03/07/17



ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်
ရှမ်းပြည် အရှေ့ မြောက်ပိုင်း လောက်ကိုင် မြို့ကို MNDAA ကိုးကန့် လက်နက်ကိုင် တပ်တွေက တနင်္လာနေ့ မနက် အစောပိုင်းက ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့လို့ သေဆုံး ဒဏ်ရာ ရမှုတွေ ရှိခဲ့ ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ရုံးရဲ့ ထုတ်ပြန်ချက် မှာတော့ ကျောင်းဆရာမ တစ်ယောက် အပါ အဝင် အရပ်သား ငါးဦး၊ ရဲ ငါးဦးတို့ သေဆုံးပြီး သူပုန်တွေ ဘက်က ၂၀ သေဆုံး တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ကတော့ ညနေစောင်း အထိ ဆက်ဖြစ် နေပြီး ဒေသခံတွေ စစ်ဘေး လွတ်ရာ တရုတ်ပြည် ဘက်ခြမ်းကို ရာနဲ့ချီပြီး တိမ်းရှောင် နေကြ ရပါတယ်။ တရုတ်ဘက် ကလည်း တရုတ် မြန်မာ နယ်စပ်မှာ လုံခြုံရေးတွေ ချထား ပါတယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း တပ်မတော်က အဲဒီ ဒေသမှာ ထိုးစစ်ဆင် မှုတွေ ရှိခဲ့တာ ကြောင့် ဒါကို တုံ့ပြန်တဲ့ အနေနဲ့ အားလုံး ဆုံးဖြတ်ချက်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကိုးကန့်နဲ့ AA ရခိုင်တပ် တွေက အဓိက တိုက်ခိုက်တာ ဖြစ်တယ်လို့ တအာင်း ပလောင် အဖွဲ့ TNLA ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

အစိုးရ တပ်မတော် ဘက်ကလည်း ကိုးကန့် ၂၁၁ တပ်မဟာ ဘက်က ကုန်းတွေကို သိမ်းယူ နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက် နေတယ် လို့ တာဘုန်းကျော်က ပြောပါတယ်။

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်ရေး လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်သား ကိုယ်စားလှယ် အဖွဲ့ DPN နဲ့ တွေ့ ဆုံ ဆွေးနွေး မှုတွေ ရှိခဲ့ ပေမယ့်လည်း လက်တွေ့ ရှေ့ဆက် နိုင်မယ့် အနေ အထား မရှိ နိုင်ဘူးလို့ သူက ပြောပါတယ်။

မြန်မာ့ တပ်မတော် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ MNDAA ၊ AA နဲ့ TNLA ၃ ဖွဲ့ကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင် ခွင့် မပေး ဘူးလို့ မကြာသေးခင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့တဲ့ အတွက် တိုက်ပွဲ တွေ ဆက်ရှိ နေဦးမှာ ဖြစ်တယ်လို့ တာဘုန်းကျော် က ပြောပါ တယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ကို KIA ကချင်၊ MNDAA ကိုးကန့်၊ AA ရခိုင် နဲ့ TNLA တအာင်း ပလောင် တပ်ဖွဲ့ တွေနဲ့ တပ်ပေါင်းစု ဖွဲ့ထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


တရုတ်-မြန်မာနယ်စပ် မြင်ကွင်း။
တရုတ်-မြန်မာနယ်စပ် မြင်ကွင်း။
တရုတ်-မြန်မာ ယူနန်ပြည်နယ်နယ်စပ် Dehong အထူးဒေသထဲမှာ တရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်ထားတဲ့ မြန်မာအမျိုးသမီး သုံးသောင်းနီးပါး တရားမဝင်နေထိုင်နေကြပြီး သက်သေခံအထောက်အထားတွေ မရှိဖြစ်နေတဲ့အတွက် ကူညီကယ်ဆယ်ပေးနိုင်ရေး အခက်အခဲဖြစ်နေတယ်လို့ တရုတ်အစိုးရထုတ် Global Times သတင်းစာက ဖော်ပြပါတယ်။ မြန်မာဘက်ကတော့ ဒီလိုအခက်အခဲဖြစ်နေရတဲ့ မြန်မာအမျိုးသမီးလေးတွေ ကူညီကယ်ဆယ်နိုင်ရေး တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းစီစဉ် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေဆဲပဲလို့ လူကယ်ပြန်ဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးပါမယ်။

စစ်တမ်းကောက်ယူချက်မှတ်တမ်းတွေအရ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ထားတဲ့ ဦးရေ နှစ်သောင်းနဲ့ သုံးသောင်းကြား မြန်မာအမျိုးသမီးတွေဟာ တရားဝင်စာရွက်စာတမ်းမရှိပဲ ဆင်းဆင်းရဲရဲ နေထိုင်နေကြတယ်လို့ အထူးဒေသ လွှတ်တော်စစ်တမ်းတခုကို ကိုးကားပြီး တရုတ်အစိုးရထုတ် Global Times သတင်းစာက ဖော်ပြတာပါ။ ဒီမြန်မာအမျိုးသမီးလေးတွေမှာ တရားဝင်နေထိုင်ခွင့်အထောက်အထား မရှိတဲ့အတွက် လူမှုဖူလုံရေး၊ ကျန်းမာရေးစတဲ့စောင့်ရှောက်မှုတွေ မရပဲ ဆင်းဆင်းရဲရဲ ဒုက္ခရောက်နေကြတယ်လို့ ဆိုထားပါတယ်။ သူတို့ရဲ့အခက်အခဲတွေကို ကူညီကယ်ဆယ် စောင့်ရှောက်ပေးချင်ပေမဲ့လို့ ID သက်သေခံလက်မှတ်မရှိတဲ့အတွက် ဘယ်လိုအကျိုးခံစားမှုမျိုးကိုမှ မရရှိပဲဖြစ်နေကြရတာလို့ အထူးဒေသ လွှတ်တော်ကော်မတီတာဝန်ရှိသူက ပြောတာကို Global Times မှာ ကိုကား ရေးသားထားပါတယ်။

မြန်မာအစိုးရဘက်ကတော့ တရုတ်-မြန်မာနယ်စပ်တလျောက် အခုလို တခြားနိုင်ငံသားနဲ့လက်ထပ်တဲ့ မြန်မာအမျိုးသမီးလေးတွေ၊ နောက် လူကုန်ကူးခံရတဲ့အမျိုးသမီးလေးတွေ ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ရှေ့နေချုပ်ရုံးအပါအဝင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက ရှင်းပြပါတယ်။

“တရားစွဲတာတွေ သူတို့ ရပိုင်ခွင့်ရတဲ့ ကိစ္စတွေကို ရှေ့နေချုပ်ရုံးက ဦးဆောင်ပြီးတော့ လုပ်တယ်။ ဖမ်းတာ ဆီးတာ သူတို့ကို လူကုန်ကူးခံရသူအဖြစ်နဲ့ သတ်မှတ်တာ ကြိုတင်

ကာကွယ်တာတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုပ်တယ်။ ဆရာမတို့က RNR လို့ခေါ်တဲ့ ပြန်လည်လက်ခံရေး ပြန်လည်ပေါင်းစီးရေး ပြန်လည်ထူထောင်ရေးအပိုင်းကို ဆရာမတို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက လုပ်တာ။ အဲဒီတော့ တရုတ်ပြည်နယ်စပ်မှာ ကျတော့ ဆရာမတို့က ဘာလုပ်ထားသလဲဆိုတော့ မူဆယ်မှာ ယာယီစောင့်ရှောက်ရေး ဂေဟာရှိတယ်။ နယ်စပ်ကနေပြီးတော့ ပြန်ရောက်လာတဲ့ မိန်းကလေးတွေကို BLO ( Border Liaison Office) တွေကနေ လက်ခံတယ်။ လက်ခံပြီးတော့ သူတို့ကို အိမ်ရောက်အောင်ပြန်ပို့တယ်။ ပို့ပြီးတဲ့အခါမှာ လိုအပ်တဲ့ Reintegration assistance ကို ပေးတယ် ဒါက လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်ပေါ့နော်။”

ဒီလိုဆောင်ရွက်တဲ့အခါမှာ တရုတ်-မြန်မာနယ်စပ်နဲ့ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံဘက်ခြမ်းထဲ ရောက်သွားတဲ့ မြန်မာအမျိုးသမီးလေးတွေကို ကူညီကယ်ဆယ်နိုင်ရေးအတွက်ကိုတော့ တရုတ်-မြန်မာနိုင်ငံ အစိုးရခြင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး အစိုးရခြင်း တရားဝင် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ဖို့ လတ်တလောမှာ စီစဉ်နေဆဲမို့ အခက်အခဲတွေရှိနေတုန်းပဲလို့လည်း ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက ပြောပါတယ်။

“ဟိုဘက်မှာ ရောက်နေတဲ့ သူတို့အတွက် ID အခက်အခဲ ရှိတယ်ဆိုတဲ့ နေရာမျိုးမှာက ဟိုဘက်ကနေ ဒီဘက်ကို ရောက်လာတဲ့အခါမှာ တရုတ်နဲ့ ဒီဘက်က မြန်မာနိုင်ငံ လူမူဝန်ထမ်းနဲ့ အချိန်အဆက် မရှိဘူး။ ဆရာမတို့လည်း အဲဒါကို ရဖို့အတွက်ကြိုးစားနေတယ်။ ဟိုဘက်မှာ ရှိနေတဲ့လူဆိုလို့ရှိရင် သူတို့အတွက်လိုအပ်တဲ့ အခွင့်အရေးတွေရဖို့တွေ၊ သူတို့အတွက်လိုအပ်တဲ့ information ပေါ့နော် အချက်အလက်တွေပေါ့ သူတို့ဟာ ဘယ်ကလာတယ်၊ သူတို့ဟာ ဘယ်အရပ်ကလဲ သူတို့ဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ဖို့ ၊ အခုဟာက ဟိုဘက်နဲ့ ဒီဘက်နဲ့မှာ ကြိုတင်ပြီးတော့ ဆက်သွယ်တာမျိုးတွေ မရှိပဲနဲ့ အဲ့လို system တွေဖြစ်နေတယ်။ ဒီဘက်ကနေ ဒီလိုမျိုးကို ကူညီချင်သော်လည်း ဟိုဘက်ကနေပြီးတော့ information ကမလာဘူး။ ဒါမြန်မာဟုတ်မဟုတ် NC (National Clarification) စစ်ဖို့အတွက်ကို လ၀ကကလည်း ချက်ချင်းလုပ်ပေးတယ်၊ NC ရတယ် ဒါမြန်မာနိုင်ငံသားသေချာပါပြီဆိုရင် သူတို့ဘက်ကနေ official ပြောလာမယ်ဆိုရင် ok တယ်။ ဒါပေမယ့် တို့မှာက တရုတ်ဘက်မှာ အဲလို information မရဘူး။ တွဲပြီးလုပ်ရမယ့်အနေအထားကို ရောက်မလာဘူး။ သူတို့ဘက်က သွန်သွန်ချသွားတာကိုပဲ ရောက်လာတဲ့အချိန်ကျမှ ကောက်ပြီးတော့ တို့ဘက်ကနေပြီးတော့ ဒါမြန်မာလူမျိုးပါ သူ့ကို ဒီဘက်ပို့ပေးပါ ၊ သူတို့ဘက်မှာ NC စစ်ခိုင်းတာတွေမရှိသလို တို့ဘက်ကလည်း NC စစ်ဖို့ဆိုတာက တို့ ဂေဟာ ကိုရောက်ပြီးမှ ရိုက်ကြတာပေါ့နော် အဲလိုမျိုးဖြစ်နေတယ်။”

အခုလို တရုတ်-မြန်မာနယ်စပ် အထူးသဖြင့် ယူနန်ဘက်ခြမ်းဘက်မှာ မြန်မာအမျိုးသမီးလေးတွေ အခက်အခဲဖြစ်နေတာ ဒုက္ခရောက်နေကြရတာတွေကို ဥပဒေကြောင်းအရ ကူညီစောင့်ရှောက် ကယ်ဆယ်နိုင်ဖို့က တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နိုင်ရေး မြန်မာအစိုးရဘက်က အလေးအနက်ထားဆောင်ရွက်ဖို့က အရေးတကြီးလိုအပ်တယ်လို့ ကချင်ပြည်နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူကလည်း အကြံပြုပါတယ်။

“ဟိုဘက်မှာ အိမ်ထောင်ပြုပြီး နေခွင့်မရတဲ့သူတွေပေါ့နော် တရုတ်ဘက်က နယ်စပ်ကလူတွေနဲ့ ဒီဘက်က အစိုးရခြင်းက အများကြီးပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ဗဟိုအစိုးရကနေ အဓိက ဆောင်ရွက်ဖို့ တာဝန်ရှိနေတဲ့အခါကျတော့ ဗဟိုအစိုးရနဲ့ ကျမတို့နဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်ပေါ့ အဲဒီကနေတဆင့် ကျမတို့ တိုင်းပြည် ထဲဝင်တာပေါ့နော်။ အဲဒီအခါကျတော့ ဒီနယ်စပ်ချင်းထိစပ်နေတဲ့အစိုးရ နောက် ဗဟို အစိုးရ အားလုံးက ပေါင်းစပ်ညှိနှိုင်းဖို့လိုတယ်။ နောက် နယ်စပ်ချင်းထိနေတဲ့ နေရာမှာရှိတဲ့ ကျမတို့ အဖွဲ့အစည်းတွေအားလုံးကလည်း ဒီအမျိုးသမီးတွေအတွက် ဆောင်ရွက်ပေးဖို့ အများကြီးလိုတာပေါ့နော်။”

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်ဘက်ခြမ်းမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား နှစ်နဲ့ချီ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တာမို့ သိန်းချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသလို တရုတ်နိုင်ငံဘက်ခြမ်းကိုလည်း ခိုလှုံနေကြရတာဖြစ်ပါတယ်။

တရုတ်-မြန်မာ ယူနန်ပြည်နယ်နယ်စပ် Dehong အထူးဒေသထဲမှာ တရုတ်မြန်မာနယ်စပ်ဘက်ခြမ်း မှာ လူကုန်ကူးမှုတွေနဲ့ ဒုစရိုက်မှုနဲ့ မူးယစ်ဆေးဝါးပြသနာ အပါအဝင် HIV/AIDS ကူးစက်ရောဂါပြန့်ပွားမှုတွေ နဲ့ ရှိနေပြီး ဖြစ်စဉ် ၅၀%လောက်ဟာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာတွေကြောင့်ဖြစ်တယ်လို့ Global Times မှာ ရေးသားထားပါတယ်။
VOA Burmese News


ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရသည့် အမှုကြီးနဲ့ ပါတ်သက်၍ သမ္မတရုံးမှ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ က ဒုတိယ အကြိမ် သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဦးကိုနီ လုပ်ကြံခံရပြီး ငါးရက်အကြာ ဖေဖေါ်ဝါရီ ၃ ရက်နေ့ မှာ ပထမ အကြိမ် အဖြစ် သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ထိုကြေငြာချက်မှာ ကြည်လင်းဆိုသူအား အသက် ၄၆ နှစ် ရှိ အောင်ဝင်းဇော်မှ ဦးကိုနီ အား လုပ်ကြံသတ်ဖြတ်ပေးဖို့ ငှားရမ်းခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒုတိယ သတင်းကြေငြာချက်မှာ ယခင် တပ်မတော်မှ ဒုတိယ ဗိုလ်မှုးကြီး အဆင့်ရှိသူ အောင်ဝင်းခိုင်မှ အကို ဖြစ်သူ အောင်ဝင်းဇော်ကို ငွေ သိန်းတထောင်ပေးပြီး ဦးကိုနီကို သတ်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး ယခုအခါ ထွက်ပြေးလွတ်မြောက်နေဆဲ လို့ ဆိုပါတယ်။

ဒီနေရာမှာ လုံးဝ အံ့အားတသင့် ဖြစ်ခဲရတာ ကတော့ အခုလို ဟိုလေးတကြော်ကြော် ဖြစ်ခဲ့ရတဲ့ လုပ်ကြံမှုကြီး ဖြစ်ပွားပြီး သုံးပါတ်ကြာတဲ့ အထိ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး တာဝန်ယူထားတဲ့ တပ်မတော် လက်အောက်ခံ ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲ မပြု လုပ် ခဲ့တာပဲ ဖြစ်ပါတယ်။ တပ်မတော်သည် လုပ်ကြံမှုကို စုံစမ်း ဖေါ်ထုတ်ရန် ပူးတွဲ တာဝန်ယူထားတဲ့ အတွက်လည်း အခုလို နေနိုင်တာကို အံ့အားသင့်ခဲ့ရခြင်း လည်း ဖြစ်ပါတယ်။

အခုလို သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်ရန် နှောင်နှေးခဲ့ရခြင်း နဲ့ အထက်တန်း တပ်မတော် အရာရှိဟောင်းကြီး တဦးအား အဓိက သံသယ စာရင်း ရှိသူ စာရင်းတွင် ပါဝင်နေခြင်းကြောင့် ပြည်သူများ အနေနဲ့ အမှန်ကို သိခွင့်ရပါ့တော့မလားဆိုသော စိတ်ပျက် အားငယ်မှု တွေုဖြစ်ပေါ်လာခဲ့ကြရပါတော့တယ်။

၂၀၁၄ ခုနှစ်တွင် တပ်မတော်မှ အနားယူခဲ့ပြီး ဆိုသော အောင်ဝင်းခိုင်သည် ဦးကိုနီ အား လုပ်ကြံရန် ၂၀၁၆ ခုနှစ် ဂျူ လိုင်လ အတွင်းက အကို ဖြစ်သူ ထံ ချည်းကပ်ခဲ့ပါတယ်။ သို့သော်ငြားလည်း ဒီမတိုင်မီကတည်းက အကြံအစည် ရှိနေကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒီအချက်က ဘာကို ရည်ညွန်းပြဆိုနေ သလဲ ဆိုက တပ်မတော် အရာရှိဟောင်းတဦးက ဦးကိုနီကို သတ်ဖြတ်ရန် အချိန်အတော်ကြာကပင် စီမံနေတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ စီမံနေတဲ့ ကာလ နဲ့ ကြည်လင်းမှ သူ့အား ကျပ် သိန်းတထောင် ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ အစစ်ခံချက်များအရ အောင်ဝင်းခိုင်သည် ပုဂ္ဂို လ်ရေး ရန်ညှိး ရန်စ ကြောင့် ပြု လုပ်ခဲ့တာ မဟုတ်ဖူး ဆိုတာရယ် ၎င်းကို အထောက်အပံ့ ပေးနေတဲ့ နိုင်ငံကို မတည်မငြိမ် ဖြစ်ရန် ဖန်တီးလိုနေကြတဲ့ အုပ်စုတစု နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေ တိုးပွားများပြားလာခဲ့ရပါတယ်။

နောက်ကွယ်က ပါဝင်နေသူတွေ ဘယ်သူတွေလည်း ဆိုတာ မသိရသေးပဲ ရှိနေဆဲ ဖြစ်ပါတယ်။ သို့သော်ငြားလည်း တပ်မတော် အရာရှိဟောင်းတယောက်သည် အဓိက သံသယရှိသူ ဖြစ်လာတာကြောင့် အချို့ မှ တပ်မတော်နဲ့ ဆက်စပ်နေမယ်။ ဒါမှ မဟုတ်လည်း အရင် တပ်မတော် အရာရှိဟောင်းတွေ ပါဝင်ပါတ်သက်နေရမယ်လို့ သံသယ တွေ ရှိလာခဲ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလ မြန်မာပြည်သည် စစ်အစိုးရ လက်အောက် ရှိနေစဉ်ကာလက ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ရန် ကြံစည်ခဲ့ကြတဲ့ ဒီပဲယင်း လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြီးသည် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး အမှောင်ကို အကာအကွယ်ပြု၍ စနစ်တကျ: စီစဉ်တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့ အတွက် NLD ထောက်ခံသူ ၇၀ ခန့် အသက် ဆုံးရှုံးခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ သို့သော်လည်း အဆိုပါ လူသတ်ပွဲကြီးနှင့် ပါတ်သက်ပြီး တဦးတလေမျ အရေးယူ နိုင်ခဲ့ခြင်း မရှိခဲ့သေးပေ။

ထိုအချိန်က အတွင်းရေးမှုး (၁) ဖြစ်သူ စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ ဗိုလ် ချူပ်ကြီး ခင်ညွန့် က သူရဲ့ ကိုယ်တိုင်းရေး အထ္ထုပတ္တိ မှာ အခု လို ရေးသသသားခဲ့ပါတယ်။

"ဒီပဲယင်း အရေး အခင်းအကြောင်း က္ဈန်တော် မသိရဘူး ပြောရင် လိမ်ရာ ကျပါလိမ့်မယ်။ ဒီကိစ္စက နိုင်ငံရေး ပြသာနာ တခု ဖြစ်တဲ့အပြင် က္ဈန်တော်ကိုယ်၌ က အတွင်းရေးမှုး (၁) အဖြစ် တာဝန်ယူထားရတဲ့ အတွက်ကြောင့် သိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရှေ့ကနေ မော်တော်ဆိုင်ကယ်များ ဦးဆောင်ပြီး ကားတန်းရှည်ကြီးနဲ့ နိုင်ငံအနှံ့ ခရီးလှည့်လည့်ကာ စည်းရုံးရေး မိန့် ခွန်းတွေ ပြောကြားနေတာကြောင့် စစ်အစိုးရ အနေနဲ့ အမှန်တကယ် စိုးရိမ်ကြောင့်ကြမှု ဖြစ်ခဲ့ကြပါတယ်။

ကားတန်းကြီးက မုံရွာကို ရောက်ရှိလာချိန်မှာတော့ ဥက္ကဌ (ဗိုလ်ချူပ်မူးကြီး သန်းရွှေ) က သူအခန်းထဲသို့ စစ်ဖက် အရာရှိ ၅ ဦး ၆ ဦး ခန့်ကို ခေါ်လို့ ရောက်သွားချိန်မတော့ ကားတန်းကို ဖြစ်သည့်နည်းဖြင့် ဟန့်တားပြစ်ရမယ်လို့ ပြောခဲ့ပါတယ်။ အကြမ်းဖက်တဲ့ နည်းကို မသုံးသင့်ကြောင်း က္ဈန်တော်က အကြံပြုတာကို သဘောမတူ ခဲ့ပါဘူး။

က္ဈန်တော် အဲ့သည်လို ပြောခဲ့တာ က္ဈန်တော်အတွက် တခု ကောင်းသွားရတာကတော့ ဒီကိစ္စ အတွက် က္ဈန်တော့်ကို တာဝန် မပေးတော့ပါဘူး။ အဲ့သည့်တာဝန်ကို အတွင်းရေးမှုး (၂) ဒုတိယ ဗိုလ်ချူပ်ကြီး စိုးဝင်းကို စစ်ဆင်ရေး ကို ခေါင်းဆောင်ဖို့ တာဝန် သတ်မှတ်လိုက်ပါတယ်။ ဒုတိယ ဗိုလ်ချူပ်ကြီး ရဲမြင့်ကို ဒုတိယ ခေါင်းဆောင် အဖြစ် တာဝန်ပေးပြီး မုံရွာကို ရဟတ်ယာဉ်တွေနဲ့ ပို့ ဆောင်ပေးခဲ့ပါတယ်'

ဒီစကားတွေကို အဓိပ္ပါယ် ဖေါ်ရရင် NLD ကားတန်းကို တိုက်ခိုက်ခဲ့တာ ဗိုလ်ချူပ်မှုးကြီးရဲ့ အမိန့် နဲ့ ပြု လုပ်ခဲ့တာလို့ ပြောလို့ ရပါတယ်။

ဦးကိုနီ အမှုကို ပြန်ဆက်ရမယ်ဆိုရင် ဂျန်န၀ါရီ ၂၉ ရက်နေ့ လုပ်ကြံပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အောင်ဝင်းဇော်ကိုတော့ နောက်တနေ့ မနက်စောစော ဖားအံ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဂျန်န၀ါရီ ၃၀ ရက်နေ့မှ ရဲအဖွဲ့က ဒေါပုံမှာ ရှိတဲ့ အောင်ဝင်းခိုင် အိမ်ကို ၀င်ရောက် ရှာဖွေ ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုနေ့မှာပင် တပ်မတော် သတင်း အမှန် များ ထုတ်ပြန်ရေး အဖွဲ့က အမှုကို စုံစမ်းစစ်ဆေးနေတဲ့ အဖွဲ့ နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီနေရာမှာ သိသာ ထင်ရှားလာရတဲ့ အကြောင်းကတော့ ဂျန်န၀ါရီ ၃၀ ရက်နေ့ မှာပဲ တပ်မတော် နဲ့ လုံခြုံရေး အဖွဲ့များက အဓိက သံသယ ရှိနေသူသည် တပ်မတော် အရာရှိဟောင်း ဆိုတာ သိရှိ သွားခဲ့ပြီ ဆိုတာပဲ ဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းပြန်တာက အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ရေး အတွက် သူရဲ့ ဓါတ်ပုံကို ထိုနေ့ မှာပဲ ထုတ်ပြန်ရမယ့်အစား နောက်ပိုင်း ၁၆ ရက် အကြာမှ ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြီး:ရဲ့ အကျိုးဆက်ကတော့ ပြည်သူများ အနေနဲ့ ဦးကိုနီ သေဆုံးခဲ့ရမှုမှာ ပါဝင် ပါတ်သက်နေသူတွေ အားလုံး တရားဥပဒေ နဲ့ ရင်ဆိုင်ရပါတော့မလား ဆိုတဲ့ သံသယ တွေ ပိုကြီးထွား လာခဲ့ရတာပဲ ဖြစ်ပါတော့တယ်။

Ref: Frontier Myanmar

Photo Credit : Original uploader

ပြန်လည် တင်ပြသူ — HSW


တပ်မတော်ဘက်မှ ထိုးစစ်များကြောင့် ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို မြောက်ပိုင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဆုံးဖြတ်ချက်ဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တအောင်း/ ပလောင်အဖွဲ့ အတွင်းရေးမှူး မိုင်းဘုန်းကျော်က မတ်လ ၆ ရက်တွင် ပြောဆိုလိုက်သည်။

လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရဲစခန်းအား မတ်လ ၆ ရက်၊ နံနက် ၂ နာရီတွင် ကိုးကန့်အဖွဲ့ (MNDAA) မှ အင်အား ၃၀ ခန့်က ရဲဝတ်စုံများ ဝတ်ဆင်အယောင်ဆောင်ကာ စခန်း၏ တောင်ဘက်မှဝင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

တောထဲရှိ မြောက်ပိုင်းစခန်းများအား တပ်မတော်မှ တိုက်ခိုက်ခဲ့ပြီးနောက် မြို့ထဲအား ၎င်းတို့သဘော နှင့် ၀င်ရောက်ခြင်းဖြစ်သည်ဟု တအောင်း/ ပလောင်အဖွဲ့ အတွင်းရေးမှူး မိုင်းဘုန်း ကျော်က ပြောသည်။

“MNDAA ကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲကပါ။ အဲ့ဒီမှာလှုပ်ရှားတာတော့ တပ်ဖွဲ့အသီးသီး တွေ မြောက်ပိုင်းမဟာမိတ်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်နေတာဖြစ်ပါတယ်။ MNDAA တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ မြောက်ပိုင်းမှာ ရှိတဲ့စခန်းတွေကို ပျောက်ကြားစခန်းတွေကို တောထဲကို တပ်မတော်က ထိုးစစ်တွေအများကြီးဆင်လာတယ်။ မြို့ထဲကို ၀င်တာကတော့ ကျွန်တော်တို့ သဘောနဲ့ ကျွန်တ်ာတို့ ၀င်တာဖြစ်ပါတယ်” ဟု တအောင်း/ ပလောင်အဖွဲ့ အတွင်းရေးမှူး မိုင်းဘုန်း ကျော်က ပြောဆိုသည်။

အဆိုပါ တိုက်ပွဲကြောင့် လောက်ကိုင်မြို့ ဒေသခံအတော်များများမှာ ရှမ်းပြည်နယ် လားရှိုးနှင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း အမည်မဖော်လိုသူ လောက်ကိုင် ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် သတင်းထုတ်ပြန်ချိန်အထိ အ.မ.က (လောင်အဲချီ) မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများရှိနေပြီး မီးရှို့ထားသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦးနှင့် ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးအား ကိုးကန့်အဖွဲ့မှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြပါရှိသည်။

၂၀၁၆ ခုနှစ်နောက်ပိုင်းနှင့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းတွင် ပြုလုပ်ခဲ့သည့် အပစ်ရပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ NCA အပစ်ရပ်မထိုးရန် ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့အပြီးတွင် တပ်မတော်နှင့်တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ကြောင်း မိုင်းဘုန်းကျော်က ဆိုသည်။

“ ဒီဇင်ဘာလနောက်ပိုင်းဆို တော်တော် ပြင်းလာပါတယ်။ အဲဒါတွေ ယုတ်လျော့သွားခြင်းမရှိဘူး။ အဲ့အတွက်ကြောင့် အခုလို ဒီလမ်းမကြီးဖက်တို့ မြို့တွေနေရာတို့ ကျွန်တော်တို့က ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု မိုင်းဘုန်းကျော်က ပြောဆိုသည်။

မတ်လ ၆ ရက်နံနက် ပိုင်းကစတင်ပြီး လောက်ကိုင်မြို့ထဲတွင် တိုက်ပွဲများ အဓိကဖြစ်ပွားနေခြင်း ဖြစ်သည်။

MNDAA အင်အား ၅၀ ခန့် မှကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား လာရောက်ပစ်ခတ်ပြီး ၂ နာရီခွဲ အချိန်ခန့်တွင် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်အား ဝင်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကာ နံနက် ၅ နာရီ ၁၀ မိနစ်တွင် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP-127 သို့ ထွက်ခွာသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/2429
3


Myanmar State Counsellor Office
Myanmar State Counsellor Office
အမျိုးသမီးတွေအနေနဲ့ ကိုယ့်အခွင့်အရေးတောင်းဆိုရုံတင်မဟုတ်ပဲ၊ လိုအပ်သလို တာဝန်ယူပိုင်ခွင့်ရတာကိုလည်း အခွင့်အရေးတရပ်အနေနဲ့ ရှုမြင်ကြဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ ဒီကနေ့ လုပ်တဲ့ စကားဝိုင်းဟာ အချိန်လုံလောက်မှုမရှိတာမို့၊ ဆွေးနွေးပွဲ တတ်ရောက်ခဲ့တဲ့ အမျိုးသမီးတွေကတော့ သိပ်ပြီး အားရကျေနပ်မှုတော့မရှိပါဘူး။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် တင်ပြပေးမှာပါ။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ ရက်သတ္တပတ် ဖွင့်ပွဲဖိုရမ်မှာ နိုင်ငံတော်ရဲ့ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ စကားဝိုင်းပြုလုပ်ခဲ့ပြီး အမျိုးသမီး စွန့်ဦး တီထွင်လုပ်ငန်းရှင် ၉ဦး စကားဝိုင်းမှာ ပါဝင်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ အခွင့်အရေး တောင်းဆိုရုံတင်မကဘဲ တာဝန်ယူဖို့ သတ္တိရှိကြောင်း ပြဖို့ အင်မတန်အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်မတို့ အမျိုးသမီးများဟာ အခွင့်အရေး တောင်းခံလာတာနဲ့အမျှ တာဝန်ယူဖို့ သတ္တိရှိတယ် ဆိုတာကို သက်သေပြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့ကြောင့် အမျိုးသမီးများ အခွင့်အရေးရခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စံနှုန်းစံထား တွေဟာ မြင့်မားလာခဲ့တယ်။ ဒီအမျိုးသမီးများဟာ မိမိတို့ရဲ့ အခွင့်အရေးတွေ တောင်းရုံ သာမက မိမိတို့ရဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ စိတ်အားထက်သန်တယ် ဆိုတာကို ကျွန်မတို့ နိုင်ငံကအမျိုးသမီးတွေ ပြစေချင်ပါတယ်။ အခွင့်အရေးတောင်းပြီးတော့ တာဝန်ဘက် ကျတော့ အစိုးရအားလုံးလုပ် ဆိုတာဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူးလို့ ကျွန်မတော့ ဒီလိုပဲသုံးသပ်ပါတယ်။

ကိုယ့်မှာ အခွင့်အရေး ရှိလာတာနဲ့အမျှ တာဝန်ယူရတာကိုလည်း ဂုဏ်ယူရမယ်။ တာဝန် ဆိုတာဟာ မလုပ်မဖြစ်လုပ်ရမယ့် ဝန်ထုပ်ဝန်ပိုးကြီးလို့ မစဉ်းစားဘဲနဲ့ တာဝန်ယူပိုင်ခွင့်ရတာကို က အခွင့်အရေးပဲ၊ နိုင်ငံသားတစ်ယောက်ရဲ့ ရသင့်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်တယ်။ ဒါကြောင့် မို့ ကျွန်မတို့ တာဝန်ယူမယ်၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့ အမျိုးသမီးများ ကျွန်မတို့ နိုင်ငံတိုးတက်ရေး အတွက်၊ ကမ္ဘာကြီးတိုးတက်ရေး အတွက် ကို ဦးတည်ပြီးတော့ လုပ်သွားစေချင်ပါတယ်။”

ဒီမိုကရေစနစ်အောက်မှာ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို အစိုးရဘက်ကဘဲ တာဝန်ယူပေးရုံနဲ့မရဘဲ စီပွားရေး အသိုက်အဝိုင်းနဲ့ ပြည်သူတွေက ကိုယ့်တာဝန်ကိုယ်ယူကြဖို့လည်း လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

“စီးပွားရေးကဏ္ဍကလည်း ငါတို့စီးပွားရေး အသိုင်းအ၀ိုင်းမှာ ဘာဖြစ်လို့ ဒီလိုဖြစ်နေသလဲ ဆိုတာ ကိုယ့်ဘက်ကလည်း ဘာလုပ်နိုင်သလဲဆိုတာကို ကြည့်ရမယ်။ အစိုးရ ပဲ လုပ်ပေးပါ၊ ကျမတို့က မလုပ်ချင်လို့မဟုတ်ဘူး အစိုးရက တာဝန်ယူဖို့အဆင်သင့်ပဲ ဒါပေမယ့် အစိုးရ အားလုံးတာဝန်ယူပါဆိုတာက ဒီမိုကရေစီအမြင်မဟုတ်ဘူး။ လူတိုင်းမှာ ဒီမိုကရေစီအမြင်က နိုင်ငံသူ နိုင်ငံသားတိုင်း တယောက်ချင်းစီမှာ တာဝန်ရှိတယ်၊ အစိုးရလည်း အစိုးရတာဝန်ကို လုပ်မယ်၊ ပြည်သူပြည်သားတွေကလည်း ကိုယ့်တာဝန်ကကျေပွန်ရမယ်။ စီးပွားရေးအသိုင်းအ၀ိုင်းကလည်း ကိုယ့်ဟာကိုယ် လုပ်နိုင်သမျှလုပ်ရမယ်။ ကျမအမြဲတမ်းပြောတယ် အစိုးရ ပဲ လုပ်ပေးပါဆိုရင် ဘာဖြစ်လို့ ဒီမိုကရေစီလိုချင်သေးသလဲ အာဏာရှင်အစိုးရပဲ ထားလိုက် ၊ အားလုံးလုပ်လိမ့်မယ် အစိုးရက အဲဒါဆိုရင် ပြီးသွားတာပဲ ။ ဒါတွေကျမတို့ မလိုချင်လို့ ကျမတို့ ဒီမိုကရေစီဘက်သွားတာပဲ ၊ လူတိုင်းလူတိုင်းမှာ ကိုယ့်လုပ်ပိုင်ခွင့်နဲ့တာဝန်ကို သိသွားစေချင်လို့ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ စကားဝိုင်းမှာ အမျိုးသမီး လုပ်ငန်းရှင် ၉ဦး တက် ရောက်ခွင့်ရပေမယ့် အချိန်လုံလောက်မှုမရှိတာကြောင့် အမျိုးသမီး ၄ဦးပဲ ပါဝင် ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲနဲ့ သိပ်အားမရဘူးလို့ နေကြာပန်း ယက္ကန်းလုပ်ငန်း တည်ထောင်သူ မဖြူအိသိန်းက အခုလိုပြောပါတယ်။

“အားတော့မရဘူးပေါ့နော် အချိန်မရတဲ့အခါကျတော့ အသေးစိတ်မဆွေးနွေးနိုင်ဘူး ၊ ကိုယ်ကပြောတဲ့အပေါ်မှာ အန်တီ့အနေနဲ့ သူတို့တွေဘာလုပ်နေပါတယ် ဘယ်လိုရှေ့ဆက်လုပ်သွားနိုင်ပါတယ် ၊ သူ့ဘက်ကနေပြီးတော့ အကြံပေးတာနဲ့ comment ပေးတာလောက်ပဲ ရှိတာပေါ့နော်။”

လက်ရှိမြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးဖို့ကို အစိုးရတခုတည်းလုပ်လို့မရဘူးဆိုပေမယ့် အစိုးရအနေနဲ့ မူဝါဒ တရပ် ချမှတ်ပေးဖို့က လိုတယ်လို့ မဖြူအိသိန်းက ဆက်ပြောပါတယ်။

“ဒီနေ့ အန်တီနဲ့ ဆွေးနွေးသလိုပေါ့ အစိုးရတခုတည်း လုပ်လို့မရဘူးလို့ ပြောပါတယ်၊ ဟုတ်တယ်မှန်တယ်၊ ဒီအစိုးရတခုတည်းတော့လုပ်လို့မရဘူး။ တခြားလုပ်ငန်းရှင်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး နောက် ရပ်ရွာတွေ၊ အကုန်လုံးက အတူတူပူးပေါင်းလုပ်ရမယ်ဆိုပေမယ့် ဖြစ်နိုင်ရင်တော့ အစိုးရအနေနဲ့ မူဝါဒလေးတခု ချပေးရင် ကျန်တဲ့လူတွေက Guide line ပေါ့နော် အဲဒီအပေါ်မှာ လိုက်လုပ်သွားလို့ ရပါတယ်။ ဆိုတော့ အဲဒီလိုမျိုး အခက်အခဲတွေတော့ ရှိပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခွင့်မရလိုက်တဲ့ Tree Food အညာထန်းလျက်လုပ်ငန်းက စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင် မချို့လဲ့အောင်ကတော့ ဒီကနေ့ စကား ဝိုင်းနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလိုသုံးသပ်ပါတယ်။

“ထိရောက်လားဆိုတော့ ဒီလိုပွဲတွေလိုပေါ့နော် အများကြီးတော့ ထိရောက်မှုမရှိပေမယ့် ၊ အနည်းဆုံးတော့ လုပ်ငန်းရှင်တွေရှိတယ် အဲဒီလူတွေ ဘာတွေစဉ်းစားနေသလဲ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အနည်းဆုံးတော့ တိုင်းသူပြည်သားတွေအကုန်လုံး သိခွင့်ရတယ်ဆိုတာမျိုးတွေကတော့ အကျိုးရှိပါတယ်။”

အမျိုးသမီးရက်သတ္တပတ်ဖွင့်ပွဲဖိုရမ်ကို ဖွင့်ပွဲအခမ်းအနားကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေးလည်း တက်ရောက်ခဲ့ပြီးနိုင်ငံတကာ အမျိုးသမီးနေ့ မတိုင်ခင် ၂ရက်အလိုမှာ ကျင်းပခဲ့တာ လည်းဖြစ်ပါတယ်။
VOA Burmese News

သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်
သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်
သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်ရဲ့ တန်းဖိုးရှိတဲ့ အကြောင်းတွေကို ဒီကနေ့လူငယ်တွေ ပိုပြီးသိလာစေဖို့ ရည်ရွယ်ပြီး “ဘယ်သူလဲဟဲ့ ဦးဝင်းတင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဦးဝင်းတင် အမှတ်တရအစီအစဉ်တခုကို လမ်းမတော်မြို့နယ် Yangon Book Plaza မှာ မတ်လ ၁၂ ရက်နေ့ကျရင် ပြုလုပ်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ အဲဒီပွဲမှာ လူငယ်လေးတွေက ဟံသာဝတီဦးဝင်းတင် အကြောင်းနဲ့ ပတ်သက်လို့ ဟောပြော ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အကောင်းဆုံး ၃ ဦးကို ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

လာမယ့် မတ်လ ၁၂ ရက်နေ့ဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စာရေးဆရာ သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်ရဲ့ ၈၇ နှစ် ပြည့် မွေးနေ့ဖြစ်တာကြောင့် PEN Myanmar နဲ့ Yangon Book Plaza တို့ပေါင်းပြီး “ဘယ်သူလဲဟဲ့ ဦးဝင်းတင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန် လမ်းမတော်မြို့နယ် သံဈေး ၅ လွှာမှာရှိတဲ့ Yangon Book Plaza မှာ ဦးဝင်းတင် အမှတ်တရပွဲတခုကို ကျင်းပသွားမှာဖြစ်ပါတယ်။

“ဘယ်သူလဲဟဲ့ ဦးဝင်းတင်” ဆိုတဲ့ခေါင်းစဉ်တပ်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ PEN Myanmar အဖွဲ့က စာရေးဆရာမ မသီတာ(စမ်းချောင်း) က ခုလိုရှင်းပြပါတယ်။

“ ‘ဘာလဲဟဲ့..လူ့ငရဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆရာစာအုပ်က အားလုံးသိတဲ့စာအုပ်ဖြစ်တယ်။ အဲဒီအခါကျတော့ ဆရာ့ကိုလဲ အသက်ရှိစဉ် ကာလမှာ သမိုင်းတလျှောက်လုံး သတင်းအမှောင်ချထားတဲ့ကာလမို့လို့ လူငယ်တွေက ဆရာ့အကြောင်းကို လုံလုံလောက်လောက်သိခွင့်မရခဲ့ဘူးပေါ့နော်။ အခုဆရာ ကွယ်လွန်ပြီးအခါမှပဲ ဆရာ့အကြောင်းကို ပြန်ပြီးလေ့လာ သလိုဖြစ်နေတယ်ပေါ့နော်။ အဲဒီတော့ သိရအောင် ကျမတို့ ဖန်တီးပေးပြီးတော့ အဲဒီလို သိရတာတင်မကဘူး သူတို့စိတ်ထဲမှာ မြင်တဲ့အမြင်တွေ သူတို့ခံစားမိသလို ပြန်ပြောတဲ့ ဆရာဦးဝင်းတင်ဆိုတာ ဘယ်သူလဲ ဆိုတာမျိုးဖြစ်အောင်လို့ ဒီခေါင်းစဉ်လေး ပေးဖြစ်တာပါ။”

အဲဒီပွဲမှာ ဟံသာဝတီ ဆရာဦးဝင်းတင်နဲ့ လက်ပွန်းတတီးရှိခဲ့ဖူးတဲ့ စာရေးဆရာ မောင်မိုးသူ၊ ဆရာအောင်ဝင့်(ခေါ်) ဦးအုန်းကြိုင်တို့က သူတို့ ကြုံဆုံဖူးတဲ့ ဦးဝင်းတင်အကြောင်း ပြောပြမှာ ဖြစ်သလို၊ စာရေးဆရာတွေဖြစ်ကြတဲ့ မျိုးမြင့်ငြိမ်း၊ မသီတာ(စမ်းချောင်း)နဲ့ ကိုဂျင်မီတို့ကလည်း ထောင့်သုံးထောင့်မှာ နေရာယူရင်း ဆရာ့ အကြောင်းတွေ ပြောဆိုကြမှာပါ။ အဲဒီပွဲကို တက်ရောက်လာတဲ့ လူငယ်လေးတွေက သူတို့သိထားတဲ့ ဦးဝင်တင် ဆိုတာ ဘယ်သူလဲ ဆိုတာကို စင်ပေါ်မှာတက်ပြီး ဟောပြော ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ Yangon Book Plaza ရဲ့တာဝန်ခံ ကဗျာဆရာ စာရေးဆရာ မြေမှုန်လွင်က ပြောပါတယ်။

“အဲဒီနေ့ကျရင် လူကြီးတွေက နည်းနည်းပြောပြီးတော့ လူငယ်တွေက များများပြောတဲ့ဟာကို လုပ်မယ်။ ကျနော်တို့နိုင်ငံမှာ ဘာမဆို လူကြီးတွေက များများပြောပြီးတော့ လူငယ်တွေက နားထောင်တဲ့အဆင့် ကို ကျနော်က မကြိုက်ဘူး။ ဆိုတော့ အဲဒီနေ့ပွဲက လူငယ်တွေအတွက် ပွဲဖြစ်တယ် ဦးဝင်းတင်ကို မသိသေးတဲ့ လူငယ်တွေကို သိအောင်လုပ်မယ့်ပွဲဖြစ်တယ်။ ဆိုတော့ ဘယ်လိုလုပ်ထားသလဲဆိုတော့ မသီတာ(စမ်းချောင်း) ၊ ဦးမိုးသူ၊ မျိုးမြင့်ငြိမ်း၊ကိုဂျင်မီတို့ က နေရာလေးတွေ ပေါ်မှာနေမယ်၊ Main stage မှာမနေဘူး၊ သူတို့ကနေပြီးတော့ ပြောမယ် နောက် အဲဒီမှာ စာအုပ်တွေရှိမယ်၊ ပန်ဖလက်တွေ ရှိမယ်ပေါ့နော်။

ဦးဝင်းတင်အကြောင်းကို လူငယ်တွေကို သိအောင်လုပ်ခိုင်းမယ် ၊ အဲဒီနေ့မှာ လာမယ့်လူငယ်တွေအများကြီးရှိတယ် တက္ကသိုလ်အသီးသီးက ကျောင်းသားအရွယ်တွေလည်းပါတယ်၊ ၈ တန်း-၉တန်းအရွက်ကျောင်းသား၊ ကျောင်းသူတွေလည်း ပါတယ်။ တချို့တွေလည်း သိပြီးပြီ ၊ တချို့ကို Main Stage ပေါ်မှာ တင်ပေးလိုက်မယ်။ Presentation လုပ်ခိုင်းမယ် သူတို့လုပ်တာတွေကို ကျနော်တို့က ပြန်နားထောင်မယ်။ အကောင်းဆုံး ၃ ယောက်ကို ဆုပေးမယ်။ Presentation လုပ်တဲ့သူတွေလည်း ‘ဘာလဲဟဲ့..လူ့ငရဲ’ ဆိုတဲ့စာအုပ်ကို ပေးသွားမယ်။ ကျနော်တို့တွေက နားထောင်သူတွေပဲလုပ်မယ် ၊ ပြောတဲ့သူတွေလုပ်မှာ မဟုတ်ပါဘူး။”

စာရေးဆရာ မသီတာ(စမ်းချောင်း)နဲ့ မြေမှုန်လွင်တို့ကတော့ ဆရာဦးဝင်းတင်နဲ့ပတ်သက်တဲ့ သူတို့ အမြင်တွေကို ပြောလာပါတယ်။

“မြန်မာစာပေလောကမှာ ဆရာဟာ ကျမအတွက်တော့ အင်မတန်မှ ကိုယ်ပိုင်ဟန်အပြည့်ရှိပြီးတော့ ကိုယ်ပိုင်အားထုတ်မှု အင်မတန်ကြီးတယ်ပေါ့နော်၊ ဆရာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းစာသမားကလောင်ကို ပိုပြီးတော့ သိကြပေမယ့်၊ ဆရာ့ပန်းချီနဲ့ပတ်သက်ပြီးတော့ လူငယ်တွေ ခံစားတတ်အောင်ရေးခဲ့တဲ့ ကလောင်ကိုတော့ မသိလိုက်ကြဘူးပေါ့နော်၊ တန်ဖိုးရှိခဲ့တယ်ပေါ့နော်။ နောက်ဆုံးတော့ ဒီမိုကရေစီရဖို့အတွက်ကို သူပြောသင့်ပြောထိုက်တဲ့စကားကို ဘယ်သူ့မျက်နှာမှ မကြည့်ပဲနဲ့ ပြောခဲ့တယ် အဲဒီလိုလူမျိုးပါ။”

“ကျနော် ဦးဝင်းတင်ရေးတဲ့စာကို ပထမဦးဆုံးစဖတ်တာက ‘ဘာလဲဟဲ့..လူ့ငရဲ’ ပေါ့နော် အဲဒါကို စဖတ်လိုက်တော့ ကျနော်တို့တွေ စိတ်ထဲမှာရှိတဲ့ဟာကို ရဲရဲဝံ့ဝံ့ ရေးလို့ရတယ်၊ ရေးရမယ်ဆိုတဲ့ဟာမျိုးပေါ့နာ် အားအင်ကိုရတယ်။ သူ့စာအုပ်စထွက်တဲ့အချိန်တုန်းကကျတော့ မြန်မာပြည်မှာက စာပေစိစစ်ရေးရှိသးတဲ့အခါကျတော့ အဲဒီစာအုပ်က ထုတ်ခွင့်မရဘူးလေ၊ ကျနော်တို့က ခိုးဖတ်ရတာပေါ့နော်၊ အဲဒီတော့ အဲဒါကို စဖတ်ပြီးကျနော် အရမ်း shock ဖြစ်သွားတယ်။ သူရေးတာတွေက အင်မတန်ပွင့်လင်းတယ်၊ အင်မတန် တည့်တိုးကြတယ်။ ရဲရဲဝံ့ဝံ့ ရေးရတယ်ပေါ့နော် အဲဒီလို စတိုင်တွေရတယ်၊ အဲဒါကို ကျနော်တို့လည်း အားကျမိတယ်။”

ဟံသာဝတီ ဦးဝင်းတင်ကို ၁၉၃၀ မတ်လ ၁၂ ရက်နေ့ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ မွေးဖွားခဲ့တာပါ။ ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင် ထူထောင်ရာမှာ ပါဝင်ခဲ့ပြီး၊ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရပြီးနောက် မန္တလေးမြို့မှာထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာမှာ အယ်ဒီ တာချုပ်အဖြစ် ၁၀ နှစ်နီးပါးလုပ်ကိုင်ရင်း ဟံသာဝတီဦးဝင်းတင်အဖြစ် လူသိများခဲ့ပါတယ်။ “ကွိ” “ဥတ္တရအလင်း” စတဲ့ ဘာသာပြန်စာအုပ်တွေ ရေးသားခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ဦးဆောင်တဲ့ စနေ စာပေဝိုင်းကနေ မဆလ တပါတီလမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်းတစောင်ဖတ်ကြား ခဲ့ပါတယ်။ ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး၊ ပါတီအတွင်းရေးမှူး တာဝန်ကို ယူခဲ့ပါတယ်။ စစ်အစိုးရလက်ထက် ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်ထိ ၁၉ နှစ်ကြာ ထောင်ဒဏ်ကျခံ ခဲ့ရပါတယ်။ အကျဉ်းထောင်က လွတ်မြောက်လာပြီးမှာ NLD ပါတီနာယကအဖြစ် ရပ်တည်ခဲ့တာပါ။ နောက်ပိုင်း ဆေးကုသမှုခံယူနေရင်း ၂၀၁၄ ခု ဧပြီလ ၂၁ ရက်နေ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ အခုဆိုရင် ၃နှစ်နီးပါး ရှိတော့မှာဖြစ်ပါတယ်။

ဉာဏ်ဝင်းအောင်
VOA Burmese News

၂၀၁၅ လောက်ကိုင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ေပြးလာစဉ်
၂၀၁၅ လောက်ကိုင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ေပြးလာစဉ်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဒီကနေ့ မနက် ၁နာရီကျော်လောက်က စပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာမှာ နေ့ခင်း၁၂နာရီလောက် အထိ ပစ်ခတ်တာတွေ ရှိနေဆဲဖြစ်ပါတယ်။လောက်ကိုင်မြို့အနီး တကျော့ပြန်ပြန်လည်ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲအတွင်းမှာ အရပ်သားသေဆုံးတာတွေလည်း ရှိသလို လောက်ကိုင်မြို့အနီး နယ်စပ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကိုးကန့်ဒေသမြောက်ဖက်ခြမ်းမှာ အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့အကြား ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းတည်းက တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ရာက ဒီကနေ့ မနက် အစောပိုင်းမှာတော့ တိုက်ပွဲတွေဟာ လောက်ကိုင်မြို့အထိ ပျံ့နှံ့လာတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ တပ်မဟာ ၂၁၁က အရာရှိတဦးက အခုလို ပြောပါတယ်။

“မနေ့က ၁၂ နာရီကျော်ကျော်လောက်ဖြစ်တယ်။ အခုက လောက်ကိုင်နေရာမှာ အကုန်ဖြစ်တယ်။ လူတော့ တော်တော်ဝင်ပြီးချနေတယ်။”

လောက်ကိုင်ကို ၀င်ရောက်တိုက်ခိုက်တာကတော့ မော်ထိုက်ဒေသဘက်က ကိုးကန့်တပ်ဖွဲ့တွေကို အစိုးရတပ်မတော်က တိုက်ခိုက်နေတာကြောင့်လို့လည်း ဆက်ပြောပါတယ်။

“ဘာဖြစ်လို့ ၀င်တိုက်သလဲဆိုရင် ကျနော်တို့ နေတဲ့ နေရာ မော်ထိုက် ဘက်ကို ၀င်တိုက်နေတယ်။ သူတို့ ကျနော်တို့နေတဲ့နေရာကို လာချတယ် ၊ မော်ထိုင်ဘက်ကို လေယာဉ်နဲ့ လာပစ်တယ်။ ကျနောတို့လူတွေက အမြဲတမ်းရှိတယ် လောက်ကိုင်မြို့တွေမှာလည်း လူများတယ် ကျနော်တို့က မချချင်လို့ ။ အခုက မြန်မာစစ်တယ်က တလျောက်လုံး ကျနော်တို့ဘက်ကို လာချနေတယ်။”

လောက်ကိုင်မြို့ခံတယောက်ကလည်း လက်ရှိတိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။
“မနေ့ညက ၁ နာရီခွဲလောက်က စတာပါရှင့်။ ဗုံးသံကတော့ ၁၁ ၊ ၁၂ နာရီအထိလောက်ကို တချက်ကြားနေရသေးတယ်။ သေနတ်သံတော့ ၇ နာရီ ၈ နာရီအထိ သေနတ်သံကြားနေရသေးတယ်။ ကျမကတော့ ဘယ်မှ မသွားရဲဘူး ဒီမှာပဲ နေတယ် ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ဘက်လည်း ပြေးလို့မရဘူး၊ ပိတ်ထားတယ်၊ မြန်မာပြည်ဘက်လည်း မပေးဆင်းဘူး။ လောင်းကစားဝိုင်းကြီးတွေရှိတဲ့နေရာ ရှေ့တွေမှာဆိုရင် လူသေအလောင်းတွေရှိတယ်လို့ပြောတယ်။”


ရန်လုံကျိုင်းအသွားလမ်းတောင်ညီနောင်ဖက်မှာလည်း တိုက်ပွဲပြင်းထန်တာကြောင့်
ဒေသခံတချို့ လောက်ကိုင်ကို လာရောက်ခိုလှုံနေကြောင်းနဲ့
လောက်ကိုင်-လားရှိုးကား တွေလည်း အသွားအလာ ရပ်ထားကြောင်း ပြောပါတယ်။
PSLF/ TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့ အထွေထွေအတွင်းရေးမှုး
တာ့ဘုန်းကျော်က လောက်ကိုင်မြို့ မြောက်ဖက်က ကိုးကန့်တပ်မဟာ ၁၁၁မှာလည်း
တိုက်ပွဲပြင်းထန်နေကြောင်း ပြောပါတယ်။


“ဒီနယ်စပ်ဖြတ်တဲ့ဂိတ်မှာရော တလျောက် တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒီမှာလည်း ပြင်းတယ် ပြီးတော့ မြန်မာ့တပ်မတော်ဘက်က ကိုးကန့်ရဲ့ တပ်မဟာ ၁၁၁ နေရာတွေကို အပြင်းအထန်လက်နက်ကြီး ၁၂၀ တွေနဲ့ ပစ်နေတယ်။ ပြန်ထိုးစစ်ဆင်နေတယ်ဆိုတော့ တိုက်ပွဲတွေကတော့ အဓိက အကြီးကြီးတော့ ၂ နေရာ-၃ နေရာဖြစ်နေတာပေါ့။”


လောက်ကိုင်တိုက်ပွဲဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ တိုက်ခိုက် တာဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

“ဆုံးဖြတ်ချက်ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အင်အားကတော့ တချို့ပါနိုင်တာရှိတယ် မပါနိုင်တာရှိပါတယ်။ အဓိကတော့ ကိုးကန့်အဖွဲ့က များပါတယ် AA ဘက်ကလည်း ပါတယ်၊ ကျနော်တို့ဘက်ကလည်း တချို့ပါတယ်။ အဓိကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ပါပဲ အဓိကတော့ ကျနော်တို့ ၃ ဖွဲ့ပေါ့။”


ကိုးကန့်တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ရာမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က မတ်လ ၆ရက်နေ့ မနက် ၂နာရီက လောက်ကိုင်မြို့အရှေ့ဖက်ကနေ ၀င်ရောက်ပြီး လူနေအိမ်၊ တပ်စခန်း၊ ရဲစခန်းတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သလို လူနေအဆောက်အဦး၊ ဟိုတယ်နဲ့ ကားတွေ ပျက်ဆီးခဲ့ကြောင်း ဖော်ပြပါတယ်။


ကနဦးရရှိထားတဲ့သတင်းအရ မူလတန်းပြဆရာမတဦး၊ ကိုးကန့်ယာဉ်ထိန်းရဲ ၅ဦး၊ ပြည်သူ ၅ဦးသေဆုံးခဲ့သလို ကိုးကန့်ယာဉ်ထိန်းရဲ ၄ဦးကို လည်း ဖမ်းဆီးသွားကြောင်း၊ ကိုးကန့်တပ်ဖွဲ့ဖက် မီရှို့ထားတဲ့ အလောင်း ၂၀လောင်း အပါအ၀င် လက်နက် ၁၀လက် သိမ်းဆည်းရမိကြောင်း၊ ကိုးကန့်တပ်ဖွဲ့နဲ့အတူ အခြားပူးပေါင်းအဖွဲ့များပါရှိဖွယ်ရှိကြောင်း ဖော်ပြထားသလို တပ်မတော်က
နယ်မြေရှင်းလင်းရေးတွေကို ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး
သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ KIO/KIA ခေါ် ကချင်၊ ကိုးကန့်၊ ပလောင်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေပါဝင်တာဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်းကတော့ မြောက်ပိုင်းမဟာမိတ်နဲ့ အတူ ၀၊ မိုင်းလားအပါအ၀င် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းစတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ ဟာ ၀ဌာနချုပ် ပန်ဆန်းမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ ၉ဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နိုင်ငံရေးဆွေးနွေးရေးကော်မတီနဲ့
ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီလ ၄ ရက်က ကွတ်ခိုင်မြို့နယ်အတွင်းက ပန်လော့တပ်စခန်းကို ကချင်နဲ့ ပလောင်ပူးပေါင်း တပ်တွေဝင်ရောက်တိုက်ခိုက်တာကြောင့် တပ်မတော်သားတချို့ သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုမိုးဇော်
VOA Burmese News


မတ်လ ၆ ရက်၊၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသများအတွင်းသို့ မြန်မာ့တပ်မတော်မှ တပ်အင်အား တိုးချဲ့ မှုများ ပိုမိုပြု လုပ်လာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေသည် ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) မှ ပြောသည်။

အစိုးရမှ ငြိမ်းချမ်းရေး ရရှိရန် ကြွေးကြော်နေသော်လည်း မြန်မာ့ တပ်မတော်မှ ယခုကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ တပ်အင်အား တိုးချဲ့ လာသည့်အတွက် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးကိုလည်း ထိ ခိုက်စေသည်ဟု PSLF/TNLA မှ ပြောသည်။

“တစ်ဖက်ကကျတော့ အစိုးရကတော့ ငြိမ်းချမ်းရေး စကားပြောတယ်။ ငြိမ်းချမ်းရေးလို့ ကြွေးကြော် တယ်။ အားလုံးပါဝင်ဖို့အတွက် သူကဖိတ်ခေါ်တယ်။ တစ်ဖက်က တပ်မတော်က ရှမ်းမြောက်ဒေသမှာ တွေ့ဆုံ ဆွေးနွေးမှု မကမ်းလှမ်းပဲနဲ့ ထိုးစစ်ပဲ ပြုလုပ်လာတာရှိတယ်။ ဒီလိုမျိုးဆက်ပြီးမှ လုပ်မယ်ဆိုရင် တော့ မြန်မာ့ ငြိမ်းချမ်းရေးက ဖြစ်လာဖို့ တော်တော်လေး ခဲယဉ်းတဲ့ အနေအထား ရှိတယ်။ မြန်မာ့တပ် မတော် လည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ အဖွဲ့ဖြစ်လား မဖြစ်လား ဆိုတာ သုံးသပ်စရာဖြစ် တယ်။” ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကျောက်မဲ၊ လာရှိုး အစရှိသည့် ဒေသ များသို့ မြန် မာ့တပ်မတော်မှ တပ်အင်အားများထိုးချဲ့ ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် ခြင်းဖြစ်သည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

“မနေ့ကနေ ဒီမနက်အထိ တောက်လျှောက် ဒီ ပြင်ဦးလွင်ဖက်ကနေ တပ်မ ၆၆ လို့တော့ ကျနော်တို့ သတင်းရတယ်။ ကားအစီး ရာချီ လောက်ရှိတယ်။ အင်အားကတော့ ထောင်ချီရှိတယ်လို့ ပြောလို့ရ တယ်။ ခြုံပြီးပြောလို့ရှိရင်တော့ ဒီမြောက်ပိုင်း တစ်ခွင်လုံးပေါ့နော။ မြောက်ပိုင်း တစ်ခွင်လုံး ထပ်ပြီးမှ ပြန်ပြီး အင်အားဖြည့်ထားတာ တွေ့ရတယ်။ တိုက်ပွဲကတော့ အရင်ကထက် စာလို့ရှိရင်တော့ ပိုပြီး ပြန်ပြင်းထန်လာနိုင်တဲ့ အနေအထားကတော့ ရှိတယ်။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် မှ ပြောသည်။

ယခင်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ တပ်မ ၇၇၊ တပ်မ ၃၃၊ တပ်မ ၉၉၊ တပ်မ ၅၅၊ တပ်မ ၁၁ တို့ဖြင့် တပ်စွဲထားပြီး ယခုအခါ တပ်မ ၈၈ နှင့် တပ်မ ၆၆ တို့ကို ထပ်မံ အင်အား ဖြည့် တင်းထားသည်ဟု သိရသည်။

တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အနေဖြင့် တိုက်ပွဲ ဖြစ်ပွားမှု မရှိ အောင် တတ်နိုင်သမျှ ရှောင်ရှားနေသော်လည်း မြန်မာ့တပ်မတော်မှ တောတွင်းအထိ လိုက်လံ တိုက် ခိုက်လာသည့်အတွက် စစ်ရေးအရ ရှောင်လွှဲမရသည့် အနေအထားသို့ ရောက်ရှိမှသာ ပြန်လည် တိုက်ခိုက်ရသည့်အတွက် တိုက်ပွဲ ဖြစ်ပွားရသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

လတ်တလောတွင် ရှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) ဒေသနှင့် ကိုးကန့်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( PSLF/TNLA) သည် တစ်နိုင်ငံလုံး ပစ် ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရန် ပြီးခဲ့သည့် ပန်ခမ်း အစည်း အဝေးတွင် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဝင်များဖြစ်သည့် ရက္ခိုင်အမျိုး သားအ ဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA)၊  ကချင်လွတ်လပ်ရေး အဖွဲ့/ကချင်လွတ်လပ်ရေး တပ်မ တော်(KIO/KIA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တ အာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ/ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုး သား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ ‘၀’ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ/ ‘၀’ ပြည်သွေး စည်းညီညွှတ်ရေး တပ်မတော်(UWSP/UWSA)၊ စသည့် အဖွဲ့ (၇) ဖွဲ့ တို့နှင့်အတူ ဆုံးဖြတ်ခဲ့ကြသည်။

သတင်းနှင့် မီဒီယာကွန်ရက်။
http://www.nmg-news.com


မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုပြီးရောက်ရှိလာဖို့နဲ့ စီးပွားရေး အလုပ်အကိုင်တွေဖန်တီးပေးရေး အစိုးရဘက်က ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း အမျိုးသမီးလုပ်ငန်းရှင်တွေက ပြောကြားခဲ့ပါတယ်။

မျက်မှောက်နဲ့ အနာဂတ် အမျိုးသမီးထု စွမ်းအားမြှင့်တင်ဖို့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများ ရက်သတ္တပတ်အဖြစ် မတ်လ (၆)ရက်နေ့ကနေ (၁၂)ရက်ထိ သတ်မှတ်ပြီး အမျိုးသမီးရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မတ်လ (၈)ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာအမျိုးသမီးများ အခြေအနေ တိုးတက်ရေး သတိပြုပါဝင်လာစေတဲ့ လှုံဆော်မှုဖြစ်တယ်လို့လည်းစီစဉ်သူတွေက ပြောပါတယ်။ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

မြန်မာအမျိုးသမီးများအနေနဲ့ လက်ရှိ အခြေအနေတွေထက် ပိုပြီးတိုးတက်လာဖို့၊ အခွင့်အရေး တွေရလာဖို့ အခုလို မြန်မာနိုင်ငံမှာ အမျိုးသမီးများ ရက်သတ္တပတ် အဖြစ်စီစဉ်ကျင်းပ ရတာဖြစ်တယ်လို့ ကမ္ဘောဇ ဘဏ်ရဲ့ အကြီးအကဲတဦးဖြစ်သူ မယုဝေမော်က မတ်လ (၃)ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ မြန်မာအမျိုးသမီးများ ရက်သတ္တပတ်နှင့် ပြည်သူအားလုံး ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု' အဖွင့် ဖိုရမ် အပြီးမှာ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

“ကျမတို့ အခွင့်အရေးကတော့ ရပါတယ်။ ဒီအခွင့်အရေးထက် ပိုပြီးကောင်းမွန်တဲ့ အခွင့်အရေးတွေ ပိုပြီးရရှိဖို့ လိုအပ်ပါတယ်။ ဘာလဲဆိုတော့ decision making position တွေမှာလည်း ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အမျိုးသမီးတွေကို အားပေးတဲ့ ပေါ်လစီတွေကို ကျမတို့ ချမှတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီလို ဖိုရမ်တွေလုပ်ပြီးတော့ workshop တွေကျင်းပတယ်။ အဲဒါမှလည်း awareness ပေါ့။ သိရှိနိုင်မယ်။ အသိတွေပွင့်လာမယ်။ နည်းလမ်းတွေသိလာမယ်။ အခြား ကုမ္ပဏီ၊ အခြားနိုင်ငံတွေက ဘာတွေလုပ်နေလဲဆိုတာ ကျမတို့ သင်ကြားလို့ရမယ်။ ဒါမှ ကျမတို့ အခုရရှိတဲ့အခွင့်အရေးတွေထက် အများကြီးရရှိလာအောင် ကြိုးစားမှာဖြစ်ပါတယ်။”

အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုပြီးရောက်ရှိလာဖို့နဲ့ စီးပွားရေး အလုပ်အကိုင်တွေဖန်တီးပေးဖို့ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့နဲ့ ပတ်ဝန်းကျင်ကောင်းတွေဖြစ်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်နေကြောင်း ရန်ကုန်မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်သူအမျိုးသမီးများအား အားပေးမြှင့်တင်နိုင်ရေးဆိုင်ရာဖိုရမ် ကိုတက်ရောက်လာတဲ့ City Mart ကုမ္ပဏီအကြီးအကဲ ဒေါ်ဝင်းဝင်းတင်က ပြောပါတယ်။

“အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုပြီးရောက်လာဖို့ စီးပွားရေးတွေ လုပ်နိုင်ဖို့ဆိုရင် ကျမတို့အနေနဲ့ စီးပွားရေး ပတ်ဝန်းကျင်ကောင်းကို ဒီထက်ပိုပြီးဖြစ်နိုင်ဖို့ နိုင်ငံတော်ဘက်က စီစဉ်ဆောင်ရွက်ပေး လိုပါတယ်။ စီးပွားရေးပတ်ဝန်းကျင်ကောင်းရှိမှ စီးပွားရေးလုပ်မယ့်သူတွေ အတွက်လည်း စီးပွားရေးတွေ လုပ်လာနိုင်မယ်။ အမျိုးသမီးတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလန်း ပိုရလာမှာဖြစ်ပါတယ်။ ဒုတိယပိုင်းအနေနဲ့ဆိုရင် ပညာရေးသည် အမျိုးသမီးတွေကို မြှင့်တင်ပေးတဲ့အခါမှာ အကောင်းဆုံးလက်နက်တခုဖြစ်တယ်လို့ မြင်ပါတယ်။ တတိယအချက်ကတော့ အမျိုးသမီးတွေ လုပ်ငန်းခွင်ကို ရောက်တဲ့အချိန်မှာ အမျိုးသမီးတွေ အများစု က ခေါင်းဆောင်မှုပိုင်း နေရာမှာ ပါဝင်မှုတွေ အားနည်းနေသေးတာ ကို တွေ့ရပါတယ်။ အမျိုးသားတွေနဲ့ တန်းတူပေး နိုင်ဖို့အတွက် ပိုပြီးတွန်းအားပေးမှုတွေပြုလုပ်ချင်ပါတယ်။ အမျိုးသမီးတွေဘက်ကလည်း အဲလို ပေးလာတဲ့အခါမှာ ယူဖို့အတွက်လည်း တိုက်တွန်းချင်ပါတယ်။”

ဒီနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ ဆောင်ပုဒ်ကလည်း ပြောင်းလဲနေတဲ့ ကမ္ဘာ့လုပ်ငန်းခွင်မှာ အမျိုးသမီးများရဲ့ ကဏ္ဍကို ၂၀၃၀ ပြည့်နှစ် မှာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်း စေဖို့ “Women in the Changing World of Work: Planet 50-50 by 2030” ဆိုပြီး ကုလသမဂ္ဂက ပြဌာန်းထားပါတယ်။

ပြောင်းလဲနေတဲ့ ကမ္ဘာ့လုပ်ငန်းခွင်အခြေအနေဟာ အမျိုးသမီးထုအပေါ်မှာ သိသိသာသာ ဂယက်ရိုက်ခတ်နေပါတယ်။ Globalization ကမ္ဘာ့ရွာကြီးဖြစ်လာပြီး နည်းပညာနဲ့ ဒစ်ဂျစ်တယ်လ် တီထွင်ပြောင်းလဲမှုတွေ၊ အခွင့်အလမ်းတွေလည်း ရှိလာတယ်ဆိုပေမယ့် အခြားတဘက်မှာ တရားမ၀င် အလုပ်သမားအဖြစ် လုပ်ကိုင်မှုနှုန်း မြင့်မားလာတာ၊ အသက်မွေးဝမ်းကျောင်းနဲ့ ၀င်ငွေ မတည်မြဲတာ၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး မူဝါဒအသစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ စတဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။ ဒီလိုအခက်အခဲတွေကို ပိုပြီး ရင်ဆိုင်နေရတဲ့ အမျိုးသမီးထုအတွက် သူတို့ရဲ့ စီးပွားရေး စွမ်းဆောင်မှုမြှင့်တင်ပေးနိုင်ဖို့မဖြစ်မနေ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လက်ရှိ မြန်မာအမျိုးသမီးတွေ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ နံနက် (၈)နာရီ (၄၅)မိနစ် မှာစတင်မယ့် တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ့ရုပ်သံ၊ ရေဒီယိုတို့ အပြင် သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး Facebook တွေကနေ လည်း တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသမီးများ ရက်သတ္တပတ် လှုပ်ရှားမှုကို NLD အစိုးရနဲ့အတူ ကမ္ဘောဇ အုပ်စုက ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။ မတ်လ (၆- ၈) ရက်နေ့ထိ ပညာပေးမှတ်တမ်းရုပ်ရှင် အစီ အစဉ်များ၊ ဆွေးနွေးဟောပြောပွဲ များ၊ အားကစားစွမ်းရည်ဆိုင်ရာ လှုပ်ရှားမှုတွေအပြင်၊ အမျိုးသမီး စာရေးဆရာမတွေနဲ့ အမျိုးသမီးရေး ဆိုင်ရာ စာအုပ်ပွဲတွေ၊ ဟောပြောပွဲတွေကို ကျင်းပမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နေပြည်တော် မတ် ၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးအသိုက်အ၀န်းမှ အမျိုးသမီးများကို နေပြည်တော်ရှိ Kempinski Hotel ၌ တွေ့ဆုံပြီး စိတ်ဓာတ်တော်လှန် ရေးတွင် အမျိုးသမီးများ ရှေ့တန်းက ပါဝင်ခဲ့သည့် အစဉ်အလာကို ချမှတ်နိုင်ရန် ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာရွှေလွမ်း၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးသိန်းဆွေ၊ နေပြည် တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီအခမ်းအနားမှာ ကြွရောက်လာတဲ့ ဧည့်သည်တော်များအားလုံးကို ကျွန်မက ကြိုဆိုနှုတ်ခွန်း ဆက်သပါတယ်။ ကျွန်မတို့အခု အမျိုးသမီးများနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ဆွေးနွေးမယ့်အပတ်မှာ အမျိုးသမီးများနဲ့ သက်ဆိုင် တဲ့ ကိစ္စတွေကို ဖော်ယူခြင်းဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသမီးများရဲ့ ကဏ္ဍဆိုတာ ကျွန်မတို့ နိုင်ငံမှာ သာမကပါဘူး တစ်ကမ္ဘာလုံးအတွက်တောင်မှ အရေးကြီးပါတယ်။ အဲ့တော့ ကျွန်မတို့ နိုင်ငံမှာတော့ အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူညီတူအခွင့်အရေးရှိတယ်ဆိုပြီးတော့ ကြွားဝါပြီးပြောလေ့ရှိပါတယ်။


တကယ်တော့ မမှန်ပါဘူး ဆိုတာလည်း အများကြီးတွေ့ရပါတယ်။ ဘယ်လိုပဲ ပြောပြော ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအရ ကျွန်မတို့ဒေသရဲ့ ယဉ်ကျေးမှုအရ ပြောရမယ်ဆိုလို့ရှိရင် ကမ္ဘာကြီး ရဲ့ ယဉ်ကျေးမှုအရ အမျိုးသားများဟာ အမျိုးသမီးများထက် သမိုင်းအစဉ်အလာအရ ပိုပြီးတော့ အခွင့်အရေးတွေရခဲ့ပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့မြန်မာနိုင်ငံရဲ့ အမျိုးသမီးများကတော့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းပြီးတော့ လုပ်စရာတွေ ရှိပါတယ်။ တတ်နိုင်တဲ့ဘက်က ဆိုတာဟာ တကယ်ကျွန်မတို့ရဲ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ ရှိရင် စီးပွားရေးဘက်မှာ အစကတည်းက ကျွန်မတို့ အမျိုးသမီးတွေ ပါဝင်တာကို တွေ့ခဲ့ရပါ တယ်။

ဒီနေ့ကျွန်မတို့ရဲ့ အမျိုးသမီးများ အပတ်ကို အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတာ ဟာ အင်မတန်မှ သင့်တော်ပါတယ်။ သို့သော်ငြားလည်း ကျွန်မ တစ်ခါတည်း ပြောသွားပါမယ်။ ကျွန်မတို့ နှစ်ဆန်းကတည်းက သတ်မှတ်လိုက်တာဟာ လတိုင်း လတိုင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားဝိုင်း Peace Talk ဆိုပြီးတော့ ကျင်းပသွားမယ်။


ဒီလိုပဲ ပြည်သူတွေထဲက ကဏ္ဍအသီးသီးနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်များနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးစကားပြောမယ်ဆိုပြီးတော့ ကျွန်မတို့ မူချထားတာဖြစ်ပါတယ်။ အခု ဒီနေ့ဟာလည်း Business Talk ဆိုပြီးတော့ စီးပွားရေးနဲ့ဆိုင်တဲ့ စကားဝိုင်းမှာလည်းပဲ စီးပွားရေး ဘက်ကနေပြီးတော့ ငြိမ်းချမ်းရေးကို ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတဲ့အမြင်နဲ့ပဲ ကျွန်မတို့ ဆွေးနွေး သွားစေချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုလုပ် စီးပွားရေးဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်မလဲ။ စီးပွားရေးကို ကျွန်မတို့ အားပေးတယ် ဆိုတာဟာ လူသားများရဲ့ အကျိုးစီးပွားကို အားပေးတာပါ။ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုအတွက် အကျိုးစီးပွားကို အားပေးတာ မဟုတ်ပါဘူး။ အားလုံး လူသားများ အားလုံးရဲ့ အကျိုးစီးပွားကို ဦးတည် ပြီးတော့ စီးပွားရေးကို ကျွန်မတို့က အားပေးတာဖြစ်ပါတယ်။

ဘယ်လိုပဲပြောပြော ကျွန်မတို့ လူသားများဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းရှိတဲ့ နေရာမှာ ရုပ်ပိုင်းကို ဘယ်လိုမှ လျစ်လျူရှုထားလို့မရပါဘူး။ စီးပွားရေးဆိုတာ ရုပ်ပိုင်းပံ့ပိုးမှုအတွက် အရေးကြီးသလို စိတ်ပို်င်းပံ့ပိုးမှုအတွက်လည်း အင်မတန်မှ ထိရောက်နိုင်ပါတယ်ဆိုတာ ကျွန်မတို့ သဘောပေါက် ဖို့လိုပါတယ်။ အဲ့တော့အခု ကျွန်မတို့အနေနဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးတွေကို ကြိုးစားတဲ့ အခါမှာ ကမ္ဘာတစ်လွှား ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးများရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တန်းတူညီတူ ရှိတယ်လို့ ပြောနိုင်ပါ့မလား ဆိုတာကို ကျွန်မတို့ စဉ်းစားရပါမယ်။

ဥပဒေတွေနဲ့ပဲကြည့်မယ် ဆိုလို့ရှိရင်တော့ တစ်ချို့နိုင်ငံတွေဟာ ကျွန်မတို့ထက် သာနေ တယ်ဆိုတာ ငြင်းလို့မရပါဘူး။ သို့သော်လည်း ဥပဒေတွေကိုပဲ ကြည့်လို့လည်းမရပါဘူး။ ဥပဒေ ရဲ့ အကျိုးသက်ရောက်မှုကိုလည်း ကျွန်မတို့ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အမျိုးသမီးများရဲ့ အခွင့်အရေးများကို စဉ်းစားမယ်ဆိုလို့ရှိရင် တရားဥပဒေစိုးမိုးရေးကိုလည်း အဓိကထားပြီးတော့ စဉ်းစားဖို့ အင်မတန်မှ အရေးကြီးပါတယ်။

တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ အမျိုးသမီးတွေ တန်းတူညီတူ အခွင့်အရေးရဖို့ ဘယ်လို ဥပဒေတွေနဲ့ ပြဋ္ဌာန်း ဒီဥပဒေတွေဟာ စက္ကူပေါ်မှာပဲ ရှိပြီးတော့ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်း ပေါ်မှာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူး။ အခုဆိုလို့ရှိရင် ကုလသမဂ္ဂအဖွဲ့အစည်းကြီးနဲ့ ပတ်သက်ပြီးတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အများကြီးပါဝင်ပြီးတော့ လှုပ်ရှားနေ တယ်ဆိုတာ ကျွန်မတို့ တွေ့ခဲ့ရပါတယ်။

အရင်နှစ်တုန်းက ကျွန်မက ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးကြီးကို တက်တဲ့အခါမှာ အဲ့ဒီအစည်းအဝေး ကျင်းပတဲ့အချိန်မှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်း နဲ့ဆိုင်တဲ့ အဖွဲ့အစည်းများကလည်း အများအပြားရောက်နေကြပြီဆိုတာ ကျွန်မတွေ့မြင်နေရပါ တယ်။ ဒီအဖွဲ့အစည်းများကလည်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေမှာ အတော်အတန် သြဇာ သက်ရောက်မှု တွေရှိတယ်ဆိုတာလည်း ကျွန်မတွေ့မြင်နေပါတယ်။


ကျွန်မတို့ နိုင်ငံရဲ့ အမျိုးသမီးများဟာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ကြပြီ ဆိုလို့ရှိရင်လည်း တာဝန်ယူမှုကိုလည်း အဓိကထား စေချင်ပါတယ်။ တစ်ချို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများဟာ အစိုးရအဖွဲ့အစည်း မဟုတ်လို့် အစိုးရကနေ တာဝန်မရှိပေမယ့်လည်း သြဇာ ရှိသင့်တဲ့နေရာမှာကျတော့ အစိုးရထက် ရှေ့ပြေးချင်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်ဆိုတာ ကျွန်မ တို့ တွေ့ရပါတယ်။ ဒီတော့တာဝန်ယူမှုကို ထားပစ်ခဲ့ပြီးတော့ လုပ်ပိုင်ခွင့်ကို စဉ်းစားဖို့မဖြစ်ပါ ဘူး။ ကျွန်မတို့ အမျိုးသမီးများဟာ ဒီနေရာမှာ စံနမူနာ ဖြစ်စေချင်ပါတယ်။ တစ်ကမ္ဘာလုံး သိအောင်လို့ ကျွန်မတို့ အမျိုးသမီးများဟာ အခွင့်အရေး တောင်းခံလာတာနဲ့အမျှ တာဝန်ယူဖို့ သတ္တိရှိတယ် ဆိုတာကို သက်သေပြဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ဒါ့ကြောင့် အမျိုးသမီးများ အခွင့်အရေးရခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စံနှုန်းစံထား တွေဟာ မြင့်မားလာခဲ့တယ်။ ဒီအမျိုးသမီးများဟာ မိမိတို့ရဲ့ အခွင့်အရေးတွေ တောင်းရုံ သာမက မိမိတို့ရဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ စိတ်အားထက်သန်တယ် ဆိုတာကို ကျွန်မတို့ နိုင်ငံကအမျိုးသမီးတွေ ပြစေချင်ပါတယ်။ အခွင့်အရေးတောင်းပြီးတော့ တာဝန်ဘက် ကျတော့ အစိုးရအားလုံးလုပ် ဆိုတာဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူးလို့ ကျွန်မတော့ ဒီလိုပဲသုံးသပ်ပါတယ်။

ကိုယ့်မှာ အခွင့်အရေး ရှိလာတာနဲ့အမျှ တာဝန်ယူရတာကိုလည်း ဂုဏ်ယူရမယ်။ တာဝန် ဆိုတာဟာ မလုပ်မဖြစ်လုပ်ရမယ့် ဝန်ထုပ်ဝန်ပိုးကြီးလို့ မစဉ်းစားဘဲနဲ့ တာဝန်ယူပိုင်ခွင့်ရတာကို က အခွင့်အရေးပဲ၊ နိုင်ငံသားတစ်ယောက်ရဲ့ ရသင့်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်တယ်။ ဒါကြောင့် မို့ ကျွန်မတို့ တာဝန်ယူမယ်၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့ အမျိုးသမီးများ ကျွန်မတို့ နိုင်ငံတိုးတက်ရေး အတွက်၊ ကမ္ဘာကြီးတိုးတက်ရေး အတွက် ကို ဦးတည်ပြီးတော့ လုပ်သွားစေချင်ပါတယ်။

ကွက်ပြီးတော့ ကိစ္စတစ်ခုကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ရသင့်ရထိုက်တဲ့ တိုးတက်မှု တွေ မရနိုင်ပါဘူး၊ ဒါကြောင့်မို့ အခုကျွန်မတို့ ဒီကနေ့ဆိုလို့ရှိရင် အဓိက စီးပွားရေးလူငယ် အမျိုးသမီးများ အသိုင်းအဝိုင်း ရောက်နေတာဖြစ်ပါတယ်။ သို့သော်ငြားလည်း စီးပွားရေး အသိုင်းအဝိုင်းအတွက်ပဲ စဉ်းစားလို့မရပါဘူး။ ကျွန်မတို့ ဆွေးနွေးပွဲမှာလည်း ပြောသွားတာ တွေရှိမှာပါ တစ်ချို့စီးပွားရေး လုပ်ငန်းရှင်များလည်း ဘယ်လိုပရဟိတလုပ်ငန်းတွေ စပြီးလုပ်ခဲ့ တယ်၊ စီးပွားရေးကနေပြီးတော့ လူမှုရေးကို အထောက်အကူပြုခဲ့တယ် ဆိုတာတွေ ဒါတွေလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များဟာ စီးပွားရေးကိုပဲ ကွက်ပြီးကြည့်လို့မရသလို ကျွန်မ တို့ရဲ့ နိုင်ငံအတွက်ပဲ ကြည့်လို့မရပါဘူး၊ နောက်ဆုံးကျတော့ ကမ္ဘာကြီးအတွက်လည်း ကြည့်ရ မယ်၊ အခုနေချိန်ခါမှာ ဘယ်လိုမှ ရှောင်ရှားလို့မရပါဘူး၊ ကျွန်မတို့ နိုင်ငံနဲ့ အခြားပြည်ပနိုင်ငံတွေ ဟာ ဆက်နွှယ်မှုတွေ အမျိုးမျိုးရှိနေပါတယ်။ ဒီဆက်နွှယ်မှုတွေကို ကျွန်မတို့ ကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဘယ်လိုအကောင်းဆုံး ဖြစ်အောင်လုပ်ရမလဲ၊ အတ္တဟိတ ပရဟိတ ကိုယ့်အတွက် သူ့အတွက် ကျွန်မတို့ နိုင်ငံအတွက် တစ်ခြား နိုင်ငံများအတွက် အဲ့ဒီလို ကျွန်မတို့ ထိထိမိမိလုပ်မှ တကယ့်စစ်မှန်တဲ့ စိတ်ဓာတ်ကို ရနိုင်မှာဖြစ်တယ်။

ဒီလိုကျွန်မတို့ လုပ်နိုင်မှ အခြားနိုင်ငံက မစဉ်းစားရသေးတဲ့ ကိစ္စတွေကို စဉ်းစားမိမှာ ဖြစ်တယ်။ တီထွင်မှု ဆိုလို့ရှိရင် အများက ပြန်စိစစ်ပြီး တီထွင်မှုကို စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ စစ်ဆေးရမှာပါ။ ဒီလိုကျွန်မတို့ လုပ်နိုင်မှ စဉ်းစားစရာလေးတွေရှိရင် စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ တီထွင်မှုဆိုလို့ရှိရင် အများက စီးပွားရေးနှင့် လိုအပ်ချက်တွေကို စဉ်းစားကြပါ တယ်။ ဥပမာအားဖြင့် စီးပွားရေး မဟုတ်တဲ့ ကျန်းမာရေးနှင့် ပတ်သက်တဲ့ တီထွင်မှုတွေရှိမယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ တီထွင်မှုတွေရှိမယ်။ ဒီလိုတီထွင်မှုဆိုတာ လက်တွေ့ကျကျ လုပ်ငန်း အတွက် အများက စဉ်းစားကြပါ။

ဒါပေမဲ့ အရေးကြီးဆုံးက တီထွင်မှု ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာပေါ့။ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ တော်လှန်ရေး၊ ဒီမိုကရေစီ လှုပ်ရှားရေးဆိုတာ ကျွန်မပြောခဲ့ပါတယ်။ နိုင်ငံရေး တော်လှန်ရေးနဲ့ မဟုတ်ဘူး။ လူမှုရေး တော်လှန်ရေးနဲ့ မဟုတ်ဘူး။ စိတ်ဓာတ် တော်လှန်ရေးပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ပြောင်းနိုင်မှ ကျွန်မတို့ လူမှုရေး၊ နိုင်ငံရေး ပြောင်းနိုင်မှာပါ။ ကျွန်မတို့ စိတ်ဓာတ်တွေကို မပြောင်းနိုင်ဘူးဆိုရင် ကျွန်မတို့ လူမှုရေး၊ နိုင်ငံရေးကိုလည်း ပြောင်းနိုင်မှာ မဟုတ်ပါဘူး။


ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ အမျိုးသမီးများဟာ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့ ပြချင်လို့ရှိရင် အမျိုးသမီးများအခွင့်အရေး ကိုယ်တင်ပြလာတဲ့ကိစ္စကိုသာ အားသန်ဖို့၊ ကျွန်မတို့ နိုင်ငံဟာ ဘယ်လိုစိတ်ဓာတ်ကို တော်လှန်ရေးကို အောင်မြင်အောင် အမျိုးသမီးများ ပံ့ပိုးပေးနိုင်သလဲဆို တာကို အမြင်ကနေ ရှုထောင့်ကနေ ကြည့်ပြီးတော့ လုပ်ပေးဖို့လိုပါတယ်။ ဒီကျွန်မတို့ရဲ့ စိတ်ဓာတ် တော်လှန်ရေးမှာ အမျိုးသမီးများက ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတဲ့ အစဉ်အလာကို ချနိုင်ခဲ့မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံမှာ အမျိုးသမီးများ အခွင့်အရေးတွေကို လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်များကလည်း အမျိုးသမီးများ အခွင့်အရေး ဆိုတာက တကယ်တော့ လူသားများ လွတ်လပ်ရေးပဲ ဖြစ်တယ်ဆိုတာကို သဘောပေါက်တယ်လို့ ကျွန်မတော့ထင်ပါတယ်။

လူသားများ တိုးတက်ရေးအတွက် ဖြစ်တယ်ဆိုတာကို သဘောပေါက်လာမယ်လို့ ထင် တယ်။ လူသားများ တိုးတက်ရေးအတွက် အဓိကကျတဲ့ ကိစ္စကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးဆိုတာ ပြည်တွင်း ငြိမ်းချမ်းရေးတင်မကဘူး တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာကလဲ စိတ်ထဲကစတဲ့ ကိစ္စဖြစ်တယ်။

ငြိမ်းချမ်းချင်တဲ့စိတ်ရှိမှ ငြိမ်းချမ်းမယ်။ ငြိမ်းချမ်းရေးကို တကယ်မလိုလားဘူးဆိုရင် ပါးစပ်က ဘယ်လိုပဲပြောပြော ငြိမ်းချမ်းရေးရအောင်လို့ ကျွန်မတို့ အထောက်အကူပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများဟာ ငြိမ်းချမ်းရေး ရဖို့အတွက် ကျွန်မတို့ နိုင်ငံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်လိုစိတ်ဓာတ်တွေ လိုအပ်သလဲဆိုတာကို သေသေချာချာစဉ်းစား ဆင်ခြင်ပြီးတော့ မိမိတို့လုပ်နေရတဲ့ တာဝန်တွေနဲ့ ဒွန်တွဲပြီးတော့ ဒီလို စိတ်ဓာတ်လေးတွေ ရှင်သန်တိုးတက်အောင် ကူညီပေးစေချင်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များကလည်း စီးပွားရေးကဏ္ဍကနေပြီး ဘယ်လိုငြိမ်းချမ်းရေးကို အထောက်အကူပေး နိုင်သလဲဆိုတာကို ငြိမ်းချမ်းရေးကို အားပေးနိုင်တဲ့ စိတ်ဓာတ်တွေ တစ်ကမ္ဘာလုံးမှာ မြင့်မားလာအောင် ငါတို့ စီးပွားရေးရှုထောင့်ကနေ ဘယ်လိုလုပ်ရမယ် စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုလုပ်နိုင်လဲဆိုတာ စဉ်းစားဆင်ခြင်ကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။

နိဂုံးချုပ်အားဖြင့် ကျွန်မတို့ အခုအမျိုးသမီးများ အခမ်းအနားမှာ အမျိုးသားအချို့ ပါလာတဲ့ အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မအနေနဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ ပြန်လည်ဖွဲ့စည်းတဲ့ အခါကျတော့ ပထမတင်ပြတဲ့အထဲမှာ အမျိုးသား တစ်ယောက်မှမပါဘူး။

ကျွန်မကပြောတယ် အမျိုးသမီးတွေ၊ ကလေးတွေ စောင့်ရှောက်ရေးဆိုတာ အမျိုးသား တွေနဲ့ မဆိုင်ဘူးလားဆိုတော့ အခုတော့ အမျိုးသားတွေပါလာပြီ။ ကျွန်မတို့ အမျိုးသမီးတွေ အတွက် အမျိုးသားတွေက တာဝန်ယူရသလို၊ အမျိုးသားတွေ အတွက်လဲ အမျိုးသမီးတွေက တာဝန်ယူရပါတယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်ရဲ့ခင်ပွန်းတွေ ကိုယ့်ရဲ့သားတွေ၊ တူတွေကိုလဲ အမျိုးသမီးများဟာ စောင့်ရှောက်သလို သွန်သင်ဆုံးမစရာရှိရင်လည်း သွန်သင်ဆုံးမ ကြပါလို့ တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းက ယနေ့ပွဲသည် အမျိုးသမီးများ ရက်သတ္တပတ်၏ ဖွင့်ပွဲင်ဖြစ်ပါကြောင်း။ ယခု ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး လုပ်ကိုင်ဆောင်ရွက်နေရသည့် ကိစ္စများ၊ စီးပွားရေးလုပ်ငန်းခွင်များအပြင် ဘက်စုံကဏ္ဍစုံမှ အားလုံးတန်းတူ တစ်ဘက်တစ်လမ်းမှ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက် နေကြသည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးများသာမက လေးစား ယုံကြည်ပြီး တန်းတူဆက်ဆံနေသည့် အမျိုးသားများကိုလည်း ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအနက် ပဉ္စမမြောက် ပန်းတိုင်ဖြစ်သည့် ကျား-မ တန်းတူညီမျှရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ် များအား စွမ်းဆောင်ရည်မြှင့်တင်ပေးပြီး အသိပညာပေးခြင်း၊ မဟာဗျူဟာများ ရေးဆွဲချမှတ် ခြင်းတို့ ဆောင်ရွက်ပေးသွားနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့်အတူ တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း။

ယခုကျင်းပသည့် ဖိုရမ်သည် ပြည်သူတစ်ရပ်လုံး ပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ရန် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် မည်သို့ပါဝင်ကြမည်ဆိုသည်ကို ဆက်လက် ဆွေးနွေး ကြပြီး မိမိပတ်ဝန်းကျင်၊ အဖွဲ့အစည်းနှင့် လူ့ဘောင်တစ်ရပ်လုံးတွင် တန်းတူညီမျှမှုများကို အားလုံးဝိုင်းဝန်း အကောင်အထည်ဖော်ကြပါဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စကားဝိုင်းကို အမျိုးသမီး၊ အမျိုးသား တန်းတူအခွင့်အရေး၊ ရိုးရာအစွဲမှ ရုန်းထွက်ခြင်း၊ လူ့စွမ်း အား အရင်းအမြစ်ကဏ္ဍဖွံ့ဖြိုးမှု၊ ယနေ့ခေတ်စီးပွားရေးနှင့် အမျိုးသမီးကဏ္ဍ၊ အမျိုးသမီး နှင့် လုပ်ငန်းခွင် လုံခြုံမှု၊ စွမ်းရည်မြှင့်တင်ရေး နည်းလမ်းသွယ်၊ ယနေ့စီးပွားရေး လုပ်နေသူများ နှင့် နောင်တက်လာမည့် လူငယ်စီးပွားရေး လုပ်ငန်းရှင်များအတွက် အမှာစကား ခေါင်းစဉ်များ ဖြင့် ဆက်လက်ကျင်းပသည်။

အဆိုပါ စကားဝိုင်းသို့ စီးပွားရေး လုပ်ငန်းနယ်ပယ် အသီးသီးမှ ဒေါ်ခင်နှင်းစိုး၊ ဒေါ်ဝင်းဝင်း တင့်၊ ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်အိဖြိုးဟန်၊ ဒေါ်ယဉ်မျိုးစု၊ ဒေါက်တာဒေါ်ဌေးဌေးကြည်၊ ဒေါ်တင့်တင့် လွင်၊ ဒေါ်ဖြူအိသိမ်းနှင့် ဒေါ်ချိုလဲ့အောင် တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖိုရမ်သို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

၂၀၁၇ ခုနှစ် မြန်မာအမျိုးသမီးများ ရက်သတ္တပတ် ဖိုရမ်၏ ဆောင်ပုဒ်မှာ ပြည်သူအားလုံး ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/



မွန်ညှိနှိုင်းရေးပါတီများ ညီညွှတ်မှုတည်ဆောက်ရေးညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး နိုင်ဝင်းလှကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပေါင်းစည်းရေး ပျက်သွားကြောင်း မွန်နိုင်ငံရေးပါတီများ ညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့က ပြောပါတယ်။

အဲဒီပါတီနှစ်ခုပေါင်းစည်းရေးကို မွန်ဒေသလုံးဆိုင်ရာပါတီက အသိအမှတ်မပြုတာကြောင့် အဲဒီပါတီနှစ်ခုကို အခြေခံတဲ့ ပေါင်းစည်းရေးဟာ ပျက်သွားပြီလို့ မွန်ညှိနှိုင်းရေးပါတီများ ညီညွှတ်မှုတည်ဆောက်ရေးညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး နိုင်ဝင်းလှ က ပြောပါတယ်။

မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ဟာ မနေ့က ပဲခူးပရိယတ္တိ မွန်စာသင် တိုက်ကျောင်းမှာ အစည်းအဝေး ကျင်းပ ပြီး ပေါင်းစည်းရေးပျက်သွားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ် ပါတယ်။

မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ဟာ အဲဒီပါတီနှစ်ခု ပေါင်းစည်းရေး မပြုလုပ်နိုင်ပေမယ့် မွန်အမျိုးသားပါတီ နဲ့ နောက်ပေါ်လာမယ့် တခြားနိုင်ငံရေး အင်အားစုတွေနဲ့ ပေါင်းစည်းရေး ကြိုးစားသွားမယ်လို့ ပြောပါတယ်။

မွန်ပြည်သူတွေနဲ့ မွန်သံဃာတော်တွေ တောင်းဆိုနေတဲ့ မွန်နိုင်ငံရေးပါတီ တစ်ပါတီပေါ်ထွန်းရေးကို မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်ပြီး မွန်ဆရာတော်ကြီးတွေ၊ မွန်ပညာရှင်တွေ အပါအ၀င် စုစုပေါင်း ၁၅ ဦး နဲ့ ဖွဲ့စည်းထားသည့် မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်၊ ပဲခူးပရိယတ္တိ မွန်စာသင်တိုက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မတ်၊ ၅ ၊ ရန်ကုန်

ရွှေပြည်သာမြို့နယ်၂၀/၄၅၊ အနောက်သံဒင်းရွာဟောင်း တွင် ၁၅.၂.၂၀၁၇ ရက်နေ နံနက် (၂)နာရီတွင် အိမ်ကျော်နင်းမှုခံရသည့် မိသားစုကို မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း ဥက္ကဠ ဦးတင့်လွင်က သာသနာညိုးနွမ်းစေမှု ဖြင့်ပြန်လည်တရားစွဲဆိုထားကြောင်းသိရသည်။

၁၅.၂.၂၀၁၇ ရက်နေ့ ည(၂)နာရီ တွင် ဒေါ်မြမြအေး တို့နေအိမ်ကို ကျူးကျော်ဝင်ရောက်ပြီး သမီးဖြစ်သူ ဘေးတွင် ၀င်ရောက်အိပ်ခဲ့သော အသက်(၁၅)နှစ်အရွယ် မောင်မောင်အေး(ရှင်အိန္ဒြာစရိယ)ကို မိသားစုနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။

အိမ်ရှင်များဘက်မှတရား စွဲဆိုရာတွင် ပြစ်မှုထင်ရှားသဖြင့် ၂၀.၂.၂၀၁၇ ရက်နေ့တွင် တရားသူကြီးဒေါ်မို့မို့အေးက ပြစ်ဒဏ်ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။


ထိုဖြစ်စဉ်တွင် တရားခံ မောင်မောင်အေး အားဝိုင်းဝန်းဖမ်းဆီးပေးသော ရပ်ကွက်သူ ရပ်ကွက်သားများနှင့် အိမ်ရှင်မိသားစု ကို မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း ဥက္ကဠ ဦးတင့်လွင်က သာသနာညှိုးနွမ်းစေမှု အပါအ၀င် အခြားသောပုဒ်မ (၅)ခုဖြင့်တရားစွဲဆိုထားသည်ဟု အိမ်ရှင် မိသားစုကပြောသည်။

တရားစွဲဆိုခံရသည့် မိသားစုက မတ် ၅ ရက်နေ့က ရွှေပြည်သာမြို့နယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထိုသို့တရားစွဲဆိုခံရခြင်းအပေါ်”အခုကဘယ်လိုလဲဆိုတော့ ကျွန်မတို့ဘက်ကလည်းခံရသေးတယ် ကျွန်မတို့လည်း တရားစွဲခံရသေးတယ် အဲလိုတွေဖြစ်နေတယ်“ ဟုအိမ်ရှင် ဒေါ်မြမြအေးကပြောသည်။

ယင်းဖြစ်စဉ် မတိုင်မီ ၁၀.၂.၂၀၁၇ ရက်နေ့ ည(၂)နာရီ တွင် ဒေါ်မြမြအေး တို့၏ ခေါင်းရင်းအိမ်ကို အလားတူကျူးကျော် ၀င်ရောက်မှုဖြစ်ခဲ့ပြီးကျူးကျော်ဝင်ရောက်သူသည် အိမ်နောက်ဖေး ချောင်းထဲသို့ခုန်ချ ထွက်ပြေးလွတ်မြောက် သွားသည်ဟု ယင်းနေ့ရက်က ကျူးကျော်ဝင်ရောက်ခံရသော အိမ်ရှင် ဒေါ်တင်မိုးခိုင် ကပြောသည်။

သန့်ဇင်ထွန်း(Social Watch)
Central News Myanmar
https://www.facebook.com/CNMyanmar/



ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာ မတ်လ ၆ ရက်နေ့က MNDAA ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူတွေ ကို တွေ့ရစဉ်။ Photo: State Counsellor Office Information Committee/ Facebook
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်က အဆောက်အဦတွေ၊ တပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ကိုးကန့် တပ်ဖွဲ့ MNDAA က ဒီနေ့မနက် ၂ နာရီခွဲခန့်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသ ခံတွေ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူ ၂၀ ခန့် ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော် မတီက သတင်းထုတ်ပြန်ပါတယ်။

လောက်ကိုင်မြို့နယ်အတွင်း ဗုံးခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင်က အခုလိုပြောပါတယ်။

" ရန်လုံကျိုင်းစခန်းကို စပြီးတိုက်တာပေါ့။ လေးနာရီလောက်ရောက်တော့ ကျင်ဖုဟိုတယ်ရဲ့ အောက်ထပ်ကို ဗုံးခွဲတယ်။ မိုင်းမီးရှို့တယ်။ မနက် ၄ နာရီ ၅ မိနစ်လောက်ရောက်တော့ အဲ့ကျင်တင်ဘက်က ရှေ့မှာ ရပ်ထားတဲ့ ကားကို လက်နက်ကြီး RPG နဲ့ပစ်တယ်။ နောက် ၄ နာရီ ၁၀ မိနစ်လောက်ရောက်တော့ ဘုံခုနှစ်ဆင့်အဝိုင်း ဆိုတာလေးရှိတယ်။ အဲ့အဝိုင်းနားကိုလည်း လာပစ်တာပေါ့နော်။ မနက်ပိုင်း ၆ နာရီခွဲလောက်တော့ တခါနည်းနည်းလေးငြိမ်သွားတာပေါ့။"

MNDAA လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်က ရဲဝတ်စုံတွေ အယောင်ဆောင်ဝတ်ဆင်ပြီး ရန်လုံကျိုင်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပြန်လည်ခုခံခဲ့ ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

အစိုးရတပ်မတော်က ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်းအထန် တိုက်ခိုက်နေတာကြောင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က အစိုးရ တပ်မတော်ကို မလွှဲမရှောင်သာ ပြန်လည်ခုခံတိုက်ခိုက် တာ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ စုပေါင်းတိုက်ခိုက်တာမဟုတ်ဘဲ MNDAA တစ်ဖွဲ့ကသာ တိုက်ခိုက်တာဖြစ်တယ် လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော် က ပြောပါတယ်။

"မြောက်ပိုင်းမဟာမိတ်ဆိုတာကမူလကတည်းက စုပေါင်းပြီးတော့ တိုက်တာတော့မဟုတ်ဘူး။ သူ့နယ်မြေ ကိုယ့်နယ်မြေရှိတယ်။ သူ့အဖွဲ့က သူနယ်မြေနဲ့သူပဲဖြစ်တယ်။ မြောက်ပိုင်းမဟာမိတ် စုပေါင်းတပ်ဖွဲ့ပုံစံ တိုက်ခိုက်တာမျိုး မရှိဘူး။ မြောက်ပိုင်းမဟာမိတ်ဆိုတာပြန်ပြီး မရုတ်သိမ်းသေးတဲ့ အတွက် ဒီတိုက်ပွဲမှာလည်း မြောက်ပိုင်း မဟာမိတ်လို့ ပြောရင်လည်းပြောလို့ရသေးတယ်။ "

ပစ်ခတ်တိုက်ခတ်မှုတွေကြောင့် မူလတန်းပြဆရာမတစ်ဦးအပါအဝင် ဒေသခံတွေ သေဆုံးတာတွေ ရှိသလို မီးရှို့ခံထားရတဲ့ အလောင်း ၂၀ နဲ့ လက်နက် ၁၀ လက်ခန့် ရရှိထားတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese



 သံအမတ် ကန်ချိုလ်ဟာ မလေးရှားအစိုးကို တောက်လျှောက်ဝေဖန်နေခဲ့သူ ဖြစ်ပါတယ်။
မလေးရှားက မြောက်ကိုရီးယား သံအမတ်ကို နိုင်ငံကထွက်ခွာဖို့ ပေးထားတဲ့ ၄၈ နာရီ ပြည့်သွားတဲ့ မတ်လ ၆ ရက်နေ့မှာ နိုင်ငံထဲက နှင်ထုတ်လိုက်ပါတယ်။

လေဆိပ်အရောက်မှာပဲ မစ္စတာ ကန်ချိုလ်က မလေးရှားရဲ့ အစွန်းရောက် အပြုအမူတွေကြောင့် နှစ်နိင်ငံဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကတော့ သူ့နိုင်ငံရဲ့ သိက္ခာအရ ဒီအသံအမတ်ကို ဆက်မထားနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

မလေးရှားဟာ အချုပ်အချာ အာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံကိုသိက္ခာကျအောင် လုပ်တာတွေကို လက်မခံဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားကလည်း မလေးရှား သံအမတ်ကို နှင်ထုတ်မယ်လို့ ဒီကနေ့ပဲ ကြေညာပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ အဖေတူအမေကွဲအကို ကင်မ်ဂျုံနမ်း မလေးရှားမှာ အသတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေကို သံအမတ်ကန်ချိုလ်က ဆက်တိုက် ဝေဖန်ပြောကြား နေခဲ့တာ ဖြစ်ပါတယ်။

သံအမတ်ကို ရဲအစောင့်အရှောက်နဲ့ လေဆိပ်ကို ပို့ပေးခဲ့ပြီး လေဆိပ်အရောက်မှာ သတင်းထောက်တွေက သူ့ကို ဝိုင်းမေးမြန်းခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese


အကြီးစားစက်မှုလုပ်ငန်းများအနေဖြင့် နိုင်ငံအကျိုးဖော်ဆောင်ပေးနိုင်မှုမရှိခြင်း၊ စီးပွားရေးအရ တွက်ချေမကိုက်ခြင်းတို့ကြောင့် နိုင်ငံပိုင်စက်ရုံအချို့အား ယာယီရပ်ဆိုင်းထားသင့်ကြောင်း လွှတ်တော်ကော်မတီတရပ်က လေ့လာပြီး လွှတ်တော်သို့တင်ပြခဲ့သည်။

မတ်လ ၆ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၏ ၁၂ ရက်မြောက်နေ့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်ကို အစီရင်ခံစာတင်ပြရာ

အမှတ်(၁)အကြီးစားစက်မူလုပ်ငန်း လက်အောက်ရှိ

သာဂရ အမှတ် ၁၄ အကြီးစားစက်ရုံ၊
သာဂရ အမှတ် ၁၅ အကြီးစားစက်ရုံ၊
ဆင်တဲ အမှတ် ၁၆ အကြီးစားစက်ရုံ၊
မလွန် အမှတ် ၁၇ အကြီးစားစက်ရုံ၊
မြင်းခြံ အမှတ် ၁ သံမဏိစက်ရုံ၊
ပင်ပက် အမှတ် ၂ သံမဏိစက်ရုံ၊

အမှတ် ၂ အကြီးစားစက်မူလုပ်ငန်းလက်အောက်ရှိ

အမှတ် ၂၁ အကြီးစားစက်ရုံ၊ သထုံ
ရော်ဘာပစ္စည်းစက်ရုံ၊ သင်္ကန်းကျွန်း
အမှတ် ၂၃ အကြီးစားစက်ရုံ၊ ညောင်ခြေထောက်
အမှတ် ၂၄ အကြီးစားစက်ရုံ၊ ဒဂုံ
အမှတ် ၂၆ အကြီးစားစက်ရုံ၊ သာဂရ
အမှတ် ၃၂ အကြီးစားစက်ရုံ၊ ကြံခင်း
မီးခံဘိလပ်မြေပြားစ်ရုံ၊ မှော်ဘီ
အမှတ် ၃၅ အကြီးစားစက်ရုံ၊ ချောက်
အမှတ် ၃၆ အကြီးစားစက်ရုံ၊ ကျောက်ဆည်
အမှတ် ၂၂ အကြီးစားစက်ရုံ၊ ဘီးလင်း

အမှတ် ၃ အကြီးစား စက်မူလုပ်ငန်းလက်အောက်ရှိ

အမှတ် ၁ အထည်စက်ရုံ၊ ရွှေတောင်
အမှတ်၃ အထည်စက်ရုံ၊ စစ်ကိုင်း
အမှတ်၃ အထည်စက်ရုံခွဲ ၊ စစ်ကိုင်း
အမှတ် ၄ အထည်စက်ရုံ၊ ပွင့်ဖြူ
အမှတ် ၅ အထည်စက်ရုံ၊ ပခုက္ကူ
အမှတ် ၆ အထည်စက်ရုံ၊ ဆားလင်းကြီး
အမှတ် ၆ အထည်စက်ရုံခွဲ၊ မုံရွာ
အမှတ် ၇ အထည်စက်ရုံ မြစ်သား
အမှတ် ၈ အထည်စက်ရုံ၊ ပျော်ဘွယ်
အမှတ် ၈ အထည်စက်ရုံ၊ ရမည်းသင်း
အမှတ် ၁၀ အထည်စက်ရုံ၊ တောင်သာ
အထည်စက်ရုံခွဲ၊ မြင်းခြံ
အဆင့်မြင့်စက္ကူစက်ရုံ၊ သာပေါင်း
သတင်းစာစက္ကူစက်ရုံ၊ သာပေါင်း
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ၊ ချောက်
အိမ်သုံးပစ္စည်းစက်ရုံ၊ မင်းစု

မြန်မာ့ရေနံနှင့်ဓာတုဗေဒစက်လုပ်ငန်းလက်အောက်ရှိ

ရေနံဓာတုဗေဒပစ္စည်းများ သယ်ယူပို့ဆောင်ဖြန့်ဖြူးရေးဌာန
အမှတ် ၁ ရေနံချက်စက်ရုံ၊ သန်လျင်
အမှတ် ၁ ဓာတ်မြေသြဇာစက်ရုံ၊ စလေ
အမှတ် ၂ ဓာတ်မြေသြဇာစက်ရုံ၊ ကျွန်းချောင်း
အမှတ် ၃ ဓာတ်မြေသြဇာစက်ရုံ၊ ကျော်စွာ
အမှတ် ၄ ဓာတ်မြေသြဇာစက်ရုံ၊ မြောင်းတကာ
အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံ၊ ကန်ကြီးထောင့်
အမှတ်၁ ရေနံဓာတ်ငွေ့စက်ရုံ၊ မင်းဘူး
အမှတ် ၃ ရေနံဓာတ်ငွေ့ရည်စက်ရုံ၊ ကျွန်းချောင်း
မက်သနောလ်စက်ရုံ၊ ဆိပ်သာတို့အား ရပ်ဆိုင်းထားသင့်ကြောင်း တင်ပြခဲ့သည်။

အဆိုပါစီမံကိန်းများမှာ နိုင်ငံတော်နှင့်နိုင်ငံသူနိုင်ငံသားများ၏အကျိုးအတွက် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်မူမရှိခြင်း၊ စီးပွားရေးအရတွက်ခြေကိုက်မူမရှိခြင်းတို့ကြောင့် ပြန်လည်သုံးသပ်နိုင်ရန် လတ်တလောရပ်ဆိုင်းထားပြီး၊ စနစ်တကျလေ့လာသုံးသပ်ပြီးမှသာ တွေ့ရှိချက်အပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြခဲ့ခြင်းဖြစ်သည်။

ထူးမြတ်
News Watch
https://www.facebook.com/NewsWatchJournal/


လောက်ကိုင်မြို့တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ် တို့အကြား တိုက်ပွဲဖြစ်ပွားသဖြင့် လောက်ကိုင်မြို့ရှိ လူပေါင်းများစွာ တရုတ်ပြည်ဘက် ထွက်ပြေးခြင်းများ ရှိကြောင်း တရုတ်ပြည်ဘက် ရောက်ရှိနေသူများ ၏ ပြောပြချက်အရ သိရသည်။

တရုတ်ပြည်ဘက်ခြမ်း နမ်စံမြို့ရှိ ဆရာတော်ဥူးကေသရာက “လူကတော့ တရုတ်ပြည်မှာတော့ ဘယ်က တိုက်တာလဲ လက်နက်ကြီး တွေ အသံကြားရတယ်။ အခုက ဒီဖြတ်လမ်းမှာ တရုတ်ရဲလမ်းမကြီး တလျှောက်ပေါ့။ လူကပြည့်လျှံနေတာပဲ။ အခုတောင် ခရီးသွားရင်း လှမ်းကြည့်တာ လမ်းတစ်လျှောက်မှာ ဟိုး…ကားရော ဆိုင်ကယ်ရော သုံးဘီးရော၊ နောက်ပြီးတော့ ဘာခေါ်မလဲ ဒွန်းမောင်း လားဘာလား အဲ့ဒီမှာ လူတွေအများကြီး ပြည့်နေတယ်” ဟု မတ်လ ၆ ရက်နေ့ နေ့ ၁၂ နာရီအချိန်က The Ladies News သို့ ပြောသည်။


တရုတ်ပြည်အတွင်း နေထိုင်သည့် တရုတ်- မြန်မာ နယ်စပ် စစ်ရေးအကဲခတ် တစ်ဦးကမူ ကိုးကန့် နှင့် အေအေ ရက္ခိုင်တပ်ဖွဲ့တို့ ပါဝင်သည့် တပ်ပေါင်းစု အဖွဲ့နှင့် တပ်မတော်တို့အကြား ယမန်နေ့ ညနေပိုင်းကတည်းက လောက်ကိုင်၊ တရုတ် မြန်မာနယ်စပ် ရန်လုံကျိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း . ဖြစ်ကြောင်း ယနေ့မနက်ပိုင်းက The Ladies News သို့ အတည်ပြုပြော ဆိုထားသည်။

လောက်ကိုင်မှ နမ်စံမြို့သို့ ထွက်ပြေး ရောက်ရှိနေသည့် င်္ကြခုတ် လုပ်သား တစ်ဦးက “ကျွန်တော်က ဒီဘက်မှာကြံခုတ်နေတာ။ ဖြစ်တာက ညက ၁၂ နာရီလောက်ဖြစ်တာ။ စစ်ဖြစ်တာ ကြားရတယ်။ သတင်းတော့ ကြားရတယ်။ တရုတ်ပြည်ဘက်မှာ ကြံခုတ်တာဆိုတော့ မသိဘူး”ဟု ပြောသည်။

တရုတ်လူမှုကွန်ရက် မီဒီယာဖြစ်သည့် We Chat တွင်မူ တိုက်ပွဲများ ပစ်ခတ်မှုများကြောင့် နေအိမ်အချို့နှင့် မော်တော်ကားများ မီးလောင်နေသည့် ဓာတ်ပုံ ၊ ဗီဒီယိုဖိုင်များကို တွေ့ရှိသည်။ အစိုးရတပ်မှ ၎င်းတို့အား ဒီဇင်ဘာလမှ စတင်ကာ အကြိမ်ကြိမ် ထိုးစစ်ဆင်နေခြင်းများရှိသည့် အတွက် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့အနေဖြင့် ပြန်လည်ခုခံ တိုက်ခိုက်နေရခြင်းများ ရှိကြောင်း ယနေ့(မတ် ၆ ရက်) နံနက် ၁၂ နာရီကျော်ခန့် အချိန်တွင် ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်းအထန် တိုက်ခိုက်နေသော မြန်မာစစ်တပ်အား မလွဲမချောင်သာ ပြန်လည်ခုခံ တိုက်ခိုက်နေရကြောင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ပြီး လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုက်ကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန် နှင့် ကျင်ဆန်ကျော် နှင့် အခြားနေရာနှစ်ခု၌လည်း မလွဲမချောင်သာ ခုခံကာကွယ်မှုများကို ပြန်လည် ပြုလုပ်နေရသဖြင့် မတ်လ ၆ ရက် နံနက် ၁၂ နာရီနောက်ပိုင်းမှစ၍ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ တိုက်ပွဲများ သည် ဆက်လက် ပြင်းထန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံ ဆရာများအသင်းချုပ် ထုတ်ပြန်ချက် အရ လောက်ကိုင်စစ် ပွဲကြောင့် လောင်အဲချီမှ မူလတန်းပြ ဆရာမ ဒေါ်ပြာမီသည် မတ် ၆ ရက် နံနက် ၂ နာရီခန့်တွင် ထိခိုက်သေဆုံးသွားကြောင်းကို လာရှိုးရောက်နေသည့် ဆရာအသင်းဝင် တစ်ဦးက ပြောကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လောက်ကိုင် တိုက်ပွဲနှင့် ပတ်သက်ပြီး မတ်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီအထိ အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

လောက်ကိုင်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ကိုးကန့် MNDAA အဖွဲ့နှင့် AA ရက္ခိုင့်တပ်ဖွဲ့တို့မှာ သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ငြိမ်း ချမ်းရေး ဆွေးနွေးမှုများတွင် အခြားအဖွဲ့များနှင့် တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံထားရသည့် အဖွဲ့များဖြစ်ပြီး လွန်ခဲ့သည့် လအတွင်းက ၀ ဒေသ ပန်ဆန်းတွင် ကျင်းပခဲ့သည့် အန်စီအေ အပစ်မရပ် တိုင်းရင်းသားအဖွဲ့များ၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့များလည်း ဖြစ်သည်။

စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies/



တရုတ်မြန်မာနယ်စပ်မှာ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: AFP
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAAတို့ ဒီနေ့မနက်အစောပိုင်းက စတင်ပြီးတိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက စုပေါင်းတိုက်ခိုက်တာမဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့နဲ့သာ တိုက်ပွဲဖြစ်ပွားတာဖြစ်ပါတယ်။

တဖက်ကလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို ဖျက်သိမ်းတာမရှိသေးတာကြောင့် ရခိုင့်တပ်မတော်၊ တအာင်း လွတ်မြောက်ရေးတပ်မတော်၊ ကိုးကန့်တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ အခြေချရာ ဒေသ အသီးသီးမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရကြား တိုက်ပွဲတွေဖြစ်ပွားနေ တာလို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော် ကပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ကနဦးသတင်းတွေကြားသိရပြီး အဲဒီမှာတာဝန်ကျနေတဲ့ မူလတန်းပြ ဆရာမတစ်ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် ၁ နာရီမထိုးခင်ကစတင်ပြီး လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုက်ကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန် နှင့် ကျင်ဆန်ကျော်တို့မှာ တိုက်ပွဲတွေဖြစ်ပွားတာလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


က​လေး၊မတ်​လ၆။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ က​လေးမြို့နယ်​၊ ​မော်​လိုက်​က​လေးအကျဉ်း​ထောင်​ထဲတွင်​ မတ်​လ ၅ရက်​​နေ့က ဘိန်းဖြူသုံးစွဲသူ အကျဉ်းသားများနှင့်​​ ရောင်းချသူ​ ထောင်​ဝန်​ထမ်းတစ်​ဦးအား ဖမ်းဆီးမိ​ကြောင်း သတင်းရရှိသည်​။


ဖြစ်​စဉ်​မှာ မတ်​လ၅ရက်​​နေ့တွင်​ အကစ(က​လေး)မှ ​ထောင်​တာဝန်​ခံ လက်​​ထောက်​ညွှန်​မှူးဦးစီးအဖွဲ့သည်​အကျဉ်း​ထောင်းအတွင်း ​ရှောင်​တခင်​ရှာ​ဖွေ​ရေးပြုလုပ်​ခဲ့ရာ အကျဉ်းသားအိပ်​​ဆောင်​(၁)မှ အကျဉ်းသားတစ်​ဦးဝတ်​ဆင်​ထား​သော အနီ​ရောင်​အ​နွေးထည်​အင်္ကျီလက်​ရှည်​ရင်​ဘတ်​ဘက်​အတွင်းတွင်​​ ရွှေဟင်္သာ​ဆေးတိုက်​တံဆိပ်​ပါအစိမ်း​ရောင်​ အဖုံးခွံအုပ်​ထားသည့်​ ပလပ်​စတစ်​ဗူးငယ်​အတွင်း စက္ကူအထုပ်​အ​သေးများဖြင့်​ထုပ်​ထားသည့်​ဘိန်းဖြူ၂၈ထုပ်​၊စုစု​ပေါင်းအ​လေးချိန်​(၂.၂၄)ဂရမ်​ခန့်​​တွေ့ရှိသိမ်းဆည်းမိ​ကြောင်း က​လေးမြို့မရဲစခန်း​​ကြေးနန်းစာအရ သိရသည်​။


အကျဉ်းဦးစီးဌာန၊တာဝန်​ ရှိသူများသည်​ သက်ဆိုင်​ရာ​နယ်​​မြေစခန်းကြီးရဲကင်းစခန်းသို့ အ​ကြောင်းကြားလာခဲ့သဖြင့်​ သက်​​သေများနှင့်​အတူ သွား​ရောက်​ပြီး ၄င်းအကျဉ်းသားအား စစ်​​ဆေးရာ တစ်​အိပ်​​ဆောင်​တည်း​နေ အကျဉ်းသား(၂)ဦးတို့ထံမှ ရရှိ​ကြောင်း သိရှိရပြီး ဆက်​လက်​၍ ကွင်းဆက်​များကို စစ်​​ဆေး​ဖော်​ထုတ်​ရာ ၄င်းအကျဉ်းသားနှစ်​ဦးက ​ထောင်​ဝန်​ထမ်း ဒုတပ်​ကြပ်​တစ်​ဦးထံမှ ဝယ်​ယူခဲ့​ကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သည်​။


အကျဉ်း​ထောင်​ဝန်​ထမ်းဒုတပ်​ကြပ်​အား စစ်​​ဆေး​ရာ ၁.၃.၂၀၁၇ရက်​​နေ့တွင်​ က​လေးအကျဉ်း​ထောင်​အတွင်းသို့၎င်းဝတ်​ဆင်​ထားသည့်​ အကျဉ်းဦးစီးတံဆိပ်​ပါ​တော​ဆောင်း​ပြောက်​ကျားဦးထုတ်​အတွင်းဘက်​ ချုပ်​ရိုးအတွင်း ဝှက်​သိမ်းယူ​ဆောင်​ကာ အိပ်​​ဆောင်​(၁)မိလ္လာတွင်​ ​တွေ့ရှိရသည့်​ အကျဉ်းသား(၂)ဦးထဲမှ တစ်​ဦးအား​ငွေ( ၃၀၀၀၀ိ/ ) ကျပ်​ဖြင့်​ ​ရောင်းချ​ပေးအပ်​ခဲ့​ကြောင်းစစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သည်​ဟု ရဲ​ကြေးနန်းများအရ သိရသည်​။

မူးယစ်​​ဆေးဝါးများအား အကျဉ်း​ထောင်​အတွင်းသို့ တရားမဝင်​ယူ​ဆောင်​လက်​ဝယ်​ထားရှိသူ အကျဉ်းသား(၃)ဦးနှင့်​​ မော်​လိုက်​က​လေးအကျဉ်း​ထောင်​ဝန်​ထမ်းဒုတပ်​ကြပ်​တစ်​ဦးတို့အား မူးစိတ်​ပုဒ်​မ - ၁၅/၁၆(ဂ) / ၂၀(က)/၂၁ ဖြင့်​ ရဲအုပ်​ ထွန်းထွန်းလွင်​ မှတရားလိုပြုလုပ်​၍ အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​ထားကြောင်း သိရသည်​။

စည်​သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar/