03/20/17



သမ္မတ Rodrigo Duterte နှင့် သမ္မတ ဦးထင်ကျော် တို့တွေ့ဆုံ
မြန်မာနိုင်ငံမှာရောက်နေတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ရခိုင်ဒေသအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအနေနဲ့ ဒေါ်လာ ၃ သိန်း လှူဒါန်းပါတယ်။ မနေ့ညက နေပြည်တော်ကိုရောက်လာတဲ့ သမ္မတဒူတာတေးကို သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုပြီးတော့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးပါတယ်။ အဲဒီနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံချိန်မှာ ရခိုင်ဒေသအတွက် အကူအညီကို ပေးအပ်တာပါ။

ဖိလစ်ပိုင်သမ္မတ Duterte ဟာ သူ သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် လာရောက်တာ ဒါဟာ ပထမဆုံးအကြိမ်ပါ။

အခုခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လဲ သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့လဲ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။


ဖိလစ်ပိုင်နဲ့မြန်မာ နှစ်နိုင်ငံ လက်တွဲ လုပ်ဆောင်မှုတွေကနေ နှစ်နိုင်ငံကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံရအောင် တည်ဆောက်သွားမယ်လို့ မြန်မာနိုင်ငံခရီးစဉ်မစခင်မှာ သမ္မတ Duterte က ပြောထားပါတယ်။

သမ္မတ Duterte မြန်မာနိုင်ငံကို လာရောက်ချိန်ဟာ မြန်မာနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေး နှစ်ပေါင်း ၆၀ ကျော် အထိမ်းအမှတ်ကာလနဲ့လည်း တိုက်ဆိုင်နေပါ တယ်။ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို မနက်ဖြန်မှာ အဆုံးသတ်ပြီးတဲ့နောက် သမ္မတဒူတာတေးဟာ ထိုင်းနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဒလ တံတား၏ ပုံစံငယ်အားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)
    ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

    ဒလတံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်နိုင်ရန် စီစဉ်ဆောင် ရွက်ထားကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒလတံတား စီမံကိန်းတည်ဆောက်ရေးအတွက် ပထမအကြိမ် မြေယာလျော်ကြေးငွေကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ငွေကျပ်သိန်း ပေါင်းတစ်သောင်း အား လည်းကောင်း၊ ကျန်ရှိ နေအိမ်သုံးလုံးအတွက် ငွေကျပ်သိန်း ၃၉၇ . ၉၄သိန်း ကို လည်းကောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၇ခုနှစ် မတ်လ ၁၆ ရက်နေ့ မှ ၁၇ ရက်နေ့တို့တွင် တံတားဧရိယာနှင့် မလွတ်ကင်းသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ အား အပြီးသတ်မြေ ယာလျော်ကြေး၊ မြေငှားထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၄၂၁၄ . ၉၄သိန်း ပေးအပ် ခဲ့ပြီး အဆိုပါ တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့် နစ်နာကြေး ထောက်ပံ့ငွေ စုစုပေါင်း ၁၄၆၈၂ . ၈၈သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒလ တံတားကို သံမဏိကြိုးဆိုင် လေးလမ်းသွား တံတားကြီးအဖြစ် မကြာခင် စတင်တည်ဆောက်မည်ဖြစ်ကာ အရှည်ပေအားဖြင့် ပင်မတံတားအရှည် ၁၉၃၆ပေ နှင့် တံတားအရှည် စုစုပေါင်း ၆၁၄၃ပေ ရှိမည်ဖြစ်သည်။ တန်ချိန် ၁၅၀၀၀ခန့်ရှိ သင်္ဘောကြီးများ ရေလမ်းကင်း လွတ်စွာ သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ ခန့် နှင့် ရေလမ်းကင်းလွတ် အကျယ် ၅၂၅ပေ ထားရှိ ဆောက်လုပ်သွား မည်ဖြစ်ကာ ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားဖြင့် ၇၅ တန်ထိ ဖြစ်ကြောင်း၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒဿမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ၃၀ ဒဿမ ၃၄၁ သန်း စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၆၈ ဒဿမ ၁၇၄သန်း ကုန်ကျမည်ဖြစ်ပြီး၊ ကိုရီးယား ထုတ်ကုန်သွင်းကုန်ဘဏ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ က ချေးငွေဆိုင်ရာ သဘောတူ စာချုပ်ရေးထိုးခဲ့ပြီး စီမံကိန်းကာလမှာ (၅)နှစ်ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဒလတံတားတည်ဆောက်ရေး အသေးစိတ်ဒီဇိုင်းအတွက် ကိုရီးယားသမ္မတနိုင်ငံ Soosoog Co.Ltd ခေါင်းဆောင်သော J.V အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင် ရွက်နေပြီးဖြစ်ကြောင်းသိရသည်။ဒလတံတားတည်ဆောက်ရာတွင် ဒလမြို့နယ်အတွက် ရေချိုပိုက်လိုင်းများပါ တပါတည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com

ယနေ့နေ့ခင်း ၁၃၂၀ချိန်ခန့်တွင် ပေါက်မြို့ထွေ/အုပ်ရုံးရှေ့၌စိုက်ထူထားသော
(၂၁)ရာစုပင်လုံကြိုဆိုထောက်ခံဆိုင်းဘုတ်နှင့်သမ္မတကြီးဦးထင်ကျော်အစိုးရအဖွဲ့
အားကြိုဆိုထောက်ခံဆိုင်းဘုတ်(၂)ခုအားတွန်းလှဲဖျက်ဆီးမှု ဖြစ်ပွါးခဲ့ပါသည်။

ကျူးလွန်သူမှာ-
~ တပ်မတော်အငြိမ်းစား ဌေးအောင်(၅၉)နှစ် အဘ(ဦးလှဒင်)
~ ကျောက်ကာကျေးရွာ၊ပေါက်မြို့နယ်နေထိုင်သူဖြစ်ပါသည်။

~ ဆိုင်းဘုတ်(၂)ခုအားဖျက်ဆီး၍ို့မော်တော်ဆိုင်ကယ်ဖြင့်ထွက်ပြေးရာ လူငယ်များမှလိုက်လံဖမ်းဆီးပြီး ပေါက်မြို့မရဲစခန်းတွင်တရားဥပဒေနှင့်အညီ
အရေးယူရန်စီစဉ်လျှက်ရှိပါသည်။

#credit ::Yetun Win

ရန်ကုန်၊ မတ် ၂၀ ။ ။ မြန်မာနောင်းသတင်းဌာန၏ သတင်းထောက်ချုပ် ကိုဆွေဝင်း၏ မတ်လ ပထမပတ်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုချက်အချို့နှင့် ပတ်သက်ပြီး အရေးယူပေးပါရန်ဟုဆိုကာ ဦးသက်မျိုးဦးဆိုသူက ကျောက်တံတား တရားရုံးတွင် မတ် ၂၀ရက်က ဦးတိုက်လျောက်ထားခဲ့ကြောင်း ကျောက်တံတား ရဲစခန်းမှသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် စခန်းမှူး ဒုရဲမှူးတိုးညွှန့်က “တရားရုံးမှာ ဒီနေ့ ဦးတိုက်လျောက်တာတော့မှန်ပါတယ်။ ဘာမှတော့မသိရသေးဘူး" ဟုပြောဆိုသည်။

"ဦးဆွေဝင်းသည် မဟုတ်မမှန် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း၊ RFA သတင်းဌာနနှင့် အင်တာဗျူးလုပ်ခြင်းများတွင် ပြောဆိုမှုများသည် သာသနာကို ညှိုးနွမ်းစေသည်" ဟု ဦးသက်မျိုးဦး၏ တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။
“ဒီနေ့တနင်္လာနေ့မှာ တရားရုံးကိုဦးတိုက်သွားလျောက်တယ်။ တရားသူကြီးက တရားလိုစစ်ချက်ယူတယ်။ ယူပြီးတော့ ဒီအမှုကို လက်ခံတယ်ပေါ့နော်။ အမှုအမှတ် ၆၈/၂၀၁၇ နဲ့လက်ခံတယ်” ဟု ဦးသက်မျိုးဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ပြောသည်။

၎င်း၏ တိုင်ကြားစာတွင် “အသရေညှိုးနွမ်းတယ်ဆိုတာ ဘာအသရေရှိလို့လဲ၊ ကျွန်တော်မေးမယ်၊ ဘာဂုဏ်သိက္ခာရှိလို့လဲ၊ တစ်နိုင်ငံလုံးမိုးမွန်အောင် ဆဲဆိုနေတယ်၊ ဒီပုဂ္ဂိုလ်က ဘာအသရေရှိလို့လဲ" ဟူသော ပြောဆိုချက်များအပေါ် အရေးယူပေးရန်ဖော်ပြထားသည်။

ရဲအရေးပိုင်သည့် အမှုမဟုတ်သည့်အတွက် မတ် ၂၀ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့သော်လည်း မည်သည့်ပုဒ်မနှင့် တရားစွဲဆိုသွားမည်ကိုမူ မသိရှိရသေးပေ။

အမှုအနေအထားနှင့် ပတ်သက်ပြီး ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ရာဇဝတ်ဥပဒေပဒ်မ ၂၀၂ အရ သူ့ရဲ့သက်သေတွေကိုသွားစစ်လိမ့်မယ်။ လိုပြသက်သေတွေကိုစစ်မယ်။ စစ်ဆေးပြီးမှ ဘယ်ဥပဒေ ဘယ်ပုဒ်မနဲ့အရေးယူမယ်ဆိုပြီးတော့ ရာဇဝတ်ဥပဒေပုဒ်မ ၂၀၄ အရ အမိန့်ချမယ်။ တကယ်လို့အရေးမယူဘူးဆိုရင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၃ အရ ပလပ်" ဟု ရှင်းပြသည်။

အမျိုးဘာသာ သာသနာစောင့်ရှောင့်ရေးအဖွဲ့(မဘသ) အဖွဲ့ဦးဆောင် ဆရာတော် ဦးဝီရသူ၏ ခွင့်ပြုချက်ဖြင့် မန္တလေးမြို့နေ ဦးကျော်မျိုးဆွေက ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်းအပေါ် ကိုဆွေဝင်းက မတ်လ ၈ရက်တွင် တုံ့ပြန်ပြောဆိုခဲ့ခြင်းအပေါ် ယခုကဲ့သို့ အရေးယူပေးရန် လျောက်ထားခြင်းဖြစ်သည်။

ကိုဆွေဝင်းသည့် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်အမှုကို ဖော်ထုတ်ရေးသားခြင်းဖြင့် အစိုးရမှ ပေးအပ်သည့် ဂုဏ်ထူးဆောင်ဆုကို ရရှိထားသူတစ်ဦးလည်းဖြစ်သည်။
Mizzima - News in Burmese


မဘသ အဖွဲ့အစည်းကို သာသနာ ညိုနွမ်းစေတယ်လို့ ပြောဆိုခဲ့မှုနဲ့ Myanmar Now သတင်းအေဂျင်စီက အယ်ဒီတာချုပ်ကို အရေးယူပေးဖို့ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူတဦးက ကျောက်တံတားမြို့ နယ် တရားရုံးကို ဦးတိုက်တိုင်ကြားလိုက်ပါတယ်။ ပြည့်ဘုန်းအောင် သတင်းပေးပို့ ထားပါတယ်။

DVB TVonline

နေပြည်တော် မတ် ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး နှင့် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ် တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာစေ ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးကဏ္ဍနှင့် ဒေသနှင့် ကိုက်ညီသည့် စပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ အသက်မွေးပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာ အကူအညီပေးရေး၊ ရခိုင်ပြည်နယ်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အလားတူ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အပြန်အလှန် ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန် ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဦးမင်းသူ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar State Counsellor Office



ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပင်လုံအလုပ်သမားရုံးတွင် တောင်ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် စာမေးပွဲဖြေဆိုခွင့် ဖောင်ထုတ်ယူသူ သောင်းချီ လာရောက် ထုတ်ယူကြသည့်အတွက် တိုးကြိတ်တွန်းတိုက်မှု ယနေ့ (မတ် ၂၀ ရက်)တွင် ဖြစ်ပွားခဲ့ကြောင်း ဖောင်သွားရောက် ထုတ်ယူသူများ၏ ပြောပြချက်အရ သိရသည်။

*** မြန်မာတစ်ပြည်လုံး အကုန်လုံး

ဖောင်သွားရောက် ထုတ်ယူပြီး ပြန်လာခဲ့သူ တစ်ဦးဖြစ်သည့် ကိုရန်နိုင်စိုးက “လူတွေကတော့ သောင်းချီတယ် အစ်ကိုရေ။ အခုဟာက နယ်ကလူတွေရော မုံရွာတို့ မြင်းခြံဘက်တို့ မန္တလေးဘက်တို့ အကုန်လုံး၊ မြန်မာပြည် တစ်ပြည် လုံးက လူတွေအကုန်လုံး လာထုတ်ကြလို့ လူတွေ အများကြီး ဖြစ်ကုန်တာ။ ဒီ ၁၁ ကြိမ်အတွက် အသည်းအသန် ထုတ်ကြတယ်။ အခုက စိုက်ပျိုးရေးတို့ ဆောက်လုပ်ရေးတို့က ၄ လပိုင်း၊ ကုန်ထုတ်ကျတော့ ၇ လပိုင်းကနေ ၉ လပိုင်း လူတွေက အများကြီးပဲလေ။ ခုံနံပါတ် စောစောရတော့ ခေါ်စာရမယ်လို့  တွေးထားကြတာပေါ့။ သူထက်ငါ အပြိုင်အဆိုင် အဲ့ဒိလိုမျိုး တိုးနေကြတာဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုသည့် ပုံစံဖောင်အား မတ်လ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ ထုတ်ပေးမည် ဆိုသော်လည်း ခုံနံပါတ် ကောင်းကောင်း ရလိုသည့်အတွက် ယနေ့တွင် ပိုမိုတိုးဝှေ့  လုယက်ဝယ်ယူခြင်း ဖြစ်နိုင်ကြောင်း စာမေးပွဲဝင်ခွင့်ပုံစံ သွားရောက် ထုတ်ယူသူများကပြောသည်။

*** ပြည်ပတွင် လုပ်ကိုင်သူ ပိုများလာ
.
ယခုကဲ့သို့ ဖြစ်ရခြင်းသည့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု၊ အခြေခံလစာ နည်းပါးမှုများကြောင့် ပြည်ပသို့  သွားရောက် အလုပ်လုပ် ကိုင်လိုသူ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာခြင်းကြောင့် ဖြစ်ကြောင်း၊ ကိုရီးယားသို့ သွားရောက်အလုပ် လုပ်ကိုင်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည့်အတွက်လည်း လာရောက် ထုတ်ယူသူ ယခင်နှစ်ထက် ပိုမိုများပြား လာခြင်း ဖြစ်နိုင်ကြောင်း ဖောင်သွားရောက် ထုတ်ယူသူများကဆိုသည်။

ဖောင်သွားရောက် ထုတ်ယူသူတစ်ဦးက “တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်။ အမိုးပေါ် တက်တဲ့သူကတက် ထွက်တဲ့ သူတွေကလည်း ဖိနပ်မပါလာကြတာ ရှိတယ်။ မူးလဲတဲ့သူတွေ မူးလဲပေါ့။ ရတဲ့သူကလည်း ရပေါ့။ တိုးလို့မရမယ့် အတူတူ မတိုးတော့ဘူး ပြန်လာခဲ့လိုက်တယ်”ဟု ပြောသည်။

*** စနစ်တကျမရှိ၊ ရုတ်ရုတ်သဲသဲ ဖြစ်
.
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဦးစီးဌာနအနေဖြင့် အဆိုပါ စာမေးပွဲဖြေဆိုခွင့်အတွက် စာမေးပွဲဖြေဆိုခွင့် ဖောင်ထုတ် ယူပေးခြင်းအား ယနေ့ (မတ်လ ၂၀ ရက်)မှစတင်ကာ ၅ ရက် စီစဉ် ထားပေးကြောင်း ဖောင်ထုတ်ယူသူများ အဆင်ပြေစေရန် ယခင်နှစ် များက ကောင်တာ ၁၁ ခုဖွင့်ပေးရာမှ ယခုနှစ်တွင် ၁၅ ခု ဖွင့်ပေးထားကြောင်း သို့သော်လည်း စာမေးပွဲ ဖောင်လာရောက် ထုတ်ယူသူများက စနစ်တကျ ထုတ်ယူခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွား ရခြင်းဖြစ်ကြောင်း ပြောသည်။

အလုပ်သမား ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးအောင်ဌေးဝင်းက “၀ယ်တဲ့သူမကျန်အောင် ကျွန်တော်တို့ ရောင်းပေး မှာပေါ့ဗျာ။ တစ်ရက်တည်းလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီနေ့အပါအ၀င် ၅ ရက် ရောင်းပေးမယ်။ ကျွန်တော်တို့ လူက ဘယ်လောက်မှမရှိပါဘူး။ သူတို့ ဆန္ဒတွေပါပဲ။ ကျွန်တော်တို့က ရောင်းပေးပါမယ်ပြောလည်း သူတို့တွေက အတင်းတွန်းတိုက် တိုးဝှေ့ ကြတယ်။ နဂိုရောင်းပေးတဲ့ ၁၁ နေရာအပြင် ၁၅ နေရာ တိုးရောင်းပေးတယ်။ တကယ်က ကိုယ့်ဟာကိုယ် စနစ်တကျ တိုးဝှေ့လိုက်ရင် ပြီးသွားမှာကို အခုလည်း တစ်သောင်းကျော် ရောင်းပြီး သွားပြီ၊ ဘာမှမကျန်ပါဘူး၊ သိပ်မကျန်ပါဘူး။ ထိခိုက်ဒဏ်ရာ မရှိပါဘူး။ လူတွေက များလာတော့ မှန်တွေကို ခဲနဲ့ပေါက်တာတွေ ရှိတာပေါ့။ ဒီဟာက နှစ်စဉ်နှစ်တိုင်း ဒီလိုတိုးဝှေ့နေတာပဲ။ စည်းကမ်းတကျ တန်းစီဝယ်ရင် ပြီးသွားမှာပဲ။ ကျွန်တော်တို့ဆီက အခုထိ မပြင်သေးဘူး။ အခုတော့ အဖြစ်နိုင်ဆုံး တစ်ယောက်မကျန် ရောင်းပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

စိုင်းဟန်


မြန်မာပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတွေနဲ့ နာမည်တူလို့ ဒုက္ခရောက်ရတဲ့ ဇာတ်လမ်းတွေ ရှိပါသလား။

အိန္ဒိယ နိုင်ငံသား ရေကြောင်း အင်ဂျင်နီယာ တယောက်ကတော့ နာမည်တလုံးကြောင့် အတော့်ကို ဒုက္ခရောက်ခဲ့ပါတယ်။

သူ့နာမည်က အီရတ် အာဏာရှင်ဟောင်း ဆာဒမ်ဟူစိန်နဲ့ တူနေလို့ပါ။ ကွပ်မျက်ခံခဲ့ရတာ ၁၀ နှစ် ကြာခဲ့ပြီ ဖြစ်ပေမယ့် ဆဒမ်ဟူစိန်ရဲ့ နာမည်ဟာ အိန္ဒိယက ရေကြောင်း အင်ဂျင်နီယာလေးကို လာ အရိပ်မည်း ထိုးနေဆဲ ဆိုရပါမယ်။

တက္ကသိုလ်မှာ စာတော်ခဲ့တဲ့ အာဏာရှင်မဟုတ်တဲ့ မောင်ကျောင်းသား ဆာဒမ်ဟူစိန်လေးဟာ ရေကြောင်းပညာရပ်နဲ့ ကျောင်းဆင်းပြီး သူ့ သူငယ်ချင်းတွေ အလုပ်ကိုယ်စီ ရသွားခဲ့ကြပေမယ့် သူကတော့ အလုပ်တွေရဲ့ အကြိမ်ကြိမ် ငြင်းဆန်ခြင်းကိုခံခဲ့ရပါသတဲ့။

သင်္ဘော ကုမ္ပဏီတွေက သူ့တို့ အလုပ်သမား တယောက်ရဲ့ နာမည်ဟာ ဆဒမ်ဟူစိန် ဆိုရင် နိုင်ငံတကာ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ စိစစ်မှုတွေမှာ အနှောင့်အယှက်ပေးနိုင်တဲ့ အတွက် ဒီနာမည်ကို ကြောက်ရွံ့နေကြတာပါ။

နောက်ဆုံးမှာတော့ ဒါဟာ သူ့နာမည်ကြောင့် ဖြစ်တယ်ဆိုတာကို တွက်မိသွားကာ သူ့နာမည်ကို ဆာဂျစ် ဆိုပြီး တရားရုံးမှာ တရားဝင် သွားပြောင်းခဲ့ပါတယ်။ ဒါကလည်း သူ့အတွက် အလုပ်ကံမလိုက်သေးပါဘူး။

အိန္ဒိယရဲ့ အထက်-အောက် ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးပုံစံ အဆင့်ဆင့်နဲ့ လုပ်ထုံးလုပ်နည်းတွေက နာမည်ပြောင်းမှုကို ကြန့်ကြာစေခဲ့သလို အလုပ်ရှင်တွေကလည်း သူ့ကို ငြင်းမြဲ ငြင်းနေခဲ့ပါတယ်။

နာမည်အသစ်နဲ့ အထောက်အထားတွေ ရပြန်တော့လည်း သူ့ ရဲ့ ပညာရေး မှတ်တမ်းတွေအားလုံးက ဆဒမ်ဟူစိန် နဲ့ ဖြစ်နေလို့ အလုပ် အတွက် ပညာရေး ထောက်ခံချက်မရနိုင် ဖြစ်ခဲ့ပါတယ်။

မနှစ် မေလ ၅ ရက်နေ့ နောက်ထပ် တရားရုံး တခုမှာ ဒီကိစ္စ ထပ်မံ ကြားနာပြီးနောက်မှာတော့ ကျောင်းမှတ်တမ်း နာမည်ကိုပါ ဖြည့်စွက် ပြောင်းလဲပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဖိအားပေး နိုင်ခဲ့ပါတယ်။

ဆာဒမ်ဟူစိန် နာမည် ဂြိုဟ်မွှေ ခံရတာ ဟာ အိန္ဒိယက ဒီ ရေကြောင်းအင်ဂျင်နီယာလေး တယောက်တည်း မဟုတ်ပါဘူး။

အီရတ်က သတင်းစာဆရာ တယောက်ရဲ့ ဖခင်ဟာလည်း ဆဒမ်ဟူစိန်နာမည်ကြောင့် အစိုးရ အလုပ်ကနေ အလုပ် ဖြုတ်ခံခဲ့ရဖူးပါသတဲ့။

ဒီထက် ဆိုးတဲ့ ဆာဒမ်ဟူစိန် နာမည် ဇာတ်လမ်းတွေလည်း ရှိပါသေးတယ်။ ဒီနာမည်တူ ကြောင့် အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေကနေ သတ်ဖို့ ကြိုးစားခံရတဲ့သူတွေလည်း ရှိပါသတဲ့..။
BBC Burmese


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဂိုဏ်းတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေအပေါ် သူရက်ရက်စက်စက် နှိမ်နင်းခဲ့တာတွေကို အမေရိကန်သမ္မတထရမ့်က ကျေနပ်အားရစွာနဲ့ ဂုဏ်ပြုပြောဆိုခဲ့တယ်လို့ မတ်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံ မြို့တော်နေပြည်တော်မှာ ဖိလစ်ပိုင်နိုင်ငံသားတွေကို တွေ့ဆုံ ပြောပါတယ်။

ဆက်လက်ပြီးသူက အမေရိကန်နိုင်ငံနဲ့ စစ်ရေးအရပူးပေါင်းဖို့အတွက် ဘာမဆို လုပ်သွားမယ် လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကို ၂ ရက်အကြာ အလည်အပတ်ရောက်ရှိနေတဲ့ သမ္မတဒူတာတေးဟာ သမ္မတဒေါ်နယ်ထရမ့် သမ္မတအဖြစ်မဲအနိုင်ရချိန်မှာ သူက ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောဆိုခဲ့ ကြောင်းနဲ့ အဲဒီအချိန်မှာသမ္မတထရမ့်က သူ့နိုင်ငံနယ်စပ်မှာဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုတွေနဲ့ မူးယစ်မှောင်ခိုမှုတွေအပေါ် အလွန်စိတ်ပျက်နေတယ်လို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဒူတာတေးဟာ ဖိလစ်ပိုင်ရဲ့နိုင်ငံရေးမူဝါဒဟောင်းအရ တရုတ်နိုင်ငံနဲ့ဆက်ဆံရေး ကောင်းနေချိန်မှာ အမေရိကန်နဲ့ချုပ်ဆိုထားတဲ့ကာကွယ်ရေး သဘောတူညီချက်စာချုပ်တွေက်ု ဖျက်ဆီး ပစ်မယ်လို့ ဖိလစ်ပိုင်မှာရှိနေတဲ့ အမေရိကန်စစ်တပ်တွေအပေါ် မနှစ်မြို့မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတဒူတာတေးမဲအာဏာရခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဇွန်လ ၃၀ ရက်နေ့ကနေစပြီး သူ့ရဲ့ ရွေးကောက်ပွဲ ကတိအတိုင်း မူးယစ်ဆေးဝါးရောင်းချသူတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေအပေါ် မညှာမတာနှိမ်နင်းခဲ့ရာ အခုချိန်ထိ လူပေါင်း ၈၀၀၀ ကျော် သတ်ဖြတ်ခံရပြီး ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

DVB TV News


၁၅.၃.၂၀၁၇ ရက်နေ့ ၂၃၂၅ အချိန်ခန့်တွင် လှိုင်သာယာမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ လှိုင်သာယာမြို့နယ်၊
(၁၆)ရပ်ကွက်၊ (၁၆)ကွေ့၊ ဗိုလ်အောင်ကျော်လမ်းသို့ သက်သေများနှင့်
အတူ သွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ သတင်းရရှိထားသူ ကမာရွတ်
မြို့နယ်နေ ထက်သူမိုးမြင့်ရှိန်(ခ)ထက်သူ၊ (၃၀)နှစ်အား အဆိုပါနေရာတွင်
Bojia အမျိုးအစားဆိုင်ကယ်နှင့်အတူတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်း၏
ယာဘက်ခါးကြားမှ Senter အမျိုးအစား လက်ကိုင်စကားပြောစက်(၁)လုံး၊
Acer တံဆိပ်ပါ အနက်ရောင်ကျောပိုးအိတ်အတွင်းမှ WY စာတမ်းပါ
လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၅၇)ပြားနှင့် အစိမ်းရောင်(၂)ပြား၊
မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ ၎င်း၏
အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု၊ အနက်ရောင်သားရေပိုက်ဆံအိတ်
အတွင်းမှ ဗိုလ်မှူးယူနီဖောင်းဝတ်ဆင်လျက် ဗိုလ်မှူး ထက်သူ အမည်နှင့်
ဓါတ်ပုံပါ တပ်မတော်စိစစ်ရေးကတ်(၁)ခု၊ ဟိုတယ်နှင့်ခရီးသွားလာရေး
လုပ်ငန်းကတ်ပြား(၁)ခု၊ တပ်မတော်အသုံးပြုသော အစိမ်းရောင်ပုခုံးဒေါက်
(၁)စုံ၊ တပ်မတော်ဗိုလ်မှူးရာထူး ရွှေရောင်အဆင့်တံဆိပ်(၁)စုံနှင့် ရွှေရောင်
ကော်လံဂျက်(၁)စုံ၊ တပ်မတော်သုံးတံဆိပ်တုံး(၂)ခု၊ ဗိုလ်မှူး ထက်သူအမည်
ဖြင့် မော်တော်ယာဉ်အသုံးပြုခွင့်ပေးထားသော ရုံးစာအတု(၂)စောင်၊ Vivo
အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ သေနတ်အိတ်အတွင်းထည့်လျက် ခဲကျည်
တောင့်(၅)တောင့်ပါ လေပစ္စတိုသေနတ်(၁)လက်တို့အား တွေ့ရှိသိမ်းဆည်း
ရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထက်သူမိုးမြင့်ရှိန်(ခ)ထက်သူအားစစ်ဆေးရာ ၎င်းသည်
လွန်ခဲ့သော(၂)နှစ်ခန့်က ကမ်းနားလမ်း၊ အကောက်ခွန်ရုံးအနီးရှိ စာချုပ်
စာတမ်းမှတ်ပုံတင်ဘာသာပြန်ဆိုင်တစ်ဆိုင်တွင် ၎င်း၏ဓါတ်ပုံဖြင့်
တပ်မတော်စိစစ်ရေးကတ်ပြုလုပ်ခဲ့ကြောင်း၊ လွန်ခဲ့သော(၁)နှစ်ခန့်က
ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားပွဲဈေးမှ ခဲသီးထည့်၍ပစ်ရသော လေပစ္စတို
သေနတ်(၁)အားဝယ်ယူခဲ့ကြောင်း၊ ၁၄.၃.၂၀၁၇ ရက်နေ့တွင် ဗိုလ်မှူး
အဆင့်တံဆိပ်(၁)စုံ၊ အစိမ်းရောင်ကော်လံဒေါက်နှင့် ကော်လံဂျက်တို့
အား မင်္ဂလာဒုံဈေးမှဝယ်ယူခဲ့ကြောင်း၊ စကားပြောစက်အား လွန်ခဲ့သော
၎ လခန့်က လှိုင်သာယာမြို့နယ်၊(၇)ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်
တွင် ၀င်ရောက်စားသောက်စဉ် တွေ့ရှိသူအမျိုးသားတစ်ဦးထံမှ ၀ယ်ယူခဲ့
ကြောင်း၊ တံဆိပ်တုံးများအား ဆူးလေဘုရားအနီးရှိ တံဆိပ်တုံးပြုလုပ်သည့်
ဆိုင်တစ်ဆိုင်မှပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းပြင် ထက်သူမိုးမြင့်ရှိန်(ခ)ထက်သူသည် ဗိုလ်မှူးယူနီဖောင်းဝတ်ဆင်၍
လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်အတွင်းသွားလာကာ ၎င်း၏မိတ်ဆွေများ
ရရန်ရှိသောငွေကြေးများနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်
လိမ်လည်ဖြေရှင်းပေးခဲ့ဖူးကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ၎င်းအား လှိုင်သာယာမြို့မရဲစခန်းတွင် မူးယစ်
ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ
၁၅/၁၉(က)/၂၀(က)/၂၂၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇၊ လက်နက်
အက်ဥပဒေပုဒ်မ-၁၉(စ)နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၄၀/၄၆၈ တို့ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


နိရဉ္စရာ၊ မတ် ၂၀

ဦဇော်မြင့်မောင် ဦးဆောင်သော အဖွဲ့ဝင် (၁၀) ဦးပါ မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ (မတ်လ ၁၉) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားမြို့သို့ရောက်ရှိလာခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ်ထုတ် သတင်းစာများတွင် ဖော်ပြသည်။

၎င်းမြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ကော့စ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည် စခန်း ၃ ခုသို့ သွားရောက်လည်ပတ်ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းဒုက္ခသည်များမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အောက်တိုဘာလ အကြမ်းဖက် တိုက်ခိုက်မှု အတွင်း ထွက်ပြေးရောက်ရှိနေထိုင်သူများဖြစ်ကြောင်း၊ စုစုပေါင်း ခုနှစ်သောင်း အရေအတွက်ရှိကြောင်း သတင်းက ဆိုသည်။

ယခုကိုယ်စားလှယ် အဖွဲ့တွင် ၅ ဦးမှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားသော ရခိုင်ပြည်နယ် စုံစမ်းရေး အဖွဲ့မှ ကိုယ်စားလှယ်များ ဖြစ်ကြသည်ဟု ဆိုသည်။

၎င်းတို့သည် ပထမဆုံး အနေဖြင့် ကော့စ်ဘဇားခရိုင် အတွင်းရှိ ကော့တော့ပလောင် ဒုက္ခသည် စခန်းကို သွားရောက်လည်ပတ်မည်ဟု သိရသည်။ မတ်လ ၁၉ ရက်နေ့က ကော့စ်ဘဇားခရိုင် ကော်မရှင်နာ မင်းကြီးနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့သည် နယ်စပ် အိုကီးယားမြို့နယ်ရှိ ဘလူးခါလီနှင့် တက်ကနက်မြို့နယ်ရှိ လေသာ ဘင်္ဂလီ ဒုက္ခသည် စခန်းသို့လည်း သွားရောက်လည်ပတ်မည်ဟု ဆိုသည်။ သူတို့အနေဖြင့် ဒုက္ခသည်များကိစ္စကို အဓိက အဖြေရှာမည် ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများနှင့် စီးပွားကုန်သွယ်ရေး ကိစ္စ၊ ယဉ်ကျေးမှု ဖလှယ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/Narinjara


ဦးဝီရသူနှင့်ပတ်သက်၍ RFA နှင့်အင်တာဗျုးတွင် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း၏ပြောကြားချက်များသည် သာသနာကိုညိုးနွမ်းစေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မများဖြင့် အရေးယူပေးပါရန် ကိုသက်မျိုးဦးဆိုသူက ကျောက်တံတားတရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းကို တရားရုံးမှ လက်ခံလိုက်ကြောင်း သိရသည်။

''ကျွန်တော်ကတော့ သာသနာညှိုးနွမ်းစေမှုနဲ့စွဲတာပါ။ အမှုအမှတ် ၆၈/၂၀၁၇ နဲ့ လက်ခံလိုက်တယ်။ ရုံးချိန်းက ဧပြီ ၃ ရက်နေ့ပါ"ဟု ကိုသက်မျိုးဦးက ပြောသည်။

ကိုသက်မျိုးဦး၏တိုင်ကြားစာတွင် “ကျွန်တော် ခုနက အပြတ်ပြောပြီးပြီ။ ဦးဝီရသူက ပါရာဇိကကျတယ်ဆိုတာလို့ပြောတာဟာ တော်တော်လေးတောင် သက်ညှာတာ။ လူဖြစ်ရင်ဆိုရင် လူအဆင့်မရှိဘူး။ ကျွန်တော် တရားဝင်ပြောတာ။ ဦးဝီရသူက ဒုစရိုက်သမားပဲ” အစရှိသည့် ကိုဆွေဝင်း၏ပြောကြားချက်များကို ထည့်သွင်းတင်ပြခဲ့သည်။

ကိုဆွေဝင်း၏ အဆိုပါပြောစကားများသည် ဗုဒ္ဓဘာသာကိုးကွယ်သူများအတွက် စိတ်ထိခိုက်နာကျင်စေမှုများဖြစ်ပေါ်စေ၍ ယခုကဲ့သို့ တရားရုံးတွင်ဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်း၊ မည်သူ့တိုက်တွန်းချက်မှမပါကြောင်း ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုဆွေဝင်းဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်အား ဆက်သွယ်မေးမြန်းရာ ၎င်းက “ဟုတ်ပါတယ်။ ကြည့်မြင်တိုင်မြို့နယ်မှာနေနတဲ့ ကိုသက်မျိုးဦးဆိုသူက တိုင်ကြားတာ။ သူဖွင့်တာကတော့ သနာညိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅(က) နဲ့ပေါ့။ ရဲစခန်းကို အရင်တိုင်တာမှာ စခန်းက တရားရုံးကို ဦးတိုက်လျှောက်ဖို့ ညွှန်ကြားလိုက်တယ်။ ဒါကို တရားရုံးက လက်ခံထားပြီး အမှုမှန်ကန်မှုရှိမရှိ စစ်ဆေးပေးဖို့ ရဲစခန်းကို ပြန်ချပေးလိုက်တယ်ပေါ့”ဟု News Watch သို့ ပြောကြားသည်။

ကိုခက်
News Watch
https://www.facebook.com/NewsWatchJournal



( မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဦးဝီရသူ ကိုတွေ့ရစဉ် ) Photo: RFA
ဆရာတော် ဦးဝီရသူဟာ နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့က တစ်နှစ်တရားဟောခွင့်ပိတ်ထားတဲ့ ထုတ်ပြန်ချက်ကို ရှေ့ဆက်မလိုက်နာဘူး ဆိုရင် တရားဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း မန္တလေးတိုင်း သံဃာမဟာနာယကအဖွဲ့က ဦးဝီရသူကို မနေ့က ခေါ်ယူပြီး အသိပေးလိုက်ပါတယ်။

တိုင်းသံဃာမဟာနာယကအဖွဲ့၊ မြို့နယ်သံဃာမဟာနာယကအဖွဲ့နဲ့ သာသနာရေးဦးစီးဌာန တာဝန်ရှိ သူတွေစုံညီရှေ့မှာ ဆရာတော်ဦးဝီရသူကိုခေါ်ယူပြီး အသိပေးလိုက်တာဖြစ်တယ်လို့ မန္တလေး တိုင်း မဟာအောင်မြေမြို့နယ် သံဃာမဟာနာယကအဖွဲ့ အတွင်းရေးမှူး မြတောင်ကျောင်းတိုက်က ဆရာတော် ဦးရာဇိန္နက မိန့်ကြားပါတယ်။

"ဆရာတော်က အသိပေးဖို့ရာ သွားသွားပြီးတော့ ပင့်ခိုင်းတယ်၊ ခရီးထွက်နေတယ် ဒီလိုချည်းပဲ ကြုံ နေတာကိုး၊ တိုင်းဥက္ကဌကလည်း ကျောက်ဆည်မှာ ကိစ္စရှိလို့သွားတဲ့အခါမှာ သူနဲ့တောက်လျှောက် တွေ့တယ်၊ ဒီညွှန်ကြားလွှာလေးအသိပေးဖို့ရာခေါ်လာခဲ့တာ၊ နောက်ထပ်အဲသလိုမျိုးတရားပွဲတွေ လုပ်လို့ရှိရင် တရားဥပဒေအရ အရေးယူမယ်ဆိုတဲ့အပိုဒ်လည်းပါတယ်၊ အဲဒါသူသိအောင်လို့ပဲလုပ် လိုက်တယ်၊ ပြီးခဲ့တဲ့ဟောပြီးခဲ့တာတွေတော့ ဘာမှအရေးယူမှုမရှိဘူးပေါ့၊ သူသိရဲ့သားနဲ့ နောက်ထပ် ဆက်လုပ်နေမယ်ဆိုရင်တော့ တရားဥပဒေအရ အရေးယူမယ်ပေါ့"

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်ကို ဦးဝီရသူအနေနဲ့ မသိသေးတာကြောင့် နောက်ထပ်တရားပွဲတွေ ဆက်လက်ကျင်းပနေတဲ့အတွက် ကိုယ်တိုင်သိရှိကြောင်း လက်မှတ်ထိုးခိုင်း ပြီး အသိပေးခဲ့ရတယ်လို့ ဦးရာဇိန္နာဘိဝံသက မိန့်ကြားပါတယ်။

ဆရာတော်ဦးဝီရသူဟာ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က သူ့ကိုတရားဟောခွင့်ပိတ်ထားတဲ့ ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း ဧရာဝတီတိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့တွေမှာ ပါးစပ်ကိုတိပ်နဲ့ကပ်ပြီး တရားပွဲတွေ ကျင်းပခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


မလေးရှားရဲချုပ်။ (ဓာတ်ပုံ - ရိုက်တာ) မလေးရှားရဲချုပ်။ (ဓာတ်ပုံ - ရိုက်တာ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုကို သတ်ဖြတ်မှုနဲ့ နောက်ထပ် မြောက်ကိုရီးယားနိုင်ငံသားတွေကို ရှာဖွေနေတယ်လို့ မလေးရှားရဲချုပ်က မတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ဘယ်သူဘယ်ဝါ အသေးစိတ်ကို ရဲချုပ် ခါလစ် အဘူ ဘတ်ကာက မပြောဆိုပေမယ့် သူတို့ကို သင့်တော်တဲ့အချိန်မှာ ဖမ်းဆီးမယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ကင်ဂျုံနမ် သတ်ဖြတ်ခံရမှုနဲ့ အလိုရှိသူ ၈ ဦးကို မလေးရှားအစိုးရက အရင်က ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲက တချို့ဟာ ကွာလာလမ်ပူမြို့တော်က မြောက်ကိုရီးသားသံရုံးထဲမှာ ရှိနေကြတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က ကင်ဂျုံနမ်ကို ကွာလာလမ်ပူလေဆိပ်မှာ အဆိပ်ပေးသတ်ဖြတ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသူတဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသူတဦးတို့ကိုတော့ ရုံးတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။

အခုတော့ ဒီသတ်ဖြတ်မှုနဲ့ ဆက်နွယ်သူအားလုံး ၁၀ ယောက်ကျော်သွားပြီး မြောက်ကိုရီးယားအစိုးရရဲ့ ပူးပေါင်းကူညီမှု မရှိတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးရေး အခက်အခဲဖြစ်နေပါတယ်။
DVB TV News


ရန်ကုန်၊ မတ် ၂၀ – ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဟာသင်္ကြန်ပွဲတော်မှာ ဖျော်ဖြေတင်ဆက်မယ့် အဖွဲ့တွေရဲ့ သင်္ကြန်သီချင်းစာသားတွေ၊ သံချပ်စာသားတွေကိုမဟာသင်္ကြန်သီချင်း၊သံချပ်စီစစ်ကြပ်မတ်ရေးကော်မတီ ကိုပေးပို့သွားရမယ်လို့သိရပါတယ်။

ဖျော်ဖြေမယ့်အဖွဲ့တွေက သင်္ကြန်သီချင်းစာသားများသံချပ်စာသားတွေကို ကို မတ်လ ၂၈ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမယ်လို့ သိရပါတယ်။ ” အဓိကကတော့ ဝေဖန်ထောက်ပြတာတွေ၊ အပြုသဘောဆောင် ပြောဆိုတာတွေကို ဖြတ်တောက်မှာ မဟုတ်ဘဲ မဟုတ်မဟတ် အပုပ်ချ ညစ်ညစ်ညမ်းညမ်း ပြောဆိုတာတွေ မပါဖို့ပါ ” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

ဖျော်ဖြေမယ့် အဖွဲ့တွေဟာစာသားတွေကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော အရေးသုံးပါးကို ထိခိုက်မှုမရှိအောင် ရေးသားဖို့လိုတယ်လို့ သိရပါတယ်။

ပြီးတော့ ဘာသာရေး၊လူမျိုးရေးထိခိုက်စေမယ့် အသုံးအနှုန်းတွေ မပါဝင်ဖို့လည်း လိုပါတယ်။ နိုင်ငံတော်၊ အဖွဲ့အစည်းတစ်ခုခု ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ဂုဏ်သိက္ခာညိုးနွမ်းစေမယ့် အကြောင်းအရာတွေ၊ ရိုင်းစိုင်းတဲ့ စကားအသုံးအနှုန်း၊ ဟန်ပန်အမူအရာတွေ မပါရှိဖို့ သတိပြုအလေးထား လိုက်နာရမယ်လို့ သိရပါတယ်။ မလိုက်နာခဲ့ပါက အရေးယူခြင်းခံရမယ်လို့ သိရပြီးဘယ်လိုအရေးယူသွားမယ်ဆိုတာကိုတော့ အတိအကျပြောဆိုခြင်းမရှိသေးပါဘူး။
Kumudra

Galaxy S8 မှာ ငွေပေးချေမှုအတွက် fingerprint ၊ iris နဲ့ facial scans သုံးမျိုးပေါင်းပြီးအသုံးပြုနိုင်
မိုလ်ဘိုင်းငွေပေးချေမှုတွေဟာ ဒီနှစ်ပိုင်းတွေမှာ တွေ့လာရပါတယ်။ ပြီးတော့လည်း အဓိကရေစီးကြောင်းပေါ်ကို ရောက်လာခဲ့ပါတယ်။ Apple Pay ၊ Android Pay ၊ Samsung Pay ၊ တို့လို ကောလဟာလကြားနေရတဲ့ LG Pay ပြီးတော့ ဘာတွေထပ်ရှိသေးသလဲ။ မိုလ်ဘိုင်းငွေပေးချေမှုတွေကတော့ အနာဂတ်မှာ အားလုံးသုံးစွဲရတော့မယ့်အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီနေ့ခေတ်မှာတော့ နည်းပညာဟာ သုံးစွဲသူတွေအတွက်တော့ လုံးဝယုံကြည်ရတဲ့အဆင့် မရောက်သေးပါဘူး။ ဟုတ်ပါတယ်။ ငွေပေးချေမှုကိုပြုလုပ်ဖို့အတွက် fingerprint scan လိုအပ်နေပါတယ်။ ဒါပေမယ့် များစွာသောဟက်ကာတွေကလည်း ဒီလိုဖုန်းရဲ့ scanner ကို အရူးလုပ်တာမှာ အောင်မြင်နေကြပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တုန်းက ကျွန်တော်တို့ဟာ Samsung အနေနဲ့ Galaxy S8 မှာ Note 7 ကတည်းက ထည့်သွင်းခဲ့ပေမယ့် အသုံးသိပ်မ၀င်တဲ့ iris scanner အပြင် facial recognition နည်းပညာကို ထည့်နိုင်တယ်လို့ သတင်းကြားခဲ့ပါတယ်။ Apple ကလည်း face-scanning နည်းပညာလုပ်ဆောင်နေတဲ့ ကုမ္ပဏီကို ၀ယ်ခဲ့တယိလို့လည်း အရင်လရဲ့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒီတော့ သူတို့နှစ်ဦးက တကယ့်ကိုပဲ facial-recognition features အတွက် ပြိုင်ဆိုင်ကြတော့မှာလား။

Bloomberg ရဲ့ အဆိုအရတော့ Samsung ဟာ Samsung Pay သုံးစွဲသူတွေအတွက် လွယ်ကူစေဖို့ Galaxy S8 မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ fingerprint scanner ၊ iris scanner နဲ့ အသစ်ဖြစ်တဲ့ face recognition နည်းပညာပါဝင်မှာ ဖြစ်ပါတယ်။ သတင်းပေးသူတွေအရတော့ Samsung ဟာ Samsung Pay အတွက် အဲဒီနည်းပညာသုံးခုစလုံးကို ပေါင်းပြီး လုပ်ဆောင်ဖို့ရှိပါတယ်။ ဒါကြောင့် facial recognition စနစ်ကို အသုံးပြုလာစေဖို့အတွက် ဘဏ်တွေကိုလည်း တွန်းအားပေးရာရောက်တယ်လို့ ပြောခဲ့ပါတယ်။

ကျွန်တော်တို့ လုံခြုံရေးဘက်ကို စဉ်းစားတဲ့အခါမှာ အံ့သြစရာကောင်းတာတစ်ခုရှိပါတယ်။ ဟန်းဆက်ရဲ့အတွင်းထဲမှာထည့်ထားတဲ့ features တွေက အများကြီးဖြစ်လာတယ်ဆိုတာပါပဲ။ ဒါတွေကသာ အမှန်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့သိချင်တာကတော့ အဲဒီ sensor တွေအားလုံးနဲ့သက်ဆိုင်နေတဲ့ UI ဘယ်လိုဖြစ်လာမလဲဆိုတာပါပဲ။ သုံးစွဲသူတွေကိုလည်း နားလည်သဘောပေါက်အောင် လုပ်နိုင်ပါ့မလားဆိုတာလည်း စိတ်ဝင်စားမိပါတယ်။

Aung Phyo Oo (Myanmar Mobile App)


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ခြိမ်းခြောက်ရန်ပြုရန် ကြံစည်ခဲ့သည်ဟု ဆိုသော အမျိုးသားသုံးဦးမှ ကိုထွန်းထွန်းဇော် ဆိုသူသည် မတ်လ ၁၈ ရက်နေ့က ရဲစခန်းသို့ လာရောက်အစစ်ဆေးခံခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲစခန်းသို့ လာရောက်အစစ်ဆေးခံခဲ့သည့် ကိုထွန်းထွန်းဇော် အပါအဝင် အမျိုးသားသုံးဦးမှာ မတ်လ ၁၄ ရက် ညပိုင်းက ဘီယာအတူသောက်ပြီး ဆိုင်မှ ထွက်လာစဉ် မြောင်းမြလမ်းထိပ်အရောက် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ခြင်း၊ “ဟေ့ကောင် မင်းဆွေဝင်း မဟုတ်လား” ကျန်အမျိုးသားတစ်ဦးက “ဒါငါ့အစ်ကိုပဲကွ၊ ငါ့အစ်ကိုက မေးနေတာ၊ မင်းဆွေဝင်း မဟုတ်ရင် သွားလိုက်” ဟု လက်သီးလက်မောင်းတမ်းကာ ပြောဆိုရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး စမ်းချောင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုရာမှ လာရောက်အစစ်ဆေးခံခဲ့ခြင်း ဖြစ်ကြောင်း စမ်ချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူကိုယ်တိုင်လာရောက် အစစ်ဆေးခံခဲ့တာပါ၊ ကျန်တဲ့နှစ်ယောက်က ဘယ်မှာနေတယ်ဆိုတာ သူလဲ မသိဘူး၊ အဲဒီနေ့ကလည်း ကိုဆွေဝင်းကို မမြင်ဘူးဘဲ နာမည်ပဲသိနေလို့ မိတ်ဆွေဖွဲ့ချင်တာနဲ့ ပြောလိုက်တာလို့ ထွက်ဆိုထားတယ်” ဟု စမ်းချောင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ရဲစခန်းသို့ လာရောက်အစစ်ဆေးခံခဲ့သည့် ကိုထွန်းထွန်းဇော်မှာ စမ်းချောင်းမြို့နယ်၊ ကျွန်းလယ်ရပ်ကွက်၊ ဖျာပုံလမ်းတွင် နေထိုင်သူဖြစ်ပြီး ကျန်အမျိုးသားနှစ်ဦးနှင့် အခမ်းအနားပွဲတစ်ခုတွင် တွေ့ဆုံရာမှ ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ယင်းအမျိုးသားနှစ်ဦး၏ နေရပ်လိပ်စာကို သိရှိနိုင်ရန် စုံစမ်းရှာဖွေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော့်ကို ခင်လို့နှုတ်ဆက်တယ်ဆိုရင် ကျွန်တော်လည်း ခင်ခင်မင်မင်နဲ့ ပြန်နှုတ်ဆက်မှာပါ၊ အခုဟာက ခရီးသွားလာရင်းနဲ့ ဖြစ်သွားတဲ့ကိစ္စ မဟုတ်ဘူး၊ အဲဒီနေ့က ဖြစ်စဉ်ဆိုရင် သူတို့က ကျွန်တော်မှန်း သဲသဲကွဲကွဲမသိရလို့ ဘာမှမဖြစ်တာ၊ ဒီလိုအဖြစ်မျိုး မြန်မာပြည်အနှံ့ ဘယ်နေရာပဲရောက်ရောက် တွေ့ကြုံရနိုင်တယ်၊ အဲဒါကြောင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်” ဟု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောကြားသည်။

ယင်းနေ့က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နေအိမ် ညစာစားပွဲက နေအိမ်သို့ ပြန်လာခဲ့ခြင်း ဖြစ်ပြီး ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက် ၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ ရာဇဝတ်အမှုကြီး အမှတ် ၈၁/၂၁၀၇ ဖြင့် လက်ခံဆောင်ရွက်ခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ (၁) အရ စုံစမ်းဆေးပေးရန် စမ်းချောင်းမြို့မ ရဲစခန်းသို့ ညွှန်ကြားချက် အမိန့်ချရာမှ ကိုထွန်းထွန်းဇော်ကို ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

===========

The Voice

http://thevoicemyanmar.com/news/7116-ksw

စွပ်စွဲချက်တွေကို မစ္စတာ နူးနက်စ်ရဲ့ ကွန်ဂရက်စ် ကော်မီတီက တနင်္လာနေ့မှာ ကြားနာမယ်။

အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ ကွန်ဂရက်စ် ကော်မီတီ ဥက္ကဋ္ဌ Devin Nunes က ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်စွက်ဖို့ ကြိုးစားခဲ့တယ်လို့ သူယူဆခဲ့ပေမယ့် Donald Trumpရဲ့ မဲဆွယ် စည်းရုံးမှုတွေနဲ့ ရုရှားအစိုးရအကြား လျှို့ဝှက် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သက်သေအထောက်အထား တစုံတရာ မတွေ့ရဘူးလို့ ပြောပါတယ်။

ဒါ့အပြင် မဲဆွယ်ကာလအတွင်းတုန်းက မစ္စတာ ထရမ့်ရဲ့Trump Tower ဌာနချုပ်ရဲ့ ဖုန်းအဆက်အသွယ်တွေကို ခိုးနားထောင်ဖို့ သမ္မတဟောင်း ဘာရက်ခ် အိုဘားမားက ညွှန်ကြားခဲ့တယ် ဆိုတဲ့ အထောက်အထားတွေလည်း မတွေ့ခဲ့ရဘူးလို့ မစ္စတာ ဒက်ဗင် နူးနက်စ် က ပြောသွားပါတယ်။

ဒါပေမယ့်လည်း သတင်းမီဒီယာတွေဆီ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့တယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ပါဝင် ပတ်သက်ခဲ့သလား ဆိုတာကို ထောက်လှမ်းရေး ကော်မီတီ ရှေ့မှာ FBI အမေရိကန် ဖယ်ဒရယ် ထောက်လှမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး James Comey မထွက်ဆိုခင် တရက် အလိုမှာ မစ္စတာ ဒက်ဗင် နူးနက်စ်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
BBC Burmese



အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံစဉ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ အာရှ သုံးနိုင်ငံ ခရီးစဉ် အဆုံးသတ်သွားပါပြီ။

တနင်္ဂနွေနေ့က ဝေဟင်မြင့်ထိုးဖေါက်နိုင်တဲ့ ရော့ကက်ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ခဲ့တဲ့ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုကရော တရုတ်ကပါ အရေးတကြီး ကိုင်တွယ်ရမယ်ဆိုတာ သိကြတယ်လို့လည်း ဝန်ကြီး Tillerson ကပြောပါတယ်။ ဒီစမ်းသပ်မှုကနေ ဒုံးကျည်ထုတ်လုပ်ရေးကဏ္ဍ တခေတ်ဆန်းလာတယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ဝန်ကြီး Tillerson ရဲ့ ပထမဆုံး အကြိမ် အာရှခရီးစဉ်အတွင်း ဆွေးနွေးပွဲ တွေမှာ ခြိမ်းခြောက်မှု တိုးလာတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ အကြောင်းတွေသာ အဓိလွှမ်းမိုးနေတာပါ။

Donald Trump အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်မယ့် နည်းလမ်းသစ်ကို ရှာဖွေနေပါတယ်။ ဒါ့အပြင် ဒေသတွင်းဖြစ်ပွါးနေတဲ့ ဒီအဓိက ကိစ္စရပ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ အတူတကွ လက်တွဲလုပ်ဆောင်မယ့် နည်းလမ်းကိုပါ ရှာဖွေနေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Tillerson ကပြောပါတယ်။ ဒါပေမယ့် ဘယ်လို လုပ်ဆောင်ဖို့ စဉ်းစားကြတယ် ဆိုတာကိုတော့ ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက ထုတ်မပြောကြပါဘူး။

ဝန်ကြီး Tillerson အစောပိုင်း ဂျပန်နိုင်ငံမှာ ရှိနေစဉ် တုန်းကတော့ မြောက်ကိုရီးယား နျူကလီယား လက်နက်ထုတ်ရေး အဆုံးသတ်စေဖို့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက သံတမန်နည်းနဲ့ရော တခြားနည်းတွေနဲ့ပါ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောကြားခဲ့သလို တောင်ကိုရီးယား ကို ရောက်ချိန်မှာတော့ စစ်ရေးအပါအဝင် တခြား နည်းလမ်းအားလုံးကို စဉ်းစားဖို့ ရှိတယ်လို့ ပြောခဲ့တာပါ။

တနင်္ဂနွေနေ့ ဝန်ကြီး Tillerson နဲ့ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံစဉ်မှာတော့ အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေကို ဆွေးနွေး ခဲ့ကြတာ ဖြစ်ပြီး သမ္မတ ၂ ဦးဟာ လာမယ့် ဧပြီလဆန်းမှာ ဖလော်ရီဒါ အပမ်းဖြေစခန်းမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com



တံတားအမည်သတ်မှတ်မှု မွန်ဒေသခံတွေ မော်လမြိုင်မြို့ မှာ ကန့်ကွက်ဆန္ဒပြ (ဓါတ်ပုံ- Aung Thu Nyeen Facebook)
မွန်ပြည်နယ်မှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ တံတားအမည်ပေးရေးကိစ္စရဲ့ နောက်ကွယ်မှာ နိုင်ငံရေးပါတီတချို့က နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ သုံးသပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ မော်လမြိုင်ကနေ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ မြစ်ကူးတံတား အမည်ကို သံလွင်တံတား(ချောင်းဆုံ)လို့ အမည်ပေးခဲ့ရာက ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းပေးဖို့ တလောကပဲ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဒေသခံ တိုင်းရင်းသားတွေက ကန့်ကွက်ဆန္ဒပြတာတွေ ရှိနေချိန်မှာပဲ မွန်ပြည်နယ်ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ သံလွင်မြစ်ခြားနေတဲ့ ဘီလူးကျွန်း ချောင်းဆုံမြို့ကိုဆက်သွယ်ဖို့ ၂၀၁၄ ခုနှစ်ထဲမှာ တံတားတခု စတင်တည် ဆောက်ခဲ့ပြီး သံလွင်တံတား(ချောင်းဆုံ)လို့အမည်ပေးခဲ့တာပါ။ တံတားတည်ဆောက်မှုကတော့ ခုဆိုရင် ရာခိုင်နှုန်းအတော်များများပြီးနေပြီး မကြာခင် တံတားဖွင့်ပွဲလုပ်ပြီးတာနဲ့ ဒီတံတားကို စတင်သုံးကြတော့မှာပါ။ တံတား စဆောက်ချိန်က တံတားအမည်ပေးတဲ့ကိစ္စကို ကန့်ကွက် ဆန့်ကျင်တာမျိုးမရှိခဲ့ပဲ သံလွင်တံတား(ချောင်းဆုံ) ဆိုတဲ့အမည်ကနေ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းဖို့ လွှတ်တော်မှာ ဆွေးနွေးချိန်ကစပြီး ဒေသခံ တိုင်းရင်းသားတွေရဲ့ ကန့်ကွက်မှုပေါ်လာတာဖြစ်ပါတယ်။ အဲဒီတံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းဖို့ ပြည်သူ့လွှတ်တော်က မတ်လ ၁၄ ရက်က ဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။

ဒါကြောင့် သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်မပေးဖို့ ဒေသခံတိုင်းရင်းသား နှစ်သောင်းဝန်းကျင်က မော်လမြိုင်မြို့မှာ မတ်လ ၁၉ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြတောင်းဆိုမှုတွေဟာ လာမယ့်ဧပြီလထဲ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီကို အနိုင်ရရေးအတွက် ဒေသခံတိုင်းရင်းသားပါတီတချို့က နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ သူ့အနေနဲ့ သုံးသပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက VOA ကိုပြောပါတယ်။

“ချောင်းဆုံမှာ ကြားဖြတ်ရွေးကောက်ပွဲရှိတယ်လေ။ အဲဒီမှာ NLD ပါတီကလည်း ၀င်ပြိုင်ပါမယ်။ မွန်အမျိုးသားပါတီတွေဘက်ကလည်း ၀င်ပြိုင်ပါမယ်။ ပြည်ထောင်စု ကြံခိုင်ဖွံဖြိုးရေးပါတီဘက်ကလည်း ၀င်ပြိုင်ပါလိမ့်မယ်။ မွန်ဒေသလုံးဆိုင်ရာ ပါတီကလည်း ၀င်ပြိုင်ပါလိမ့်မယ်။ အဲဒီတော့ ပြသနာက အဲဒါပါပဲ။ တံတားကိစ္စကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ မကြိုးစားကြပါနဲ့ လို့ ပြောလိုပါတယ်။”

ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုတဲ့အမည်ဟာ ပြည်သူ့လွှတ်တော်မှာသာ အတည်ပြုရသေးပြီး အမျိုးသားလွှတ်တော်ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပြီးမှသာ ဒီနာမည်အတည်ဖြစ်မှာပါ။ မွန်ပြည်နယ် အစိုးရကတော့ ဖွဲ့စည်းပုံစည်းမျည်းအရ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြု ဆုံးဖြတ်ပြီးရင်တော့ အဲဒီသတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

“ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အသိအမှတ်ပြုဖို့အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီးသာ။ အဲဒီတော့ ပြည်ထောင်စုလွှတ်တော်ကို ထပ်ပြီးတင်ရမှာပေါ့နော်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတွေရဲ့ လုပ်ထုံးလုပ်နည်းတွေပါ။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်နယ်အစိုးရက အကောင်အထည်ဖေါ်ပေးရမှာပါ။”

တကယ်တော့ တံတားအမည်ဟာ အဓိကမကျပဲ ဒေသဖွံ့ဖြိုးရေးအတွက် အခုလို မြစ်ကူးတံတားတစင်း ပေါ်လာတာက အဓိက ဖြစ်တယ်လို့ ဒေါက်တာအေးဇံက ပြောပါတယ်။

“ ကျနော်တို့က ချောင်းဆုံနဲ့ မော်လမြိုင်တံတားက ချောင်းဆုံမြို့နယ်က သီးခြားရပ်တည်နေတဲ့ မြို့နယ်တခုဖြစ်နေတော့ ကျနော်တို့ တံတားတခုဆောက်ပြီးတော့ ချောင်းဆုံမြို့နယ်ကို သွားလို့ လာလို့ရပါပြီ။ အရင်ကလို သင်္ဘောစီးပြီး သွားစရာမလိုတော့ပါဘူး။ ချောင်းဆုံမှာ ရှိတဲ့မွန်ယဉ်ကျေးမှုတွေ၊ လက်မှုလုပ်ငန်းတွေကအစ မွန်ပြည်နယ်ရဲ့ တံတားပတ်ဝန်းကျင်ကိုလာပြီး အထူးလေ့လာလို့ရပါတယ်။ အဲဒါဆိုရင် ခရီးသွားလေ့လာရေး အကောင်အထည်ဖေါ်နိုင်ပါပြီ။ ပြည်နယ်အနေနဲ့ စီးပွားတိုးတက်တဲ့ လူမှုဘ၀တိုးတက်ဖို့အတွက် တံတားတခုပေါ်ပေါက်လာတဲ့အတွက်ကြောင့် ကျနော်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ ကျနော်အနေနဲ့ကတော့ တံတားနာမည်က ပြသနာမဟုတ်ပါဘူး။ သွားလို့လာလို့ရရင် တော်ပါပြီ။ ကျနော့်အနေနဲ့လည်း မတ်လ (၁၇)ရက်နေ့က ချောင်းဆုံကိုသွားခဲ့ပါတယ်။ အဲဒီတုန်းက တံတားနာမည်ကိစ္စ ကျနော်ကို ဘယ်သူမှ စောဒက မတက်ပါဘူး။”

မွန်ပြည်နယ် မုဒုံမြို့မှာလည်း ဗိုလ်ချုပ်ကြေးရုပ် ဆက်လက်မထားရှိဖို့ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြီခဲ့တဲ့ ရက်ပိုင်းကပဲ ပေါ်ပေါက်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာ NLD ပါတီအပြင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တစညပါတီနဲ့ ကြံ့ခိုင်ရေး ပါတီတွေရှိပြီး လာမယ့်ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ယခင်က ဖမ်းဆီး ရမိထားသည့် စိတ်ကြွဆေးပြားများ။
တနင်္ဂနွေနေ့ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Chittagong ကို သယ်ဆောင်လာတဲ့ ယာဘ စိတ်ကြွဆေးပြားပေါင်း ၆၀၀,၀၀၀ ကို RAB ဘင်္ဂလားဒေ့ရှ် ရာဇ၀တ်မှု နှိမ်နင်းရေးအထူးတပ်ဖွဲ့က သိမ်းဆီးရမိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သံသယရှိသူ မြန်မာနိုင်ငံသား ခြောက်ဦးအပါအ၀င် စုစုပေါင်း ရှစ်ဦးကို ဖမ်းဆီးထားကြောင်း RAB အရာရှိတဦးက ဆင်ဟွာ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

ရဲအာဏာပိုင်တွေက သတင်းပေးချက်အရ Chittagong မြို့က နေရာမှာ ၀င်ရောက်ရှာဖွေရာမှာ အခုလို ရာဘစိတ်ကြွဆေးပြား ခြောက်သိန်းကို သိမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုအန္တရာယ် ထိန်းချုပ်ဖို့ ရဲအာဏာပိုင်တွေဘက်က ကြိုးစာဆောင်ရွက်မှုတွေရှိပေမဲ့လည်း ရာဘ စိတ်ကြွ ဆေးပြားကို လိင်စိတ်နိုးကြားအောင် သုံးစွဲကြသလို၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကြားမှာလည်း လူကြိုက်များလာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၇) ရက်နေ့က မြို့တော် ဒါကာနဲ့ Chittagong မြို့တွေကို ပို့ဆောင်မယ့် ယာဘ စိတ်ကြွဆေးပြား ၂.၈ သန်းကို အထူးတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ပြီး ဒါဟာ နိုင်ငံတွင်းမှာ တနေ့တည်းနဲ့ စိတ်ကြွဆေးပြား အများဆုံးကို သိမ်းဆည်း ရမိခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com



ဖိလစ်ပိုင်သမ္မတ Rodrigo Duterte.
ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ဟာ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာပြီဖြစ်ပါတယ်။ ဖိလစ်ပိုင် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ၂ရက်ကြာ တရားဝင် အလည်အပတ်ခရီး လာရောက်ခဲ့တဲ့ ဖိလစ်ပိုင် သမ္မတကို နေပြည်တော် လေဆိပ်မှာ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်က သွားရောက် ကြိုဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နဲ့ မြန်မာ ၂ နိုင်ငံ လက်တွဲလုပ်ဆောင်မှုတွေကနေ ၂ နိုင်ငံကြား ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှု အခြေခံရအောင် တည်ဆောက်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို မထွက်ခွါခင် ဖိလစ်ပိုင်နိုင်ငံ Davao နိုင်ငံတကာ လေဆိပ်မှာ ဖိလစ်ပိုင် သမ္မတက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ခရီးဆက်မယ့် ဖိလစ်ပိုင် သမ္မတက ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကြား တူညီတဲ့ အတွေ့အကြုံတွေနဲ့ စိန်ခေါ်မှုတွေ ရှိတာမို့ အပြန်အလှန် အကျိုးစီးပွါးတွေနဲ့ ပတ်သက်ပြီး လက်တွဲဆောင်ရွက်ရင်း ခိုင်မာတဲ့ ပူးပေါင်းဆောက်ရွက်မှု အခြေခံ ရအောင်တည်ဆောက် သွားမယ်လို့ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုဟာ ဒေသတွင်းမှာ အရှိန်အမြန်ဆုံး တိုးတက် နေတာကို တွေ့ရတာမို့ ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်တွေကို မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်နဲ့ မြန်မာ ၂ နိုင်ငံအတွက် ဆေးဝါးလုပ်ငန်းနဲ့ စားသောက်ကုန်လို စက်မှုလုပ်ငန်း အများအပြားမှာ လက်တွဲလုပ်ဆောင်နိုင်ချေ ရှိတယ်လို့လည်း သမ္မတ Duterte က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက လာမယ့် ဧပြီလထဲမှာ အာဆီယံ အလှည့်ကျ သဘာပတိ အနေနဲ့ မနီလာမှာ အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး ညီလာခံ ကျင်းပဖို့ စီစဉ်နေတာမို့ အာဆီယံ နိုင်ငံတွေကို ဖိလစ်ပိုင် သမ္မတ သွားရောက်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဖိလစ်ပိုင်နဲ့ ဆက်ဆံရေး ထူထောင်လာတာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပြီး အခု သမ္မတ Duterte ရဲ့ မြန်မာခရီးစဉ်ကနေ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ဆောင်မယ် ဆိုတာ ပြသနေတယ် လို့လည်း ပြောကြားခဲ့တာပါ။

သမ္မတ Duterte ဟာ မြန်မာသမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့နဲ့လည်းတွေ့ဆုံမှာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


လွိုင်ကော် မတ် ၁၉

ကယားပြည်နယ်၌ ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူကာ လုပ်ကိုင်ခွင့်ပြုထားသော ဘီးခွန် ကောက်ခံသည့် စနစ်ကို ပြည်နယ်တစ်ခုလုံး အတိုင်း အတာဖြင့် ဖျက်သိမ်းသွားမည်ဖြစ် ကြောင်း က ယားပြည် နယ် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိ သူ တစ်ဦး ကပြောသည်။

ယင်းဒေသအတွင်းရှိ ဘီးခွန်ကောက်ခံသော ဂိတ်များကို ဧပြီ ၁ ရက်မှ စတင်ကာ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ယင်းနောက်တွင် မော်တော်ယာဉ်များ အတွက် ဘီးခွန်များကို ယာဉ်လိုင်စင်သက် တမ်းတိုးချိန်တွင် တစ်ခါ တည်းပေးဆောင်စေရန် စီစဉ်ထားကြောင်း၊လက်ရှိဘီးခွန် ကောက်ခံရာတွင် ဂိတ် တစ်ဂိတ်ကိုဖြတ်သန်း သည့် မော်တော် ဆိုင်ကယ်တစ်စီးကို ငွေ ကျပ် ၂ဝဝ၊ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃ဝဝ မှ ၁ဝဝဝ အထိ သတ်မှတ် ကောက် ခံကြောင်း သိရသည်။

အသစ်ပြောင်းလဲမည့် ဘီးခွန်ကောက်စနစ်တွင် မော်တော်ဆိုင်ကယ် တစ်စီးလျှင် တစ်နှစ်စာ ဘီးခွန်အဖြစ် ငွေကျပ် ၃ဝဝဝ၊ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်၅ဝဝဝမှ၂ဝဝဝဝအထိ သတ်မှတ်ကောက် ခံ မည်ဖြစ်ပြီး မော်တော်ယာဉ် သက်တမ်း တိုးမည့်သူများသည် စည်ပင် သာယာရေး ကော်မတီကို အဆိုပါဘီးခွန်နှင့် အာ မခံကြေးပေးဆောင် ထားသော အထောက် အထား ပါရှိမှသာ ယာဉ်သက်တမ်းတိုးခွင့်ရရှိမည်ဖြစ်သည်။

ကယားပြည်နယ်၌ ဘီးခွန်ကောက်ခံခွင့်ကို ယခင်ကတင်ဒါခေါ်ယူခဲ့ရာ လုပ်ငန်းတင်ဒါ အောင်မြင်သော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကဘီးခွန်ကောက်ခံသည့်စနစ်ကို ကျင့်သုံးလာခြင်းဖြစ်ပြီး အဆိုပါလုပ် ငန်းတင်ဒါ သက်တမ်း သည် ယခုလကုန်တွင် ကုန်ဆုံး မည်ဖြစ် ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia


ရန်ကုန်၊ မတ် ၂၀

၂၀.၃.၂၀၁၇ ရက်နေ့၊ ၀၀း၁၅ အချိန်ခန့်တွင် အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ပရိဘောဂစက်ရုံ အမှတ် ၃၊ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိပါသည်။

Update
၀၀း၂၅ အချိန် level3 ယာဉ်အုပ်စုများထွက်ခွာပါသည်။
Update
၀၀း၄၀ အချိန် မီးထိန်းပါသည်။
၀၀း၄၅ အချိန် မီးငြိမ်းပါသည်။

Myanmar Fire Services Department


မန္တလေး မတ် ၁၉

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၁၉၅/၅)မိုင်အနီး အနောက်ဘက် ၂ မိုင်ခန့် အကွာ တောတွင်းတစ်နေရာတွင်မတ် ၁၈ ရက်က မသင်္ကာဖွယ်ရာမစ်ဆူဘီရှီဖူဆို ၁၂ ဘီးယာဉ် တစ်စီး ရပ်တန့်ထားသည်ကို စစ်ဆေးခဲ့ရာယာဉ်ပေါ်တွင် ဖရဲသီးများနှင့်ဖုံးအုပ်ကာ တင်ဆောင်ထားသည့် ခန့်မှန်း တန်ဖိုး ငွေကျပ်သန်း ၃၅၀ခန့်ရှိ ကျောက်စိမ်းရိုင်းတုံး နှစ်တုံးဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မသင်္ကာဖွယ်ရာ မစ်ဆူဘီရှီဖူဆို၁၂ ဘီးယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းရရှိသဖြင့် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ဖရဲသီး များနှင့် ဖုံးအုပ် ထားသည့်ကျောက် စိမ်းရိုင်းတုံး နှစ်တုံး (၇၀၀၀kg)ကို တွေ့ရှိ ဖမ်းဆီး ခဲ့ကြောင်း သိရသည်။


တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့တွင်ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိရာ မတ်၁၈ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် တားဆီးမှု ခြောက်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀ ဒသမ ၁၃ သန်းခန့်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် တားဆီးမှု ခြောက်မှုခန့်မှန်းတန်ဖိုးငွေကျပ် ၂၃ ဒသမ ၃၇သန်းခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မတ် ၁၈ ရက်တွင်မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၆၆၄ စီး၊ သွင်းကုန်အစီး၇၆၀၊ ရန်ကုန်-မြ၀တီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်၃၁ စီး၊ သွင်းကုန် ၁၆၆ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်းသိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar