03/17/17

မန္တလေး - မူဆယ်ကားလမ်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
မန္တလေး - မူဆယ်ကားလမ်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းမြောက်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပြီး လုံခြုံရေးအခြေ အနေစိုးရိမ်တဲ့အတွက် ကုန်စည်တင်ဆောင်ခတွေ မြင့်တက်လာနေတယ်လို့ မူဆယ်နမ့်ခမ်းနယ်စပ် ကုန်သည်ကြီး များအသင်း အလုပ်အမှုဆောင် ဦးချမ်းသာဦးက ပြောပါတယ်။

မန္တလေး-မူဆယ်ကို အရင်ရက်က ကုန်ကျစ်တစ်ပိဿာကို ပို့ခ ၆၅ ကျပ်သာ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ တစ်ပိဿာကို ပို့ခ ၈၅ ကျပ်ထိ ဖြစ်ခဲ့ပြီး ကုန်တင်တွဲကားတစ်စီးကို အရင်က ပို့ခ ၁၃ သိန်းခွဲ ကုန်ကျပါက ဒီရက်ပိုင်းမှာတော့ ၁၇ သိန်းဝန်းကျင် ကုန်ကျလာတာဖြစ်တယ်လို့ ဦးချမ်းသာဦးက ပြောပါတယ်။

"အခုဆိုရင် ကားတွေက လမ်းကြောင်းမှာ ဆက်ကြေးတွေပေးရတဲ့အတွက် မတက်ရဲတဲ့ကားတွေရှိတယ်၊ တစ်အချက်က ကားခဈေးနှုန်းတွေ မြင့်တက်လာတယ်၊ အရင်က ပုံမှန်အားဖြင့် တစ်ပိဿာကို ၆၅ ကျပ် ၇၀ ဖြစ်နေတဲ့အနေအထားမှာ အခု ၈၅ ကျပ်ဖြစ်လာတယ်၊ တစ်စီးလုံးအနေအထားမှာ မန္တလေး-မူဆယ်ကို တွဲကားတစ်စီး ၁၃ သိန်းခွဲလောက်ရှင်းပေးရတဲ့နေရာမှာ ၁၇ သိန်းလောက်ရှင်းပေးရတဲ့ အနေအထားဖြစ် သွားတယ်၊ ပြီးရင် လမ်းခရီးမှာစိတ်ပူပန်ရတာနဲ့ ဒီပစ္စည်းတွေက ပျက်စီးဆုံးရှုံးမလား တစ်ခုခုဖြစ်သွား မလားဆိုတဲ့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးမှုဖြစ်လာတယ်၊ ဒီဘက်မှာကုန်စည်စီးဆင်းမှုက နည်းသွားတာပေါ့"

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတချို့ဖြစ်တာ၊ ကွတ်ခိုင်နဲ့ နမ့်ဖတ် ကာကြားမှာ လက်နက်ကိုင်အဖွဲ့တချို့က ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကို တားဆီးပြီး ကားသမားတွေ ဆီက ငွေကြေးနဲ့ ဖုန်းတွေတောင်းယူပြီး ကားဘီးတွေကို သေနတ်နှင့်ပစ်ဖောက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ကုန်တင်ပို့မယ့် ကားတွေက လုံခြုံရေးအခြေအနေအရရော၊ ယာဉ်ပိတ်ဆို့ မှုတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန်ကြာတာတွေကြောင့်ပါ ကုန်ပို့မထွက်တော့ပဲ ရပ်နားထား တာကြောင့် ကုန်ပို့ခတွေက မြင့်တက်လာတာဖြစ်ပါတယ်။

ပုံမှန်ဆိုရင် အခုရာသီက တရုတ်ကို ကုန်ပို့ရများတဲ့ ရာသီဖြစ်ပေမယ့် အခုလိုဖြစ်စဉ်တွေကြောင့် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်ကို ကုန်ကားအ၀င်လည်း အရင်ထက် ထက်ဝက်ခန့်လျော့နည်းသွားတယ်လို့ မူဆယ်မြို့က ကုန်သည်တွေကပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကို TNLA , MNDAA, KIAနှင့် AA ပူးပေါင်းအဖွဲ့တို့က ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကုန်သွယ်ရေးကို ငါးရက်ကြာ ရပ်တန့်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ဒီဇင်ဘာလကစပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတချို့မှာ တပ်မတော်က လုံခြုံရေးယူ ခဲ့ပြီးနောက် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

RFA



ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တချို့ကို တွေ့ရစဉ်။ Photo: RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂွေထု ဌာနေပြည်သူ့စစ်ဒေသမှာ စစ်ဘေးခိုလှုံနေကြတဲ့ အိမ်ထောင်စု ၃၅ ခုရဲ့ မြေနေရာမှာ စိုက်ပျိုးရေး စီမံကိန်းလုပ်ကိုင်မှာဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းပေးဖို့ ဌာနေပြည်သူ့စစ်တာဝန်ရှိသူတွေက ပြောဆိုထားတဲ့အတွက် အခက်အခဲတွေဖြစ်နေပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဘေးခိုလှုံနေကြသူတွေက လာရောက်အကူအညီတောင်းတဲ့အတွက် ပြည်နယ်အစိုးရ ကို အကြောင်းကြားထားတယ်လို့ ဝိုင်းမော်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခေါင်ခမ်းရယ် က ပြောပါတယ်။

"ပဋိပက္ခဖြစ်တာတို့ ရန်ဖြစ်တာတို့တော့ မဖြစ်ဘူး၊ ဒါပေမဲ့ ရွာသားတွေက ကြောက်လို့လန့်လို့ ငိုပြီးတော့ပဲနေ တယ်ပေါ့၊ ရိုက်တာပုတ်တာတော့ မကြားဘူးပေါ့၊ ကျနော်က စာကိုဝန်ကြီးချုပ်ကိုလိပ်မူပြီး  ပြည်နယ်အစိုးရကို သွားတင်ထားတယ်"

ဌာနေပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဂွေထု ရွာမှာ တိုးချဲ့ရပ်ကွက် အမှတ် ၆ အဖြစ်သတ်မှတ်ပြီး ချီဖွေ၊ ဆော့်လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်တွေက စစ်ဘေးရှောင်အိမ်ထောင်စု ၇၀ က လူဦးရေ အယောက် ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီး အခြေချနေထိုင်နေကြတာလို့ ဆိုပါတယ်။

အခုလဆန်းပိုင်းကစပြီး ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတွေက အိမ်ထောင်စု ၇၀ ထဲက မိသားစု ၃၅ စုရဲ့မြေနေရာမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ဆိုပြီး ရွှေ့ပြောင်းခိုင်းခဲ့တာဖြစ်ကြောင်း၊ လောလောဆယ် အိမ်နဲ့ အဆောက်အဦတချို့ကို မြေတူးစက်တွေနဲ့ လာရောက်ဖယ်ရှားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ အထက်လူကြီးတွေညှိနှိုင်း ဆောင်ရွက်နေပြီး မနက်ဖြန်မှာ ပြည်နယ်လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီးက လာရောက်ကွင်းဆင်းဖို့ သတင်းကြားတယ်လို့ ဂွေထု ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တချို့က RFA ကို ဒီကနေ့ ပြောပါတယ်။

ဦးလဆန်အောင်ဝါ ဦးဆောင်တဲ့ ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီး ဝိုင်းမော်မြို့နယ် ဂွေထု ဒေသမှာ အခြေစိုက်လှုပ်ရှားနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



ကန်သမ္မတ Trump
အမေရိကန် ပြည်ထောင်စုကို ၀င်ရောက်လာမယ့်သူတွေကို ကန့်သတ်ဖို့ ဒုတိယအကြိမ်အဖြစ် ကြိုးပမ်းခဲ့တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်ကို ပြည်ထောင်စု တရားရုံး ၂ ရုံးက ယာယီဆိုင်းငံ့လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက ဒုက္ခသည်တွေကို လက်ခံနေတဲ့ အစီအစဉ်နဲ့ မွတ်စလင်တွေ အများစုနေထိုင်ရာ နိုင်ငံပေါင်း ၆ နိုင်ငံက နိုင်ငံသားတွေ ပြည်ဝင်ခွင့်ကန့်သတ်လိုက်တဲ့ အမိန့်ကို ဟာဝိုင်ယီ ပြည်နယ်က တရားသူကြီးက ယာယီဆိုင်းငံ့လိုက်တာပါ။

မေရီလန်းပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု တရားသူကြီးတဦးကလည်း၊ သမ္မတ Trump ပြောခဲ့ဖူးတဲ့ စကားတွေကို ကိုးကားပြီး သမ္မတအမိန့်ကို ကြာသပတေးနေ့မှာပဲ ဆိုင်းငံ့လိုက်ပေမဲ့၊ သမ္မတအမိန့်မှာ ပါဝင်တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်ကိုသာ ဆိုင်းငံ့ခဲ့တာဖြစ်ပြီး၊ ဒုက္ခသည်တွေ လက်ခံတဲ့ အစီအစဉ်အပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့ ဘာသာရေးအပေါ် အခြေခံတဲ့ လုပ်ရပ်တွေကို ဆောင်ရွက်ခွင့် မရှိစေဖို့ အခြေခံဥပဒေက ပြဌာန်းထားတာကို သမ္မတရဲ့ အမိန့်က ချိုးဖောက်ရာရောက်နေတယ်ဆိုပြီး ဟာဝိုင်ယီပြည်နယ်က ဥပဒေကြောင်းအရ စိန်ခေါ်ချက်ဟာ အနိုင်ရနိုင်တဲ့ အလားအလာရှိကြောင်း ပြည်ထောင်စုတရားသူကြီး Derrick Watson က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။

သမ္မတ Trump နဲ့ သူ့လူတွေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာသမ္မတရွေးကောက်ပွဲ မတိုင်ခင်နဲ့ နောက်ပိုင်းမှာ ပြောဆိုခဲ့တဲ့ မှတ်ချက်တွေကိုလည်း တရားသူကြီးက ထောက်ပြခဲ့ပါတယ်။ သမ္မတ Trump ရဲ့ မဲဆွယ်လှုပ်ရှားမှုတွေ အတွင်းမှာ အမေရိကန်ကို မူဆလင်တွေ ၀င်ရောက်ခွင့် တားမြစ်ဖို့ တိုက်တွန်းခဲ့ဖူးပြီး၊ နောက်ပိုင်းမှာတော့ ဒီမူဝါဒအစား အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်တဲ့ နိုင်ငံတွေက လာတဲ့သူတွေကို အစွန်းရောက်ဝါဒီတွေ ဟုတ်မဟုတ် စိစစ်ရမယ်ဆိုပြီး ပြောင်းလဲ ပြောဆိုခဲ့ကြတာပါ။ သမ္မတ Trump အစိုးရကတော့ လူဝင်မှုကန့်သတ်မိန့်ဟာ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အန္တရာယ်ကို ဟန့်တားဖို့ မရှိမဖြစ် လုပ်ဖို့လိုတဲ့ကိစ္စတခုအဖြစ် ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အာနန်ကော်မရှင်အကြံပြုချက် သတင်းစာရှင်းလင်းပွဲ
အာနန်ကော်မရှင်အကြံပြုချက် သတင်းစာရှင်းလင်းပွဲ
နှစ်ပေါင်းများစွာ မပြေမလည် ဖြစ်နေတဲ့ ရခိုင်အရေး ဖြေရှင်းဖို့ ဖြစ်နိုင်ခြေတွေကို ရခိုင် အကြံပေး ကော်မရှင်က ဒီကနေ့ အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်ပြီး မြန်မာနဲ့ နိုင်ငံတကာ အဖွဲ့ဝင်တွေ ပါဝင်တဲ့ ရခိုင်အရေး အကြံပေး ကော်မရှင်က မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးသင့်တဲ့ အချက် ၁၂ ချက်ကို အကြံပြုထားပါတယ်။ နိုင်ငံသားဖြစ်ခွင့်၊ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး အပါအ၀င် အမုန်းစကားဖြန့်ဖြူးသူတွေကို အရေးယူဖို့ အကြံပြုချက်တွေ အပါအ၀င် ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေ အပေါ် သဘောထားကို ရခိုင်အမျိုးသားပါတီက လွှတ်တော် အမတ် ဦးဦးလှစောကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတာမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး သူက အခုလို စပြောပါတယ်။

ဦးဦးလှစော။ ။လောလောဆယ်မှာတော့ ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီးတော့ ၁၉၈၂ ဥပဒေရှိပါတယ်။ ဥပဒေအောက်မှာပဲ ဒီဥပဒေ တိတိကျကျ ကျနော်တို့ ဘာမှ ကျော်လို့မရဘူး ၊ ဥပဒေဆိုတာ နိုင်ငံတော်အချုပ်အခြာရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ ဒီဥပဒေမှာ အားနည်းချက်ရှိကောင်းရှာမယ်၊ ကျနော်တို့ကတော့ ဥပဒေသမားမဟုတ်လို့တော့ မသိဘူး။ ဒါပေမယ့် လောလောဆယ်က ဒီဥပဒေက အခိုင်အမာရှိနေတဲ့ ဥပဒေပဲ။ ဥပဒေအောက်မှာပဲ ကျနော်တို့ နိုင်ငံသားဖြစ်မှုဆိုတာကို သွားရပါလိမ့်မယ် ဒါကတော့ သူတို့အနေနဲ့ အကြံပေးတာပဲ ဖြစ်ပါလိမ့်မယ်။

မသိင်္ဂီထိုက်။ ။ရဲတွေကို ဒေသခံလူမျိုးအချိုးအစအလိုက်ဖွဲ့စည်းသွားဖို့ ဆိုပြီးတော့ တိုက်တွန်းထားပါတယ် ဆိုတော့ လက်ရှိအနေအထားအရ သူတို့အဆိုပြုချက်က အလုပ်ဖြစ်လာနိုင်ပါသလားဆရာ။

ဦးဦးလှစော။ ။ဒေသခံလူမျိုးဆိုတာက ကျနော်တို့ပြောသလို ရခိုင်မှာ ရဲတွေက ရခိုင်ဖြစ်သင့်တယ် မျိုးနွယ်စုတွေဖြစ်သင့်တယ်။ တကယ်လို့ ဒီအထဲမှာ လူမျိုးအနေနဲ့ ဘင်္ဂလီတွေပါမယ်ဆိုရင်လည်း ကျနော်တို့ ကန့်ကွက်စရာမရှိဘူး။ ဒါပေမယ့် ဘင်္ဂလီတွေက ကျနော်တို့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို လိုက်နာတဲ့ နိုင်ငံသားဖြစ်တဲ့ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ်မှာ သစ္စာရှိတဲ့ တကယ့်နိုင်ငံသားတွေ မည်သည့်လူမျိုးမဆို နိုင်ငံသားတွေကတော့ ဖြစ်သင့်ပါတယ်။

မသိင်္ဂီထိုက်။ ။အမုန်းစကားပွားတဲ့သူတွေကို အရေးယူဖို့ အစိုးရဘက်က ကျပ်ကျပ်မတ်မတ်လုပ်ဖို့၊ လူမှုရေးပိုင်းမှာ ပြေလည်စေဖို့အတွက်အရေးပါတယ်ဆိုပြီးတော့ တိုက်တွန်းသွားပါတယ်။ အမုန်းစကားပွားတဲ့သူတွေကို အရေးယူဖို့ဆိုတဲ့ ကိစ္စကရော အစိုးရဘက်က လိုက်လုပ်နိုင်ပါ့မလား၊ သူတို့ Recommendation က လက်တွေ့ကျနိုင်ပါသလား။

ဦးဦးလှစော။ ။အဲဒါက ကျနော်တို့ လုံးဝလက်ခံတယ်။ ကျနော်တို့ကတော့ အမုန်းစကားပွားတဲ့သူတွေကို လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါဒေသရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေတယ် ၊ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးကို အများကြီးထိခိုက်တယ်လို့ မြင်တယ်။ တနည်းပြောလို့ရှိရင် အမုန်းစကားပွားတဲ့သူတွေကို Black Hands တွေရဲ့ အေးဂျင့်လုပ်တာပဲ ။ ဒီလူတွေကို ပြတ်ပြတ်သားသားဖော်ထုတ်အရေးယူရမယ်ဆိုတာ လက်ရှိ အစိုးရတာဝန်ပဲ အဲဒါကိုတော့ ကျနော် လက်ခံတယ်။ ဒီလူတွေဟာ ဥပဒေနဲ့ ဘယ်လိုမှကို နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၊ မည်သည့်ဘာသာ လူမျိုးဖြစ်စေ အဲလို အမုန်းစကားပွားတယ်ဆိုတာဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ Democratic transition ကို ဖျက်ဆီး လူပဲ။ ပြတ်ပြတ်သားသားအရေးယူရမယ် ဒါကိုတော့ ကျနော်လက်ခံတယ်။

မသိင်္ဂီထိုက်။ ။ပြည်နည်အတွင်းမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအပေါ်မှာ အဖြေရှာဖို့အပေါ်မှာ ဆရာတို့ ဘယ်လောက်လိုလားချက်ရှိပါသလဲ။

ဦးဦးလှစော။ ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ရခိုင်ပြည်သူတွေနဲ့ ဟိုအရင်တုန်းကလည်း နေခဲ့ကြတယ်။ ဒါပေမယ့် လောလောဆယ်ဘာဖြစ်သလဲဆိုတော့ စိုးရိမ်မှုတွေ များနေတယ် အကြောက်တရားတွေများနေတဲ့ကာလတခုမှာငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ စကားလုံးကိုတော့ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တဲ့အခါမှာ အမျိုးမျိုးနားလည်မှု လွဲနေတဲ့အပိုင်းရှိတယ်။ အဲဒီတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတာ ဘယ်လိုဟာလဲဆိုတာကို အစိုးရအနေနဲ့သော်လည်းကောင်း၊ ရခိုင်အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်း အရပ်ဘက် တခြား Interfaith တွေကသော်လည်းကောင်း ဒါကို လူထုသိအောင် awarenessလုပ်ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတာကို ကြောက်တဲ့အတွက်ကြောင့် အတူတူမနေနိုင်ဘူးလို့ ပြောတဲ့လူတွေအများကြီးပဲ။ အတူမနေနိုင်ဘူးပြောရင် ရန်ဖြစ်ကြမလား ၊ တယောက်နဲ့ တယောက် အသေသတ်ကြမလားဆိုတာလည်းမဟုတ်ပြန်ဘူး။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ စကားလုံးကို လူထုသိအောင် awarenessလုပ်ပေးဖို့ဆိုတာမှာ ကျနော်တို့ လောလောဆယ် အစိုးရအနေနဲ့ အင်မတန် အားနည်းနေတယ်လို့ မြင်တယ် ။ ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေရော ၊ တခြား Moderate ဖြစ်တဲ့လူတွေရော ဒီဟာကို awarenessလုပ်ပေးဖို့လိုတယ်။ အဲလိုမလုပ်ပေးဘူးဆိုရင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ စကားလုံးကို တိတိကျကျ အဓိပ္ပါယ်မဖွင့်နိုင်ဘူးဆိုရင် ကျနော်တို့ ရှေ့ပိုင်းကဆွေးနွေးခဲ့တဲ့ Hate Speech တွေပေါ့ အမုန်းစကားပြောတာတွေနဲ့ ရောထွေးပြီးတော့ ပြဿနာ ပိုကြီးသွားတယ် အဲလိုမြင်ပါတယ်။ နောက်တခု အဓိက ကျနော်ပြဿနာ မြင်တာက မွတ်စလင်အသိုင်းအ၀ိုင်းက Stakeholders တွေက ဘယ်သူတွေလည်း ဒါကိုရော ဘယ်လို တုံ့ပြန်မလဲဆိုတာ အရေးကြီးပါတယ်။”

ရခိုင်အမျိုးသားပါတီ လွှတ်တော် အမတ် ဦးဦးလှစောကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
VOA Burmese News



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးပေါင်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရေး အကြံပေး ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာ ထွက်လာတဲ့ အတွက် ကော်မရှင်ကို ဦးဆောင်သူ ဂျနီဗာမြို့မှာ ရှိတဲ့ ကိုဖီအာနန်ကို ဘီဘီစီမြန်မာပိုင်းက ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း။ ။ ရခိုင်ပြည်နယ်အတွင်း လူ့ အခွင့်အရေး ကျူးလွန်မှုတွေဟာ လူသား မျိုးနွယ်ပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုမျိုး မြောက်တယ် ဆိုတဲ့ နိုင်ငံတကာ ပြောဆို စွပ်စွဲမှုတွေ ရှိနေပါတယ်။ မစ္စတာ အာနန်တို့ ကော်မရှင် အနေနဲ့ ဘယ်လို ယူဆပါသလဲ။

ကိုဖီအာနန်။ ။ ဒီလို စွပ်စွဲမှုတွေ ရှိနေတဲ့ အခြေအနေမျိုးမှာ ထိရောက်ပြီး လွတ်လပ်တဲ့ စုံစမ်းမှုမျိုး လိုအပ်ပါတယ်။ ဒါဟာ ပြည်တွင်းက လူတွေနဲ့ပဲ ထပ်ဖွဲ့ပြီး စုံစမ်းမှာလား၊ နိုင်ငံတကာ စုံစမ်းမှု လုပ်မလား ဆိုတဲ့ အငြင်းပွားမှုထဲ ကျနော်တို့ ဝင်မပါချင်ပါဘူး။ မြန်မာအစိုးရက အခု လက်ရှိ ဖွဲ့ပေးထားတဲ့ ဒုတိယသမ္မတ ဦးဆောင်တဲ့ ခေါင်းဆောင်တဲ့ ကော်မရှင်ကို လက်ခံလား ဆိုတဲ့ မေးခွန်းမျိုး အမေးခံရတိုင်း ကျနော့် အနေနဲ့ အဖြေရ အလွန် ခက်ပါတယ်။ ကျနော်ကတော့ သူတို့ အလုပ်ပြီးတဲ့အခါ ဘယ်လို အဖြေထွက်လာမလဲ ဆိုတဲ့ အစီရင်ခံစာကို မတွေ့ရ မမြင်ရသေးပဲနဲ့ ပြောဖို့ဆိုတာ ခက်ပါတယ်။ သူတို့ တွေ့ရှိချက်တွေက ကောင်းချင်လည်း ကောင်းနိုင်သလို၊ လက်မခံနိုင်တဲ့ အပိုင်းတွေလည်း ပါဝင်ကောင်း ပါဝင် နေပါလိမ့်မယ်။

ဘီဘီစီမြန်မာပိုင်း။ ။ ၂ဝ၁၆ အောက်တိုဘာ ၉ ရက်၊ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီးတဲ့ နောက်ပိုင်း ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်း နှစ်ခုကြား ပိုပြီး အလှမ်းဝေး လာသလို၊ မစ္စတာ အာနန် ဦးဆောင်တဲ့ ကော်မရှင် အပေါ်မှာလည်း ရခိုင် အသိုင်းအဝိုင်းဘက်က သံသယ ရှိနေပါတယ်။ ဒီတော့ ကော်မရှင်ဘက်က အကြံပြုသလို လူ့ အဖွဲ့အစည်း နှစ်ခု ညီညွတ်လာအောင် လုပ်ဖို့ ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်မလား။

ကိုဖီအာနန်။ ။ ဒီလို တဖက်နဲ့တဖက် ပို အလှမ်းဝေးကွာ နေတာဟာ ကျနော်တို့ အနေနဲ့ အလုပ်ကို ပိုပြီး ကြိုးစား လုပ်လာဖို့ ဖြစ်လာပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံ တစ်ခုလုံးနဲ့ ရခိုင်ပြည်နယ် ရေရှည် အကျိုးအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ဖို့ အာရုံစိုက်ပါတယ်။ ဟိုအဖွဲ့က သာစေ ဒီအဖွဲ့က နာစေ ဆိုတဲ့ ဘက်လိုက်မှုလည်း မရှိပါဘူ။ ဒေသတွင်း စီးပွားရေး၊ လူမှုရေးနဲ့ အလုပ်အကိုင် ရှာဖွေရေး ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖို့ လိုအပ် နေတယ် ဆိုတာကို ရခိုင် တိုင်းရင်းသားတွေလည်း သဘောပေါက်ကြမှာပါ။

ဘီဘီစီမြန်မာပိုင်း။ ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နှုတ်ဆိတ် နေတယ် ဆိုတဲ့ ပြောဆို ဝေဖန်သံတွေ ရှိနေပါတယ်။ မစ္စတာ အာနန် အနေနဲ့ရော ဘယ်လို သုံးသပ် မိပါသလဲ။

ကိုဖီအာနန်။ ။ ကျနော်နဲ့ တွေ့တဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ကိစ္စကို အရေးတကြီး အာရုံစိုက်တာ တွေ့ရပါတယ်။ တပြည်လုံး ငြိမ်းချမ်းရေး ရအောင် မဖြစ်မနေ ကြိုးပမ်းနေတာကို ကြည့်ရင် နိုင်ငံတလွှားက နယ်မြေ ဒေသအားလုံး တည်ငြိမ်အေးချမ်း စေချင်တဲ့ ရည်မှန်းချက်မျိုး သူ့မှာ ရှိနေတာကို ပြသပါတယ်။ ကျနော်တို့ အဖွဲ့ကိုလည်း ကောင်းတဲ့ အကြံဉာဏ်တွေ ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အမြဲပဲ အလေးအနက် တိုက်တွန်းပါတယ်။

ဘီဘီစီမြန်မာပိုင်း။ ။ ကော်မရှင်ရဲ့ အခု အကြံ ပြုချက်တွေကို မြန်မာ စစ်ခေါင်းဆောင်တွေ ဘက်ကရော လိုက်လျောမယ်လို့ ထင်ပါသလား။

ကိုဖီအာနန်။ ။ ဗိုလ်ချုပ်မှူးကြီးနဲ့လည်း ကျနော် တွေ့ပြီးပါပြီ။ မြန်မာပြည် အရေး ကိစ္စတွေမှာ အစိုးရရော၊ တပ်မတော်ကပါ ပူးပေါင်း ပါဝင် လုပ်ဆောင် ရမယ်ဆိုတဲ့ အချက်အပေါ် ကျနော် နားလည်ပါတယ်။ ဒါ့ကြောင့် နှစ်ဘက်စလုံး ပူးပေါင်းဆောင်ရွက်ဖို့ ကျနော် အမြဲ တိုက်တွန်းပါတယ်။ အခု အစီရင်ခံစာ အကြောင်း သွားပြောတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးပေါင်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


အင်းတော် မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ငွေကျပ်သိန်း၅၀၀ ဖုန်းမဲပေါက်သည်ဟု လိမ်လည်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ "စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးအုပ်စု အုန်းဒုတ်ကျေးရွာနေ ကျွန်တော်ဦးဝင်းမြင့်တို့ ဇနီးမောင်နှံထံသို့ 09420601639 ဖုန်းနံပတ် ဗိုလ်မှူးဌေးဝင်းဟု ဆိုသောအမျိုးသားတစ်ဦး အသံဖြင့် 14 - 3 - 2017 ရက်နေ့က ဖုန်းဝင်လာပြီး ခင်းဗျားတို့ ဖုန်းမဲပေါက်တယ် ကျပ်သိန်း ၅၀၀ ပေါက်တယ် အဲ့ဒီကျပ်သိန်း ၅၀၀ ရချင်ရင် အမြတ်ခွန်အနေနဲ့ ကျပ်သိန်း
၂၀ ကိုရှာပြီး အင်းတော်မြို့ မြန်မာ့စီပွားရေးဘဏ်ကနေ လွဲပေးနိုင်လား ။ လွဲပေးနိုင်ရင် အဲ့ဒီကျပ်သိန် ၅၀၀ ရမယ်လို့ဆိုပါတယ်။ သူ့ကိုဘယ်ဘဏ်ကို လွဲရမလဲဆိုတာကတော့ ဘဏ်ရောက်မှဖုန်းဆက်ပါလို့ပြောပါတယ်။


ထို့ကြောင့် ငွေကျပ်သိန်း၂၀ လွဲရန် မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဦးဝင်းမြင့်တို့ဇနီးမောင်နှံသည် အင်းတော်မြို့ မြန်မာ့စီပွါးရေးဘဏ်သို့ ရောက်ရှိမှ ငွေလိမ်လည်တာဖြစ်ကြောင်း သိရသဖြင့် ငွေလွှဲပေရခြင်းမှ သီသီလေး လွှတ်မြောက်ခဲ့ရပါတယ် ။ ကျနော်တို့လိုအဖြစ်မျိုး မကြုံကြရစေရန်မိတ်ဆွေများအားလုံးကို အသိပေးတယ်" ဟု ဦးဝင်းမြင့်ကပြောသည်။

ကိုမင်း(အင်းတော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/


နေပြည်တော်၊ မတ် ၁၆။

မတ်လ ၁၅ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသူနာပြုတက္ကသိုလ် (ရန်ကုန်)မှ သင်တန်းသူ/သား ၁၀၀၀ ကျော်ဟာ ကျောင်းပြီးဆုံးချိန်တွင် သူနာပြုလိုင်စင်ထုတ်မပေးပဲ အစိုးရဆေးရုံများတွင် ၃ နှစ်တာဝန်ထမ်း ဆောင်ခိုင်းခြင်းကြောင့် ထိုစနစ်ကို ပြောင်းလဲပေးရန် လမ်းလျှောက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့သည့် သင်တန်းသူ သင်တန်းသားများကို ကျောင်းစည်မျဉ်း စည်းကမ်းများ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် သူနာပြုတက္ကသိုလ်ဝင်ခွင့်လျှောက် ထားစဉ်အချိန်ကတည်းက ၀င်ခွင့်လမ်းညွန်တွင် နိုင်ငံတော်မှ လိုအပ်ပါက ၃ နှစ် တာဝန်ထမ်းဆောင်ရ မည်ဟု ပါရှိကြောင်းနှင့် လျှောက်ထားသူကိုယ်တိုင်မှလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ဥက္ကဌ ဒေါ်ဖြူဖြူက ပြောသည်။

သူနာပြုသင်တန်းသူ/သားများတောင်ဆိုမှုမရပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများရပ်တန့် သည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူနာပြုဆရာ/ဆရာမက ပြောသည်။

“သေချာတာတစ်ခုကတော့ အကုန်လုံးကိုခြုံပြီးပြောရင် ဆေးကုသပေးနေတဲ့ စက်ယန္တယားတစ်ခုမှာ တော်တော်ကို ကြီးကြီးမားမားအနှောက်အယှက်ဖြစ်သွားနိုင်တယ်။ ရပ်တန့်သွားတဲ့ အထိလဲဖြစ်သွားနိုင်ပါတယ်။ အချိန်အတိုင်းအတာကတော့ တစ်ရက်ဖြစ်ချင်ဖြစ်မယ်။ တစ်ပတ်ဖြစ်ချင်ဖြစ်မယ်။ တစ်လဖြစ်ချင်ဖြစ်မယ်။ ကျနော်တို့ဘက်ကလိုချင်တဲ့ ပွင့်လင်းမြင်သာမှု အဖြေတစ်ခုမရမခြင်း လုပ်သွားမယ်”ဟု မမေသူမင်း - ကုတင် ၅၅၀ ကလေးအထူးကုဆေးရုံ (မန္တလေး) မှပြောသည်။

နိုင်ငံတော်မှ တစ်နှစ်ကို သူနာပြုဦးရေ ၂ ထောင်ဝန်းကျင်းကို မွေးထုတ်ပေးလျက်ရှိပြီး ဖွဲ့စည်းပုံအရ ခွင့်ပြုသူနာပြုအင်အား ၃၇၀၀၀ ကျော်ရှိရမှာဖြစ်သည်။

လက်ရှိတွင် သူနာပြုအင်အား ၂၆၀၀၀ ကျော်သာရှိပြီး မြန်မာနိုင်ရှိ ဆေးရုံပေါင်း ၁၁၂၃ ရုံတွင် တာဝန် ထမ်းဆောင်နေကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ်၌ သားဖွားဆရာ/ဆရာမ ဦးရေ ၁၉၀၀ ကျော် ခန့်အပ်ခဲ့ကြောင်း၊ ကြီးကြပ်ဆရာ/မ ၃၀၀၀ ကျော်၊ ဆရာဝန် ၁၇၀၀ ကျော်နှင့် သွားဘက်ဆိုင်ရာ ဆရာဝန်ပေါင်း ၂၀၀ ကျော်ကို ခန့်အပ်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရှိသည်။

နွယ်လေး(နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/


အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် လက်ရှိဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၃၀၀ နီးပါးရှိနေပြီး ပြီးခဲ့တဲ့လ ဖေဖော်ဝါရီလ အတွင်းမှာကို ၉၀ကျော် အဖမ်းခံခဲ့ရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ ဖမ်းဆီးခံရသူအများစုဟာ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသက တိုင်းရင်းသားတွေဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မတွေနဲ့ အဖမ်းခံနေရတာဖြစ်ပါတယ်။ အခုလို နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတာ ပယ်ဖျက်သင့်၊ ပြင်ဆင်သင့်တဲ့ စိစစ်သင့်တဲ့ ပုဒ်မတွေ ရှိနေသေးတဲ့အတွက်ကြောင့်ဖြစ်လို့ အရပ်သားအစိုးရနဲ့ လွှတ်တော်အနေနဲ့ ဒါကို အလေးအနက်ထား ဆောင်ရွက်သင့်တယ်လို့လည်း တိုက်တွန်းပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတဝှမ်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံရထားရသူပေါင်းက (၂၉၂) ဦးအထိ ရှိနေပါတယ်။ အဲ့ဒီအထဲကမှ ထောင်ဒဏ်ကျခံပြီး အကျဉ်းကျခံနေရသူပေါင်းက (၈၆) ဦးရှိပြီး ထောင်ထဲမှာ အထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရသူပေါင်းက (၈၅) ဦးအထိ ရှိနေတာဖြစ်ပါတယ်။ (၁၂၁) ဦးကတော့ ထောင်ပြင်ပကနေ တရားရင်ဆိုင်နေရဆဲအခြေအနေဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေရဲ့နောက်ဆုံးအခြေအနေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလိုပြောပြပါတယ်။

“ဒီနိုင်ငံရေးလှုရှားမှုပေါ့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးတာတွေ ၊ တရားဆွဲတာတွေက အခုနောက်ပိုင်းမှာလည်း လျှော့မနေသေးတာကို ကျနော်တို့ တွေ့ရတယ်။ အလုပ်သမားတွေနဲ့ လယ်သမားတွေဟာအများစု ဖမ်းဆီးထိန်းသိမ်းခံနေရတာဖြစ်တယ်။ ထူးခြားချက်အနေနဲ့ကတော့ တိုင်းရင်းသားတွေက အခုဗန်းမော်ထောင်မှာ ရှိတာပေါ့ ။ ၄၉ ဦးဟာ အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရတယ်၊ ပြီးခဲ့တဲ့လက ၉၀ ဦးဟာဆိုရင်လည်း ပြည်သူ့စစ်ကနေပြီးတော့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရတာတွေရှိတယ်။”

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာတော့ လူ၉၀ကျော်အဖမ်းခံရပြီး ထူးခြားချက်အနေနဲ့ကတော့ ဒီအဖမ်းခံခဲ့ရတဲ့အထဲက ၉၀ဟာ ဒေသခံတိုင်းရင်းသားတွေဖြစ်ပါတယ်။ သူတို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ တိုင်းရင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တယ် ဆိုပြီး အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုစစ်ရေးမတည်ငြိမ်ပဲ လုံခြုံရေး စိုးရိမ်ရတဲ့အနေအထား မှာ တရားမဝင်အသင်း အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အခုလို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့အနေအထားတွေဟာ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့လည်း ကိုတိတ်နိုင်ကပြောပါတယ်။

“အခုစစ်ဖြစ်နေတဲ့ နောက်ဆက်တွဲအနေနဲ့ ကျနော်တို့အခုက အစိုးရဘက်ကလည်း ဖမ်းဆီးထိန်းသိမ်းမှုတွေရှိသလိုပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်သူ့စစ်တွေကလည်းဖမ်းဆီးထိန်းသိမ်းမှုများလာတာကို ကျနော်တို့ တွေ့ရတယ်။ ဒါက တော်တော်ကိုဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။”

ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီနည်းလမ်းမကျ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းအရေးယူမှုတွေ လုပ်နေတာဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိခိုက်စေနိုင်တဲ့အတွက်အစိုးရအနေနဲ့ရော လွှတ်တော်အနေနဲ့ပါ အမြန်ဆုံး ပယ်ဖျက်၊ ပြင်ဆင် စိစစ်သင့်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အကြံပြုပါတယ်လို့ဆိုပါတယ်။

“နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လိုပါတယ်။ တချို့ ပုဒ်မတွေကို ပယ်ဖျက်ဖို့ လိုတာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီးတော့ ၊ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး ပြန်လည်စိစစ်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ လတ်တလော ဖမ်းဆီးထိန်းသိမ်းမှုတွေ တရားစွဲဆိုအရေးယူမှုတွေနဲ့ အများဆုံးရင်ဆိုင်နေရတာကတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ပုဒ်မ ၆၆ -ဃ ဖြစ်ပြီး လယ်ယာမြေသိမ်း အရေးနဲ့ ပတ်သက်လို့ လယ်သမားအများစုဟာလည်း တရားစွဲဆိုခံနေရသလို ဖမ်းဆီးထိန်းသိမ်းခံနေရဆဲအနေအထားဖြစ်ပါတယ်။

NLD အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်နေပေမဲ့ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ တိုင်းရင်းဒေသတွေမှာ မတရားဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အနေအထားဟာ စိုးရိမ်စရာကောင်းတာကြောင့် အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးလုပ်ဆောင်ပြီး နိုင်ငံရေးကြောင့် အကျဉ်းကျနေသူ၊ ဖမ်းဆီးထိန်းသိမ်းခံနေရသူအားလုံးကို လွှတ်ပေးဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မန္တလေး - မူဆယ်ကားလမ်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းမြောက်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပြီး လုံခြုံရေးအခြေ အနေစိုးရိမ်တဲ့အတွက် ကုန်စည်တင်ဆောင်ခတွေ မြင့်တက်လာနေတယ်လို့ မူဆယ်နမ့်ခမ်းနယ်စပ် ကုန်သည်ကြီး များအသင်း အလုပ်အမှုဆောင် ဦးချမ်းသာဦးက ပြောပါတယ်။

မန္တလေး-မူဆယ်ကို အရင်ရက်က ကုန်ကျစ်တစ်ပိဿာကို ပို့ခ ၆၅ ကျပ်သာ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ တစ်ပိဿာကို ပို့ခ ၈၅ ကျပ်ထိ ဖြစ်ခဲ့ပြီး ကုန်တင်တွဲကားတစ်စီးကို အရင်က ပို့ခ ၁၃ သိန်းခွဲ ကုန်ကျပါက ဒီရက်ပိုင်းမှာတော့ ၁၇ သိန်းဝန်းကျင် ကုန်ကျလာတာဖြစ်တယ်လို့ ဦးချမ်းသာဦးက ပြောပါတယ်။

"အခုဆိုရင် ကားတွေက လမ်းကြောင်းမှာ ဆက်ကြေးတွေပေးရတဲ့အတွက် မတက်ရဲတဲ့ကားတွေရှိတယ်၊ တစ်အချက်က ကားခဈေးနှုန်းတွေ မြင့်တက်လာတယ်၊ အရင်က ပုံမှန်အားဖြင့် တစ်ပိဿာကို ၆၅ ကျပ် ၇၀ ဖြစ်နေတဲ့အနေအထားမှာ အခု ၈၅ ကျပ်ဖြစ်လာတယ်၊ တစ်စီးလုံးအနေအထားမှာ မန္တလေး-မူဆယ်ကို တွဲကားတစ်စီး ၁၃ သိန်းခွဲလောက်ရှင်းပေးရတဲ့နေရာမှာ ၁၇ သိန်းလောက်ရှင်းပေးရတဲ့ အနေအထားဖြစ် သွားတယ်၊ ပြီးရင် လမ်းခရီးမှာစိတ်ပူပန်ရတာနဲ့ ဒီပစ္စည်းတွေက ပျက်စီးဆုံးရှုံးမလား တစ်ခုခုဖြစ်သွား မလားဆိုတဲ့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးမှုဖြစ်လာတယ်၊ ဒီဘက်မှာကုန်စည်စီးဆင်းမှုက နည်းသွားတာပေါ့"

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတချို့ဖြစ်တာ၊ ကွတ်ခိုင်နဲ့ နမ့်ဖက် ကာကြားမှာ လက်နက်ကိုင်အဖွဲ့တချို့က ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကို တားဆီးပြီး ကားသမားတွေ ဆီက ငွေကြေးနဲ့ ဖုန်းတွေတောင်းယူပြီး ကားဘီးတွေကို သေနတ်နှင့်ပစ်ဖောက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ကုန်တင်ပို့မယ့် ကားတွေက လုံခြုံရေးအခြေအနေအရရော၊ ယာဉ်ပိတ်ဆို့ မှုတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန်ကြာတာတွေကြောင့်ပါ ကုန်ပို့မထွက်တော့ပဲ ရပ်နားထား တာကြောင့် ကုန်ပို့ခတွေက မြင့်တက်လာတာဖြစ်ပါတယ်။

ပုံမှန်ဆိုရင် အခုရာသီက တရုတ်ကို ကုန်ပို့ရများတဲ့ ရာသီဖြစ်ပေမယ့် အခုလိုဖြစ်စဉ်တွေကြောင့် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်ကို ကုန်ကားအ၀င်လည်း အရင်ထက် ထက်ဝက်ခန့်လျော့နည်းသွားတယ်လို့ မူဆယ်မြို့က ကုန်သည်တွေကပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကို TNLA , MNDAA, KIAနှင့် AA ပူးပေါင်းအဖွဲ့တို့က ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကုန်သွယ်ရေးကို ငါးရက်ကြာ ရပ်တန့်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ဒီဇင်ဘာလကစပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတချို့မှာ တပ်မတော်က လုံခြုံရေးယူ ခဲ့ပြီးနောက် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



မူဆယ်-လားရိုးကားလမ်းမ (Photo- freelance Journalist Zaw Moe Htet)
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ မူဆယ်- လားရှိုးလမ်းမှာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေက ကုန်တင်ကား အနည်းဆုံး ၆စီးကို ရပ်တန့်စေပြီး ငွေကြေးကောက်ယူသွားတယ်လို့ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေက ပြောပါတယ်။ မူဆယ်- လားရှိုးပြည်ထောင်စုလမ်းမကြီးမှာ ပြီးခဲ့တဲ့ ၂ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကုန်သည်တွေကတော့ ရေရှည်မှာ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်လာမှာစိုးရိမ်နေကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီလ ၁၄ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက ဒီကနေ့အထိလည်း လုံခြုံရေးအခြေအနေဟာ ငြိမ်သက် အေးချမ်းတာမရှိသေးပါဘူး။

ဒီကနေ့ မနက်ခင်းအစောပိုင်းကတော့ နမ့်ဖတ်ကာအနီးမှာ ကုန်တင်ကားတွေကို ရပ်တန့်စေပြီး ငွေကြေးကောက်ယူတာတွေရှိကြောင်း နမ့်ဖတ်ကာရဲစခန်းက ရဲအရာရှိတဦးက ပြောပါတယ်။

“ခိုမုန်းကျေးရွာဆိုတာက နမ့်ဖတ်ကာ အပိုင်ပေါ့နော် အဲဒီကျေးရွာအနီးမှာ ဆက်ကြေးကောက်တယ် ကား ၆ စီးကို လို့သိရတယ်ခင်ဗျ။ ကားတစီးကို ရှေ့ဘီးနောက်ဘီးတွေ ပစ်ပြီးတော့ ကားကို ကန့်လန့်ခံတယ် လို့သိရတယ်ခင်ဗျ။TNLA ရော လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေလို့ သိရတယ်ခင်ဗျ။”

ကားအသွားအလာတွေ ရပ်တန့်ခဲ့တဲ့နောက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့ပေမဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားတာတော့ မရှိကြောင်း ပြောပါတယ်။

မူဆယ်ခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်ထွန်းကလည်း လက်ရှိ ဖြစ်ပွားခဲ့တဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ကားတွေကိုတော့ ၅ သိန်းကောက်တယ်လို့ သိရတယ်။ အရေအတွက်ကတော့ မသိရဘူး ခရီးသည်တွေဆီကလည်း ၂ သောင်းလောက်ကောက်တယ်လို့ သိရတယ်။ တိုက်ပွဲကတော့မဖြစ်ဘူး။ သူတို့ မနက် ၄ နာရီခွဲလောက်မှာ ဂျူပီတာကားဘီးကို သေနတ်နဲ့ ဖောက်ထားပြီးတော့မှ လမ်းမှာ ပစ်ထားတာပေါ့နော်။ နောက် ဖရဲသီးကားတွေလည်း ပါတယ် ၁၂ ဘီးကားတွေလည်းပါတယ်။ အဲဒါတွေ ပစ်ဖောက်ထားပြီးတော့ လမ်တွေပိတ်ထားတာပေါ့နော်။ ကားတွေပိတ်ထားတော့ လုံခြုံရေးအဖွဲ့နဲ့ ရဲတွေသွားရှင်းတာပေါ့နော် ။ ရှင်းတဲ့အချိန်မှာ ထိတွေ့မှုတော့ မရှိဘူးလို့ သိရပါတယ် ၉ နာရီခွဲလောက်ကျတော့ ပွင့်သွားပါတယ်။”

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ ၄ပုံ ၃ပုံလောက်ဟာ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးက တဆင့် ပို့ဆောင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် လမ်းမကြီးပေါ်မှာ အခုလို အခင်းဖြစ်ပွားနေမယ်ဆိုရင် ရေရှည်မှာ နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်လာနိုင်ကြောင်း မူဆယ်မြို့ သစ်သီးကုန်စည်ဒိုင်အတွင်းရေးမှုး ဦးစိုင်းခင်မောင် က ပြောပါတယ်။

“ရေရှည်မှာဆိုရင်တော့ ထိခိုက်သွားနိုင်တာပေါ့၊ ဒါပေမယ့် လောလောဆယ်အနေအထားအရဆိုရင်တော့ ဒီလိုမျိုးအနေအထားတွေကို ရှောင်ရင်းပြုရင်းနဲ့ သွားလာနေရတာပဲ ၊ ကုန်သည်တွေ ကားသမားတွေ ၊ ရှေ့မှာတိုက်ပွဲဖြစ်နေတယ်၊ ဆက်ကြေးကောက်နေတယ်ဆိုရင် အဲဒီအချိန်မှာ ရပ်စောင့်၊ ရှင်းတယ်ဆိုရင်ဆက်သွား။ အခုလောလောဆယ်ကတော့ ပုံမှန်ဝင်တယ် ရေရှည်အနေနဲ့ကတော့ ဒါလုံးဝမကောင်းတဲ့အလားအလာ နောက်ပိုင်းမှာ ဒီကုန်သည်မူအားလုံးနဲ့ လူနေမှုဘ၀တွေကို ထိခိုက်ကုန်မှာပေါ့လေနော်။”

တဆက်တည်းမှာ ပြည်သူတွေရဲ့ လိုလားချက်ကိုလည်း ဦးစိုင်းခင်မောင်က အခုလို ပြောပါတယ်။

“အားလုံးကတော့ ကိုယ့်ခံယူချက်နဲ့ နေတာပဲ ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ပြည်သူအတွက် ကိုယ့်နယ်မြေကို လုပ်တာပဲ ၊ လုံခြုံရေးယူနေတဲ့ တပ်မတော်အဖွဲ့အစည်းကလည်း ဒါပြည်သူအတွက် နယ်မြေလုံခြုံရေးအတွက် လုပ်နေတယ်ပြောနေတာပဲ။ သို့သော် အမှန်တကယ် အနိဋ္ဌာရုံ တွေကို ခံစားနေရတာက ပြည်သူတွေလေနော် ။ ပြည်သူ့ဆန္ဒကို အလေးထားတယ်ဆိုရင်တော့ ဒါကတော့ စေတနာဖြူစင်စွာနဲ့ ၂ ဘက်အဖွဲ့အစည်းက ငြိမ်းချမ်းရေးကို အမြန်တည်ဆောက်ပါ။ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီးရင်တော့ လမ်းပန်းဆက်သွယ်မှုကောင်းလာမယ်၊ ပြီးရင် လူမှုစီးပွားတွေဖွံ့ဖြိုးတိုးတက်လာမယ်။ ပြည်သူတွေဘ၀ မြင့်တင်ဖို့ကတော့ ဒါအမြန်ဆုံး ငြိမ်းချမ်းရေးကတော့ ယူရတော့မှာလေနော်။”

လောလောဆည် ကိုးကန့်ဒေသ လောက်ကိုင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ကားအ၀င်အထွက် နည်းပါးလာပြီး တရက်ကို ကုန်သွယ်မှုတန်ဖိုး အမေရိကန် တသန်းလောက်အထိ ထိခိုက်နေကြောင်း ကုန်သွယ်ရေးစခန်းတာဝန်ရှိသူက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လုံးဝနီးပါးရပ်ဆိုင်းခဲ့သလို တရက်ကို အမေရိကန်ဒေါ်လာ ၁၂ သန်းမှ ၁၆ သန်းအထိ နစ်နာခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်း ဖွင့်လှစ်ထားသော ဆွေညီနောင်စတိုးဆိုင်ပိုင်ရှင် ဒေါ်ဖြူဖြူထွန်း(ခ)ဒေါ်ငယ်အား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်အရေးယူရန် စီစဉ်နေကြောင်း သတင်ရရှိသည်။

ဒေါ်ဖြူဖြူထွန်း(ခ)ဒေါ်ငယ် (အသက် ၄၀ နှစ်) သည် သူမပိုင် စတိုးဆိုင်တွင် ကူညီလုပ်ကိုင်သူများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ �မထက်ထက်ဇော်၊ (၁၂)နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်နေ မမေသဇင်၊(၁၀)နှစ်တို့ ၂ ဦးအား ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအနာတရ ရရှိအောင် ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ကလေးငယ်များအား သံတုတ်နှင့်ရိုက်ခြင်း၊ ခါးပတ်နှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သံချောင်းအားမီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့တို့ခြင်းတို့ဖြင့် ညှင်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုလုပ်ပြီး ကလေးသူငယ်ဥပဒေနဲ့ တရားစွဲဖို့လုပ်နေပါတယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့ လုပ်နေပါတယ်”ဟု လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က မတ် ၁၄ ရက်ကနေ့က အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကလေးငယ်နှစ်ဦးအား လာရောက်တွေ့ဆုံစဉ် ပြောကြားသည်။

“ဒီအမှုအတွက် မင်္ဂလာဒုံစခန်းကိုသွားပြီး ရဲတွေနဲ့ တရားခံကိုလည်း တွေ့ပြီးသွားပြီ။ လူကုန်/တားမြစ်မှု မြောက်မမြောက် သွားစစ်တဲ့သဘောပဲ။ လောလောဆယ်တော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက ပြစ်မှုကျုးလွန်သူကို ကလေးသူငယ်ကာကွယ်တားဆီးရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဖို့ မင်္ဂလာဒုံတရားရုံးမှာ ဦးတိုက်လျှောက်ဖို့ စီစဉ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးအဖွဲ့က နှိပ်စက်ခံကလေးသူငယ်များအား ကြည့်ရှုစစ်ဆေး၍ အားပေးစကားပြောကြားကာ တဦးလျှင် ငွေကျပ်တသောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

နှိပ်စက်ခံရသည့်ဒဏ်များကြောင့် မထက်ထက်ဇော်တွင် နဖူးဖူးရောင်ညိုမဲဒဏ်ရာ၊ ၀ဲ/ယာမျက်လုံးညိုမဲဒဏ်ရာ၊ ၀ဲလက်ဖျံ ဖူးရောင်ပေါက်ပြဲဒဏ်ရာ(၃)ချက်၊ ၀ဲခြေသလုံးပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ(၁၄)ချက်၊ ယာခြေသလုံးဖူးရောင်ညိုမဲဒဏ်ရာ(၂)ချက်နှင့် မမေသဇင်တွင် ၀ဲ/ယာမျက်လုံးဖူးရောင် ညိုမဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ ဖူးရောင်ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ ၀ဲ/ယာပါး ဖူးရောင်ညိုမဲဒဏ်ရာ၊ နောက်ကျော ပွန်းပဲ့ဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ကြောင်း ရဲကြေးနန်းအရ သိရသည်။

အဆိုပါ စတိုးဆိုင်တွင် လုပ်ကိုင်နေသော ကလေးငယ်များကို ဆိုင်ရှင်အမျိုးသမီးက ညှင်းပန်းနှိပ်စက်သည်ကို တာဝန်သိပြည်သူတဦးက စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေးဝင်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့�အစည်းများ၊ သတင်းမီဒီယာများနှင့် အောင်မင်္ဂလာအဝေးပြေးဝင်း အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက မတ်လ ၁၃ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် အဆိုပါဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ပြီး ဒေါ်ဖြူဖြူထွန်း(ခ)ဒေါ်ငယ်အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် (ပ)၃၁၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၂၅/၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

နေနိုင်သူ
News Watch
https://www.facebook.com/NewsWatchJournal/


မတ် ၁၆ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း အခြေစိုက် သည့် မန်ပန်ဌာနေ ပြည်သူ့ စစ်တပ်ဖွဲ့သည် လားရှိုးအရှေ့ တောင်ဘက် ကျေးရွာ များမှ အုပ်ချုပ်ရေးမှူးများအား ဆင့်ခေါ်ကာ လူထု မှ လာသည့် ပြည်သူ့စစ် စစ်သည်များအတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀၀ ပြည့်အောင် ဒေသ အတွင်းရပ်ရွာအားလုံး စုပေါင်းထည့်ကြရန် ဆင့်ဆိုခြင်းဖြစ်သည်။

မတ်ခ်ျ ၁၃ ရက်နေ့ က လားရှိုးမြို့ အရှေ့တောင်ဘက် နမ့်ပေါင်ဒေသ အတွင်း ရှိသည့် ကျေးလက် ရွာသူကြီး (ကျေးရွာအုပ်ချုပ်ရေးမှူး) များအား ဆင့်ခေါ်ကာ တန့်ယန်းမြို့နယ် နားတောင်းကျေးရွာအုပ်စု မန်နောင် ရွာ ဗိုလ်လုံညွှန့် လှုပ်ရှားနေထိုင်သည့်ရွာတွင် တွေ့ဆုံကြောင်း၊ မတ်ခ်ျ လ ၁၈ ရက်နေ့ အထိ ၅ ရက်အတွင်း ပိုက်ဆံ ကျပ်ငွေ သိန်း ၁၀၀၀ အား ပြည်သူ့စစ် စစ်သည်များ အတွက် ထောက်ပံ့ငွေ အပြီး ကောက်ယူစုဆောင်းပေးပို့ကြရန် ဆင့်ဆိုခြင်းဖြစ်သည်။

“ဗိုလ်လုံညွှန့် ပြောဒါကတော့ ဆင့်ဆိုထားတဲ့ ထောက်ပံ့ကြေးတွေ ၁၈ ရက်နေ့ အပြီးကောက်မယ်။ အဲဒါ (ခေါင်းဆောင် ဗိုလ်မွန်း ရဲ့ ဒုတိယသား) စဝ်စိုင်း ရဲ့ ညွှန်ကြားချက်ဖြစ်တယ်။ ဘယ်သူမှ ငြင်းဆို လို့မရဘူး။ အပြီး လာထည့်ကြ ပါတဲ့” - ဟု ပြီးခဲ့သည့် ၁၃ ရက်နေ့က ဆင့်ဆိုတွေ့ဆုံသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စဝ်စိုင်း ဆိုသည်မှာ မန်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် (စစ်အစိုးရ က ၎င်းအား ဘိန်းကင်းစင်ရေးဆု ချီးမြင့်ထား) လူမှုထူးချွန်ဆု ရှင် ဗိုလ်မွန်း၏ သားသမီး ၄ ဦး အနက် ဒုတိယသားဖြစ်သည်။ စဝ်စိုင်းအွန် ခေါ် စိုင်းခမ်းမွန်းဟုလည်းခေါ်ဆိုကြရာ ၊ တရုတ်နာမည် အားဖင် ဟုလည်း ခေါ်ဆိုကြသည်။

“ငွေ ကျပ်သိန်း ၈၀၀- ၁၀၀၀ က ဘာလုပ်မလဲ။ နာမည်ဘဲပျက်တယ်။ ကျားခေါင်းပါတီ အမတ်က ကျနော်တို့ကို နာမည်ဖျက်တာပါ ။ ကျနော်တို့က လူထုကို ပိုက်ဆံမကောက်တာကြာပြီ။ ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ကြပ်မတ်စီစစ်သွားပါ့မယ်” - ဟု လားရှိုးမြို့ရောက် မန်ပန်ဌာနေပြည်သူ့စစ် ထိပ်ပိုင်း အရာရှိတဦးကပြောသည်။

လားရှိုးမြို့ မိုင်းယော်ဘက်(လားရှိုး - ပန်ဟုန်း - မုန်းဟတ် - မိုင်းယော် လမ်းဟောင်း) အသွားလမ်း ပန်ဟုန်းကျေးရွာအုပ်စု ပန်ခေါ်ကျေးရွာ အုပ်ချုပ်မှူး၏ စာရေး စိုင်းဆန်လူ အသက် ၃၃ နှစ်အား မန်ပန်ပြည်သူ့စစ် အဖွဲ့ဝင် (ပန်ဟုန်းကျေးရွာအုပ်စု ထိန်းချုပ်သူ) အိုက်လွန်း ၊ လက်ထောက် ခင်းကောယ တို့နှစ်ဦး ပြည်သူ့စစ် ၈ ယောက် နှင့် အတူ လာရောက် ဖမ်းဆီးကာ ၎င်းတို့ နေထိုင်ရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ထွက်ပြေး မှုကြောင့် ပစ်သတ်ခဲ့သေးကြောင်း ပန်ဟုန်းတွင်နေထိုင်သူ တဦးကပြောသည်။


“စာရေးဆန်လူကို ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ဖမ်းသွားတာ သူတို့စခန်းကို။ ၁၄ ရက်နေ့က သူထွက်ပြေး လာတယ်။ နောက်တရက် ၁၅ ရက်နေ့ ညသန်းခေါင် မှာ ပြည်သူ့စစ်က သူ့အိမ်ကို လာပြီးအော် တယ်။ ဆန်လူ ထွက်မလာရင် သူ့မိန်းမ အေးနန်းကိုဖမ်းသတ်မယ်ဆိုပြီး ဟစ်အော်တယ်။ ဆန်လူကလဲ သူ့မိန်းမ သတ်ခံရမှာစိုးလို့ မျက်နှာပြဖို့ ထွက်လာတော့ နားထင် ကို သေ နတ် တေ့ပြီး ပစ်သတ်လိုက်တယ် - အလောင်းကို တရွတ်တိုက်ဆွဲပြီး သွားမြုပ်ပစ်တယ်။ ဒီကိစ္စလျှောက်မမေးနဲ့ လျှောက်မပြောနဲ့ သတ်ပစ်မယ်ဆိုပြီး အသုဘ အတွက် ကျပ် ၂ သိန်း၊ မိသားစုအတွက် ကျပ် ၁ သိန်း ပေးပြီး ခြိမ်းခြောက်သွားတယ်” - ဟု နီးစပ်သည့် အမည်မဖေါ်လိုသူ တဦးက ပြော သည်။

လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက - လူထုအပေါ် ထိုသို့ငွေကြေးများကောက်ခံခြင်း၊ အထူးသဖြင့် သျှမ်းပြည် လူထုအချင်းချင်းဖိအားပေးခြင်း၊ သတ်ဖြတ်ခြင်းများမရှိသင့်တော့ကြောင်း သျှမ်းသံတော်ဆင့်သို့ ယခင်တုန်းကပြောဆိုခဲ့ဖူးသည်။႟

မန်ပန်ဌာနေပြည်သူ့စစ်ခေါ် သောင်းကျန်းသူ ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ သကဆဖ အဖွဲ့သည် မုန်းတိုင်းအာမီ အမည်ရ ခွန်ဆာ၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြသည်။ ၁၉၉၆ ခွန်ဆာအဖွဲ့ လက်နက်ချစဉ် ပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းကာ လားရှိုးမြို့ အရှေ့ဘက် ၊ အရှေ့တောင်ဘက် တကြောမှ တန့်ယန်းမြို့မြောက်ဘက် ရှိ ကျေးရွာများ အား စစ်အစိုးရ က ထိန်းချုပ်ခွင့် ပေးထားသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/


ဆိုးလ် ၊ ၁၆-၃-၂၀၁၇

တရုတ်နိုင်ငံမှ တစ်ဆင့် မြောက်ကိုရီးယား နိုင်ငံသားများ ထွက်ပြေးမှုကို တရားမဝင် ကူညီသည်ဟု စွပ်စွဲခံထားရသည့် တောင်ကိုရီးယား ဘာသာရေး ခေါင်းဆောင် ဆရာနှစ်ဦးကို တရုတ်အာဏာပိုင် များက ဖမ်းဆီးနိုင်ကြောင်း Yonhap သတင်းဌာနက မတ် ၁၅ ရက်တွင် ပြောသည်။

အဆိုပါ ဘာသာရေး ခေါင်းဆောင်နှစ်ဦး အနက် တစ်ဦးနှင့် ၄င်း၏ဇနီးကို ပြီးခဲ့သည့်လတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကွမ်ဒေါင်မြို့၌ တောင်ကိုရီးယားသို့ လေယာဉ်ဖြင့် ပြန်ရန် ကြိုးပမ်းချိန်တွင် ဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား သာသနာပြု အဖွဲ့၏ ပြောဆိုချက်ကို ကိုးကား၍ ၄င်း သတင်းဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် အခြားတစ်ဦးနှင့် ၄င်း၏ဇနီးကို ကျင်ဟွမ်ဒေါင်မြို့ အရှေ့မြောက်ပိုင်းရှိ တည်းခိုခန်းတစ်ခု၌ ဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ တရုတ်အာဏာပိုင် များသည် ဘာသာရေး ခေါင်းဆောင်နှစ်ဦး ကို ဆက်လက် ဖမ်းဆီးထား သော်လည်း ၄င်းတို့၏ ဇနီးများကို ပြန်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖမ်းဆီးမှုသည် တောင်ကိုရီးယား နိုင်ငံအတွင်း အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကြက်မှု အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံအတွင်း THAAD အမြင့်ပျံ ဒုံးကျည်ကာကွယ်ရေး စနစ် ဖြန့်ကြက်မှုသည် မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးကျည် ခြိမ်းခြောက်မှု များကို ကာကွယ်ရန် အတွက်သာ ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်က ပြောဆိုထားသည်။

သို့ရာတွင် အဆိုပါ ဒုံးကျည်စနစ် ဖြန့်ကြက်မှု သည် ဒေသတွင်း လုံခြုံရေးအင်အား ချိန်ခွင်ညီမျှမှုနှင့် နယ်မြေပိုင်နက်အား နှောင့်ယှက် လာမည်ကို တရုတ်က စိုးရိမ်ပူပန်လျက် ရှိသည်။

PyiChitThar
http://www.pyichitthar.com



အီးဗီဇာလျှောက်ထားရမည့်ဝက်ဆိုက်အားတွေ့ရစဉ် (ဓာတ်ပုံ--ဟိုတယ်ခရီးဝန်ကြီးဌာန)
    ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားများ Visa (ဗီဇာ) လျှောက်ထားရာတွင် အဆင်ပြေစေရေးအတွက် Online Visa စနစ်အား  e-Visa Website ဖြစ်သည့် https://evisa.moip.gov.mm တွင် လျှောက်ထားနိုင်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် အီးဗီဇာလျှောက်ထားနိုင်ရေးအတွက်  ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Online Visa လုပ်ငန်းနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက Call Centre ဖုန်းနံပါတ် ၀၆၇- ၄၃၁၁၂၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com


မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံပေါင်း ၁၁၂၃ ရုံတွင် သူနာပြု ၁၅၁၁၈ ဦး လစ်လပ်နေပြီး သူနာပြု သင်တန်းဆင်းများ၏ ၂၅ ရာခိုင်နှုန်းသည် ပြည်သူ့ဆေးရုံများတွင် အလုပ်မ၀င်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က မတ်လ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဘယ်အရင်းအမြစ်တွေက နည်းနေလဲဆိုရင် သူနာပြုလို့ ပြောရမယ်။ ဘယ်လို နည်းနေလဲဆိုတော့ ခွင့်ပြုတာက ၃၇၇၀၄၊ တကယ်တမ်း ခန့်ထားတဲ့နေရာမှာ ၂၀၆၈၃ ဦးပဲ ခန့်ထားနိုင်ပါတယ်။ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် ၅၄.၈၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အဲ့ဒီတော့ လွယ်လွယ်နဲ့ ကောက်ချက်ချကြည့်ရင် ကျွန်တော်တို့ ခန့်ထားနိုင်တဲ့ အင်အားရဲ့ ၅၀ ရာခိုင်နှုန်းသော သူနာပြုတွေနဲ့ တိုင်းပြည်မှာရှိတဲ့ ဆေးရုံတွေက လည်ပတ်နေတယ်ဆိုတာ အလေးအနက် ထားပြီး တင်ပြလိုပါတယ်။ ဆေးရုံပေါင်း ၁၁၂၃ ရုံမှာ လစ်လပ်တာက ၁၅၁၁၈ ယောက်။ ရာခိုင်နှုန်းအားဖြင့် ၄၃ ရာခိုင်နှုန်း လစ်လပ်နေတယ်” ဟု ဒေါက်တာမြင့်ဟန်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သူနာပြုသစ်လွင် ခန့်ထားရာတွင် သူနာပြုသိပ္ပံဘွဲ့ ရသူများကို ခန့်ထားရာ ၂၅၅ ဦး ခန့်ထားခဲ့သော်လည်း ၁၉၄ ဦးသာ အလုပ်ဝင်ခဲ့သည်။ အလုပ်မ၀င်သူ ၆၁ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် သင်တန်းဆင်းသူများ၏ ၂၃.၉၂ ရာခိုင်နှုန်းရှိသည်ဟုလည်း ၎င်းကဆိုသည်။

ရာခိုင်နှုန်းအားဖြင့် ပြောရင် သင်တန်းဆင်းတွေရဲ့ ၂၃.၉၂ ရာခိုင်နှုန်း၊ ပိုပိုသာသာလေးပဲ ပြောပြော၊ လွယ်အောင် မှတ်ချင်တယ် ပြောပြော ၂၅ ရာခိုင်နှုန်းသော သူနာပြု ၄ ဦးမှာ ၁ ဦးက ကျွန်တော်တို့ ပြည်သူ့ဆေး ရုံတွေမှာ ၀င်ရောက်ခြင်း မရှိကြပါဘူး”ဟု ဒေါက်တာမြင့်ဟန်ကပြောသည်။

မြန်မာနိုင်ငံရှိ သူနာပြုတက္ကသိုလ် နှစ်ခုနှင့် သူနာပြုနှင့် သားဖွားသင် တန်းကျောင်းပေါင်း ၅၀ မှ သူနာပြုများ မွေးထုတ်ပေးနေပြီး လက်ရှိတွင် သင်တန်းသားပေါင်း ၉၉၀၀ ကျော် တက်ရောက်နေကြောင်းလည်း သိရသည်။

ရန်ကုန်သူနာပြု တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ကာ ကျောင်းသူ ၊ ကျောင်းသား ငါးရာကျော်မှ မတ်လ ၁၅ ရက်က ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး၊ စာချုပ်ဖောက်ဖျက်သော သူနာပြုနှင့် သားဖွားများကို ပုဂ္ဂလိကဆေးရုံများတွင် ခန့်အပ် တာဝန်ပေးခြင်း မပြုရန် ဖေဖော်ဝါရီလ ၁ ရက်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ အဆိုပါ ထုတ်ပြန်ချက်အပေါ် မကျေနပ်သဖြင့် သူနာပြု တက္ကသိုလ် ကျောင်းသားများက ဆန္ဒဖော်ထုတ်ခဲ့မှုများလည်း ရှိခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/


နျူကလီးယား ခြိမ်းခြောက်မှု၊ ရေပိုင်နက် အငြင်းပွားမှု၊ ကုန်သွယ်ရေး အငြင်းပွားမှု စတဲ့ အရေးကိစ္စတွေက ကန် ဝန်ကြီးကို စောင့်ကြိုနေ
မြောက်ကိုးရီးယားရဲ့ စစ်ရေးပြင်ဆင်လှုပ်ရှားမှုတွေအပေါ် တားဆီးနိုင်ဖို့ ပြီးခဲ့တဲ့ အနှစ် ၂၀ လုံး နိုင်ငံတကာဘက်က သံတမန်ရေး ကြိုးပမ်းမှုတွေက မအောင်မြင်ခဲ့ဘူးလို့ အာရှခရီးစဉ်အဖြစ် ဂျပန်ကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က ပြောပါတယ်။

ဒါကြောင့် သံတမန်ရေးမှာ ချဉ်းကပ်မှုအသစ်တစ်ခု လိုနေတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း မြောက်ကိုးရီးယားကို ပိတ်ဆို့အရေးယူမှု အပြည့်အဝလုပ်ဖို့ သူက တိုက်တွန်းပါတယ်။

မြောက်ကိုးရီးယားရဲ့ ''အန္တရာယ်ရှိပြီး ဥပဒေမဲ့'' နျူကလီးယား မစ်ဇိုင်း အစီအစဉ်တွေကို ကိုင်တွယ်ရေးမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးပုံကိုလည်း မစ္စတာ တေလာဆန်က ပြောခဲ့ပါတယ်။

မစ္စတာ တေလာဆန်ဟာ ဂျပန်ကနေ သောကြာနေ့မှာတော့ တောင်ကိုးရီးယားကို သွားရောက်မှာ ဖြစ်ပြီး စနေနေ့မှာတော့ တရုတ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese