပေးခဲ့တယ် ဆိုပါတယ်။

အမေရိကန်က လေဆိပ်တွေနဲ့ လေယာဉ် ချိတ်ဆက် ပြောင်းလဲမှုတွေမှာ အယောက် ၂၀၀ ကနေ ၁၀၀ ကြား ရှိတဲ့ လူတွေဟာ ဖမ်းဆီးခံထားရတယ်လို့ အဲဒီအဖွဲ့က ခန့်မှန်းပါတယ်။

သမ္မတသစ်ရဲ့ လူဝင်မှု ကြီးကြပ်ရေး အပေါ် တင်းကျပ်လိုက်တဲ့ မူဝါဒတွေကို အမေရိကန် ပြည်နယ် အများအပြားရှိ လေဆိပ်တွေမှာ ရာနဲ့ချီတဲ့ ဆန္ဒပြမှု တွေ ဖြစ်ပေါ်လာအပြီးမှာ အခု တရားရုံးဆုံးဖြတ်ချက် ထွက်လာခဲ့တာပါ။

အမေရိကန် ပြည်ဝင်ခွင့် ရက် ၉၀ ပိတ်ခံထားရတဲ့ နိုင်ငံ ၇ နိုင်ငံကတော့ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် နိုင်ငံတွေ ဖြစ်ပါတယ်။
BBC Burmese



ကျွန်တော်တို့တွေ ခရီးတစ်ခုသွားပြီဆိုရင် လုပ်တတ်တဲ့အကျင့်ထဲမှာ ဘယ်ကိုသွားနေပါတယ်ဆိုတဲ့လက်မှတ်လေးကို ရိုက်ပြတတ်ကြတာကလည်း ခေတ်စားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါဟာ သင်ဘယ်ကိုသွားပြီး ဘာလုပ်တော့မယ်ဆိုတာကို ပြောပြလိုက်ခြင်း ဖြစ်ပါတ်။ ပြီးတော့လည်း နောက်ထပ်အကြောင်းပြချက်အသစ်တစ်ခု ရှိပါသေးတယ်။ လူပုံထက် ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရခြင်း ဖြစ်ပါတယ်။
ဒါတွေဟာ ခေတ်ဟောင်းက အယူအဆတွေလို့ ပြောနိုင်ပါတယ်။ သင့်ရဲ့ခရီးသွားလက်မှတ်ကို ပုံရိုက်တင်ခြင်းကို သေချာစဉ်းစားလိုက်မယ်ဆိုရင် ဒါဟာ အင်တာနက်ပေါ်မှာ မျှဝေသင့်တဲ့အကြောင်းကိစ္စရပ်တစ်ခု ဖြစ်သင့်လား။

သင့်စိတ်ကို မရှုပ်သွားစေဘဲတွေးမယ်ဆိုရ်င မဖြစ်သင့်ပါဘူး။ #boardingpass  ဆိုတဲ့ Instagram ပေါ်ကအရာလေးကိုကြည့်လိုက်ရင် လူအတော်များများဟာ သူတို့ရဲ့ လက်မှတ်တွေကို မျှဝေထားကြတာ မြင်နိုင်ပါတယ်။ သူတို့ဟာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေခိုးတဲ့သူတွေကို လာပါလို့ လက်ယပ်ခေါ်နေသလိုပါပဲ။ အဲဒါကို သုတေသနပညာရှင် ကာစတန်နိုး က ပြောကြားခဲ့တာဖြစ်ပါတယ်။ တင်ဆက်နေစဉ်အတွင်းမှာ နိုးဟာ Instagram ပေါ်မှာ ရှာပြခဲ့ပြီး နိုင်ငံခြားသွားတဲ့လက်မှတ်တွေကို ဘားကုတ်တွေပါ ပါအောင်ရိုက်ပြထားတာကို ပြသခဲ့ပါတယ်။
အဲဒီ ဘားကုတ်တွေဟာ အရာအားလုံးအတွက် သော့ချက်ဖြစ်တယ်လို့ နိုးက ပြသခဲ့ပါတယ်။ လေကြောင်းလိုင်းရဲ့ ၀က်ဘ်ဆိုက်ထဲကိုလည်း ၀င်ကြည့်နိုင်တာကို မြင်ခဲ့ရပါတယ်။ Lufthansa ထဲကို မြင်ရတဲ့ ဘားကုတ်ကိုအသုံးပြုပြီး ၀င်ပြခဲ့ပါတယ်။ အဲဒီမှာ ပုံတင်ထားတဲ့သူရဲ့ ကိုယ်ပိုင်အချက်အလက်တွေကိုလည်း မြင်ရပါတယ်။ ဒါကြောင့်နောက်ထပ်တစ်ကြိမ် လက်မှတ်ဖြတ်နိုင်တဲ့အခွင့်အရေးတောင် ရခဲ့ပါတယ်။ ဒါဟာ အတော့ကိုဆိုးရွားနိုင်ပါတယ်။ လေကြောင်းလိုင်းရဲ့အပေါ်လည်းမူတည်နေပြီး ရရှိနိုင်တဲ့အချက်အလက်ပေါ်လည်း မူတည်နေပါတယ်။

အခုတော့ Instagram ပေါ်မှာ အဲဒီလိုမလုပ်ကြဖို့ သတိပေးထားပါတယ်။ အဲဒီလိုလုပ်နေဆဲသူတွေလည်း ရှိပါသေးတယ်။ ဘယ်လောက်လုပ်နေကြသလဲဆိုတာတော့ အတိအကျမသိရပေးပါဘူး။ ဒါပေမယ့် ဘာကြောင့်မို့ အဲဒီလိုအဖြစ်ခံနေမှာလဲ။ မတင်ရင်လည်း ဘာမှမဖြစ်ဘူးလို့ ကျွန်တော်ကတော့ယူဆပါတယ်။ မြန်မာနိုင်ငံမှာကတော့ အဲဒီလိုမျိုး မရှိသေးဘူးလို့ ယူဆပါတယ်။ နည်းလမ်းကောင်းလေးတစ်ခုပေးချင်ပါတယ်။ အဲဒါကတော့ မတင်မနေနိုင်တဲ့သူတွေအတွက် အရေးပါတဲ့ အချက်အလက်လေးတွေကို Blur သုံးပြီး တင်လို့ရပါတယ်။ ဥပမာ သင်က စင်္ကာပူကို သွားတယ်ဆိုပါစို့။ သင့်နာမည်နဲ့ နိုင်ငံအမည်လေးပဲချန်ထားပြီး ကျန်တာကို ၀ါးထားလိုက်မယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ် အဆင်ပြေသွားနိုင်ပါတယ်။

Myanmar Mobile App


တရုတ် အစိုးရ အာဘော် အမျိုးသားရေး ၀ါဒ အသားပေး Global Times က ရေးသား ချက် ကို ပြန်လည် တင်ပြပါသည်။

ကမ္ဘာ ထိပ်သီး နိုင်ငံများ အပေါ် သမ္မတ ဒေါ်နယ်ထရန့် မှ အမေရိကန် မူဝါဒ များ ကို ဘယ်ပုံ ဘယ်နည်း ထိမ်းညှိ ဆက်ဆံ သွားမလဲ ဆိုတာ နဲ့ ပါတ်သက်ပြီး အခု နောက်ပိုင်း ကမ္ဘာတ၀ှမ်းရှိ သတင်းစာ များက အထူး အသားပေး ဖေါ်ပြလျက် ရှိနေကြပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေး အတွက် အချို့ လေ့လာသူများအဖို့  ဘယ်လို မဟာဗျူ ဟာ တွေ ကျင့်သုံး မလဲ ဆိုတာ ခန့် မှန်းဖို့ မရေရာ မသေချာ ဖြစ်နေကြဆဲ ရှိပြီး အနည်းငယ်သော အနောက်တိုင်း ပညာရှင်များကမူ အိုဘာမား ရဲ့ မြန်မာ ပေါ်လီစီ ကို သာ ဆက်လက် ကျင့်သုံးဖို့ တိုက်တွန်း လျက် ရှိပါတယ်။ ဒီအတွက် ထရန့် အစိုးရ မှ မြန်မာ နဲ့ ပါတ်သက်ပြီး ဘယ်လို မူဝါဒ တွေ ချမှတ်သွားမလဲ ဆိုတာရယ် နဲ့ ၀ါရှင်တန်-နေပြည်တော် ဆက်ဆံရေး အနာဂါတ်မှာ ဘယ်လို ပုံဖေါ် လာမလဲဆိုတာ စောင့်ကြည့်သင့် လှပါတယ်။

"အမေရိကန် သည်သာ ပထမ" လို့ ကြွေးကြော်နေတဲ့ ထရန့် အဖို့ ပြည်တွင်းရေးကိုသာ ထိပ်တန်း ဦးစားပေး အဖြစ် သဘောထားပြီး ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။


အမေရိကန် မဟာမိတ် များကိုလည်း လုံခြုံ ရေး အတွက် မိမိဖါသာ တာဝန်ယူကြဘို့ တောင်းဆိုခဲ့ပြီးး ဖ်ြစတဲ့ အပြင် တိုင်းပြည်တွင်းသို့ ရွှေ့ ပြောင်း ၀င်ရောက်လာသူများကိုလည်း တင်းတင်းကျပ်ကျပ် ကန့် သတ် သွားဖို့ လည်း ရှိနေပါတယ်။ ဒါတွေကို ကြည့်ပြီး သုံးသပ်ရမယ် ဆိုက မြန်မာ ပြည် သည် သူ့ အဖို့ ဝေးလွန်းနေပါတယ်။

စီးပွားရေး ပိုင်းမှာလည်း ပြည်တွင်းက ရင်းနှီးမြုပ်နှံမှုတွေ အပြင်ရောက်သွား မှာ စိုးတဲ့အတွက် မြန်မာပြည်ကို ပေးမယ့် အကူအညီတွေ လျော့ချ သွားကောင်း သွားနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချူပ် အကောင်အထည် ဖေါ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း မမြင်ဟန် မကြားဟန် တောင် ဆောင်နေနိုင်ပါတယ်။ မြန်မာနိုင်ငံ နဲ့ အမေရိကန် ပါတ်သက်မှုကို အိုဘာမား လို့ အရေးကြီးတယ်လို့ သဘောထားဖို့ မရှိတာ တွေ့ရပါတယ်။

အရှေ့တောင်အာရှလို မဟာဗျူ ဟာအရ အရေးပါတဲ့ ဒေသမှာ ထွက်ခွာ သွားတဲ့ အထိ ဖြစ်ဖို့ မရှိပေမယ့် ဒေသတွင်း ၀ါရှင်တန်ရဲ့ သြဇာ သက်ရောက်မှု ကို လျော့နည်းအောင် လုပ်ကောင်း လုပ်နိုင်ပါတယ်။ ဒီအတောအတွင်း နေပြည်တော် အနေနဲ့ အမေရိကန်-,မြန်မာ ဆက်ဆံရေး အပြောင်းအလဲသည် ဒေသတွင်း အနေအထား သာမက ၎င်းတို ၏ ပြည်တွင်းရေးကို ကြီးမားသော အရှိန်အဟုန်နဲ့ ရိုက်ခတ်လာကောင်း လာနိုင်တယ် ဆိုတာ သဘောပေါက် လာဖို့ ရှိနေပါတယ်။

အမေရိကန် သမ္မတနဲ့ ၎င်းရဲ့ သံတမန်ရေး နဲ့ လုံခြုံရေး ဆိုင်ရာ အဖွဲ့များက နိုင်ငံခြားရေး မူဝါဒ ကို အဓိက နေရာမှ အဆုံးအဖြတ်ပေးမည့် သူများ ဖြစ်ပါတယ်။ အမေရိကန် သံခင်း တမန်ခင်း ပုံပေါ်လာအောင် အနည်းဆုံး ခြောက် လ မှ တနှစ် အချိန်ယူရဖို့ ရှိပါတယ်။ ထရန့် ရဲ့ နိုင်ငံခြားရေး မူဝါဒ အပေါ် သိနားလည်မှု ကင်းနေခြင်းသည် ၀န်ထုတ် ၀န်ပိုး ဖြစ်နိုင်သလု တဘက်က ကြည့်ရင် သံတမန် ဆက်ဆံရေး မှာ ဘယ်လို အနေအထား ဖြစ်ဖြစ် ရေလိုက်ငါးလိုက် ပြောင်းလဲ လုပ်နိုင်မယ့် အခွင့် အလမ်းကောင်းတရပ်လည်း ဖြစ်လာနိုင်ပါတယ်။ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လျစ်လျူရှုတတ်သူ အဖြစ် အများက သိထားကြတဲ့ အတွက် သူရဲ့ နိုင်ငံခြားရေး မူဝါဒ တွင် အပြောင်းအလဲ ဖြစ်ဖို့ က ထင်ထင်ရှားရှား ကြီး ပေါ်လွင်နေပါတယ်။ ထို့ အတွက် မြန်မာ မူဝါဒ အပေါ် အိမ်ဖြူ တော်က ဘယ်လို ထိမ်းညှိ သွားမလဲ ဆိုတာ ခန့် မှန်းရ ခက်နေပါတယ်။

ထရန့် အစိုးရ အနေနဲ့ လက်ရှိ မြန်မာ နဲ့ နိုင်ငံရေး နဲ့ စီးပွားရေး ဆက်ဆံမှုတွေကို နဂိုအတိုင်း ဆက်ထိမ်းထားကောင်း ထားနိုင်ဖွယ် ရှိပါတယ်။ ယေဘုယျ အားဖြင့် သုံးသပ်ရရင် ၀ါရှင်တန်ရဲ့ မြန်မာ ပေါ်လီစီသည် သိသိသာသာ ပြောင်းလဲဖို မရှိတာ တွေ့ရပါတယ်။ ဒီမိုကရက် နဲ့ ရီပါတ်ဘလီကင် နှစ်ပါတီ စလုံးကလည်း အလားတူ သဘောထားတွေ ရှိနေပါတယ်။

အရှေ့တောင် အာရှ တွင် စီးပွားရေး အင်အားသည် အဓိက ကျတဲ့ သံတမန်ရေး မောင်းတံကြီး အဖြစ် တည်ရှိနေပါတယ်။ မြန်မာအနေနဲ့ အမေရိကန်ရဲ့ ထောက်ခံမှု ပိုပြီး ရလာအောင် မလုပ်နိုင်ခဲ့ရင် ဒေသတွင်း စီးပွားတောင့်တင်းတဲ့ တရုတ် နဲ့ အကျိုးတူ ပူးပေါင်းမှု ချဲ့ထွင် လာရဖို့ ရှိနေပါတယ်။ အရှေ့တောင် အာရှသည် တရုတ်၏ သံတမန် ဆက်ဆံရေး တွင် ထိပ်ဆုံးက ရှိနေပါတယ်။ တရုတ်ရဲ့ "One belt, One road" အစီအစဉ်များကို ချစ်ကြည်မှု, ရိုးသားမှု, အပြန်အလှန် အကျိုးရှိမှု နဲ့ ပူးပေါင်း ပါဝင်လာမှု" အစရှိတဲ့ မူ တွေ အပေါ် အခြေခံပြီး နေပြည်တော်နဲ့ ဆက်လက် တိုးမြှင့် သွားရဖို့ ရှိနေပြီး ပဋိပက္ခများကိုလည်း နှစ်ဖက် အကျိုးရှိစေမယ့် နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းသွားမှာလည်း ဖြစ်ပါတယ်။ ဒေသတွင်း လက်ဝါကြီး အုပ် ဗိုလ်ကျ စိုးမိုးရေး ကို တရုတ်က ကြိုးစား မှာ မဟုတ်ပါဘူး။ အခြား နိုင်ငံ တနိုင်ငံက အလားတူ.ပြု လုပ်လာရင်လည်း ကန့် ကွက် သွား မှာ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ တွင် ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှု သည် ရှောင်လွှဲလို့ မရသော လမ်းကြောင်းပေါ်.ရောက်ရှိနေပြီး ယင်းသည် သက်ဆိုင်သူ များ အားလုံး ကျေနပ်မှု ရစေမည့် တူညီသော ဘုံ ကိန်း တခု ဖြစ်မယ်လို့ တရုတ်ပြည်မှ အခိုင်အမာ ယုံကြည်ထားပါတယ်။

တရုတ်ပြည်နဲ့ ပါတ်သက်ပြီး ထရန့် ရဲ့ ရန်လိုတဲ့ စကားတွေကို ဘယ်လို တုန့် ပြန်မလဲ။ ရွေးချယ်စရာတွေထဲက နည်းလမ်းတခုကတော့ မြန်မာ အပါအ၀င် အရှေ့တောင် အာရှ နိုင်ငံများနဲ့ ဆက်ဆံရေး နက်ရှိုင်းအောင် ပြု လုပ်သွားရေးပဲ ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ နှိုင်းယှဉ်ရမည် ဆိုက နေပြည်တော်အား စစ်တုရင် ကစားပွဲမှ နယ်ရုပ်ကလေးလို သဘောထားမယ့်အစား ဘီဂျင်း နှင့် ၀ါရှင်တန်တို့ အပြိုင် အဆိုင် လုယူရမယ့် မုန့်တခု လို ယူဆသင့် ပါတယ်။ အခုလို ထရန့် အဖွဲ့က ပြည်တွင်းရေးကိုသာ ဦးစားပေးပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ တာစူ လာနေချိန်မှာ တရုတ်အနေနဲ့ မြန်မာရဲ့ ထောက်ခံမှုကို ရယူဖို့ ပိုပြီး ကြိုးစားသင့်ပါတယ်။

Globalization ခေတ်ကြီးမှာ ဘက်ပေါင်းစုံက တိုးတက်မှု တွေ ရရှိဖို့ တံခါးဖွင့် နိုင်ငံခြားရေး မူဝါဒ လိုအပ်တယ်လို့ တရုတ် ပြည်က ယုံကြည်ပါတယ်။ ယခုအခါ မြန်မာရဲ့ နိုင်ငံရေး တွင် ပြု ပြင်ပြောင်းလဲမှုများသည် ကနဦး အောင်မြင်မှု များ ရရှိနေပြီး တိုးတက်ဖွံ့ ဖြိုးမှုသည်သာ ၎င်းတို့ အစိုးရ တည်ငြိမ်ရေး အတွက် များပြားလှစွာသော အကျူိးကျေးဇူးများ ဖေါ်ဆောင်နိုင်လိမ့်မယ်ဆိုတာ အစိုးရ အသစ် အနေနဲ့ ကောင်းစွာ သိမြင် သဘောပေါက်ပြီး ဖြစ်ပါတယ်။

လျင်မြန်စွာ ဖွံ့ ဖြိုး တိုးတက်လာရေး လမ်းကြောင်းပေါ်တွင် တရုတ် ပြည်ရဲ့ လှေကြုံ စီး လိုက်ခြင်းသည်သာ မြန်မာအဖို့ အလျင်အမြန် ဖွံ့ဖြိုးလာစေဖို့ ဖြတ်လမ်းတခု သာ ဖြစ်ပါတော့တယ်။ ဘီဂျင်းရဲ့ ပါတ်ဝန်းကျငိ နိုင်ငံများ အပေါ် ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒသည် ပူးပေါင်း ဆောင်ရွက်မှု နှင့် ဘက်စုံ တိုးတက်ရေး အတွက် လမ်းဖွင့်ပေးထားပြီးသား ဖြစ်တဲ့အတွက် မြန်မာ နဲ့ တရုတ် နှစ်နိုင်ငံ အကျိုးစီးပွား နဲ့ ကိုက်ညီလှပါတယ်။ ဒါ့အပြင် ပိုမို တရားမျတပြီး ပိုမို ပြီး ကျိုးကြောင်း ဆီလျော်တဲ့ နိုင်ငံတကာ စနစ်အပေါ် အများရဲ့ မျော်လင့်ချက် နဲ့ တထပ်တည်း ကျတဲ့ အပြင် သမိုင်း ရဲ့ လိုအပ်ချက်များ နဲ့ ကိုက်ညီစေပါတယ်။

ရည်ညွန်း။ ။ "China-Myanmar engagement may deepen in Trump era" from Global Times (China)

HSW


အခု မြန်မာနိုင်ငံ တည်ရှိတဲ့ နေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၀၀ လောက်က အသက်ရှင် နေထိုင်ခဲ့တဲ့ ထူးခြား ဆန်းပြားတဲ့ ပိုးကောင် တမျိုးကို မြန်မာနိုင်ငံမှာတွေ့တဲ့ ပယင်းထဲမှာ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီ ပိုးကောင်းရဲ့ ဦးခေါင်းဟာ ထူးခြား ဆန်းပြားပြီး သစ်ပင်တွေပေါ်မှာ တွားသွားတဲ့သဘော သက်ရောက်စေတဲ့ ပိန်ရှည်ရှည် ခြေထောက်တွေ ရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီထူးဆန်းတဲ့ ပိုးကောင်ဟာ တခြား ဘယ်ပိုးကောင်တွေနဲ့မှ မတူတာကြောင့် သိပ္ပံဆိုင်ရာ မျိုးရင်းတခုအဖြစ် သီးခြား သတ်မှတ်ဖို့ လိုလိမ့်မယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ ဒိုင်နိုဆောတွေခေတ်က တည်ရှိခဲ့တဲ့ ဒီပိုးကောင်ဟာ အရမ်း သေးလွန်းပြီး အတောင်ပံတွေလည်း မပါဘူးလို့ ဆိုပါတယ်။ အဲဒီ ပိုးကောင်မျိုး ၂ ကောင်သာ တွေ့ရှိခဲ့ပြီး သူတို့ဟာ မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ ပယင်းထဲမှာ ပုံစံမပျက် တည်ရှိနေတာလို့ ဆိုပါတယ်။

လည်ပင်းက ရှည်ပြီး မျက်လုံးအကြီးကြီးတွေ ပါရှိတဲ့အတွက် ရုတ်တရက် ကြည့်လိုက်ရင် အီးတီ (E.T.) နဲ့ တူကြောင်း Oregon ပြည်နယ်တက္ကသိုလ်က ပိုးမွှားဗေဒဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခ George Poinar က ပြောပါတယ်။ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေအရ ဆိုရင်တော့ အဲဒီ ပိုးကောင်ဟာ ပုရွက်ဆိတ်နဲ့ ပုံစံ ခပ်ဆင်ဆင် တူနေတာကို တွေ့ရပါတယ်။

မျိုးတုန်းသွားပြီဖြစ်တဲ့ ဒီပိုးကောင်ဟာ အခုချိန်မှာ မျိုးတုန်းသွားပြီဖြစ်တဲ့ ရှားပါးတိရိစ္ဆာန်ပေါင်း သန်းပေါင်းများစွာထဲက တခုအပါအ၀င် ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပုံစံကြောင့် မျိုးရင်းသစ်တခုအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း Oregon တက္ကသိုလ်က ပြောပါတယ်။ ဒီပိုးကောင်ဟာ အသားစား မျိုးနွယ်ထဲမှာပါဝင်ပြီး ခြ၊ ကမြင်းနီ စတဲ့ ပိုးကောင်အသေးလေးတွေ၊ သစ်ပင်နဲ့ ဟင်းသီး ဟင်းရွက်တွေမှာ ကပ်နေတဲ့ မှိုတွေကို စားခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဒီပိုးကောင်ရဲ့ အထူးခြားဆုံး အရာကတော့ တြိဂံပုံရှိတဲ့ ဦးခေါင်း ဖွဲ့စည်းပုံနဲ့ ဂြိုလ်သားတွေလို မျက်လုံး အ၀ိုင်း လုံးလုံးကြီးတွေ တဖက် တချက်စီမှာ ပါရှိခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
VOA Burmese News


ဒေါ်အောင်ဆန်းစုကြည်နှင့် JCCI ဂျပန်နိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့တွေ့ဆုံ (၂၇ ဇန်န၀ါရီ ၂၀၁၇)
ဒေါ်အောင်ဆန်းစုကြည်နှင့် JCCI ဂျပန်နိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့တွေ့ဆုံ (၂၇ ဇန်န၀ါရီ ၂၀၁၇)
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလွယ်တကူဝင်ရောက်လာဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်မီး၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး စတဲ့ အခြေခံအဆောက်အဦးတွေ ကောင်း မွန် လွယ်ကူအောင် ပြင်ဆင်ပေးဖို့ လိုအပ် သလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေထဲက အချက်တချို့နဲ့ လူဝင်မှုဥပဒေ အချက် တချို့ကိုပါ ပြင်ဆင်ပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံကို လာရောက်တဲ့ ဂျပန်နိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် JCCI က ပြောဆိုလိုက် ပါတယ်။ JCCI အဖွဲ့တာဝန်ရှိသူတွေဟာ UMFCCI မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အဖွဲ့ချုပ်နဲ့တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲကို တက်ရောက်ဆွေးနွေးတဲ့ UMFCCI ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ JCCI ဂျပန် စက်မှုကုန်သည်များ အသင်းကနေပြီးတော့ UMFCCI တာဝန်ရှိသူတွေနဲ့ လာတွေ့တဲ့ အဓိက အကြောင်းက ဘာပါလဲခင်ဗျ။

ဒေါက်တာမောင်မောင်လေး UMFCCI ။ ။ အဓိကတော့ ဂျပန်မြန်မာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမြဲတိုင်ပင် နှီးနှောတဲ့ အစဉ်အလာကို ဆက်လက်ထိန်း ထားတဲ့ သဘောပါ။

မေး။ ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဘာတွေ လိုအပ်ချက်ရှိတယ်လို့ ဂျပန် ဖက်က တောင်းဆိုနေတာတွေ ရှိပါသလဲ။

ဖြေ။ ။ အဓိက သူတို့ ကုန်သည်အဖွဲ့ အားလုံးပေါင်း ၈၀ လောက်သူတို့ခေါ်လာ ပါတယ် ကုန်သည်ဆိုတာ အကြီးကြီးတွေပါ။ စိုက်ပျိုးရေး ကဏ္ဍရယ်၊ စားသောက်ကုန် လုပ်ငန်းရယ် အခြေခံ အဆောက်အဦ လုပ်ငန်းတွေမှာ ဆွေးနွေး ကြတာပေါ့နော်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိအခြေအနေကို သူတို့သိထားတာတွေလည်း ရှိပါတယ်။ သူတို့တောင်းဆို ချက်တွေကတော့ အခြေခံ အဆောက်အဦပေါ့ - ဒီဥစ္စာရယ် လမ်းပန်းဆက်သွယ်ရေးရယ် Energy ပေါ့နော် လျှပ်စစ်ရရှိဖို့ရယ် … နိုင်ငံတော် အတိုင်ပင်ခံက အားလုံးဖြည့်ဆည်းပေးမယ် လို့တော့ သူတို့ကို ပြောလိုက်ပါတယ်။ ဒါကလည်း ကျနော်တို့ ပုဂ္ဂလိက အခန်း ကဏ္ဍကလည်း ကြိုးစားပြီးတော့ နိုင်ငံတော်ကို တင်ပြထား ပါတယ်။

မေး။ ။ ဟုတ်ကဲ့အဲဒီတော့ ဂျပန်လုပ်ငန်းရှင်တွေဖက်က ဘယ်လိုကဏ္ဍမျိုးတွေမှာ အဓိက ရင်းနှီးမြှုပ်နှံချင်တာပါလဲ။

ဖြေ။ ။ သူတို့ကတော့ လေကြောင်းရယ်၊ အခြေခံ အဆောက်အဦးရယ်၊ ဘဏ် လုပ်ငန်းတွေလည်း ပါပါတယ်။ ဒီ ဝန်ဆောင်မှု sector ရောပေါ့။ ဒီစက်မှုဇုန်တွေ မှာလည်း သူတို့ပါဝင်ပြီးတော့ ထုတ်လုပ်မှုကဏ္ဍမှာ လုပ်ချင်တဲ့ဆန္ဒလေးတွေ ရှိ ပါတယ်။ ဒါပေမယ့်လို့ အဓိက ကျော်လွှားရမယ့် အခက်အခဲ စိန်ခေါ်မှုတွေကတော့ လျှပ်စစ်ပါပဲ။ တော်တော်များများ ကဏ္ဍအစုံမှာ သူတို့လာပြီးတော့ ရင်းနှီးမြှုပ်နှံလိုတဲ့ ဆန္ဒရှိပါတယ်။ သူတို့အနေနဲ့ ရှေးယခင်က မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ ၆၀-လောက် ရှိပြီးတော့ အခုတော့ ၃၀၀ လောက်နီးပါး ရှိလာတာ ကိုလည်းတွေ့ရပါတယ်။ ဆိုတော့ တဖြည်းဖြည်းနဲ့ တိုးလာပြီးတော့ မြန်မာနိုင်ငံကို အာရုံစိုက်ပြီးတော့ ရင်းနှီးမြှုပ်နှံ လာတာတွေလည်းတွေ့ရ ပါတယ်။ လူဦးရေအရ ကတော့ မြန်မာပြည် မှာရှိတဲ့ ဂျပန်တွေ သုံးထောင်နီးပါး ရှိတယ်လို့တော့ ကြားသိရပါတယ်။

မေး။ ။ သူတို့လုပ်ချင်တဲ့ အဲဒီကဏ္ဍတွေက ဘယ်ပြည်နယ်နဲ့ တိုင်းတွေမှာပါလဲ။

ဖြေ။ ။ အဓိကကတော့ မြို့ကြီးတွေမှာပါ၊ ဒါကို အတိအကျကတော့ သူတို့မသိ ပါဘူး။ လောလောဆယ်တော့ သီလဝါစက်မှုဇုန်တွေ ဘာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ပြီးတော့ သူတို့လုပ်ဆောင်လိုတဲ့ ဆန္ဒလေးတွေ ရှိပါတယ်။

မေး။ ။ ဂျပန်နိုင်ငံဖက်က သူတို့ရည်မှန်းထားတဲ့ ရင်းနှီးမြှုပ်နှံချင်တဲ့ကဏ္ဍတွေ ရှိပေမယ့် မြန်မာလုပ်ငန်းရှင်တွေဘက်က ကျတော့ကော ဂျပန်က ဘယ်လိုကဏ္ဍ မျိုးကို လာပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပိုကောင်းမယ်လို့ တွေးထားတာရှိပါသလဲ။

ဖြေ။ ။ မြန်မာလုပ်ငန်းရှင်တွေကတော့ အခြေခံအဆောက်အဦကဏ္ဍတွေမှာ ဂျပန်က ဝင်ရောက်ပြီးတော့ ထုတ်လုပ်စေချင်တာရယ် နောက်တချက်က လျှပ်စစ်တို့ အသေးစား တို့မှာ ပူးပေါင်းပြီးတော့ ဖက်စပ်လုပ်ငန်းတွေမှာ ပါဝင်စေလို တာတွေပေါ့။ ဟို ဂျပန်ရဲ့နည်းပညာရယ် ဂျပန်ရဲ့ Continuous improvement ပေါ့ ဆက်လက်တိုးတက်အောင် လုပ်ဆောင်တဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေပေါ့နော်။ ဒါလေးတွေကိုလည်း မြန်မာနိုင်ငံက အတုခိုးချင်ပါတယ်။

မေး။ ။ အဲဒီတော့ ဒီလိုမျိုး ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြန်မာနိုင်ငံ သားတွေ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ထိ ပေါ်လာနိုင်ပါသလဲ။

ဖြေ။ ။ တော်တော်လေး ပေါ်လာမယ်လို့တော့ မျှော်လင့်ရတာပေါ့။ ဒီ အလုပ်သမား များများ သုံးရတဲ့ လုပ်ငန်းတွေမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံပြီးတော့ ဂျပန်ဈေး ကွက်နဲ့ တခြားဈေးကွက်ကို ဖက်စပ်လုပ်ကိုင်ချင်တဲ့ ဆန္ဒလေးတွေ ဖြစ်ပေါ်စေ ချင်တာပေါ့လေ။ ရင်းနှီးမြှုပ်နှံတဲ့ ဥပဒေတွေမှာ ပြင်စရာလေးတွေရော တချို့လည်း လူဝင်မှုဥပဒေမှာ အကန့်အသတ်ရှိတာလေးတွေကို ဖြေဖျောက်ပေးစေလိုတဲ့ ဆန္ဒရှိတာကို တွေ့ရပါတယ်။

JCCI ဂျပန်ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ Mr.Akio Mimura ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့ပြီး၊ ဒီကနေ့ သူတို့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့လည်း တွေ့ဆုံပြီးနောက် Park Royal Hotel မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့ပါတယ်။
VOA Burmese News


ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝန်းထဲက MICT Park မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က စတင်ကျင်းပတဲ့ Barcamp Yangon 2017 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်စဉ်
ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝန်းထဲက MICT Park မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က စတင်ကျင်းပတဲ့ Barcamp Yangon 2017 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်စဉ်
Photo : Kaung Htet Kyaw/RFA
တိုင်းပြည်ဖံွ့ဖြိုးတိုးတက်ဖို့ လူငယ်တွေနဲ့ နည်းပညာလိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝန်းထဲက MICT Park မှာ စတင်ကျင်းပတဲ့ Barcamp Yangon 2017 ဖွင့်ပွဲ အခမ်းအနားမှာ လူငယ်တွေနဲ့တွေ့ဆုံစဉ် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောတာဖြစ်ပါတယ်။

"တက္ကသိုလ်ကထွက်လာတဲ့သူတွေဟာ တကယ့်ကို စက်မှုဇုန်တွေ၊ နည်းပညာတွေကို ဖန်တီးပေးနိုင်တဲ့သူတွေဖြစ်သွားသင့်တယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့သင်ကြားမယ့် ပညာရေးစနစ်ရဲ့သင်ကြားခြင်း၊ လေ့လာခြင်း၊ တုန့်ပြန်နိုင်ခြင်းဆိုတဲ့ အခြေအနေတွေ ကိုဖန်တီးဖို့လိုတယ်၊ ဒီဟာကလက်တွေ့ အခုချက်ချင်း မရနိုင်ပေမယ့် နောင်ဆယ်စုနှစ်တစ်စုမှာတော့ ကျနော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ပါတယ်"

တက္ကသိုလ်ကျောင်းလခတွေ ပြင်ဆင်သွားဖို့ ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။

BarCamp Yangon နည်းပညာဖလှယ်ပွဲတွေကို ၂၀၁၀ ခုနှစ်က စတင်ကျင်းပလာတာဖြစ်ပြီး ဒီနှစ်ဟာ ၈ ကြိမ်မြောက် ဖြစ်ပါတယ်။

ပွဲကို တက်ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသား ကိုမင်းညီညီက ဒီလိုပွဲမျိုးတွေကို လူငယ်တွေ လက်မလွှတ်သင့် ဘဲ လာရောက်လေ့လာသင့်တယ်လို့ ပြောပါတယ်။

"ကျနော်တို့က ပညာရေးအဆင့်ကိုခွဲထားတာလည်းမဟုတ်ပါဘူး၊ တစ်ကယ်စိတ်ဝင်စားတဲ့သူတွေ ဘွဲ့မရဘဲနဲ့ နည်းပညာပိုင်းမှာ စိတ်ဝင်စားတဲ့ သူတွေ၊ အောင်မြင်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်၊ အဲ့တော့ဒီပွဲက ဘယ်လိုပညာရေးအဆင့်အတန်းမဆို၊ ဘယ်လိုအလွှာကလူငယ်မဆို ဒီမှာလာပြီးလေ့လာစေချင်ပါတယ်"

အခမ်းအနားကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ၂ ရက် ကျင်းပမှာဖြစ်ပြီး လူငယ်တွေအတွက် နည်းပညာ ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စွန့်ဦးတီတွင်ထားတဲ့ အီလက်ထရောနစ်ပစ္စည်းပြပွဲတွေအပြင် အထွေထွေဗဟုသုတနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

BarCamp Yangon 2017 ပွဲကို နည်းပညာကျောင်းအသီးသီးက လူငယ်တွေအပြင် နည်းပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေများစွာတက်ရောက်နေပြီး IT ပညာရှင်တွေကလည်း ပညာရပ်ဆိုင်ရာဆွေးနွေးမှုတွေ ပြုလုပ်ပေးနေ ပါတယ်။
RFA


ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်းပဋိပက္ခကြောင့် ရုရှားနိုင်ငံ အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ပြောဆိုရန် စောလွန်းနေသေးကြောင်း ဇန်နဝါရီ ၂၇ ရက်ကပြောကြားခဲ့သည်။

“ရုရှားအပေါ် ပိတ်ဆို့ထားမှုတွေအရ ဒီအကြောင်းတွေကို ပြောဖို့အတွက် အရမ်းစောနေပါသေးတယ်” ဟု ထရမ့် က ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ တာဝန်ရှိသူများ နှင့် ကရင်မလင်နန်းတော်မှ ထုတ်ပြန်ချက်များအရ ဇန်နဝါရီ ၂၈ရက်တွင် ထရမ့် နှင့် ရုရှားသမ္မတ ပူတင်တို့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများအား ချေမှုန်းခြင်း နှင့် အမေရိကန်နိုင်ငံ အတွက် အရေးကြီးသည့် အခြားသောကိစ္စရပ်များ လုပ်ဆောင်ခြင်းတို့တွင် အကူအညီပေးမည်ဟု သက်သေပြနိုင်ပါက ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးနိုင်လိမ့်မည်ဟု ထရမ့်က အရိပ်အမြွတ်ပြောကြားခဲ့သည်။

(ဆင်ဟွာ)
China Xinhua News



 ဘေဂျင်း တရုတ်နှစ်ကူးကို မျက်နှာဖုံးတပ် ကြိုဆိုနေရ
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းမှု လျှော့ချဖို့ ကြိုးစားနေပေမယ့်လည်း မြို့တွင်း မြူဖုံးလွှမ်းမှု ဆက်ရှိနေပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာ မီးရူးမီးပန်းအရောင်းဆိုင် အရေအတွက် လျှော့ချပြီး လေထုညစ်ညမ်းမှုနည်းအောင် တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် အခုလို အခြေအနေ မကောင်းသေးတာ ဖြစ်ပါတယ်။

မြို့ရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဗျူရိုကလည်း မြို့ရဲ့ လေထုဟာ ဒုတိယ အညစ်ညမ်းဆုံး စံချိန် ပြန်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြို့ပေါ်က သွားလာသူတွေဟာလည်း နှစ်သစ်ကူးကာလကို နှာခေါင်းကာ မျက်နှာဖုံးတွေနဲ့ သွားလာနေရပြီး အာဏာပိုင်တွေဘက်လည်း မီးရှူးမီးပန်းမပေါက်ကြဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဇန်န၀ါရီ ၂၈၊ ၂၀၁၇

တောင်ဘဇာနယ်မြေရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီ ၂၈ ရက် နံနက် ၄ နာရီချိန်တွင် သတင်းပေးချက်အရ ကျီးကန်းပြင်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား စိစစ်ဖော်ထုတ်ခဲ့ရာ ရော်ရှီအာမတ် (၃၂) နှစ် (ဘ) မူဇာဖော့အား ၎င်းနေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

စိစစ်မေးမြန်းချက်များအရ ရော်ရှီအာမတ်သည် ကျီးကန်းပြင်သို့ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိ တရားခံအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/