04/05/17

ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူနည်းသွားတာဟာ ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် မကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်ပြီးတင်ပြပါလိမ့်မယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မဲအများစုနဲ့အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခု ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၁၉ နေရာယှဉ်ပြိုင်တဲ့အခါ ၉ နေရာအနိုင်ရတဲ့အတွက် ရာခိုင်နှုန်း အားဖြင့်ဆိုရင် ၅၀ ရာခိုင်နှုန်းအောက်ကျဆင်းသွားတယ်လို့ပြောနိုင်ပါတယ်။

တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရအောက်မှာအနှစ်နှစ်ဆယ်ကျော်ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့အတွက်ကြောင့်ရော၊ အနာဂတ်နိုင်ငံတော်သစ်မျှော်လင့်ချက်အတွက်ပါ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မှာကြားတဲ့အတိုင်း လူကိုမကြည့်ပဲ ပါတီကိုကြည့်ပြီးမဲပေးခဲ့ကြတာလို့ ပြည်သူတွေပြောတဲ့အသံတွေ ကြားရပါတယ်။

NLD ပါတီကအစိုးရဖွဲ့ခွင့်ရပြီး တစိတ်တပိုင်းလုပ်ပိုင်ခွင့်ရလာပြီးတဲ့နောက် တိုင်းရင်းသားပြည်သူတွေ ကစောင့်ကြည့်ခဲ့ကြတာတွေ့ရပါတယ်။ အဲဒီအခါမှာ တိုင်းရင်းသားတွေ၊ အလုပ်သမားတွေ၊ လက်လုပ် လက်စားပြည်သူတွေရဲ့မျှော်လင့်ချက်နဲ့အလှမ်းဝေးနေသေးတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောဆိုကြပါတယ်။

ဒါနဲ့ပတ်သက်လို့ စာရေးဆရာဘုန်းသက်ပိုင်က " ကျနော့်အမြင်ကတော့ တနှစ်ကျော်အတွင်းမှာ ပြည်သူတွေကအများကြီးမျှော်လင့်ခဲ့တယ်ပေါ့လေ။ သူတို့အတွက်ပြောင်းလဲမှုတွေကိုမျှော်လင့် ထားသလောက်မရခဲ့ဘူး။ ဥပမာ ချောင်းဆုံတံတားနာမည်လိုကိစ္စရပ်မျိုးတွေ အများကြီးဖြစ်ခဲ့တယ်။ ကျနော်တို့ ရန်ကုန်မှာဆိုလဲအဲဒီလိုအခြေအနေတွေရှိခဲ့တယ်။ နောက်အလုပ်သမားတွေက - သူတို့ဘက်ကနေဘာကြောင့်မရပ်တည်ခဲ့တာလဲ။ သူတို့အကျိုးကို ဘာလို့မလုပ်ပေးတာလဲဆိုတဲ့ မေးခွန်းထုတ်တယ်ပေါ့လေ။ သူတို့ပစ်ထားခံရတယ်လို့ခံယူတယ်။ နောက်တခုက လက်လုပ်လက် စားတွေရဲ့စိတ်ထဲမှာ ဘယ်သူတက်တက်မထူးပါဘူးဆိုတဲ့စိတ်ရှိနေတယ်။ " လို့ပြောပါတယ်။

ဒီလိုဝေဖန်သုံးသပ်နေတာတွေနဲ့ပတ်သက်လို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သိပ်လက်ခံလိုဟန်မတွေ့ရပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ ရှမ်းပြည်နယ် မိုင်ရှုးဒေသကိုသွားခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သူ့အနေနနဲ့တော့ ပြောင်းလဲတိုးတက်မှုတွေတွေ့ရတယ်လို့အခုလိုပြောပြပါတယ်။

" ရှမ်းပြည်နယ်ကအရမ်းကိုကြီးတယ် အရမ်းလဲကျယ်တယ်လေ။ ရွာလေးတွေဆိုသေးသေးလေး တွေလေ။ ဒါပေမယ့် အဲဒီရွာတရွာနဲ့တရွာချိပ်တဲ့လမ်းတွေဆိုရင် တကယ့်အဆင့်အတန်းမီလမ်းတွေ ခင်းထားတာကိုတွေ့ရတာပေါ့နော်။ ကျမတို့သွားခဲ့တဲ့အခါမှာတကယ့်ကို တအံ့တသြတောင်ဖြစ် ခဲ့ရတယ်။ မေးကြည့်တဲ့အခါဒီတနှစ်အတွင်းမှာ ကောင်းသွားတယ်ဆိုတဲ့အသံတွေပြန်ကြားရတယ်။ နောက်ပြီးတော့ မိုင်းရှုးမှာအရင်ကလျပ်စစ်မီးမရှိဘူး။ အခုနှစ်လပဲရှိသေးတယ် လျပ်စစ်မီးတွေရလာ တယ်။ အဲဒီလိုပဲ အခုဆိုရင်လွှတ်တော်ကနေပြီးတော့ တနိုင်ငံလုံးကိုလျပ်စစ်မီးရဖို့ဆိုပြီးတော့ ဘတ်ဂျက်တွေအတည်ပြုပေးခဲ့ရတယ်။ ဆိုတော့ တကယ့်တကယ်ပြောမယ်ဆိုရင်တော့ တဘက်က လဲ တနှစ်တောင်ပြည့်နေပြီဘာမှလဲမဖြစ်ဘူးဆိုပြီးတော့ ပြောနေတဲ့ဟာတွေလဲရှိနေသလို၊ အမှန်တကယ် ပြည်သူတွေအတွက်အရမ်းကိုအကျိုးရှိခဲ့တဲ့ဟာတွေ ကျမတို့တွေ့ခဲ့ရတယ်။ ကျမတို့ ကိုယ်တိုင်ဆိုရင်ပြီးခဲ့တဲ့လွှတ်တော်မှာ စက်ရုံ ၄၄ ရုံဖျက်ဖို့တင်ခဲ့တဲ့ကိစ္စဆိုရင် ဒီကနေ ဘီလီယံပေါင်း ၃၀၀ ကျော်လောက် နှစ်တိုင်းပြည်သူ့ဘဏ္ဍာငွေနဲ့ပေးနေရတဲ့ပိုက်ဆံတွေ။ အခုဆိုရင် အဲဒီပိုက်ဆံ တွေလျော့နည်းသွားတယ်။ လျော့နည်းသွားတယ်ဆိုတာက အရင်ကကျမတို့လွှတ်တော်ထဲမှာ စက်ရုံတရုံကိုဖျက်ဖို့မပြောနဲ့ အဲဒီစက်ရုံအတွက်ပိုက်ဆံလျှော့ဖို့ တပြားမှမလျှော့တဲ့အပြင် ရန်လုပ် တောင်ခံရတယ်။ ပြီးခဲ့တဲ့လွှတ်တော်မှာ။ အခုဆိုရင် ဒီအစိုးရသစ်လက်ထက်မှာ ဒီလိုကိစ္စရပ်တွေဆို ကြားကြားချင်းတော်တော်လေးတောင်အံ့သြမိတယ်။ ဒါကိုဖျက်ဖို့ဆိုတဲ့ဟာ။ ဆိုတော့ တကယ့်တကယ်က ကျမတို့ရခိုင်ပြည်နယ်မှာ လူမှုဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်ချပေးတဲ့အခါ ၇.၇ ဘီလီယံပဲကုန်တယ်။ ဒါပေမယ့် ဒီစက်ရုံအလုပ်ရုံတွေကို အလုပ်သမားစရိတ်တွေ၊ သာမန်စာရင်း တွေအကုန်ပေးထားရတာ ဘီလီယံ ၃၀၀ ကျော်ဆို၊ ကျမတို့စဉ်းစားကြည့်ရင် ကျမတို့တနိုင်ငံလုံးက လူမှုအထောက်အကူပြု ဥပမာ ကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေ အသက်အရွယ်ကြီးတဲ့သူ တွေအတွက်ထောက်ပံ့ကြေးပေးမယ်ဆို ဘီလီယံ ၁၀၀ လောက်ဆိုရနိုင်တယ်။ ဒါကြောင့် ကျမတို့ရဲ့ထင်သာမြင်သာရှိတဲ့အပြောင်းအလဲတွေကတော့ အများကြီးဖြစ်နေတယ်။ " လို့ဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ချောင်းဆုံမြို့နယ်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကအနိုင်ရသွား တာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသမှာ မွန်ပါတီရော NLD ပါတီကပါ အားမကောင်းပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်က လူထုအကျိုးပြုတွေတကယ်လုပ်နေတဲ့သူဖြစ်နေလို့ဆိုပြီး ထောက်ပြသူတွေရှိပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ကိုယ်စားလှယ်တွေပဲ အခုကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတာများပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျေးသီးနဲ့မိုင်းရှူး ဒေသကအတွေ့အကြုံအရ သူတို့မှာ ၂၀၁၅ တုန်းကမငြိမ်းချမ်းလို့ရွေးကောက်ပွဲ အတွေ့အကြုံ မရှိခဲ့တာ၊ တိုင်းရင်းသားတွေရဲ့မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို NLD ပါတီကပိုပြီးဆင်းဖို့လိုအပ်တာ၊ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့တွေအားကောင်းအောင်လုပ်ဖို့လိုတာတွေ့ရတယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်
RFA

သမ္မတ ဦးထင်ကျော်
သမ္မတ ဦးထင်ကျော်

သမ္မတ ဦးထင်ကျော်ရဲ့ သတင်းတပတ်နီးပါးကြာ တရုတ်နိုင်ငံ ခရီးစဉ်ကို ဒီသတင်း ပတ်အတွင်း စတင်မှာပါ။ တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမယ့် သမ္မတရဲ့ ခရီးစဉ် အတွင်းမှာတော့ နိုင်ငံရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ အခြေခံ ယန္တရား အဆောက်အဦဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကိုတော့ လာမယ့် ကြာသပတေးနေ့မှာ စတင်မှာ ဖြစ်ပြီး ၆ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း မြို့တော် ဘေဂျင်း အပါအ၀င် စီးပွားရေး မြို့တွေ၊ မြန်မာနယ်စပ် ယူနန်ပြည်နယ်ဘက်ကိုပါ သမ္မတ ဦးထင်ကျော် သွားရောက်ပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“တရုတ်ခရီးစဉ်ကတော့ ဒီလ ၆ ရက်နေ့ကနေပြီး ၁၁ ရက်နေ့ထိ သွားမှာဖြစ်ပါတယ်။ သွားတဲ့အခါ တရုတ်သမ္မတအပါအဝင် ကျန်တဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ဒေသအကြီးအကဲတွေနဲ့ တွေ့မှာ ဖြစ်ပါတယ်။ သွားမယ့်နေရာတွေက ရှီယန်းရောက်ပါမယ်။ နောက် စီချွမ်ပြည်နယ် ရောက်ပါမယ်။ နောက် ရှန်ဟိုင်းရောက်ပါမယ်။ နောက် ကွမ်ကျိုးရောက်ပါမယ်။ နောက် ပီကင်းမှာ တရုတ်သမ္မတနဲ့ တွေ့ပါမယ်။ နောက်ပြီး ကူမင်းရောက်ပါမယ် ကူမင်းက ယူနန်ပြည်နယ် တာဝန်ရှိသူတွေနဲ့ တွေ့မှာဖြစ်ပါတယ်။”

သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ် အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေး ၀န်ကြီး ဒေါက်တာသန်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားမှာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“ အဓိကတော့ စီးပွားရေးနဲ့ ဆက်စပ်တာ၊ ကုန်သွယ်မှုတွေ ပါမယ်ပေါ့ … ပါသွားတဲ့ ဝန်ကြီးတွေ အနေအထားကို ကြည့်လိုက်ရင်။ နောက် အခြေခံ အဆောက်အအုံပိုင်းတွေပေါ့၊ ဆောက်လုပ်ရေးပါမယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နိုင်ငံရေးကိစ္စ ဖြစ်မှာပေါ့။ အသေးစိတ်ကတော့ ခရီးစဉ် သွားတဲ့အချိန်မှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ ”

သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း တိုက်ပွဲတွေနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ယူနန်ပြည်နယ် ကူမင်းမြို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ကူမင်းမြို့မှာတော့ ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာပါ။ တရုတ် - မြန်မာ ဆက်ဆံရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်ဘက်မှာ ခိုလှုံနေတဲ့ စစ်ရှောင် ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး ကိစ္စ နှစ်ဘက်တို့ ဆွေးနွေးကြမယ်လို့ ယူဆပါတယ်။

“ အခု ယူနန်ပြည်နယ်မှာက သူတို့ ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေတာကိုး။ ဟို ကိုးကန့်ကိစ္စကနေပြီး လူတွေသောင်းနဲ့ချီပြီး ၂သောင်းကျော် ၃သောင်းလောက် သူတို့နိုင်ငံထဲ ရောက်နေတာ၊ ခုထိ မပြန်နိုင်ကြသေးဘူးလေ။ တချို့လည်း ဆွေတွေမျိုးတွေ အိမ်မှာ ပြောင်းနေတယ်လို့တော့ ကြားတယ်။ သို့သော် အများစုကြီးကို တရုတ်အစိုးရကပဲ ထောက်ပံ့ထားရတာဖြစ်တော့ ဒါတွေ ပြန်ပို့ဖို့ ကိစ္စတွေဘာတွေ ဆွေးနွေးလိမ့်မယ် ထင်တယ်။ ယူနန်ပြည်နယ်က တာဝန်ခံပြီး လက်ခံထားရတာ ဖြစ်တာကိုး။”

ဒါ့အပြင် တရုတ်နိုင်ငံတွင်း လာမယ့် လတွေ အတွင်း ကျင်းပဖို့ ရှိနေတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ နဲ့ တရုတ်တို့ကြား ကျင်းပမယ့် ညီလာခံ အကြို ပြင်ဆင်မှုလည် ဖြစ်နိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ လူထုရဲ့ ဆန့်ကျင် ဆန္ဒပြမှုကြောင့် အရင် သမ္မတ ဦးသိန်းစိန် လက်ထက်က ဆိုင်းငံ့ထားရတဲ့ ကချင်ပြည်နယ်က မြစ်ဆုံဆည်တွေ အရေး ဆွေးနွေးဖို့ ရှိ မရှိဆိုတာကို မြန်မာ အစိုးရဘက်က တိတိကျကျ မပြောပေမယ်လို့တရုတ်ဘက်က မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ လက်လွှတ်လိုက်တဲ့ အနေအထား မရှိသေးဘူးလို့တော့ သုံးသပ်သူတို့က ပြောဆိုပါတယ်ရှင်။
VOA Burmese News


မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးမှ ပထမဦးဆုံးအကြိမ်အဖြစ် ပေးအပ်တဲ့ ချုမန် Schuman Award ဆု ချီးမြှင့်ခံရသူသုံးဦးထဲမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီပါ ပါဝင်တယ်လို့သိရပါတယ်။

အဲသည့်ဆုကို ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ ဥရောပသမဂ္ဂအဖွဲ့မှ ပြဌာန်းထားတဲ့ (ရောမ စာချုပ်) နှစ် ၆၀ ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

“ဝမ်းသာပါတယ်၊ ဂုဏ်လည်း ယူတယ်။ ပထမဆုံးပေးတဲ့ဆု ပထမဦးဆုံးရရှိတဲ့ သုံးယောက်ထဲမှာ ပါတဲ့အတွက် ဂုဏ်ယူပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုတော့ သူ့ရဲ့ဇနီးနဲ့ သမီးအကြီးက ကိုယ်စား လာယူပေးသွားတယ်” လို့ ဆုရရှိသူတစ်ဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ EU အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု၊ မြန်မာနိုင်ငံရဲ့လူအခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ လုပ်ဆောင်နေတဲ့ လူတွေကို အသိအမှတ်ပြုတာဟာ တကယ်ကို အသိအမှတ်ပြုသင့်တဲ့အရာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ EU ရဲ့ဆုပေးစံသတ်မှတ်နှုန်းတွေမှာ လူဂုဏ်သိက္ခာကိုလေးစားခြင်း၊ လွတ်လပ်မှု၊ တန်းတူညီမျှခြင်းနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အခြေခံထား သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲသည့်ဆုဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတက်ကြွ လူပ်ရှားသူတွေကို ပထမဦးဆုံး ရွေးချယ်ချီးမြှင့် ပေးအပ်ခဲ့တာ ဖြစ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာကိုအောင်မျိုးမင်း၊ ငြိမ်းဖောင်ဒေးရှင်းမှဒါရိုက်တာ ဒေါ်ဂျာနာမ် တို့ကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဝင်းနန္ဒာ

===========

Kumudra


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရသူ တရားရုံးချုပ်ရှေ့နေကြီး ဦးကိုနီ အပါအ၀င် မြန်မာနိုင်ငံသား သုံးဦးကို ၂၀၁၇ခုနှစ်အတွက် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး သံတမန်ဆိုင်ရာ ရှူးမန်း ဆု Schuman Awards ကို ဥရောပသမဂ္ဂအဖွဲ့က ချီးမြှင့်လိုက်တယ်လို့ ဒီနေ့ကြားရပါတယ်။

ဒီဆုကို ဥရောပသမဂ္ဂနှစ် ၆၀အထိမ်းအမှတ်နေ့မှာချီးမြှင့်တာဖြစ်ပြီး ဦးကိုနီနဲ့ အတူ ညီမျှမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းနဲ့ ကချင်အမျိုးသမီးဒေါ်ဂျာနန်တို့ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေကို ပထမဆုံးအကြိမ် ဒီဆု ချီးမြှင့်တာဖြစ်ပြီး EU သံအမတ်ကြီး Roland Kobia က ဥရောပသမဂ္ဂက စံနှုန်းတွေနဲ့ အညီမြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ဆောင်သူတွေကို ရွေးချယ်ပေးအပ်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဆုဟာ ဥရောပသမဂ္ဂအဖွဲ့ စတင်ခဲ့သူတစ်ဦးဖြစ်တဲ့ ပြင်သစ် ၀န်ကြီးချုပ်ဟောင်း Robert Schuman ကို အမှတ်တရ ဂုဏ်ပြုပေးအပ်တဲ့ ဆုဖြစ်ပါတယ်။ (Photo credit: EU)
RFA


မကွေးတိုင်းဒေသကြီးလွှတ်တော် (MOI)
မကွေးတိုင်းဒေသကြီးလွှတ်တော် (MOI)

မကွေးတိုင်းဒေသကြီး ဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ မကွေးတိုင်းအတွင်းက ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေ ထံကနေ ကောက်ယူထားတဲ့ ကျပ်ငွေ သန်း ၇ ထောင်ကျော် ပျောက်ဆုံးခဲ့တဲ့အပေါ်မှာ အထူး စုံစမ်းစစ်ဆေးရေးကနေ ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မခင်ဖြူထွေးက စုံစမ်းမေးမြန်းထားပါတယ်။

အရင်ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ အစိုးရလက်ထက်က ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေထံက ကောက်ယူထားတဲ့ ပါမစ်ခွန်တွေကို အစိုးရသစ်လက်ထက်မှာ လွှဲပြောင်းခဲ့ခြင်းမရှိတဲ့အပေါ်မှာ စပြီး ဒီပြဿနာဖြစ်လာတာပါ။ တိုင်းအစိုးရဘားဂျက် ကျပ်သန်းနှစ်ထောင်ရှစ်ရာ ပျောက်ဆုံးနေတာကို စစ်ဆေးရာကနေ ကျပ်ငွေ သန်းခုနှစ်ထောင်ကျော်အထိ ပျောက်ဆုံးနေတယ်လို့ ကနဦးစုံစမ်းမှုတွေမှာ တွေ့ရပါတယ်။ ဒီအတွက် ပြည်ထောင်စုအဆင့်စုံစမ်းမှုအဖြစ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စသုံးလုံး ကနေ ကိုင်တွယ်စစ်ဆေးနေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝင်း ဦးတင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒါက သူတို့ စုံစမ်းစစ်ဆေးနေဆဲပဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ခုနပြောတဲ့ သက်ဆိုင် ၀န်ကြီးချုပ်က ပြောလို့ဆိုပြီးတော့မှ ကျနော်တို့ သမ္မတရုံးကနေပြီးတော့မှ စုံစမ်းစစ်ဆေးခိုင်းလို့ သူတို့ အထူး စုံစမ်းစစ်ဆေးရေးနဲ့ စုံစမ်းစစ်ဆေးဆဲဖြစ်တယ်။ ကျနော်တို့ဆီကတော့ စုံစမ်းစစ်ဆေးပြီးရင် သမ္မတရုံးပဲ တင်ပေးလိုက်မှာပဲ။ အဲဒီအပေါ်မှာတော့ ဘာအရေးယူပါ၊ ညာအရေးယူပါဆိုပြီးတော့ ကျနော်လည်း မကြားသေးဘူး။ သူတို့က စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေထံကနေ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ထောင်နဲ့ချီကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲခဲ့ခြင်းမရှိတဲ့ အပေါ်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြည်သူ့လွှတ်တော်မှာ စတင် မေးမြန်းခဲ့ရာကနေ ဒီကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်လာခဲ့တာပါ။ ဒီအခြေအနေနဲ့ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းထွန်းက အခုလိုပြောပါတယ်။

“ ကျနော်တို့က ပထမစပြီးတော့ လွှတ်တော်ထဲမှာ ဒီမေးခွန်း မေးမြန်းရတာကတော့ ကျနော်တို့ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက်ဆိုပြီးတော့ ရေနံ လက်ယက်တွင်းကနေ ထွက်ရှိတဲ့ ရေနံ တွေသုံးတဲ့နေရာမှာ အခကြေးငွေတွေ ကောက်ခံခဲ့တယ်လို့ ဖွံ့ဖြိုးရေးအတွက်သုံးစွဲဖို့ ဆိုပြီးတော့တရားဝင်ကောက်ခံခဲ့တယ်ပေါ့နော်။ အဲဒီလိုကောက်ခံပြီးတဲ့ငွေတွေက မကွေးတိုင်းအတွင်းမှာ ဘာ ဖွံ့ဖြိုးရေးမှ ဘာမှမလုပ်ခဲ့လို့ ကျနော်တို့ ကြားသိတဲ့အခါကျတော့ သက်ဆိုင်ရာဒေသကနေ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊သက်ဆိုင်ရာဒေသက လက်ယက်တွင်း လုပ်ငန်းရှင်တွေကို မေးမြန်းကြည့်တော့ အမှန်တကယ်ပေးရပါတယ်။ ဟုတ်တယ်ဆိုတော့ ကျနော်က ထပ်ပြီးတော့ တက်လာတဲ့ အစိုးရသစ်ကိုလည်း ကျနော်တို့က မေးကြည့်ပါတယ်။ မေးကြည့်တော့ အစိုးရသစ်က ၀န်ကြီးများအဖွဲ့တွေ ၀န်ကြီးချုပ်တွေကလည်း ဟုတ်တယ်၊ ဒါတွေက ကြားသိရတယ်၊ ဒါပေမယ့် မမေးခဲ့ဘူး အဲဒီတော့ လွှဲပြောင်းတာတွေလည်းမရှိဘူးဆိုတော့ ကျနော်တို့လွှတ်တော်အတွင်းမှာ တင်ပြခြင်းဖြစ်ပါတယ်။ တချို့ကတော့ အခွန် ဒသမ ၄၅၉ ရပါတယ် ၊ အခွန် ဒသမ ၄၅၉ ကျော်ကျော် ဘီလီယံတွေရပြီးတော့ မကွေးတိုင်း ဖွံ့ဖြိုးရေးအတွက် ၄.၁၈ ဘီလီယံကျော် သုံးစွဲထားတယ်လို့လည်း တရားဝင်ထွက်ဆိုထားပါတယ်။ နောက်တခါ ငွေရေးကြေးရေး ချေးငွေတွေ မှာလည်း ၁.၅၇၅ ချေးထားတာကိုလည်း သိရပါတယ်။ အဲဒီမှာတင်မကဘူး သူတို့ရဲ့ USDP အတွင်းမှာ ၁.၇ ဘီလီယံကျော်သုံးစွဲထား တယ်ဆိုပြီးတော့လည်း ဖြေကြားထားပါတယ်။ အဲဒါကတော့ ပြည်ထဲရေးကနေပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မတီ ကနေမှ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို စာနဲ့ပေးထားတဲ့ အကြောင်းအရာတခုပါခင်ဗျ။”

အရင် ကြံခိုင်ရေးအစိုးရလက်ထက် မကွေးတိုင်းဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့သူ ဦးဘုန်းမော်ရွှေဟာ သဘောထားတင်းမာသူတဦးအဖြစ် နယ်မြေအတွင်းမှာ ကျော်ကြားခဲ့တာပါ။ စစ်အစိုးရလက်ထက်မှာတော့ မကွေးတိုင်းအေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီအဖြစ် ဆောင်ရွက်ခဲ့သူပါ။ ဦးသိန်းစိန်သမတအဖြစ်ဆောင်ရွက်တဲ့ အရပ်သားအစိုးရတက်လာတဲ့အချိန်မှာ မကွေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး၊ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားသူတဦးအဖြစ် ဒီမိုကရေစီအတိုက်အခံအင်အားစုတွေအကြား သိမြင်ထားကြပါတယ်။ အန်အယ်ဒီဦးဆောင်တဲ့ အစိုးရတက်ပြီး အစိုးရအပြောင်းအလွှဲလုပ်ချိန်မှာ တိုင်းအစိုးရသစ်ထံကို ငွေစာရင်းတွေကို စံနစ်တကျ ကိုယ်တိုင်လွှဲပြောင်းခြင်းမရှိခဲ့ဘူးလို့လည်း လွှတ်တော်အမတ်တဦးက ပြောပါတယ်။
VOA Burmese News


အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေသည့် နိုင်ငံများစာရင်းတွင် ယခုအခါ မြောက်ကိုရီးယားကို ပြန်လည်ထည့်သွင်းရန် အမေရိကန် လွှတ်တော်က အတည်ပြုလိုက်သည်။

ယခင် ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားတို့ကို ယင်းစာရင်းမှ ဖယ်ရှားပေးထားခဲ့သော်လည်း ယခုအခါ အခြေအနေအရ ယင်းနိုင်ငံကို အကြမ်းဖက်မှုထောက်ခံသူ စာရင်း၌ ပြန်လည် ထည့်သွင်းသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်းဆိုချက်ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ မြောက်ကိုရီးယားကို ယင်းစာရင်းတွင် ပြန်လည်ထည့်သွင်းရေးအဆိုပြုချက်ကို အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၉၄ မဲ ကန့်ကွက်မဲ တစ်မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားတို့အနေဖြင့် ယင်း နိုင်ငံများစာရင်းတွင် ယခင်ကလည်း ပါဝင်ထားခဲ့ဖူးပြီး ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကမှ ဖယ်ရှားခံထားရသေးသည်။ ယင်းအချိန်ကမူ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်က ယင်းနိုင်ငံကို နျူလက်နက်ဖြုတ်သိမ်းရေး စေ့စပ်ဆွေးနွေးလိုသည့်အနေဖြင့် ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှု အားပေးအားမြှောက်ပြုထားသူ နိုင်ငံများစာရင်း၌ ယခင်က ကျူးဘား၊ အီရတ် ၊လစ်ဗျား နှင့် အာဖဂန်နစ္စတန်တို့ ပါဝင်ခဲ့ဖူးပြီး ယခုအခါ ဆူဒန်၊ ဆီးရီးယား နှင့်အီရန်တို့ ပါဝင်နေလျက်ရှိသည်။

Mizzima - News in Burmese
http://www.mizzimaburmese.com/article/25631


ဧပြီ ၃ ရက်​က ပဲခူးတိုင်း ပြည်​ခရိုင်​ ပြည်​မြို့ ဘူတာဝင်း နှင့်​ မြင်းစီး​ကျောက်​ရုပ်​အနီး အုပ်​စုဖွဲ့ ဓါးကိုင်​ ရမ်းကားသူများကို ရဲတပ်​ဖွဲ့က သွား​ရောက်​ဖမ်းဆီးခဲ့​သော်​လည်း ၎င်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

"ကျ​နော်​တို့ဆီကို ဖုန်းဝင်​လာလို့ကျ​တော်​တို့လည်း သွားဖမ်းတာပဲ။ ဟို​ရောက်​​တော့ ဘယ်​သူမှမ​တွေ့ရဘူး "ဟု ပြည်​မြို့မရဲစခန်းမှတာဝန်​ကျရဲတပ်​ဖွဲ့ဝင်​က ​ဆိုသည်​။

ထို​နေ့ည ၁၁ နာရီအချိန်​က ဗိုလ်​ချုပ်​မြင်းစီး​ကျောက်​ရုပ်​အနီးတွင်​ ဆိုင်​ကယ်​နှစ်​စီးဖြင့်​ လူ​ငယ်​​လေး​ဦး ​ရောက်​ရှိလာပြီး လမ်းသွားလမ်းလာများကို စိန်​​ခေါ်ရန်​စခြင်း၊ ဓါးရှည်​များဖြင့်​ လိုက်​ခုတ်​ခြင်းများ ပြုလုပ်​ခဲ့သည်​။

"ဆိုင်​ကယ်​တစ်​စီးကို နှစ်​​ယောက်​စီးလာတယ်​။ ပစ္စည်းလုတာလည်းမဟုတ်​ ရန်​ဖြစ်​တာလည်းမဟုတ်​ သက်​သက်​မဲ့ကို အ​ကြောင်းမဲ့ လိုက်​ခုတ်​​နေတာ"ဟု မျက်​မြင်​သက်​​သေတစ်​ဦးက​ပြောသည်​။

အဆိုပါလူစု၏ ရမ်းကားမှု​ကြောင့်​ တစ်​​စုံတစ်​​ဦးမှ ထိခိုက်​မှုမရှိ​သော်​လည်း လူအများ အထိတ်​တလန့်​ ဖြစ်​ကာထွက်​​ပြေးခဲ့ရသည်​ဟု မျက်​မြင်​များက ဆိုသည်​။ လူစုမှာ ၁၀မိနစ်​ခန့်​ ရမ်းကားမှုများပြုလုပ်​ခဲ့ပြီး မြင်းစီး​ကျောက်​ရုပ်​ကို တစ်​ပတ်​ပတ်​ကာ ဗိုလ်​ချုပ်​လမ်းအတိုင်း ပြန်​လည်​ထွက်​ခွာသွားခဲ့သည်​။

၎င်းတို့ ပြန်​သွားပြီးမကြာမှီ ဆိုင်​ကယ်​ ၇စီး​ဖြင့်​ တီရှပ်အင်္ကျီအဖြူ​ရောင်​ဝတ်​ လူငယ်​ ၁၀​ဦးကျော်​ ထပ်​မံ​ရောက်​ရှိလာခဲ့ပြီး ၎င်းတို့ကမူ ဗိုလ်ချုပ်ကျောက်ရုပ်အား ၃ပတ်ပတ်ပြီး အလေးပြုကာ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း မျက်မြင်များ၏ ပြောပြချက်အရ သိရသည်။

ဗိုလ်​ချုပ်​​ကျောက်​ရုပ်​ အဝိုင်းပတ်​တွင်​ ရဲကင်းရှိပြီး၊ လုံခြုံ​ရေးကင်​မရာများ (CCTV) တတ်​ဆင်​ထား​​​သော်​လည်း ထို​နေ့ညပိုင်းက ရဲလုံခြုံ​ရေးများမ​တွေ့ရ​ပေ။

ပြည်​မြို့ဗိုလ်​ချုပ်​လမ်း၊ ရန်​ကုန်​ပြည်​လမ်း၊ ​ရွှေတစ်​​ချောင်းလမ်းတို့တွင်​ လူငယ်​များ အရက်​​သေစာ​သောက်​စားကာ ဆိုင်​ကယ်​ပြိုင်​​မောင်းခြင်း၊ ​ရှေ့ဘီး​ထောင်​စတန့်​ထွင်​​မောင်း နှင်​ခြင်း၊ အိပ်​​ဇောဖြုတ်​​မောင်းခြင်း၊ အသံ​ပြောင်း​ထား​သောဟွန်းများ တပ်​ဆင်​​မောင်းနှင်​ခြင်းများပြုလုပ်​​လေ့ရှိသည်​။ အဖွဲ့လိုက်​ဆိုင်​ကယ်​စီးခြင်းများနှင့်​အတူ အုပ်​စုဖွဲ့ရန်​ဖြစ်​မှုများ ဖြစ်​​ပေါ်လာနိုင်​သည်​ဟု မြို့ခံများက သုံးသပ်​ကြသည်​။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/25643


တရားသူကြီးတွေ လာဘ်စားရင် ရာထူးကဖယ်ရှားတာသာ အမြင့်ဆုံး လုပ်ဆောင်နိုင် တာကြောင့် ထိရောက်တဲ့ အပြစ်ဒဏ်ပေးနိုင်ဖို့အတွက် တရားရုံးမှာ တရားစွဲဆိုကြဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၄ ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ အန်အယ်လ်ဒီပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့ ၁ နှစ်တာသက်တမ်းအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးရဲ့ ပြုပြင်ပြောင်းလဲတိုးတက်မှု အခြေအနေတင်ပြတဲ့ သတင်းစာရှင်းလင်းပွဲတခု ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောပါတယ်။

“တရားရုံးကို တကယ်တိုင်ကြားတဲ့ကိစ္စတွေဆိုရင် အရင်ဆုံး စုံစမ်းစစ်ဆေးမှု လုပ်ပါတယ်။ သေချာတာကတော့ လာဘ်ပေးလာဘ်ယူ တိုင်ကြားမှုရှိခဲ့ရင် သိတာပဲဖြစ်စေ၊ သတင်းကျော်စောတာပဲ ဖြစ်စေ တင်ပြတဲ့အချက်တွေမှာ တချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပါတယ်။ ပေါ်ပေါက်ရင် ပေါ်ပေါက်တဲ့အတိုင်းပေါ့နော်။ အရေးယူဆောင်ရွက်သလို လာဘ်ပေးလာဘ်ယူ ကော်မရှင်ဘက်က နေ တင်ပြလာတဲ့ သူတို့စုံစမ်းစစ်ဆေးချက်အရ ကျမတို့ကို လွှဲပြောင်းပေးတာဖြစ်ဖြစ်၊ ဒီဘက်ကနေ ပြီးတော့ မေးမြန်းတာပဲဖြစ်ဖြစ် အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဆိုတော့ ရှိနေတုန်းပဲရှင့်”

လာဘ်ပေးလာဘ်ယူတဲ့ တရားသူကြီးတွေနဲ့ တရားရေးဝန်ထမ်းတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးအနေနဲ့ ရာထူးက ဖယ်ရှားတာသာ အမြင့်ဆုံးပြုလုပ်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အချက်အလက် ခိုင်ခိုင်မာမာ တင်ပြပြီး တရားရုံးမှာ တရားစွဲဆိုကြဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က “ဒီထက်ပိုပြီးတော့ အပြစ်ဒဏ်တွေ ချမှတ်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်က တရားရုံးမှာ တရားစွဲဆိုပါ။ အချက်လက် ခိုင်ခိုင်မာမာရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ အခုလက်ရှိ ဝန်ထမ်းဥပဒေ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရတော့ ကျနော်တို့က ရာထူးကနေ ဖယ်ရှားဖို့ပဲ တတ်နိုင်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ တရားရေးမဏ္ဍိုင်အပေါ် တိုင်ကြားတဲ့ တိုင်ကြားစာရဲ့ ထက်ဝက်ကျော်ဟာ မိမိအမှု ရှုံးနိမ့်မှုပေါ် ကျေနပ်မှုရှိတဲ့အတွက် ထပ်မံတရားရင်ဆိုင်တဲ့ တရားရုံးမှာ မိမိဘက်က လိုက်ပြီး အမှုအပေါ် အသားပေးဖို့အတွက် တင်ပြတိုင်ကြားတာဖြစ်တယ်လို့ ဆိုပါတယ်။

တရားရေးဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားမှုဟာ ၂ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့သိရပါတယ်။

တရားရေးဝန်ထမ်းတွေ အဂတိလိုက်စားမှု လျှော့ချနိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ တရားသူကြီးတွေ လေးစားလိုက်နာရမယ့် စည်းမျည်း၊ စည်းကမ်း၊ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းဖို့လိုလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ထောက်ပြပြောပါတယ်။

“တရားသူကြီးတွေ လိုက်နာရမယ့် စည်းကမ်းဥပဒေတွေ ရေးဆွဲနေတာက အခု တတိယမူကြမ်းအထိ ရောက်နေပါပြီ။ ဘယ်အချိန်မှာ ပြီးမယ်၊ ဘယ်အချိန်မှာ အတည်ပြု ပြဋ္ဌာန်းမယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး”လို့ ဒေါ်တင်နွယ်စိုးက ပြောပါတယ်။

အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာတော့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးတို့ထက် တရားရေးမဏ္ဍိုင်ဟာ ပြုပြင်ပြောင်းလဲမှု အားအနည်းဆုံး မဏ္ဍိုင်တခုဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာတော့ တိမ်းစောင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို တိုက်တွန်းကြောင်း အဆိုကို အတည်ပြုခဲ့ပါတယ်။

သတင်း – အောင်ဆန်းဦး
DVB TV News


တပ်မတော် မဟုတ်မမှန်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် တရားစွဲစွပ်စွဲခံထားရသူ ဦးမျိုးရန်နောင်သိန်း အမှုအား လာမည့်သောကြာနေ့ (ဧပြီလ ၇ ရက်)တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ပြုလုပ်သည့် တရားရုံးထုတ်တွင် တရားစွဲဆို စွပ်စွဲခံရသူ သက်သေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် /ဗဟိုသုတေသန လမ်းညွန်အဖွဲ့ ဥက္ကဋ္ဌ ဦးဟံသာမြင့်နှင့် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးအံ့ခေါင်မင်း တို့မှ သက်သေထွက်ဆိုခဲ့ကြသည်။

ထို့နောက် တရားသူကြီးမှ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာခဲ့ကြောင်း သိရသည်။ နောက်ဆုံးရုံးချိန်းအဖြစ် ၂၀၁၇ ခုနှစ် ဧပြီ ၇ ရက်နေ့သို့ ချိန်းဆိုထားပြီး တရားသူကြီးမှ အမိန့်ချမှတ်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ပုတ်ခတ်ရေးသားမှုဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရသည်။

ဦးမျိုးရန်နောင်သိန်းအား လှိုင်မြို့နယ်တွင် ရဲစခန်းတွင် (ပ)၁၀၈၉/၂၀၁၆ ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ထို့နောက် ၎င်းနေထိုင်ရာ ကမာရွတ်မြို့နယ်တရားရုံးသို့ ပြောင်းလဲစစ်ဆေးရန် လှိုင်တရားရုံးက စစ်ဆေးပြီးနောက် ကမာရွတ်မြို့နယ် ရဲစခန်းတွင် (ပ)၆၂၄/၂၀၁၆ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ပြောင်းလဲ အမှုဖွင့်လှစ်ကာ ကမာရွတ်တရားရုံးသို့ ပြောင်းလဲစစ်ဆေးခဲ့သည်။

အမှုစစ်ဆေးနေသည့် ကာလအတွင်း ဦးမျိုးရန်နောင်သိန်း အမှုလိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးမှ အာမခံအကြိမ်ကြိမ် လျှောက်ထားသော်လည်း အာမခံရရှိခဲ့ခြင်းမရှိကြောင်း သတင်းများအရ သိရသည်။

ဓာတ်ပုံ-Cho Cho(FB)
The Ladies News


ငွေကျပ် ၇ ဘီလီယံခွဲပျောက်ဆုံးမှုနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက် မကွေးတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ခေါင်းဆောင်သည့် တိုင်းအစိုးရကို စစ်ဆေးရာ USDP အတွက် ၁ ဒသ၁မ ၇ ဘီလီယံ သုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ပွင့်ဖြူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ဧပြီ ၄ ရက်တွင် The Ladies သို့ပြောသည်။

“ဖေဖော်ဝါရီ ၇ ရက်က စစ်ထားတယ် စစ်ထားတာ တွေ့ရှိချက်က ၇ ဒသ၁မ ၄၅၉ ဘီလီယံတွေ့ရှိရတယ်။ သူတို့ထွက်ဆိုချက်အရ အကိုတို့ပြောတုန်းက ၂ ဒသ၁မ ၈ ဘီလီယံ သူတို့ကို သေချာစစ်ဆေး လိုက်တော့ ၇ ဒသ၁မ ၄၅၉ ဘီလီယံ ဖြစ်သွားတယ်။ အဲ့ဒီ ဘီလီယံထဲမှာ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး ၄ ဒသ၁မ ၁၈ ဘီလီယံ သုံးစွဲခဲ့ပါတယ်လို့ ပြောထားတာတွေ့ရတယ်။ နောက်တစ်ခုက ရွှေသုခ အသေးစား ငွေရေးကြေးရေး ချေးငွေပေါ့နော်။ အဲ့ဒီမှာလည်း ၁ ဒသ၁မ ၅၇ ဘီလီယံပေးထားတယ်။ အဖွဲ့အစည်းတစ်ခုပေါ့။ နောက်တစ်ခါ USDP အတွက် ၁ ဒသ၁မ ၇ ဘီလီယံသုံးစွဲထား တယ် ဆိုတာလည်း တွေ့ရှိရတယ်” ဟု ဦးထွန်းထွန်းက ပြောသည်။

ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များထံမှ ကောက်ခံထားသည့် ငွေများ အစိုးရထံ လွှဲပေးခြင်း ရှိမရှိကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလအတွင်းက ပွင့်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက မေးခွန်းမေးမြန်း ခဲ့ပြီး နောက် ကျပ်ငွေ ၂ ဘီလီယံခွဲကျော် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရာ ပျောက်ဆုံးမှုသည် ၇ ဘီလီယံခွဲအထိရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူတို့ရဲ့ ထွက်ဆိုချက်ပေါ့။ လက်ရှိတိုင်းဒေသကြီး အစိုးရကလည်း ဒါတွေဟာ မဖြစ်သင့်ဘူး၊ ပြည်သူရဲ့ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် သုံးစွဲဖို့ကောက် ခံခဲ့တာ ပြည်သူရဲ့ ဖွံ့ဖြိုးရေးမှာသုံးစွဲရမယ်၊ ပြည်သူ့ဘဏ္ဍာကို အခုလို အဖွဲ့အစည်းတစ်ခုကနေ သုံးစွဲတာမျိုးလို ဒါတွေဟာ မဖြစ်သင့်ဘူးပေါ့။ ဒါတွေကိုလည်း အရေးယူပေးဖို့ ပြည်ထဲရေးကို ထပ်ပြီးတော့ ပြည်ထောင်စု အစိုးရကို တင်ထားတာ ကြားရပါတယ်” ဟု ဦးထွန်းထွန်းကပြောသည်။

မကွေးတိုင်းဒေသကြီးအတွက် ကျပ်ငွေ ၄ ဒသ၁မ ၁၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲခဲ့သည်ဟု ထွက်ဆိုခဲ့သော်လည်း မည်သည့်နေ ရာများတွင် ရုပ်လုံးပေါ်အောင် အကောင်အထည်ဖော် သုံးစွဲခဲ့သည်ကို မတွေ့ရှိရကြောင်း ယခင်အစိုးရ သက်တမ်းတွင်လည်း သုံးစွဲထားမှု မတွေ့ရှိ ရကြောင်း ဦးထွန်းထွန်းက ဆက်လက်ပြောကြားသည်။

အစိုးရသက်လက်ထက်တွင် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိမှုများကို မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၅ မြို့နယ်အတွက် ညီညီမျှမျှ သုံးစွဲလျက်ရှိကြောင်းလည်း ဦးထွန်းထွန်းက ဆက်လက်ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ အပါအဝင် အစိုးရ အဖွဲ့ဝင် ဟောင်းများကို တိုင်းဒေသကြီး အစိုးရ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် အပါအဝင် စသုံးလုံး၊ တိုင်းအခွန် ဦးစီးဌာန၊ တိုင်းစာရင်းစစ် အဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့မှ စုပေါင်းကာ စစ်ဆေးနေပြီး ပျောက်ဆုံးငွေများနှင့် ပတ်သက်၍ ပြန်လည် ရရှိရန် စုံစမ်းစစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

ဇော်မင်းထွန်း
The Ladies News
http://www.theladiesnewsjournal.com/news/tue-2017-04-04-1427/5627

မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ၂၀၁၆ခုနှစ် အောက်တိုဘာလ က ဖြစ်ပွားတဲ့အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်းမှာ အကြမ်းဖက် သတ်ဖြတ်တာကြောင့် အရပ်သား ၂၃ယောက်သေဆုံးပြီး ၁၀ယောက်ပျောက်ဆုံးနေ တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး က သတင်း ထုတ်ပြန်ခဲ့ပါတယ် ။ လေ့လာသူတွေကတော့ ဒီအရပ်သားတွေ သေဆုံးပျောက်ဆုံးနေတာဟာ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုအားနည်းချက်အဖြစ်သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်တာဟာ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့က စတင်ဖြစ်ပွားခဲ့တာပါ။ဒီအခင်းဖြစ်ပွားပြီးတဲ့နောက်မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သူ၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေကို တွေ့ဆုံဖြေကြားသူတွေဟာ မကြာခနဆိုသလို သတ်ဖြတ်ခံရကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒီ ၃ရက်နေ့အထိ ရရှိထားတဲ့ စာရင်းအရဆိုရင် အကြမ်းဖက်သတ်ဖြတ်ခံရသူ အရပ်သား ၂၃ယောက်ရှိပြီး ပျောက်ဆုံးနေသူ ၁၀ယောက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မောင်တောဒေသမှာ ဖြစ်ပျက်နေတဲ့အခြေအနေကို အဲဒီဒေသကို သွားရောက်လေ့လာသတင်းယူခဲ့တဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က အခုလို ပြောပါတယ်။

“အကြမ်းဖက်သမားတွေက ကျနော်တို့သိသလောက်ဆိုရင်တော့ တချို့နေရာတွေ တချို့ကျေးရွာတွေမှာ သာမန်ရွာသားလို သူတို့နေတယ်၊ တချို့တွေကျတော့ ရွာပြင်တွေဘာတွေမှာ သူတို့ဟာသူတို့နေမယ်။ နေပြီးတော့ သူတို့ သြဇာမခံတာတွေ နောက်ပြီးတော့ အစိုးရနဲ့ ပူးပေါင်းသူလို့ ယူဆသူတွေကိုတော့ ပြန်ပေးဆွဲ သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီရဲတပ်ဖွဲ့တွေ သူတို့ကိုယ်တိုင်တောင်မှာ ရွာတွေဘာတွေသွားရင် လုံခြုံရေးတွေ သေသေချာချာယူပြီးတော့မှ သွားနေရတဲ့ အခြေအနေမျိုးမှာ ဒီအကြမ်းဖက်သမားတွေကတော့ ရွာထဲမှာ ရှိချင်ရှိနေမယ်၊ သူတို့ ကိုယ်ယောင်ဖျောက်ထားမယ် အဲဒီတော့ အကာအကွယ်ပေးဖို့တော့ တော်တော်လေး မလွယ်ဘူးလို့ ကျနော်တို့ ထင်တာပေါ့နော်။”

မောင်တောခရိုင်အတွင်းမှာ အစ္စလာမ်ဘာသာဝင်ဦးရေ ၇သိန်းကျော်လောက်ရှိပြီး အများစုဟာ အစိုးရရဲ့ ထိရောက်တဲ့ အုပ်ချုပ်မှုကနေ ကင်းလွတ်နေ တာကို တွေ့မြင်ရကြောင်းလည်း ပြောပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးဖို့ဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲ ဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။

“ဒီအုပ်ချုပ်ရေး ပိုင်းက မွတ်စလင်တွေကို ထားတဲ့ သဘောထားပေါ့ အစိုးရက ထားတဲ့သဘောထားက ဒါက ကိုယ့်နိုင်ငံသားတွေ ဘာတွေလို့ သေသေချာချာ သတ်မှတ်ထားတာ မရှိတဲ့အခါကျတော့ သူစိမ်းလူလိုနေတယ်။ နေတဲ့အခါကျတော့ ဘာအချက်အလက်မှ မသိရတော့ဘူး ဆက်ဆံရေးလည်း သိပ်ပြီးတော့ မရှိဘူး။ မရှိတဲ့အခါကျတော့ ဒီအထဲမှာ ဘာဖြစ်နေတာတွေမသိသလို၊ ဘယ်လို ကာကွယ်ပေးရမယ် ဆိုတာ သူတို့ လုပ်လို့ရမှာ မဟုတ်ဘူး။ ဆိုတော့ ဒါကို ကာကွယ်ပေးဖို့ဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေရော အဓိကကျတဲ့ ဒီလူတွေကိုပေါ့နော် ၊ ကိုယ့်နိုင်ငံထဲမှာ နေတဲ့လူတွေ ၊ ကိုယ့်တရားဥပဒေ စိုးမိုးမှုအောက်မှာ ၊ ကိုယ့်အုပ်ချုပ်ရေးအောက်မှာရှိရမယ် ကိုယ်ကလည်း အကာအကွယ်ပေးရမယ်။ သူတို့ ဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်ပေးရမယ်ဆိုတဲ့ပေါ်လစီကို ပြောင်းမှရမယ်။ အဲဒါတွေ မပြောင်းနိုင်ဘူးဆိုရင်တော့ ဒီလိုပဲ ခက်ခဲနေမှာပါ။”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်က တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌ ဦးမောင်မောင်အုန်းကတော့ အရပ်သားတွေ ကာကွယ်ရေးနဲ့ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

“အခုနိုင်ငံသားမဖြစ်သေးပေမယ့်လည်း ဘာပဲပြောပြော နိုင်ငံအတွင်း မှာ နေတဲ့အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတွေ ၊ တပ်မတော် သူတို့အကုန်လုံးက လုပ်တော့လုပ်နေကြတာပဲ။ သို့သော် အဲဒီဘက်မှာ အမှန်အတိုင်းပြောရရင်တော့ တရားဥပဒေစိုးမိုးရေးက တော်တော်အားနည်းနေတယ်။ ဒီဘင်္ဂလီ အသိုင်းအ၀ိုင်းအနေနဲ့က ရိုဟင်ဂျာမှ မရရင် သူတို့က ဘာ verification လည်းမလိုဘူး ၊ နောက်နိုင်ငံသား စိစစ်ရေးလည်းမလုပ်ဘူး ဘာမှ လည်းမလုပ် ဒီအတိုင်းပဲ နေပြီးတော့မှ အစိုးရပြောတဲ့အတိုင်းလည်း မလုပ်ပဲနဲ့ သူတို့ဟာသူတို့ လွတ်လပ်သလိုအဲဒီလိုတွေ သွားတော့ ဖြစ်နေတယ်။ နိုင်ငံသားဖြစ်တာတွေ မဖြစ်တာတွေ ဘေးဖယ်လိုက် ၊ ကိုယ့်နိုင်ငံအတွင်းမှာ နေတယ်ဆိုရင်တော့ အဲဒီနိုင်ငံရဲ့ ဥပဒေကို လိုက်နာဖို့တော့ အင်မတန်အရေးကြီးတယ်။ အရေးအကြီးဆုံးကတော့ တရားဥပဒေစိုးမိုးရေးပေါ့နော်။”

တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ဒီကိစ္စတွေကတော့ နိုင်ငံတကာနဲ့ ဆက်စပ်တဲ့အခါကျတော့ ခုနက Human Rights ဆိုတဲ့ နားလည်မှုတွေက တဖက်ကတော့ ဥပဒေက ထိထိရောက်ရောက်လုပ်ရမယ်။ ပေးသင့်တဲ့အခွင့်အရေးတွေကိုလည်း လိုအပ်တဲ့အတိုင်းပေးရမယ်ပေါ့နော် ဒီိလိုတော့ သွားရမယ်ပေါ့နော်။ အခုကတော့ အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်းမှာ သူတို့က အကြောင်းကို ဖော်မယ့်လူရှိရင် သူတို့နှုတ်ပိတ်တဲ့ သဘောမျိုးဆိုတာက အဲဒီအဖွဲ့ကို ထဲထဲဝင်ဝင်နဲ့ ထိထိရောက်ရောက် နဲ့ စုံစမ်းစိစစ်ပြီးတော့မှ အရေးယူဆောင်ရွက်ဖို့ အဲလိုပဲ လိုမယ်လို့ ဒီလိုပဲ ကျနော်တို့ ထင်ပါတယ်။”

မောင်တောဒေသအကြမ်းဖက်ဖြစ်စဉ်မှာ တပ်မတော်သား ၇ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ဦးကျဆုံးခဲ့ကြောင်းနဲ့ အကြမ်းဖက် တိုက်ခိုက်သူ ၆၉ဦးသေဆုံးပြီး ချုပ်နှောင်ထားသူ၊ တရားစစ်ဆေးနေသူ ၅၀၀ကျော်ရှိကြောင်း လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
VOA Burmese News


ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့မှာ ဧပြီလ ၃ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပျက်စီးနေတဲ့အိမ်တွေကို တွေ့ရစဉ်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့မှာ ဧပြီလ ၃ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပျက်စီးနေတဲ့အိမ်တွေကို တွေ့ရစဉ်
Photo: Nay Lin Aung
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ပြီးခဲ့တဲ့နှစ်ရက်လောက်က လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့ အတွက် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့သလို တိရိစ္ဆာန်အတော်များများလည်း သေကြေခဲ့ကြတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

ဧပြီလ ၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်နဲ့ ဝန်းသိုမြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှာ နေအိမ် ၁၉ လုံး အမိုးတွေလန်ကာ အိမ်တစ်လုံးပြိုကျခဲ့ပါတယ်။ ဝန်းသိုမြို့မှာလည်း အိမ် ၇၁ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မနေ့က ကျွန်းလှမြို့မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အိမ်အလုံး ၃၀ လောက်အမိုးတွေ လန်ပျက်စီးခဲ့သလို မိုးသီးကြွေတာကြောင့် အိမ်မွေးကြက် အကောင် ၆၀၀ လောက် သေကြေခဲ့တယ်လို့ သိရပါတယ်။

မနေ့က ကချင်ပြည်နယ် ရွှေကူမြို့မှာလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်တစ်ချို့ ပျက်စီးခဲ့တယ်လို့ သိထားပေမယ့် စာရင်းအတိအကျမသိရဘူးလို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်တွေ ပျက်ဆီးခဲ့တဲ့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက အိမ်ဆောက်ပစ္စည်းတွေဝယ်ယူဖို့ ထောက်ပံ့ပေးသလို အစားအသောက်တွေကို လည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
RFA

အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) နဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) က မန္တလေးမြို့ ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနာ့ပါလကျောင်းဆောင်မှာ ဧပြီလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) နဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) က မန္တလေးမြို့ ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနာ့ပါလကျောင်းဆောင်မှာ ဧပြီလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
.
အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) နဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) က မန္တလေးမြို့ ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနာ့ပါလကျောင်းဆောင်မှာ ဧပြီလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) နဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) က မန္တလေးမြို့ ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနာ့ပါလကျောင်းဆောင်မှာ ဧပြီလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
.

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ တောင်းဆိုတဲ့ လက်မှတ် ၈ထောင်ကျော်ကို မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနထံ ဒီနေ့ ပေးပို့လိုက်တယ်လို့ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(မန္တလေး)ရဲ့ ဒုတိယဥက္ကဌ ဆရာတော်ဘဒ္ဒ န္တ ဣန္ဒောဘာသ က မိန့်ကြားပါတယ်။

ရဟန်းသံဃာတော်၊ သီလရှင်၊ ပြည်သူတွေဆီကနေ မတ်လ ၂၆ရက်နေ့ကစပြီး ဒီနေ့အထိ ကောက်ယူထားတဲ့ လက်မှတ် ၄သောင်းကျော်ရှိပြီး ၈ ထောင်ကျော်ကို ပေးပို့လိုက်တာဖြစ်တယ်လို့ ဆရာတော်ဘဒ္ဒ န္တ ဣန္ဒောဘာသ က မိန့်ကြားပါတယ်။

"ဒီနေ့မှာ မန္တလေးတိုင်းသာသနာရေးဦးစီးဌာနကို ဦးဇင်းတို့ ၂ နာရီ ၅ မိနစ်မှာ တင်လိုက်ပြီ၊ ဦးဇင်းတို့ လက်မှတ်ပေါင်းက ၄၀၀၀၀ ကျော်ရတယ်၊ ဒါပေမယ့် ဦးဇင်းတို့က စာရွက်တွေက တအားများတဲ့အတွက် ၂၂၀၀ စီပါတဲ့ စာအုပ် ၄ အုပ်လုပ်လိုက်တယ်၊ ဒါပေမဲ့ လက်မှတ်တွေကတော့ ဦးဇင်းတို့ဆီမှာ သိမ်းထား တယ်၊ တင်လိုက်တာကတော့ ၈၈၀၀ တင်လိုက်တယ်"

ကိုဆွေဝင်းကို သာသနာရေးဦးစီးဌာနက အရေးယူပေးဖို့အတွက် တောင်းဆိုတဲ့လက်မှတ်တွေကို မန္တလေးမြို့က မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဦးဆောင်ပြီး လက်မှတ်တွေ ကောက်ခံခဲ့တာဖြစ်ပါတယ်။

မဘသအဖွဲ့ဝင် ဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမီဒီယာတွေမှာ ကိုဆွေဝင်း ပြောကြားခဲ့ တာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ကို ညှိုးနွမ်းစေတာကြောင့် ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ တိုင်းသာသနာရေးဦးစီးဌာနထံ တောင်းဆိုတာဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

မန္တလေးတိုင်း သာသနာရေးဦးစီးဌာနက ကိုဆွေဝင်းအပေါ် အရေးယူမှုရှိ မရှိ အခြေအနေကို စောင့်ကြည့်သွား မှာဖြစ်ပြီး သာသနာရေးဦးစီးဌာနရဲ့ တုန့်ပြန်တဲ့အခြေအနေပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမယ် လို့လည်း မိန့်ကြားပါတယ်။

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ မဘသဆရာတော် ဦးဝီရသူကို ပါရာဇိက ကျသွားပြီဆိုတဲ့ ရဟန်းတော်တစ်ပါးရဲ့ မိန့်ကြားချက်ကို ကိုးကားပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှခဲ့တဲ့အတွက် မန္တလေးမြို့ခံ မဘသ အဖွဲ့ဝင် ဦးကျော်မျိုးရွှေ က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်တိုင်ကြားထားပါတယ်။
RFA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.