02/07/17

ပြည်ထဲရေး ဝန်ကြီးဌာန နဲ့ ပြန်ကြားရေး ဝန်ကြီး ဌာန ကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆို ခဲ့ကြပြီး ဘယ်သူကမှ တာဝန်ခံ ပြီး ဖြေကြားခြင်း မရှိ

NLD ဥပဒေ အကြံပေး ရှေ့နေ ဉီးကိုနီ လုပ်ကြံခံရတာ တပတ် ကျော်လာပေမယ့် အစိုးရက တိကျတဲ့သတင်းထုတ်ပြန်မှုတွေ မရှိတဲ့ အပြင် လူမှုကွန်ရက် သတင်း တွေပေါ် အခြေခံပြီး ပြည်သူလူထုကြားမှာ သတင်းမှန်ရဖို့ ခက်ခဲနေတယ်လို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း က ပြောပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ပစ်ခတ် လုပ်ကြံသူ ကြည်လင်း ရဲ့ထွက်ဆိုချက်တွေကို ကြည့်ခြင်း အားဖြင့် မြင့်ဆွေ နဲ့ ဖမ်းဆီး ရမိထားတဲ့ အောင်ဝင်းဇော်တို့ဟာ တယောက်စီ ဖြစ်ကြောင်း ကိုဆွေဝင်း က ပြောပါတယ်။

ရဲအစီရင်ခံစာ မှာ ပါတဲ့ မြင့်ဆွေ ဆိုသူဟာ မန္တလေးသား ဖြစ်ပြီး သူ့ရဲ့ ဖခင်ဟာ ကြေးသွန်း လုပ်ငန်းတွေ လုပ်ကိုင်သူ လို့ ဆိုထားပြီး ဖမ်းဆီး ရမိထားတဲ့ အောင်ဝင်းဇော် ဆိုသူရဲ့ နောက်ခံ အကြောင်းနဲ့ များစွာ ကွဲလွဲ နေပါတယ်။

အောင်ဝင်းဇော် ရဲ့ ငယ်သူငယ်ချင်းတွေ၊ ဦးလေး တော်စပ်သူ၊ ထောင်ထဲမှာ အတူနေ ခဲ့ဖူးတဲ့ အကျဉ်းသား အချို့နဲ့ စကားပြောကြည့်ခဲ့ပြီး နောက်မှာ သူဟာ မြင့်ဆွေ မဟုတ်ဘူး ဆိုတာ ကို တိတိကျကျ သိလာရတယ်လို့ ကိုဆွေဝင်း က ပြောပါတယ်။

အခင်း ဖြစ်ပွားခဲ့ပြီး ၂၅ နာရီကျော်မှ သတင်း ထုတ်ပြန် ခဲ့တဲ့ အတွက် ရှုပ်ထွေး မှုတွေ ဖြစ်ပွား စေခဲ့ကြောင်း၊ ၁၂ နာရီ အတွင်း အောင်ဝင်းဇော်ကို ဖမ်းဆီးရမိ ထားကြောင်း နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပေမယ့် ကနဦး ထုတ်ပြန်ချက် ထဲမှာ သူနဲ့ ပတ်သက်တာ တွေ မပါရှိခဲ့ပါဘူး။

လုံခြုံရေး ဆိုင်ရာ အကြောင်းပြချက်ကြောင့် အချက်အလက် တစ်ခု မကျန် ပြည်သူ ကို ထုတ်ပြန်ပေးစရာ မလိုပေမယ့် သိသင့်သိထိုက် တာတွေကိုတော့ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ဖို့ လိုအပ်ပါတယ်။

လေဆိပ် က လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ၊ အခင်း ဖြစ်ပွားရာ နေရာမှာ ရှိနေတဲ့ သင်္ကာမကင်း ဖြစ်စရာ လူတွေ ရဲ့ ဓါတ်ပုံတွေကို ပြည်သူ လူထုကို အမြန်ဆုံး ထုတ်ပြန် ပေးဖို့ လိုအပ်ပါတယ်။

သတင်းတွေကို အမှောင်ချ ထားတဲ့ အတွက် ပါဝင္ပတ်သက်နေသူတွေ ထွက်ပြေး လွတ်မြောက်အောင် အာဏာပိုင် အဖွဲ့အစည်း တွေက ကူညီနေသလား ဆိုတဲ့ အဓိပ္ပါယ် ကောက်ယူမှု လွဲမှား စရာတွေ ဖြစ်လာ နိုင်တယ်လို့ ကိုဆွေဝင်း က ဆိုပါတယ်။

သက်ဆိုင်ရာ ရဲစခန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန နဲ့ ပြန်ကြားရေး ဝန်ကြီး ဌာန ကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆို ခဲ့ကြပြီး ဘယ်သူကမှ တာဝန်ခံ ပြီး ဖြေကြားခြင်း မရှိပါဘူး။

ရှေ့နေ ဦးကိုနီ ပစ်ခတ် လုပ်ကြံ ခံရတဲ့ ဓါတ်ပုံ ဟာ နာရီပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ် ရောက်လာတဲ့ အတွက် လူ့အဖွဲ့အစည်း အတွင်းမှာ အကြောက်တရားတွေ ဖြစ်အောင် ဖန်တီးတာ ဖြစ်နိုင်ကြောင်း သူက ဆို ပါတယ်။

အမှုနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ဖြစ်လာအောင် အုပ်စုတစ်စု ဒါမှမဟုတ် လူတစ်စု ကနေပြီး မမှန်ကန်တဲ့ သတင်းအချက် အလက်တွေ၊ မှန်တစ်ဝက် မှားတစ်ဝက် သတင်း အချက်အလက် အများအပြား ထုတ်လွှင့်မှုတွေလည်း ရှိနေပါတယ်။

အခု အမှုမှာ အစိုးရပိုင်း က သတင်းအမှောင်ချ ထားတဲ့ အတွက် ပြည်သူတွေ အတွက်ရော သတင်း သမား တွေ အတွက်ပါ အကြပ်အတည်း ဖြစ်စေတယ်လို့ ကိုဆွေဝင်း က သုံးသပ် ခဲ့ပါတယ်။
BBC Burmese


(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၇
၂၉-၁-၂ဝ၁၇ ရက်နေ့က ဆရာဦးကိုနီ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ကြားကြားချင်း – ကျွန်မ “ဆရာဦးကိုနီကို ဘယ်သူသတ်သလဲ”ဆိုတဲ့ ဆောင်းပါးရေးပြီး ၃ဝ-၁-၂ဝ၁၇ နေ့မှာ မိုးမခမှာ တင်လိုက်ပါတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်လော မှုတွေနဲ့ရေးတဲ့အတွက် မပြည့်မစုံ ဖြစ်သွားပါတယ်။

တခါ-၃၁-၁-၂ဝ၁၇ ရက်နေ့မှာ ကျွန်မကို သတင်းဌာနတခုက ဒီကိစ္စနဲ့ပတ်သက်ပြီး လှမ်းမေးမြန်းတာတွေကို ကျွန်မဖြေ လိုက်တာတွေကလည်း အားမရစရာတွေ ဖြစ်သွားပြန်ပါတယ်။ ဒါ့ကြောင့် ကျွန်မဒီဆောင်းပါးကို ထပ်ရေးလိုက်ပါတယ်။

နောက်တကြောင်းကလည်း အခုသတင်းကွန်ရက်များမှာ အာဘော်အမျိုးမျိုး (တမင်အစီအစဉ်ရှိရှိရော မသိသား ဆိုးရွား စွာရော) ပေါ်ထွက်နေမှုများအပေါ် စိုးရိမ်မိတဲ့အတွက်၊ ကျွန်မကတော့ – ဒီပြဿနာကို ဘယ်လိုကြည့်မြင်တယ် ဆိုတာကို လည်းပြောပြချင်လို့ပါ။

ကျွန်မကို သတင်းဌာနကမေးတဲ့အထဲ အဓိက မေးခွန်းကြီး (၂) ခု ပါ ပါတယ်။

၁။ ဗမာပြည်မှာ အခုလိုလုပ်ကြံမှုကြီးမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဘာ့ကြောင့် ဒီလောက်ရက်ရက်စက်စက် လူမြင်ကွင်းကြီးမှာ လုပ်ကြံရတာလဲ။

၂။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ဖျက်ဖို့ပြောနေတာ ဦးကိုနီတယောက်တည်း မဟုတ်ပါဘူး။ ဘာလို့ သူမှရွေးပြီးသတ်ရသလဲ … … တဲ့။

တကယ်တော့ ဗမာနိုင်ငံမှာ နိုင်ငံရေးအရ လုပ်ကြံမှုတွေဟာ (ဒီလိုပေါ်ထင်ကြီးသာမဟုတ်တယ်) ဖြစ်တောင့်ဖြစ်ခဲ မဟုတ် ခဲ့ပါဘူး။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ကြီးစတင်ကတည်းကရော ၁၉၅၈ ခုနှစ်စပြီး မြေစမ်းခရမ်းပျိုး တည်ဆောက်ခဲ့တဲ့၊ စစ် အာဏာရှင်စနစ်ကြီးအောက်မှာရော မနည်းမနော ရှိခဲ့တာပါ။ သိပ်ဝေးဝေးကြည့်စရာမလိုပါဘူး။ နဝတ-နအဖခေတ်က လမ်းမတွေပေါ်၊ ထောင်တွေထဲ တောတောင်တွေထဲ၊ အသက်-သွေး-ချွေး ပေးခဲ့ကြရတဲ့ ပြည်သူ့သူရဲကောင်းတွေ နည်းရော့ လား။ ကုန်မှ မကုန်နိုင်ဘဲကိုး။ ဒီတော့ ဒီလို ပေါ်ထင်ကြီးလုပ်ရတာပေါ့။ ဒါက ဘာကိုပြသသလဲ။ စစ်အာဏာရှင်စနစ် ကာ ကွယ်လိုသူများအနေနဲ့ သွေးရူးသွေးတန်းဖြစ်လာမှု (အချိန်နည်းလာတာ) ကို ပြသပါတယ်။

အာဏာရှင်များဟာ အရှင်ထွက်မထွက်ဘူး … လို့ ဆိုရိုးရှိပါတယ်။ ဟုတ်ပါတယ်။ အသက်ထွက်ခါနီးလေ သွေးရူးသွေး တန်းဖြစ်လေ၊ တွက်ချက်မှုတွေ မှားလေဖြစ်တတ်ပါတယ်။ သူတို့ တသက်လုံးရရှိခဲ့တဲ့ အခွင့်အာဏာ၊ စည်းစိမ်တွေကို မစွန့် လွှတ်နိုင်၊ လူထုအပေါ် ကျူးလွန်ခဲ့သမျှတွေအတွက်လည်း စိတ်မအေး။ ဒါတွေအားလုံး သွားစုစည်းပါတယ်။ ဒီလောက်ဖြစ် လှတာ ဆိုတဲ့ ဒေါသစိတ်နဲ့ ငါတို့ထိရင်တော့ ဒီလိုခံရမယ်။ ကြည့်ထားဆိုတဲ့ ခြိမ်းခြောက်တာပါ ပါပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ရဲ့ အသက်ဘူး ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ဖျက်ဖို့ပြောနေသူတွေ အများအပြားရှိလျက်နဲ့ ဘာ ကြောင့် ဦးကိုနီကိုရွေးသတ်ရသလဲ။

ရှင်းပါတယ်။ ဦးကိုနီဟာ (ဦးဝင်းထိန်ပြောတဲ့စကား ယူသုံးရရင်) အမာခံ (Hard Liner) ဖြစ်နေလို့ပါ။ ဒါ့အပြင် ဒီဖွဲ့စည်း ပုံကြီးကို တရားဥပဒေကြောင်းအရ ပြည့်ပြည့်စုံစုံ ခွဲခြမ်းစိတ်ဖြာပြသနိုင်ပြီး ပြင်ဆင်နိုင်တဲ့ (ဖျက်သိမ်းပစ်နိုင်တဲ့) စွမ်းရည် လည်း အပြည့်ရှိနေသူပါ။ (သူရဲ့ ဒီချုပ်ကိုရော- တခြားအဖွဲ့အစည်းများအပေါ်မှာရော ကောင်းမှုပြုချက်များကို ကြည့်ပါ။) ဒါတွေ အပြင် ဦးကိုနီဟာ မွတ်စလင်ဖြစ်နေတဲ့အတွက် ပစ်မှတ်အပျာ့ (Soft Target) ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ ဗမာပြည်ကြီးမှာမွတ်စလင်တယောက် အသတ်ခံလိုက်ရမှုအပေါ် သိပ်စိတ်ထိခိုက်ကြမှာ မဟုတ်ဘူးလို့ (သူတို့ စိတ်ရင်းနဲ့နှိုင်းပြီး) တွက်ပုံရတယ်။ ဘာသာရေးပဋိပက္ခတွေတောင်ဖြစ်လာနိုင်သေးတယ်။ ဒီနေရာမှာတော့ သမ္မတရုံးက ထုတ်ပြန်ချက်မှာပါတဲ့ တိုင်းပြည်မတည်ငြိမ်အောင်လုပ်တာဆိုတာတော့ (တစိတ်တပိုင်း) မှန်တယ်လို့ဆိုရမှာပါ။ သူတို့တွက် ချက်မှု မှားသွားပြန်ပါတယ်။

၃ဝ ရက်နေ့နဲ့ ၃၁ ရက်နေ့များမှာကျင်းပခဲ့ကြတဲ့ ဆရာဦးကိုနီနဲ့ အငှားယာဉ်မောင်းဆရာ ဦးနေဝင်းတို့ရဲ့ဈာပနအတွင်းဖေါ်ပြခဲ့ကြတဲ့ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက ပြည်သူလူထုကြီးတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှု၊ ရင့်ကျက်မှု၊ သည်းခံနိုင် မှု၊ ရက်ရောမှု (ဦးနေဝင်းရဲ့ကျန်ရစ်သူကလေးများပညာသင်ကြားရေးအတွက် ကူညီနေမှုများ) စတာ စတာတွေဟာ ပြည်သူ့ ရန်သူများအတွက် ကြောက်ဒူးတုန်စရာပါ။

တခါတလေမှာလည်း ငြိမ်းခါနီးမီး ထတောက်တတ်ပါတယ်။ အာဏာရှင်များဟာ အာဏာလက်လွှတ်ရနီးလာပြီလို့ထင် လာရင် ပရမ်းပတာတွေဖြစ်တတ်ပြီး တွက်ချက်မှုတွေ မှားတတ်ပါတယ်။ ဒါတွေကို ပြည်သူတွေက မြင်အောင်ကြည့်ပြီး မိမိတို့ရဲ့အကျိုးစီးပွားကို တိုးချဲ့ရပါမယ်။ သူတို့ရဲ့ရည်မှန်းချက်များ ပြောင်းပြန် (Backfire) ဖြစ်အောင် လုပ်ဆောင်ရပါမယ်။

ဒီနေရာမှာ ကျွန်မ ပထမဆောင်းပါးမှာ ရည်ညွှန်းခဲ့တဲ့ ၁၉၈၃ ခုနှစ်က ဖိလစ်ပိုင်က အတိုက်အခံခေါင်းဆောင် အကွီနို လုပ်ကြံ ခံရမှုရဲ့နောက်ဆက်တွဲဖြစ်ရပ်များကိုကြည့်ပါ။

(၁၉၆၅-၁၉၈၆) ဖိလစ်ပိုင်မှာ သမတအာဏာရှင်အဖြစ် (တခါတရံမာရှယ်လောအကူအညီနဲ့) အုပ်ချုပ်ခဲ့တဲ့ မားကို့စ်ဟာ သူ့ သမ္မတသက်တမ်းတလျှောက် နိုင်ငံရေးအတိုက်အခံအားလုံး (နီးပါး) ကို နည်းပေါင်းစုံသုံးပြီး ဖိနှိပ်ခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ပြည်သူတွေကိုလည်း သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့ပါတယ်။ သူသတ်ဖြတ်ဖို့လျာထားသူများစာရင်းမှာ အထက်လွှတ်တော်အမတ် နီနိုအကွီနိုပါပါတယ်။

ဒါပေမယ့် သူ့မှာနှလုံးရောဂါရလိုက်တော့ ကိုယ်ကသတ်စရာမလိုပဲ သူဟာ့သူ သေနိုင်သွားလို့ မသတ်ဘဲ ဆေးကုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့နိုင်ငံခြား (အမေရိကန်) ကို လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကွီနိုဟာ နှလုံးခွဲစိတ်ကုသပြီး ကျန်းမာစွာနဲ့ တိုင်းပြည်ကို ၁၉၈၃ မှာ ပြန်လာနိုင်ခဲ့ပါတယ်။ ဒီတော့ ဘယ်သူ့သတ်သတ်၊ ဘယ်လောက်သတ်သတ်၊ အေးဆေးခဲ့တဲ့ မာကိုစ်ဟာ လက်ယဉ်ယဉ်နဲ့ အကွီနိုကိုလုပ်ကြံပစ်လိုက်ပါတယ်။ ဒီမှာတင် နဂိုက အတိုက်အခံအင်အားစုဆိုလို့ မဆိုစ လောက် ကလေးပဲရှိတဲ့အဖွဲ့ဟာ (အဓိကခေါင်းဆောင်အရည်အချင်းပြည့်ဝတဲ့ အကွီနိုကိုသတ်လိုက်ရင် အညွန်းကျိုးသွား လိမ့်မယ်လို့ မာကိုစ်က တွက်ဆခဲ့ပေမယ့်) မယုံနိုင်ဖွယ် ရှိရှိသမျှအင်အားစုတွေ (အောက်ခြေလူထုအပြင် အလယ်အလတ် လူတန်းစားတွေ၊ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းတွေ) ပါဝင်လာတဲ့ အကွီ နိုရဲ့ကျန်ရစ်သူဇနီးသည် ကိုရီဇုံအကွီနိုခေါင်းဆောင်တဲ့ အာဏာရှင်ဆန့်ကျင်ရေးတပ်ပေါင်းစုကြီးပေါ်ထွက်လာခဲ့ပါတယ်။

အာဏာမာန်ယစ်မူးနေတဲ့ မာကိုစ်ဟာ နောက်တကွက်ထပ်မှားပါတယ်။ သူ့အစိုးရ တရားဝင်အောင် ကြားဖြတ်သမ္မတ ရွေး ကောက်ပွဲကို ၁၉၈၆ ဖေဖေါ်ဝါရီမှာ (နိုင်လဲနိုင်ရမယ်။ ရှုံးလဲနိုင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့) ညစ်ပတ်မှုအပေါင်းနဲ့လုပ်ပေးပြီး သူ အနိုင်ရတယ်လို့ ကြေညာလိုက်ပါတယ်။ ဒီမှာတင် တပြည်လုံးအုံကြွပြီး (ဗိုလ်ချုပ်ရာမိုစ်ဦးဆောင်တဲ့ ဖိလစ်ပိုင်တပ်ရဲ့ အင် အားစုများအပါ) ပြည်သူ့အာဏာတော်လှန်ရေးကြီး (People Power Revolution) ပေါ်ပေါက်လာပြီး မာကိုစ်လည်း တိုင်း ပြည်က ထွက်ပြေးသွားရပါတော့တယ်။ ၂၅-၂-၁၉၈၆ မှာ ကိုရီဇုံ အကွီနို သမတဖြစ်လာပါတယ်။

ဒီနေရာမှာ-မာကိုစ့်ထည့်မတွက်ခဲ့မိတာက သူ့ကို တောက်လျှောက်ထောက်ခံထောက်ပံ့ပေးနေတဲ့ အမေရိကန်က ထောက်ခံ မှုကို လျှော့ချတော့မယ်ဆိုတာပါပဲ။ ဒီလောက်နာမည်ပျက်ပြီး ပြည်သူတွေက ခါးခါးသီးသီးမုန်းနေတဲ့ ပုံရိပ်ဆိုးဝါးလှတဲ့သူကိုဘယ်သူကထောက်ခံရဲတော့မလဲ။ ဖိလစ်ပိုင်ပြည်သူတရပ်လုံး တစည်းတလုံးတည်းဖြစ်လာမှုက အမေရိကန်အတွက် မာကိုစ့် ကိုစွန့်လွှတ်ချိန်တန်ပြီလို့ အချက်ပေးလိုက်ပါတယ်။

ပြည်တင်းရင် မင်းမခံနိုင် ဆိုတဲ့စကား ရှိခဲ့တာဘဲလေ။

နီနိုအကွီနို အသက်ပေးတိုက်ခဲ့တဲ့ အာဏာရှင်စနစ် (သူကွယ်လွန်ပြီး ၂ နှစ်ကျော်အကြာမှာ) ဖိလစ်ပိုင်မှာ အဆုံးသတ်သွားပါ တယ်။ (ဒါပေမယ့် တကယ့်လူသတ်တရားခံကို အခုထိမဖေါ်နိုင်သေးပါဘူး။ ရှုတ်ထွေးနေဆဲပါ။ ဒါပေမယ့် ဒီလူသတ်မှုကြီးရဲ့ နောက်ကွယ်မှာ မာကိုစ်နဲ့ သူအပေါင်းပါတွေရှိတယ်ဆိုတာ လူထုကမြင်ထားပြီးပါပြီ။) သူ့ကိုသတ်လိုက်ရင် မိမိအာဏာစက် ဆက်ရှင်သန်နိုင်မယ်လို့ တွက်ဆခဲ့တဲ့ မာကိုစ့်တိုင်းပြည်ကထွက်ပြေးသွားရပါတယ်။

ဒီအဖြစ်အပျက်ကိုကြည့်ပြီး နိုင်ငံရေးလုပ်ကြံမှုကြီးတွေမှာ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေရှိတယ်လို့တော့ အပြတ်မ ပြောနိုင်ပါဘူး။ တခါတရံမှာ ဒီလုပ်ကြံမှုကြီးတွေရဲ့ရည်မှန်းချက်များအောင်မြင်သွားတဲ့အခါတွေလည်း ရှိခဲ့ပါတယ်။

၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရမှုကိုကြည့်ပါ။ လူသတ်တရားခံအဖြစ် ဦးစောကိုဆွဲထုတ်ပြီး သေ ဒဏ်ပေးလိုက်ပြီး ဇာတ်လမ်းဆုံးသွားပါတယ်။ ဦးစောဟာ သူ့ကိုကြိုးပေးဖို့ခေါ်ထုတ်လာတဲ့အချိန်ထိ သူ့ကိုလာကယ်လိမ့် မယ်လို့ ထင်နေခဲ့တာပါ။ ဒီမျှော်လင့်ချက်နဲ့ဘဲ သူဘာမှဖော်ထုတ်ပြောမသွားခဲ့ပါဘူး။ ဦးစောဟာသေတဲ့အထိ ဗမာပြည်ကြီး ကို သစ္စာဖေါက်သွားသူပါ။ သူဒီလိုထင်နေအောင် ဘယ်သူကလုပ်ပေးခဲ့တာလဲ။ အဲဒီအမှုနဲ့ပတ်သက်တဲ့လူအတော်များ များရော၊ ဒီအမှုလိုက်တဲ့ရဲအများအပြားရော ဘယ်လိုသေဆုံးခဲ့ကြသလဲ။ အခုထိ မရှင်းပါဘူး။

ဒါပေမယ့် ဗမာပြည်သူတွေရဲ့ရင်ထဲအသည်းထဲမှာတော့ အဓိကတရားခံဟာ ဗြိတိသျှ နယ်ချဲ့စနစ်ဆိုတာ ရှင်းနေပါတယ်။ ကိုလိုနီနိုင်ငံများရဲ့လွတ်လပ်ရေးလှုပ်ရှားမှုကြီးတခုလုံးကို ခြိမ်းခြောက်လိုက်တာပါ။ လွတ်လပ်ရေးတောင်းဆိုနေတဲ့ အမျိုး သားရေးခေါင်းဆောင်တွေ နိုင်ငံတွေအများကြီးရှိလျှက်က ဘာကြောင့် ဗမာပြည် ဗိုလ်ချုပ်အောင်ဆန်းကို ရွေးသတ်ရတာလဲ။

၁။ ဗိုလ်ချုပ်အောင်ဆန်းက အမာခံ (Hard Liner) ဖြစ်လို့ပါ။ ဗြိတိသျှလက်အောက်က အပြည့်အဝလွတ်လပ်ရေးကို တောင်း ဆိုနေသူပါ။ တပြည်လုံးကိုလည်း (တိုင်းရင်းသားလူမျိုးစုများအပါ) သူ့နောက်မှာ တညီတညွှတ်တည်းစုစည်းထားနိုင်ခဲ့ပါ တယ်။ အမျိုးသားတရပ်လုံး စည်းလုံးညီညတ်လာအောင် လုပ်ဆောင်နိုင်သူပါ။

၂။ ဗမာပြည်ဟာ ပထဝီနိုင်ငံရေးအနေအထားအရ အချက်အခြာနေရာမှာ ရှိပါတယ်။ ဒါ့အပြင်နိုင်ငံရေးအရလည်း နိုးကြား တက်ကြွပြီး (အဲဒီကာလက) လက်ဝဲယိမ်းပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင်က လက်ဝဲသမားများအကြား ညီညွှတ်ရေးကိုကြိုးစားလုပ်ဆောင်နေတဲ့ကာလပါ။ (အဲဒီကာလများက ဗိုလ်ချုပ်ဟာ သူကိုယ်တိုင် ဖဆပလက ထုတ်ပစ်ခဲ့တဲ့ ဗမာ ပြည်ကွန်မြူနစ် ပါတီနဲ့ ပြန်လည်ပူးပေါင်းရေးအတွက် စတင်ဆွေးနွေးနေခဲ့တာပါ။)

ဗိုလ်ချုပ်တို့ကိုလုပ်ကြံလိုက်လို့ ဗြိတိသျှနယ်ချဲ့သမားများ အကျိုးအများကြီးရရှိခဲ့ပါတယ်။ ဗမာပြည်အပါအဝင် ကိုလိုနီနိုင်ငံ အများအပြားကို လျှော့ဈေးနဲ့ဘဲ လွတ်လပ်ရေးတွေပေးလိုက်နိုင်ပါတယ်။ (နု-အက်တလီစာချုပ် ဗြိတိသျှဓနသဟာရအဖွဲ့ စတာတွေကိုကြည့်ပါ)

ကျွန်မတို့ဗမာပြည်အတွက်ကတော့ ပိုနာပါတယ်။ ဗိုလ်ချုပ်တို့ကျဆုံးလိုက်ခြင်းနဲ့အတူ အမျိုးသားစည်းလုံးညီညွှတ်ရေးပြို ကွဲ ပြည်တွင်းစစ်ထောင်ချောက်ကြီးထဲကျရောက်ခဲ့တာ အခုထိရုန်းမထွက်နိုင်သေးပါဘူး။ ဗိုလ်ချုပ်တို့ အသက်ပေးထမ်း ဆောင်ခဲ့တဲ့အရေးတော်ပုံကြီး (လွတ်လပ်ချမ်းသာစည်းလုံးညီညွှတ်တဲ့ ဗမာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရေး) ဟာ လည်း ဗိုလ်ချုပ်တို့ကွယ်လွန်ပြီး အနှစ် (၇ဝ) ထိ မအောင်မြင်သေးပါဘူး။ ဒါ့ကြောင့် ဒီသမိုင်းဖြစ်ရပ်တွေကိုလေ့လာပြီး ကျွန် မတို့ ရှေ့ဘယ်လိုခရီးဆက်ကြမယ်ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။

၁။ ဆရာ ဦးကိုနီကိုသတ်တဲ့တရားခံ အစစ်အမှန် (ဘယ်တော့မှမပေါ်တာလည်း ဖြစ်နိုင်ပါတယ်) ဘယ်သူလဲ။ ဆိုတာဖေါ် ထုတ်ဖို့ အဆက်မပြတ်ဖိအားပေးနေတာတွေဟာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူများအဖို့ စိတ်ကွယ်ရာမရှိဘူးဆိုတာ သိနေ ဖို့လိုပါတယ်။ အမှုသွားအမှုလာတွေအကြားထွက်ပေါ်လာတဲ့ အချက်အလက်အကြောင်းအရာများကနေ လူပုဂ္ဂိုလ်အချို့ရဲ့ ရပ်တည်ချက် လက်ရှိအုပ်ချုပ်ရေးစက်ယန္တရား (၂ဝဝ၈ ဖွဲ့စည်းပုံအောက်က) ရဲ့ချို့ယွင်းချက်များ စတာတွေပေါ်ထွက်လာ နိုင်ပါတယ်။

၂။ အရေးကြီးဆုံးကတော့ ဆရာဦးကိုနီကိုလုပ်ကြံသတ်ဖြတ်လိုက်မှုရဲ့ရည်ရွယ်ချက်ဟာ ၂ဝဝ၈ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ရေး ဖျက်ရေးလုပ်ငန်းကြီး လမ်းလွှဲသွားရေးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ စစ်အာဏာရှင်စနစ်ရှိတယ်။ ဆိုတာ မမေ့မလျှော့ အမြဲသတိရှိနေဖို့ဖြစ်ပါတယ်။

ကျွန်မတို့ဗမာပြည်ကြီးရဲ့ပြဿနာအရပ်ရပ် ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ်။ ဒါ့ကြောင့် ဒီစစ်အာဏာ ရှင်စနစ်ကို သက်ဆိုးရှည်စေနိုင်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကြီးကို မုချကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ်။ ကျွန်မတို့ တိုင်းပြည်နဲ့ဆီ လျှော်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်တရပ်ပေါ်ပေါက်လာရေး အရေးတော်ပုံကြီး (ဆရာဦးကိုနီ အသက်ပေးလျှောက်ပြသွား တဲ့လမ်း) ကို မျက်ခြည်ပြတ်မခံဖို့ လိုပါတယ်။

ဒီအရေးတော်ပုံကြီးမှာ စစ်အာဏာရှင်စနစ်ကိုလက်မခံတဲ့ မကြိုက်တဲ့ ပြည်သူတရပ်လုံးပါဝင်လာအောင် ကြိုးစားကြရအောင် ပါ။

လှကျော်ဇော

ဖေဖော်ဝါရီ ၃၊ ၂ဝ၁၇။
http://moemaka.com/archives/56518

ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

Right to Recall လို့ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်ပြီး အခု ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီကို တင်သွင်းသွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပထမ လွှတ်တော်သက်တမ်းအတွင်း ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေကို မဲ ဆန္ဒရှင် ၁% ရဲ့ တိုင်တန်းမှုနဲ့ တာဝန်ကနေ ရုပ်သိမ်းတဲ့အထိ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်အပေါ် အခြေအတင်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းကို ဆိုင်းငံ့ထား ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

Right to Recall လို့ ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်တာမို့ အခုလအတွင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီကို တင်သွင်းသွားမယ်လို့ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ကတော့ လောလောဆယ် ဥပဒေကြမ်းကော်မတီကို ပေးလိုက်မှာပဲ အဲဒီ Draft ကို၊ ဟိုမှာသူတို့က ဥပဒေကြမ်းကော်မတီက ဆွေးနွေးပြီးမှ တင်ပြရုံပဲရှိတယ် ဘာပြင်မလဲဆိုတာတော့ လွှတ်တော်က ပြင်ပေါ့၊ ပြင်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးကြပေါ့ ၊ နောက်ဘယ်လောက် တင်မလဲဆိုတော့ ကျနော်တို့ ဒီလထဲမှာ တင်မှာပဲ။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအောင်မြင့်ကလည်း Right to Recall ဥပဒေ ကြမ်း ရေးဆွဲပြီးဖြစ်ကြောင်း ဒီကနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးမှာ ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်အမတ် ဦးသောင်းအေးရဲ့ "လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းပေးဖို့ အစီအစဉ် ရှိ၊ မရှိ" မေးခွန်းကို ပြန်လည် ဖြေကြားခဲ့တာလည်းရှိပါတယ်။

ဒီဥပဒေကြမ်း အတည်ပြုရေးနဲ့ ပတ်သက်လို့ ပြီးခဲ့ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ပထမ လွှတ်တော် သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပြီး လွှတ်တော်အမတ်တွေကို မဲဆန္ဒရှင် ၁% ရဲ့ တိုင်တန်းချက်နဲ့ ခေါ်ယူ စစ်ဆေးပြီး တာဝန်ကနေ ရုပ်သိမ်းနိုင်တယ်ဆိုတဲ့ အချက်အပေါ် အခြေအတင် ငြင်းခုံခဲ့ကြတာပါ။

Right to Recall လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းနဲ့ ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ (ခ) မှာ မူလမဲဆန္ဒရှင် ၁% က တာဝန်က ပြန်လည်ရုပ်သိမ်းလိုတဲ့ လွှတ် တော်အမတ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက် ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမယ်ဆိုတဲ့ အချက် ပါဝင်နေတာလည်းဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့တော့ တတ်နိုင်သလောက် ဒီဥပဒေကြမ်းကို ပြင်ဆင်ဖြည့်စွက်ရေးဆွဲထားပြီး မဲဆန္ဒရှင် ၁% တိုင်တန်းချက်နဲ့ ပတ်သက်လို့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကတဆင့် ပဲ ပြောင်းလဲနိုင်မယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ပြောပါတယ်။

“အရင်တုန်းကလိုတော့ ပြဿနာဖြစ်မှာမဟုတ်ဘူး၊ ကျနော်တို့ အဲလိုသုံးသပ် တယ်ပေါ့နော်၊ သို့သော် ဒီ ၁% ဆိုတဲ့ ကိစ္စကလည်း ရှိသေးတာကို အဲဒါက Constitution ပြင်မှပဲဖြစ်မှာ ၊ ဥပဒေကြမ်းမှာတော့ လွယ်လွယ်လုပ်လို့မရအောင်တော့ ရေးထားတာပေါ့ လှေကား အထစ်ကလေးတွေ အထစ်ကလေးတွေ လုပ်ထားတာပေါ့နော်။”

ကိုယ့်မဲဆန္ဒနယ်က လွှတ်တော်အမတ်ကို တာဝန်ကနေ ရုပ်သိမ်းနိုင်ခွင့်ဆိုတာ နိုင်ငံသား တဦးချင်းစီရဲ့ အခွင့် အရေး ဖြစ်ပေမယ့် Right to Recall ဥပဒေကြမ်းမှာတော့ သက်သေမပါတဲ့ သာမန်စွပ်စွဲချက်တွေ၊ ငွေကြေး ဒါမှ မဟုတ် တဦးတယောက်ရဲ့ ဖိအားကြောင့် တိုင်တန်းမှုတွေကို အထမမြောက်အောင် လုပ်နိုင်တဲ့အချက်တွေ ပါဝင်ဖို့လည်း လိုတယ်လို့ ထောက်ပြသူတွေလည်းရှိပါတယ်။

လွှတ်တော် အမတ်ဟောင်းတဦးဖြစ်တဲ့ ဦးခိုင် မောင်ရည်ကတော့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ ပါဝင်သင့်တဲ့အချက်တွေနဲ့ ပတ်သက်လို့ အခုလိုသုံးသပ်ပါတယ်။

“ဒီဥပဒေမှာ နိုင်ငံသားတွေရဲ့အခွင့်အရေးမှန်သလို တိုင်တန်းမှုတွေမှာ သက်သေအသေအချာမပါတဲ့ နောက်ပြီးတော့ သာမန်စွပ်စွဲချက်မျိုးအနေနဲ့ တင်ပြတာမျိုးတွေကို လက်ခံလို့မရတဲ့အချက်မျိုးတွေ ပါရပါမယ်။ ပြီးတော့ အဖွဲ့အစည်းတခုခုက အနိုင်ရထားတဲ့ ပါတီလွှတ်တော်ကိုယ်စားလှယ်တဦးဦးကို မကျေနပ်လို့ တမင်လုပ်တဲ့အနေအထားမျိုးမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒီ ၁% လက်မှတ်ထိုး တိုင်ကြားသူတွေသည် မိမိ သဘောဆန္ဒနဲ့ အညီမဖြစ်ဘဲနဲ့ လူတဦးရဲ့ ဖိအားပေးမှု တိုက်တွန်းမှုကြောင့် သို့မဟုတ် ငွေကြေး လာဘ်လာဘ တစုံတရာကြောင့်၊ သို့မဟုတ် အာဏာနဲ့ ခြိမ်းခြောက်လို့သော်လည်းကောင်း အဲလိုတိုက်တွန်းမှုတွေ ပါခဲ့မယ်ဆိုရင် ဒါဟာ ၁% တိုင်တန်းမှုသည် အထမမြောက်ဘူးဆိုတဲ့ အချက်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။”

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း Right to Recall ခေါ် လွှတ်တော်အမတ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်မပြုခဲ့ဘဲ ဆိုင်းငံ့ခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။
VOA Burmese News


‘‘လူဆိုတာအားလုံး သေမျိုးချည်းပါပဲ’’လို့ သူသူငါငါ ပြောကြတဲ့ စကားတစ်ခွန်းကို နေရာတကာ မှာကြားခဲ့ရဖူးပေမယ့် ဒီတစ်ခါ ကြုံလိုက်ရတဲ့ အသုဘနှစ်ခုစလုံး ကတော့ ထူးခြားတဲ့ဝိသေသကိုယ် စီရှိနေရုံမက ပိုလို့ပင်စိတ်ဝင်စား ဖွယ်ကောင်းနေသေးတာက မြင်ရ တဲ့ စာတန်းနှစ်ခုကြောင့်ပါ။

တစ်ခုက ‘ငါတို့အားလုံး ဦးကိုနီများဖြစ်သည်’ဆိုတာနဲ့ နောက်တစ်ခုက ‘အညတရသူရဲ ကောင်း ပြည်သူ့သားကောင်းဦးနေ၀င်း’ဆိုတာတွေပေါ့။ ဒီစာတန်း တွေကို ဇန်န၀ါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ ရေဝေးသင်္ချိုင်းပရိ ၀ုဏ်က ဧရာမလူအုပ်ကြီးတွေအ တွင်းခံ့ညားစွာ ကျွန်တော်တွေ့ မြင်ခဲ့ရတာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖွယ်ကောင်းနေသလောက် အံ့သြတကြီးအဖြစ်ရဆုံးတစ်ခုက တော့ ပထမစာတန်းပါအနက် ရောင်တီရှပ်တွေကို ပထမနေ့မှာ မြန်မာလူငယ်တွေက ၀တ်ဆင် ထားကြသလို ဒုတိယနေ့မှာ တွေ့ခဲ့ရတဲ့ ဒုတိယစာတန်းပါ ဗီနိုင်း ဆိုင်းဘုတ်အောက်ခြေမှာတော့ ‘မြန်မာအစ္စလာမ်လူငယ်ဖောင် ဒေးရှင်း’ဆိုတာကြောင့်ပါ။ စာတန်းနဲ့အတူ ယှဉ်တွဲမြင်ရတာက တက္ကစီကားတစ်စီးကို လက်ထောက်ပြီး ရပ်နေတဲ့ ကိုနေ၀င်းဓာတ်ပုံ ..။


အားလုံးလည်း သိနေကြသ လို ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီ စွန်းစွန်းအချိန်က ရန်ကုန်လေ ဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ကြီးဦးကိုနီကို တရားခံကြည်လင်း ဆိုသူက သေနတ်နဲ့အနီးကပ်ပစ် သတ်ခဲ့လို့ အာဏာရအင်န်အယ် လ်ဒီပါတီရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ်လည်း ဖြစ်နေတဲ့ ဦးကိုနီဟာ နေရာမှာတင်လဲကျသေဆုံးခဲ့ရရှာတယ်။အဲဒီနောက်လူသတ်သမားကြည် လင်းဟာ ထွက်ပြေးလွတ်မြောက် နိုင်ဖို့ ကြိုးစားခဲ့သေးပေမယ့် အနီးအနားမှာရှိနေတဲ့ တာဝန်သိ တက္ကစီယာဉ်မောင်းတွေက ၀ိုင်းလိုက်ခဲ့ကြလို့ နောက်ဆုံးမှာဝင်ရောက်လုံးထွေးခဲ့တဲ့ ရဲနှစ်ယောက်အကူအညီနဲ့တကွ တရားခံကိုလက်ရ ဖမ်းဆီးနိုင်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ၀မ်း နည်းစရာရော ဂုဏ်ယူစရာပါ ကောင်းခဲ့တာက အသက် (၄၈) နှစ်အရွယ် ကိုနေ၀င်းဟာ ဘ၀တူ တက္ကစီဒါရိုင်ဘာတွေနဲ့အတူ သေ နတ်ကိုင်ထားတဲ့ လူသတ်တရား ခံနောက်ကို ရဲဝံ့စွာလိုက်ဖမ်းဖို့ အားထုတ်ရင်း အုတ်ခဲနဲ့ပါ ထိမှန်အောင်ပစ်နိုင်ခဲ့လင့်ကစား ကံဆိုး သွားရရှာတယ်။ ဘာလို့ဆိုလူသတ်သမား လှည့်ပစ်လိုက်တဲ့ ကျည်တစ်တောင့်က ကိုနေ၀င်း ရဲ့ ဆီးစပ်ကိုဖောက်ဝင်ပြီး ကိုနေ ၀င်းလည်း ရရှိထားတဲ့ ဒဏ်ရာ ကြောင့် ဆေးရုံမရောက်ခင်လမ်း ခုလတ်မှာတင် အသက်ပျောက်ခဲ့ လို့ပါ။

ဒါကြောင့်လည်း ကွယ်လွန် သူနှစ်ဦးကို အကြောင်းပြုပြီး ပေါ် ထွက်လာတဲ့ ဂုဏ်ပြုချီးမွမ်းသံ တွေဟာ နိုင်ငံပြင်ပထိတိုင် ပွက် ပွက်ညံအောင်ကျယ်လောင်ခဲ့သ လောက် ကျွန်တော့်အနေနဲ့တော့ သူတို့နှစ်ယောက်ကို သင်္ဂြိုဟ်ခဲ့တဲ့ ဇန်န၀ါရီ ၃၀၊ ၃၁ ရက် နှစ်ရက် စလုံးက အသုဘအခမ်းအနားမြင် ကွင်းတွေကိုသာ မျက်စိထဲစွဲထင် နေတော့တာပါ။ အထူးသဖြင့် ပထမနေ့မှာ သင်္ဂြိုဟ်ခဲ့တဲ့ ဦးကိုနီ ဈာပနအခမ်းအနား ကျင်းပရာ အစ္စလာမ်သင်္ချိုင်းကို မွတ်စလင် ဘာသာဝင် ပြည်သူတွေသာမက ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူ ပြည် သူအများအပြားကပါ လာရောက် ပို့ဆောင်ဂါရ၀ပြုခဲ့ကြသလို ဒုတိ ယနေ့မှာ သင်္ဂြိုဟ်ခဲ့တဲ့ ကိုနေ၀င်း ဈာပနကျင်းပရာ ရေဝေးသုသာန် ကိုဆိုလည်း ဗုဒ္ဓဘာသာမြန်မာ တွေနဲ့အတူ ကျန်ရစ်သူဦးကိုနီမိ သားစုအပါအ၀င် မွတ်စလင်လူ မှုအဖွဲ့အစည်းအသီးသီးကပါ လာရောက်လက်တွဲ ဂါရ၀ပြုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်တွေဟာ လေးနက်ထူးခြားတဲ့အနှစ်သာရ သဘောကိုဆောင်နေမယ်လို့ ကျွန်တော်မှတ်ချက်ပြုချင်ပါတယ်။

စာဖတ်သူတို့လည်း တွေး တောဆင်ခြင်ကြည့်ကြစေချင် တယ်။ ဖြစ်ပွားခဲ့ပြီးတဲ့ လုပ်ကြံမှု ကြီးနဲ့ပတ်သက်ပြီး အများက ကျယ်ပြန့်စွာထင်ကြေးပေးနေကြ တဲ့ ဒီနိုင်ငံရေးလုပ်ကြံမှုမှာ လူမျိုး ရေး၊ ဘာသာရေးအဓိကရုဏ်း တွေ ဆူပွက်လာစေလိုတဲ့ အကြံ အစည်တစ်ခုလည်းပါနိုင်မှာပဲဆို တဲ့ ရည်ရွယ်ချက်အရ ဒီလောက် များပြားလှတဲ့ လူစုလူဝေးကြီးဟာ မသမာသူတွေ မျှော်မှန်းတွက် ချက်ထားသလို ဖြစ်မယ်ဆိုဖြစ်နိုင် စရာပေါ့။ အခင်းဖြစ်ပွားပြီး နောက်တစ်နေ့မှာတင် နိုင်ငံတော်သမ္မတ ရုံးကထုတ်ပြန်လာတဲ့ ကြေညာ ချက်ထဲမှာ ဒီဖြစ်စဉ်ဟာတိုင်းပြည် တည်ငြိမ်မှု ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာအ ပြင် ဘာသာရေး၊ လူမျိုးရေးသွေး ထိုးမှုတွေကိုလည်း အထူးဂရုပြု ကြဖို့ သတိပေးထားပါသေးတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ အဲ ဒီနှစ်ရက်စလုံး ဘယ်လိုပြဿနာအ သေးအမွှားမျိုးလေးတစ်ခုတလေ မှ မဖြစ်ခဲ့ရုံမက ဘာသာကြီးနှစ် ရပ်စလုံးက ပြည်သူတွေဟာ ညှိုးငယ်တဲ့ ရုပ်သွင်ကိုယ်စီသာ ဆောင်နေကြသလို အဓိကတရား ခံဘုံရန်သူ ဘယ်သူဆိုတာလဲအ ပြန်အလှန်သိမှတ်ဖလှယ်ပြီးသားဖြစ်နေတဲ့ မျက်နှာထားမျိုးတွေနဲ့ ပြည့်စုံပေါ်လွင်နေသလိုပါ။ ဒါတင်ကသလားမေးရင် ဇန်န၀ါရီ ၃၀ ရက်က ဦးကိုနီရုပ်အလောင်း ထားရာ အစ္စလာမ်သင်္ချိုင်းဝင်းအ တွင်းမှာရော နောက်တစ်နေ့ သင်္ဂြိုဟ်တဲ့ ကိုနေ၀င်းရှိရာပင်မ ရေဝေးသုသာန်ဘက်အချမ်းမှာပါ လူမျိုးမတူ၊ ဘာသာကွဲတွေ အချင်းချင်းပူးပေါင်းလက်တွဲပြီး လမ်း ရှင်းပေးနေတာတွေ၊ စနစ်တကျ ဖြစ်အောင် မေတ္တာရပ်ခံပန်ကြားနေတာတွေနဲ့ လာသမျှ ပရိသတ်ကို ရေသန့်ဘူးနဲ့ အချိုရည်ဘူးတွေ လိုက်လံဝေငှပေးနေတာတွေ အစရှိတဲ့ အပြုသဘောဆောင်လှုပ်ရှားမှု အားလုံးလိုလိုဟာ တကယ်တမ်းပြောရရင် ဦးကိုနီနဲ့ ကိုနေ၀င်းတို့အသက်ပေးပြီး တည်ဆောက်သွားခဲ့တဲ့ မြန်မာ-မွတ်စလင်သွေးစည်းချစ်ကြည်မှု သင်္ကေတတစ်ခုလို့တောင် ကျွန်တော်ဖွင့်ဆိုချင် မိပါတယ်။

ဒါကလည်း အထူးအားဖြင့် ဦးကိုနီဆိုတာ ဒေါ်အောင်ဆန်းစု ကြည်ခေါင်းဆောင်တဲ့ လက်ရှိ ပြည်သူ့အစိုးရနဲ့ ဒီမိုကရေစီဘက် တော်သားတွေ ရင်ဆိုင်ကြုံတွေ့ နေရဆဲ နိုင်ငံရေးအကျပ်အတည်း တွေကို ထိရောက်စွာအကြံပြုကူ ညီဖြေရှင်းပေးနေတဲ့ ဥပဒေပညာ ရှင်တစ်ဦးပါ။ အခုအဲဒီလို ပုဂ္ဂိုလ် မျိုးကို ရက်စက်စွာ လက်စတုံး သတ်ဖြတ်ခဲ့ရာမှာတောင် အင်မ တန်ဗြောင်ကျလွန်းစွာ ကျူးလွန် ပြခဲ့ခြင်းဟာ မြန်မာ့ဒီမိုကရေစီ ဟန့်တားမှုနဲ့ ပြည်သူကရွေးချယ် တင်မြှောက်ထားတဲ့ အာဏာရအ စိုးရသစ်ပေါ်ဘက် ပေါင်းစုံချည်နဲ့ သွားအောင် ခြိမ်းခြောက်နှောင့် ယှက်မှုတွေအဖြစ် အတော်များ များက နားလည်ယူဆနေကြရုံမ က ဘာသာရေးနဲ့လူမျိုးရေး မငြိမ် သက်မှုတွေ ဆူပွက်လာရအောင် အကွက်ချကြံစည်မှုမျိုးလည်း ဖြစ် နိုင်ခြေသေချာသလောက်ပါပဲလို့ သဘောပေါက်ရိပ်စားမိခဲ့ကြလို့ ဖြစ်မှာပါ။

တစ်ခါ လူသတ်တရားခံကို လက်ရဖမ်းဆီးပေးနိုင်ခဲ့တဲ့ တာ ၀န်သိတက္ကစီယာဉ်မောင်းတွေအ နက်က ကိုနေ၀င်းရဲ့ စွမ်းဆောင် အားထုတ်ခဲ့မှုမှတ်တမ်းကိုလည်း ပြန်ကြည့်သင့် ပါသေးတယ်။ တကယ်ဆို ကိုနေ၀င်းအပါအ၀င် အငှားယာဉ်မောင်းတွေအနေနဲ့ သူတို့ရှေ့မလှမ်းမကမ်းက သေ နတ်ပစ်ခံရလို့လဲကျသွားတဲ့ လူ ဟာ ဦးကိုနီဖြစ်နေမှန်း လူတိုင်း တော့ သိချင်မှသိကြမှာပါ။ ဒါပေ မဲ့ သူတို့အားလုံးသိလိုက်တာက ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့လူသတ်တရားခံကို ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာရော အံ့အားသင့်ဖွယ်ပါ အကောင်းဆုံးလို့ ပြောရမှာကတော့ ကိုနေ၀င်းတို့ ယာဉ်မောင်းတစ်သိုက်ဟာ လူသတ်သမားဆီမှာ သေနတ်ပါမှန်း သိလျက်ကြီးနဲ့ မလွတ်တမ်းပြေးလိုက်ကြပြီး ခဲနဲ့ပါထိမှန်အောင် ပစ်ဖမ်းနိုင်ခဲ့တာမို့ ကျွန်တော့်အ နေနဲ့တော့ ဒီဖြစ်စဉ်၊ ဒီမြင်ကွင်း တစ်ခုလုံးကို အကြောင်းပြုပြီး အိုင်းစတိုင်းပြောခဲ့တဲ့ စကားတစ်ခွန်း ကိုသာ ကောက်ကာငင်ကာ သတိရမိပါတယ်။ အဲဒါက ‘‘ဒီကမ္ဘာလောကကြီးဟာ လူဆိုးလူမိုက်တွေကြောင့် ပျက်စီးသွားမှာထက် အဲဒီဆိုးယုတ်မှုတွေကို လျစ်လျူရှုထားသူတွေကြောင့်သာ ပျက်စီးရနိုင်တာပါ’’ဟု ဆိုတာပေါ့။

အေးလေ ... ဒါကြောင့် လည်း သိပ်မကြာသေးခင်က အိမ်အကူနှိပ်စက်ခံရမှုကို ဖော်ထုတ် ခဲ့တဲ့ သတင်းထောက်ကိုဆွေဝင်း နဲ့ သွားလေသူ မုံရွာက ကိုစိုးမိုး ထွန်းတို့လို၊ ဥသျှစ်ပင်ကကိုရာဇာ ဟိန်းတို့လို၊ အခုလည်း အသက် ပင်သေပေမယ့် လူမျိုး၊ ဘာသာကွဲပြားခြင်းမရှိ၊ ပြည်သူလူထုတစ် ရပ်လုံးရဲ့ ဂုဏ်တင်အသိအမှတ် ပြုမှုတွေကို အူလှိုက်သည်းလှိုက် ရရှိလိုက်တာဖြစ်တဲ့အလျောက် ရေဝေးသုသာန်မှာ ကျွန်တော်မျက် ၀ါးထင်ထင်မြင်ခဲ့ရတဲ့ မြန်မာ-အစ္စလာမ်လူငယ်ဖောင်ဒေးရှင်း (MIYE) အဖွဲ့ကတော့ ‘အညတရ သူရဲကောင်း ပြည်သူ့သားကောင်း ဦးနေ၀င်းကောင်းရာ သုဂတိလား ပါစေ’တဲ့။ ကုန်ကုန်ပြောကြစို့ဆို ရင် ဦးကိုနီအတွက်ရော ကိုနေ၀င်းအတွက်ပါပေးပို့လာတဲ့ လွမ်းသူ့ပန်းခွေနဲ့ ဂုဏ်ပြုပန်းခြင်းတွေအ သီးသီးမှာ လူမျိုး၊ ဘာသာမကွဲပြားဘဲ တစ်သားတည်းရေးထိုးထားတဲ့ အမည်နာမတွေကို ကြည့်ရုံနဲ့တင်ဒါဟာအရှုံးထဲကရလိုက်တဲ့ အမြတ်တွေပဲ ဖြစ်လိမ့်မယ်ဆိုတာကျွန်တော်မမှိတ်မသုန် ယုံကြည် မိပါတယ်။

သို့ဖြစ်လင့်ကစား ဒီနေရာ မှာတစ်ခုတော့ ပြောစရာရှိနေတာ က အဲဒီလိုအမြော်အမြင်နဲ့ ဆင် ခြင်တုံတရား ပြည့်ဝသူတွေက ကြောင်းကျိုးနဲ့အညီ အမှန်ကို မြင်နိုင်ခဲ့ကြပေမယ့် ခါးသီးဖွယ်အ တိတ်သင်ခန်းစာတွေကို နာယူရ ကောင်းမှန်းမသိဘဲ ဆက်လက် မိုက်တွင်းနက်ချင်နေကြတဲ့ လူ တစ်စုကြောင့် စိတ်ပျက်ဝမ်းနည်း မိတာပဲ ဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မကြာသေးမီနှစ်တွေ အတောအတွင်း အစဉ်အဆက်က အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ နိုင်ငံသားတွေ အချင်းချင်း အမှိုက်ကစ ပြာသာဒ်မီးလောင်ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေပေါ် ပေါက်ခဲ့ဖူးတာဟာ နောက်ကွယ် က သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လည်း လက်ခံသုံးသပ်ထားခဲ့ပြီးပါပြီ။

ဒီကြားထဲက အခုတစ်ခါမှာ လည်း ‘အသိခေါက်ခက်အ၀င် နက်’၊ ‘ဆွမ်းဆန်ထဲကြွက်ချေး ရော’ဆိုတာတွေလို တိုင်းပြည် အေးချမ်းတည်ငြိမ်ရေးနဲ့ ဒီမိုက ရေစီပန်းတိုင် အမြန်ရောက်ရေး ရည်မှန်းချက်တွေကို မနာလို မရှုဆိတ်နိုင်သူတွေက နည်းမျိုးစုံသုံးပြီး နှောင့်ယှက်သွေးထိုးမြဲ သွေးထိုး နေကြဆဲဖြစ်သလို ထစ်ခနဲဟေ့ဆိုတိုင်းနားယောင်ယုံလွယ်မှုတွေနဲ့ အတူ တလွဲဆံပင်ကောင်းချင်ကြ တဲ့ အရိပ်အယောင်မျိုးတချို့ကို လည်း ရတက်မအေးစွာတွေ့မြင် ကြားသိနေရသေးလို့ပါ။

တကယ်ဆို မိမိတို့အားလုံး မှီတင်းနေထိုင်ရာ ပြည်ထောင်စု ကြီး ငြိမ်းချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေဖို့ဆိုရင် ပြည်ထောင်စုအတွင်းက တိုင်း ရင်းသားလူမျိုးတိုင်း၊ မတူကွဲပြား စွာ တည်ရှိနေတဲ့ ကိုးကွယ်ရာဘာ သာဝင်တိုင်းနဲ့ နိမ့်မြင့်မညီတဲ့ လူတန်းစား ပြည်သူတိုင်းက အသိတရားရှိရှိ ၀ိုင်းဝန်းကြိုးပမ်း ရွက်ဆောင်သွားရမှာဖြစ်သလို အဖျက်အမှောင့် အန္တရာယ်မှန်သ မျှကိုလည်း အတူတကွလက်တွဲ ပြီး တွန်းလှန်ကာကွယ်သွားသင့် ကြမယ် ထင်ပါတယ်။ ခက်တာ က ပန်းတိုင်ရောက်ဖို့အဝေးကြီး လိုနေသေးတဲ့ မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းတစ်လျှောက် အရင်က ရော အခုမျက်မှောက်မှာပါ အ နှောင့်အယှက်၊ အတားအဆီးတွေ ကြုံခဲ့ရဖူးပြီးဖြစ်သလောက် နောင်မှာလည်း အနည်းနဲ့အများဆိုသ လို ထပ်မံကြုံတွေ့ရနိုင်သေးတယ် ဆိုတာ အများစုမှန်းဆမိကြမှာပါ။

ဘယ်လိုပဲဖြစ်ပါစေ ဒါ ကြောင့်လည်း ဟိုတစ်နေ့က အသုဘအခမ်းအနားမှာ ကျွန်တော်မြင် တွေ့ခဲ့ရတဲ့ ‘ငါတို့အားလုံးဦးကိုနီ များဖြစ်သည်’ ဆိုတဲ့အနက်ရောင် တီရှပ်တွေပေါ်က စာတန်းဟာ ကျွန်တော်တို့ပြည်သူတွေချင်း ဘာတွေဘယ်လိုကွဲကွဲ ဘ၀တူ၊ ကြမ္မာတူ၊ ရည်မှန်းချက်တူ နိုင်ငံ သားတိုင်းအဖို့ သွေးစည်းချစ် ကြည်ရေး ပဋိညာဉ်သဖွယ် ဖြစ်နေ နိုင်သလို တကယ်လို့ ဆူးငြှောင့် ရန်စွယ်တွေ ကြုံလာရမယ်ဆိုရင် လည်း ‘အညတရသူရဲကောင်း ကိုနေ၀င်း’တို့လို အငှားယာဉ်မောင်းတွေ ရဲ့ တာဝန်သိစိတ်ဓာတ်မျိုးနဲ့ လက်တွဲရင်ဆိုင်သွားကြလိမ့်မယ် ဆိုတာ လေးနက်စွာကျွန်တော်ယုံ ကြည်မျှော်လင့်မိကြောင်းပါ ။ ။
7Day News Journal


မေး-ဆရာဦးကိုနီရဲ့အမှတ်လက္ခဏာဟာ အခြေခံဥပဒေ ပြင်/ဖျက် သိမ်းရေးဖြစ် တယ်။ ဒါကြောင့် ပြည်သူအများစုက ဒီလုပ် ကြံမှုဟာ အဲဒီအမှတ် လက္ခဏာပေါ်မှာအခြေခံတယ်လို့ ယူဆ ကြတယ်။ မိသားစုဝင်တွေ အနေနဲ့ကရော ဘယ်လိုနားလည် ပါသလဲ။

ဖြေ-အမှန်အတိုင်းပြောရရင်အဖေ့ရဲ့ (Professional) နဲ့ ကျွန်မရဲ့ (Professional)နဲ့မတူတာရယ်။ ကျွန်မကိုယ်တိုင် ကလည်းနိုင်ငံ ရေး ကို အရမ်းကြီး(Interest)မဖြစ်တာရယ်၊ ဒါကြောင့် ကျွန်မ သိပ်ပြီးတော့ (Comment) မပေးလိုဘူးပေါ့နော်။ ဘာအကြောင်း ကြောင့်ဖြစ် ရတယ်ဆိုတာလည်း ခုနကပြောသလို ကွင်းဆက် တွေမိတဲ့အခါ မှာ ရေရေရာရာပေါ်လာပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မစိတ်ထဲမှာ ဒီနေ့ဒီအချိန်အထိ ဘာသံသယ မှထည့်မထားဘူး။ ဘာသံသယမှ မရှိဘူး။ ဘယ်သူ့ကို မှလည်း သံသယမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့။ အဲဒီလိုပြောလို့ ဒါဟာ ဒီလိုပဲဖြစ်ရ မယ်လို့ပြောရ မယ်လို့ ပြောချင်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မပြောချင် တာက သံသယဆိုတာ အင်မတန်ကြီးတဲ့ အနှောင့် အယှက်ကို ပေးတတ်တယ်ဆိုတော့ ဘယ်သူ့ကိုမှ သံသယမဖြစ်ပါနဲ့။ လုပ် တဲ့သူ ပေါ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ဘာကြောင့်ဖြစ် တယ်ဆိုတာလည်း ကွင်းကွင်းကွက်ကွက်ကြီး သူ့ဟာသူပေါ် လာပါလိမ့်မယ်။ အဲဒီအခါကျမှ ကျွန်မတို့ဆက်ပြီး ကြည့်ရမှာ ပေါ့နော်။ အခုအခြေအနေမှာတော့ ဘာကြောင့်တို့ ဘယ်သူက လုပ်တယ် လို့ပြော လိုက် ရင် မှားနိုင်ပါတယ်။ မဟုတ်ခဲ့ရင်လည်း မကောင်းပါဘူး၊ ဒီကိစ္စက။

မေး-ဖေဖော်ဝါရီ ၃ ရက်နေ့က သမ္မတရုံးက လုပ်ကြံတဲ့သူကို ခိုင်းခဲ့တဲ့သူကို ဖမ်းမိတယ်လို့မကြေညာခင်မှာ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက ဒီအမှုအပေါ်မှာရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်ချက်တွေဟာ အင်မတန်နှေးကွေးတယ်။ အချိန်ကြာ လာတာနဲ့အမျှ အမှုမှန်ပေါ်ပေါက်ရေးကိုထိခိုက်လာနိုင်တယ်လို့ ပြောသွားတယ်။ မိသားစုဝင်တွေအနေနဲ့ရော ဘာပြောချင်ပါသလဲ။

ဖြေ-ခုနက ကျွန်မပြောသလိုပါပဲ။ သူတို့လည်း သူတို့မှာ အကြောင်း ပြ ချက်တွေ ရှိကြပါလိမ့်မယ်။ မိသားစုအနေနဲ့ကတော့ အမှု မှန် ပေါ်စေချင် တာပေါ့။ မြန်မြန်ဆန်ဆန်လည်းဖြစ်စေ ချင်တာပေါ့။ တရားမျှတမှုလည်း ရှိစေချင်တာပေါ့။ ဒါကတော့ ဘယ်မိသား စုဝင်မဆို မေးရင်ဒီလိုပဲဖြစ်မှာပါ။ ဒါက ကျွန်မတို့ ဘက်ကဆန္ဒပေါ့။ သူတို့ဘက်ကလည်း လုပ်ပေးနိုင်တဲ့ အကန့် အသတ်၊ သူတို့ရဲ့အနေအထားတွေရှိပါလိမ့်မယ်။ ကျွန်မတို့ မမြင်နိုင်တဲ့ အခက်အခဲဆိုတာရှိတယ်လေ။ ကိုယ်မကျွမ်း ကျင်တဲ့ကိစ္စကိုတော့ ကျွန်မ မဝေဖန်တာအမှန်ပဲ။ နှေးနေတယ် လို့ပြောရမယ်ဆိုရင်လည်း ကျွန်မကိုယ်တိုင်သေသေချာချာနား မလည်တော့လေ။ ဘာကြောင့်နှေးနေ ရပါတယ်ဆိုတဲ့ သူတို့မှာ ခိုင်လုံတဲ့အကြောင်းပြချက် ရှိတယ်ဆိုရင်တော့ ဒီကိစ္စဖြစ်ချင် ဖြစ်မှာပေါ့။ အချိန်တန်ရင်တော့ အမှန်တရားဆိုတာ သူ့ဘာသာသူပေါ်လာပါလိမ့်မယ်။ ကျွန်မက အဲဒီဟာတစ်ခုတော့ (Request) လုပ်တာပါ။ အမှန်တရားတော့ ပေါ်အောင်လုပ်ပေး ပါ။ အဖေဟာ အမှန်တရားလေးတော့ ရသင့်ပါတယ်။ ဒါလေး ပါပဲ။ မိသားစုဝင်တွေ က တောင်း ဆိုတာလည်းဒါပါပဲ။ အမှန် တရားလေးတော့ ကြိုးစားပြီး ဖော် ထုတ်ပေးကြပါ။ လိုအပ် သလိုဆောင်ရွက်ကြ ပါပေါ့နော်။ ဆောင်ရွက်နေ တဲ့အပေါ်မှာ လည်း ကျွန်မတို့က ကြိုးစားပမ်းစားဆောင်ရွက်ပေးကြတဲ့ သူတွေဆိုရင် ကျေးဇူး တင်ပါတယ်။

မေး-ဒီလိုမျိုးအကြမ်းဖက်လုပ်ကြံမှုနဲ့ပတ်သက်ပြီး မိသားစု အနေနဲ့ ဘာပြောလိုပါသလဲ။

ဖြေ-ကျွန်မကတော့ ဘယ်သူ့ဘယ်သူကိုမှ အကြမ်းဖက်တာ မကြိုက်ဘူး။ ကျွန်မရဲ့စိတ်ရင်းအမှန်ပဲ။ ကိုယ့်အဖေမှ မဟုတ် ဘူး။ အကြမ်းဖက်သော နည်းကို ဘယ်တုန်းကမှ မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်တယ် ဆိုတာ မကောင်းဘူး လို့ လူတိုင်းသိပြီး လူတိုင်းလက်ခံထား တဲ့အနေအထား ပါပဲ။ အကြမ်းဖက်လို့ ဘယ်ဟာကမှ အကောင်းဖြစ်မလာနိုင် ဘူး။ ပစ္စည်း တစ်ခုတောင် အေးအေးဆေးဆေး ယူရင်ပစ္စည်းအကောင်းရ တယ်။ လုယူရင် ပျက်တတ်တယ်။ အကြမ်းဖက်တယ် ဆိုတာ ကလေးနှစ်ယောက်ဆိုရင်တောင် ပစ္စည်းတစ်ခုကိုလုယက်ပြီး ယူကြရင် သူ တစ်ပိုင်းကိုယ်တစ်ပိုင်းပဲရမှာပေါ့။ တစ်ဝက်စီပဲ ရမှာပေါ့။ တစ်ခုလိုချင်ရင်တော့ တောင်းပြီးချော့ပြီး ယူမှရမှာ ပေါ့။ ဖြည်းဖြည်းသက်သာနဲ့ ညင်သာတဲ့နည်းလမ်း၊ စကားပြော ဆိုပြီးတော့ ကောင်းမွန်တဲ့နည်းလမ်း၊ ပညာရှိဆန်တဲ့နည်းလမ်း က ဘယ်အရာအတွက်မဆို ကောင်းပါတယ်။ ဘာသာတရား တိုင်းလည်း ကြိုက်နှစ်သက်ပါတယ်။ ရဟန်းရှင်လူပြည်သူအား လုံးနှစ်သက်တဲ့ နည်းလမ်းက အေးချမ်းတဲ့နည်းလမ်းပါ။ ဒါက တော့ ကျွန်မရဲ့ကိုယ်ပိုင်အမြင်ပါ။

မေး-ဒီအမှုနဲ့ပတ်သက်ပြီးတော့ နောက်ထပ်ဘာများပြောလိုပါ သလဲ။

ဖြေ-အဖေကတော့ ကျွန်မပြောခဲ့သလိုပါပဲ သူလုပ်စရာရှိတာ လုပ်တယ်။ သူသေထိုက်လို့သေသွားတယ်ပေါ့။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ပဲ သေသွားတယ်ပေါ့။ အဖေ့အတွက် ကျွန်မ ဂုဏ်ယူပါတယ်။ သူလုပ်ချင်တာ တစ်ခုကို သူဆုံးခန်းတိုင် တဲ့အထိ သူ့အသက်ရှင်နေသရွေ့အ ထိ နောက်ဆုံး သူလုပ်သွား ခဲ့တယ်ပေါ့နော်။ လူဆိုတာက အဖေပြောသလို အသက်က တစ်ချောင်းပဲပါတယ်။ အပိုမပါပါဘူးတဲ့။ တစ်သက်မှာ တစ်ခါ ပဲသေရမယ်။ အဲဒီတော့ ဂုဏ်ရှိစွာနဲ့သေချင်တယ်ပေါ့နော်။ သူပြောတဲ့အတိုင်းလေးပဲ သူဟာသိက္ခာရှိရှိလေးပဲသေဆုံးရတာ ဖြစ်တဲ့အတွက် ကျွန်မက ဂုဏ်ယူပါတယ်။ သူ့လိုသတ္တိမျိုးလည်း ကျွန်မတို့မှာမရှိတော့ ကိုယ့်အဖေဟာ ဒီလောက်သတ္တိရှိတယ် ဆိုတော့ ကျွန်မ ဂုဏ်ယူပါတယ်။

#Democracytoday

သမ္မတ Trump 
သမ္မတ Trump 

အမေရိကန်ပြည်ထောင်စု အနေနဲ့ တခုခု ဘေးအန္တရာယ် ကြုံခဲ့ရရင် သူထုတ်ပြန်တဲ့ မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လာမယ့်သူတွေကို ပြည်ဝင်ခွင့် တားမြစ်တဲ့ အမိန့် အထ မမြောက်အောင် ဟန့်တားခဲ့တဲ့ တရားသူကြီးကို အပြစ်တင်ကြဖို့ အမေရိကန်ပြည်သူတွေကို သမ္မတ Trump က ပြောဆိုလိုက်ပါတယ်။

တိုင်းပြည် အကြီးအကျယ် အန္တရာယ်ရောက်အောင် တရားသူကြီးတယောက်က လုပ်တာကို သူ မယုံနိုင်လောက်အောင် ဖြစ်မိတယ်လို့ Donald Trump ကသူအမြဲသုံးနေကျ Twitter လူမှုကွန်ယက်ကနေ ရေးသားထုတ်ပြန်ခဲ့တာပါ။ အီရတ်၊ အီရန်၊ လစ်ဗျား စတဲ့ မွတ်ဆလင်အများစု နေထိုင်တဲ့ နိုင်ငံတွေက လာမယ့်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ သမ္မတ Donald Trump ရဲ့ အုပ်ချုပ်ရေးအမိန့်အထ မမြောက်အောင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ်က တရားသူကြီး James Robert က ပြီးခဲ့တဲ့အပတ်ထဲမှာ ယာယီ ဟန့်တားခဲ့တာဖြစ်ပါတယ်။

ဒီလို ဟန့်တားတဲ့ အမိန့်ကို ပြန်ပြီး အတည်ဖြစ်အောင် သမ္မတ Trumpအစိုးရက တောင်းဆိုပေမယ့် San Francisco မှာရှိတဲ့ အယူခံတရားရုံးက တနင်္ဂနွေနေ့က ပယ်ချခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲကို ၀င်ရောက်လာသူတွေကို အသေအချာ စိစစ်ဖို့ အမိမြေလုံခြုံရေးဌာနကို သူ ညွန်ကြားထားတဲ့ အကြောင်း သမတ Donald Trump က Twitter လူမှုကွန်ယက် မှာ ရေးသားခဲ့ပြီး တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် အလုပ်လုပ်ကိုင်ရတာ ခက်ခဲတယ်လို့ ဝေဖန်ထားပါတယ်။
VOA Burmese News



ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ည မေးပါရစေဦး အစီအစဉ်မှာ လုပ်ကြံခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အကြောင်း သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပြကြမှာ ဖြစ်ပါတယ်။

ပင်တိုင်ပြောမယ့်သူတွေက လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင် တို့ဖြစ်ပါတယ်။

မေးမြန်းလိုသူ ပါဝင်ဆွေးနွေးလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉ ၄၅၃၆၄၄၀၂၅၊ ၀၉ ၄၅၃၆ ၄၄၀၂၆ တို့ကို ဆက်သွယ်နိုင်ပါတယ်။
RFA

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး (myanmar state counsellor office)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး (myanmar state counsellor office)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယအကြိမ်ကို ဒီလ ၂၈ရက်နေ့မှာ စတင်ဖို့ လျာထားကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒီအစည်းအဝေးအဖွင့်မှာ UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ ငြိမ်းချမ်းရေးအတွက် တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့ အဆင့်မျိုးကို ဖြစ်စေချင်ကြောင်း ထည့်သွင်းပြောကြားခဲ့သလို လာမယ့် ၂၁ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့အတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု့ ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်က သင်္ဂဟ ဟိုတယ်မှာ မနက် ၁၀နာရီကနေ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ ဒီအစည်းအဝေးပြီးလို့ရှိရှိရင် အခု အစည်းအဝေးစတဲ့ အချိန်နဲ့ အစည်းအဝေးပြီးသွားတဲ့ အချိန်တွေကြားထဲမှာ ကျွန်မတို့က ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဖြစ်စေမယ့် ခြေလှမ်းတချို့ကိုတိတိကျကျ ပြတ်ပြတ်သားသား လှမ်းဖို့ ဆုံးဖြတ်ချက်တွေ ချပြီဆိုတဲ့ အဆင့်မျိုးကို ဖြစ်စေချင်ပါတယ်။ အားလုံးကိုလည်း ဒီအတိုင်းပဲ ဒီလိုစိတ်ဓာတ်နဲ့ ဒီအစည်းအဝေးကို ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြမယ်လို့ ကျွန်မက မျှော်လင့်ပါတယ်။”

လာမယ့် ညီလာခံမှာ တက်ရောက်သူတွေအနေနဲ့ မိမိက ရယူဖို့ထက် ပေးဆပ်ဖို့လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံတိုက်တွန်းထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ UPDJC အစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကို ဒီလ ၂၈ရက်နေ့မှာ ကျင်းပဖို့ လျာထားကြောင်းလည်း ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ရာထားတာပေါ့ ဦးတည်ထားတာပေါ့ ၊ Deadline သဘောမျိုးလုပ်ထားတာကတော့ ၂၈ လုပ်ပါတယ်၊ ဒါပေမယ့် အတည်တော့မဟုတ်ပါဘူး၊ Target တော့ထားတာ ပိုကောင်းတယ်ဆိုပြီးတော့ ထားတာ့ပေါ့နော်။”

ဒီလကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ညီလာခံမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်မှာ မဟုတ်သလို နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်ဖို့လည်း ဆွေးနွေးခဲ့ကြောင်းဗိုလ်မှုးကြီး ခွန်ဥက္ကာက အခုလို ဆက်ပြောပါတယ်။

“အခုကျနော်တို့က ဦးသိန်းစိန်ခေတ်တုန်းက မူဘောင်အတိုင်းပဲ၊ NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေကတော့ မပါသေးဘူး၊ ဒီတခါတော့ လေ့လာသူအဖြစ်လည်း ဘယ်သူမှကို မဖိတ်တော့ဘူး။ အဲလိုပဲ ပထမအကြိမ်တုန်းကတော့ ကျနော်တို့က တက်ရောက်သူများလို့ခေါ်တာ ဘယ်သူလာလာ တက်ရောက်သူများပဲ၊ ကိုယ်စားလှယ်မဟုတ်ဘူး။ အခုကတော့ ကိုယ်စားလှယ်ဖြစ်မှ ရမယ် ၊ ကိုယ်စားပြုဖြစ်ရမယ် Mandate ရှိရမယ်။ ဟိုတုန်းကတော့ open to all လုပ်လိုက်တာပါ။ လာမယ့် အစည်းအဝေးမှာလည်း ခေါင်းစဉ် ၅ ခု ၊ အစုအဖွဲ့ ၅ ခု အပြန်လှန်ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ ညီလာခံ ဖြစ်မယ် ဒီတခါတော့ အရင်တခါကတော့ အဆုံးအဖြတ်မရှိဘူး၊ ဒီအတိုင်းပြောလိုက်တာ။ အခုညီလာခံကျတော့ နိုင်ငံရေးဆုံးဖြတ်ချက်ဖြစ်အောင်လုပ်မယ်ပေါ့ဗျာ အဲဒါ နည်းနည်းကွာတယ်။”

ညီလာခံမှာ တက်ရောက်ခွင့်မရဘဲ ကျန်ရှိနေတဲ့ အဖွဲ့တွေကို NCA လက်မှတ်ရေးထိုးရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့နဲ့ လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ၆လ တကြိမ်ကျင်းပမယ့် ညီလာခံမှာ ပါဝင်နိုင်ဖို့ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။

ဒီကနေ့ကျင်းပတဲ့အစည်းအဝေးဟာ ညနေ ၄နာရီခွဲကျော်မှာ ပြီးဆုံးခဲ့ပါတယ်။ အစည်းအဝေး နိုင်ငံရေးပါတီ၊ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တပ်မတော် အစိုးရ လွှတ်တော်တွေက ကိုယ်စားလှယ် ၄၀ကျော် တက်ရောက်ခဲ့ပါတယ်။

၂၀၁၆ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ပထမအကြိမ် ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ် ဇန်န၀ါရီလမှာ သမ္မတဦးသိန်းစိန် တာဝန်ယူချိန်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအမည်နဲ့ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
VOA Burmese News


မောင်တောဘုန်းကြီးကျောင်းတခုမှ စိတ်ကြွဆေးနဲ့လက်နက်ဖမ်းမိ (MOI)
မောင်တောဘုန်းကြီးကျောင်းတခုမှ စိတ်ကြွဆေးနဲ့လက်နက်ဖမ်းမိ (MOI)
မောင်တောမြို့နယ်တွင်းက ဘုန်းကြီးကျောင်းတိုက်တခုမှာ WY စာသားပါ စိတ်ကြွဆေးပြားအများအပြားနဲ့ လက်နက်ခဲယမ်းအချို့ လက်နက်ခဲယမ်းအချို့ကို မနေ့ ဖေဖ၀ါရီလ ၅ ရက်နေ့က အာဏာပိုင်တွေက သိမ်းဆည်းရမိပါတယ်။ ဒေသတွင်းကနေ တဖက်နိုင်ငံကို တရားမ၀င်မူးယစ်ဆေးဝါးတင်ပို့ရောင်းချမှုတွေ မြင့်တက်လာတာကြောင့်၊ နေပြည်တော်ဖက်က အထူးတပ်ဖွဲ့တွေကိုယ်တိုင်ဆင်းပြီး တရားမ၀င်မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေ ဆောင်ရွက်နေရပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ မကြာခဏဆိုသလို မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရရှိမှုတွေ ရှိနေပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ မောင်တောဒေသတွင်းက ရွှေဗဟို ဘုန်းတော်ကြီးကျောင်းတိုက်မှာ WY စာသားပါ စိတ်ကြွဆေးပြား ၄၂ သိန်းကျော်ကို ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။ မောင်တောမြို့တွင်းကို အဲဒီ့ကျောင်းက ကျောင်းထိုင်ဆရာတော် စီးနင်းလိုက်ပါလာတဲ့ ကားကို ဗောဓိကုန်း စစ်ဆေးရေး ဂိတ်မှာ စစ်ဆေးရာကနေ ကားပေါ်မှာ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တာဖြစ်တာပါ။ အဲဒီ့ကနေတစ်ဆင့် ရွှေဗဟိုကျောင်းတွင်း သွားရောက်စစ်ဆေးတဲ့အခါမှာ အခုလိုမျိုး စိတ်ကြွဆေးပြား အများအပြား ဖမ်းစီးရမိတာဖြစ်တယ်လို့ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးကျော်မြ၀င်းက အခုလို ပြောပါတယ်။

“ဗောဓိကုန်းစစ်ဆေးရေးဂိတ်နားမှာ ကားနဲ့ မောင်တောဘက်ကို ၀င်လာတာပေါ့လေ အဲဒီမှာတွေ့တယ်။ နောက် ရှာရင်းမေးရင်းနဲ့ ရွှေဗဟိုကျောင်းကို စစ်ဆေးပုံရတယ်ခင်ဗျ။ ကားမှာက ပမထ နောက် ကျောင်းကိုရှာတာပေါ့နော်။ ကားမှာတော့ ၄ သိန်းလို့ကြားတယ်ခင်ဗျ ၊ ၄ သိန်းခန့်ပေါ့နော်။ နောက်ကျောင်းမှာကျတော့ အားလုံးပေါင်း ၄၂ သိန်းနဲ့ ၄ သောင်းတွေ့ရတယ်။”

ရခိုင်ပြည်နယ်တွင်း မူးယစ်ဆေးဝါး နှိမ်နင်းတိုက်ဖျက်ဖို့အတွက် မေယု အထူးစစ်ဆေးရေးလို့ခေါ်တဲ့ နေပြည်တော်က အထူးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဆောင်ရွက်နေတာဖြစ်ပြီး ရခိုင်ဒေသတွင်းက ရဲတပ်ဖွဲ့ဝင်တွေ မပါဝင်ပါဘူး။ လက်ရှိဖြစ်စဉ်နဲ့ ပတ်သတ်လို့ကတော့ စိတ်ကြွဆေးပြားတွေနဲ့အတူ တွေ့ရှိခဲ့တဲ့ ကျောင်းထိုင်ဆရာတော်နဲ ကိုရင်တစ်ပါးတို့ကို ဖမ်းစီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။ အခုလို စိတ်ကြွဆေးဝါး ၄၂ သိန်းကျော် ဖမ်းစီးရရှိခဲ့တဲ့ မောင်တောမြို့နယ်တွင်းက ရွှေဗဟို ဘုန်းတော်ကြီးကျောင်းနဲ့ ပတ်သတ်လို့ ဒေသခံတစ်ဦးလည်းဖြစ် မောင်တောဒေသ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ ဦးခင်မောင်သန်း အခုလိုပြောပါတယ်။

“ဘုန်းကြီးကျောင်းကလည်း မြို့ထဲမှာ မဟုတ်ဘူး ကျနော်တို့မြို့နဲ့ ၅ မိုင်လောင်ဝေးတဲ့နေရာမှာ ဘုန်းကြီးကျောင်းကတော့ ပုံမှန်ပါပဲ ၊ အဲဒီမှာ သိပ်ထူးခြားမှုတော့ မတွေ့ရဘူး ကျနော်တို့မြို့ပေါ်မှာလေ။ အဲဒီ ဘုန်းကြီးကျောင်းက အသိုင်းအ၀ိုင်းတွေတော့ ကျနော်တို့ ခန့်မှန်းလို့မရဘူး။ လူဝင်အထွက်လည်း အဲဒီမှာ သိပ်မရှိပါဘူး ကျနော်တို့ ရွှေဗဟိုကျေးရွာမှာ အဲဒီမှာ ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းပေါ့နော်။”

နယ်စပ်ဒေသဖြစ်တဲ့ မောင်တောဒေသမှာ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားအများအပြားကို အခုနောက်ပိုင်း မကြာခဏဆိုသလို ဖမ်းဆီးရရှိနေတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ဒီဒေသကနေတစ်ဆင့် တစ်ဖက်နိုင်ငံကို တင်ပို့ရောင်းချတာဖြစ်တာကြောင့် အခုလိုမျိုးဖြစ်စဉ်တွေ ဖြစ်နေတာလို့ ဦးခင်မောင်သန်းက ယူဆပါတယ်။

“ကျနော်တို့အထင်တော့ ဒီမှုးယစ်ဆေးဝါးက ကျနော်တို့ ဒီဘက်ကနေတဆင့် ဘင်္ဂလားဒေ့်နိုင်ငံကိုသွားတယ်။ လမ်းက ဒီတလမ်းပဲ ရှိတယ်ကျနော်တို့ မောင်တောလမ်းရယ်၊ နောက်ပြီး ရေကြောင်းကနေ စစ်တွေ- ဘင်္ဂလား ရှိမယ်။ အဲဒီတော့ လမ်းက ၁ လမ်း ပဲရှိတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့အတွင်းမှာလည်း မေယုစစ်ဆင်ရေးအရ မောင်တောဒေသမှာ WY ဆေးပြား ၄ သိန်းနီးပါး ဖမ်းဆီးရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
VOA Burmese News


တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု နဲ့ ပတ်သတ်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အောင်ဝင်းဇော်ကို ချုပ်ရမန်ယူဖို့ဖေဖော်ဝါရီ ၆ရက်နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်ချိန်က မနက်အစောပိုင်း ကတည်းကဖြစ်တယ်လို့ မင်္ဂလာဒုံတရားရုံးက သိရပေမယ့် အချိန်အတိအကျကို ပြောခွင့်မရှိဘူးလို့ တရားရုံးဝန်ထမ်းတစ်ဦးက 5Plus ကိုပြောပါတယ်။

 အောင်ဝင်းဇော်ရဲ့ရုံးထုတ်ရမန်ယူတဲ့ သတင်းကို ရယူဖို့ သတင်းမီဒီယာတွေ အများစု လာရောက်စောင့်ဆိုင်းခဲ့ပေမယ့် အောင်ဝင်းဇော် ကို တရားရုံးထုတ်လာတာမတွေ့ခဲ့ရဘူးလို့ သတင်းသမားများကပြောပါတယ်။

 တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ပစ်ခတ်ခဲ့တဲ့ ကြည်လင်းရဲ့ စစ်ဆေး ထွက်ဆိုချက်တွေအရ ပြစ်မှုကျူးလွန်ရာမှာပူးပေါင်းပါဝင်ခဲ့သူ အောင်ဝင်းဇော်ကို ဇန်န၀ါရီလ၃၀ရက်နံနက်ပိုင်းက ကရင်ပြည်နယ် သံလွင်တံတား(ဘားအံ) မှာဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးကသတင်းထုတ်ပြန်ထားပါတယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးတရား လွှတ်တော်ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံလေ့လာရေးခရီးကအပြန် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဇန်န၀ါရီလ၂၉ရက်ညနေပိုင်းက သေနတ်နဲ့ပစ်ခတ်လုပ်ကြံ ခံခဲ့ရတာပဲဖြစ်ပါတယ်။

သတင်းထောက် - ခိုင်ဇင်သွယ် (5 PLUS NEWS)
5 Plus News
https://www.facebook.com/5plusnews/



JMC-U ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဆွေးနွေးပြောကြားစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

    မကြာခင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း JMC-U (ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က JMC-U ၏ နဝမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “JMC-U   အနေနဲ့ အဓိက တာဝန်ကျတာကတော့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုတွေကို မဖြစ်ပွားဖို့အတွက် ဆောင်ကြဉ်းသွားဖို့လိုအပ်သလို ကျွန်တော်တို့တာဝန်ယူရတဲ့ နယ်မြေဒေသအတွင်းမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့  ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့်တော့ နယ်မြေဒေသတွေမှာ နှစ်ပေါင်း ၆၀ ကျော်ကြာပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီ့နေရာတွေမှာ မငြိမ်းချမ်းတဲ့ အနေအထားမျိုး ရှိကောင်းရှိနိုင်တယ်။ ဒါတွေကို ကျွန်တော်တို့က နှစ်ဖက်ညှိနှိုင်းပြီးတော့ မှ မြေမြှုပ်မိုင်းတွေ တူးဖော်တာ၊ နှစ်ဖက်ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားဖို့ လိုအပ်ပါတယ်။’’ ဟုပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ၏ န၀မအကြိမ် အစည်းအဝေးအား ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သည်။

JMC-U ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး ဆွေးနွေးပြောကြားစဉ် (ဆင်ဟွာ)
JMC-U နဝမအကြိမ်မြောက်အစည်းအဝေးကျင်းပသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)
JMC-U အစည်းအဝေးအား ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ၃ ရက်တာ ကျင်းပမည့် ထို အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် JMC နှစ်ပတ်လည်အစီရင်ခံစာအားတင်ပြခြင်း၊ JMC ၏ လေးလပတ် လုပ်ငန်းအစီအစဉ်အားတင်ပြခြင်း၊ JMC-U ၏ အဌမအကြိမ် နှင့် နဝမအကြိမ် အစည်းအဝေးကြားကာလ အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်များအား ဆွေးနွေးခြင်း၊ နယ်မြေသတ်မှတ်မှုကိစ္စအားဆွေးနွေးခြင်း၊ မိုင်းရှင်းလင်းရေး ကိစ္စအားဆွေးနွေးခြင်း တို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

JMC-U ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက “နယ်မြေသတ်မှတ်မှုအရသော်လည်းကောင်း၊ သဘောတရားယူဆမှု အရသော်လည်းကောင်း ဝိဝါဒ ကွဲပြားမှုလေးတွေ ရှိနေတာ အပေါ်မှာ သဘောထားကြီးကြီး စိတ်ရှည်ရှည်ထားပြီး ညှိနှိုင်းပူးတွဲပြီးတော့ အဖြေရှာ သွားဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ JMC-U   တာဝန်အတိုင်းပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ တိုက်ပွဲတွေ မဖြစ်အောင်ထိန်းသိမ်းသွားရမှာဖြစ်သလို ဖြစ်လာတဲ့ပဋိပက္ခတွေကိုလည်း ကျွန်တော်တို့ကလက်နက်ကိုင်  မဖြေရှင်းဘဲ ပူးတွဲပြီး ညှိနှိုင်းပြီး ဖြေရှင်းသွားဖို့ ဆက်လက်ကြိုးစားပြီး အကောင်အထည်ဖော်သွားဖို့ လိုပါတယ်’’ ဟုပြောကြားခဲ့သည်။

တစ်နှစ် သက်တမ်းသာ ရှိသေးသည့် JMC-U  အနေဖြင့်  လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများအား ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ တစ်နှစ်တာ ကာလ အတွင်း အဖွဲ့ဝင်အချင်းချင်း ပိုမိုသည့် ထိတွေ့ ရင်းနှီးမှုအား တည်ဆောက်နိုင်ခဲ့ကြောင်း၊  ယခုထက်ပိုမို၍ တိုးတက်ကောင်းမွန်အောင် စနစ်တကျ ရှိအောင် လုပ်ဆောင်သွားရန်လိုအပ်ကြောင်း JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးမောင်မောင်ငြိမ်းကဆိုသည်။

(Xinhua)
http://xinhuamyanmar.com



ပစ်သတ်သူကို ပါကစ္စတန် လုံခြုံရေးတွေက ဖမ်းဆီးခဲ့
ပါကစ္စတန် နိုင်ငံ တောင်ပိုင်း၊ ကရာချိမြို့က အာဖဂန် နစ္စတန် ကောင်စစ်ဝန်ရုံးမှာ အာဖဂန် သံတမန်တစ်ယောက် ပစ်သတ် ခံရတယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ သံတမန်က တတိယ အတွင်းဝန် Muhammad Zaki ဖြစ်တယ်လို့ ကောင်စစ်ဝန်ရုံး ပြောခွင့်ရသူက ပြောပါတယ်။

ပစ်သတ်တဲ့သူက အာဖဂန် လုံခြုံရေး ဝန်ထမ်းဖြစ်ပြီး သူဟာ သေဆုံးသူ သံတမန်ရဲ့ ကိုယ်ရေး အစောင့်အရှောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ နှစ်ယောက်အကြား အခြေအတင် အငြင်းအခုန် ဖြစ်ခဲ့ကြပြီးနောက် လုံခြုံရေး အစောင့်က ပစ်ခတ်ခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။ ဘာအတွက် အငြင်းအခုန် ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese



ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ (၉) ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့် ခွန်း ပြောကြားစဉ်။
    နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

    ယခု အစည်းအဝေးသည် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဖြစ်စေမည့် ခြေလှမ်း တချို့ကို တိတိ ကျကျ ပြတ်ပြတ် သားသား လှမ်းဖို့ ဆုံးဖြတ်ချက်များ ချပြီဟူသည့် အဆင့်မျိုး ဖြစ်စေလိုသည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့  နံနက်တွင် ကျင်းပသည့် UPDJC ၏ (၉) ကြိမ်မြောက် အစည်းအဝေး အဖွင့် မိန့် ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

“အခု ဒီအစည်းအဝေးထဲမှာဆိုရင် အင်မတန်မှ အရေးကြီးတဲ့ကိစ္စတွေ ဆက်ပြီးတော့ ဆွေးနွေးရ ပါလိမ့်မယ်။ ဆွေးနွေးတဲ့အခါမှာ အားလုံးက အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးပေးကြပါ လို့ ကျွန်မတို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ ဒီအစည်း အဝေးပြီးလို့ရှိရင် အခု အစည်းအဝေး စတဲ့ အချိန်နဲ့ အစည်းအဝေးပြီးသွားတဲ့ အချိန်တွေကြားထဲမှာ ကျွန်မတို့ကငြိမ်းချမ်းရေး အတွက် တိုးတက်မှုဖြစ်စေမယ့် ခြေလှမ်းတချို့ကို တိတိကျကျ ပြတ်ပြတ်သားသား လှမ်းဖို့ ဆုံးဖြတ် ချက်တွေ ချပြီဆိုတဲ့ အဆင့်မျိုးကို ဖြစ်စေချင်ပါတယ် ” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ (၉) ကြိမ်မြောက် အစည်း အဝေး ကျင်းပနေစဉ်။

 ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ (၉) ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့် ခွန်း ပြောကြားစဉ်။
ထို့ အပြင် ၄င်းက “ငါတို့ဘက်က ဒီကနေ ဘယ်လောက်လောက်ရအောင် ယူလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်လို့ မဖြစ်ပါဘူး။ အားလုံးကတော့ ယူချင်ကြတာပဲ။ ဒါပေမဲ့ ပထမ ပေးကြည့်ပါ။

ပေးကြည့်တော့မှ ပေးတဲ့အခါမှာ ပေးရကျိုး မနပ်ဘူးလား နပ်သလားဆိုတာ ကိုယ့်ဘာသာ ကိုယ် မြင်ရပါလိမ့်မယ်။ ကျွန်မတို့ရဲ့ အတွေ့အကြုံအရတော့ ပေးရကျိုးနပ်ပါတယ်။ တကယ် စေတနာနဲ့ ပေးလို့ရှိရင် ပေးရကျိုးနပ်ပါတယ်။ ကိုယ်တစ်ခုခုကို ပြန်လိုချင်လို့ ပေးရင်တော့ ကိုယ်မျှော်မှန်းသလို ဖြစ်ချင်မှ ဖြစ်မှာပေါ့။ အဲဒီလိုဆိုလို့ရှိရင် ပေးရကျိုး မနပ်ဘူးလို့ စိတ်ထဲမှာ ဖြစ်မှာပေါ့ ” ဟု ဆက်လက် ပြောကြားခဲ့သည်။

UPDJC သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဓိက ကျသည့် အဖွဲ့ အစည်း ဖြစ်ကြောင်း၊ နိုင်ငံ တည်ငြိမ်ရေး၊ တိုးတက်ရေးနှင့် ပြည်သူများ စိတ်လုံခြုံရေး၊ ကိုယ် လုံခြုံရေးတို့ အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အလွန် အရေးကြီးပါကြောင်း၊ ယခု အစည်းအဝေးသည် တစ်စုတစ်ဖွဲ့ တည်းအတွက် ပြုလုပ်နေခြင်း မဟုတ်ဘဲ၊ အစုအဖွဲ့ အားလုံးအတွက် ၊ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ကျွန်မတို့လုပ်နေတာဟာ တစ်စု တစ်ဖွဲ့အတွက် လုပ်နေတာမဟုတ်ပါဘူး။ ဒီမှာ အစုအဖွဲ့တွေ အများကြီး ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ရောက်နေပါတယ်။ ကျွန်မက ဒီမှာ လုပ်နေတာ ကျွန်မက NLD အတွက် လည်း လုပ်နေတာမဟုတ်ဘူး။ အစိုးရ အတွက်လည်း လုပ်နေတာ မဟုတ် ပါဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် ကျွန်မ လုပ်နေတာပါ ” ဟု ဆိုသည်။

ယနေ့  အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဖဒို စောကွယ်ထူးဝင်းနှင့် ဦးသုဝေတို့ ကလည်း အမှာစကားများ အသီးသီး ပြော ကြားခဲ့ ကြပြီး  UPDJC (၈) ကြိမ်မြောက် အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အပေါ် အကောင် အထည် ဖော်မှု အခြေအနေများကို ရှင်းလင်း တင်ပြခြင်း၊ အတွင်းရေးမှူးအဖွဲ့ ၏ ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြပြီး အတည်ပြုချက် ရယူခဲ့ကြကြောင်း၊ ဆက်လက်၍ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ ဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ဒုတိယ အစည်းအဝေး ကျင်းပရန် ရက် သတ်မှတ်ခြင်း၊ တက်ရောက်မည့် ကိုယ်စား လှယ်များနှင့် အခြေခံ မူများ ဖော်ထုတ်ရေး စသည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com


ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်နိုင်ဖို့ အခက်ခဲရှိနေတာဟာ နိုင်ငံပိုင်သတင်းစာတွေရှိနေခြင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ပြောပါတယ်။ နိုင်ငံပိုင် သတင်းစာတွေရှိနေလို့ ပုဂ္ဂလိကသတင်းစာတွေ ခက်ခဲ၊ တိမ်မြုပ် ပျောက်ကွယ်သွားနိုင်တဲ့အထိ စိုးရိမ်ပူပန်စရာ မရှိပါဘူးလို့လည်းဆိုပါတယ်။

 ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းရဲ့ မေးမြန်းမှုကိုပြန်လည်ဖြေကြားရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံပိုင်သတင်းစာထုတ်ဝေတာဟာ ပြည်သူတွေကို အစီရင်ခံဖို့ ထုတ်ဝေနေတာဖြစ်တယ်လို့ လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ လက်ရှိမှာအစိုးရက ထုတ်ဝေခွင့်ပြုထားတဲ့ ပုဂ္ဂလိက သတင်းစာပေါင်း (၃၉)စောင်ရှိနေပြီး အဲဒီသတင်းစာတွေဟာ ပြိုင်တူ ထွက်ရှိလာကြတာကြောင့် ဈေးကွက်သဘောတရားအရခက်ခဲတွေရှိနေရတာကို နားလည်တယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် အများပြည်သူနှစ်သက်လက်ခံတဲ့ သတင်းစာတွေကတော့ ဆက်လက်ရှင်သန်လာမှာဖြစ်တယ်လို့ပြောပါတယ်။

 ဒီကနေ့အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က တိုင်းရင်းသားနှင့် ပုဂ္ဂလိက သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်က မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် နိုင်ငံပိုင်သတင်းစာများသည် ပြည်သူ့ကိုယ်စားပြု သတင်းစာများအဖြစ် ရောက်ရှိနိုင်ရန် မည်သို့သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်းကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။

5 Plus News
https://www.facebook.com/5plusnews/


ဖေဖော်ဝါရီ ၆၊၂၀၁၇

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ၁၇၁၅ ချိန်တွင် မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ ဗောဓိကုန်းစစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ စောင့်ဆိုင်းနေစဉ် ဥူးပညာနန္ဒ(ခ)မင်းနိုင် မောင်းနှင်ပြီး ဦးအာစာရ (ခ)အေးလွင် လိုက်ပါလာသည့် KLUGER ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း မှ မြွေရေခွံအိတ် (၂) အိတ်ဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းပြားနှင့် ငွေကျပ် ၁၀ သိန်းအား သိမ်းဆည်းရမိ သည်။


ဆက်လက်၍ပူးပေါင်းအဖွဲ့သည် ၎င်းတို့သီတင်းသုံးသည့် ရွှေဗဟိုရွာ၊ ရွှေဗဟိုဘုန်းကြီးကျောင်း ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈.၄ သိန်းပြား၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ ဖျူးစ် ၁ ခု၊ (၅.၅၆)ကျည် ၅၅ တောင့်၊ (၇.၆၂) ကျည် ၃၉ တောင့် တို့ထပ်မံသိမ်းဆည်းရမိသည်။


သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်းမှာ ၄၂.၄ သိန်းပြား ( ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၈၄၈၀၀ သိန်းကျပ်) ဖြစ်သည်။ သံဃာ ၂ ပါးအား မောင်တောမြို့ မကျောင်းတိုက်တွင် သာသနာရေးဦးစီးဌာန တာဝန်ရှိသူများမှ ရွာသာယာကျောင်းထိုင် ဆရာတော် ထံတွင် သိက္ခာချလူဝတ်လည်ပြီး ဥပဒေအရေ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းဆေးပြား များအား ရွှေဗဟိုဘုန်းကြီးကျောင်းတိုက်သို့ လာရောက်ပို့ဆောင်သူ လင်းအောင်ရွှေ ဆိုသူအား ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်လျှက်ရှိပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom



 (PNLO) ဥက္ကဌ ဦးခွန်မြင့်ထွန်း
၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပရန် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၆) ကျင်းပသည့် (၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ကြောင်း သတင်းရရှိသည်။

“ဒီမနက် အဓိကဆွေးနွေးတာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်လုပ်ဖို့ ဘယ်ရက်သတ်မှတ်မယ်ဆိုတာရယ်၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် လုပ်ဆောင်မယ့်အချက်တွေကို ဆွေးနွေးပါတယ်။ ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစောဆုံးအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကို Target Date ထားပြီးကျင်းပဖို့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်”ဟု ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

၂၁ ရာစုပင်လုံ ဒု-အကြိမ်အစည်းအဝေးကို ပထမအကြိမ်ကကဲ့သို့ ကိုယ်စားလှယ် (၇၀၀) ဦးဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့အစည်းများအား ညီလာခံသို့ မည်သို့မည်ပုံသတ်မှတ်ဖိတ်ကြားမည်နည်းဆိုခြင်းအပေါ် မဆုံးဖြတ်ရသေးကြောင်းလည်း ၎င်းကပြောသည်။

“NCA လက်မှတ်မထိုးရသေးတဲ့ ညီနောင်တွေကို ဖိတ်ကြားမှုအနေအထားကတော့ လေ့လာသူအဖြစ်သတ်မှတ်မလား၊ အထူးဖိတ်ကြားထားသူလား၊ ကိုယ်စားလှယ်အနေနဲ့လားဆိုတာကို မဆုံးဖြတ်ရသေးဘူး။ ဘာလို့လဲဆိုတော့ ကြားကာလမှာ ထပ်ပြီးလက်မှတ်ရေးထိုးမယ်ဆိုတဲ့ သဘောထားမျိုးတွေရှိနေတာကြောင့် NCA အထိုးရသေးတဲ့အဖွဲ့တွေကို ညီလာခံကို ဘယ်လိုတက်ရောက်ခွင့်ပြုမယ်ဆိုတာကို အရှင်ထားပါတယ်”ဟု ၎င်းက ပြောကြားသည်။

ထွန်း(နေပြည်တော်)
News Watch
https://www.facebook.com/NewsWatchJournal



(ဓာတ်ပုံ- သေဆုံးသူ ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမားပုံ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၆

နတ်မြစ်အတွင်း မြန်မာ ရေပိုင်နက်ထဲ ငါးဖမ်းနေသော ဘင်္ဂလာဒေ့ရှ် ငါးဖမ်း လှေတစ်စီးအား မြန်မာ နယ်ခြားစောင့်တပ်က ပစ်ခတ်၍ ငါးဖမ်းသမား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့ ချော်ဒူရီပါရာမှ နုရ်လာမီ(ဘ) ကော်ဘီရာမတ် (၂၆) နှစ်ဖြစ်ပြီး ဒဏ်ရာရသွားသူမှာ မော်တာဇာ(ဘ) ချောနာမီယာ (၂၅) နှစ် ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသွားသူအား ယခုအခါ ကော့စ်ဘဇားမြို့ ခရိုင် ဆေးရုံကြီးတွင် တင်ထားရသည်ဟု သိရသည်။

၎င်းငါးဖမ်းလှေသည် ယနေ့ နံနက် အစောကြီးက မြန်မာရေပိုင်နက်ထဲဝင်ရောက်ငါးဖမ်းရာမှ မြန်မာဘက်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်စုံတစ်ရာ သတိပေး ပစ်ခြင်း မရှိဘဲ တန်းပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေရှ့် သတင်းစာများတွင် ဖော်ပြသည်။

တက်ကနက်မြို့ နယ်စပ်နေ ရခိုင်အမျိုးသား တစ်ဦးအား နယ်စပ် အခြေအနေကို နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရကြောင်း၊ တစ်ဦးမှာ ရေထဲ ခုန်ဆင်း လွတ်မြောက်သွားခဲ့ကြောင်း၊ နယ်စပ်တွင် လူသေမှု ဖြစ်သော်လည်း အခြေအနေမှာ တည်ငြိမ်နေကြောင်း ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara



ဖေဖော်ဝါရီ ၄ ရက်နေ့က လုပ်ငန်းခွင်တွင် တွေ့ရသော ဆံသဆရာ ဦးအောင်စိုး (ဓာတ်ပုံ - ထက်ခေါင်လင်း / Myanmar Now)
ထက်ခေါင်လင်း/ Myanmar Now

ရန်ကုန် (Myanmar Now) - ရန်ကုန်လေဆိပ် လူသတ်ကောင် ဦးကြည်လင်းကို စေခိုင်းသူသည် ဘုရားခိုးဂိုဏ်းဝင် ဦးအောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ ဦးအောင်စိုးက ထိုသို့ ဖွင့်ချပြောဆိုပြီး နောက်ပိုင်း သူ၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်၊ အလှပြင်သူဦးရေ သိသိသာသာ နည်းပါးသွားကာ စီးပွားရေး ထိခိုက်မှုရှိလာကြောင်း ပြောသည်။

ယခင်အချိန်များက တစ်ရက်လျှင် ပျမ်းမျှကျပ် နှစ်သောင်းကျော် ဝင်ငွေရရှိလာခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ယခင်ဝင်ငွေ၏တစ်ဝက်ပင် မရရှိတော့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ထိုသို့ထုတ်ဖော် ပြောကြားပြီးနောက်ပိုင်း ပုံမှန်ဖောက်သည်များကပင် သူ၏ ဆိုင်တွင် တစ်ခုခုဖြစ်လာနိုင်မည်ကို စိုးရိမ် ထိတ်လန့်ကာ မလာရောက်ကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဦးအောင်စိုးက ခန့်မှန်းသည်။

“ဒါကတော့ ကျွန်တော်တို့လူမျိုးတွေရဲ့ အနေအထားပဲလို့ ကျွန်တော်တော့ ယူဆတယ်။ ထောင်ကျနေတုန်းကလည်း ထောင်ထဲမှာ ထောင်အရာရှိတွေကို အကျဉ်းသားအခွင့်အရေးရဖို့ တစ်ခုခု ကျွန်တော်က ထတောင်းဆိုတာနဲ့ အရင်က တပူးပူးနေခဲ့တဲ့သူတွေက ခွာနေကြရော။ အခုလည်း ဒီလိုပဲထင်တယ်။ ကျွန်တော့်သတင်းထွက်လာပြီးနောက်ပိုင်း ကျွန်တော့်ဆိုင်မှာ တစ်ခုခုများ ဖြစ်လာတော့မလား၊ ဖြစ်ချိန်မှာ သူတို့ရှိနေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ပုံမှန် လာနေကျဖောက်သည်တွေတောင် မလာကြတော့ဘူး။ ကျွန်တော့်ဝင်ငွေ ထိခိုက်တာပေါ့” ဟု ၎င်းကပြောသည်။

ဦးအောင်စိုးသည် ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂ဝ၁၄ ခုနှစ်တွင် ပြန်လွတ်လာပြီး နောက်ပိုင်း ကမာရွတ်မြို့နယ်တွင် ဆံသဆိုင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ရာမှ ၂ဝ၁၆ ခုနှစ် မေလတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်သို့ တစ်လ နှစ်သိန်းဖြင့် နေရာငှားရမ်းကာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ နောက်ထပ်ခြောက်လအထိ ထပ်မံ ငှားရမ်းဖွင့်လှစ်ထားကြောင်း သိရသည်။

ဦးအောင်စိုးသည် ဦးကိုနီကိုလုပ်ကြံမှု ကျူးလွန်သူဦးကြည်လင်းနှင့် ယခင်ဘုရားခိုးမှုအမှုတွဲတစ်ခုတည်းဖြစ်သူ ဦးအောင်ဝင်းဇော်တို့ကို ၂ဝ၁ဝ ပြည့်နှစ်ဝန်းကျင်က မန္တလေးအိုဘိုထောင် အဆောင်အမှတ် (၃) ၌ တွေ့ဆုံခဲ့ဖူးသူဖြစ်ပြီး ရန်ကုန်လေဆိပ် သေနတ်သမား ဦးကြည်လင်း၏ ဓာတ်ပုံကို အင်တာနက်တွင် တွေ့တွေ့ချင်းပင် ဦးအောင်ဝင်းဇော်၏ လက်ချက် ဖြစ်နိုင်ကြောင်း Myanmar Now ကို ဆက်သွယ် ပြောကြားခဲ့သူဖြစ်သည်။

ဦးအောင်ဝင်းဇော်သည် ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ၎င်းထံသို့လာပြီး လူမျိုးခြား ဘာသာခြား နိုင်ငံခြား သံတမန်တစ်ဦးကို နေ့ခင်းကြောင်တောင်၊ ရန်ကုန်မြို့လယ်ခေါင်တွင် ပစ်သတ်ရမည့်အလုပ်ကို ကျပ် သိန်း ၁,ဝဝဝ အထိ ပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးကြောင်း၊ ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်တို့ နီးနီကပ်ကပ် ဆက်ဆံမှုရှိသူဖြစ်ကြောင်း ဦးအောင်စိုးက ဦးကိုနီလုပ်ကြံခံရပြီး မကြာမီမှာပင် Myanmar Now ကို ဆက်သွယ် ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဦးအောင်စိုး ထုတ်ဖော်ပြောကြားခဲ့မှု သတင်းများထွက်လာပြီးနောက်ပိုင်း ဦးအောင်စိုး၏ လုံခြုံရေးကို စိတ်ပူမိသော်လည်း စိုးရိမ်တကြီးတော့ မဖြစ်ကြောင်း ဦးအောင်စိုး၏ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးက ပြောသည်။
“အခုတော့ လုံခြုံရေးကို စိုးရိမ်တာပေါ့။ ဒါပေမယ့် မကြောက်ပါဘူး။ ကံပဲပေါ့။ ဘယ်သူတစ်ဦးက ဘာဖြစ်မယ်ဆိုတာ ကြိုမှ မသိတာ။ တခြားကကိုယ့်ကို ဘယ်အချိန်လာလုပ်ကြံမယ်ဆိုတာလဲ ကြိုမှမသိတာ။ အဲ့ဒါကြီးကိုတွေးပူပြီး အိပ်မပျော် စားမဝင်ဖြစ်နေရင် ကိုယ်ပဲရောဂါရမှာပေါ့။ ဒါပေမယ့် ဒီလိုအချိန်မှာ သူ့လုံခြုံရေးကို အာဏာပိုင်တွေအနေနဲ့ ပေးသင့်တယ်လို့တော့ ယူဆတယ်” ဟု ဒေါ်သန်းသန်းအေးက ဆိုသည်။

ထို့အတူ ဦးအောင်စိုး၏လုံခြုံရေးကို စိတ်ပူမိကြောင်း ရပ်ကွက်နေပြည်သူတချို့ကသာမက၊ ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သူ ဖော့ကန်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမေ့အိမ်စာသင်ကျောင်းမှ တာဝန်ရှိသူများကပါ ပြောကြသည်။
“ကျွန်မတို့ သူ့သတင်းကြားပြီးကတည်းက သူ့အတွက် တော်တော်လေးစိတ်ပူမိတယ်။ သူက လူအေးပါ။ စိတ်ကောင်းစေတနာလည်းရှိတဲ့သူ။ ငွေကြေးလည်း ပြည့်စုံတဲ့သူ မဟုတ်ဘူး။ သူ့ဆိုင်လေးကို ဒီမှာ ဆက်ဖွင့်ဖို့တောင်မှ သူ့ဆိုင်ကယ်လေးကို ပေါင်ပြီးတော့ စာချုပ်ထပ်ချုပ်ထားရတာ။ အခုလိုသတင်းတွေကြောင့် သူ့ကို လာလုပ်ကြံမလားလို့ပေါ့။ ဒီလမ်းက ညဆို ၈ နာရီ ကျော်တာနဲ့ လူခြေတိတ်သွားပြီ။ အဲ့ဒါကြောင့် အခုဆို အိမ်ရှေ့မီးကိုတောင် တစ်ညလုံး ဖွင့်ထားလိုက်တယ်။ တစ်ခုခုဆို လင်းလင်းရှင်းရှင်းဖြစ်နေအောင်” ဟု ဦးအောင်စိုးဆိုင်ရှေ့ဘက် မုန့်နှင့်အအေးဆိုင်ပိုင်ရှင်အမျိုးသမီးဖြစ်သူက Myanmar Now ကို ပြောသည်။

ဦးအောင်စိုးက သူ၏ လုံခြုံရေးအတွက် တာဝန်ရှိသူများဘက်က ယခုထိ တိုက်ရိုက်ပြောဆိုထားခြင်းမရှိသေးဟု ဖေဖော်ဝါရီ ၅ ရက်နေ့တွင် Myanmar Now ကို ပြောသည်။
“ကျွန်တော့်ကို ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးတယ်ဆိုတာမျိုး တိုက်ရိုက်လာပြောတာ မရှိသေးပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေက အရပ်ဝတ်နဲ့ရဲတွေ သွားလာစောင့်ကြည့်ပေးနေတယ်လို့ ကျွန်တော့်ကို လာအသိပေးပါတယ်။ ကျွန်တော် အပြင်သွား အပြင်လာကိုလည်း လိုက်ပါပေးမပေး ကျွန်တော်မသိပါဘူး။ ကျွန်တော့်ကို လိုက်စောင့်ရှောက်ပေးပါတယ်လို့ လာမပြောထားတော့ ကျွန်တော်လည်း ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာကို သူတို့ဆီ သတင်းပို့တာမျိုးမလုပ်ပါဘူး”ဟု ပြောသည်။

ဦးကိုနီကိုလုပ်ကြံသူ ဦးကြည်လင်းကို ခိုင်းစေညွှန်ကြားသူသည် ဦးအောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း Myanmar Now က သတင်းရေးသားပြီးနောက်ပိုင်း ဦးအောင်ဝင်းဇော်ကို လေဆိပ်လုပ်ကြံမှုပြီး နောက်တစ်နေ့တွင် ဘားအံမြို့၊ သံလွင်တံတား၌ ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ။

ထက်ခေါင်လင်း/ Myanmar Now
https://www.facebook.com/myanmarnownews



တူရကီ ရဲတပ်ဖွဲ့
တူရကီ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေက IS အစ္စလာမစ် စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူပေါင်း ၄၄၀ ကို ဖမ်းဆီးလိုက်တယ်လို့ အစိုးရပိုင် သတင်းဌာနမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

နိုင်ငံခြားသား အများစုပါဝင်တဲ့ လူ ၆၀ ကို တနင်္ဂနွေနေ့ အစောပိုင်းက မြို့တော် အန်ကာရာမှာ ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်ကြောင်း အစိုးရပိုင် Anadolu သတင်းမှာ ဖော်ပြထားပါတယ်။

Istanbul နဲ့ ဆီးရီးယားနယ်စပ်က Gaziantep မြို့တို့ အပါအ၀င် မြို့အတော်များများမှာ မနက် မိုးမလင်းခင် တပြိုင်ထဲ ပြုလုပ်ခဲ့တဲ့ ၀င်ရောက် ဖမ်းဆီးမှုတွေအပြီး စုစုပေါင်း ၄၄၅ ဦးကို ထိန်းသိမ်းလိုက်တယ်လို့ ဆိုပါတယ်။

အများဆုံး ဖမ်းဆီးမှုကတော့ တောင်ပိုင်း Sanliurfa ခရိုင်အတွင်းက အိမ်အများအပြားကို ၀င်စီးစဉ် IS အဖွဲ့နဲ့ ဆက်နွယ်တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရကြောင်းနဲ့ အဲဒီ စစ်ဆင်ရေးအတွင်း လူပေါင်း ၁၀၀ ကျော်ကို ရဲက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းပြည် အနောက်မြောက်ပိုင်းက Izmir မြို့မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေသူတွေလို့ သံသယရှိသူ ၉ ဦးကိုလည်း လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိသူတွေဟာ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ Anadolu သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရွှေ့ပြောင်းအခြေချသူများ ၀င်ရောက်လာစဉ်
မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လူတွေ အမေရိကန် ပြည်ထောင်စု အတွင်း ၀င်ရောက်ခွင့် တားမြစ်တဲ့ သမ္မတ Donald Tump ရဲ့ အမိန့်ညွှန်ကြားချက် ကို အမေရိကန် ပြည်ထောင်စုတရားရုံးတခုက ယာယီတားမြစ်ပိတ်ပင်ခဲ့ ပြီးတဲ့နောက် ရွှေ့ပြောင်းအခြေချသူတွေဟာ အမေရိကန်နိုင်ငံကို ပြန်လည်ဝင်ရောက်ဖို့ သွားနေကြပြီဖြစ်ပါတယ်။

John F Kennedy လေဆိပ်ကို ၀င်ရောက်လာတဲ့ Green Card ကိုင်ဆောင်ထားသူတွေနဲ့ non-immigrant အမျိုးအစား ပြည်ဝင်ခွင့် visa ကိုင်ဆောင်ထားသူတွေကို အခက်အခဲမရှိအောင် နယူးယောက်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

လုပ်ဆောင်နေတဲ့ အခြေအနေတွေအားလုံး ပုံမှန်လည်ပတ်လျှက်ရှိကြောင်း ရှေ့နေ Camille Mackler က AP သတင်းဌာနကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။

တရားရုံးရဲ့ အမိန့်ထွက်လာခဲ့ပြီးတဲ့နောက် အီရန်နိုင်ငံသူ ဖါရီဘာ တာဂျရိုစတာမီ ဟာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာခွင့် ရပြီဖြစ်ကြောင်း စနေနေ့မှာ တယ်လီဖုန်းနဲ့အကြောင်းကြား ခဲ့ကြောင်းနဲ့ သူမရဲ့ မောင်နှစ်မတွေ နဲ့ JFK လေဆိပ်မှာ ပြန်ဆုံခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် သမ္မတရဲ့ အမိန့်ညွှ့န်ကြားချက် ထွက်ခဲ့ပြီး သူမကို တရကီ နိုင်ငံ အစ္စတန်ဘူလ်လေဆိပ်မှာ လေယာဉ်ပေါ် တက်ရောက်ခွင့် မပြုခဲ့ဘူးလို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ သတင်းပတ်က လေယာဉ်ပေါ် တက်ခွင့် မရခဲ့တဲ့ အီရတ်နိုင်ငံအတွင်း USAID မှာ အလုပ်လုပ်ကိုင်နေသူ Fuad Sharef နဲ့ သူ့ရဲ့ မိသားစုဟာလည်း ဆီယက်တယ် လေဆိပ်ကို ရောက်ရှိလာပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com