03/05/17

တောင်ဘက်ခုံလှုံခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တဦး
တောင်ဘက်ခုံလှုံခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တဦး
မြောက်ကိုရီးယား အစိုးရရဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေနဲ့အတူ တောင်ကိုရီးယားဘက် ထွက်ပြေးခိုလှုံ လာသူတွေကို အမေရိကန် ဒေါ်လာ ၉ သိန်းနီးပါး ဆုကြေးချီးမြှင့်သွားဖို့ ဥပဒေတရပ် ပြဌာန်းနိုင်ရေးကို တောင်ကိုရီးယားလွှတ်တော်အမတ်တွေ ပြင်ဆင် နေကြပါတယ်။

လျှို့ဝှက်သတင်းတွေနဲ့အတူ မြောက်ကိုရီးယားဘက်က ထွက်ပြေးလာသူတွေကို လက်ရှိပေးနေတဲ့ ဆုကြေးငွေထက် ၄ ဆ ပိုများတဲ့ ဆုကြေးငွေ ပေးနိုင်ဖို့ ဒီတနင်္ဂနွေနေ့မှာ ဥပဒေကြမ်းတရပ်ကို ပြင်ဆင်နေကြောင်း တောင်ကိုရီးယား Yonhap သတင်းမှာဖေါ်ပြပါတယ်။

မြောက်ကိုရီးယားထိပ်ပိုင်းခေါင်းဆောင်တွေထဲက အခုထက်ပိုပြီး ဘက်ပြောင်းခိုလှုံလာရေးကို ဒီဥပဒေကြမ်းက ရည်ရွယ်ချက် ထားတယ်လို့ Yonhap သတင်းက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က ဘာမှ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ လောလောဆယ် အထိတော့ မြောက်ကိုရီးယားက ဘက်ပြောင်းခိုလှုံသူတွေကို အမြင့်ဆုံးပေးတဲ့ ဆုငွေဟာ ဒေါ်လာ ၂ သိန်း ၁ သောင်း ၇ ထောင်ရှိတယ်လို့ တောင်ကိုရီးယားအစိုးရကို ကိုးကားပြီး Yonhap သတင်မှာ ဖေါ်ပြပါတယ်။
VOA Burmese News



တရုတ်နိုင်ငံပြင်ပက ပြောင်းလဲမှုတွေသာမက ပြည်တွင်း အသားတင် ရန်ပုံငွေ အလျော့ပြ အကြွေးတင်တာတွေကလည်း အဓိက စိန်ခေါ်မှုတွေ ဖြစ်
တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးနှုန်းဟာ ဒီနှစ်မှာ ပိုပြီး နှေးကွေးမယ်လို့ တရုတ် အစိုးရ ကောင်စီ ဥက္ကဌ လီခိုင်ကျီက ပါလီမန် နှစ်စဉ် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

ဒီလို နှေးကွေးရတာနဲ့ ပတ်သက်ပြီး မစ္စတာ လီခိုင်ကျီက

'ကမ္ဘာ့စီးပွားရေးတိုးနှုန်းက မကောင်းသေးပါဘူး၊ ကမ္ဘာလွှမ်းခြုံကူးလူးဆက်သွယ်မှုကို ဆန့်ကျင်တာတွေ၊

ကိုယ်ကျိုးစီးပွားရေး ကာကွယ်တဲ့ ဝါဒတွေလည်း ထွန်းကားလာတဲ့အတွက် မသေချာမှုတွေလည်း များလာပါတယ်။

ဒီတော့ တရုတ်နိုင်ငံ ဆက်ပြီး တိုးတက်ဖို့အတွက် စိန်ခေါ်မှုတွေ ပိုပြီး ရှုပ်ထွေးလာပြီ' လို့ မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးနှုန်းကိုလည်း ၆.၅ ရာခိုင်နှုန်းအထိ လျှော့ချ ရည်မှန်းထားတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံပြင်ပက ပြောင်းလဲမှုတွေသာမက ပြည်တွင်း အသားတင် ရန်ပုံငွေ အလျော့ပြ အကြွေးတင်တာတွေကလည်း အဓိက စိန်ခေါ်မှုတွေ ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ နာမည်ဆိုးထွက်နေတဲ့ လေထု ညစ်ညမ်းပြီး မြူထတဲ့ ပြဿနာကို ဖြေရှင်းပြီး တရုတ်မှာ ကောင်းကင်ပြာပြာကို ပြန်မြင်ရအောင်လည်း လုပ်သွားမယ်လို့ မစ္စတာ လီက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အမျိုးသား ပြည်သူ့ ကွန်ဂရက် အစည်းအဝေးကို တနှစ် ၂ကြိမ် ကျင်းပလေ့ရှိပြီး ဥပဒေပြု အမတ် ၃၀ဝ၀ ကျော်လောက် ဒီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



တရုတ်အစိုးရဟာ ပြည်တွင်းခရီးသွား ကုမ္ပဏီတွေကို တောင်ကိုရီးယားခရီးသွားအစီစဉ်တွေ လုပ်မပေးဖို့ ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့
တရုတ်အစိုးရဟာ တောင်ကိုရီးယားရဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်အောင် လုပ်နေတယ်လို့ သတင်းတွေ ထွက်လာအပြီးမှာ တောင်ကိုရီးယားဘက်က ဥပဒေလမ်းကြောင်း အရ တုန့်ပြန်ဖို့ ခြိမ်းခြောက်ခဲ့ကြောင်း ယုံဟတ် သတင်းဌာနက ပြောပါတယ်။

တောင်ကိုရီးယားက အမေရိကန် ဒုံးလက်နက်စနစ် တပ်ဆင်မှုကို လက်ခံခဲ့တဲ့အတွက် တရုတ်က တုန့်ပြန်နေတာလို့ တောင်ကိုရီးယားဘက်က ယူဆနေပါတယ်။

တရုတ်အစိုးရဟာ ပြည်တွင်းခရီးသွား ကုမ္ပဏီတွေကို တောင်ကိုရီးယားခရီးသွားအစီစဉ်တွေ လုပ်မပေးဖို့ ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဒုံးလက်နက် စနစ်အတွက် မြေရောင်းခဲ့တဲ့ တောင်ကိုရီးယား ကုမ္ပဏီဟာလည်း တရုတ်ပြည်တွင်းမှာ သပိတ်မှောက်ခံရပြီး စီးပွားရေး ထိခိုက်မှုတွေ ဖြစ်နေပါတယ်။

တောင်ကိုရီးယားအစိုးရဟာ ဒီကိစ္စတွေအတွက် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့က တဆင့် ဖြေရှင်းသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း တရုတ် ဝက်ဘ်ဆိုဒ် တချို့က တောင်ကိုရီးယား ဇတ်လမ်းတွဲတွေ ပြတာကို ရပ်ဆိုင်းခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဂျပန်နိုင်ငံ ရှိ ရဟတ်ယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    တိုကျို၊ မတ် ၅ ရက် (ဆင်ဟွာ)

    ဂျပန်နိုင်ငံ အလယ်ပိုင်း ရှိ နာဂါနိုစီရင်စု တွင် မတ်လ ၅ရက် မွန်းလွဲပိုင်းက လူ၉ဦး လိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်အား ဒေသတွင်းအစိုးရက ပိုင်ဆိုင်ခြင်းဖြစ်ပြီး မတော်တဆဖြစ်ပွားချိန်၌ တောင်ပေါ်ကယ်ဆယ်ရေးလေ့ကျင့်ခန်းတစ်ခုတွင် ပါဝင်လေ့ကျင့်နေခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် ပါဝင်လာသည့် လူ၉ဦးမှာ လေယာဉ်မှူးတစ်ဦး၊ မီးသတ်သမား ၇ဦး နှင့် စက်ပြင်ဆရာတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ဒဏ်ရာအခြေအနေအား ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ဇန်န၀ါရီ ၂၉ ရက်က လုပ်ကြံခံလိုက်ရသော ဦးကိုနီသေဆုံးပြီးနောက် လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်မှုများအရ ဆက်စပ်တရားခံမှာ လေးဦးအထိရှိလာသော်လည်း ရှုပ်ထွေးမှု၊ေ၀၀ါးမှုနှင့် သံသယဖြစ်စရာများစွာရှိနေပြီး ဇာတ်လမ်းအဆုံးမဟုတ်သေးကြောင်း အများပြည်သူက ယူဆနေသည်။

ထုတ်ပြန်ချက်နှင့်ဖေဖော်ဝါရီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲအရ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဆိုသော ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၏ သိန်းတထောင်ပေးစေခိုင်းမှုအရဟု သိရသည်။ ထိုနေရာတွင် စဉ်းစားစရာအချက်များ ပေါ်လာပါသည်။ ရိုးရိုးလေး စဉ်းစားကြည့်ပါမည်။

ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် ဗိုလ်ကြီးဟောင်းဇေယျာဖြိုးထက် အသက်အရွယ်နှင့် အတွေ့အကြုံပိုများနိုင်ပါသည်။ ထို့အပြင် တပ်မတော်၏ သဘောသဘာဝအရ အစ်ကိုကြီး၊ ညီလေး ဆက်ဆံရေးမျိုးနှင့် အထက်၊ အောက်ဆက်ဆံရေးမျိုးရှိပါသည်။ အငြိမ်းစားယူ ပြီးနောက် တပ်မှထွက်သွားပြီးနောက်ပိုင်းမှာပင် ထိုအတိုင်းဆက်ဆံကြပါသည်။ နောက်တချက်မှာ သူတို့နှစ်ဦးပေါင်းကာ ရောင်ဝါဖြိုးအမည်ဖြင့် ကုမ္ပဏီထူထောင်ဆိုသောအချက်နှင့် တခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်ဆိုသောအချက်များဖြစ်သည်။

''ကိုဇေယျာဖြိုးက ချမ်းသာပါတယ်။ ဒါပေမဲ့ သိန်းတထောင်ကို ပက်ခနဲပေးနိုင်လောက်တဲ့အထိတော့ မရှိလောက်ဘူး။ နောက်တခုက လက်ရှိပြောတဲ့ပုံဆို ကိုဇေယျာဖြိုးက ကိုအောင်ဝင်းခိုင်ကို ငွေထုတ်ပေးပြီး ခိုင်းတယ် ပြောတယ်။ ကိုအောင်ဝင်းခိုင်အဆင့်က ကိုဇေယျာဖြိုးသိန်းတထောင်ပေးပြီး ခိုင်းရနိုင်လောက်တဲ့ အဆင့်မဟုတ်သလို ပိုင်ဆိုင်မှုအရလည်း ပိုတောင်သာနိုင်သေးတာပဲ။ ကိုဇေယျာဖြိုးက Main ဆိုရင် ကိုအောင်ဝင်းခိုင်ကတောင် လွတ်သွားသေးတာ ကိုဇေယျာဖြိုးက ဘာလို့လွတ်အောင်မပြေးတာလဲ။ ကိုအောင်ဝင်းခိုင်ကိုမိရင် အခြေအနေတမျိုးပြောင်းသွားနိုင်တယ်လို့ ၀န်ကြီးက ပြောတယ်။ တကယ်ဆို သူတို့ပြောသလို ကိုဇေယျာဖြိုးက Main လေ။ ဘာလို့ ကိုအောင်ဝင်းခိုင်မိမှ အနေအထား ပြောင်းသွား နိုင်တယ်လို့ပြောတာလဲ။ ကိုအောင်ဝင်းခိုင်ရဲ့ အထက်ကလူကို မိနေပြီပဲ။ စဉ်းစားစရာပဲဗျာ''
ဗိုလ်ကြီးဟောင်းဇေယျာဖြိုးနဲ့ တာဝန်အတူထမ်းခဲ့ဖူးသော ဗိုလ်ကြီးတယောက်ရဲ့စကားပါ။

နောက်တခုက လက်ရှိမှာ အရေးကြီးတရားခံလို့ ယူဆထားတဲ့ သူတို့နှစ်ယောက်ရဲ့ ပြုမူနေထိုင်ပုံကလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။
မှတ်တမ်းများအရ နှစ်ဦးစလုံးမှာ တူညီတဲ့ နေထိုင်ပုံကို တွေ့နိုင်သည်။ ပတ်ဝန်းကျင်နဲ့ အရောတ၀င်မရှိခြင်း၊ ခြံတံခါးပိတ်ထားတတ်ခြင်း၊ မှန် အမည်းကားများကို စီးတတ်ခြင်း၊ သိုသိုသိပ်သိပ် နေထိုင်ခြင်းများမှာ စိတ်ဝင်စားစရာကောင်းပါသည်။

''သူ့ပုံစံက ဘယ်လိုလဲဆိုတော့ မေးရိုးလုံးလုံးနဲ့၊ အရပ်က သိပ်မြင့်မြင့်ကြီးမဟုတ်ဘူး။ အသားလတ်တယ်။ စိတ်မဆတ်ဘူး။ တည်ငြိမ်အေးဆေးတယ်။ အထက်ဖား အောက်ဖိတာတွေလည်း မရှိဘူး။ တာဝန်ကို ငြင်းပယ်တာမျိုး၊ ကလန်ကဆန်လုပ်တာမျိုးလည်း မရှိဘူး။ လက်အောက်ငယ်သားတွေနဲ့လည်း သူငယ် ချင်းပေါင်း ပေါင်းတယ်။ ကိုယ်တို့သင်တန်းတက်တုန်းက သူက အုပ်ချုပ်သူပါ''
ဇေယျာဖြိုးနဲ့ပတ်သက်ပြီး ရေကြည်အိုင် စစ်ခွေးအထူးသင်တန်းတက်ခဲ့သည့် စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးဟောင်းတယောက်ရဲ့ ပြောပြချက်ပါ။

သတင်းများအရ လုပ်ကြံမှုအပြီး ဇန်န၀ါရီ ၂၉ ရက် ည ၉ နာရီခွဲတွင် အောင်ဝင်းခိုင်သည် ဇေယျာဖြိုးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဇန်န၀ါရီ ၃၀ ရက်တွင် ရောင်ဝါဖြိုးကုမ္ပဏီ၏ ဒါရိုက်တာတဦးဖြစ်သူ ရဲထွဋ်လှိုင်နှင့် နေပြည်တော်သို့ ထွက်ခွာသွားကြောင်း၊ မကွေးသို့သွားမည်ဟုပြောပြီး ကားဂိတ်သို့လိုက်ပို့ခိုင်းကာ နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် လူတယောက်လာခေါ်ဖို့ရှိသဖြင့် ဆင်းကျန်ခဲ့ကြောင်း သိရသည်။ တခြား အတည်မပြုနိုင်သော သတင်းများတွင် အောင်ဝင်းခိုင်မှာ နေပြည်တော်သို့အသွားလမ်းတွင် ကားပြောင်းစီးသွားကြောင်း၊ နေပြည်တော်အ၀င် တိုးဂိတ် CCTV မှတ်တမ်းတွင် သူစီးလာသောကားကို တွေ့ရသော်လည်း ပြန်ထွက်လာသည့်မှတ်တမ်းကိုမူ မတွေ့ရကြောင်း သိရသည်။

ဒီနေရာမှာလည်း စဉ်းစားစရာများ ရှိနေပါသည်။ ငွေပေးခိုင်းသည်ဆိုသော ဇေယျာဖြိုးသည် တိမ်းရှောင် ခြင်းမရှိဘဲ စေခိုင်းခံရသည်ဆိုသော အောင်ဝင်းဇော်က ဘာကြောင့်တိမ်းရှောင်ရပါသနည်း။ ဘာကြောင့် နေပြည်တော်သို့ ထွက်ခွာသွားရပါသနည်း။ ဘာကြောင့် နေပြည်တော်တွင် လမ်းစဖျောက်ခဲ့ပါသနည်း။ နောက်တချက်မှာ အောင်ဝင်းခိုင် နေပြည်တော်ရောက်သွားသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇေယျာဖြိုးသည် ဘာကြောင့် သင်္ကန်းစည်းပါသနည်း။ ၂၅ ရက် သတင်းစာရှင်းလင်းပွဲအရ ဇေယျာဖြိုးသည် နှစ်စဉ် သင်္ကန်းစည်းကြောင်း ဖော်ပြခဲ့သော်လည်း ဘာကြောင့် ဒီလိုရက်မှ သင်္ကန်းစည်းပါသနည်း။
စစ်ထောက်လှမ်းရေးဟောင်းတယောက်ဖြစ်သော ဇေယျာဖြိုးလို လူတယောက်က ပြစ်မှုကြီးတခုကို အကွက်ချစီစဉ်ပြီးတဲ့နောက် ကျောက်ကုန်းကျောင်းတိုက်မှာ သင်္ကန်းစည်းပြီး တိမ်းရှောင်နေခဲ့သည်ဆိုခြင်းမှာ သံသယဖြစ်စရာ ကောင်းသည်။ ဇေယျာဖြိုးက သိန်းတထောင်ပေး၍ ခိုင်းစေသည့် အောင်ဝင်းခိုင်ပင်လျှင် ခြေရာဖျောက်၍ ထွက်ပြေးလွတ်မြောက်နိုင်ပါလျှင် စစ်ထောက်လှမ်းရေးဟောင်းတယောက်က အဘယ်ကြောင့် ကျောက်ကုန်းကျောင်းတိုက်၌ သင်္ကန်းဝတ်ဖြင့် ကျန်ရစ်ခဲ့သနည်း။ စဉ်းစားဖွယ်ရာပင်။

လက်ရှိအခြေအနေတွင် တရားဝင် ကြေညာဖော်ပြချက်များအရ ၎င်းတို့လေးဦးကို ပုဒ်မအသီးသီးဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုနေရာတွင်လည်း စဉ်းစားစရာအချက်များ ပေါ်လာပြန်သည်။ ကြည်လင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ)၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ နှင့် အောင်ဝင်းခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ တို့ဖြင့် တရားစွဲဆိုမည်ဆိုလျှင် ကြည်လင်း တယောက်သာ ကိုယ်ထိ လက်ရောက်ကျူးလွန်သူဖြစ်၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)ကို ငြိစွန်းနိုင်ပြီး ကျန်လူများမှာ တခြားပုဒ်မများအတွက် ရင်ဆိုင်ရရန်ရှိနေပြီး ပြစ်ဒဏ်လည်း လျော့နည်းဖွယ်ရှိသည်။ နောက်ထပ် စဉ်းစားစရာတခုမှာ ဖေဖော်ဝါရီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲ၏ လားရာဖြစ်သည်။

သတင်းစာရှင်းလင်းပွဲအလိုအရ အမှုအနေအထားသည် ဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့နှင့် အဆုံး သတ်သွားမလားလို့တောင် ပူပန်ရမည့် အခြေမျိုး ဖြစ်နေသည်။ တခုတော့ရှိသည်။ နောက်ဆုံးမှာ ဘယ်လို အဖြေမျိုးထွက်ထွက် ပွဲကြည့်သူ ပြည်သူများမှာ အဖြေ သိပြီးဖြစ်ကြောင်းကို ပြောစရာပင် မလိုတော့ပါ။

ရဲမွန်ထော
Cr..Tzm Akt

ZN.H


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တာဝန်သိအငှားယာဉ်မောင်း ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားများကို ၁လပြည့်၊ ၂လပြည့်မှသည် ၁ နှစ်ပြည်သည့်တိုင်အောင်ဖြစ်စေ အမှုမှန်မပေါ်သေးသ၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကဗျာဆရာမောင်ဆောင်းခက ပြောကြားလိုက်သည်။

မတ် ၅ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် လွမ်းဆွတ်ဖွယ်အခမ်းအနားရှိလို့ သူငယ်ချင်းတစ်ယောက်ကို ဖိတ်တဲ့အခါ မင်းတို့က ခဏခဏလုပ်နေကြတာပဲလို့ ပြောတယ်။ တကယ်တော့ ဦးနေ၀င်းနဲ့ ဦးကိုနီကို လွမ်းဆွတ်မှုသက်သက်မဟုတ်ပါဘူး။ အမှန်တရားအတွက် မတရားလုပ်ကြံမှုကို အမြန်ပေါ်ပေါက်အောင် ဖိအားပေးဆောင်ရွက်နေကြတာပါ” ဟု ကဗျာဆရာမောင်ဆောင်းခက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် ဘာသာရေးခေါင်းဆောင်များ၊ ဥပဒေပညာရှင်များ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက အမှုမှန်ပေါ်ပေါက်စေရေးနှင့် ၀မ်းနည်းစကားများကို အသီးသီးပြောကြားခဲ့ကြသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာ့ ကုန်ဘောင်မင်းဆက်အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲဟာ မြန်မာလူမျိုးအချို့ကို ဒေါသထွက်စေတာကြောင့် ထုတ်လွှင့်မှုရပ်တန့်ပေးဖို့ မြန်မာ့သမိုင်း ကျွမ်းကျင်သူ ဆူဘဟာထရာဘူမိပရာဘ်ဟက်စ်က ပြောကြားလိုက်ပါတယ်။

ထိုင်းဘာသာနဲ့ “ပလန်ဖရာနန်” အင်္ဂလိပ်ဘာသာနဲ့ “A Lady’s Flames” လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကားက မြန်မာလူမျိုးအချို့ကို ဒေါသဖြစ်စေတယ်၊ အဲဒီလူတွေက ဒီရုပ်ရှင်ကားဟာ ရှင်းရှင်းဖော်ပြထားခြင်း မရှိဘဲ မြန်မာယဉ်ကျေးမှုနဲ့ သမိုင်းကို မဆီလျော်တာတွေကို သုံးထားတယ်။ ၁၉ ရာစုနှစ် ကုန်းဘောင်မင်းဆက်ကို သရုပ်ဖော်ရာမှာ ပုံဆိုးပန်းဆိုးဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ မတ် ၃ ရက်နေ့ Khao Sod သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

ဇာတ်လမ်းအတွင်းမှာ အဝတ်အစားတွေနဲ့ ဇာတ်လမ်းက မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဖြစ်ပျက်ခဲ့တာမှန်ပေမယ့် ဒီရုပ်ရှင်ဇာတ်လမ်းက မြန်မာနိုင်ငံဆိုတာကို တိုက်ရိုက် ညွှန်းဆိုထားခြင်းလည်း မရှိဘူးလို့ သတင်းက ထုတ်ပြန်ခဲ့ပါတယ်။

“ဒီမင်းဆက်တွေရဲ့ သားစဉ်မြေးမြစ်တွေက မြန်မာနိုင်ငံမှာ သက်ရှိထင်ရှားရှိနေစဉ်မှာ ဒီလို အချစ်ဇာတ်လမ်းတွဲမျိုးကို ဖန်တီးမရိုက်ကူးသင့်ဘူးလို့ မြန်မာနိုင်ငံက လူတွေက ပြောပါတယ်။ အထူးသဖြင့် ဇာတ်လမ်းရဲ့ အဓိကကျောရိုးက မင်းတုန်းဘုရင်နဲ့ သီပေါဘုရင်တို့ရဲ့ မိဖုရားတွေကြောင့် မြန်မာနိုင်ငံ ကျဆုံးခဲ့ရတယ်ဆိုပြီး ပြစ်တင်ပြောဆိုထားတာကို မရိုက်ကူးသင့်ဘူး” လို့ မြန်မာ့သမိုင်း ကျွမ်းကျင်သူ ဆူဘဟာထရာဘူမိပရာဘ်ဟက်စ်က Matichon သတင်းဌာနကို မတ်လ ၃ ရက်နေ့က ပြောလိုက်ပါတယ်။

ဒီအချစ်ဇာတ်လမ်းတွဲက တော်ဝင်တွေကို သိက္ခာချချင်တာလားလို့လည်း မေးမြန်းလိုက်ပြီး မြန်မာတော်ဝင်တွေက ဆိုးဆိုးရွားရွား ဆက်ဆံပြုမှုခဲ့တာတွေကိုလည်း ဇာတ်လမ်းတွဲထဲမှာ ဖော်ပြထားတယ်လို့ ရေးထားပါတယ်။

ဒီလိုဝေဖန် ပြောဆိုနေပေမယ့် “ဒီဇာတ်လမ်းတွဲက မြန်မာနိုင်ငံနဲ့ မစပ်ဆက်ပါဘူး။ ပြီးတော့ ဒါက တကယ့်ကို စိတ်ကူးယဉ်ဇာတ်လမ်းပါ၊ ဇာတ်လမ်းထဲက အဝတ်အစားတွေနဲ့ ဇာတ်ဝင်ခန်း အပြင်အဆင်တွေကလည်း ဘယ်နိုင်ငံ ဒါမှမဟုတ် ဘယ်အချိန်ကာလ တခုကိုမှ ရည်ရွယ်ထားတာ မဟုတ်ဘူး” လို့ ဇာတ်လမ်းတွဲထုတ်လုပ်သူ ချီတရာလာဒါက ပြောလိုက်ပါတယ်။

အလားတူပဲ ခေါင်းဆောင်မင်းသမီးနေရာက သရုပ်ဆောင်တဲ့ ပက်ချရာပါက ဘယ်သူ့ကိုမှ စော်ကားတိုက်ခိုက်တာမျိုး မဖြစ်သင့်ပါဘူးလို့ ပြောလိုက်ပါတယ်။

“ဒီချစ်ဇာတ်လမ်းတွဲထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘာကိုမှ ရည်ညွှန်းထားတာ မရှိလို့ ကျမကတော့ ဘာမှ မစိုးရိမ်ပါဘူး။ ဒါကလည်း စိတ်ကူးယဉ်ချစ်ဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲနဲ့ အခြားတစ်ခုကို လူတွေ နှိုင်းယှဉ်နေတာကလည်း ကျမအထင် ရှောင်လွှဲလို့တော့ မရဘူးပေါ့လေ” လို့ မင်းသမီးက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ဆက်လက်မထုတ်လွှင့်ဖို့ ပြောတာနဲ့ ပတ်သက်ပြီး မင်းသမီးက “ဝေဖန်နေကြသလို တကယ်ဖြစ်နေလား၊ ကျမတို့ ဒီဇာတ်လမ်းတွဲကို ပြန်ကြည့်ပါတယ်။ ဒီအချစ်ဇာတ်လမ်းတွဲက တခုခုကို ရည်ညွှန်းသလို ဖြစ်နေရင်တော့ မပြသင့်ဘူးပေါ့။ ဒါပေမယ့် မဟုတ်နေတဲ့အတွက် ဒါက ဖျော်ဖြေရေးတခုပါပဲ” လို့ ဆက်ပြောပါတယ်။

“ဒီဇာတ်လမ်းတွဲဖန်တီးသူက အဝတ်အစားပုံစံတွေကို ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ဝင်ခန်းပုံတွေကိုတော့ လူတွေက ဒါက မြန်မာနိုင်ငံရဲ့ ပုံစံတွေလို့ပဲ မြင်နေကြဆဲပဲလေ၊ မှန်ပါတယ်၊ ဇာတ်လမ်းတွဲတွေမှာတော့ သမိုင်းဆိုင်ရာအချက်အလက်တွေကို ပြောင်းလဲပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကိုလည်း နားလည်ပေးရပါမယ်။ ဒီကိစ္စတွေက အရမ်းကို ထိလွယ်ရှလွယ် ကိစ္စတွေပါ” လို့ မြန်မာ့သမိုင်းရေးရာ ကျွမ်းကျင်သူ ဆူဘဟာထရာက ပြောပါတယ်။

ဒီ ဇာတ်လမ်းတွဲကို စောင့်ကြည်ခဲ့တဲ့ ချင်းမိုင်က မခိုင်ခိုင်ကလည်း “ဇာတ်လမ်းထဲမှာ ဘုရင့်သမီးတော် လုပ်တဲ့သူတွေက ဘုရင်ရှေ့မှာ ဗြက်ပြဲကြီး နေချင်သလို နေထိုင်နေတာတွေ့ရတယ်။ မြန်မာဘုရင်တွေရှေ့မှာ အဲ့လိုတွေ မနေကြဘူးလေ၊ ဘုရင်ကို မော်ဖူးစေဆိုမှ ဖူးရတယ်” လို့ ပြောပါတယ်။

“Lady Flames” ရုပ်ရှင်ဇာတ်လမ်းတွဲကို ကန်တာနာအုပ်စုက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ချန်နယ်လ် 7 မှာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ည ၈ နာရီခွဲတိုင်း ပြသတယ်လို့ သိရပါတယ်။

သတင်းနှင့်ရုပ်သံ – Khao Sod
DVB TV News


ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး စကားဝိုင်း ဦးကြီးမြင့်(တရားလွှတ်တော်ရှေ့နေ၊ ပြည်ထောင်စုရှေ့နေများအဖွဲ့) နှင့် ကိုဆွေဝင်း(အယ်ဒီတာချုပ်၊ Myanmar Now) ပါဝင်သုံးသပ်ထားပါတယ်။

DVB TV -


မြတ်စွာဘုရား၏သင်္ကန်း(အရေတော်)ဝတ်ထားသည့် ပုဂ္ဂိုလ် တစ်ဦးကပြောသော စကားများကြောင့် ဝမ်းနည်းရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လှိုင်မြို့နယ်တွင် မတ်လ ၄ ရက် ကပြုလုပ်သည့် လူထုတွေ့ဆုံစည်းရုံးပွဲ၌ ဒီချုပ်နာယကက ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

‘‘တစ်ခါတလေ ကျွန်တော်က ဝမ်းနည်းတယ်ဗျ။ မြတ်စွာဘုရားရဲ့ အရေတော်ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောချလိုက်တဲ့ ဟာတွေက အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ စကားတွေ ခင်ဗျားတို့လည်း ကြားမှာပဲ’’ဟု ဦးတင်ဦးက ပြောသည်။

မည်သည့်ပုဂ္ဂိုလ်ကိုမျှ ရည် ရွယ်ပြောခြင်းမဟုတ်ကြောင်း ဦး တင်ဦးက ပြောသည်။

မြတ်စွာဘုရား၏ တရား တော်မှ သာမညသုတ်တွင် ရေ လုကြရင်း သတ်ကြဖြတ်ကြခြင်း ကို မြတ်စွာဘုရားက လာရောက် ဟောကြားပြီး မျှဝေယူကြခြင်းဖြင့် ချမ်းသာသည့် တရားဟောခဲ့ကာ ငြိမ်းချမ်းစေခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းငယ်စဉ်က အမျိုးသား ကျောင်း၌ ဓမ္မပဒသင်ခဲ့ရကြောင်း ဦးတင်ဦးက ပြောပြသည်။

‘‘အမျက်ခြောင်းခြောင်း ထွက်နေတဲ့သူကို သည်းခံအေး ချမ်းသောနည်းနဲ့ တုံ့ပြန်ရင် အေး ချမ်းသောနည်းဟာ အောင်နိုင်ရာ ၏တဲ့။ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့ရှိတဲ့သူကို စိတ်ကောင်းစိတ် သန့်လေးနဲ့ တုံ့ပြန်ရင် အောင်မြင်မှာပါတဲ့။ ကျွန်တော် ပြောတာ မဟုတ်ဘူးနော်။ မြတ်စွာဘုရား ဟောတာ။ နို့မဟုတ်ရင် တစ်ဖက်က စွပ်စွဲပြီးတော့ ဘာညာဘာညာ နဲ့ လုပ်မှာ စိုးရိမ်ရသေးတယ်’’ဟု ၎င်းက ပြောသည်။

သူရဦးတင်ဦး၏ဟောပြော ချက်ကို ပရိသတ်က သောင်း သောင်းဖြဖြအားပေးခဲ့သည်။

‘‘တွန့်တိုတဲ့သူကို ပေးကမ်း စွန့်ကြဲသောနည်းဖြင့် အောင်မြင် ရာ၏တဲ့။ အမှားတရားများကို မှန် ကန်သော သစ္စာတရားက အောင်မြင်ရာ၏။ အဲဒါလောက်လေး နား လည်သွားမယ်ဆိုရင်တော့ အေး ချမ်းမှာပဲလို့ အောက်မေ့ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဆန့်ကျင်ပြော ရင်တော့လည်းပဲ ဗုဒ္ဓတရားကို ဆန့် ကျင်ရာရောက်ပါတယ်။ ကျွန် တော်ပုဂ္ဂိုလ်ရေးပြောတာမဟုတ် ပါဘူးနော်။ တရားရဲ့သဘောအ တိုင်းပြောတာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းဟာ အခု ရှေ့ဆက် သွားတဲ့အခါမှာလည်း တွေ့ဦးမှာ ပဲ။ အပြစ်တွေ ပြောကြဦးမှာပါပဲ။ ဒါပေမဲ့ ညီညီညွတ်ညွတ်နဲ့ ကိုယ့် လမ်းကိုယ် လျှောက်ကြရမှာပါပဲ’’ဟု ၎င်းက တိုက်တွန်းသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသူများအား ကျေးဇူးတင် ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဆရာတော် ဦးဝီရသူက လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၆ ရက်၌ ရေးသားခဲ့သည်။

‘‘ဒီပွဲမှာတော့ အနာဂတ်မြန် မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက် သာရာတော့ ရလိုက်တယ်။ ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင် တယ်။ အောင်ဝင်းခိုင်ကို ကျေးဇူး တင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်’’ဟု ဦးဝီရသူက ရေး သားခဲ့သည်။

အဘယ်ကြောင့် ကျေးဇူး တင်ကြောင်း The Speaker သတင်းဂျာနယ်က ဆရာတော် ဦးဝီရသူထံ လျှောက်ထားမေး မြန်းခဲ့ပြီးနောက် မတ်လ ၂ ရက် ထုတ် The Speaker သတင်းဂျာ နယ်အတွဲ(၁)အမှတ်(၁၅) တွင် ပုံနှိပ်ဖော်ပြခဲ့သည်။

‘‘အဓိကကတော့ တောတစ် တောရှင်းသွားတာပေါ့။ ဆိုလိုချင် တာက ရပ်ကွက်ထဲမှာ ခွေးရူးတစ် ကောင် သောင်းကျန်းနေတယ်။ ပါဏာတိပါတဆိုတဲ့ သိက္ခာပုဒ် ကြီးကို ထိန်းနေရတယ်။ ဒါပေမဲ့ ဒီခွေးရူးရဲ့ဒဏ်ကို တစ်ရပ်ကွက် လုံးက ခံနေရတယ်။ အဲဒီအချိန် မှာ အဲဒီခွေးရူးကို ရှင်းတဲ့လူတစ် ယောက်ပေါ်လာတယ်ပေါ့။ ခွေး ရူးအပေါ်တော့ မေတ္တာ၊ ကရုဏာထား တယ်။ ခွေးရူးဒဏ်ခံနေရတာ ကို တော့ ပြည်သူတွေက မလိုလား ဘူး။ အနစ်နာခံပြီးတော့ အကု သိုလ်အဖြစ်ခံပြီး ရပ်အကျိုးရွာအ ကျိုးကို သယ်ပိုးလိုက်တဲ့လူတစ် ယောက်ကို နင့်ကြောင့် ငါတို့ရပ် ရွာလေးအေးချမ်းသွားတယ်။ ခွေး ရူးအန္တရာယ်ကင်းဝေးသွားတယ်။ အဲဒီအတွက် ကျေးဇူးတင်တဲ့ပုံစံ လေးပါ’’ဟု ဦးဝီရသူက The Speaker သတင်းဂျာနယ်အား မိန့် ကြားခဲ့သည်။

ရဟန်းတစ်ပါးဖြစ်၍ ထိုသို့ ထောက်ခံခြင်းမှာ ဝိနည်းနဲ့ ညီပါသလားဟူသောမေးမြန်းချက်ကို ဦးဝီရသူက သူတစ်ပါး အသက် သတ်မှုနှင့်ပတ်သက်ပြီး အနည်း ငယ်မျှ အရိပ်အမြွက် မပြော ကောင်းကြောင်း၊ သေသည့်သူ လည်း သေသွားပြီဖြစ်ပြီး သတ် တာကို ထောက်ခံတာလည်း မဟုတ်ကြောင်း၊ သတ်ပါဟု တိုက်တွန်းတာလည်း မဟုတ်ကြောင်း၊ သတ်တာကို ချီးကျူးတာလည်း မဟုတ်ကြောင်း၊ သို့သော် တော တစ်တောကို ရှင်းလင်းပေးလိုက် သဖြင့် ကျေးဇူးတင်သည်ဟုပြော ခြင်းဖြစ်ကြောင်း ပြန်လည် မိန့် ကြားခဲ့သည်။

===========

7Day News Journal

http://www.7daydaily.com/story/90827


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အကိုဝမ်းကွဲတော်သူ Kim Jong-Nam ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာရဲ့ နောက်ဆက်တွဲအဖြစ် မလေးရှားက မြောက်ကိုရီးယား သံအမတ်ကို မောင်းထုတ်လိုက်ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုနဲ့ဆိုင်တဲ့ မလေးရှားရဲ့ စုံစမ်းစစ်ဆေးမှုတွေကို သံအမတ်ကြီးက ဝေဖန် ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် သူ့ကို သံတမန်အဖြစ် မလိုလားအပ်သူအဖြစ် သတ်မှတ်ကြောင်း မလေးရှား နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီးကို အခုလို မောင်းထုတ်လိုက်တာဟာ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ တရားမ၀င်တဲ့ လုပ်ရပ်တွေအတွက် မလေးရှားကို အသုံးပြုနေတယ်ဆိုတဲ့အပေါ် မလေးရှားအစိုးရအနေနဲ့ စိုးရိမ်တဲ့အကြောင်း ပြသလိုက်တာဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီး Kang Chol အနေနဲ့ တိုင်းပြည်အတွင်းက ၄၈ နာရီအတွင်း ထွက်ခွာသွားဖို့ စနေနေ့မနက်က မြောက်ကိုရီးယားသံရုံးကို မလေးရှားအစိုးရက အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားအနေနဲ့ တောင်းပန်ဖို့ မလေးရှားဘက်က တောင်းဆိုခဲ့ပေမဲ့ တုံ့ပြန်ချက် တစုံတရာ မရခဲ့ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထာါးပတယ်။

Kim Jong-Nam ကိုတော့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်ဓာတုပစ္စည်းတွေနဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သတ်ဖြတ်မှုကို မြောက်ကိုရီးယားက ကျူးလွန်ခဲ့ကြောင်း တောင်ကိုရီးယားက ပြစ်တင် ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ စုံစမ်း စစ်ဆေးမှုဟာ သူတို့ရဲ့ ရန်သူတွေက နိုင်ငံရေးအရ ရည်ရွယ်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရန်ကုန် တိုင်း နယ်လုံ ဝန်ကြီး က ခေတ္တ တာဝန်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေ
ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ နှလုံးခွဲစိတ် ကုသမှု ခံဖို့ အတွက် တာဝန်က ယာယီ အနားယူ နေပါတယ်။

ကျင်းပဖို့ ရှိနေတဲ့ ရန်ကုန်တိုင်း လွှတ်တော် ကို တက်ရောက် နိုင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြား ခဲ့ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် က နှလုံး ခွဲစိတ်ကုသမှု ခံယူဖို့ အတွက် ခေတ္တ အနားယူမှာ ဖြစ်တာကြောင့် ရန်ကုန်တိုင်း လွှတ်တော် ကို ခွင့်တင် ထားခဲ့ကြောင်း သိရှိရပါတယ်။

ရက်သတ္တပတ် နှစ်ပတ် ကနေ တစ်လ အကြား ဆေးကုသမှု ခံယူရမှာ ဖြစ်တဲ့ အတွက် အဲဒီ အချိန်တွေမှာ ဝန်ကြီးချုပ် လုပ်ငန်း တာဝန် တွေကနေ ခဏ အနားယူ ထား တာပါ။

ဝန်ကြီးချုပ် နေရာမှာ အစားထိုး တာဝန်ယူ ဖို့ အတွက် အစိုးရ ဘက်ကရော၊ NLD ပါတီ ဘက်ကပါ တရားဝင် ထုတ်ဖော် ပြောကြား ထားတာ မရှိပေမယ့် ရန်ကုန် တိုင်း နယ်လုံ ဝန်ကြီး က ခေတ္တ တာဝန်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သက်ဆိုင်ရာ ဌာန တွေရဲ့ ဝန်ကြီးတွေဟာလည်း အစိုးရ အလုပ်တွေကို ဆက်လုပ် နေမှာ ဖြစ်တဲ့ အတွက် အစိုးရ ယန္တရား ကတော့ ဆက်လက် လည်ပတ် နေမယ်လို့ ဒေါ်စန္ဒာမင်း က ဆိုပါတယ်။

တိုင်းဒေသကြီး အစိုးရ အဖွဲ့မှာ ဝန်ကြီးချုပ် က အကြောင်းကြောင်းကြောင့် တာဝန် မထမ်းဆောင် နိုင်တဲ့ အခါမှာ နယ်လုံ ဝန်ကြီး က ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် ရမယ် ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်မျိုးတော့ မရှိပါဘူး။

ဒေသဆိုင်ရာ အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ရာထူး ကနေ ခေတ္တ အနားယူ တဲ့ အခါမှာ ဘယ်သူ့ ကိုဖြင့် အစားထိုး တာဝန် ထမ်းဆောင် စေမယ် ဆိုတဲ့ ကြေညာချက် မျိုး နိုင်ငံတော် သမ္မတရုံး က ထုတ်ပြန်ဖို့ လိုအပ်မှာ ဖြစ်ကြောင်း ဒေါ်စန္ဒာမင်း က ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ဟာ နယ်မြေ ကျယ်ဝန်း ပြီး မြို့နယ် များပြားတဲ့ အတွက် လုံခြုံရေး မကျိုးပေါက်ဖို့ အရေးကြီး ကြောင်း၊ အဲဒီ အတွက် စစ်တပ်က ခန့်အပ် ထားတဲ့ နယ်လုံ ဝန်ကြီး ကို ဝန်ကြီးချုပ် အဖြစ် တာဝန် ယူစေတာ ဖြစ်နိုင်ကြောင်း သူ့ရဲ့ ကိုယ်ပိုင် အမြင် ကို ဒေါ်စန္ဒာမင်း က ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



တရုတ်နိုင်ငံသား (၇)ဦးကို လည်း ဖမ်းဆီးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့
လှိုင်သာယာစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ နဲ့ စက်ရုံတာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စက်ရုံပိုင် ပစ္စည်းတွေကို အလုပ်သမားတွေက ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အနည်းဆုံး အခကြေးငွေနဲ့ ပတ်သက်လို့ တောင်းဆိုမှုတွေ လုပ်ခဲ့အပြီး စက်ရုံအလုပ်သမားခေါင်းဆောင်ကို အလုပ်ကနေ ထုတ်ပယ်တဲ့အတွက် အလုပ်မဆင်းပဲ စက်ရုံဝင်းထဲမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ (၂၃) ရက်နေ့မှာတော့ ဆန္ဒပြအလုပ်သမားတွေဟာ စက်ရုံပိုင် ပစ္စည်းတွေဖျက်စီးပြီး စက်ရုံကို မီးရှို့ခဲ့သလို တရုတ်နိုင်ငံသား (၇)ဦးကို လည်း ဖမ်းဆီးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အလုပ်သမားတွေဘက်ကတော့ စွပ်စွဲပြောနေကြသလို သူတို့ဘက်က ကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ ဆန္ဒပြ အလုပ်သမားခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ မချစ်ဆုဝေက ပြောပါတယ်။

ဒီဖြစ်ရပ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဝင်ရောက်ဖြေရှင်းခဲ့ ပြီးတော့ အလုပ်သမားတွေ အနေနဲ့ မီးရှို့ဖျက်စီးတာ၊ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

တရုတ်သံရုံးကတော့ သူတို့နိုင်ငံသားတွေရဲ့ အသက်လုံခြုံရေး နဲ့ အကျိုးစီးပွားကို အကာကွယ်ပေးဖို့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုချက်ကို တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ်အထိတော့ အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးတာ မရှိသလို စက်ရုံကိုလည်း ပိုင်ရှင်က ပိတ်ထားပါတယ်။

စက်မှုဇုန်တွေမှာ အခုလိုနိုင်ငံခြားသားပိုင် စက်ရုံတွေမှာ အလုပ်ရှင် အလုပ်သမားအကြား ဖြစ်တဲ့ ပြဿနာတွေကို မကြာခဏ ဖြေရှင်းနေရပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံသားပိုင် စက်ရုံတွေမှာ ဖြေရှင်းရတာ အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းဇော် က ပြောပါတယ်။

အခု ပြဿနာဖြစ်နေတဲ့ ဟန်ကျိုးပိုင်ရီ စက်ရုံမှာတော့ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်ကို အလုပ်ပြန်ခန့်ဖို့ အလုပ်သမားအရေးဖြေရှင်းပေးတဲ့ ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချထားပါတယ်။

အလုပ်သမားတွေဘက်ကတော့ အလုပ်သမားခေါင်းဆောင်ကို ပြန်ခန့်ပေးလိုက်တဲ့အတွက် တောင်းဆိုမှုတွေ ထပ်မလုပ်တော့ဘဲ စက်ရုံပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့လို့ တိုင်ကြားရင် ဥပဒေကြောင်းအရ ရင်ဆိုင်မယ်လို့ ပြောကြားနေပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဒီတိုးနှုန်းအရ စစ်အသုံးစရိတ်ဟာ ၂၀၁၇ တနိုင်ငံလုံး ပြည်တွင်း အသားတင် ထုတ်ကုန်ရဲ့ ၁.၃ ရာခိုင်နှုန်းရှိမှာ ဖြစ်
တရုတ်နိုင်ငံက ၂၀၁၇အတွက် စစ်အသုံးစရိတ်ကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ ထုတ်ပြန်မယ်လို့ ကြေညာခဲ့ပါတယ်။

တရုတ်ရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဖုရင်က

'တရုတ်နိုင်ငံဟာ နှစ်စဉ် ကာကွယ်ရေး လိုအပ်ချက်နဲ့ စီးပွားရေး တိုးနှုန်းအရ တွက်ချက် ချိန်ဆပြီး ၂၀၁၇ မှာ စစ်အသုံးစရိတ် ၇ ရာခိုင်နှုန်း တိုးသုံးမယ်' လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒီတိုးနှုန်းအရ စစ်အသုံးစရိတ်ဟာ ၂၀၁၇ တနိုင်ငံလုံး ပြည်တွင်း အသားတင် ထုတ်ကုန်ရဲ့ ၁.၃ ရာခိုင်နှုန်းရှိမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် စစ်အသုံးစရိတ် အများဆုံးဖြစ်ပေမယ့် အမေရိကန်ကတော့ သူ့ထက် လေးဆ များနေပါသေးတယ်။

ဒါပေမယ့် တရုတ်ကို စောင့်ကြည့် အကဲခတ်သူတွေကတော့ တရုတ် တကယ်သုံးတဲ့ စရိတ်ဟာ ဒီထက် များနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

မစ္စ ဖုရင်ကတော့ အမေရိကန်ဘက်က ဒီကိစ္စအပေါ် သူတို့ စစ်အသုံးစရိတ်ကို ကျော်သွားလိမ့်မယ်လို့ စိုးရိမ်မှုတွေ ရှိပေမယ့် လက်တွေ့မှာ တရုတ်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်ပြီး အမေရိကန်ကို မှီဖို့ အများကြီးလိုသေးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လောလောဆယ် အမေရိကန်ရဲ့ စစ်အသုံးစရိတ်ဟာ ဘီလီယံ ၆၀ဝ ဝန်းကျင်ရှိနေပြီး တရုတ်ကတော့ ဘီလီယံ ၂၀ဝ ကျော် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အမေရိကန်ရဲ့ စစ်အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့နှစ်တွေ အတွင်းမှာ စစ်တပ်ထက်စာရင် လေယာဉ်တင် သင်္ဘောနဲ့ တာဝေး ဗုံးကြဲလေယာဉ်လို သူ့ရဲ့ အင်အား အလှမ်းကျယ်မှုကို ပြသနိုင်တဲ့ နည်းပညာတွေမှာပဲ အာရုံစိုက် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ၂၀၁၅ စစ်အသုံးစရိတ် ထက် ၁၀ ရာခိုင်နှုန်း လျှော့နေသေးပြီး အခုတကြိမ်ကိုပါတွက်ရင် တရုတ်အတွက် သုံးနှစ်ဆက်တိုက် စစ်အသုံးစရိတ် တိုးနှုန်းကို လျှော့ချလာတာ ဖြစ်ပါတယ်။

ဒီတိုးမြှင့်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း တရုတ်ရဲ့ ပါလီမန် ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးစတဲ့ အချိန်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

တရုတ်ဟာ တောင်တရုတ် ပင်လယ်က နယ်နမိတ် အငြင်းပွားမှုတွေ ရှိနေတဲ့ နေရာမှာ ကျွန်းတုတွေ ဆောက်လုပ်နေပြီး ဒီကျွန်းတွေကို စစ်ရေးအရ မသုံးဘူးလို့ ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ ကာကွယ်ရေး ရည်ရွယ်ချက်နဲ့ လိုအပ်ချက်အရ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ထားတယ်လို့ ဝန်ခံခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်က နယ်နမိတ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိခဲ့သလို အမေရိကန်ရဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောကို တရုတ်ဘက်က သိမ်းယူထားပြီးမှ ပြန်ပေးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အလားတူပဲ တရုတ် သင်္ဘောတွေဟာ ဒီဒေသက ဖိလစ်ပိုင်နဲ့ ဗီယက်နမ် သင်္ဘောတွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ဖူးပေမယ့် ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးကတော့ သမ္မတ ဒူတားတေး တရုတ်ကို သွားရောက်ပြီး နောက်ပိုင်း ပြန်လည် တိုးတက်လာခဲ့ပါတယ်။

ဒီဒေသမှာ တရုတ်နဲ့ အလားတူ နယ်နမိတ် ပြဿနာတွေ ရှိနေတဲ့ ဂျပန်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက စံချိန် တင်တိုးထားတဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ကြေညာထားတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတဲ့အတွက် ဒေသတွင်း တင်းမာမှုတွေ ဆက်ရှိနေနိုင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ကျောင်းသားတွေကိုတွေ့ဆုံနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (March 3, 2017)
မြောက်ကိုးရီးယား ခေါင်းဆောင်ရဲ့ အဖေတူ၊ အမေကွဲ အကို Kim Jong-Nam အသတ် ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ့နိုင်ငံကို အမေရိကန်တို့က အကြမ်းဖက်သမား အဖြစ် စာရင်း သွင်းလိုက်ရင် အကြီးအကျယ် ပြန်ပေးဆပ်ရမယ်လို့ မြောက်ကိုးရီးယားက စနေနေ့မှာ ပြောပါတယ်။

ဒီ လူသတ်မှုမှာ ပူးပေါင်းကြံစည်သူအဖြစ် ခေါင်းဆောင် Kim Jong Un ကိုသံသယ ရှိနေတာပါ။ အသက် ၄၅ နှစ်အရွယ်Kim Jong-Nam ဟာ မလေးရှားနိုင်ငံက လေဆိပ်မှာ အာရုံကြောကို ထိခိုက်စေတဲ့ VX အဆိပ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံ လိုက်ရတာပါ။ VX အဆိပ် ဓာတု ပစ္စည်းဟာ လူအမြောက်အများ သေစေနိုင်တဲ့ ပစ္စည်းအဖြစ် ကုလသမဂ္ဂက ပိတ်ပင်ထားတဲ့ ဓာတုပစ္စည်းများ စာရင်းမှာ ပါဝင်ပါတယ်။ Kuala Lumpur လေဆိပ်မှာ Kim Jong-Nam ခုလို အသတ်ခံ လိုက်ရတဲ့ကိစ္စကို နိုင်ငံတကာက အာရုံစိုက်နေ ကြပါတယ်။

ဂျပန်နဲ့တောင်ကိုးရီးယား သတင်းဌာနတွေက သံတမန်တွေကို ကိုးကားပြီး အမေရိကန် နိုင်ငံဟာ မြောက်ကိုးရီးယားကို အကြမ်းဖက်နိုင်ငံ စာရင်းထဲ ပြန်သွင်းဖို့ စဉ်းစားနေတယ် ဆိုပြီး ဖော်ပြခဲ့တာဖြစ် ပါတယ်။ ဒီအကြမ်းဖက် စာရင်းထဲမှာ အီရန်နဲ့ ဆီးရီးယားတို့ ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေကို အခြေ ခံပြီး မြောက်ကိုးရီးယားကို အကြမ်းဖက်စာရင်းထဲပြန်ထည့်မယ်ဆိုရင် ဘယ်လို ကြီးကြီး မားမား ပြန်ပေးဆပ် ရမလဲဆိုတာ ကောင်းကောင်း သတိပြုမိမှာပါလို့ မြောက်ကိုးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက နိုင်ငံပိုင် သတင်းဌာန KCNA ကိုပြောပါတယ်။

အကြမ်းဖက်မှုအားလုံးကို မြောက်ကိုးရီးယားက ဆန့်ကျင်သလို အမေရိကန်က သူ့ရဲ့ ဂုဏ် သတင်း မှေးမှိန်အောင် လုပ်နေတယ်ဆိုပြီးတော့လည်း ပြောခွင့်ရသူက စွပ်စွဲပြော ဆိုပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 အမေရိကန် နိုင်ငံ တဝှမ်း မှာ အစိုးရ အသစ်အပေါ်မှာ နိုင်ငံရေး အရ ကန့်ကွက် ဆန္ဒပြပွဲ တွေ ဟာ လည်း မစ္စတာ အိုဘားမား နဲ့ သူ့လူတွေ ရဲ့ လှုံဆော်ချက် လို့ ပြော
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က သမ္မတဟောင်း အိုဘားမား ကို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ ကာလ တုန်း က သူ့တယ်လီဖုန်း လိုင်း ကို တိတ်တဆိတ် ကြားဖြတ် ခိုးနားထောင်တဲ့ အကြောင်း စွပ်စွဲ လိုက်ပါတယ်။

ဒီ လုပ်ရပ် ဟာ ၁၉၇၂ ခုနှစ် သမ္မတဟောင်း နစ်ဆင် လက်ထက်တုန်း ကလို ဝါတာဂိတ် အရှုပ်တော်ပုံ နဲ့ သဏ္ဍာန်တူတဲ့ အကြောင်း လည်း ပြောပါတယ်။

တကယ်တော့ အမေရိကန် သမ္မတ တွေ အားလုံး အနက် သမ္မတ ထရမ့် ဟာ အင်မတန်ရှုပ်ထွေးတဲ့ စီးပွားရေး ဆက်သွယ်မှု တွေ ရှိတဲ့သူ ဆိုတာ ကျနော် တို့ နိုင်ငံရေး သမိုင်းမှာ ထင်ရှားသူပါ။ သူ့ရဲ့ အကျိုးစီးပွား တွေ ထဲမှာလည်း ကြီးမားတဲ့ အငြင်းပွားစရာ တွေ အများကြီး ရှိနေလို့ အမေရိကန် မဲဆန္ဒရှင်တွေ အနေနဲ့ မနှစ်မြို့ စရာ ဖြစ်နေပါပြီ လို့ သမ္မတ နစ်ဆင် လက်ထက် က အမှုထမ်းဖူးတဲ့ အိမ်ဖြူတော် အရာရှိ ဂျွန်ဒင်းက ပြောပါတယ်။

ဒီစွပ်စွဲတွေ ကို သမ္မတ ထရမ့် အနေနဲ့ ခိုင်လုံတဲ့ သက်သေပြချက် တော့ အတိအကျ မပြောပါဘူး။

သမ္မတ ဟောင်း အိုဘားမား ရဲ့ ပြောခွင့်ရ Kevin Lewis ကတော့ မဟုတ်မမှန် တဲ့ စွပ်စွဲချက် လို့ အိုဘားမားရဲ့ ကြေညာချက် ကို ကိုးကားပြီး ပြောလိုက်ပါတယ်။

အက်ဖ်ဘီအိုင် က ပြီးခဲ့တဲ့ နွေရာသီ က ပြည်ပထောက်လှမ်းရေး စောင့်ကြပ်တဲ့ ခုံရုံးမှ တဆင့် သမ္မတ ထရမ့် ရဲ့ လူတွေ ဟာ ရုရှ အစိုးရ အရာရှိတွေ နဲ့ မသင်္ကာ ဖွယ် ဆက်သွယ်မှု တွေ ရှိနေတယ် ဆိုတာ ကို ရှာဖွေ စုံစမ်းခွင့် ရဖို့ ဝရမ်း လျှောက်ခဲ့ကြောင်း သတင်းမီဒီယာ တွေ ဘက် ကလည်း ပြောနေကြပါတယ်။

ဒီရှာဖွေ ဝရမ်း ကိုလည်း ပထမ ပိုင်း ပယ်ချခဲ့ပေမဲ့ ပြီးခဲ့နှစ် အောက်တို ဘာလ ကတော့ ပြန်လည် ခွင့်ပြုခဲ့ ကြောင်း မီဒီယာ တွေ မှာ ဖေါ်ပြ ထားကြပါတယ်။

ဒါပေမဲ့ တရားဝင် ခွင့်ပြုမိန့် ကျမကျ ဆိုတာ ကတော့ မသေချာပါဘူး။ သမ္မတ ထရမ့် က မစ္စတာ အိုဘားမား အပေါ် မှာ နောက်ထပ် စွပ်စွဲ ချက် ကတော့ အမေရိကန် နိုင်ငံ တဝှမ်း မှာ အစိုးရ အသစ် အပေါ်မှာ နိုင်ငံရေး အရ ကန့်ကွက် ဆန္ဒပြပွဲ တွေ ဟာ လည်း မစ္စတာ အိုဘားမား နဲ့ သူ့လူတွေ ရဲ့ လှုံဆော်ချက် လို့ ပြောတဲ့ သတင်း ကို ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ က ပေးပို့ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese


ပဋိဇီဝဆေးဝါးသစ်တွေကို နောက်ထပ် အချိန်မီ မထုတ်နိုင်ခဲ့ရင် သာမန်ရောဂါကူးစက်မှုတွေကနေ လူတွေသေဆုံးနိုင်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ - သိပ္ပံပညာရှင်တွေအနေနဲ့ ပဋိဇီဝဆေးသစ်တွေကို သုတေသနပြု ထုတ်လုပ်ဖို့နဲ့ အစိုးရတွေအနေနဲ့ ရန်ပုံငွေတွေ ပံ့ပိုးပေးကြဖို့ အရေးပေါ် တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Carol Pearson ၀ါရှင်တန်ကနေ ပေးပို့ထားတဲ့ သတင်းလွှာကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

ကမ္ဘာကြီးဟာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါပိုးကူးစက်မှုတွေကြောင့် သေ ဆုံးရမယ့် ကာလတခုကို ချဉ်းနင်းဝင်ရောက်လာနေပါတယ်။ ဒီလိုအခြေအနေအပေါ် တက္ကဆက်တက္ကသိုလ်၊ အနောက်တောင်ပိုင်း ဆေးပညာဌာနက Dr. Trish Perl တို့လို ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။

“ပဋိဇီဝဆေးတွေ မရှိခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၇၀၊ ၈၀ လောက်တုန်းက ဆေးပညာကို လူတွေ ချက်ခြင်း သဘောပေါက် သွားကြပါလိမ့်မယ်။”

လူသားတွေကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ ဘက်တီးရီးယားပိုးကို တိုက်ဖျက်ဖို့အတွက် ပဋိဇီဝဆေးဝါးသစ်တွေ အရေးပေါ် လိုအပ်နေတာပါ။ လူအိုရုံတွေမှာ နေထိုင်ကြသူတွေ၊ ဆေးရုံလူနာတွေနဲ့ ကလေးတွေကတော့ အန္တရာယ် အများဆုံးပါ။ ကလေးတွေဟာဆိုရင် လူကြီးတွေထက် ခန္ဓာကိုယ်တွင်းခုခံစွမ်းအား နည်းကောင်းနည်းနိုင်ပြီး၊ လူကြီးတွေကို ပေးတဲ့ ပမာဏထက်လည်း ကလေးတွေဟာ ပဋိဇီဝဆေး သောက်ရတဲ့ ပမာဏ ပိုနည်းပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက Dr. Michael Bell ကတော့ -

“ပဋိဇီဝဆေးတွေကို အချိန်မရွေး ရနိုင်တဲ့ အကြာဆုံးကာလတခု ရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း တခုမရှိတော့ဘူးဆိုရင် နောက်တခုကို ပြောင်းသုံးကြတာပါပဲ။”

ဒါပေမဲ့လည်း ၂၀၁၀ ပြည့်နှစ်ကစလို့ အမေရိကန်မှာ ပဋိဇီဝဆေးသစ်တွေ ထုတ်လုပ်ဖို့ ပြန်စခဲ့ရတာပါ။ အမေရိကန် ကျန်းမာရေးနဲ့ လူသားအရင်းအမြစ်ဌာနက ပါမောက္ခ Joe Larsen ကတော့ အခြေအနေဟာ အရင်နဲ့မတူတော့ဘူးလို့ ဆိုပါတယ်။

“ပဋိဇီဝဆေးတွေ ရှိနေဆဲဖြစ်ပေမဲ့ - လုံလောက်တဲ့ အရေအတွက်အထိတော့ မရှိတော့ပါဘူး။ ပဋိဇီဝဆေး မတိုးတော့တဲ့ ဘက်တီးရီးယားတွေ ပိုများလာတဲ့နှုန်းကို ကာကွယ်ဖို့ မလုံလောက်တော့ပါဘူး။”

လက်ရှိပဋိဇီဝဆေးတွေဟာ သာမာန်ဆေးမတိုးတဲ့ အခြေအနေကိုလည်း ကုသနိုင်စွမ်း မရှိကြတော့ပါဘူး။ ဘက်တီးရီးယားပိုးတွေကလည်း သူတို့ကို တိုက်ဖျက်မယ့် ဆေးတွေကို ခံနိုင်ရည်ရှိတဲ့ နည်းလမ်းသစ်တွေ အမြဲတမ်း ရှာဖွေနေကြသလို၊ ခံနိုင်ရည်ရှိတဲ့ အခါမှာတော့ ဆေးမတိုးတဲ့ အဆင့်ကို ရောက်လာပါတယ်။ ဆေးမတိုးတဲ့ ပြဿနာဟာ ဆေးပညာလောကအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်လာနေပြီလို့လည်း အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက Dr. Laurie Hicks ကပြောပါတယ်။

“ပဋိဇီဝဆေးမတိုးတော့တဲ့ ရောဂါကူးစက်ခံရမှုဖြစ်ရပ်ပေါင်း ၂ သန်းကျော်ကို အမေရိကန် တနိုင်ငံတည်းမှာတင် နှစ်စဉ် မြင်တွေ့နေရပါတယ်။ အဲဒီထဲကမှ ၂ သောင်း ၃ ထောင်လောက်ဟာ သေဆုံးကြရတာပါ။”

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (CDC) ကတော့ - ပဋိဇီဝဆေးတွေကို အလွန်အကျွံ မသုံးဘဲ သတိထားကြဖို့ ဆေးရုံတွေနဲ့ ဆရာဝန်တွေကို တောင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း အလွန်အကျွံသုံးစွဲမှုအပြင် ဆေးတွေအာနိသင် လျော့ကျရတဲ့ တခြား အကြောင်းတွေလည်း ရှိပါတယ်။

“ပဋိဇီဝဆေး မတိုးတော့တာဟာ ပဋိဇီဝဆေး အလွန်အကျွံ သုံးစွဲမှုကြောင့်ပဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့စေသလို - ညစ်ပတ်နေတဲ့ အပေါ်ယံ အရေပြားတွေကနေ မရည်ရွယ်ဘဲ ထိတွေ့မှုကနေလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ကိုလည်း တပြိုင်တည်းလုပ်ဖို့ အရေးကြီးပါတယ်။”

ဆေးမတိုးတဲ့ ပြဿနာအတွက် လူနာတွေလည်း တဖက်တလမ်းက ကူညီနိုင်ကြပါတယ်။ လူနာတွေအနေနဲ့ ရောဂါသက်သာသွားရင်တောင်မှ - ညွှန်ကြားတဲ့အတိုင်း ပဋိဇီဝဆေးကို သတ်မှတ်ထားတဲ့ရက် ပြည့်တဲ့အထိ သောက်ဖို့ CDC က သူတို့ရဲ့ ၀ပ်ဆိုဒ်ပေါ်မှာ တိုက်တွန်းထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပဋိဇီဝဆေးမတိုးတော့တဲ့ ကပ်ဆိုးကြီးနဲ့ကြုံရမယ့် ခေတ်တခေတ်ကို တားဆီးနိုင်ဖို့အတွက်ကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ အကြီးတရေး ဆောင်ရွက်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

 မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အမေရိကန်ပြည်ထောင်စုကနေ အလုံးအရင်းနဲ့ ၀င်လာကြမယ့် ခိုလှုံခွင့်လျှောက်ထားသူတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ကနေဒါနိုင်ငံအနေနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေ အဆင်သင့် ရှိနေသလို တရားဥပဒေ စိုးမိုးမှုတွေလည်း ပြဌာန်းထားပြီးဖြစ်ကြောင်း ကနေဒါအစိုးရ ပြည်သူ့လုံခြုံရေးဌာန၀န်ကြီးက ပြောကြားလိုက်ပါတယ်။

အခုနှစ်အတွင်း အမေရိကန်ဘက်ကနေ လူပေါင်း ၂၀၀ လောက် တရားမ၀င် ၀င်ရောက်ခဲ့တဲ့ ကနေဒါနိုင်ငံ Manitoba ပြည်နယ်၊ Emerson နယ်စပ်မြို့ကို အဲဒီ ပြည်သူ့လုံခြုံရေးဌာန၀န်ကြီး Ralph Goodale စနေနေ့က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ရောက်လာကြတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို အကူအညီပေးရေး လိုအပ်တဲ့ အသုံးစားရိတ်တွေ ထောက်ပံ့ပေးဖို့ Manitoba နဲ့ Quebec ပြည်နယ်တွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရအနေနဲ့ နည်းလမ်းရှာဖွေနေကြောင်း ၀န်ကြီး Ralph Goodale က ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူတွေ တိုးများလာတဲ့ အကြောင်းရင်းတခုဟာ အမေရိကန်နိုင်ငံအတွင်း တရားမ၀င် နေထိုင်သူတွေကို လိုက်လံ ဖမ်းဆီးနေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံအတွင်း တရားမ၀င် လာရောက်နေထိုင်သူတွေ၊ အထူးသဖြင့် ရာဇ၀တ်မှု ကျူးလွန်ထားသူတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံတ၀ှမ်း လိုက်လံ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

အတိုက်အခံပါတီဝင်တွေကတော့ တရားမ၀င် နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်လာသူတွေကို စွဲချက်တင် အရေးယူဖို့ အစိုးရကို တောင်းဆိုနေပါတယ်။ ဒါပေမဲ့ ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေအပေါ် စွဲချက်တင်လို့ မရနိုင်ကြောင်း ၀န်ကြီး Ralph Goodale က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


သိန်းနီ မတ် ၎

သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မတ် ၃ ရက်က ကျောက်စိမ်းများ သယ်ဆောင်လာကြောင်း သတင်းအရ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဝင်များသည် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့်ယာဉ်ကို တားဆီးရာ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ယင်းယာဉ်အား လိုက်လံဖမ်းဆီးရာ ရေပူစခန်းအကျော် နှစ်မိုင်ခန့်အကွာ လမ်းညာဘက်ပန်စုံရွာအတွင်း ဝင်ရောက် မောင်းနှင်၍ ယာဉ်အား ထားရှိကာ ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

၎င်းယာဉ်အား ရေပူစခန်းအတွင်း ပြန်လည်မောင်းနှင်ခဲ့ပြီး အသေးစိတ် ရှာဖွေရာ ဆီတိုင်ကီအတွင်း အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ကျောက်စိမ်းများ တွေ့ရှိခဲ့ပြီး ယင်းကျောက်စိမ်းများအား အသေးစိတ်စစ်ဆေး၍ လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်လှ(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ဆွေဝင်း/ Myanmar Now

ရန်ကုန် (Myanmar Now)— ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေး ၀န်ကြီးဌာနတာဝန်ရှိသူများက ရာဇသတ် ကြီး ပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ဖို့ ပြင်ဆင် နေတယ် လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါ တယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးမယူတာကို မီဒီယာကမေးရာမှာ ဒီဥပဒေနဲ့ အရေးမယူဘူးဆိုတာ မနှစ် နှောင်းပိုင်းကဖြစ်သွားတဲ့ ရခိုင်ပြည်နယ် မောင်တော ရဲကင်းစခန်းများ ၀င်ရောက် တိုက်ခိုက်တဲ့ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကိစ္စတွေမှာတောင် အကြမ်းဖက် မှုဥပဒေကို မသုံးခဲ့ကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတည်းသာသေဆုံးတဲ့ ဦးကိုနီ ကိစ္စကိုလည်း အကြမ်းဖက်မှုပုံစံနဲ့ မကိုင် တွယ်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောခဲ့ပါတယ်။

ဦးကိုနီလုပ်ကြံမှုဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင် ပါ သလား၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူ ခဲ့မယ် ဆိုရင် ဘာတွေ ဖြစ်လာမလဲ၊ တရားရုံးတင် စစ်ဆေးတဲ့ အခါ မှာရော အခုစွဲချက်တင်မယ့် ပုဒ်မ တွေကို အပြောင်းအလဲဖြစ်သွားနိုင်မလား ဆိုတာကို အသက် ၇၂ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို Myanmar Now က သွားရောက် မေးမြန်းခဲ့ပါတယ်။

ဦးကြီးမြင့်ဟာ ၁၉၇၀ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် တို့မှာ နိုင် ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးတော့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့မှာ ယာယီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။

မေး။ ။ ဦးကိုနီအမှုမှာ လူသတ်မှုပုဒ်မ ၃၀၂ လို ရာဇ၀တ်မှုနဲ့ အရေးယူတယ်။ ဒါဟာ လုံလောက်တဲ့ စွဲချက်တွေလို့ ဆရာထင် လား။

ဖြေ။ ။ မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီ ၃၀၂ ဆိုတာက သာမန်လူသတ်မှုပဲလေ။ ဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေက ၂၀၁၄ ခုနှစ်ကျမှပေါ်တာ။ ဘာလို့ပေါ်ရ လဲဆိုတော့ ရှိနေတဲ့ဥပဒေနဲ့ မလုံလောက် တော့ဘူး။ အကြမ်းဖက်တာကြီးက တအား ကိုခေတ်မီလာပြီးတော့၊ အုပ်စုနဲ့ ဂိုဏ်းနဲ့ဖွဲ့ လာပြီးတော့ အရမ်းကိုသူတို့ဘက်က ခေတ်မီမီလူသတ်မှုတွေ ဖြစ်လာတဲ့အခါ ကျတော့ ဒီဥပဒေမျိုးနဲ့ ပြန်လည်တုံ့ပြန်မှ ရမယ်ဆိုပြီး ဒီဥပဒေကို လွှတ်တော်မှာတင် အတည်ပြုလိုက်တာ။

ကမ္ဘာ့စံချိန်မီဥပဒေအနေနဲ့ ပြဋ္ဌာန်း လိုက်ရ တာ။ ဦးကိုနီအမှုကိုကြည့်မယ်ဆိုလို့ရှိရင် ခဲလုံးတစ်လုံးတည်းနဲ့ ပစ်မှတ် ၄၊ ၅ ခု လောက်ကို မှန်အောင်ပစ်တာ။ ဗုဒ္ဓဘာသာ ၀င်တွေနဲ့ မူစလင်တွေစိတ်ဝမ်းကွဲပြား အောင်၊ အခြေခံဥပဒေပြင်ဆင်ရေးကို ရှေ့မတိုးရဲအောင်၊ မလုပ်ရဲအောင်ပေါ့။ နောက်တခါ စစ်အာဏာရှင်သက်ဆိုးရှည် ရေး အတွက် အားထုတ်နေတဲ့ ခရိုနီတွေ ရဲ့လှုပ်ရှားမှုတွေက ရှေ့ထွက်လာတာ။ အဲ့ဒီလိုဂိုဏ်းနဲ့၊ အုပ်စုနဲ့လုပ်တဲ့ဟာတွေ မှန်သမျှ သည် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေနဲ့ တည့်တည့်ပဲ။ ဒီဥပဒေနဲ့ အရေးယူမှုတွေ လုပ်ရမယ်။ သာမန် ၃၀၂ လောက်နဲ့မ ဟုတ်တော့ဘူး။ သာမန် ရည်းစားနဲ့မကျေနပ်လို့ ကတ်ကြေးနဲ့ ထိုးသတ်သလို ရိုးရိုးမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်နဲ့ပတ် သက်နေတဲ့ အကြမ်းဖက်မှု ဖြစ်တယ်။ လေဆိပ်မှာဖြစ်တဲ့ကိစ္စ။ လေဆိပ်ဝန်ဆောင်မှုဖြစ်နေစဉ်ဆိုတာ ဘာကိုအဓိပ္ပါယ်ခေါ် သလဲဆိုတာ ပါလာ တယ်။ လေယာဉ်ပေါ်က ဆင်းလာပြီး ၂၄ နာရီကာလအတွင်းကို လေယာဉ်ဝန်ဆောင် မှုကာလလို့ခေါ် တယ်။ အဲ့ဒီကာလမှာဖြစ် တာတွေက သေဒဏ်ပဲ။ အထူးသဖြင့် လေဆိပ်မှာဖြစ်တာကိုလည်း အကျုံးဝင် စေတယ်။

မေး။ ။ အကြမ်းဖက်မှုဥပဒေမှာကော အတိအကျဘယ်လိုတွေ အဓိပ္ဗါယ်ဖွင့်ဆိုထားလဲ။

ဖြေ။ ။ ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ထားတာက အကြမ်းဖက်မှုဆိုသည်မှာ အကြမ်းဖက်မှု တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့် ကျူးလွန်သူ၊ သို့မဟုတ် ကျူးလွန်ရန်အား ထုတ်သူကိုသော်လည်းကောင်း၊ အကြမ်း ဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြား သူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော် လည်းကောင်း ဆိုလိုတယ်။

အကြမ်းဖက်သမားဆိုသည်မှာ၊ အကြမ်း ဖက်အုပ်စုဆိုသည် မှာ အကြမ်းဖက်မှုတခုခု ကျူးလွန်ရန် အချိန်ကာလတစ်ခုခုယူ၍ ဖွဲ့စည်းထားသည့် လူ ၂ ဦးနှင့် အထက်ပါသော အသင်းအ ဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ လည်းကောင်း၊ ဗဟိုအဖွဲ့က ပြည် ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့် လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုသည် ပါဝင်သည်။ နောက်တစ်ခါ လှုံ့ဆော်မှုဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန် ရန်အတွက် လှုံဆော်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား သို့မဟုတ် သတင်းစကား အချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြန့် ဝေခြင်း၊ အားပေး အားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် ကြားမြင်သိရှိခြင်းကို ဆိုသည်။

မေး။ ။ ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက် အရဆိုရင် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ယခင်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး ဟောင်း လင်းဇော်ထွန်းဟာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဦးကိုနီကိစ္စမကျေမနပ်ပြောခဲ့တယ်။ ဒီလိုပြောပြီး အပြန်မှာ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးက ကားပေါ်မှာစကားပြောရင်း ဦးကိုနီကိုသတ်ဖို့ စတင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှုဖြစ်ပြီး သူ့ကို ခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ဒီကိစ္စမှာ သူမပါဘူးဆိုပြီး သတင်းထုတ်ပြန်ထား တယ်။ ဦးလင်းဇော်ထွန်းကိုယ်တိုင်လည်း သူဦးကိုနီကိစ္စ အောင်ဝင်းခိုင်တို့၊ ဇေယျာဖြိုးတို့နဲ့ စကားပြောဖူးတာ သာရှိတယ်၊ သတ်မယ့်ကိစ္စသူမသိ၊ သူမပါဘူးဆိုပြီး သတင်းမီဒီယာတွေကို ပြောနေတယ်။ ဆိုတော့ ဦးလင်းဇော်ထွန်းရဲ့ အခြေအနေကို ဥပဒေကြောင်းအရ ဘယ်လိုမြင်လဲ။

ဖြေ။ ။ သူက လှုံ့ဆော်မှုထဲမှာပါတယ်။ သတင်းအချက်အလက်ကို သိသိ သာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဒီလိုကျူးလွန်ဖို့ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းဆိုတာပါ။

မေး။ ။ ဒါပေမဲ့ တိုက်ဆိုင်တာရော မဖြစ်နိုင် ဘူးလား။ ဦးကိုနီကိစ္စ စကားပြောမိတယ်။ သူစကားပြောပြီးအပြန်မှ ဟိုနှစ်ယောက်က သူတို့ဘာသာသူတို့ ဦးကိုနီကိုသတ်ဖို့ ကြံ တယ်။ နောက်သူလုံးဝမသိ၊ မမျှော်လင့်ပဲနဲ့ အခုလိုလုပ်ကြံမှုဖြစ်သွားတယ်။ ဒါမျိုး မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတဲ့ ဟာကို ဥပဒေက အဲ့ဒီလိုပြောလို့မရဘူး။ ဥပဒေမှာက ရှင်းရှင်းလေးပဲ။ အဲ့ဒီကိစ္စမဖြစ် ခင် ဒီစကားတွေပြောခဲ့တယ်။ ပြီးတော့ အဲ့ဒီကိစ္စဖြစ်သွားတယ်။ ဒါပဲ။ အဲ့ဒီတော့ ဥပဒေက ဒီစကားရပ်တွေနဲ့ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အားပေးအားမြှောက် ပြုရာရောက်တယ်။

မေး။ ။ ဒါဆိုရင် ဒီအကြမ်းဖက်ဥပဒေ နဲ့အရေးမယူဘဲ ရာဇ၀တ်မှုနဲ့ပဲ အရေးယူ တာဟာ အာဏာပိုင်တွေက တမင် သက်သက် နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား။

ဖြေ။ ။ ဒီကိစ္စကြီးက ကျယ်ပြန့်သွားပြီး တော့ အများကြီး ဒီမှာပါလာနိုင်တယ်။ နောက်တစ်ခါ အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေနဲ့သာစွဲမယ်ဆိုရင် ဘယ်သူမှ သေဒဏ်ကနေမလွတ်ဘူး။ အခုဒီမှာက ကြည်လင်းက သေဒဏ်ကျပြီး ကျန်တဲ့သူ တွေက တစ်သက်တစ်ကျွန်းတို့၊ ၁၀ နှစ်တို့ ဘာတို့နဲ့ ကျသွားပြီး ပြီးသွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒီလမ်းကြောင်းကြီးကို ခင်းထားတယ်။

မေး။ ။ စွဲချက်တင်တာတော့ ရဲတပ်ဖွဲ့ကနေ စွဲချက်တင်တာပေါ့။ တရားရုံးမှာကော ပြောင်းလို့မရဘူးလား။ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ ဒီပုဒ်မတွေ ပြောင်းလိုက်တာမျိုးပေါ့။

ဖြေ။ ။ ဒါက ဥပဒေ၀န်ထမ်းမှာ တာဝန်ရှိ တယ်။ နိုင်ငံတော်ကို ကိုယ်စားပြုမယ့် ဥပဒေ၀န်ထမ်းက သတ္တိရှိမယ်၊ ဥပဒေကို ကျွမ်းကျင်မယ်၊ တိုင်းပြည်အပေါ်မှာ စေတနာထားမယ်ဆိုရင် ရဲတပ်ဖွဲ့က ဘယ်လိုပဲတင်တင်၊ ဥပဒေ၀န်ထမ်းက ဒီကိစ္စဟာ ဒီဥပဒေနဲ့မဟုတ်ဘူး၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရ မယ့်ကိစ္စ၊ ပြန်စစ်ပြီး သူက အမှုကို တည် ဆောက်လို့ ရတယ်။ ဥပဒေ၀န်ထမ်းက ဒီနေရာမှာ အချက်ပဲ။

မေး။ ။ အခုကော အဲ့ဒီလိုတည်ဆောက် မယ်လို့ ယုံကြည်လား။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဆရာလဲသိတာပဲ။ တရားရေးအဖွဲ့နဲ့ အားပြိုင်လို့ရှိရင်ပေါ့။

ဖြေ။ ။ ဒီဟာမှာ ရှေ့နေချုပ်ကို (အစိုးရက) ခန့်ထားတာပဲ။ ကိုယ်ခန့်ထားတဲ့သူက ဥပဒေကိုမစောင့်ရှောက်ဘူးဆိုလို့ရှိရင် လက်ရှိအစိုးရကိုပဲ အပြစ်တင်ရတော့မှာပဲ။ ရှေ့နေချုပ်တို့၊ ရန်ကုန်တိုင်းဥပဒေချုပ် တို့က ကိုယ်ခန့်ထားတဲ့သူတွေ။ ရဲတပ်ဖွဲ့က ဘာပဲတင် တင် သူတို့က ထိန်းကျောင်း ပေးပြီး လုပ်လို့ရတဲ့သူတွေ။ သူတို့ပျော့လို့၊ ညံ့လို့၊ ကြောက်လို့မလုပ်တာကတော့ သူတို့တာဝန် ပဲလေ။ ဒီအစိုးရတာဝန်ပဲ။

မေး။ ။ အမျိုးဘာသာ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ဆရာ တော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးထားတာက ဦးကိုနီကိုသတ်တဲ့သူတွေကို ကျေးဇူးတင် တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါး ချင်သူတွေကို သတိပေးတယ်ဆိုတဲ့အပေါ် ဆရာ့အနေနဲ့ဘယ်လိုယူဆလဲ။ ပြည်ထဲ ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က မကြာသေးခင်က သတင်းစာရှင်း လင်းပွဲအစမှာ အမုန်းစကားတွေ ရပ်သင့် ကြပြီလို့ပြောခဲ့တယ်၊ ဒါပေမဲ့ အခုချိန်ထိ ဒါ မျိုးကို အရေးယူတာမျိုးတွေ တခါမှမရှိသေးဘူး။

ဖြေ။ ။ သူက နောက်ထပ်အလားတူအမှုမျိုး ထပ်ကျူးလွန်အောင် လှုံ့ဆော်လိုက်တာ လေ။ လူသတ်မှုကဖြစ်ပြီးသွားလို့ အရေး ယူလို့မရတော့ဘူးဆိုတာမှမဟုတ်တာ။ လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမဲ့ သူ့ကိုအရေးယူ မှုမရှိတာနဲ့ ပတ်သက်ရင် တော့ ကိုယ်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦး ဆိုတော့ ဘုန်းကြီးတစ်ပါးကို အရေးယူဖို့ ပြောဖို့ရာမှာတော့ ကွာ။ ဒါက နိုင်ငံတော် ရဲ့တာဝန်ပဲ။

တရားလွှတ်တော်ရှေ.နေ ဦးကြီးမြင့်။ (ဓာတ်ပုံ-Myanmar Now)

ဆွေဝင်း/Myanmar Now
Myanmar Now


ယနေ့ မတ်လ ၁ ရက်တွင် ၅၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကို အများပြည်သူသို့ စတင်ရောင်းချပေးပြီ ဖြစ်သည်။ ထီတစောင် ၅၀၀ ကျပ် ဖြစ်သည့်အတွက်ကြောင့်လည်း ထီထိုးကံစမ်းသည့်အခါ ယခင်ကကဲ့သို့ ၁၀ ဆယ်စောင်တွဲ၊ အုပ်လိုက်ကံစမ်းသူများထက် စောင်ရေအလိုက် ကံစမ်းသူများပိုများ လာနိုင်သည်ဟု ထီကိုယ်စားလှယ်လုပ်ငန်းရှင်များက ခန့်မှန်းသုံးသပ်နေကြသည်။

''၅၀၀ တန်ထီကို ဒီနေ့စရောင်းတယ်။ ခါတိုင်းဆိုရင် ဒီနေ့ထီဖွင့် တော့ နောက်နေ့မှ ထီစရောင်းတယ်။ အခု ၅၀၀ တန်ထီတွေကို ကိုယ်စား လှယ်တွေဆီမှာ ရရှိပြီးလည်းဖြစ်တယ်။ ဒီနေ့စတာဖြစ်တဲ့အတွက် ဒီနေ့ပဲ ထီတစောင်ကို ၅၀၀ နဲ့ပဲ ရောင်းပေးပါတယ်။ သူက အက္ခရာအလုံး ၃၀ ရောင်းမှာဖြစ်တဲ့အတွက် တစောင်ကို ၅၀၀ နဲ့ဆိုရင် ထီတအုပ်အစောင် ၃၀ ကို ကျပ် ၁၅,၀၀၀ ကျမှာပေါ့။ သာမန်လက်လုပ်လက်စားကတော့ စောင်ရေအလိုက်ပဲ ထိုးဖို့များပါတယ်။ ဒါကြောင့် ဒီနေ့ စ,စဖွင့်ချင်းကိုပဲ တစောင်ချင်းကနေ စရောင်းပေးပါတယ်''ဟု ရန်ကုန်မြို့ ၂၇ လမ်းအတွင်းရှိ အောင်ဘာလေထီအရောင်းကိုယ်စားလှယ်တဦးက ပြောသည်။

ပထမအကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ် တွင်“'က'အက္ခရာမှ 'သ'အက္ခရာအထိ အက္ခရာ (၃၀)လုံး၊ အရန်ထီအဖြစ် 'ဟ'အက္ခရာနှင့် 'ဠ'အက္ခရာ ('အ'အက္ခရာ မပါဝင်) အပါအ၀င် အရန်ထီ 'ကက' အက္ခရာမှစ၍ ရောင်းချပေးသွားမည်ဟု သိရသည်။ မတ်လ ၁ ရက်နေ့တွင် အက္ခရာ ၃၀ လုံး ထီလက်မှတ်များကို ထီကိုယ်စား လှယ်ကြီးမျာကတဆင့် အများပြည်သူများကို စတင်ရောင်းချခဲ့ပြီး ထပ်မံ ၀ယ်ယူလိုသူများရှိပါက ကျပ် ၅၀၀ တန် အရန်ထီလက်မှတ်စာအုပ်များကို အနည်းဆုံးအုပ်ရေ ၁၀၀ နှင့် အထက်ဝယ်ယူလိုသူများအား ဘဏ်ငွေသွင်း ချလန် (TF-1) ဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲတည်ရှိရာ အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်တွင် မတ်လ ၃ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးသွားမည်ဟု သိရသည်။

ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်းတသောင်း (ကျပ်သိန်း ၁၀၀၀၀)နှင့်ကျပ်သိန်း ၅၀၀၀၊ ကျပ်သိန်း ၁၀၀၀ နှင့် ဆုများပါဝင်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ် ၅၀၀၀၀ ဖြစ်ကြောင်း သိရသည်။ ယင်းကြောင့်လည်း ကျပ် ၂၀၀မှ ကျပ် ၅၀၀ သို့ ဈေးနှုန်းမြင့်သွားသော အောင်ဘာလေထီတွင် ဆုကြေးမှာလည်း ကျပ်သိန်းတသောင်း အထိမြင့်တက်သွားရာ သူဌေးလောင်းအဖြစ် စိတ်ကူးယဉ်ဖွယ်ရာကောင်းလှသည်။ သို့သော် အများပြည်သူမျှော်လင့်ထားသကဲ့သို့ ပြည်သူလူထုအတွင်း ကံစမ်းသူများထွက်ပေါ်မည်လား၊ ငွေဖြူလုပ်ချင်သူတို့အတွက် ဈေးကွက်ကြီးဖြစ်ပေါ်နေမည်လားဆိုသည်မှာ လေ့လာရမည်ပင် ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အောင်ဘာလေထီလက်မှတ်၏ စည်း ကမ်းချက်တွင် ဆုရလက်မှတ်တင်ပြသူကိုသာလျှင် ဆုငွေရထိုက်သည်ဟု အသိအမှတ်ပြုထားသောကြောင့်ပင်ဖြစ်သည်။ ယင်းအပြင် ရရှိသည့် ဆုငွေအပေါ် ၀င်ငွေခွန်ပေးဆောင်ရန်မလိုအပ်ပေ။

ယခု စတင်ရောင်းချလိုက်သော ၅၀၀ ကျပ်တန် အောင်ဘာလေ ထီစနစ်သည် ကျပ် ၂၀၀ တန်ကဲ့သို့ပင် ကိုယ်စားလှယ်များမှတဆင့် ဖြန့်ဖြူးရောင်းချခြင်းပင်ဖြစ်သည်။ အဆိုပါ ၅၀၀ ကျပ်တန် ထီလက်မှတ်များကို တနိုင်ငံလုံးရှိထီအရောင်းကိုယ်စားလှယ် ၂၀၀၀ ကျော်က ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်သည်။

ယခင်ကကဲ့သို့ပင် ကိုယ်စားလှယ်စနစ်ဖြင့် အဆင့်ဆင့်ဖြန့်ဖြူးရောင်းချသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်သည့်အတွက် ထီကံစမ်းမည့် ပြည်သူများအနေဖြင့် ထီလက်မှတ်ဈေးကို မူရင်းထက် မြင့်မားမည်ကိုလည်း စိုးရိမ်နေကြသည်။ သို့ရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ၂၀၁၇ ရက်နေ့ ဖေဖော်ဝါရီ ၂၈ ရက်က ကြေညာချက်တစောင်ထုတ် ပြန်ခဲ့ပြီး ၅၀၀ ကျပ်တန် ထီလက်မှတ်များ ရောင်းချခြင်းနှင့်ပတ်သက်၍ ထီလက်မှတ်ပေါ်တွင် ရိုက်နှိပ်ထားသော မူရင်းထီလက်မှတ်တန်ဖိုးအတိုင်း ရောင်းချရန်နှင့် တန်ဖိုးအတိုင်း ရောင်းချခြင်းမပြုပါက ပဋိညာဉ်စာချုပ်ပါ အတိုင်း ထီကိုယ်စားလှယ်အား အမည်ပျက်စာရင်း Blacklist အဖြစ်သတ်မှတ်မည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် လစဉ်ထီစာအုပ်ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ ထီအရောင်းကိုယ်စားလှယ်ကဌာနသို့ ပေးသွင်းထားသည့်အာမခံငွေ Deposit အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

ထီထိုးကံစမ်းမည့် ပြည်သူများအနေဖြင့်လည်း ထီတစောင်ချင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ၊ အုပ်လိုက်ဖြစ်စေ မူရင်းဈေးနှုန်းအတိုင်း ရောင်းချသည့်ဆိုင်များတွင်သာ ၀ယ်ယူကံစမ်းကြရန်နှင့် ဈေးပိုရောင်းသည်များကို တွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့်ဌာန၏ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းကြေညာခဲ့သည်။

ယင်းကဲ့သို့သော ကြေညာချက်တို့ကြောင့် မူရင်းထီကိုယ်စားလှယ်ကြီးမျာမှာ ထီလက်မှတ်များကို ကျပ် ၅၀၀ ဖြင့်ပင် ရောင်းချပေးခဲ့ကြ သော်လည်း ယခင်ကကဲ့သို့အမြတ်ဝေစုရရှိနိုင်မှု နည်းပါးနိုင်မည်ဟု မျှော်မှန်းထားကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်ထီစနစ်တွင် နံပါတ်အလှ၊ အက္ခရာအလှ၊ အပူးအခွစသည်ဖြင့် အမျိုးမျိုးတွဲစပ်ကာ ဈေးနှုန်း ပြောင်းလဲရောင်းချမှုများရှိပြီး အခြားသော မက်လုံးပေးထားသည့် သုံးလုံးတိုက်၊ ငါးလုံးတိုက် စသည့်တို့ကြောင့်လည်း ထီဈေးနှုန်းမှာ မူရင်းထက် ပိုမိုဈေးတင်ရောင်းချခဲ့ကြသည်။ ယခုစတင်လိုက်သည့် ၅၀၀ ကျပ်တန် ထီစနစ်တွင် ဈေးပိုတင်ရောင်းခြင်းမပြုရန် ကြေညာချက်ထုတ်ပြန်ခဲ့သည့် အပြင် ဈေးတင်ရောင်းချသော ဆိုင်များမှလည်း ၀ယ် ယူကံစမ်းခြင်းမပြုရန် သတိပေးထားသည်။ ထီထိုး ကံစမ်းသူများအနေဖြင့်လည်း ကျပ် ၅၀၀ ထက် ပိုမိုပေးဆောင်ကာ ကံစမ်းကြရန် အခွင့်အလမ်းနည်းပါးလွန်းသော ကြောင့် ၅၀၀ ကျပ်တန်ထီသည် ထီကိုယ်စားလှယ်များအတွက် ယခင်ကကဲ့သို့ တွက်ခြေကိုက် အမြတ်များနိုင်သည့် အနေအထားမရှိနိုင်ဟု သိရသည်။ ထီထိုးကံစမ်းသူ ပြည်သူများအတွက်မူ ထီစနစ်သည် ပြည်သူ လူထုနှင့်နီးစပ်ခြင်း ရှိ၊ မရှိ အများပြည်သူများ၏လက်ထဲမှ အမှန်တကယ် ထီပေါက်သူ ထွက်ပေါ်ခြင်းရှိ၊ မရှိမှာလည်း ရေတိုရေရှည်စောင့်ကြည့်လေ့လာရမည်ဟု ထီစနစ်အပေါ် လေ့လာသုံးသပ်နေသူများက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထီပေါက်ခြင်းဖြင့် ၀င်ငွေခွန်ပေးဆောင်ရန် မလိုခြင်းအပြင် တရားဝင်ငွေဖြူပြနိုင်သောကြောင့်ပင်ဖြစ်သည်။

''ဒီနေ့ ၅၀၀ တန် ထီစရောင်းတော့ ပထမဦးဆုံး စ,စချင်းနေ့မှာ ကံစမ်းချင်တာလည်းပါပါတယ်။ ဒါပေမဲ့ တစောင် ၅၀၀ ဆိုတော့ တစောင် နှစ်စောင်ချင်းပဲ ထိုးဖြစ်တယ်။ ခါတိုင်း ၂၀၀ တန်တုန်းကလည်း သုံးစောင်တွဲ၊ ငါးစောင်တွဲလောက်ပဲ ထိုးတာပါပဲ။ ၂၀၀ တန်တုန်းကလည်း ထီတစောင်ကို ၃၀၀၊ ၃၅၀ ပေးရတော့ အုပ်လိုက်မထိုးနိုင်ပါဘူး။ အခုက သိန်းတသောင်းဆိုတော့လည်း ကံစမ်းချင်တာလည်းပါတယ်''ဟု ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားတဦးက ဆိုသည်။

ယခု မတ်လ ၁ ရက်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို စတင်ရောင်းချလိုက်ပြီဖြစ်သော် လည်း ကျပ် ၂၀၀ တန် အောင်ဘာလေထီလက်မှတ်များကိုလည်း ဆက်လက်ရောင်းချသွားဦးမည်ဟု ပြည် တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ မှ သိရသည်။ သို့ရာတွင် လာမည့် ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မည့် ၃၃၉ ကြိမ်မြောက် ၂၀၀ ကျပ်တန် အောင်ဘာလေထီတွင် 'က'အက္ခရာမှ 'ဂ'အက္ခရာ အထိ အက္ခရာသုံးလုံးသာ ထုတ်ဝေရောင်းချသွားမည် ဟု သိရသည်။ ဆုကြေးကျပ်သိန်းတသောင်းရရှိမည့် ကျပ် ၅၀၀ တန် ထီလက်မှတ်များ စတင်ရောင်းချခြင်း၊ ကျပ် ၂၀၀ တန် ထီလက်မှတ်သည် အက္ခရာသုံးလုံး သာရောင်းချမည်ဖြစ်ခြင်းတို့ကြောင့် လူအများစိတ် ၀င်စားမှုနည်းပါးပြီး ထီကိုယ်စားလှယ်လုပ်ငန်းရှင်များ အနေဖြင့် ၂၀၀ ကျပ် တန်ထီလက်မှတ်၏ရောင်းအား ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။ အဆိုပါ ကျပ် ၂၀၀ တန် အောင်ဘာလေထီလက်မှတ်၏ဆုမဲမှာ ယခင်ကဲ့သို့ပင် အမြင့်ဆုံးဆု ကျပ်သိန်း ၁၅၀၀ ဖြစ်ပြီး ကျပ်သိန်း ၁၀၀၀ ဆု မပါဝင်တော့ဘဲ ကျပ် သိန်း ၁၀၀၊ ကျပ်သိန်း ၅၀ ဆုများ ပါဝင်မည် ဖြစ်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ်တသိန်းဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

မြန်မာနိုင်ငံသူနိုင်ငံသားတို့သည် ထီထိုးကံစမ်း လေ့ရှိသော်လည်း ထီပေါက်ကံနည်းလွန်းသည်ဆိုသော ဖြစ်နိုင်ချေရာခိုင်နှုန်းနည်းမှုအပေါ် ထီထိုးကံစမ်းခြင်းကို မကြိုက်နှစ်သက်သူများလည်း ရှိသည်။ နှစ်ပေါင်းများစွာ ထီထိုးကံစမ်းလာသူတယောက်အနေ ဖြင့် ထီထိုးမည့် ငွေကြေးအား လစဉ်ပုံမှန်စုဆောင်း လာပါက မည်မျှရနိုင်သည်ဟု တွက်ချက်သူများရှိသလို ထီထိုးသည့်သူသာလျှင် ထီပေါက်ကိန်းရှိနိုင်သည် ဟူသော ယူဆချက်ဖြင့်လည်း လစဉ် မိမိတို့ဝင်ငွေ၏ အနည်းငယ်မျှသော ပမာဏကို ထီထိုးကံစမ်းလေ့ရှိ ကြသည်။

ယင်းအပြင် ခေတ်အဆက်ဆက် ထီလုပ်ငန်းတွင် ထီတခေတ်ဆန်းသည့်ကာလများရှိခဲ့ပြီး အပြိုင်အဆိုင် ကြော်ငြာခြင်း၊ ထီဆုကြီးပေါက်သူများအား အပိုဆု မော်တော်ယာဉ်ချီးမြှင့်ခြင်း၊ ကိုယ်စားလှယ်ဆိုင်ခွဲအား ဆုချီးမြင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထိုမှတဖန် အပိုဆုပေးသည့်စနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခဲ့ကြပြန်သည်။ သိန်း ၁၀၀၀ ပေါက်သူကို အပိုဆု ကျပ်သိန်း ၅၀၀ ထပ်ဆောင်း ချီးမြှင့်ခြင်းဖြင့် ထီထိုးကံစမ်းလိုသူတို့ကို ဆွဲဆောင်ကာ အပြိုင်အဆိုင်လုပ်ကိုင်ခဲ့ကြသည်။ ထို့နောက် အပိုဆု ကြေးစနစ်ကို ခွင့်မပြုတော့ဘဲ နိုင်ငံတော်မှ ချီးမြှင့်သည့်ဆုကြေးအတိုင်းသာ ဆောင်ရွက်စေရာ ယင်းတွင် လည်း ထီလက်မှတ်ပိုင်ဆိုင်သူသည်သာလျှင် ဆုကြေးခံစားခွင့်ရှိမည်ဖြစ်သည့်အတွက် ထီပေါက်သောသူထံမှ ထီလက်မှတ်ပြန်ဝယ်ခြင်းသည်လည်း ဈေးကွက် တမျိုးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယင်းကြောင့် ထီစနစ်သည် မှန်မှန်ကန်ကန်ဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိစေရန် လိုအပ်မည်ဖြစ်ပြီး မမှန်မကန်ဆောင်ရွက်၍ မရရန် လည်း ကြပ်မတ်ဆောင်ရွက်သင့်သည်ဟု ထီကံစမ်းသူ ပြည်သူများက တိုက်တွန်းကြသည်။ အချို့နိုင်ငံများ တွင် အသုံးပြုနေသည့် e-Lottery စနစ်ကို ကျင့်သုံး နိုင်မည်ဆိုပါက ကိုယ်စားလှယ်အဆင့်ဆင့် ရောင်းချ နေမှုများ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ထီထိုးကံစမ်း သူကိုယ်တိုင် အင်တာနက်မှတဆင့် ထီထိုးကံစမ်းနိုင်မည်ပင်ဖြစ်သည်။ သို့သော် ယင်းစနစ်ကို ဆောင်ရွက် ရန်မှာ ညှိနှိုင်းဆဲပင်ရှိသေးပြီး ခေတ်မီနည်းပညာနှင့် ငွေအရင်းအနှီးများလိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် ကိုယ်စားလှယ်မှတဆင့် ဖြန့်ဖြူးသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်သည့်အတွက် ဈေးနှုန်းတိုးမြှင့် ထားသောဆိုင်များကို သက်ဆိုင်ရာသို့ တိုင်ကြားရန်သာဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ နေပြည်တော်ကောင်စီနယ်မြေအပါအ၀င် ဒေသအသီးသီးသို့ ထီကိုယ်စားလှယ်စုစုပေါင်း ၂၃၁၉ ဦး ထံသို့ ထီစာအုပ် ၂၈၈၆၉၉၉ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၃၁၇၅၆၉၈၉ စောင် ဖြန့်ဝေပေးပို့ထားပြီဖြစ်သည်ဟု သိရသည်။ အဆိုပါ ထီလက်မှတ်များအပြင် အရန်ထီလက်မှတ်များကိုလည်း ဆက်လက်ရောင်းချမည်ဖြစ်ရာ ပထမအကြိမ် ၅၀၀ ကျပ်တန် အောင်ဘာ လေထီဖွင့်လှစ်မည့် ဧပြီ ၁ ရက်မတိုင်ခင် တပတ်အလိုတွင် ရောင်းချရသည့် ထီလက်မှတ်၊ ထီအုပ်များနှင့် ပြန်လည်ခွဲဝေပေးမည့် ဆုကြေးများကိုသိရှိနိုင်မည်ဖြစ် သည်။ အောင်ဘာလေထီစနစ်သည် ရောင်းချရငွေများ ၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲများအဖြစ် ပြန်လည်ခွဲဝေ ပေးသောကြောင့်ဖြစ်သည်။

လက်ရှိတွင် ပထမအကြိမ် ၅၀၀ ကျပ်တန် ထီဆုမဲများအတွက် ထီလက်မှတ်များ စတင်ရောင်းချ သည့်ကာလဖြစ်သည့်အတွက် အများပြည်သူစိတ်ဝင်စားလျက်ရှိသည့်အပြင် ကျပ်သိန်းတသောင်းနှင့်သူဌေး လောင်းအိပ်မက်ကိုလည်း စိတ်ကူးယဉ်မျှော်လင့်နေကြပြီဖြစ်သည်။ ထီဈေးနှုန်းသည် ထီဖွင့်ရက်နီးလာ သည်နှင့်အမျှ မြင့်တက်လေ့ရှိတတ်သည်။ ထီကံစမ်း သူများအနေဖြင့်လည်း လကုန်နီးရက်များတွင်သာ ကံစမ်းလေ့ရှိတတ်ရာ ၅၀၀ ကျပ်တန် အောင်ဘာလေထီစနစ်တွင် ထီဈေးနှုန်းမှာ ကြိုတင်ကြေညာသတိပေး ထားသည့်အတိုင်း ရောင်းချမည်လား၊ ထို့အတူ ကျပ်သိန်းတသောင်းအပါအ၀င် ဆုကြေးများအပေါ် အများ ပြည်သူကံစမ်းသူများ ပျော်ရွှင်စွာရရှိခံစားကြမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။ ဟိုးယခင် က သီချင်းစာသားလေးတွင်ပါခဲ့သည့် ၂ ကျပ်ဖိုးနှင့် သိန်းထီတိုးဆိုသည့် ၂ ကျပ်တန်ထီ ကျပ်တသိန်းဆုမှ သည် ယခုကျပ် ၅၀၀ တန် ဆုကြေး ကျပ်သိန်း တသောင်းတွင် သူဌေးဖြစ်နိုင်ခြေရှိ၊ မရှိဆိုသည်မှာ။

ရှင်းသန့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၄ နှစ်ကျော် အချိန်ယူရေးဆွဲခဲ့တာပါ။ ရေးဆွဲတုန်းက ဟာကွက် ပျော့ကွက်မရှိအောင်ရေးခဲ့တယ်လို့ ယုံကြည်လို့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တာပါ။ ရွေး ကောက်ပွဲကျင်းပမပေးမီ ၂၀၀၈ ကို လူထုထောက်ခံတယ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံရှိနေသမျှ တပ်မတော်က နောက်ကျောလုံတယ်လို့ ခံစားရတာကြောင့် ၂၀၀၈ ကို ပြင်ဆင်ဖို့အတွက် အရပ်သားအမတ်အားလုံး ထောက်ခံရင်တောင် တပ်မတော်သားကိုယ်စားလှယ်တယောက် မထောက်ခံမချင်း ထောက်ခံမဲအရေအတွက် ၇၅ ရာခိုင်နှုန်းမကျော်ရင် ပြင်ဆင်လို့မရပါဘူး။

သမ္မတအထက်မှာ ကာလုံအဖွဲ့ရှိနေပြီး ကာလုံက သမ္မတထက် သြဇာရှိနေတာတောင် ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီပါတီ အပြတ်အသတ်နိုင်လို့ ဘယ်လိုမှမဖြစ်ပါဘူး။ တပ်မတော်က နိုင်ငံရေးထဲက ဆုတ်ခွာဖို့ဆိုတာ ၁၅ နှစ်၊ နှစ် ၂၀ အချိန်ဆွဲဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ ဒါကြောင့် ဘယ်သူဘယ်လို ဝေဖန် ဝေဖန် ၂၀၀၈ ဖွဲ့စည်းပုံကို မရအရအတည်ပြုခဲ့တာပါ။

၁၉၈၈ ကစလို့ တပ်မတော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် တက်လာရင် မကောင်းဘူးဆိုတာကို နည်းမျိုးစုံ ၀ါဒဖြန့်ထားပြီးသားပါ။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီက သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်။ ပြင်ဦးလွင်၊ ဗထူး၊ ပြည်တပ်မ ၆၆၊ မှော်ဘီ၊ မင်္ဂလာဒုံစတဲ့ တပ်မြို့တွေမှာပါ အင်အယ်လ်ဒီကနိုင်ခဲ့တယ်။ ထင်ထားတာနဲ့ တခြားစီ ထွက်လာတဲ့ရလဒ်ကြောင့် ကမ္ဘာသိပေးထားတဲ့ ကတိတွေ ဘာတွေ ဘာမှအရေး မစိုက်နိုင်တော့ဘူး။ ပြောင်ပြောင်တင်းတင်း အာဏာမလွှဲဘဲနေတယ်။ ဗိုလ်စောမောင်ကို အနားပေးတယ်။ ဗိုလ်သန်းရွှေကို တင်တယ်။ ဗိုလ်နေ၀င်းလက်ထက်ကစပြီး ဗိုလ်သန်းရွှေလက်ထက်ထိ အာဏာကို လက်မလွှတ်ဖို့ စီမံထားတာတွေကို ၂၀၀၈ ဖွဲ့စည်းပုံကြောင့် နောက်ကျောလုံတယ်ထင်ထားတာတောင်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၄ ခုအနက် ၄၃ နေရာ အင်အယ်လ်ဒီနိုင် လိုက်တယ်။ နောက်ပိုင်းမှာ အမျိုးဘာသာသာသနာဆိုတဲ့ လူမျိုးရေး ဘာသာရေးလက်နက်တခု ထွက်ပေါ်လာပြန်တယ်။

မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက အလွန်ရိုးသားကြတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ဘုန်းကြီးကျောင်းတွေထဲ ထောက်လှမ်းရေးတွေဝင်လာပြီး ဘုန်းကြီးဝတ်နဲ့နေတာတွေကို မသိကြပါဘူး။ အဘက်ဘက်ကပြင်ဆင်ထားတဲ့ ဦးသိန်းစိန်အစိုးရနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲကို ၂၆ ရာနှုန်းလောက်တော့ အေးအေးဆေးဆေးနိုင်မယ်လို့ တွက်ထားတာပါ။ ရွေးကောက်ပွဲကျင်းပတဲ့နေ့က ပြည်ခိုင်ဖြိုးက ဦးဌေးဦးပြောတဲ့စကား၊ သူတို့ ၉၀ ရာနှုန်းနိုင်မယ်လို့ ခန့်မှန်းပြခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ (၈-၁၁-၂၀၁၅)ရက်နေ့ ထွက်လာတဲ့ မဲရလဒ်ကို ဘယ်သူမဆို လက်ခံရမယ်ပြောလိုက် တယ်။ ညနေဘက်မဲရုံတွေပိတ်ပြီး မဲရေနေချိန်မှာပဲ ပြည်ခိုင်ဖြိုး တပြည်လုံးအတိုင်းအတာနဲ့ မဲရှုံးပြီဆိုတာ သိနေပြီ။ ၈-၁၁-၂၁၀၅ ရက်နေ့ ညပြိုင်ပွဲဝင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အားလုံး ၀န်ကြီး၊ ဒုဝန်ကြီးအားလုံးကို ဦးသိန်းစိန်က နေပြည်တော်ပြန်ခေါ်တယ်။ ပြောတဲ့စကားက သိပ်မများဘူး။ လုပ်လက်စ စီမံကိန်းအားလုံး ရပ်လိုက်ဆိုတာပါပဲလို့ ပြည်ခိုင်ဖြိုးအ၀န်းအ၀ိုင်းထဲကပဲ စကားတွေ ပြန်ထွက်လာပါတယ်။

အဲဒီညဟာ ပြည်ခိုင်ဖြိုးအစိုးရ အိပ်လို့မပျော်တဲ့ည စိတ်သောကအကြီးအကျယ်ရောက်တဲ့ညဖြစ်မယ်လို့ ထင်ရပါတယ်။ လက်ရှိကမ္ဘာကိုလည်း စကားတွေလွန်ထားတယ်။ ရွေးကောက်ပွဲနိုင်တဲ့ပါတီကို အာဏာလွှဲပေး မယ်လို့လည်း နှုတ်ကျွံထားတယ်။ ကမ္ဘာ့အခြေအနေ မြန်မာ့အခြေအနေကလည်း ၁၉၉၀ ပြည့်နှစ်နဲ့ မတူတော့ဘူး။ ဒါကြောင့် ဘယ်လိုမှမတတ်သာလို့ အာဏာလွှဲခဲ့တာပါ။ အင်အယ်လ်ဒီအစိုးရ ၆ လအတွင်း ပြုတ်ကျမယ်ဆိုတဲ့ ယုံကြည်ချက်ကလည်းအတွင်း စည်းမှာရှိသတဲ့။ အရပ်ဘက်ရောက်နေတဲ့ မိုးကျရွှေ ကိုယ်တွေဟာ အရပ်သားပညာတတ်ဝန်ကြီးတွေကို မလှန်နိုင်ပေမဲ့ အောက်ခြေ၀န်ထမ်းတွေကိုတော့ တချို့မိုးကျရွှေကိုယ်တွေက မအောင့်အည်းနိုင်ဘဲ တနေ့ငါတို့ပြန်လာမယ် ကြိမ်းတာ ခဏခဏဆိုပဲ။

ရခိုင်အရေး ပြည်တွင်းစစ်က တချို့နေရာတွေမှာပြန်ဖြစ် ဒေါ်လာဈေးကတက်၊ မြန်မာငွေကကျစတဲ့ ပြဿနာ ပေါင်းစုံကြားကပဲ အစိုးရသစ်က အခြေတည်နေပါတယ်။ နိုင်ငံတကာကလည်း ၀ိုင်းဝန်းကြတယ်။ အောက်ခြေမှာ လာဘ်စားပေမဲ့ ၀န်ကြီးအများစုက ကြောက်လို့ပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားကောင်းလို့ပဲ ဖြစ်ဖြစ် ဘယ်ဝန်ကြီးလာဘ်စားနေပြီဆိုတဲ့ သတင်း ထွက်မလာဘူး။ တစတစ တိုင်းပြည်တည်ငြိမ်လာရင် အစိုးရအခြေပိုခိုင်လာမယ်။ အဆိုးဆုံးက ၂၀၀၈ ဖွဲ့စည်းပုံထဲက ပျော့ကွက် ဟာကွက်တချို့ကိုသုံးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်လာတာကို ဆွေ့ဆွေ့ခုန်ကြမှာပါ။

ဦးကိုနီ အင်ဒိုနီးရှားကိုသွားတဲ့ခရီးစဉ်မှာ ရခိုင်အရေးသာမက အင်ဒိုနီးရှားတပ်မတော် နိုင်ငံရေးထဲက ထွက်ခွာပုံကို လေ့လာတာလည်းပါတယ်။ ဒီခရီးမှာ စစ်ဘက်က အရာရှိတွေလည်းပါတယ်။ ဦးကိုနီကို သတ်ခိုင်းသူ အောင်ဝင်းခိုင် ကားဝင်လာတာ လေဆိပ်မှာ ပိတ်ထားတဲ့ဂိတ်ပေါက်က ၀င်တာဆိုတဲ့ ဓာတ်ပုံ တွေလည်း တက်လာတယ်။ ကြည်လင်းကို မိလိုက်လို့ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်ဆိုတဲ့ နာမည်တွေ ပေါ်လာပေမဲ့ အောင်ဝင်းခိုင်ကို မမိဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးကိုနီ တလပြည့် အခမ်းအနားတက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာချိန်နဲ့ မရှေးမနှောင်း သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီးဖြစ်လာတယ်။ သတင်းစာရှင်းပွဲမှာထိုင်နေသူတွေကို တီဗွီက ရိုက်ပြတော့ အရာရှိကြီးတယောက် တံတွေးမျိုချနေတာ၊ တယောက်က ရယ်ချင်တာကို ထိန်းထားတာ၊ တယောက်က အတော်ကိုယ့်ကိုယ် ကိုယ်ထိန်းချုပ်နေရတာ စတဲ့ပုံရိပ်တွေကို မြင်လိုက်ရပါတယ်။

ဒီတော့ဦးကိုနီသေမှုကြောင့် လူမျိုးရေး၊ ဘာသာရေးအရ ဗုဒ္ဓဘာသာ မြန်မာတွေဝမ်းသာကြမယ်။ အမျိုးသားရေးတံဆိပ်ကြီးကို ပြန်ကပ်သုံးခွင့်ပေါ်မယ် တွက်ထားပေမဲ့ ထင်သာထင် မ၀င်ဘူး။ ကျောင်းအမ ရေဖြစ်ခဲ့ရ။ လေဆိပ်က တက္ကစီဆရာတွေကျေးဇူးနဲ့ ကြည်လင်းကို မိလိုက်တယ်။ ဒီကြားထဲ စစ်သားဟောင်း ထောင်ထွက်က အသိအလိမ္မာတွေတိုးပြီး ၀င်ပြောဝင်ပါလိုက်တော့ လွယ်လွယ်ကူကူ အစဖျောက်လို့ ရမယ် ထင်တဲ့ လူသတ်မှုက ပြည်တွင်းမှာရော ပြည်ပမှာပါ အသံကျယ်ကြီးနဲ့ မြည်လာတယ်။ တကယ်တော့ ဗုဒ္ဓဘာသာစစ်စစ်တွေဆိုရင် ကိုယ်ပြုတဲ့အကုသိုလ်က ကိုယ့်နောက်က အရိပ်လိုလိုက်လာပြီဆိုတာ ရိပ်စားမိရ မှာပါ။

သတင်းစာရှင်းပွဲမှာ ပေါ့ပေါ့ပါးပါးပဲ တပ်ထွက်စစ်ဗိုလ်တွေက တဖက်စွန်းရောက်တဲ့ မျိုးချစ်စိတ်နဲ့လူငယ်သဘာဝ လူသတ်လိုက်တာပါလို့ရှင်းတော့ ၀က်ဝက်ကွဲ ပြည်သူသရော်တာ ခံရပြန်ပါတယ်။ ဒီသတင်းစာရှင်းပွဲမလုပ်မီက ဖေ့စ်ဘုတ်ပေါ်မှာ ပလူပျံနေတာက ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင် ဆိုတဲ့စကားပါ။ တချိန်လုံး ကမ္ဘာကြီးနှစ်ခြမ်းကွဲနေကြတာကိုရပ်ပြီး လူငယ်လေးမို့ လူသတ်တယ်။ လူငယ်သဘာဝမို့စတဲ့ သရော်လှောင်ပြောင်မှုမျိုးစုံ၊ ကဗျာမျိုးစုံ၊ ကာတွန်းမျိုးစုံ တက်လာတော့ ဘူးလက်လှဆွေခမျာ မနေသာတော့ ပါဘူး။ မိဘဆိုတာ ဘယ်အရွယ်ရောက်နေတဲ့ သားသမီးကိုပဲဖြစ်ဖြစ် ကလေးလို့ထင်ကြောင်း၊ တပ်မတော် ထဲမှာလည်း စီနီယာစစ်ဗိုလ်တွေဟာ ဂျူနီယာစစ်ဗိုလ်လေးတွေကို ကလေးလိုလူငယ်လေးတွေလို သဘော ထားကြောင်း လူငယ်ဆိုတာကို ဖေ့စ်ဘုတ်ပေါ်မှာ ဒီလောက်ဖောင်းမထုသင့်ကြောင်း ရေးရှာပါတယ်။

ဘူးလက်ကိုလည်း သနားတယ်။ တဖက်စွန်းရောက်နေတဲ့ မျိုးချစ်စိတ်ရှင်တွေကိုလည်း သနားတယ်။ ဖေ့စ်ဘုတ် ပေါ်မှာ လူထုက ဖောင်းထုနေတာ မဟုတ်ဘူး။ သရော်လှောင်ပြောင်နေတာ။ သရော်လှောင်ပြောင်နေသူဟာ သာမန်ပြည်သူတွေ။ သရော်လှောင်ပြောင်ခံနေရသူတွေဟာ ရာထူးကြီးတွေကို ယူထားသူတွေဆိုတာ ဘူးလက် မမြင်ဘူး။ မြင်နိုင်စွမ်း မရှိဘူးဆိုတော့၊ စစ်ဗိုလ်လူထွက် ဘုရားသူခိုးကလည်း တဖက်စွန်းရောက်နေတဲ့ မျိုးချစ်စိတ်ကြောင့် အမျိုးဘာသာသာသနာကို စောင့်ရှောက်တဲ့အနေနဲ့ ဘုရား ဆင်းတုတော်ခိုးပုံရပါတယ်။

ဦးကိုနီအမှု ကွင်းဆက်တရားခံထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအရာရှိ လုပ်ခဲ့ဖူးသူ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တဦးလည်းပါ တယ်လို့ ဖေ့စ်ဘုတ်ပေါ်စာတွေတင်နေပေမဲ့ သတင်းစာ ရှင်းတဲ့နေ့က တာမွေက မော်ဒန်လက်ဖက်ရည်ဆိုင်မှာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနဲ့ လင်းဇော်ထွန်းတို့ဟာ ဦးကိုနီပြောတဲ့စကားတွေကို မကျေနပ်ကြတာလို့ဆိုပါတယ်။ စနစ်တကျလေ့ကျင့်ပေးထားတဲ့ ထောက်လှမ်း ရေး စစ်ဗိုလ်ဟောင်းဇေယျာဖြိုး၊ တပ်ချုပ်ရဲ့ ပီအေလုပ်ခဲ့ဖူးပြီး လက်ရှိလွှတ်တော်အမတ်တယောက်ဖြစ်နေ သူတို့တိုင်ပင်စဉ် ဦးကိုနီစကားမကြိုက်ကြောင်း ပြောစရာကို ဘယ်လိုနည်းနဲ့မှ လူပေါင်းစုံတဲ့လက်ဖက်ရည် ဆိုင်နေရာမျိုးကို ရွေးမယ်မထင်ပါဘူး။ လူထုက ငါတို့ကြိုတွေးထားတဲ့အတိုင်းပဲ တရားခံအစစ်ကို မဖော်ထုတ် ပေးဘူး။ အောင်ဝင်းခိုင် လူ့ပြည်မှာရှိသေးရဲ့လား။ လွတ်မြောက်ရာနေရာ ဒါမှမဟုတ် လက်စဖျောက်ခံ လိုက်ရပြီလားလို့ ရှားလော့ဟုမ်းအတွေးမျိုး တွေးကြတာပါ။

မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ ဦးကိုနီလို ဥပဒေခေါင်းကို ပစ်ဖောက်ပြီးတဲ့နောက် နောက် ထပ်ဘယ်လိုပစ်မှတ်တွေ ထွက်ပေါ်လာဦးမလဲ။ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် ဘယ်လိုလုပ်ကြဦး မလဲဆိုတာကို သတိကြီးကြီးနဲ့စောင့်ကြည့်ရမယ့်အနေအထားပါ။

ဒုတိယဗိုလ်မှူးကြီးအဆင့်၊ ဗိုလ်အဆင့်၊ ဗိုလ်ကြီးအဆင့်နဲ့ တပ်ကထွက်လာသူတွေ အထုတ်ခံရသူတွေ ကြီးမားလှတဲ့ ခြံမြေတိုက်တာတွေ၊ ကုမ္ပဏီသုံးလေးခုပိုင်ဆိုင်နေတာတွေ ဘယ်ကငွေတွေနဲ့ ပိုင်ဆိုင်နိုင်နေကြသလဲ။

ဘုရားသူခိုး စစ်ဗိုလ်ဟောင်းကလည်း တိုက်နဲ့ကားနဲ့။ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ထွက်လာသူကလည်း သုံးထပ် တိုက်ကြီးနဲ့ ကားနဲ့အစုစပ်ကုမ္ပဏီနဲ့။ ၂၀၀၄ မှာ ထောက်လှမ်းရေးတွေကို ဖြုတ်ထုတ်ထောင်ချလုပ်တုန်းက ပြုတ်တဲ့ ဇေယျာဖြိုးလို ဗိုလ်ကြီးအဆင့်လောက်နဲ့ ထွက်လာသူကလည်း ကုမ္ပဏီသုံးလေးခု ပိုင်ဆိုင်လို့ဆိုတော့၊ ဒီလိုလူတွေမှ အစွန်းရောက်အမျိုး မချစ်ကြရင် ဘယ်သူတွေများ မျက်စိစုံမှိတ် အစွန်းရောက်မျိုးချစ်စိတ်နဲ့ ဘာသာကိုင်းရှိုင်းသူဖြစ်ပါရဲ့။ လူ့အသက်တချောင်းကို ပျော်ပျော်ပါးပါး သတ်ရဲပါ့မလဲ။ သြော် များလိုက်တဲ့ ဟာကွက်ပျော့ကွက်တွေက သတင်းစာရှင်းပွဲမှာ မြင်နေရတော့ ဖောင်းထုတာမဟုတ် စိတ်ထွက်ပေါက်အတွက် သရော်လှောင်ပြောင်ရုံသာ တတ်နိုင်တဲ့ မြန်မာပြည်သူတွေရယ်ပါ။

ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး လွတ်မြောက်ဖို့ မတ်လ ၄ နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြစဉ် သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး လွတ်မြောက်ဖို့ မတ်လ ၄ နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြစဉ်
Photo : Aung Thain Kha/RFA
 လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ အယူခံပယ်ချခံလိုက်ရတာကို လက်မခံကြောင်းနဲ့ ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို မြန်မာနိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးဖို့ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ရေးအတွက် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပတဲ့ ဆန္ဒပြပွဲမှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အဲဒီကြေညာချက်ကို ဆန္ဒပြရာမှာပါဝင်တဲ့ နောင်တော်လေးက အခုလိုဖတ်ကြားခဲ့ပါတယ်။

"အမှုနဲ့ ပတ်သက်ပြီးထွက်ပေါ်လာသော CCTV မှတ်တမ်းများအရ သံသယဖြစ်ဖွယ်ရှိသော လူပုဂ္ဂိုလ်များကို တိုင်းရဲတပ်ဖွဲ့အနေနှင့် အကာ အကွယ်ပေးထားသည်မှာ ပေါ်လွင်ထင်ရှားနေသည်၊ ထိုင်း၊ မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်းဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ပြီး ရာဇဝတ်မှုကျူးလွန်သော ထိုင်းနိုင်ငံသားများကို မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ ထိုင်းရဲအစိုးရထံပြန်လည်လွှဲပြောင်းပေးခဲ့ သည့် မှတ်တမ်းများရှိခဲ့ပါသည်၊ ယခုထိုင်း အစိုးရ ရဲတပ်ဖွဲ့များက တရားခံအဖြစ်သတ်မှတ်ထားသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား နှစ်နိုင်ငံ ဆက်ဆံရေးကိုရှေးရှုပြီး မြန်မာနိုင်ငံအား ပြန်လည် လွှဲပြောင်းပေးရန်တောင်းဆိုသည်"

ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်သူတွေဟာ နိုင်ငံတော် အကြီးအကဲတွေအနေနဲ့ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက် ဖို့အတွက် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ လူသတ် တရားခံတွေ မဟုတ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၂ ဦးကို အသုံးချဖမ်းဆီးထားတာဖြစ်ကြောင်း ၊ နိုင်ငံတကာအပါအ၀င် မြန်မာရဟန်းရှင်လူတွေရဲ့ တောင်းဆိုမှုကို မျက်ကွယ်မပြုဘဲ အိမ်နီးချင်းနိုင်ငံ ပီသစွာ ဆောင်ရွက်ပေးစေလိုကြောင်းလည်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီတောင်းဆိုပွဲကို သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၁၀၀ နီးပါး ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အမှု ၇ ခုနဲ့ သေဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ အယူခံတရားရုံးထံ အယူခံတင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁ရက်နေ့က အယူခံပယ်ချခံလိုက်ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးအနေနဲ့ နောက်ဆုံးအဆင့်အဖြစ် ထိုင်းနိုင်ငံတော် တရားရုံးချုပ်ကို ရက်ပေါင်း ၃ဝ အတွင်း အယူခံခွင့်ရှိပြီး မြန်မာအစိုးရက အယူခံဆက်တင်နိုင်ဖို့ စီစဉ်နေပါတယ်။
RFA



ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့တို့ ရန်ကုန်မြို့ NRPC ရုံးမှာ မတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်။ Photo: Thiha Tun/RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက စေလွှတ်တဲ့ DPN ခေါ် ညှိနိုင်းရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေ မတ်လ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပွဲနဲ့ မတ်လ ၃ ရက်နေ့ မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ ပြည်ထောင် စုငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့တွေ့ဆုံပွဲတွေကနေ တိုးတက်မှုတွေ ထူးထူးခြားခြား ရရှိခဲ့တယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေ က ပြောပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ သဘောတူခဲ့တဲ့အချက် ၉ ချက်ကို DPN အဖွဲ့က UNFC ကို ပြန်လည်တင်ပြမှာဖြစ်ပြီး NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးအတွက် မြန်မာအစိုးရကို ၁ ပတ်လောက်အတွင်း အကြောင်းပြန်မယ် လို့ မျှော်လင့်ရကြောင်းအစိုးရနဲ့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။ အဲဒီ ပုဂ္ဂိုလ်ဟာ အစိုးရရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူ မဟုတ်တဲ့အတွက် သူ့အမည်ကိုတော့ ဖေါ်ပြနိုင်ခြင်း မရှိပါဘူး။

တိုင်းရင်းသားတွေဖက်က တင်ပြချက်တွေကို အစိုးရဖက်က အခုလို လက်ခံလိုက်တဲ့အတွက်ဒီရက်ပိုင်း ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ ၂ ခုဟာ မျှော်လင့်တာထက် ပိုမိုအောင်မြင်ကြောင်းနဲ့ နောက်ဆုံး အခြေအနေအရ UNFC အဖွဲ့ ၇ ဖွဲ့ထဲက အများစုဟာ NCA ကိုလက်မှတ်ထိုးမယ့် အလားအလာရှိနေကြောင်း၊ ဒါပေမယ့် အရင် အတွေ့အကြုံအရ ပြောင်းလဲမှုလည်း ပေါ်ပေါက်နိုင်ကြောင်း သူက ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေသူတချို့ရဲ့ ပြောဆိုချက်အရ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်အများစုက NCA ကိုလက်မှတ်ထိုးဖို့ လိုလားနေပြီး ရှမ်းခေါင်းဆောင်တချို့ကတော့ ဝတွေနဲ့ မိတ်ပျက်မှာကို စိုးရိမ်နေကြကြောင်း၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ အတွင်းမှာလည်း ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကချင်ခေါင်းဆောင် တချို့က လက်မှတ်ထိုး လိုပေမယ့် UWSA နဲ့ ပူးပေါင်းလိုသူသဘောထားတင်းမာတဲ့ ခေါင်းဆောင်တချို့ လည်း ရှိနေကြောင်း သိရပါတယ်။

တပြိုင်နက်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့တပ်မတော်ခေါင်းဆောင်တွေအကြား ဆက်ဆံရေးဟာ ဒီနှစ်ဆန်းပိုင်းကစပြီး တိုးတက်ကောင်းမွန်လာနေတယ်လို့လည်း နေပြည်တော် အသိုင်းအဝန်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese



ကိုယ်ထိလက်ရောက် ရန်မူခံ ခဲ့ရ
တရုတ်နိုင်ငံထဲမှာ ဘီဘီစီ အဖွဲ့ဟာ တရားမဝင် သတင်းရယူဖို့ ကြိုးစားခဲ့ကြောင်း အာဏာပိုင်တွေက အတင်းအကြပ် ဝန်ခံ လက်မှတ် ရေးထိုး စေခဲ့ပါတယ်။

တရုတ် အစိုးရနဲ့ကြား မြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ သတင်းနောက် လိုက်နေတဲ့ ဘီဘီစီ သတင်းအဖွဲ့ဟာ အင်တာဗျူး ပြုလုပ်ဖို့ ချိန်းဆိုထားသူ အမျိုးသမီး တစ်ဦးနဲ့ တွေ့ဆုံဖို့ ကျေးရွာတစ်ခုကို လိုက်အသွား အဲဒီမှာ လူအုပ်လိုက် အဝိုင်း ခံခဲ့ရပြီး၊ ကိုယ်ထိလက်ရောက် ရန်မူခံ ခဲ့ရသလို ကင်မရာ အားလုံးလည်း ရိုက်ခွဲ ခံခဲ့ရတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဂျွန် ဆာ့ဒ်ဝါ့သ်က ပြောပါတယ်။

တရုတ် နိုင်ငံ အတွင်း ကာလ အတန်ကြာ သတင်း ရယူခဲ့တဲ့ အတွေ့အကြုံတွေထဲ အဆိုးရွားဆုံး ရန်ပြု ခံခဲ့ရတာ ဖြစ်သလို၊ မှားယွင်းကြောင်း အတင်းအကြပ် ဝန်ခံ လက်မှတ် ရေးထိုး ခိုင်းတာ လည်း ခံခဲ့ရတာ ဖြစ်တယ်လို့ ဂျွန် ဆာ့ဒ်ဝါ့သ်က ဆိုပါတယ်။

ရွာက ပြန်အထွက်မှာလည်း လူအုပ်က နောက်က လိုက်လာပြီး၊ ဘီဘီစီ အဖွဲ့ရဲ့ ကားကို လူ အယောက် ၂ဝ လောက် ရှိမယ့် လူအုပ်က ဝိုင်းခဲ့ ကြပါတယ်။

လူအုပ်ထဲ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ရဲတချို့ ပါဝင်သလို၊ ဒေသခံ နိုင်ငံခြားရေးရာ တာဝန်ခံ အရာရှိ နှစ်ယောက်လည်း ရှိနေပြီး သူတို့က ဘီဘီစီ အဖွဲ့ကို မှားယွင်းကြောင်း လက်မှတ် ရေးထိုး ခိုင်းခဲ့တာပါ။

ပြန်လည် ညှိနှိုင်း ပြောဆိုခွင့် မပြုပဲ တစ်ဘက်သတ် ပြုမူတာ ခံခဲ့ရပြီး၊ လက်မှတ် ရေးထိုး ခဲ့လို့လည်း အဲဒီရွာက ပြန်ထွက် လာနိုင်တာ ဖြစ်တယ်လို့ ဂျွန် ဆာ့ဒ်ဝါ့သ်က ပြောပါတယ်။

ရည်ရွယ်ထားတဲ့ အင်တာဗျုး အထမမြောက် ခဲ့ပေမယ့် တရုတ် နိုင်ငံထဲ အုပ်ချုပ်သူတွေဟာ အာဏာကို အလွန်အကျွံ သုံးစွဲတာကို အခု အဖြစ်အပျက် က အထင်ရှားဆုံး ဖော်ပြနေတယ်လို့ ဂျွန် ဆာ့ဒ်ဝါ့သ်က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်း ရွာတရွာမှာ အပြင်းအထန်ချောင်းဆိုးရောဂါကြောင့် ကလေးတစ်ဦးအပါအ၀င် လူ ၁၄ ဦးသေဆုံးသွားပါတယ်။

သေဆုံးသူအများစုမှာ သက်ကြီးပိုင်းတွေဖြစ်ကြပြီး ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ကျမ်းမာရေးဝန်ထမ်းတွေ မသွားနိုင်သေးတာကြောင့် အတိအကျမသိရသေးဘူးလို့နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဥက္ကဌ ဦးကေစိုင်းက ပြောပါတယ်။

ရောဂါဖြစ်ပွားတဲ့ ရွာဟာ တွေးထွေနောက်ကုန်းအုပ်စုလောနောကုန်းကုန်းရွာမှာဖြစ်ပြီး ဖေဖော်ဝါရီိလကုန်ပိုင်းနဲ့ မတ်လဆန်းပိုင်းတွေမှာသေဆုံးခဲ့တာလို့ ဥက္ကဌ ဦးကေစိုင်းက ပြောပါတယ်။

"အရင်ကတော့မဖြစ်ဘူးဗျ၊ ကပ်ရောဂါသဘောမျိုးလည်းမဟုတ်ဘူး၊ ပုံမှန်ဖြစ်တဲ့အနေအထားပဲထင်တယ်၊ ပြောပုံအရတော့ ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်အဲ့ပုံစံမျိုး၊ နောက်လေပြွန်ရောင်တဲ့ရောဂါပုံစံမျိုးပေါ့၊ လူကြီးပိုင်းတွေများပါတယ်၊ ကလေးက ၂ နှစ်ကျော်ကျော် တစ်ယောက်ပါပါတယ်"

ခုလိုရောဂါဖြစ်ပွားတာကို မတ်လ၂ ရက်နေ့ကမှ သတင်းရရှိတာဖြစ်ပြီးရှေ့ပြေးအဖွဲ့တဖွဲ့ စေလွတ်ထားတယ်လို့ ဆိုပါတယ်။ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာကျန်းမာရေးဌာနက ဆရာဝန်ဆရာမများသွားရောက်ဖို့ရှိပါတယ်။ ခုလိုရောဂါဖြစ်ပွားမူကိုအနီးအနားရွာတွေမှာ သတင်းမကြားရသေးဘူးလို့ ဆိုပါတယ်။

လောနေကုန်းကုန်းရွာဟာ လဟယ်မြို့က နေ မိုင် ၅၀ ခန့်ဝေးပြီး မော်တော်ဆိုင်ကယ်နဲ့သွားလာနိုင်တယ်လို့ ဥက္ကဌ ဦးကေစိုင်းကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese



အခင်းဖြစ်ရာ နေရာ အတိတကျကို စမတ်ဖုန်းတွေ ကနေ တဆင့် ချက်ခြင်း သိရှိနိုင်
အမေရိကန် မြို့ကြီးတွေထဲ သေနတ် အသုံးပြု သတ်ဖြတ်တာတွေ အမြင့်မားဆုံး ဖြစ်ပေါ် နေတဲ့ ချီကာဂိုမှာ နည်းပညာသုံးပြီး မှုခင်းတွေကို ထိန်းချုပ် နိုင်ဖို့ ကြိုးစား နေပါတယ်။

ရှော့စပေါ့တာ လို့ နာမည် ပေးထားတဲ့ ကွန်ပျူတာ အပလီကေးရှင်းနဲ့ ချိတ်ဆက် ထားတဲ့ ထောက်လှမ်းရေး အာရုံခံ ကိရိယာတွေကို မှုခင်း အထူပြောဆုံး နယ်မြေ နှစ်ခုမှာ ဒေါ်လာ ၁ သန်းဖိုး အထိ သုံးစွဲပြီး တပ်ဆင် နေပါတယ်။

သေနတ်ပစ်ခတ်မှု ဖြစ်ပေါ်ပြီ ဆိုတာနဲ့ ရှော့စပေါ့တာ အပလီကေးရှင်းကြောင့် ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ရာ နေရာ အတိတကျကို ချက်ခြင်း ဆိုသလို လက်ကိုင် စမတ်ဖုန်းတွေ ကနေ တဆင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။

ချီကာဂို မြို့မှာ အခု နှစ်ဆန်း ဇန်နဝါရီ တစ်လ တည်းမှာတင် လူသတ်မှု ၅၁မှု ဖြစ်ခဲ့တဲ့ အတွက် မြို့တော် အာဏာပိုင်တွေ အနေနဲ့ အခြေအနေကို မထိန်းချုပ် နိုင်ဘူး ဆိုရင် ဗဟို အစိုးရဘက်က လုံခြုံရေး အရာရှိတွေ တိုက်ရိုက် စေလွှတ် ရလိမ့်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေး ထားပါတယ်။

အခုဆိုရင် အမေရိကန် မြို့ကြီးပေါင်း ၁ဝဝ နီးပါးဟာ ရှော့စပေါ့တာ အပလီကေးရှင်းကို အသုံးပြု နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရေဆိုးတွေ စွန်ထုတ်နေတဲ့ ပိုက်လိုင်းတစ်ခုကို တွေ့ရစဉ်။ Photo: Nay Thwae/RFA
မန္တလေးတိုင်းဒေသကြီး၊ စက်မှုဇုန်အတွင်းက ရေဆိုးထုတ်စက်ရုံတွေဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ရေဆိုး စွန့်ထုတ်တာတွေ မလုပ်ဆောင်တဲ့အတွက် အရေးယူသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ညနေ ၆ နာရီကနေ မနက် ၅ နာရီကြားကို ရေဆိုးစွန့်ပစ်ချိန်အဖြစ် သတ်မှတ်ထားတာဖြစ်တဲ့အတွက် စည်းကမ်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနဲ့ သန့်ရှင်းမှုဌာန ကော်မတီဝင် ဒေါ်မြင့်မြင့်သန်း က ပြောပါတယ်။

"ရေဆိုးစွန့်ထုတ်တဲ့အချိန်ကို သွားစစ်မှာ၊ အစ်မတို့က ညနေ ၆ နာရီကနေ မနက် ၅ နာရီအတွင်းလို့ သတ်မှတ်ထားတာလေ၊ ဒါပေမဲ့ စက်ရုံတွေကကျတော့ သူတို့ ကြိုက်တဲ့အချိန် သူတို့ စွန့်ပစ်ကြတာလေ၊ ဘယ်အချိန်တွေမှာ သူတို့ စွန့်ပစ်လဲဆိုတာကို သွားစစ်မှာ"

စက်ရုံတွေကို တစ်ပတ်တစ်ကြိမ် စစ်ဆေးသွားမှာဖြစ်ပြီး စည်းကမ်းမလိုက်နာဘူးဆိုရင် အရေးယူသွားမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရေဆိုးတွေကို သန့်စင်ပြီးမှ စွန့်ပစ်ရမှာဖြစ်တဲ့အတွက် ရေဆိုးသန့်စင်ဖို့ ရေစစ်ကန်တွေ ရှိ/ မရှိ ကိုလည်း  စစ်ဆေးသွားမှာဖြစ်ပါတယ်။

မန္တလေးစက်မှုဇုန်အတွင်းက အမရပူရနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာ စက်ရုံပေါင်း ၆၀ ကျော်ရှိပြီး အဲဒီထဲက ၁၃ ရုံလောက်သာ ရေစစ်ကန်တွေထားရှိကြောင်း သိရှိထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီ ရေနဲ့ သန့်ရှင်းမှုဌာနက ပြောပါတယ်။

စက်ရုံတွေကို သွားရောက်စစ်ဆေးတဲ့အခါမှာ မန္တလေးမြို့တော် စည်ပင်သာယာက ရေနဲ့ သန့်ရှင်းရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ စက်မှုကြီးကြပ်စစ်ဆးရေးဦးစီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ စက်မှုဇုန်ကြီးကြပ်ရေးကောက်မတီနဲ့ ရပ်ကွက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



 နှိပ်စက်တဲ့ ဇနီးမောင်နှံကို ပြန်လွှတ်လိုက်တဲ့အတွက် ကိုနိုင်ရဲဝေက မအေးကျင်ကို ဝှက်ထားတဲ့ နေရာကနေ သွားရောက် ကယ်ဆယ်ပေးခဲ့ရ
မန္တလေးတိုင်း အမရပူရမြို့နယ် ထန်းတောရွာက အိမ်တအိမ်မှာ အိမ်အကူ မိန်းကလေးတယောက် ဆိုးဆိုးဝါးဝါး နှိပ်စက်ခံခဲ့ရတဲ့အတွက် ကျူးလွန်သူတွေကို ဖမ်းဆီးခံထားရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ မန္တလေးတိုင်း တောင်သူ လယ်သမားအရေးနဲ့ ပြည်သူ့ရေးရာ ကိစ္စရပ်များ ညှိနှိုင်းရေး ကော်မတီက ကို နိုင်ရဲဝေက ဘီဘီစီကို ပြောပါတယ်။

အခုလို နှိပ်စက်ခဲ့တဲ့ သွားဆရာဝန် ဦးနိုင်အောင် ခေါ် အားရှန်နဲ့ သူ့ရဲ့ ဇနီး မဆောင်းနှင်းသစ်တို့ဟာ တလ လစာ ငါးသောင်းခွဲနဲ့ လေးလကြာ သူတို့ဆီမှာ အလုပ်လုပ်နေခဲ့တဲ့ ၁၄နှစ်အရွယ် ပလောင် တိုင်းရင်းသူ မအေးကျင်ကို နည်းမျိုးစုံသုံးပြီး နှိပ်စက်ခံခဲ့တာ ဖြစ်ပါတယ်။

မအေးကျင်ဟာ လက်မှာ အပ်နဲ့ထိုးပြီး တူနဲ့ ရိုက်သွင်းခံရတာ၊ ဒူးခေါင်းကို တူနဲ့ ထုတာနဲ့ ကျောကုန်းကို ဝါယာကြိုးနဲ့ ရိုက်တာတွေ အလုပ်ခံခဲ့ရတာ ဖြစ်တယ်လို့ သက်သေခံ ဓါတ်ပုံတွေ ရိုက်ယူခဲ့တဲ့ ကို နိုင်ရဲဝေက ဘီဘီစီကို ပြောပါတယ်။

နှိပ်စက်မှု ဖြစ်စဉ်အပေါ် တိုင်ကြားမှုကြောင့် ရွာအုပ်ချုပ်ရေးနဲ့ ရဲတွေက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မအေးကျင်ကို လာရောက်ခေါ်ဆောင်သွားခဲ့ပေမယ့် နှိပ်စက်တဲ့ ဇနီးမောင်နှံကို ပြန်လွှတ်လိုက်တဲ့အတွက် တရပ်ကွက်ထဲနေ ကိုနိုင်ရဲဝေက မအေးကျင်ကို ဝှက်ထားတဲ့ နေရာကနေ သွားရောက် ကယ်ဆယ်ပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။

မတ်လ ၃ ရက်နေ့ မနက်ပိုင်းရောက်မှ နှိပ်စက်တဲ့ ဇနီးမောင်းနှံကို အပြင်းအထန် နာကျင်စေမှု အပါအဝင် ကလေးသူငယ် ညှင်းပန်းနှိပ်စက်တဲ့ အမှုတွေနဲ့ အာဏာပိုင်တွေ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

မအေးကျင်ကိုတော့ မန္တလေးတိုင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဌာနက လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အခုလို နှိပ်စက်ခံရမှုတွေမှာ လျော်ကြေးပေး ကျေအေးမှုတွေ ရှိနေတဲ့ အတွက် ဥပဒေစိုးမိုးမှုမရှိပဲ ဖြစ်နေပြီး ဒီလိုထပ်မဖြစ်ဖို့အတွက် အိမ်အကူ အလုပ်သမားတွေကို ကာကွယ်တဲ့ ဥပဒေ ပေါ်ပေါက်ဖို့ လိုအပ်နေပြီလို့ ကိုနိုင်ရဲဝေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


တိုင်းပြည်သယံဇာတ တရားမ၀င် ထုတ်လုပ်ရောင်းချနေမှုများအား တပ်မတော်က ဖမ်းဆီးရမိခဲ့သည့် ပမာဏသည်ပင် အမြောက်အမြားရှိခဲ့ပြီး ပြည်ပသို့တရားမ၀င်ရောက်ရှိသွားသည့် သယံဇာတ ပမာဏသည် ခန့်မှန်း၍မရနိုင်သည့်အတွက် နှမြောစရာ၊ သံဝေဂရစရာကောင်းကြောင်း ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။

''တရုတ်နိုင်ငံကို အလည်သွားခဲ့စဉ်က ကွမ်ကျိုးမြို့ကို ရောက်ပါသည်။ ကျွန်တော်တို့တည်းတဲ့ဟိုတယ်မှာ ကျောက်စိမ်းတွေနဲ့ အလှဆင်ထားပါတယ်။ ကျောက်စိမ်းဈေးကြီး ကွမ်ကျိုးမှာရှိတယ်။ ကျောက်စိမ်းတွေ ဘယ်ကရသလဲမေးတော့ မြန်မာနိုင်ငံကရတာတဲ့။ ကမ္ဘာပေါ်မှာ အကြီးဆုံး ကျောက်စိမ်းဈေးတဲ့။ ဒီပစ္စည်းတွေ ဘယ်လိုနည်းနဲ့ရောက်သွားသလဲ။ အင်မတန် နှမြောဖို့ကောင်းပါတယ်''ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့်ပတ်သက်၍ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ တရားမ၀င်ကျောက်စိမ်းသယ်ဆောင်လာသည့် ကားများ၏ အောက်ကြမ်းခင်းနှင့် ရေတိုင်ကီများအတွင်း တရားမ၀င်ကျောက်စိမ်း (ခန့်မှန်း ၂၁ တန်ကျော်) သိုဝှက်သယ် ဆောင်လာသည်ကို တပ်မတော်နှင့်တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ''နောက်တခုက သစ်နဲ့ပတ်သက်လို့ ၂၀၁၆ ခုနှစ်အတွင်းမှာ သစ်တန်ချိန် ပေါင်း ၈၅၄၁ ဒသမ ၃၈ တန်ဖြစ်ပြီး ကာလတန်ဖိုး ကတော့ ကျပ်သိန်း ၄၆၅၈၀ တန်ဖိုးရှိပါတယ်။ မြောက်မြားလှစွာသော ငွေပမာဏတွေသည် ဖမ်းဆီးရမိတဲ့အပေါ် တွက်ထားတဲ့တန်ဖိုးတွေ ဖြစ်ပါတယ်။ ဖမ်းဆီးရမိမှုမရှိဘဲ ပြည်ပသို့ရောက်သွားတဲ့ အရေအတွက် ဘယ်လောက်ရှိနေလဲ။ နိုင်ငံတော်အတွက် ဘယ်လောက်ဆုံးရှုံးနစ်နာနေပြီလဲဆိုတာ ကျွန်တော်တို့သံဝေဂရစရာတွေ ကောင်းတဲ့အနေအထား ဖြစ်ပါတယ်''ဟုလည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နှင့် ၁၈ ရက်တို့တွင် ကင်းထောက်လေယာဉ်များ၏ထောက်လှမ်းမှုဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဆက်စပ်နယ်မြေတွင် ရွှေလီမြစ်အနီးစုပုံထားသည့် သစ်များ၊ သစ်တင်ယာဉ်များတွေ့ရှိရသောကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရာတွင် တရားမ၀င်သစ်မျိုးစုံ ၄၂၇ တန်၊ သစ်တင်ယာဉ်မျိုးစုံ ၇၅ စီး၊ သစ်စက် ၈ လုံး၊ စက်လှေ ၄ စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲအချက်အလက်များအရ သိရသည်။ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုအနေဖြင့် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဆေးခြောက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ တန်ဖိုးအားဖြင့် ငွေကျပ် ၁၆၃ ဒမသ ၆၃ ဘီလီယံကျော်အားလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင်လည်း ဘိန်းဖြူ ၅ ဒသမ ၃၉ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁ ဒသမ ၉ ကီလိုဂရမ်၊ ဘိန်းဆီ ၀ ဒသမ ၀၃ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၃ သိန်းပြား၊ တန်ဖိုးအားဖြင့် ငွေ ကျပ် ၁ ဒသမ ၂၂ ဘီလီယံကျော်အားလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဟဲဟိုးမြို့နယ် ဘ၀သံသရာ တံတားအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ဒသမ ၅ သိန်းပြား၊ တန်ဖိုးအားဖြင့် ငွေ ကျပ် ၆ ဒသမ ၀၅ ဘီလီယံ ခန့်အားလည်းကောင်း တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch
https://www.facebook.com/NewsWatchJournal/



ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မိုင်းယုလေး ကျေးရွာအနီးမှာ TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲကြောင့် မတ်လ ၄ ရက်နေ့က လမ်းလုပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရှိတာကို တွေ့ရစဉ်။ Photo: Kan/RFA
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မိုင်းယုလေး ကျေးရွာအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အော်ရီယန်တယ် ဟိုင်းဝေး ကုမ္ပဏီက လမ်းပြုပြုင်ရေးလုပ်ကိုင်နေတဲ့ လမ်းလုပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လမ်းလုပ်သားတွေနေထိုင်တဲ့ အဆောက်အအုံအပေါ်ကို လက်နက်ကြီးကျတာကြောင့် ဒဏ်ရာရသွားတာဖြစ်တယ် လို့  အော်ရီယန်တယ် ဟိုင်းဝေး ကုမ္ပဏီရဲ့ လမ်းစီမံကိန်း တာဝန်ခံတစ်ဦး က ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ဦးခေါင်း၊ ခြေထောက်နဲ့  လက်တွေမှာ ဒဏ်ရာအပြင်းအထန် ရထားသူတစ်ဦးဟာ တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ၀မ်းဗိုက်၊ တင်ပါးနဲ့  လက်တွေမှာ ဒဏ်ရာရရှိထားတဲ့ ကျန်အလုပ်သမားနှစ်ဦးကတော့ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာနားက တပ်မတော်ရဲ့ တပ်မ (၃၃)နဲ့ ပန်ဆေးပြည် သူ့စစ်အဖွဲ့ရဲ့ အခြေစိုက်စခန်းကို TNLA တပ်တွေက ဒီကနေ့ မနက် ၃ နာရီ ခွဲလောက်မှာ ၀င်ရောက်တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက်ဖြန်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က အခုလိုပြောပါတယ်။

"ဒီတပ်မ ၃၃ က အဲဒီမှာ ပြန်ရောက်ပြီးမှ စခန်းချတယ်။ အခု ပန်ဆေး ပြည်သူ့စစ်အဖွဲ့နဲ့ ပူးပေါင်းပြီးမှ သူတို့ စခန်းချနေတယ်။ စခန်းချနေတဲ့ အတောအတွင်းမှာ အဲဒီဒေသမှာရှိတဲ့ လူထုတွေကို သွားလာမှုတွေ ကို ဖမ်းဆီးမှုတွေ၊ ရိုက်နှက်မှုတွေ မကြာခဏ ပြုလုပ်တယ်။ အဲဒီဒေသက လူထုတွေ ဆန်တို့ ဆီတို့ သယ်ရင်တောင် သူတို့က ကန့်သတ်ပိတ်ပင်မှုတွေရှိတယ်။ ပြီးခဲ့တဲ့ တစ်လ နှစ်လကဆိုရင် ဆန်တစ်ပြည်ခွဲ ၊ နှစ်ပြည် အဲဒီပုံစံပဲ သယ်ခွင့်ရှိတယ်။ ဆီဆိုရင်တော့ ရေသန့်ဘူး တစ်ဘူးစာပဲ သယ်ခွင့်ရှိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့  ဒီစခန်းကို ပြန်ပြီးတော့ ရှင်းလင်းရတာ ဖြစ်တယ်"

အဲဒီ တိုက်ပွဲဟာ ၂ နာရီခွဲလောက် ကြာမြင့်ခဲ့ပြီး အခုအချိန်မှာ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီ ဖြစ်တယ် လို့ ပြောပါတယ်။

လမ်းအလုပ်သမားတွေရဲ့ အဆောက်အအုံပေါ် ကျရောက်တဲ့ လက်နက်ကြီးကိုတော့ ဘယ်အဖွဲ့က ပစ်ခတ်တာ လဲဆိုတာ မသိရဘူးလို့  လမ်းလုပ်သားတွေက ပြောပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့လည်း ဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese



 ပြည်သူ့ အသံကို နားထောင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော
လာမယ့် ဘဏ္ဍာရေးနှစ်မှာ မီတာခတွေ သုံးဆတိုးမြှင့်ဖို့ လိုတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းလွှတ်တော်မှာ ပြောခဲ့ကြောင်း ဒဂုံမြို့နယ်က ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ မီတာခ တစ်ယူနစ် ထုတ်လုပ်မှု အတွက် ကုန်ကျငွေထက် လျှော့ပြီး အစိုးရက အရှုံးခံ ဖြန့်ဝေ ပေးနေရလို့ လျှပ်စစ် မီတာခတွေ ထပ်တိုး ကောက်နိုင်အောင် ရန်ကုန်တိုင်း အစိုးရနဲ့ လွှတ်တော် ကြားမှာ နည်းလမ်း ရှာနေကြတာ ဖြစ်ပါတယ်။

မီတာခ တိုးမြှင့်ရေးအတွက် ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး လွှတ်တော် ကိုယ်စားလှယ် တွေက အဆို တင်ကြဖို့နဲ့ ပြည်သူတွေ ကို နားလည် လက်ခံအောင် ရှင်းပြဖို့ ၊ သူကိုယ်တိုင်လည်း ပြည်သူ လူထုနဲ့ တွေ့တဲ့အခါ ရှင်းလင်း ပြောပြမယ်လို့ ဦးဖြိုးမင်းသိန်းက လွှတ်တော် ကိုယ်စားလှယ် တွေကို ပြောခဲ့ကြောင်း ဦးကျော်ဇေယျက ပြောပါတယ်။

မီတာခ တစ်ယူနစ်အတွက် အစိုးရရဲ့ ထုတ်လုပ်မှု စရိတ်က ကျပ် ၁၀၀ နီးပါး ကုန်ကျပေမဲ့ လောလောဆယ် တစ်ယူနစ်ကို ၃၅ ကျပ်သာ ကောက်ခံထားတဲ့ အတွက် တစ်ယူနစ်ကို အနိမ့်ဆုံး ၁၃၀ ကျပ် သတ်မှတ်မှ ရမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြောင်းလည်း သူက ဆိုပါတယ်။

ကောက်ယူ နှုန်းထား နည်းနေတဲ့ စက်မှုဇုန်က မီတာခ တွေကို အရင် တိုးမြှင့် ကောက်ခံမှာ ဖြစ်တယ်လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။

မီတာခတွေက မဖြစ်မနေ တက်ရမှာ ဖြစ်လို့ လာမယ့် မတ်လ ၂၀ ရက်နေ့ တိုင်းလွှတ်တော် ပြန်မစခင် ပြည်သူတွေနဲ့ တွေ့ဆုံပြီး ရှင်းပြမယ်လို့ သူက ပြောပါတယ်။

တိုးမြှင့်ကောက်ခံရာ မှာလည်း ချက်ချင်း တိုးကောက်မလား၊ တဖြည်းဖြည်း ဈေး မြှင့်သွားရမလား ဆိုတာနဲ့ စွမ်းအင်အတွက် ဘယ်လို ရင်းနှီး မြုပ်နှံမှုတွေနဲ့ လုပ်ဆောင်မလဲ ဆိုတာ စဉ်းစား နေတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

တကယ်တမ်းမှာ စွမ်းအင် အတွက် ရင်းနှီး မြှုပ်နှံမယ့် ကုမ္ပဏီတွေ ကိုဖိတ်ခေါ်သင့်တယ်၊ မြန်မာ နိုင်ငံမှာ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို လိုအပ်နေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ဦးကျော်ဇေယျက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese