03/12/17


( ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို တွေ့ရစဉ် )

ကချင်ပြည်နယ်မှာ တစ်နှစ်အတွင်း ငွေကျပ် ၆၅ ဘီလျံကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းတန်ချိန် ၂ သောင်းကျော် ထုတ်ယူနိုင်ခဲ့ပြီး ရတနာအခွန်အဖြစ် စုစုပေါင်း ကျပ် ၁၂ ဘီလျံကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောပါတယ်။

အစိုးရသစ်ရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေကို မနေ့ညက မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားကနေ ပြည်သူလူထုထံ အစီရင်ခံတင်ပြတဲ့အထဲမှာ ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။

မိုးညှင်းခရိုင် လုံးခင်း-ဖားကန့် ရတနာနယ်မြေနဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေတွေက ထွက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကနေ အစိုးရက အခွန်ငွေရရှိတာဖြစ်ပါတယ်။

တရားမဝင်ကျောက်စိမ်းတန်ချိန် ၉၀ ကျော်နဲ့ သစ်တန်ချိန် ၉ ထောင်ကျော်ကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပြီး ဘိန်းဖြူ၊ ဘိန်းမဲနဲ့ ဆေးပြားတွေ အပါအဝင် မူးယစ်ဆေးဝါး မျိုးစုံကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုကြောင့် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေး နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်နေကြောင်းလည်း အစီရင်ခံတင်ပြခဲ့ပါတယ်။

အစိုးရက တစ်နှစ်တာကာလအတွင်းမှာ လမ်းပန်းဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်နဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အများပြည်သူသိရှိအောင် မနေ့ညကစပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အစီရင်ခံတင်ပြ တာဖြစ်ပါတယ်။

နောက်ရက်တွေမှာလည်း တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးက အခြေအနေတွေကို ဆက်လက် အစီရင်ခံ တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo: Kyaw Myo Min/ RFA
RFA

ပြီးခဲ့သောလကတည်းက ထိုးစစ်ဆင်မှုများ စတင်နေခဲ့သော အီရတ်လုံခြုံရေးတပ်များသည် မိုဆူးလ်မြို့ အနောက်ပိုင်း၏ သုံးပုံကျော်ခန့်ကို အိုင်အက်စ်တို့လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့တနင်္ဂနွေနေ့တွင် တပ်မှူးတစ်ဦးကပြောခဲ့သည်။

“မိုဆူးလ်မြို့ လက်ယာဘက်ကမ်း (အနောက်ပိုင်း) ၏ သုံးပုံကျော်ခန့်ဟာ အခုဆိုရင် ကျနော်တို့တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပါပြီ” ဟု ဗိုလ်ချုပ် မန်အယ်လ်ဆတ်ဒီက ပြောခဲ့သည်။

မိုဆူးလ်မြို့ကို တိုက်ဂရစ်မြစ်ကြီးက နှစ်ပိုင်းခွဲထားပြီး အရှေ့ဘက်ခြမ်းကို လက်ဝဲဘက်ကမ်းဟု ခေါ်ဝေါ်ကာ အနောက်ဘက်ကမ်းကို လက်ယာဘက်ကမ်း ဟု ခေါ်ဝေါ်ကြသည်။

အီရတ်တပ်ဖွဲ့များသည် ဖေဖေါ်ဝါရီလ ၁၉ရက်နေ့မှ စတင်ကာ တောင်ဘက်ပိုင်းမှတဆင့် မိုဆူးလ်မြို့အနောက် ဘက်အား ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေးများ စတင်ခဲ့သော်လည်း လူဦးရေအထူထပ်ဆုံး နေရာများသည် အိုင်အက်စ်တို့၏ လက်အောက်တွင်သာ ရှိနေသေးကြောင်းသိရသည်။

အိုင်အက်စ်တို့သည် ပြီးခဲ့သော ၂၀၁၄ခုနှစ်တုန်းကလည်း ဘဂ္ဂဒတ်မြို့မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ ကျယ်ပြန့် သောနေရာများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများနှင့် အထောက်အပံ့များကို ရရှိသော အီရတ်တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

လွန်ခဲ့သော အောက်တိုဘာလတွင် အီရတ်တပ်ဖွဲ့များသည် မိုဆူးလ်မြို့တစ်ခုလုံးအား ပြန်လည်သိမ်းပိုက်ရန် ကြီးမားသော ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး မြို့၏ အရှေ့ဘက်ခြမ်းအား ပြန်လည်ရယူနိုင်ခဲ့သော်လည်း လူဦးရေ ထူထပ်သိပ်သည်းသော အနောက်ဘက်ခြမ်းအား အလုံးစုံမသိမ်းပိုက်နိုင်ဘဲရှိနေသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/24566



တူရကီအထူးရဲတပ်ဖွဲ့ က နယ်သာလန်သံရုံးရှေ့ တွင် လုံခြုံရေးယူထားစဉ်(ဆင်ဟွာ)
    အန်ကာရာ ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

    တူရကီနိုင်ငံ အန်ကာရာမြို့ ရှိ နယ်သာလန်သံရုံး နှင့် အစ္စတန်ဘူလ်မြို့ ရှိ နယ်သာလန်ကောင်စစ်ဝန်ရုံးများအပါဝင် သံရုံးအမှုထမ်းနေအိမ်များ အားလုံးကိုပါ လုံခြုံရေးအကြောင်းပြချက်များဖြင့် မတ်လ ၁၁ ရက်က ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

နယ်သာလန်နိုင်ငံ Rotterdam မြို့ ရှိ တူရကီကောင်စစ်ဝန်ရုံး အဝင်လမ်းမကြီးကို နယ်သာလန်လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များက ပိတ်ပစ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တူရကီနိုင်ဘက်ကလည်း တုံ့ ပြန်မှုများပြုလုပ်လာခြင်းဖြစ်သည်။

ယင်းနေ့ မတိုင်ခင် တစ်ရက်က တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu လိုက်ပါလာသော လေယာဉ်ကို နယ်သာလန်နိုင်ငံ Rotterdam မြို့ ၌ ဆင်းသက်ရန် နယ်သာလန်အာဏာပိုင်များက ခွင့်မပြုခဲ့ပေ။

သမ္မတ တစ်ဦးတည်း စနစ်အတွက် လူထုဆန္ဒခံယူပွဲပြုလုပ်ခြင်းကို တူရကီနိုင်ငံသားများ ထောက်ခံအားပေးရန်အတွက် ဝန်ကြီးက လေယာဉ်ဖြင့် စည်းရုံးရောက်သွားရောက်စဉ် ယင်းကဲ့သို့ လေယာဉ်ဆင်းသက်ခွင့် ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် တူရကီနိုင်ငံ မိသားစု နှင့်လူမှုရေး မူဝါဒဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး Betul Sayan Kaya က တူရကီကောင်စစ်ဝန်ရုံးရှိရာ Rotterdam မြို့ ရှိ လမ်းမကြီးကို နယ်သာလန်ရဲတပ်ဖွဲ့ ဝင်များ ဝင်ရောက်လာခြင်းအား ခွင့် မပြုခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်တွေ ပြောင်းလဲလာသည့်အခါ ထိုစနစ်အောက်မှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည်တို့လည်း ပြောင်းလဲလာရသည်။ မပြောင်းလဲသော၊ မပြောင်းလဲချင်သော အစိတ်အပိုင်း တခိျု့ကတော့ ပြဿနာတွေရှိနေသည်။ သို့သော် လူထုတရပ်လုံးကတော့ ဗဟုဝါဒခေါ် လူအများ အကျိုးရှိမည့် စနစ်သို့ပြောင်းလဲသည်ကို သောင်းသောင်းဖြဖြကြိုဆိုလက်ခံကြပါသည်။ ထိုပြောင်းလဲခြင်းနှင့်အတူ အနုပညာထဲမှာ ပညာတရပ်ဖြစ်သော ရုပ်ရှင်အနုပညာသည်လည်း ပြောင်းလဲ လာရမည်ဖြစ်သည်။ ရုပ်ရှင်မှာအနုပညာနှင့် အတတ်ပညာနှစ်ရပ် ပေါင်းစပ်ပါဝင်သည်။ အနုပညာထဲမှာလည်း ရုပ်ရှင်အနုပညာသည် ပြည်သူလူထုနှင့် အနီးစပ်ဆုံး၊ လူထုကို အထိရောက်ဆုံးသတင်းနှင့်အကြောင်းအရာကို ပေးပို့နိုင်သည့် လူထုနားအလည်ဆုံး ဘာသာရပ်တခုဖြစ်သည်။ စာမတတ်သူ၊ နားမကြားသူပင် အရုပ်ကို ကြည့်၍ နားလည်သဘောပေါက်နိုင်သည်။ ဒီတော့ အထိရောက်ဆုံးဖြစ်သည်။

မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်တော့မည့်အချိန်တွင် ပေးလာသည့် အကယ်ဒမီဆုပေးပွဲသည်လည်း အထူးအလေးဂရုပြုရမည့် အစီအစဉ်ပါ။

မြန်မာ့ရုပ်ရှင်ကို ၁၉၅၂ ခုနှစ်မှ စတင်ပြီး ထူးချွန်ဆုများ ချီးမြှင့်ခဲ့သည်။ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုကို ပထမဆုံး ရန်ကုန်မြို့တော်ခန်းမမှာ ပေးခဲ့သည်။ ထို့နောက် ရွှေတိဂုံဘုရားလမ်းက ဂျူဗလီဟော၊ မြန်မာ့အသံမြက်ခင်းပြင်နှင့် ယဉ်ကျေးမှုလဟာ ပြင်ဇာတ်ရုံ၊ သုဝဏ္ဏအားကစားခန်းမကြီးစသဖြင့် နေရာအမျိုးမျိုးရွှေ့၍ ကျင်းပပေးခဲ့သည်။ အားလုံးကတော့ အဓိကမြို့တော်ရန်ကုန်မှာပဲ ပေးခဲ့သည်။

''ကျွန်တော်နဲ့ နော်ကူးမ ၁၉၇၄ အတွက်ပေးတာ ၇၅ မှာ မိုးတွေရွာတဲ့အတွက် နေရာမရှိလို့ အင်း ယားလိတ်ဟိုတယ်မှာပေးတာ၊ ကျွန်တော်တယောက်တည်းပေးတာ ဦးသိန်းဖေမြင့် မသေသေးဘူး။ ဆရာ ရွှေဥဒေါင်းမသေသေးဘူး။ ဆရာ ရွှေဒုံးဘီအောင် မသေသေးဘူး။ ရွှေဟင်္သာရုပ်ရှင်ကနေပြီးတော့ စံရွှေမြင့် ရေးတဲ့ နော်ကူးမ ကာတွန်းဇာတ်လမ်း၊ အဲဒါကို ရွှေဟင်္သာရုပ်ရှင်ကနေ ရိုက်တယ်။ ဇာတ်ညွှန်းနာမည်ခံတာက ဆရာဗိုလ်ကလေးတင့်အောင်၊ နောက်ပြီး ဇာတ်ညွှန်းတော်တော်များများကို ဒါရိုက်တာဦးထွန်းဝင်း ရေးပေးတယ်။ နောက်ပြီး ဆရာကြီးချစ်ခင်ရဲ့သား ဒါရိုက်တာလှဝေက ကင်မရာကိုင်ပေးတယ်။ ကိုငြိမ်းငြိမ်းက ဒါရိုက်တာအမည်ခံပြီး ရိုက်ပေးတယ်။ ကျွန်တော် (ဦးအောင်လွင်)ပါတဲ့ ဇာတ်ဝင်ခန်းအကုန်လုံးက ကျွန်တော့်ကို ပေးရိုက်တဲ့အတွက် ကျွန်တော် ကိုယ့်ဘာကိုယ် ရိုက်တယ်။ အဲဒီကားမှာက ၇၄ မှာ ရိုက်တဲ့အတွက် ၇၅ ခုမှာ ကျွန်တော်က မတ်လမှာ 'နေခြည်ဖြာမှ နွေးသောကြောင့်' ကား၊ ရေခဲတောင် မှာရိုက်ပြီး ပြန်လာတော့ မုတ်ဆိတ်ဗရပွနဲ့ အကယ်ဒမီပေးမှန်းမသိဘဲ တက်ယူရတယ်။ အဲဒါ အင်းယားလိတ်မှာပါ။ နော်ကူးမ ဇာတ်ကားက ဇာတ်ဆောင်ဆုရတယ်။ ကျွန်တော် (အောင်လွင်)က ဇာတ်ပို့အနေနဲ့ ရတယ်၊ လူကြမ်းလုပ် ပြီးတော့ ရတယ်။ အဲဒီအရုပ်ကို ရွှေတိဂုံဘုရားမှာ လှူလိုက်တယ်။ ဆရာ ရွှေဒုံးဘီအောင်တို့၊ ဆရာသိန်းဖေ မြင့်တို့ မကွယ်လွန်သေးဘူး။ ဦးအောင်မြင့်မြတ်ရယ်၊ ဦးလင်းအောင်ရယ်၊ ဦးဇော်လင်းတို့ရယ် ကျွန်တော့်ကို အဖော်လုပ်ပြီး ဂုဏ်ပြုကြတယ်''ဟု အင်းယားလိတ်မှာ အကယ်ဒမီပေးခဲ့ကြောင်း၊ အကယ်ဒမီဆု နှစ်ဆုသာ ပေးခဲ့ကြောင်း အကယ်ဒမီဦးအောင်လွင်က ပြောသည်။

၁၉၈၈ နောက်ပိုင်း ၂၀၀၅ ခုနှစ်ကစပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်မှာပဲ ကျင်းပခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာတော့ သုဝဏ္ဏအားကစားရုံမှာ ပြန်လည်ကျင်းပခဲ့ပါသည်။ နှစ်စဉ် စစ်အစိုးရပြန်ကြားရေးဌာနက ဦးစီးကျင်းပနေခဲ့ရာမှ မြန်မာရိုင်ငံရုပ်ရှင် အစည်းအရုံး (အရပ်သားများဖွဲ့စည်းထားသည့်အဖွဲ့)က ဦးစီးကျင်းပ ခဲ့ပါသည်။

၂၀၁၇ မတ်လ ၁၈ ရက်မှာတော့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်တော့မည့် အကယ်ဒမီပွဲကိုတော့ ပရိသတ် တချို့ စောင့်စားနေကြသည်။

၂၀၁၆ ဇန်န၀ါရီမှ ဒီဇင်ဘာထိ ရုံတင်ပြသသည့် ဇာတ်ကား ၃၃ ကားရှိခဲ့သည်။ မြန်မာ့ရုပ်ရှင်အကယ်ဒမီ စိစစ်ရေးအဖွဲ့ဝင်များ ကြည့်ရှုစိစစ်ခဲ့ကြသော ရုပ်ရှင်ကားများကတော့ အနူးဘစ်၊ စားတယ်။ ချစ်လှစွာသော အမုန်း၊ ဖေ့စ်ဘုတ်ရွာ၊ ခိုးဆိုးလုနှိုက်၊ ရုံးပတီသီးလေးများ၊ မနောမြေမှ ကျောက်စိမ်းကမ္ဘာ၊ အီဖေကိုယ်တို့ ရွေးကောက်ပွဲ၊ မအေးပွင့်မြင့်မြင့်စန်းလမ်းသုံးဆယ်၊ ကျွန်တော်ကျွန်မယောက်ျားဗိုက်ကြီးသည်၊ အုတ်ကြား မြက်ပေါက်၊ ရပ်ကွက်ဘုရင်မ၊ မှော်ကျောက်စာ၊ ရိုက်လိုက်ပါဦး ဒုန်းဒုန်းဒုန်း၊ ကာလာစုံလက်ဆင်၊ လူးရတနာ သိုက်၊ အေဒင်ရဲ့နတ်သမီး၊ ဘောစိ၊ သင်္ကြန်ပြတိုက်၊ ရပ်ကွက်ဘုရင်မ-၂၊ ဘန်ကောက်မှ မန္တလေးသို့၊ ရွှေဒင်္ဂါးကို ထွေခင်းကစားမယ်၊ နှစ်ယောက်တဘ၀၊ ဘွန္တောကြက်သူခိုး၊ မင်းလည်းဘိုကေ ငါလည်း ဘိုကေ၊ ငဘ၊ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား၊ မေထုန်ရာသီဖွား၊ နှင်းဆီပန်သူ၊ မယုံရင်ပုံပြင်မှတ် စသည့်ကားများ ဖြစ်သည်။

ယင်းအထဲမှ ၁၂ ကားအား ထူးချွန်ဆု ၁၂ ဆုကို ချီးမြှင့်ပါတော့မည်။ တစ်ပြေးနေသော ဆုရမည်ဟု နာမည် ထွက်နေသောကားများကတော့ ချစ်လှစွာသောအမုန်း၊ ခိုးဆိုးလုနှိုက်၊ မနောမြေမှ ကျောက်စိမ်းကမ္ဘာ၊ ငဘ၊ မေထုန်ရာသီဖွား၊ ဘန်ကောက်မှ မန္တလေးသို့ စသည့်ကားတွေပဲဖြစ်ပါသည်။ တစ်ပြေးနေသော ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆုများကတော့ -

အမျိုးသားဇာတ်ဆောင်ဆု ခန့်မှန်းချက်

အုတ်ကြားမြက်ပေါက်ဇာတ်ကားထဲက သရုပ်ဆောင်ထွန်းထွန်း၊ ခိုးဆိုးလုနှိုက်ကားထဲက သရုပ်ဆောင်မြင့်မြတ်၊ အေဒင်ရဲ့နတ်သမီးထဲက စိုင်းစိုင်းခမ်းလှိုင်၊ ငဘဇာတ်ကားထဲက ၀ါရင့်သရုပ်ဆောင် တကျော့ပြန်ကျော်သူ။

အမျိုးသမီးဇာတ်ဆောင်ဆု ခန့်မှန်းချက်

ချစ်လှစွာသောအမုန်းဇာတ်ကားမှ သက်မွန်မြင့် သို့မဟုတ် ၀တ်မှုန်ရွှေရည်။

အမျိုးသားဇာတ်ပို့ဆု ခန့်မှန်းချက်

ချစ်လှစွာသောအမုန်းဇာတ်ကားမှ ဇင်ဝိုင်း၊ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားမှ အကယ်ဒမီ လူမင်း။

ဒါရိုက်တာဆု ခန့်မှန်းချက်

ချစ်လှစွာသောအမုန်းဇာတ်ကား ဒါရိုက်တာဝိုင်း၊ အနူးဘစ်ဇာတ်ကားမှ ဒါရိုက်တာလူမင်း၊ ငဘဇာတ်ကား ဒါရိုက်တာခင်စောမျိုး။

ရုပ်ရှင်ဓာတ်ပုံဆု ခန့်မှန်းချက်

မနောမြေမှကျောက်စိမ်းကမ္ဘာဇာတ်ကားမှ ဓာတ်ပုံပညာရှင်အောင်နိုင်၊ အနူးဘစ်ဇာတ်ကား၏ ဓာတ်ပုံပညာရှင် ဦးဇော်မြင့်၊ မှော်ကျောက်စာဇာတ်ကား၏ ဓာတ်ပုံပညာရှင်ထွန်းထွန်း။
တခြားတခြားသော ရုပ်ရှင်အတတ်ပညာပိုင်း ဆိုင်ရာဆုများနှင့် တေးဂီတဆု၊ အသံဆု၊ ဇာတ်ညွှန်းဆု၊ ဇာတ်ကားဆု၊ ရုပ်ရှင်တည်းဖြတ်ဆု၊ ရုပ်ရှင်ဆိုင်ရာ အထူးဆုတို့ကိုတော့ မခန့်မှန်းတော့ပါ။ မိမိမျှော်လင့် ထားတာများ၊ ထင်ထားတာများနှင့် ထပ်တူကျ၊ မကျ ကို ၂၀၁၇ မတ်လ ၁၈ ရက်မှာ စောင့်စားကြရန်သာ ရှိပါသည်။ ထို့ပြင် တခုတော့ အထူးပြောလိုပါသည်။ ရုပ်ရှင်အကယ်ဒမီပေးရာမှာ ပြည်သူများ ပါဝင်လာရေးပဲ ဖြစ်သည်။

တချိန်က အကယ်ဒမီဆု ပြည်သူတွေ ဘယ်လိုပါဝင်ခဲ့သလဲ

တချိန်က ရုပ်ရှင်မင်းသား၊ မင်းသမီးများကို အကယ်ဒမီဆုပေးရာမှာ ဖိတ်ကြားထားသောဧည့်သည် များအပြင်၊ ပြည်သူလူထုထဲက စိတ်ပါဝင်စားသူများပါ တက်ရောက်ခဲ့ကြသည်ဟု ဆိုပါသည်။ မင်းသမီး၊ မင်းသားဆုရွေးချယ်သောအခါ ဆုကြေညာမည့်သူက ဆုမကြေညာမီ လာရောက်အားပေးကြသည့် ပရိသတ်ထဲကိုပါ မေးလိုက်ပါသည်တဲ့။

''ဘယ်မင်းသားများ ဖြစ်နိုင်သလဲ''

ထိုအခါ အပြင်ပရိသတ်ဆီမှ အသံများထွက် လာသည်။ ကျော်ဆွေ၊ ကျော်ဆွေ၊ ထွန်းဝေ၊ ထွန်းဝေ စသဖြင့် အသံများထွက်ပေါ်လာပြီး နောက်ဆုံးဆုစာရင်းကြေညာချက်ထွက်လာသည့်အခါ ပရိသတ်က မိမိတို့ ခန့်မှန်းချက်နှင့် ကိုက်ညီသူများက သောင်းသောင်းဖြဖြ လက်ခုပ်သြဘာတီး အားပေးခဲ့ကြသည်။ ခန့်မှန်းချက်နှင့် မတိုးသူများမှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ထိုမင်းသားသည် ပြည်သူတွေ ဘယ်လောက် အားပေးခဲ့သည်၊ စိတ်ဝင်စားသည်ဆိုသည်ကို ခန့်မှန်းလို့ရသည်။

မင်းသမီးဆုဆိုလျှင်လည်း ပရိသတ်ဆီက အသံတွေထွက်ပေါ်လာသည်မှာ အလွန်ကြည်နူးစရာ၊ ပျော်စရာကောင်းခဲ့ကြောင်း သိရသည်။

''ဘယ်မင်းသမီးရမယ်ထင်လဲ''ဟုဆိုလျှင်

မြင့်မြင့်ခင်၊ ခင်ယုမေ စသဖြင့် ပရိသတ်ဆီက ခန့်မှန်းအသံတွေ ထွက်ပေါ်လာသည်။ နောက်မှ ဆုကြေညာချက်ထွက်ပေါ်လာသည်။ ဆုကြေညာချက်နှင့် ပရိသတ်အသံနှင့် တထပ်တည်းတယောက်တည်း ဖြစ်နေခဲ့သောနှစ်ကတော့ မင်းသမီးမြတ်မွန် အကယ်ဒမီရခဲ့သောနှစ်ဟု ဆိုပါသည်။ မင်းသမီးဆု မကြေညာမီဆုကြေညာမည့်သူက ပရိသတ်ထံမေးလိုက်သောအခါ ပရိသတ်ထဲမှ အသံတသံပဲ ကြားရသည်ဟု ဆိုသည်။

''မြတ်မွန်၊ မြတ်မွန်''ဟူ၍

ထိုနှစ်က 'ကကြီးရေက'ဇာတ်ကားနှင့် မြတ်မွန် အကယ်ဒမီရခဲ့သည်။ အကယ်ဒမီဆုကိုပင် ထိုဇာတ်ကားထဲက အတိုင်း ခုံဖိနပ်နှင့် ဆံပင်တိုလေးစည်းပြီး ဘောင်းဘီတိုလေးနှင့် လွတ်လွတ်လပ်လပ် ဆုတက်ယူခဲ့သည်ဟု တချိန်က အကယ်ဒမီမြတ်မွန်က သူတို့ခေတ်က အကယ်ဒမီအကြောင်း အမှတ်တရပြောကြားခဲ့ပါသည်။

ထို့ကြောင့် အကယ်ဒမီဆုသည် ပြည်သူက အားပေး၍ ဇာတ်ကား၊ ဇာတ်ဆောင်အောင်မြင်ခဲ့သည်။ ဆုပေးသော အခါမှာလည်း ပရိသတ်ခန့်မှန်းချက်အရေးကြီးသည်။ ပရိသတ်မဲဆန္ဒနှင့် ပရိသတ် စိတ်ပါဝင်စားမှု၊ အားပေးမှု သည်လည်း အလွန်အရေးကြီးပါသည်။

ရုပ်ရှင်သည် ပြည်သူ၏အားပေးမှုနှင့် ရပ်တည်ရသဖြင့် ပြည်သူထဲက ပြည်သူများကို အထင်အမြင်မသေးကြရန်၊ ပြည်သူကို စေတနာမေတ္တာထားကြရန် ပြည်သူက အကောင်းအညံ့ဝေဖန်ကြလျှင်လည်း ဆင်ခြင်ပြုပြင်ကြဖို့ အရေးကြီးကြောင်း တင်ပြလိုက်ရပါသတည်း။

ချစ်မောင်(အ၀ကျွန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ အသက် နှစ် ၉၀ ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါဝရပြုခဲ့ပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။

မွေးနေ့ပွဲကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ပြည်သူတွေကို ထမင်းကျွေးမွေးပြီး အလှူဒါနပြုခဲ့ပါတယ်။
သူရဦးတင်ဦးဟာ ၁၉၄၃ ခုနှစ်က အသက် ၁၆ နှစ် ပြည့်အပြီးမှာ စစ်ထဲဝင်ဖို့အတွက် ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဗမာ့ကာကွယ်ရေး တပ်မတော် BDA မှာ တပ်သားအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးကြီး ဗထူး ဦးစီးတဲ့ တပ်မှာ စစ်မြေပြင် တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်။

၁၉၅၄- ၁၉၅၅ ခုနှစ်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ တရုတ်ဖြူ (ကူမင်တန်) တပ်တွေကို တိုက်ထုတ်နိုင်ခဲ့တာကြောင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော က ဦးတင်ဦးကို သီဟသူရဘွဲ့ ပေးအပ်ဖို့ ထောက်ခံအဆိုပြုခဲ့ပေမယ့် သူရဘွဲ့သာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ထိပ်ပိုင်းအကြီးဆုံး ရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။

Photo : Thiha Tun/RFA

(မတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ သူရဦးတင်ဦး အသက် ၉၀ ပြည့် မွေးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်)
RFA


ရန်ကုန်၊ မတ် ၁၂ ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦး၏ အသက် ၉၀ နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားသို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြုကာ မွေးနေ့ လက်ဆောင်ပေးအပ် ခဲ့ကြောင်း NLD ပါတီ မှ ကိုဗညားက ပြောသည်။


မွေးနေ့ပွဲအခမ်းအနားကို ယနေ့ ( မတ်လ ၁၂ ရက်) နံနက် ၈း၃၀ တွင် ရန်ကုန်မြို့ရှိသူရဦးတင်ဦးနေအိမ်တွင် ကျင်းပပြုလုပ်ခဲု့ခြင်းဖြစ်ကြောင်း လည်း ၄င်းကပြောသည်။

" အမေစုက ဘဘဦးတင်ဦးကို ကန်တော့ပြီး၊ ဘဘရဲ့ ကျန်းမာရေးအခြေအနေကိုမေးမြန်းပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေကိုလည်း ဘဘ ရဲ့ ကျန်းမာရေးကို ၀ိုင်းဝန်းဂရုစိုက်ကြဖို့ မှာကြားပါတယ် "ဟု ကိုဗညားကပြောသည်။

ရဲထက်ကျော်
PHOTO- AHN
The Asia Heart News



တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ။ (မတ် ၁၁၊ ၂၀၁၇)
EU ဥရောပ သမဂ္ဂ နိုင်ငံတွေကြား တူရကီကို ဆန့်ကျင်မှုတွေ တိုးလာနေချိန်မှာပဲ စနေနေ့က တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ဟာ Netherlands ကို ဝင်ခွင့် အပိတ်ပင်ခံခဲ့ရပါတယ်။ အခုလို တားမြစ်ပိတ်ပင်မှုအတွက် တူရကီသမ္မတ Recep Tayyip Erdogan က ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။ ဒါ့အပြင် တူရကီရဲ့ နေတိုး မဟာမိတ်နိုင်ငံတနိုင်ငံဖြစ်တဲ့ Netherlands နိုင်ငံကို နာဇီတွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ သူ့ရဲ့ ဒီသီတင်းပတ်ထဲ ပြောဆိုချက်အတိုင်း နာဇီလက်ကျန် နိုင်ငံတနိုင်ငံလို့ ဒုတိယအကြိမ် အဖြစ် ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အခုလို မှတ်ချက်ပေး ပြောကြားမှုဟာ မိုက်မဲတဲ့ ပြောဆိုချက်တခု ဖြစ်တယ်လို့ Netherlands ဝန်ကြီးချုပ် Mark Rutte က စနေနေ့မှာပဲ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူတို့ ဒေါသထွက်နေတာမို့ ပြောဆိုတယ် ဆိုတာကို သိပေမယ့် ဒီလို ပြောဆိုချက်ကတော့ ဘောင်လွတ်နေတယ်လို့ ပြောပါတယ်။

အခုလို ပြောကြားချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ အခု ဂျာမဏီကို ရောက်နေတဲ့ တူရကီနိုင်ငံရဲ့ မိသားစုဝန်ကြီး Fatma Betul Sayan Kaya ဟာ Netherlands ကို ကုန်းလမ်းကနေ သွားရောက်မယ်လို့ တူရကီအစိုးရ သတင်းဌာန ဖြစ်တဲ့ Anadolu က ကြေညာပါတယ်။ Netherlands သူမရဲ့ ဟောပြောပွဲကျင်းပဖို့ နဂိုက စီစဉ်ထားတာကို ဖျက်သိမ်းထားတဲ့ ကြားကနေ အခုလို သွားရောက်ဖို့ ကြေညာတာ လည်းဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ သမ္မတ Erdogan ၂၀၂၉ ခုနှစ်အထိ အုပ်ချုပ်နိုင်ပြီး အာဏာပိုရလာစေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ မတိုင်ခင် စည်းရုံးရေး လုပ်နေတဲ့ တူရကီ ဝန်ကြီးတွေရဲ့ လာရောက်မှုတွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက လက်မခံငြင်းဆိုနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နေပြည်တော်၊ မတ် ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနယ်မြေအတွင်း မြန်မာ့အဖိုးတန်သယံဇာတသစ်များအား တရားမ၀င်ခိုးထုတ်နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် မတ် ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် မံဝိန်းကြီးကျေးရွာအုပ်စု၊ မံမော်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၇၀၀ ခန့် အကွာသို့အရောက်၌ တစ်ဖက်နိုင်ငံသားများဖြစ်သည့် ကော်ဝေးယုတ်၊ ယူချိန့်နှင့် လီကျားရှင်တို့ ၃ ဦးကို တရားမ၀င်သစ်တင်ယာဉ် ယမ်းဖောင်အမျိုးအစား ၅၈ စီး၊ ၁၀ ဘီးယာဉ် ၄ စီး၊ ကရိန်းယာဉ် ၁ စီး၊ မြေကော်စက် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၆၄ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ထို့နောက် တပ်မတော်စစ်ကြောင်းများက ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား ဆက်လက်ရှင်းလင်းခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တစ်ဖက်နိုင်ငံသားများဖြစ်ကြသည့် ကိန်ရှန်ဖုန့်၊ လုအပ်ပို၊ လုံဝမ်ကျိန်၊ လျှိုဟန်ချန့်၊ ထန်တယ်ယိ၊ ရွှီးကျန်၊ ပုယင်ဝေ့နှင့် ချန်ယုလုံတို့ ၈ ဦးကို ယမ်းဖောင် အမျိုးအစားယာဉ် ၂၀ စီး၊ ၁၀ ဘီးယာဉ် ၁၄ စီးနှင့် မြေကော်စက် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၃၅ စီး တို့နှင့်အတူထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတစ်ဖက်နိုင်ငံသား ၁၁ ဦးအား တရားမ၀င်သစ်တင်ယာဉ် ၉၆ စီး၊ မြေကော်စက် ၂ စီးနှင့် ကရိန်းယာဉ် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၉၉ စီးတို့အား မံဝိန်းကြီးနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက မြန်မာ့အဖိုးတန် သယံဇာတသစ်များ တရားမ၀င်ခိုးထုတ်မှုမရှိရေးအတွက် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/


ပြီးခဲ့သော စနေနေ့တွင် ဂျာမနီရဲများသည် အက်ဆန်မြို့လယ်ရှိ ဈေးဝယ်စင်တာများအား အစောင့်အကြပ်များ ချထားခဲ့ပြီး မြူးနစ်မြို့ရှိကုန်တိုက်အတွင်း ပစ်ခတ်ခံရမှု တစ်နှစ်မပြည့်မီအချိန်၌ အကြမ်းဖက်တိုက်ခိုက်ခံရရန် ခြိးမ်းခြောက်မှုများရှိနေသည်ဟု ပြောဆိုခဲ့သည်။

“စိုးရိမ်စရာ လုံခြုံရေးအခြေအနေများကြောင့် စနေနေ့တစ်နေ့လုံး ဈေးဝယ်စင်တာအားလုံးကို ပိတ်ထားမှာပါ။ တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများနှင့် ပက်သက်၍ ရဲတွေမှာ သတင်းအခိုင်အလုံရှိထားပါတယ်” ဟု ဒေသတွင်းရဲဌာနမှ လူမှုမီဒီယာမှတဆင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

လုံခြုံရေးအဖွဲ့များ၏သတင်းအား ဘေးလ်ဒ်သတင်းစာ၏ ကိုးကားချက်ဖော်ပြချက်အရ အသေခံဗုံးဖောက်ခွဲမှု အများအပြား ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှု အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“ အေးဂျင့်တွေကို လူမြင်ကွင်းတွေမှာ တပ်ဖြန့်ချထားပါတယ်။ ဒါဟာ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပါ” ဟု ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောခဲ့ပြီး အက်ဆန်မြို့လယ်ခေါင်ရှိ လင်ဘက်ခ်ခါပလာဇာမှ ဈေးဆိုင်၂၀၀ အပါ အ၀င် အခြားဈေးဝယ်စင်တာများကို အရေးပေါ်ပိတ်ထားပြီး အနီးအနားရှိ ကားပါကင်များ၊ မြေအောက်ရထား ဘူတာရုံများကိုလည်း လုံခြုံရေးများ ၀န်းရံပိတ်ဆို့ထားကြောင်း သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာလတွင် လူစည်ကားသည့် ခရစ္စမတ်ဈေးအတွင်းသို့ အိုင်အက်စ်အဖွဲ့မှ ကုန်တင်ကားဖြင့် ၀င်တိုက်မှုကြောင့် လူ၁၂ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်ပြီးကတည်းက ဂျာမနီနိုင်ငံသည် အကြမ်းဖက်တိုက်ခိုက် မှုများမှ ကာကွယ်ရန်အတွက် နိုးကြားသတိရှိနေသည်။

Ref: AFP
Mizzima - News in Burmese


မကြာမီစတင်တော့မည့် ရန်ကုန်မြို့၏ Water Taxi ပြေးဆွဲမှုကို အာရှတွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဟု တင့်တင့်မြန်မာကုမ္ပဏီအုပ်စု စီမံ ကိန်းမန်နေဂျာ ဦးထွန်းနိုင်လင်းက News Watch သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Water Taxi များ ပြေးဆွဲနိုင်ရန် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် တင်ဒါခေါ်ယူခဲ့ရာ လျှောက်လွှာစောင်ရေ ၄၀ ကျော်အနက် ပြည်တွင်းကုမ္ပဏီနှစ်ခုသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် တင်ဒါရွေးချယ်စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သည့် တင့်တင့် မြန်မာကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

''ဟန်ဂေရီနိုင်ငံရဲ့ IT နည်းပညာနဲ့ သြစတြေးလျနိုင်ငံရဲ့ Water Taxi စီမံ ခန့်ခွဲမှုရယ်၊ အဲဒီနည်းပညာနှစ်ခုကို ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့က အာရှမှာ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ'' ဟု ဦးထွန်းနိုင်လင်းက ပြောသည်။

Water Taxi စီးနင်းခ၊ ဆိုက်ကပ်မည့်ဆိပ်ကမ်းများနှင့် ပြေးဆွဲမည့် သင်္ဘော အရေအတွက်တို့ကိုမူ ဧပြီလတွင် ပြုလုပ်မည့် ကုမ္ပဏီသတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတဦးက ပြောသည်။

မြစ်တွင်းသွားရေကြောင်းသယ်ယူပို့ဆောင်ရေးအဖြစ် Water Taxi ပြေးဆွဲခြင်းကို လာမည့်မေလတွင် စတင်ပြေးဆွဲ ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က မီဒီယာများကို ပြောကြားထားသည်။

Water Taxi ပြေးဆွဲပါက လှိုင်မြစ်နှင့် ရန်ကုန်မြစ်တလျှောက်တွင် လှိုင်သာယာ-ပန်းဆိုးတန်းခရီးစဉ်အတွက် ဆိပ်ကမ်း ခုနစ်ခု၊ ငမိုးရိပ်ချောင်းတလျှောက်တွင် ဒဂုံမြောက်-ညောင်တန်းခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခုကို ရွေးချယ်ထားပြီးဖြစ်ကြောင်းနှင့် ဆိုက်ကပ်မည့် ဆိပ်ကမ်းများကို ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်း လေ့လာထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ မှ သိရှိရသည်။

နှင်းမောင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ဦးကိုနီနှင့် ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ − နစ်ကီ)
ဦးကိုနီကို လုပ်ကြံခဲ့ သူအား လက်ပူးလက်ကြပ်ဖမ်းမိခဲ့ သော်လည်း နောက်ဆက်တွဲအမှု တွဲများ မဖော်ထုတ်နိုင်ခြင်းကို အံ့ အားသင့်မိကြောင်း အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တာဝန် သိယာဉ်မောင်း ဦးနေ၀င်းတို့ ကျ ဆုံးခြင်း ရက် ၄၀ ပြည့် အောက် မေ့ဂုဏ်ပြုအခမ်းအနားနှင့် ဘာ သာပေါင်းစုံဆုတောင်းပွဲကို မတ် လ ၁၁ ရက်က သခင်မြပန်းခြံ၌ ကျင်းပခဲ့သည်။

ယင်း အခမ်းအနားတွင် ‘‘သမိုင်းမှာတော့ ဦးကိုနီမသေပါ ဘူး။ ဘယ်တော့မှလည်း သေမှာ မဟုတ်တော့ဘူး။ ကိုနေ၀င်း လည်း အလားတူပဲ။ လူတစ် ယောက်က တာဝန်သိသိနဲ့ လုပ်ရ မယ့်အရာကို လုပ်လိုက်တဲ့အတွက် ပေါ်သင့်ပေါ်ထိုက်တဲ့အရာကို တရားခံကို လက်ပူးလက်ကြပ်မိခဲ့တဲ့ အခြေအနေဖြစ်ခဲ့တယ်။ ဒီလောက်လက်ပူးလက်ကြပ် မိထားတာ တောင်မှ နောက်ဆက်တွဲအမှုတွေ မပေါ်နိုင်တာ ကျွန်တော် တော့ အံ့သြတယ်’’ဟု ဦးတင်ဦး ကပြောကြားသည်။

အဆိုပါအခမ်းအနားသို့ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာ ယက ဦးတင်ဦး၊ ရန်ကုန်မြို့တော် ၀န်နှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ Myanmar Now အယ်ဒီတာ ချုပ် ကိုဆွေဝင်း၊ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်ဆရာ တော်များ၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ဦးကိုနီနှင့် ဦးနေ၀င်း၏မိသားစု ၀င်များ တက်ရောက်ခဲ့ကြသည်။

ဦးကိုနီလုပ်ကြံခံရခြင်းသည် သာမန်ရာဇ၀တ်မှုမျိုး မဟုတ်ဘဲ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်သည့် အတွက် တရားခံများအပေါ် သာ မန်လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်သာ အမှုဖွင့်စွဲဆိုထားသဖြင့် ပြစ်ဒဏ် ပေါ့လျော့သွားနိုင်သည့်အတွက် ၂၀၁၄ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲဆိုစုံစမ်း စစ်ဆေးသင့်ကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ ဦးကြီး မြင့်က တိုက်တွန်းသည်။

‘‘ဦးကိုနီအသတ်ခံရတာ ရိုး ရိုးလူသတ်မှုမဟုတ်ပါဘူး။ နိုင်ငံ ရေးလုပ်ကြံမှုဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့ ဦးကိုနီအမှုကို အ ရေးယူ ဆောင်ရွက်တဲ့အခါမှာ လက်ရှိနိုင်ငံတော်အစိုးရ ရဲတပ်ဖွဲ့တွေကလည်း ပုဒ်မ ၃၀၂ နဲ့ လုံးဝ မသုံးရပါဘူး။ ပုဒ်မ ၃၀၂ ဆိုတာ သာမန် လူသတ်မှုလောက်သာ ဖြစ်ပါတယ်။ တရားစွဲဆိုမှုမှားနေ ပါတယ်’’ဟု ၎င်းကပြောသည်။

ကွယ်လွန်သူ ကိုနေ၀င်း၏ ဇနီးဖြစ်သူ ဒေါ်စုသက်ခိုင်က ‘‘အားလုံးမိဘပြည်သူတွေရဲ့ စေ တနာနဲ့ ကူညီမှုကြောင့် အေးအေး ချမ်းချမ်းလေး နေနိုင်ပါတယ်။ ဒါပေမဲ့ မအေးချမ်းနိုင်သေးပါ ဘူး။ အဲဒါကတော့ ကွယ်လွန် သွားတဲ့ ကိုနေ၀င်းအတွက် အမှန် တရားလေးတစ်ခုတော့ လိုချင်ပါ တယ်။ ဘာကြောင့် သူသေသွား တယ်ဆိုတာ သူမသိသွားပါဘူး။ အမှန်တရားလေးတစ်ခု ပေါ်လာ မယ်ဆိုရင်တော့ တမလွန်ကနေ သူကျေနပ်မယ်လို့ ထင်ပါတယ်’’ ဟု အခမ်းအနားတွင်ပြောသည်။

အခမ်းအနားတွင် NLD အဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ရွှေဝါ ရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် အရှင်စန္ဒာသီရိ၊ ဘာ သာပေါင်းစုံမှ ခေါင်းဆောင်များ နှင့် Myanmar Now သတင်း ဌာနအယ်ဒီတာချုပ် ကိုဆွေဝင်း တို့က အောက်မေ့ဂုဏ်ပြုစကား ပြောကြားခြင်းနှင့် ဆုတောင်း မေတ္တာပို့သခြင်းများ ဆောင်ရွက် ခဲ့သည်။
7Day News Journal


မန္တလေးမှာရှိတဲ့ ဆေးရုံတိုင်းမှာ ပရဟိတသမားကိုဝမ်းရဲ့ခြေရာတွေ ထပ်ခဲ့ပြီ။ မွေးကင်းစကလေးကစလို့ သက်ကြီးရွယ်အိုတွေအထိ လူပေါင်းစုံ၊ ရောဂါပေါင်းစုံ သူကူညီပေးခဲ့တယ်။ အကူအညီလိုအပ်နေတဲ့ လူနာတွေအနေနဲ့ ကိုဝမ်းကို တိုက်ရိုက်ဆက်သွယ်ပြီး အလှူခံကြသလို ဆေးရုံကဝန်ထမ်းတွေကလည်း လူနာတွေအတွက် သူ့ကို အကူအညီတောင်းလေ့ရှိတယ်။

“ဆေးရုံက ဆရာ ဆရာမတွေကလည်း အကူအညီတောင်းတယ်။ အဲ့လိုကျရင် ကျနော်တို့က ဆေးရုံသွားတယ်။ ဒီလူနာက လောလောဆယ် ဘာလိုအပ်သလဲ၊ ဘာလုပ်ရမလဲ၊ စီတီစကန်ရိုက်မလား၊ သွေးစစ်ရမလား၊ အဲဒါပေါ်မူတည်ပြီး လာလှူထားကြတဲ့အထဲက ချက်ချင်းလှူပေးလိုက်တယ်။”

နောက်ပြီး လမ်းပေါ်က ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ကိုဝမ်း လစဉ်ထောက်ပံ့ပေးနေပါသေးတယ်။

သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ လိုအပ်တဲ့ အလှူငွေအများစုကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ စေတနာရှင်တွေက ဝိုင်းဝန်းလှူဒါန်းပေးကြတာပါ။

“ရရှိတဲ့အလှူငွေတွေအားလုံးကတော့ ဖေ့စ်ဘွတ်ခ်ကနေကြည့်ပြီးတော့ အလှူရှင်တွေက မန္တလေးကနေလည်း လှူကြတယ်၊ နောက်ပြီးတော့ စင်ကာပူ၊ မလေးရှားနဲ့ အခြားနိုင်ငံတွေကနေလည်း လှူကြတယ်၊ နောက်ပြီး ရန်ကုန်နဲ့ အခြားနယ်မြို့တွေကလည်း လှူကြပါတယ်။”

ဖေ့စ်ဘွတ်ခ်ဟာ ပရဟိတသမား ကိုဝမ်းအတွက်တော့ တကယ်ကို အသုံးဝင်တဲ့ နိဗ္ဗာန်ဆော်ကိရိယာတခုပါပဲ။
DVB TV News


၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီသည် ရွေးကောက်ပွဲကို ၀င်မပြိုင်ဘဲ သပိတ်မှောက်ခဲ့၏။ NLD မပါသော ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက နေရာအများစုတွင် အောင်ပွဲခံခဲ့သည်။ ထိုစဉ်က ရွေးကောက်ပွဲတွင် ညအချိန်မတော်ရောက်လာတတ်သော ကြိုတင်မဲများကလည်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထိုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအောင်ပွဲခံခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ခဲ့သည်။ အစိုးရအဖွဲ့ဖွဲ့ရာတွင် အစိုးရအဖွဲ့ထဲပါဝင်သဖြင့် လစ်ဟာသွားသော အမတ်နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ဧပြီလတွင် ကျင်းပခဲ့သည်။

ဤရွေးကောက်ပွဲမှာ ထူးခြားသည်။ ၁၉၉၀ ရွေးကောက်ပွဲမှ စတင်ကာ မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အကြီးမားဆုံးရရှိထားသော နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ပါဝင် ယှဉ်ပြိုင်သော ရွေးကောက်ပွဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် လွှတ်တော်တခုလုံးနှင့် စာလျှင် မဖြစ်စလောက်သော နေရာများသာ လစ်လပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် NLD သည် နိုင်ငံရေးအမြော်အမြင်ကြီးစွာ ထိုပွဲကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။ မဲဆန္ဒနယ် (၄၄)နေရာတွင် NLD က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ စံချိန်တင်ကာ (၄၃)နေရာ တွင် အနိုင်ရရှိခဲ့ပါသည်။ တနည်းအားဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၀င်ရောက်ယှဉ်ပြိုင်သည့် (၄၄)နေရာတွင် တနေရာမှ အနိုင်မရဘဲ (၄၄)နေရာလုံး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအရ NLD ဂုဏ်သိက္ခာတက်ခဲ့ရပြီး USDP ခေါ် ပြည်ခိုင်ဖြိုးပါတီ ဂုဏ်သိက္ခာကျခဲ့ရသောပွဲဖြစ်သည်။ ထိုပွဲတွင် မဲဆန္ဒရှင်ပြည်သူလူထုက NLD ကို ပုံအောထောက်ခံ ခဲ့ကြခြင်းတွင် NLD ၏ ရွေးကောက်ပွဲကြေညာ စာတမ်းကြောင့်လည်း ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ယုံကြည်လေးစားတာလည်းပါသလို ပုံစံအမျိုးမျိုးဖြင့် အုပ်ချုပ်နေသည့် စစ်အာဏာရှင်စနစ်ကို တပြည်လုံးက စိတ်ပျက်ရွံမုန်းနေကြတာလည်းပါသည်။

ထိုစဉ်က NLD ၏ ရွေးကောက်ပွဲကြေညာစာတမ်းမှာ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်သည်။ အထူးသဖြင့် ထိုစဉ်က NLD သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အထူးအလေးထားလုပ်ဆောင်ခဲ့သဖြင့် လူထုထောက်ခံမှုကို ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို အဟန့်အတားဖြစ်နေသော ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့ လူထုက အလွန်လိုလားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အလွန်ခက်အောင် ပြုလုပ်ထားသော ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကိုလည်း မြန်မာပြည်တလွှား ပြင်ဆင်လိုသူများ၏လက်မှတ်များကို စုဆောင်းကောက်ခံပြီး လက်မှတ်ပေါင်းငါးသန်းခန့်ကို လွှတ်တော်သို့ တင်ပြထားသော အချိန်အခါဖြစ်သည်။ ဆိုလိုချင်သည်မှာ မြန်မာပြည်သူလူထုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် NLD ပါတီကို အလွန်အားကိုးကာ ပုံအောထောက်ခံခဲ့ပါသည်။ သို့သော် လွှတ်တော်ထဲတွင် NLD အမတ် ၄၃ ယောက် (အမတ်နေရာအားလုံး၏ ၅ ရာခိုင်နှုန်း)သာရှိသဖြင့် အဆိုအဖြစ်ပင် မတင်နိုင်ခဲ့ပါ။

ဤသို့ဖြင့် ၂၀၁၅ သို့ ရောက်လာပါသည်။ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်း အမှာစကားတွင် ဒေါ်အောင်ဆန်းစုကြည်က ဤသို့ပြောကြားခဲ့ပါသည်။ ''အဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဦးတည်ချက်များဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် (၄၄)နေရာတွင် (၄၃)နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် ၎င်းအင်အားမှာ လွှတ်တော် အတွင်း၌ ၅ ရာခိုင်နှုန်းမျှမပြည့်သဖြင့် ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်နိုင်တဲ့ အဆင့်မရှိခဲ့ပါ။ ၂၀၁၅ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံးနီးပါး၌ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရဖွဲ့နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်ခဲ့လျှင် ဆောင်ရွက်မည့်ကိစ္စများကို ကဏ္ဍအလိုက် ဤရွေးကောက်ပွဲ ကြေညာ စာတမ်းတွင် ဖော်ပြထားပါသည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရဟန်းရှင်လူ တိုင်းရင်း သားပြည်သူလူထုတရပ်လုံးက ၀ိုင်းဝန်းကူညီထောက်ခံအားပေးရန် လိုအပ်ပါသည်။ ပြည်သူလူထု၏ ဘ၀များ ပြောင်းလဲချိန်တန်ပါပြီ။ အဖွဲ့ချုပ်ကိုမဲပေး၍ ရွေးချယ်တင်မြှောက်ရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာ၌ အမျိုးသား ရင်ကြားစေ့ရေးမူကို တစိုက်မတ်မတ်ကိုင်စွဲသွားမည် ဖြစ်သည်။ အောင်ဆန်းစုကြည်''ဟု ရေးသားပါရှိပေသည်။ ထိုအမှာစကားနှင့်အတူ ၁။ စီးပွားရေး ၂။ တောင်သူလယ်သမား ၃။ မွေးမြူရေးနှင့်ရေလုပ်ငန်း ၄။ အလုပ်သမား ၅။ ပညာရေး ၆။ ကျန်းမာရေး ၇။ စွမ်းအင် ၈။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၉။ အမျိုးသမီး ၁၀။ လူငယ် ၁၁။ ဆက်သွယ်ရေး ၁၂။ သယ်ယူပို့ဆောင်ရေး ၁၃။ မြို့ပြဖွံ့ဖြိုးရေးဟူသော မူဝါဒအသေးစိတ် (၁၃)မျိုးကို ရေးပြထားလေသည်။ အဓိက ရည်မှန်းချက်(၄) ရပ်အဖြစ်

''၁။ တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး
၂။ တိုင်းရင်သား ပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တရပ်ပေါ်ပေါက်လာရေး
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး''တို့ကို ဖော်ပြထားပါသည်။ ဤအချက်များကို ပြန်လည်ဖော်ထုတ်
ရေးသားရခြင်းမှာ အာဏာမရမီက တိုင်းပြည်ကို ကတိပြုခဲ့သော ရွေးကောက်ပွဲကြေညာစာတမ်း၏ အဓိက အချက်လေးချက်ကို အာဏာရလာပြီးနောက်ပိုင်းတွင် အကောင်အထည်ဖော်နိုင်မှုကို ဆန်းစစ်လို၍ ဖြစ်သည်။ စာမေးပွဲများတွင် အမှတ်ပေးသလို အောင်မှတ် (အမှတ် ၄၀)၊ ဂုဏ်ထူးမှတ် (အမှတ် ၈၀ အထက်)၊ ကျရှုံး (အမှတ် ၄၀ အောက်)ဟု သရုပ်ခွဲချင်သောကြောင့် ဖြစ်သည်။ အမှတ်စဉ်(၁)ဖြစ်သော တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဟူ သောကိစ္စတွင် NLD သည် ဂုဏ်ထူးမှတ်မရသည့်တိုင် သူ၏ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မခိုမကပ်ဆောင် ရွက်ခဲ့တာတွေ့ရမည်။ ရမှတ်ကတော့ (၇၀)ခန့် ပေးမိပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ခြင်း မအောင်မြင်ခြင်းသည် NLD တဖွဲ့တည်းသာ ဆောင်ရွက်၍ရသော ကိစ္စ မဟုတ်ပေ။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ်တွင်လည်း အဓိကတည်မီနေပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် ကာကွယ်ရေးဦးစီးချုပ်၏ စီမံကွပ်ကဲမှုအောက်တွင်သာ သီးခြားတည်ရှိနေပါသည်။ NLD အစိုးရလက်အောက်တွင် မရှိပါ။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသည်လည်း NLD ၏ သြဇာကို နာခံသူများမဟုတ်ပါ။ ထိုအဖွဲ့နှစ်ဖွဲ့ကို ငြိမ်းချမ်းရေး ရအောင် လုပ်ရသည်မှာ ကျားနှင့်ဆင်ကို လက်ဆွဲနှုတ်ဆက်ခိုင်းရသလို ဖြစ်နေပေသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ ပြုလုပ်သည်။ NCA လက်မှတ်မထိုးရသေးသောအဖွဲ့များနှင့် ဆွေးနွေးသည်။ တဖက်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ သဲကြီးမဲကြီးတိုက်ခိုက်နေသည်။ ကချင်တွင် စစ်ပွဲဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ခိုက်ကြသည်။ အမြောက်သံတွေ၊ စက်သေနတ်သံတွေ၊ ဗုံးသံတွေ ဆူညံပွက်နေသည့်အထဲတွင် ငြိမ်းချမ်းကြဖို့ အော်ပြောနေသည့် ဒေါ်အောင် ဆန်းစုကြည်အသံမှာ သဲ့သဲ့လေး၊ တိုးတိုးလေးသာကြားရတော့သည်။ ငြိမ်းချမ်းရေးအတွက် NLD သည် တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ပြီ။

အမှတ်စဉ်(၂) ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်မှာ တိုင်းရင်းသားပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေးဆို သည့်အချက်တွင် NLD သည် အခြေခံအဆင့်ကိုပင် မစနိုင်သေးသည့်အတွက် ရမှတ်နတ္ထိအဖြစ် (သုည မှတ်)သတ်မှတ်ရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွင် NLD သည် အာဏာမရမီက အလွန်တက်ကြွခဲ့၏။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုလက်မှတ်များကို တနိုင်ငံလုံးအနှံ့ ကောက်ခံသည့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မည့် ကြွေးကြော်သံဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အတွင်းသို့ ၀င်ခဲ့ကြ၏။ လွှတ်တော်အမတ်နေရာ ၅ ရာခိုင်နှုန်းသာ ရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆိုပင် မတင်နိုင်ခဲ့ခြင်းကို ပြည်သူလူထုက နားလည်ခွင့်လွှတ် ခဲ့ပါ၏။ သို့သော် ယခုအခါ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်အသီးသီးမှာ NLD လွှတ်တော်အမတ်အများစု လွှမ်းမိုးထားခဲ့ပြီး ပြင်မည်ဆိုလျှင် ပြင်ဆင်ချက်အဆိုကို တင်၍ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအနက် အနည်းဆုံးတချို့တ၀က်ပါဝင်ထောက်ခံမှ (ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်မှ) ပြင်ဆင်၍ရသော ဥပဒေများရှိ သလို (ဥပမာ ပုဒ်မ ၁ မှ ၄၈ အထိ၊ ပုဒ်မ ၄၉ မှ ၅၆ အထိ၊ ပုဒ်မ ၅၉ နှင့် ၆၀၊ ပုဒ်မ ၇၄ ၊ ၁၀၉ ၊ ၁၄၁၊ ၁၆၁၊ ပုဒ်မ ၂၀၀ ၊ ၂၀၁ ၊ ၂၄၈၊ ၂၇၆၊ ပုဒ်မ ၂၉၃၊ ၂၉၄ ၊ ၃၀၅ ၊ ၃၁၄ ၊ ၃၂၀ ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ ပုဒ်မ ၄၃၆) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲရမှ ပြင်ဆင်နိုင်ခွင့်ရှိသလို ကျန်ပြဋ္ဌာန်းချက်ပုဒ်မများကို လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ခွင့်လည်းရှိပေ၏။ ရှင်းအောင်ဆိုရလျှင် လွှတ်တော်အတွင်း မဲခွဲသောအခါ စစ်တပ်ကိုယ်စားလှယ်များမပါဘဲ မည်သည့်ပုဒ်မမှ ပြင်ဆင်မရအောင် စစ်အစိုးရက စနစ်တကျ ကြိုတင်အကွက်ချစီမံခဲ့ခြင်းပင်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုကောင်းအောင် ပြုပြင်ရမည့် ၀တ္တရားသည် ပြည်သူလူထုက မဲပေးရွေး ချယ်ထားသည့် လွှတ်တော်အမတ်များ၏ တာဝန်ဖြစ်သည့်အပြင် ၂၀၁၂ ရွေးကောက်ပွဲ (ကြားဖြတ်)နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD က တရားဝင်ကြေညာထားသော ရွေးကောက်ပွဲကြေညာ စာတမ်းပါ အချက်များဖြစ်သဖြင့် (လူထုကို ကတိပေးထားသဖြင့်)လုပ်ကိုလုပ်ရမည့်ကိစ္စဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ၂၀ ရာခိုင်နှုန်းသောကိုယ်စားလှယ်များက လက်မှတ်ရေးထိုးတင်ပြလာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆို တခုကို စတင်လက်ခံဆွေးနွေးရမည်ဟု အခြေခံဥပဒေ ပုဒ်မ ၄၃၅ တွင် ပါရှိပေသည်။ မဲခွဲတော့မှ တပ်မတော်သားကိုယ်စားလှယ်များက လက်မခံဘဲ ပယ်ချလျှင် ပယ်ချပါစေ၊ NLD အမတ်များသည် ကတိပေးထားသည့် ပိုမိုကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမ ခြေလှမ်းကိုတော့ ရဲရဲဝံ့ဝံ့စတင်သင့်ပြီဖြစ်သည်။ သို့မှသာ မည်သူတွေသည် မည်သည့်ဘက်က ရပ်တည် သည်ကို ပြည်သူတွေ တိတိကျကျသိရမှာ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဖျက်သိမ်း၍ လုံးဝအသစ်ပြန်ဆွဲလိုသော ဦးဝင်းတင်နှင့် ဦးကိုနီမှာ သေဆုံးခဲ့ပြီ ဖြစ်သည်။ ဦးကိုနီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်လိုသောဂိုဏ်းသားများလက်ချက်ဖြင့် သေဆုံးရခြင်း ဖြစ်ကြောင်း အများကမှတ်ယူကြသည်။ အခြေခံဥပဒေကို မပြင်လိုသူ ဦးဝီရသူက သူ၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ ''ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်။ သူတို့မိသားစုကို စာနာမိတယ်။ သို့မဟုတ်ရင် ငါးနှစ်အတွင်းမှာ ထိုင်းလိုအဖျက် အုတ်မြစ်ခိုင်သွားနိုင်တယ်။ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ်ချင်သူတွေ သတိထားကြ။ ခြေဥဖျက်ချင်တဲ့သူတွေ သတိထားကြ''ဟု ရေးသားထားလေသည်။

ဖွဲ့စည်းပုံဥပဒေမပြင်ချင်သူများဘက်က အစွမ်းကုန်လှုပ်ရှားလာပြီဖြစ်ရာ ပြင်မည်ဟု နိုင်ငံသိ ကတိပေးထား သော NLD ကလည်း အရှိန်မြှင့်လှုပ်ရှားသင့်ပြီဖြစ်သည်။ အသက်ပေးသွားသော ဦးကိုနီ၊ ကိုနေ၀င်းနှင့် ဒီမိုကရေစီဘက်တော်သားများ၏ မျက်နှာကို ထောက်ထား၍ ခြေလှမ်းသွက်ရတော့မည်ဖြစ်သည်။ ဤနေရာ၌ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟူသော မူဝါဒမှာ မိမိယုံကြည်ချက်ကို လွှင့်ပစ်ဖို့မဟုတ်ပေ။ ရင်ကြားစေ့ရေးဆိုသည်မှာ အရာရာအရှုံးပေး သည်းခံဖို့ မဟုတ်ချေ။ အာဏာမရမီ NLD ဘ၀က ပြည်သူလူထုကို ပေးခဲ့သောကတိက၀တ်များကို တတ်နိုင်သမျှ အကောင်အထည်ဖော်ရပါမည်။ ယခုအခါ အာဏာနှင့် လုပ်ပိုင်ခွင့်ဟူသော ကားကြီးတစီးပေါ်သို့ NLD ကိုယ်စားလှယ်များ ရောက်နေကြပါပြီ။ ပြိုင်ဘက် များက နည်းမျိုးစုံဖြင့် စက်ပုန်းခုတ်နေကြသည်ဖြစ်ရာ NLD ကလည်း အစွမ်းကုန် လီဗာနင်းကာ အရှိန်တင် သင့်ပြီ ဖြစ်သည်။ ဤနေရာ၌ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဟူသော ဟန်းဘရိတ်ကြီးကိုဆွဲထားလျက် လီဗာတင်မောင်းနှင်ပါက မည်သည့်ခရီးမျှ တွင်ကျယ်စွာရောက်နိုင်မှာ မဟုတ်ကြောင်း တင်ပြလိုက်ရပေသည်။

သရ၀ဏ်(ပြည်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ( ဇွန် ၂၇၊ ၂၀၁၃)
မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ( ဇွန် ၂၇၊ ၂၀၁၃)
ဘာသာတခုနဲ့ တခုအကြား အမုန်းတရားကြီးထွားစေတဲ့ ဟောပြော လှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့ အတွက်ဆိုပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ တရားဟောခွင့် တနှစ်ပိတ်ပင်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ ဆရာတွေအကြားမှာလည်း အမြင်သဘောထားတွေ အမျိုးမျိုး ကွဲပြားနေပါတယ်။

Wisconsin ဆရာတော်ကတော့ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယူဆပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဆရာတော်ကတော့ ရဟန်းတပါးထဲကို အခုလို ပစ်မှတ်ထား မလုပ်ဆောင်သင့်ဘူးလို့ မိန့်ကြားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မတ်လ (၉) ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အထူးစည်းဝေးပွဲကနေ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင် ဆရာတော် ဦးဝိစိတ္တာဘိဝံသခေါ် ဦးဝီရသူကို တရားဟောခွင့် တနှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း မတ်လ (၁၁) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဦးဝီရသူအနေနဲ့ ဘာသာတရား တခုနဲ့တခုအကြား အမုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရား ကြီးထွားအောင် လှုံဆော်ဟောပြောမှုတွေ၊ တရားဥပဒေစိုးမိုးမှုကို အဟန့်အတားဖြစ်စေတဲ့ ဟောပြောမှုတွေ နဲ့ နိုင်ငံရေးပါတီများအကြား ဘက်လိုက် ဝေဖန် ဟောပြောမှုတွေကို ဒေသအနှံ့အပြားမှာ ကြိမ်ဖြန်များစွာ ပြုလုပ်နေတဲ့အတွက် အခုလို တရားဟောခွင့် ပိတ်ပင်လိုက်တာ ဖြစ်တဲ့ အကြောင်း တိုင်းဒေသကြီး၊ ပြည်နယ် သံဃာ့နာယကအဖွဲ့များအားလုံး (ဂိုဏ်းစုံ) ကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က အကြောင်းကြားစာ ပေးပို့ လိုက်တာ ဖြစ်ပါတယ်။

သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယူဆကြောင်း အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ သီတင်းသုံးတဲ့ ဆရာတော် ဦးဇာဂရက မိန့်ပါတယ်။

"မဟန ဆရာတော်ကြီးတွေဆုံးဖြတ်ချက်က သင့်တော်ပါတယ်။ မှန်ပါတယ် ဦးဝီရသူက လက်ခံဖို့ကောင်းပါတယ်။ ဆရာတော်ကြီးတွေ ဆုံးဖြတ်တာ ဖတ်ကြည့်တာ မှန်ပါတယ်။ သူ့ဟောပြောမှုတွေက သာမာန်သူတွေအတွက် အင်မတန်မှ အတွေးအခေါ် ချွတ်ချော်သွားစေတဲ့ သွေးဆူစေတဲ့ကိစ္စတွေ တွေ့ရတော့လေ။ အဲ့တာကို နောက်က လူတွေကပဲ စီမံပေးနေသလားမသိဘူး သူတို့ ဒီပုံစံလုပ်တာတွေ အောက်ကနေ တိတ်ခွေဖွင့်ပေးတာတွေ ဆန့်ကျင်ခြင်းတမျိုးနဲ့ သူဆန့်ကျင်ပြနေတာပေါ့လေ။"

မေး။ ။ အဲ့သလိုဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာ အထူးသဖြင့်တော့ ဗုဒ္ဓဘာသာနိုင်ငံတော်ဆိုတဲ့ ဂုဏ်ပြရုပ်ဟာ တဖြေးဖြေးနဲ့ မှေးမှိန်လာတယ်။ နောက် လူငယ်တွေကြားထဲမှာလည်း ဘာသာတရားကို တော်တော်လေး အထင်သေးအမြင်သေး ဖြစ်သွားစေတဲ့ ပုံစံမျိုးများ ဖြစ်သွားစေမလား။ အဲ့ဘက်ကိုများ ဦးတည်နေသလားဘုရား။ ဖြစ်နေတဲ့ပုံစံတွေက။

ဆရာတော် ဦးဇာဂရ။ ။ဖြစ်တယ် ဖြစ်နေပြီ ဒကာရဲ့ ဒီမှာဆို ဘုန်းကြီးမိတ်ဆွေ ဒကာတယောက် အဲ့နားမှာရှိတဲ့ မားကတ်စ်ထဲ ဈေးသွား ဝယ်တော့ ဈေးရောင်းတဲ့ တယောက်က ခင်ဗျားတို့ သူတို့လူမျိုး သူတို့ဘာသာဝင်တွေကို အနိုင်ကျင့်နေတယ်ဆိုပြီး ရန်လုပ်စိန်ခေါ်တယ်တဲ့ အဲ့တာမျိုး ကြုံရတယ်တဲ့ နောက်တခါ ဘုန်းဘုန်းတို့ရောက်ခါစက ဆိုရင် တွေ့တဲ့နေရာမှာ သေချာရှိခိုးကြ။ အခုတော့ အဲ့ဒီ့ပုံရိပ်က မှေးမှိန်သွားပြီ။ အမေရိကားမှာ မှေးမှိန်သွားသလို ပြည်တွင်းကျတော့လည်း ကလေးတွေ လူငယ်လူရွယ်တွေ အမြင်မှာ အထင်သေးစရာလို ဥပမာ ဒီမိုကရေစီလိုလားတဲ့ အမြင်ကျယ်တဲ့ လူငယ်တွေရဲ့အမြင်ထဲမှာ အထင်သေး အမြင်သေးတဲ့ ပုံရိပ်တွေ ညှိုးနွမ်းလာတယ်။ ပြည်ပရော ပြည်တွင်းရော ဗုဒ္ဓဘာသာရဲ့အေးမြပါတယ် ငြိမ်းချမ်းပါတယ်ဆိုတဲ့မှေးမိန်လာတာ ကျလာတာကို တွေ့ရတာပဲ ဒကာရယ်။ အဲ့တာတော့ အလွန်စိတ်မကောင်းစရာပေါ့။"

လက်ရှိ အမေရိကန်ပြည်ထောင်စု၊ Arizona ပြည်နယ်မှာ သီတင်းသုံးနေတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းပျိုများသမဂ္ဂဥက္ကဋ္ဌဟောင်း အရှင် ခေမာစာရကတော့ သံဃာတပါး၊ လူပုဂ္ဂိုလ်တဦးဦးကို အခုလို ပစ်မှတ်ထား အရေးယူရုံနဲ့ ဒီကိစ္စ ပြီးပြတ်သွားမယ်လို့ မယူဆကြောင်း မိန့်ပါတယ်။

"ဦးဇင်းမြင်တာကတော့ ဒီဆရာတော်လေး ပြောသွားတာက ဘယ်လောက်အထိ အရေးပါသလဲ။ ဘယ်လောက်အထိ ထိခိုက်သလဲပေါ့။ လူတယောက် သူ့ဘာသာသူပြောတဲ့ အဲ့ဒီ့ပြောတဲ့ဥစ္စာဟာ ခုနကပြောသလို ပုဂ္ဂိုလ်ရေးထိခိုက်သလား၊ နိုင်ငံတော်ကို ထိခိုက်သလား။ တဖက်သားကို ထိခိုက်သလား အများကြီး စစ်ဖို့တော့ လိုတာပေါ့။ ဒီဆရာတော်က ပြောရုံပဲ ပြောတာပါ။ ဆုံးတဲ့သူက ဆုံးသွားပြီ။ ဘာကြောင့်ဆုံးသလဲ အဓိက ကောက်ကြောင်းတွေကို အဓိက လိုက်ပြီးတော့ အဖြေမှန်ရအောင် လုပ်ဖို့ပဲရှိတယ်။ ဘေးက လူတယောက်က ဝေဖန်တာကို လိုက်ပြီး အရေးလုပ်နေကြမယ် ပြောနေကြမယ်ဆိုရင် ဒါအဓိပ္ပါယ်လည်း မရှိဘူးလို့ ဦးဇင်းကတော့ မြင်တယ်။

မေး။ ။ တခုရှိတာက အပြင်မှာ ဝေဖန်နေကြတဲ့သူတွေ အရပ်သားတွေတော့ အများကြီးရှိကြတာပေါ့ဘုရား။ ကောင်း၏ ဆိုး၏ ဒီအမှုကို စစ်ဆေးတဲ့ပုံစံနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ တရားခံကို မမိသေးတဲ့အပေါ် အမျိုးစုံအောင် ဝေဖန်နေကြတာတွေ ရှိသလို ရဲကလုပ်သွားတဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း တော်တော်လေး လှောင်ပြောင်သရော်ကြတာလေ။ ဒါပေမဲ့ အရှင်ဝီရသူက ရဟန်းတပါးလည်းဖြစ်နေတော့ ရဟန်းနဲ့ ဝိနည်းနဲ့မညီတဲ့စကားကိုများ ပြောမိသလားလို့။

အရှင် ခေမာစာရ။ ။ ဝိနည်းနဲ့ ညီတယ် မညီတယ်ဆိုတဲ့ဥစ္စာက ဦးဇင်းတို့မြင် တာကတော့ နောက်ပိုင်းမှ ပြောကြဆိုကြ။ တချို့လည်း စိတ်မထိန်းနိုင်၊ တချို့ကျတော့လည်း စိတ်ထိန်းနိုင်ကြတာပေါ့။ ဦးဇင်းတို့ပြောတာက ဒီမြန်မာနိုင်ငံမှာ ဒီဆရာတော်ကပြော တာကိုပဲ ဦးဇင်းတို့က အရေးယူမယ်။ ပုဒ်မတပ်မယ် ရှုတ်ချနေမယ် ဆိုလို့ရှိရင် ဆုံးလည်း ဆုံးမှာ မဟုတ်ဘူးလေ။ ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းတွေ ရှာဖွေနေတာကို ဦးဇင်းတို့ မတွေ့ရဘူး။ ဒါ ဂိတ်ဆုံးသွားတာမဟုတ်ပါဘူး။ ဒါ ဂိတ်မဆုံးဘူး။ ဦးဇင်းပြောချင်တာက တကယ့်ပစ်မှတ် ထိရောက်တဲ့အနေအထားကို ရှာဖွေနိုင်တယ်လို့ ဦးဇင်းတို့မမြင်ဘူးပေါ့။ ဆရာတော်ဦးဝီရသူကိုပဲ ရွေးပြီးတော့ လုပ်နေမယ်ဆိုရင် ပိုပြီးတော့ ဆိုးလာနိုင်တာပေါ့။ ဒီလိုနိုင်ငံမှာ ဘာကြောင့်ဖြစ်နေရသလဲဆိုတာကို အရင်လိုက်ဖို့လိုတယ် ဘယ်က ဇစ်မြစ်ကလဲ ဆိုတာ လိုက်ဖို့လိုတယ်။"

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဦးဝီရသူကို အခုလို တရားဟောခွင့် တနှစ် ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ပြည်တွင်းမှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေ အကြားမှာလည်း သဘောထားအမြင်တွေ အမျိုးမျိုး ကွဲပြားနေကြတာပါ။

ဦးဝီရသူအပေါ် အခုလို ပိတ်ပင်ချက် ထုတ်ပြန်တဲ့အတွက် ဒီကိစ္စကို ကန့်ကွက်ကြောင်း ပြသတဲ့ အနေနဲ့ ချီတက် ဆန္ဒပြမယ်လို့ ပြောဆိုနေတဲ့ သံဃာတော်တွေ ရှိသလို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ကို ထောက်ခံကြောင်း ပြောဆိုကြ တဲ့ သံဃာတော်တွေလည်း အများအပြား ရှိနေကြတာ ဖြစ်ပါတယ်။
VOA Burmese News


အိန္ဒိယ-မြန်မာနယ်စပ်။
အိန္ဒိယ-မြန်မာနယ်စပ်။
မြန်မာနိုင်ငံ လေကြောင်းပိုင်နက်ထဲကို အိန္ဒိယနယ်စပ်လုံခြုံရေး တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် ကျူးကျော် ၀င်ရောက်ခဲ့ကြောင်း မြန်မာအစိုးရက အိန္ဒိယအစိုးထံ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း အိန္ဒိယ အခြေစိုက် The Times of India သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ အိန္ဒိယ - မြန်မာနယ်စပ် မီဇိုးရမ်းမြို့နယ်အတွင်းက Zokhawthar ကျေးရွာမှာ အခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဖြေရှင်းချက်ပေးဖို့ အိန္ဒိယပြည်ထဲရေး ၀န်ကြီးဌာနကတဆင့် နယ်ခြားစောင့်တပ်ဖွဲ့ထံ အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လေကြောင်းပိုင်နက်ထဲကို သူတို့ရဲ့ ရဟတ်ယာဉ်တွေ ကျူးကျော် ၀င်ရောက်ခဲ့ခြင်း မရှိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့က အိန္ဒိယအစိုးရထံ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဌာနအတွင်း စုံစမ်း စစ်ဆေးမှုတွေအရ - ဖေဖော်ဝါရီလ ၃ ရက်နေ့တုန်းက အဆင့်မြင့် အပေါ့စား ရဟတ်ယာဉ်တစင်းဟာ Kumbhirgram လေတပ် အခြေစိုက်စခန်းကနေ နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် မီတာ ၅,၅၀၀ လောက် အမြင့်မှာ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ဟာ အိန္ဒိယနိုင်ငံပိုင် မီဇိုးရမ်း ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ လေကြောင်း ပိုင်နက်ထဲကို ကျူးကျော် ၀င်ရောက်ခဲ့ခြင်း မရှိဘူးလို့ ချေပ ပြောဆိုပါတယ်။

၂၀၁၅ ခုနှစ်အတွင်း အိန္ဒိယ စစ်တပ်က မြန်မာနိုင်ငံ ပိုင်နက်ထဲကို ၀င်ရောက်ပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံအကြား ဒီကိစ္စဟာ အတိမ်းအစောင်းမခံတဲ့ ကိစ္စရပ်တခု ဖြစ်လာခဲ့ပါတယ်။ Kumbhirgram လေတပ် အခြေစိုက်စခန်းဟာ အိန္ဒိယ - တိဘက် နယ်စပ်ဒေသနဲ့ အာသံရိုင်ဖယ် သေနတ်ကိုင်တပ်ရင်းအတွက် နယ်ခြားစောင့်တပ်က လေကြောင်း အကူအညီပေးဖို့ အသုံးပြုနေတဲ့ လေတပ် အခြေစိုက် စခန်းဖြစ်ပါတယ်။
VOA Burmese News


မလေးရှား ရဲလုံခြုံရေးများ။
မလေးရှား ရဲလုံခြုံရေးများ။
မလေးရှားနိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Ipoh က Jalan Kampar ရပ်ကွက်မှာရှိတဲ့ အလှပြင်ဆိုင်ကို လူမှောင်ခိုကူးမှုနဲ့ ပတ်သက်ပြီးရဲက မသင်္ကာလို့ ဝင်ရောက် စီးနင်းရှာဖွေရာမှာ မြန်မာနိုင်ငံက ရှမ်းအမျိုးသမီး ၁၉ ဦးနဲ့ ဗီယက်နမ်က တဦးတို့ကို တွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။

ကွာလာလမ်ပူနဲ့ ပီနန် အဝေးပြေးလမ်းမကြီး ပေါ်မှာ ရှိတဲ့ Ipoh မြို့ မှာ လူကုန်ကူးပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ အလှပြင်ဆိုင်ကို ကြာသပတေးနေ့မှာ ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပြီး လူကုန်ကူး ခံရသူလို့ ယူဆရသူ နိုင်ငံခြားသား အယောက် ၂၀ ကို မလေးရှားနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ATIP SOM (Anti-Trafficking In Persons and Anti-Smuggling of Migrants) က ကယ်တင်နိုင်ခဲ့တယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

လူကုန်ကူး ခံရသူလို့ ယူဆရသူတွေဟာ မြန်မာနိုင်ငံက ၁၉ ယောက်နဲ့ ဗီယက်နမ်နိုင်ငံက တယောက်ဖြစ်နေတာကို တွေ့ရိုခဲ့ရပြီး ရာဇဝတ်မှု ကျူးလွန်သူ ၅ ဦးကိုတော့ ဖမ်းဆီးထားတယ်လို့ Perak ပြည်နယ် ရာဇဝတ်မှုခင်း စုံစမ်းရေးအဖွဲ့ အကြီးအကဲ က သောကြာနေ့ မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုတာပါ။ အမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သိရဖို့ ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။
VOA Burmese News



ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်သာလန် သံတမန်ကိုလည်း တူရကီ အစိုးရက ဆင့်ခေါ်ခဲ့
အဝေးရောက် တူရကီနိုင်ငံသားတွေကို မဲဆွယ်စည်းရုံးဖို့ နယ်သာလန်ကိုလာတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးကို နယ်သာလန်အစိုးရက ပိတ်ပင်တာဟာ နာဇီနဲ့ ဖက်ဆစ်တွေလို ပြုမူတာပဲလို့ တူရကီ သမ္မတ အာဒိုဝန်က ဝေဖန်လိုက်ပါတယ်။

အခုလို နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ကို လာတဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်ကို ပိတ်ပင်တဲ့အတွက် နယ်သာလန်ရဲ့ တူရကီ သံတမန်ရေးရာ ခရီးစဉ်တွေကိုလည်း ပြန်လည် ကန့်သတ်မယ်ဆိုတဲ့ သဘောမျိုးလည်း မစ္စတာ အာဒိုဝန်က ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်သာလန် သံတမန်ကိုလည်း တူရကီ အစိုးရက ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

နယ်သာလန်ဘက်က စည်းရုံးရေးခရီးစဉ် တားမြစ်လို့ တူရကီဘက်က စီပွားရေး ပိတ်ဆို့မယ်လို့ ပြောလိုက်တာက လက်ခံနိုင်မယ့် အဖြေရှာဖို့ ခဲယဉ်းသွားစေတယ်လို့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပြီး နာဇီနဲ့ နှိုင်းတာကတော့ လွန်သွားပြီလို့ နယ်သာလန် ဝန်ကြီးချုပ်က မှတ်ချက် ပေးခဲ့ပါတယ်။

တူရကီ သမ္မတဟာ ဂျာမနီကိုလည်း အလားတူ အခြေအနေမျိုးမှာ နာဇီဆန်တယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။

တူရကီမှာ သမ္မတ အာဏာတိုးချဲ့ဖို့အတွက် နောက်တလမှာ ဆန္ဒခံယူပွဲလုပ်မှာ ဖြစ်သလို နယ်သာလန်မှာလည်း လာမယ့်အပတ်မှာ ပါလီမန် ရွေးကောက်ပွဲတွေ လုပ်မှာ ဖြစ်တဲ့အတွက် အခြေအနေတွေ ပိုပြီး တင်းမာ နေပါတယ်။

နောက်ဆုံးအခြေအနေအရ နယ်သာလန်နဲ့ ဂျာမနီသာမက ဆွစ်ဇလန်နိုင်ငံက မြို့တွေမှာလည်း တူရကီဝန်ကြီးတွေရဲ့ မဲဆွယ်ခရီးစဉ်တွေကို ပိတ်ပင်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်နားက ရန်လုံကျိုင်းနဲ့ ကွန်လုံမြို့နယ် နားတ၀ိုက် ၊ ဒီကနေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ် နေတာကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ လားရှိုးမြို့နဲ့ တရုတ်နယ်စပ်ဘက်ကို ထပ်ပြီးရောက်ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေ သူတွေက ပြောပါတယ်။ ဒီတရက်ထဲမှာတင် လာရှိုးဖက် တိမ်းရှောင် လာသူ ၅၀၀ ဝန်းကျင်ရှိပြီး၊ ကိုးကန့်ဒေသ စစ်ပွဲကြောင့် အခုအချိန်ထိ တရုတ်နိုင်ငံထဲ ထွက်ပြေး တိမ်းရှောင်သူ ၃ သောင်းကျော် ရှိနေပြီလို့ ယူနန်ပြည်နယ် နမ်စမ်မြို့ ဘုန်းကြီးကျောင်းက ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ်နဲ့ ၂ မိုင်လောက်သာဝေးတဲ့ ရန်လုံကျိုင်းဒေသ တဝိုက်မှာ ဒီကနေ့ မနက်ကနေ ညနေထိ တိုက်ပွဲတွေတောက်လျှောက် ဖြစ်ခဲ့ကြောင်း တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် နမ်စမ်မြို့ဘုန်းကြီးကျောင်း ဆရာတော် ဦးကေသရက VOA ကိုမိန့် ပါတယ်။

“ ကိုးကန့်စစ်တပ်နဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာပေါ့နော်။ ရန်လုံကျိုင်း မြို့ ၀င်ပေါက်မှာ တနေရာ၊ နယ်စပ်မှတ်တိုင် ၁၂၃ မှာ တနေရာ၊ ၁၂၅ မှာ တနေရာ .. အဲဒီ သုံးနေရာမှာဖြစ်တာ။ တိုက်ပွဲက မနက် ၉ နာရီကနေ ညနေ ၆ နာရီလောက်ကျမှ ငြိမ် သွားတယ်။ အဲဒါ ဒီနယ်စပ် မှာပဲလေ ၊ ဦးဇင်းတို့ ကျောင်းနဲ့ အဲဒီတိုက်ပွဲ ဖြစ်တဲ့နေရာက ၂ မိုင်လောက်ပဲဝေးတာ။ အဲဒါ သေနတ်သံတွေ ဗုံးသံတွေ လက်နက်ကြီး အသံတွေပါ ဒုန်း ဒိုင်း .. ဒုန်း ဒိုင်းနဲ့ မြို့ထဲလောက်ထိ သေနတ်သံတွေ ကြားနေရတယ်။”

ဒီနေ့တရက်ထဲမှာပဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနားက ကွန်လုံမြို့တဝိုက်မှာ ကိုးကန့်တပ်ဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ် တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ် ပွားတာကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ လားရှိုးမြို့ဘက်ကို ဆက်ပြီးပြေးနေရ တယ်လို့ လားရှိုးမြို့ မန်ဆူရှမ်းကျောင်း လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးမောင်မောင်သန်း က ပြောပါတယ်။

“ ကွန်လုံမြို့နယ်ထဲက ရွာတရွာမှာဖြစ်တယ်။ အဲဒီမှာဖြစ်တယ်ဆိုရင် မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ တပ်မတော် ဒါပဲရှိမယ်။ အဲလိုဖြစ်တော့ ကျနော်တို့ အဖွဲ့ကလည်း ဒီနေ့ အဲဒီဖက် တဖွဲ့တက်သွားတာ၊ အဲဒီမှာ ရွာမှာ ထွက်ပြေးလာကြလို့ သွားသယ်လာတယ်တဲ့ အယောက် ၇၀၊ အခုပြေးလာတဲ့ ဒုက္ခသည်တွေက ကန်မင်းကျေးရွာက ဒုက္ခသည်တွေပါ။ လာရှိုးကို ခေါ်လာနေပြီ သူတို့ ရောက်မလာသေးဘူး။ တိုက်ပွဲ ဖြစ်လို့ သူတို့ထွက်ပြေး လာတာ။ အဲဒါ ဒီနေ့မနက် ဖြစ်တာဗျ။ ဒီတရက်ထဲမှာ ၅၀၀ လောက်ရှိတယ် ၊ ခုနက ၇၀ မပါသေးဘူး ”

လားရှိုးမြို့ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်အများစုဟာ မကွေးတိုင်းက များပြီး၊ လားရှိုး မြို့မှာ ခရီးတထောက်နား ပြုစုစောင့်ရှောက် ပြီးတာနဲ့ သူတို့ရဲ့ မူရင်းဒေသကို ပြန် ပို့ပေးနေကြောင်း၊ ကိုးကန့်ဒေသ စစ်ကြောင့် လာရှိုးမြို့ ဘက်ပြေးလာသူ ၃ ထောင်ကျော် ၄ ထောင်နီးပါး ရှိကြောင်း ဦးမောင်မောင်သန်းက ပြောပါတယ်။

လတ်တလောမှာ အစိုးရတပ်တွေကလောက်ကိုင်မြို့ကို လုံခြုံရေးအပြည့် ယူထားပြီး နေ့စဉ် ကင်းလှည့်တာမျိုးတွေရှိနေပေမယ့် လောက်ကိုင် မြို့နဲ့ ပတ်ဝန်းကျင်ဒေသ တွေမှာ လုံခြုံမှု လုံးဝမရှိဘူးလို့ လောက်ကိုင်မြို့ကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဦးမောင်မောင်သန်း က ပြောပါတယ်။

“ ကင်းလှည့်တာတွေ့တယ်၊ ကင်းလှည့်တာက စစ်သားတွေ ရှေ့နောက်အကုန် ကားကြီးပေါ်မှာ သေနတ်ထောင်ပြီး ကင်းလှည့်နေ တာတော့ တွေ့ခဲ့တယ်။ တမြို့လုံးကို တနေ့လုံး ပတ်နေတာ။ မြို့နဲ့ ၁၀ မိနစ် ၁၅ မိနစ်သွားရင် ရောက်မယ့်နေရာတွေမှာက လုံခြုံမှု လုံးဝမရှိဘူး။ ပတ်ဝန်းကျင်က ရွာတွေလို့ ဆိုရမှာပေါ့။ အဲဒီဘက်တွေကိုလည်း လှမ်းပစ်နေတာတွေ ရှိတယ်။ အဲဒီမှာကို ဒုက္ခသည်တွေ ရှိတယ်လို့ ကြားသိ ရတယ်။ ဒါပေမယ့် ဒကခ(ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)က ခွင့်မပြုရင် (မင်းသား) ကိုဝေဠုကျော် သွားသယ်လို့ မရဘူး။ အဲဒီနား သွားလို့ မရဘူး။ လုံခြုံရေးအရ လုံးဝ ခွင့်ပြုလို့မရဘူး အန္တရာယ် ရှိတယ်ဆိုပြီး ပေးမသွားတော့ သွားမခေါ်နိုင်ဘူး။ ရှင်းရှင်းပြောရင် အားလုံးက စိုးတထိန့်ထိန့် နဲ့ပါပဲ အဲဒီလောက်ကိုင် တင်မကဘူး လားရှိုးဘက်က လူတွေကအစ တပ်ကထိုးစစ် အကြီးအကျယ် မဆင်သေးတာလား၊ ဒါမှမဟုတ် ၁၀ တန်းစာမေးပွဲ ရှိလို့လား ဘာလား ညာလားပေါ့ဆိုပြီး စိုးရိမ်မှုတွေက ကျနော်တို့ ကိုယ်တိုင်မှာ ရှိနေတယ်။”

ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက်ခြမ်း နမ်စံမြို့ဘက်ကို စစ်ဘေး တိမ်းရှောင်လာသူ ဒီနေ့အချိန်ထိ ၃ သောင်းကျော်ရှိနေပြီး နယ်စပ်မှတ်တိုင် ၁၂၅ မှာ ဖွင့်ထားတဲ့ တရုတ်အစိုးရ ဒုက္ခသည် စခန်းမှာတော့ ကူညီစောင့်ရှောက် မှုတွေရှိကြောင်း နမ်စမ်ကျောင်း ဆရာတော် ဦးကေသရက မိန့်ပါတယ်။

“ လောက်ကိုင်မြို့ရဲ့ ပတ်ဝန်းကျင် အားလုံးဟာ အကုန် ပြေးလာခဲ့ကြပါတယ်။ ဒီနေ့ထိ ဆိုရင်တော့ ၃ သောင်းကျော်ပြီ တကာကြီး၊ လောလောဆယ် ရွာထဲမှာက စာရင်းပဲေ ကာက်ထားတာ။ ကိုယ့်အိမ် ကိုယ့်လူမျိုး ကိုယ့်အသိပုဂ္ဂိုလ်တွေက ကျွေးပေးပါတဲ့ … သူတို့ အဲလိုပဲ။ လောလောဆယ်ကတော့ သူတို့က ဘာမှ ကူညီမှု မရှိသေးဘူးပေါ့။ ဒီဒုက္ခသည် စခန်းကတော့ သူတို့အပြည့်အဝ အကုန်လုံး ချက်ကျွေးပေး ပါတယ်။ ဒီနမ်စမ်မြို့သစ်ပေါ့ ၁၂၅ မှတ်တိုင်ပေါ့နော်။ နိုင်ငံရေးအရ စစ်ရေးအရ ကောင်းမွန်စွာ ဆွေးနွေးပါ၊ မြန်မြန် ဆန်ဆန် နားလည်ပေးပါ ..ဘုန်းကြီးက ဒါကို မေတ္တာရပ်ခံချင်ပါတယ်။”

တရုတ်နိုင်ငံတွင်း စစ်ဘေးရှောင်လာသူ ၂ သောင်းလောက်ရှိမယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပြောခဲ့ ပေမယ့် လောလောဆယ် ဒုက္ခ သည်တွေ တိုးလာနေတာဖြစ်ပါတယ်။ လောက်ကိုင်မြို့တဝိုက် ကိုးကန့်ဒေသက စစ်ဘေးရှောင် ဒုက္ခသည်တွေ ကယ်ဆယ်ရေးအတွက် ရုပ်ရှင်မင်းသား ဝေဠုကျော် ဦးဆောင်တဲ့ အဖွဲ့က ကြက်ခြေနီအသင်းကို ကိုယ်စားပြုပြီး သွားရောက် ကယ်ဆယ်နေ တာ ဖြစ်ပါတယ်။ ကျန်တဲ့ ပရဟိတအဖွဲ့တွေကိုတော့ စစ်တပ်ကအဲဒီဒေသကို ၀င်ရောက်ခွင့် မပေးသေးပါဘူး။ ဒီကနေ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူးခင်ဗျာ။

ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ယီမင်နိုင်ငံမှာဆိုရင် လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက် အငတ်ဘေးကြုံရနိုင်
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံလေးနိုင်ငံမှာ လူသား အခြေခံ ရပ်တည်ရေး ဆိုင်ရာ ကပ်ဆိုက်မှုတွေ ဖြစ်နေတဲ့ အပေါ် ကုလသမဂ္ဂက ထပ်မံ သတိပေးလိုက်ပါတယ်။

ဒီနိုင်ငံတွေကတော့ ဆိုမားလီယား၊ တောင်ဆူဒန်၊ နိုင်ဂျီးယီးယားနဲ့ ယီမင်တို့ ဖြစ်ပြီး ဒီနိုင်ငံတွေက လူဦးရေ သန်း ၂၀ ကျော် ဟာ ငတ်မွတ် ခေါင်းပါးမှု ဒဏ် ခံရမယ့် အခြေအနေရောက်နေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအလို အဖြစ်မျိုးဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံးဖြစ်ပြီး စစ်ပွဲတွေဖြစ်နေတဲ့ ယီမင်နိုင်ငံမှာဆိုရင် လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက် ဖြစ်တဲ့ သန်း ဆယ်ဂဏန်းနဲ့ ချီပြီး အငတ်ဘေးကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းကြီးကြပ်ရေးမှူး စတီဖင် အိုဘရိုင်ယန်က ပြောပါတယ်။

ကပ်ဘေးဆိုက်နိုင်တဲ့ ဒီနိုင်ငံတွေထဲက အဆိုးဆုံးဖြစ်တဲ့ ယီမင်မှာ အစိုးရနဲ့ ဆော်ဒီညွန့်ပေါင်း အဖွဲ့တွေက တဖက် ဟူသီသူပုန်တွေက တဖက် တိုက်ခိုက်မှုတွေမှာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အရပ်သားတွေ လိုအပ်တဲ့ အကူအညီမရအောင် လုပ်တဲ့ အခြေအနေတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အရပ်သားတွေဆီကို အကူအညီရောက်နိုင်ဖို့အတွက် နှစ်ဖက်စလုံးက ကတိကဝတ်ပြုမှုတွေ ရှိပေမယ့် လက်တွေ့မှာ အကူအညီတွေ ရောက်ဖို့ ခဲယဉ်းနေသေးတဲ့အတွက် နှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်လို့ မစ္စတာ အိုဘရိုင်ယန်က ပြောပါတယ်။

တောင်ဆူဒန်နိုင်ငံက လူဦးရေ ငါးသန်း၊ ဆိုမားလီးယားနိုင်ငံမှာ လူဦးရေ ၇ သန်းနီးပါးနဲ့ နိုင်ဂျီးရီးယားက လူဦးရေ ၂ သန်းလောက်ဟာလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီလို အခက်အခဲတွေကို နိုင်ငံတကာက ကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီ ဂူးတရက်စ်ကလည်း တိုက်တွန်းခဲ့ဖူးပေမယ့် လက်ရှိအချိန်အထိ အမေရိကန် ဒေါ်လာ သန်း ၉၀ ပဲ ရသေးတယ်လို့ မစ္စတာ အိုဘရိုင်ယန်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဦးဝီရသူကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။
ဦးဝီရသူကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။
မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ဘာသာတခုနဲ့တခုကြား အမုန်းတရားကြီးထွားစေတဲ့ ဟောပြောလှုံ့ဆော်မှုတွေ လုပ်နေတဲ့အတွက်ဆိုပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိသလို တချို့ကျတော့လည်း အမုန်းတရားမပြန့်ပွားရေးအတွက် လုပ်သင့်တယ်လို့ ထောက်ခံတာတွေလည်းရှိပါတယ်။ နိုင်ငံတော်သံဃနာယကအဖွဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေးကနေ ဒီဆုံးဖြတ်ချက်ကို မတ်လ ၁၀ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တာဖြစ်ပြီး ဦးဝီရသူအနေနဲ့ လိုက်နာမှုမရှိရင် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ မတ်လ (၉)ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ အထူးအစည်းအဝေးကနေ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူဟာ နိုင်ငံတော် သံဃနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ အမုန်းတရားမပြန့်ပွားရေး ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး မြန်မာနိုင်ငံတွင်း တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ဦးဝီရသူဟာ ဘာသာတခုနဲ့တခုအကြား အမုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရားကြီးထွားအောင် လှုံ့ဆော်ဟောပြောမှုတွေ နောက် တရားဥပဒေစိုးမိုးမှုကို အဟန့်အတားဖြစ်စေတဲ့ ဟောပြောမှုတွေနဲ့ နိုင်ငံရေးပါတီများကြား ဘက်လိုက်ဝေဖန်ဟောပြောမှုတွေကို ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာပြုလုပ်နေတဲ့အတွက် အခုလို တရားဟောပြောခွင့် တနှစ်ပိတ်ပင်တာဖြစ်တယ်လို့လည်း တိုင်းဒေသကြီး ပြည်နယ် သံဃနာယကအဖွဲ့များအားလုံး (ဂိုဏ်းစုံ) ကို သံဃမဟာနာယကအဖွဲ့ ကအကြောင်းကြားစာ ပေးပို့လိုက်တာဖြစ်ပါတယ်။

သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို ဦးဝီရသူအနေနဲ့ လိုက်နာဖို့ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဦးဝီရသူကို ခေါ်ယူ သတိပေး ရမှာဖြစ်ပြီးလိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

ဒီလိုတရားဟောခွင့် ပိတ်ပင်လိုက်တဲ့အပေါ် ရန်ကုန်တိုင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဆရာတော် ဦးကေတုမာလာကတော့ ဦ်းဝီရသူကို ဓမ္မကထိက အင်္ဂါရပ်နဲ့မညီလို့ တရားဟောခွင့် ပိတ်တာမျိုး မဟုတ်ပဲ တစုံတရာ ဖိအားကြောင့် သပ်သပ်သာ ပိတ်လိုက်တာဖြစ်တယ်လို့ ဝေဖန်မိန့်ကြားလိုက်ပါတယ်။

"ခါတိုင်းပိတ်တာကတော့ တရားဟော ဓမ္မကထိက အင်္ဂါရပ် (၉)ချက်နဲ့မညီညွတ်တဲ့ ဘုန်းကြီးတွေလောက်ပဲ ပိတ်ခဲ့တာပေါ့နော်။ ဒီဆရာတော်ကျတော့ သူတို့ပြောတဲ့ အင်္ဂါ(၉)ချက်နဲ့ လည်း မငြိစွန်းဘူးပေါ့နော်။ အလွတ်ကြီးရယ်။ အဲ့တာကို သပ်သပ်မဲ့ ဟိုဟာပြောမယ်ဆိုရင် ဖိအားတခုကြောင့်ပဲ ပိတ်တယ်လို့ပဲ ထင်တာပါပဲ ဦးဇင်းတို့ရဲ့သဘောထားကတော့။ ဒါ တဘတ်သတ်စွပ်စွဲတယ်ပေါ့နော်။ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပဲ ဒဲ့ဟောတာကို တဖက်က စွပ်စွဲထားတာက ဒီ့ပြင်ပါတီတွေဘက်က လိုက်ပြီးတော့ သူတို့ရဲ့မကောင်းကြောင်းကို သူတို့ဘက်ကို ဘက်လိုက်ပြီး ပြောတယ်ဆိုတဲ့ စွပ်စွဲချက်ကြီးက ဒါက ပြောမယ်ဆိုရင် တဘက်ကို ဇောင်းပေးပြီးတော့ ပြောသလို ဖြစ်နေတာပေါ့နော် အဲ့သလို စွပ်စွဲထားတဲ့စွပ်စွဲချက်ကြီးက။ မျက်လုံးပိတ်နေတဲ့သူတွေအားလုံးကို မျက်လုံးပွင့်အောင် လိုက်ဟောပြောနိုင်တဲ့ ဘုန်းကြီးပေါ့နော် အိပ်ပျော်နေတဲ့သူတွေကိုလည်း နိုးထလာအောင်နှိုးပေးနိုင်စွမ်းဖြစ်တဲ့ ဆရာတော်ဖြစ်တဲ့အတွက် ပြီးတော့ သူ့ရဲ့ဟောပြောပွဲက ရရှိလာတဲ့ ဓမ္မပူဇ အားလုံးသည်လည်း လူဆင်းရဲသားတွေရဲ့ ပရဟိတလုပ်ငန်းအားလုံးမှာပဲ ပြန်ပြီးတော့ သုံးစွဲတဲ့အတွက် ပြောမယ်ဆိုရင်တော့ ဆုံးရှုံးမှုတွေကတော့ အများကြီးပေါ့နော် နစ်နာမှုတွေက။"

အခုလို မန္တလေးမစိုးရိမ်တိုက်သစ်က ဦးဝီရသူကို မတူကွဲပြားတဲ့ ဘာသာတရားတွေကြား အမုန်းတရားပွားများစေတဲ့ ဟောပြောမှုတွေကြောင့် တရားဟော ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသခံလည်းဖြစ် အထက်မြန်မာပြည်က မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့က ရှေ့နေကြီး ဦးသိန်းသန်းဦးကတော့ သူ့အမြင် အခုလိုပြောပါတယ်။

"ဒီဟာကတော့ သင့်တော်ပါတယ်။ မဟနက လုပ်လိုက်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကြာပြီ တောက်လျောက်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သူက သာမာန် သာသနာ့အဖွဲ့အစည်း ဘာညာ မဟုတ်တော့ဘူးနော်။ ဟိုနိုင်ငံရေးပါတီတခုရဲ့ လက်ကိုင်ဒုတ်အဖြစ်နဲ့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ လူထုခေါင်းဆောင်တွေကို စော်ကားမော်ကား လုပ်တဲ့အနေအထားတွေက တောက်လျောက်ရှိလာတာလေ။ တောက်လျောက်ရှိလာဆိုတော့ သဘောရိုးနဲ့ဆိုတာ ပြောလို့မရဘူး အဲ့မှာ တကယ့်ကိုပဲ အမျိုးဘာသာ၊သာသနာ စောင့်ရှောက်တယ်ဆိုတဲ့ သဘောရိုးနဲ့ ဆရာတော်တွေလည်း ကျနော်တို့ တွေ့ပါတယ်။ မန္တလေးမှာဆို ဆရာတော်ဦးတိက္ခတို့ပါတာပဲ သူတို့ဆို ဘယ်သူ့ရဲ့လက်ကိုင်ဒုတ်မှ မဟုတ်ဘူး။ ရိုးရိုးသားသား သူတို့ရဲ့ယုံကြည်ချက်အတိုင်း သွားတာ။ သူကတော့ ဒီသဘောရိုးနဲ့မဟုတ်တော့ဘူးထင်တယ်လေ။ သူက ပြောမယ်ဆိုရင် ပြောင်ပြောင်တင်းတင်းကြီးကို။ ကျနော်တို့ သံသယဖြစ်စရာတွေ ရှိပါတယ်။ ဟ ဒီလောက်ကြီး ဗြောင်ကျကျ ဗုဒ္ဓဘာသာ ရဟန်းတော်တပါး စာတတ်ပေတတ် ရဟန်းတော်တပါး လူတယောက်အသတ်ခံရတာကို ခွေးရူးနဲ့ နှိုင်းတာတို့ ဝမ်းသာတယ်တို့ လူသတ်သမားက ဘုရားခိုး ကိုယ်က ဘုန်းကြီး။ လုပ်တဲ့သူ ကျူးလွန်တဲ့သူက ဘုရားခိုး။ အဝီစိ ဂျိုးကပ်မယ့်သူ ကျနော်တို့ ဘာသာတရားအရဆို။ အဲ့လိုလူမျိုးကို ကျေးဇူးတင်တယ်လို့ ပြောလိုက်တာဟာ အသိညဏ်ပညာနဲ့ပြည့်စုံတဲ့လူတယောက်အနေနဲ့တောင် မပြောသင့်တဲ့ကိစ္စလေ။ အင်မတန်ကြီးမြတ်တဲ့ ဗုဒ္ဓဘာသာရဲ့ ရဟန်းတပါးက မဖြစ်သင့်ဘူး။ အဲ့ဒီ့တော့ ဒီလောက်ကတော့ တားဆီးဖို့အတွက် လိုအပ်တယ်လို့ ကျနော်ထင်တယ်။"

ပြီးခဲ့တဲ့ လက တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ ကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကိုနီကို သတ်ဖြတ်ခဲ့သူတွေဟာ လူတွေကို အန္တရာယ်ပြုမယ့် ခွေးရူးကို သတ်ခဲ့သူမို့ ကျေးဇူးတင်ထိုက်တယ်လို့ ဦးဝီရသူက မိန့်ကြားခဲ့ပြီးတဲ့နောက် ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး ပိုပြီးတော့မှ ဝေဖန်မှုတွေရှိလာတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဦးကိုနီနဲ့ တာဝန်သိအဌားယာဉ်မောင်း ကိုနေဝင်းတို့ သေဆုံးတဲ့ ရက်(၄၀)ပြည့် ဘာသာပေါင်းစုံ အောက်မေ့ဖွယ် မေတ္တာပို့ဆုတောင်းပွဲကိုတော့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့ သခင်မြပန်းခြံမှာ စုပေါင်းကျင်းပခဲ့ကြပါတယ်။
VOA Burmese News



အမေရိကန်မှာ ပြန်ဆုံခွင့်ရသွားသည့် ဆီးရီးယား မိသားစုကို နယူးယောက်မြို့ John F. Kennedy လေဆိပ်မှာတွေ့ရ (Feb. 6, 2017)
အမေရိကန်သမ္မတ Donald Trump ရဲ့ ပြန်လည်ပြင်ဆင် ထုတ်ပြန်လိုက်တဲ့ ပြည်ဝင်ခွင့် ကန့်သတ်မှု ဥပဒေသစ်ကြောင့်၊ ဆီးရီးယား နိုင်ငံက သားအမိ ၂ ယောက် အမေရိကန် ၀င်ခွင့်မရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး၊ Wisconsin ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စုတရားသူကြီး တဦးက သမ္မတရဲ့ အမိန့်ကို ယာယီဆိုင်းငံ့လိုက်ပါတယ်။

မိခင်နဲ့ သမီးဖြစ်သူတို့ ၂ ဦးဟာ ဆီးရီးယားနိုင်ငံက စစ်ဒဏ်သင့် Aleppo မြို့မှာနေထိုင်နေ ကြပြီး၊ ခင်ပွန်းဖြစ်သူ ကတော့ အမေရိကန်မြောက်ပိုင်း Wisconsin ပြည်နယ်မှာ ခိုလှုံခွင့် ရထားတာပါ။ သမ္မတရဲ့ အမိန့်ကို ယာယီဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တဲ့ ပြည်ထောင်စု တရားသူကြီး William Conley ရဲ့ ဆုံးဖြတ်ချက်ကတော့ ဆီးရီးယား သားအမိ ၂ ယောက် အတွက်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ သမ္မတ Trump ရဲ့ အမိန့်ကတော့ မတ်လ ၁၆ ရက်နေ့မှာ စတင် မှာပါ။ ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံသူ မိခင်ဟာ ပြည်ဝင်ခွင့် ဗီဇာအတွက် လူတွေ့မေးမြန်း စစ်ဆေးခံဖို့ ဂျော်ဒန်နိုင်ငံက အမေရိကန်သံရုံးကို သွားဖို့ စီစဉ်ထားပြီး၊ ဗီဇာလျှောက်တဲ့ လုပ်ငန်းစဉ်ဟာ သမ္မတ အမိန့်စတင် အသက်ဝင်ပြီး နောက်ပိုင်းအထိ ကြာမြင့်နိုင် ပါတယ်။ ပြည်ထောင်စု တရားသူကြီး Conley ကတော့ ခင်ပွန်း ဖြစ်သူဟာ လက်ခံနိုင်လောက် ဖွယ်ရှိတဲ့ အချက်အလက်တွေကို တင်ပြထားပြီး ဖြစ်သလို၊ သူ့မိသားစု ကို ဆီးရီးယားနိုင်ငံ တွင်းမှာပဲ ဆက်နေခိုင်း မယ်ဆိုရင် ပြင်မရတဲ့ ထိခိုက်နစ်နာ မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ပြောဆို ထားပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ တုန်းက သမ္မတ Trump က မူဆလင်အများစုနေထိုင်ရာ နိုင်ငံ ၇ နိုင်ငံ ဖြစ်တဲ့ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား နဲ့ ယီမင် နိုင်ငံ သားတွေကို အမေရိကန်ကို ပြည်ဝင်ခွင့် ယာယီတားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၀ါရှင်တန်ပြည်နယ်က စတင်ပြီး၊ နိုင်ငံအနှံ့ ပြည်ထောင်စု တရားရုံးတွေက သမ္မတ အမိန့်ကို တားဆီးခဲ့တာပါ။ အသစ်ပြင်ဆင် ထုတ်ပြန်လိုက်တဲ့ အမိန့်မှာတော့ အပြောင်းအလဲ တချို့နဲ့အတူ အီရတ်နိုင်ငံကို စာရင်းကဖယ်ရှားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နေပြည်တော် မတ် ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့၏အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ဖားကန့်နမ့်မဖြစ်ကားလမ်းပေါ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် မတ် ၇ ရက် ည ၁၁ နာရီခန့်တွင် နမ့်မဖြစ်ကျေးရွာနေ အားဆန် (ဘ)ဦးလဆူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 3G/--- ပရာဒိုအမျိုးအစား မော်တော်ယာဉ်နှင့်နောင်မွန်းကျေးရွာနေ ၀မ်ဂန်း(ဘ) ဦးဝမ်ယာမင့် မောင်းနှင်လာသော ယာဉ်အမှတ်၊ 1D/---ပါဂျဲရိုးအမျိုးအစားမော်တော်ယာဉ်နှစ်စီးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့်ရပ်တန့်စစ်ဆေးခဲ့ရာ တရားမ၀င် တစ်ဖက်နိုင်ငံသားများဖြစ်ကြသည့် အိုရွှေ့ရန်(ဘ)ဦးအိုရန်ဟွ၊ ၀မ်မုန့်(ဘ)၀မ်ဖမိန်၊ လီရချီ(ဘ) ဦးလီချောက်ချွင်း၊ လျန်ကောင်းရွှင်(ဘ)ဦးလျန်းတန်နှင့် ရှန်ကျုံးဝေ(ဘ) ဦးရှန်ချောက်ကျူတို့ငါးဦးအား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိတစ်ဖက်နိုင်ငံသားများအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည်ဖားကန့်မြို့ အနောက် မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ နမ့်မဖြစ်ကျေးရွာ၊ ရပ်ကွက်(၁)နေ ဦးစိုင်းသိန်းထွန်း၏နေအိမ်၌ ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ငှားရမ်းနေထိုင်ခဲ့ကြောင်း၊နမ့်မဖြစ်ကျေးရွာနှင့် လုံးခင်းကျေးရွာများရှိ ကျောက်အရောင်းအ၀ယ် လုပ်ငန်းများလေ့လာရန်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရ၍ မတ် ၇ ရက် ည ၁၂ နာရီခွဲတွင် ၎င်းနေအိမ်အား တပ်မတော်သားများနှင့်နယ်မြေခံရဲတပ်ဖွဲ့မှ သွားရောက်ရှာဖွေရာ ကျောက်စိမ်းရိုင်းလေးတုံးနှင့် တရားမ၀င် သယ်ဆောင်လာသော တစ်ဖက်နိုင်ငံထုတ် ဆေးဝါးပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသော တရားမ၀င်တစ်ဖက်နိုင်ငံသားများ၊ အိမ်ပိုင်ရှင်၊ ယာဉ်မောင်းနှစ်ဦးနှင့် တရားမ၀င် ပစ္စည်းများအားတရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဖားကန့်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds


ခရီးမိုင်အကွာအဝေးအလိုက်သာ ကောက်ခံမည့် ကတ်ပေးစနစ် မေလအတွင်း စတင်ကျင့်သုံးမည်ဖြစ်ရာ ယင်းစနစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် YBS ယာဉ်လိုင်းတချို့တွင် ခရီးသည်မှ ပုံးအတွင်းငွေထည့်သည့်စနစ်ကို ကျင့်သုံးလာကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS စနစ်ကို ၃ လ တကြိမ် အဆင့်မြှင့်တင်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

''၀န်ကြီးချုပ်မျှော်မှန်းထားတဲ့အတိုင်း ၃ လတကြိမ် ပြုပြင်ပြောင်းလဲသွားပြီး နောက်ဆိုရင် ကတ်စနစ်ကို သွားမှာ ဆိုတော့ အဲဒီကတ်စနစ်ကို မသွားခင်မှာ လောလောဆယ် ကားပေါ်မှာယာဉ်ကြီးကြပ်ဆိုတာပါတာပေါ့။ ဒါပေမဲ့လည်း တချို့ယာဉ်လိုင်းတွေမှာ ပြည်သူလူထုက ငွေကို ပုံးထဲမှာထည့်ပြီး စီးသွားရင် နောက်ပိုင်းကျတော့ စပယ်ယာမပါသော်လည်းဘဲ သူ့ဘာသာစနစ်တကျသွားတယ်ဆိုတဲ့ အလေ့အကျင့်လေးဖြစ် သွားအောင် ကုမ္ပဏီတွေက ကြိုးစားနေပါတာပါ။ ကတ်စနစ်ကို ယာဉ်လိုင်းအားလုံးမကျင့်သုံးနိုင်သေးတော့ တချို့ကလည်း ပုံးစနစ်ထားရှိပြီးတော့ ပြည်သူလူထုက မိမိအသိနဲ့ မိမိငွေထည့်မယ်။ နောင်ကတ်ပေါ် လာတဲ့အခါ အဆင်ပြေအောင်ဆိုပြီး ကြိုတင်ပြင်ဆင်တဲ့ အပိုင်းတွေနဲ့ လုပ်နေတာတွေရှိပါတယ်။ လိုင်းတော်တော်များများမှာ ကျင့်သုံးနေတယ်''ဟု သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA)မှ တာဝန်ရှိသူတဦးက ပြောသည်။

YBS ယာဉ်လိုင်းအချို့တွင် CCTV များ တပ်ဆင်ပြီး ယာဉ်စီးခထည့်ရမည့် ပုံးများထားရှိကာ ယာဉ်ကြီးကြပ်သူမှ ငွေ အကြွေအမ်းပေးခြင်း၊ ရှေ့အပေါက်မှ တက်စေပြီး ပုံးထဲကို ငွေထည့်ပေးကြရန် လမ်းညွှန်ပေးခြင်း၊ အတက် အဆင်းများကို လမ်းညွှန်မှုများ ပြုလုပ်ပေးနေမှုများရှိနေကြောင်း ခရီးသွားပြည်သူတဦးက ပြောသည်။ မကြာမီ ပြောင်းလဲ ကျင့်သုံးသွားမည့် YBS ကတ်စနစ်အရ ခရီးသည်များမှ အတက်တကြိမ်၊ အဆင်းတကြိမ် ကတ်ဖြတ် သည့်စနစ်ဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

''GPS စနစ်တပ်ဆင်တာတွေ ကလည်း အနာဂတ်မှာ အဲဒီကားတွေကို နည်းပညာနဲ့ ထိန်းကျောင်းသွားဖို့ မျှော်မှန်းချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ တယ်လီမက်ထရစ်စနစ်နဲ့ Bus Operation Team ကနေပြီးတော့ ယာဉ်တွေကို စည်းကမ်းထိန်းသိမ်းကြပ်မတ်ဆောင်ရွက်တဲ့အခါမှာ ကားတိုင်းကားတိုင်းဟာ GPS နဲ့ လိုအပ်တဲ့ Device တွေတပ်ဖို့လိုပါတယ်။ တချို့ကုမ္ပဏီတွေက သူ့ကားတွေ မှာ စီစီတီဗွီကင်မရာတွေ တပ်တယ်။ အဲဒါ တွေကို ကျွန်တော်တို့က Record လုပ်တာရှိတယ်။ ယာဉ်ထဲမှာ ပြဿနာတက်တာတွေဆိုရင် Record ကို ပြန်စစ်ဆေးတဲ့ အဖွဲ့တွေနဲ့ စစ်ဆေးတယ်။ အဲလိုလုပ်တော့ နောင်တနေ့ကျတော့ ယာဉ်လိုင်းအလိုက် control လုပ်ရင်လုပ်လို့ရအောင် ပြင်ဆင်တဲ့အနေအထားတွေ တချို့လုပ်နေကြတယ်''ဟု (YRTA)မှ တာဝန်ရှိသူ တဦးက ပြောသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal



Uttar Pradesh ပြည်နယ်ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းနေတဲ့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi (March 4, 2017)
အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ရဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအဖြစ် ရှုမြင် ထားကြတဲ့ အဓိက ပြည်နယ်တွေက လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ BJP ပါတီက အသာရနေ ပါတယ်။ အိန္ဒိယကို Narendra Modi တာဝန်ယူ အုပ်ချုပ်လာတာ ၃ နှစ် သက်တမ်း ရှိနေပါပြီ။ Uttar Pradesh အူတာ ပရာဒက်ရှ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၄၀၃ နေရာ အတွက် အာဏာရ BJP ပါတီ က ၂၉၃ နေရာနဲ့ ရှေ့က ဦးဆောင်နေ တယ်လို့ ရွေးကောက် ပွဲကော်မရှင်က ပြောပါတယ်။ ခုလက်ရှိ အချိန်ထိ မဲအရေအတွက် ၃ ပုံ ၁ ပုံ နီးပါးကို ရေတွက် ပြီးပါပြီ။

Uttarakhand ပြည်နယ်မှာလည်း BJP ပါတီက အမတ်နေရာ ၇၀ မှာ ၅၄ နေရာနဲ့ သိသိ သာသာ ဦးဆောင်နေ ပါတယ်။ Punjab ပန်ဂျပ်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ၁၁၇ နေရာအတွက် အဓိက အတိုက်အခံ ကွန်ဂရက် ပါတီက ၆၉ နေရာ ရထားပါပြီ။ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပနေတဲ့ ဂိုဟာနဲ့ မဏိပူရ် ပြည်နယ်တွေ မှာတော့ ပါတီနှစ်ရပ် အကြိတ်အနယ် ယှဉ်ပြိုင်နေ ကြပါတယ်။ ရွေးကောက်ပွဲ မဲရလာဒ်တွေကို ဒီကနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ကြေငြာ မယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မောင်တော၊ မတ်လ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းလျက်ရှိပြီး လုံခြုံရေးစိုးရိမ်စရာမရှိကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

မောင်တောဒေသတွင် နောက်ထပ်အကြမ်းဖက်မှုများဖြစ်လာနိုင်သည်ဟု ယနေ့ မတ်လ ၁၁ ရက်နေ့က လူမှုကွန်ယက် Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိနေသည့်အပေါ် ပြည်သူလူထုများက စိုးရိမ်နေသည့်အတွက် မောင်တောအခြေအနေများနှင့်ပတ်သတ်ပြီး DMG က ဆက်သွယ်မေးမြန်းရာတွင် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လက်ရှိမောင်တောဒေသရဲ့ အခြေအနေက တည်ငြိမ်အေးဆေးနေပါတယ်ဗျာ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ မောင်တောမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နိုင်လို့ လုံခြုံရေးကို အထူးဂရုပြုဖို့ အစိုးရအဖွဲ့က ညွှန်ကြားထားကတော့ ပုံမှန်အတိုင်းညွှန်ကြားနေတာပါ။ အဲ့ဒီလို နောက်ထပ်မဖြစ်အောင်အတွက်ပေါ့။ ထူးခြားဖြစ်စဉ်တွေကြောင့် ညွှန်ကြားတာ မဟုတ်ပါဘူးဗျာ။ ပြည်သူတွေကို ပြောချင်တာက ဘာမှမဖြစ်ပါဘူး။ စိုးရိမ်စရာမရှိပါဘူး။ နယ်မြေအခြေအနေအရ လုံခြုံရေးအဖွဲ့တွေက အားလုံးကို ထိန်းချုပ်ထားပြီးသား ဖြစ်ပါတယ် ” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောအကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် နယ်ခြားစောင့်ရဲစခန်း ၃ ခု တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံလိုက်ရပြီး ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်အမြောက်အများ ပျက်စီးဆုံးရှုံးသွားခဲ့သည်။

မောင်တောဒေသတွင် လက်ရှိအချိန်၌ နေအိမ်မီးလောင်မှုများ၊ လူသတ်ခံရမှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရသည်။

ဖဒူ ထွန်းအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/


သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်။ Photo: RFA
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မငြိစွန်းကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

မန္တလေးက ဆရာတော်ဦးဝီရသူရဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေ ဆိုသူက သတင်းထောက် ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ပြောတာဖြစ်ပါတယ်။

''မန္တလေးက ဆရာတော်တစ်ပါးရဲ့ ပြောကြားချက်ကို ပြန်ထုတ်နှုတ်ပြီးမှ သူက ဖော်ပြခြင်းဖြစ်ပါတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့် ၆၆ (ဃ) နဲ့ သူက လွတ်ကင်းနေပါတယ်၊ ဆရာတော် ဦးဝီရသူရဲ့ ကိုယ်စားလှယ် ကနေ တရားစွဲတဲ့ကိစ္စအပေါ်မှာလည်းပဲ တစ်နိုင်ငံလုံးကနေပြီးတော့မှ ပြည်သူတွေကြားမှာရော၊ ဥပဒေ ပညာရှင်တွေကြားမှာရော ဝေဖန်ဆန့်ကျင်နေကြပါတယ်၊ ဒါကြောင့်မို့လို ဒီတရားစွဲမှုဟာ ပြည်သူတွေရဲ့ ဆန့်ကျင်မှု၊ ဥပဒေပညာရှင်တွေရဲ့ ဆန့်ကျင်မှု၊ အဖွဲ့အစည်းလူတွေအားလုံးရဲ့ ဆန့်ကျင်မှု၊ ရဟန်းသံဃာများ ကလည်း ဆန့်ကျင်ကြပါတယ်၊ ဒီသံဃာ့မဟာနာယက ဆရာတော်တွေကလည်း ဆန့်ကျင်ကြပါတယ်၊ အဲဒီလို ဆန့်ကျင်ကြတဲ့အတွက် အဲဒီအမှုဟာ အဖျားရှုးပြီးတော့ ပျက်ပြယ်သွားလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ပါတယ်''

Ba Kaung ဆိုတဲ့ အကောင့်အသုံးပြုသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။

အဲဒီလိုရေးသားတာတွေနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူက ကိုဆွေဝင်းကို  (၇) ရက်အတွင်း လာရောက်တောင်းပန်ဖို့  မတောင်းပန်ရင် အမှုဖွင့်အရေးယူသွားမယ်လို့ လူမှုကွန်ရက် စာမျက်နှာ ကတဆင့် ပြန်လည်ရေးသားခဲ့ပါတယ်။

ကိုဆွေဝင်းက မတောင်းပန်ခဲ့တဲ့အတွက် ဆရာတော်ဦးဝီရသူ ရဲ့ မိန့်ကြားချက်နဲ့ ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ မတ်လ ၇ ရက်နေ့ က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ၁ နှစ် တရားဟောခွင့်ပိတ်တဲ့ ဆုံးဖြတ်ချက်အပေါ် ဦးဝီရသူ အနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကပဲဖြစ်ဖြစ်၊ သတင်းမီဒီယာတွေက ဖြစ်ဖြစ် ဆန့်ကျင်ဝေဖန်ပြောဆိုလာရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ သာသနာရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘာသာတခုနဲ့တခုအကြား အမုန်းတရားပွားများစေပြီး ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဟောပြောနေလို့ဆိုပြီး မန္တလေး၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောခွင့် ၁ နှစ် ပိတ်ပင်လိုက်ပါတယ်။

မတ်လ ၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထစည်းဝေးပွဲက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သံဃာ့နာယကအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာသနာရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၁ရက် သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသဟာ ဖေဖော်ဝါရီ ၂၆ ရက်က သူ့ ဖေ့စ်ဘွတ်မှာ ချောင်ကြိုချောင်ကြားက ကြည်လင်း များ ခေါင်းစဉ်နဲ့ “ဒါပေမယ့် ဒီပွဲမှာတော့ အနာဂတ်မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက် သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်။ ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်။ သူတို့မိသားစုတွေကို စာနာမိတယ်။ သို့မဟုတ်ရင် ငါးနှစ်အတွင်းမှာ ထိုင်းလို အဖျက်အုတ်မြစ် ခိုင်သွားနိုင်တယ်။ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ် ချင်သူတွေ သတိထားကြ။ ခြေဥ ဖျက်ချင်သူတွေ သတိထားကြ။ ကြည်လင်းတွေ ချောင်ကြိုချောင်ကြားက ထွက်လာမှ မဘသကို လွှဲမချနဲ့။ တပ်ကိုယ်စားလှယ်တွေဟာ အခြားနိုင်ငံမှာ မလိုအပ်ပေမယ့် ငါတို့နိုင်ငံမှာတော့ လိုအပ်နေသေးတယ်” လို့ ရေးသားခဲ့တယ်။

ဒါ့အပြင် မတ်လ ၁ ရက်မှာလည်း သူ့ဖေ့စ်ဘွတ်ခ်ကနေ “အခြေခံဥပဒေကို ပြင်ဆင်ချင်သူတွေအတွက် သတင်းစကား” ခေါင်းစဉ်နဲ့လည်းကောင်း၊မတ်လ၂ရက်မှာ “ဒကာတော် ဦးကြည်လင်း ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ”စတဲ့ ရေးသား မှုများကိုလည်းကောင်း၊ မတ်လ ၅ ရက်မှာ “ပျော်စရာကောင်းတဲ့ မသာအလောင်း” ခေါင်းစဉ်နဲ့လည်းကောင်း၊ ရဟန်းတပါးရဲ့ ဝိနည်းသိက္ခာနဲ့ မညီတာတွေ ရေးတင်ခဲ့တယ်။

တခါ ဦးဝီရသူဟာ ဖေဖော်ဝါရီ ၉ ရက်ညက ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ကျုံကူကျေးရွာမှာ “ဒို့တာဝန်အရေး (၃) ပါးနှင့် ၉၆၉” ခေါင်းစဉ်နဲ့ ခွင့်ပြုချက်မယူဘဲ တရားဟောခဲ့တယ်။

ဟောပြောရာမှာလည်း သမ္မတကြီးဦးသိန်းစိန် အစိုးရနဲ့ သမ္မတကြီး ဦးထင်ကျော် အစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နှိုင်းယှဉ်ဝေဖန်ပြီး နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဟောပြောခဲ့တယ်။

မတူညီသော ဘာသာဝင်များအကြား အမုန်းတရားများ ကြီးထွားစေရန် လှုံ့ဆော်ဟောပြောခြင်းများ ပြုလုပ်ခဲ့တယ်။

ဒါ့ကြောင့် ဧရာဝတီတိုင်းအစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ထံ ဦးဝီရသူကို လိုအပ်သလို အရေးယူပေးဖို့ လျှောက်ထားခဲ့ပါတယ်။

အလားတူ သာသနာရေးဦးစီးဌာနကလည်း ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးခဲ့တဲ့ ရဟန်းတပါးရဲ့ ၀ိနည်းနဲ့နဲ့မညီတဲ့ အမုန်းစကား ရေးသားမှုများ၊ ဝိနည်းသိက္ခာနှင့်မညီတဲ့ ရေးသားလှုံ့ဆော်မှုများကို ပြုမူဆောင်ရွက်ခဲ့တဲ့ ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသအား ဝိနည်းတရားတော်နှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ရေး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့ပါတယ်။

အဲဒီလို လျှောက်ထားချက်တွေအရ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဦးဝီရသူကို တရားဟောခွင့် ၁ နှစ် ပိတ်ပင်ခဲ့တာဖြစ်ပြီး ဆက်ပြီး ပြောဆိုဝေဖန် ဆန့်ကျင်နေဦးမယ်ဆိုရင် အရေးယူတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဦးဝီရသူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်း ပိတ်ထားပါတယ်။
DVB TV News