04/14/17


အရင်အစိုးရပိုင်ရုပ်သံက လွှင့်ထုတ်နေတဲ့လိုင်းနေရာတွေမှာ ပုဂ္ဂလိကရုပ်သံလိုင်းတွေနဲ့ ပြောင်းလဲလွှင့်ထုတ်ဖို့ အဆိုပြုထားတဲ့ လျှောက်လွှာ ၄၀ ကျော်ထဲကနေ ပုဂ္ဂလိကလုပ်ငန်း ၅ ခုကို အစိုးရက ရွေးချယ်လိုက်ပါပြီ။ ပဏာမရွေးချယ်ထားတဲ့ လုပ်ငန်း ၁၀ ခုကနေ နောက်ဆုံးအဆင့် ၅ ခုကိုရွေးချယ်လိုက်တာပါ။လုပ်ကိုင်ခွင့်ရတဲ့ပုဂ္ဂလိကရုပ်သံလိုင်းတွေအနေနဲ့ ဘယ်လောက်အထိလွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရနိုင်မလဲ ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြား (MRTV) ရဲ့ Free To Air Digital Channel ရုပ်သံလိုင်း ၅ လိုင်း အတွက် ထုတ်လွှင့်ခွင့်ရသွားတဲ့ ကုမ္ပဏီအဖွဲ့အစည်း ၅ ခုကို ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ ရွေးချယ်လိုက်ပါတယ်။ ရုပ်သံလွှင့်လုပ်ငန်းလုပ်ကိုင်ခွင့်ရသွားတဲ့ ကုမ္ပဏီ ၅ ခုကတော့ မဇ္ဈိမမီဒီယာကုမ္ပဏီ၊ Young Investment Group, ကောင်းမြန်မာအောင်၊ Fortune International နဲ့ DVB Multimedia Group တို့ပဲဖြစ်ပါတယ်။ အခု ကုမ္ပဏီတွေအနေနဲ့ ဘယ်လောက်အထိ သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်ရှိရှိလုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ The Myanmar Quarterly ဂျာနယ်ရဲ့ ပြင်ပဆက်သွယ်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုနေထွန်းနိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဘယ်လောက်အထိ လွတ်လပ်နိုင်မလဲဆိုတာကတော့ ၂ ပိုင်းရှိတာပေါ့နော် တခုကတော့ ဒီရုပ်သံလှိုင်းကို ပိုင်ဆိုင်သူတွေရဲ့ အာဘော်ပေါ့နော်၊ သူတို့ရဲ့ရည်ရွယ်ချက်က ဘယ်လောက်အထိ လွတ်လပ်ခွင့်ပေးမလဲ ၊ အယ်ဒီတာအဖွဲ့ကရော ဘယ်လောက်အထိလုပ်နိုင်မလဲဆိုတာပဲ ရုပ်သံလှိုင်းကတော့ လက်ရှိ ပုဂ္ဂလိက သမားတွေအတွက် ဥပမာ DVB အတွက် ဒီ ၄ လိုင်းထဲမှာ ကြည့်မယ်ဆိုရင် DVBကိုပဲ စံပြလို့ပြောရမှာပေါ့နော်။ သူ့အတွက်ကတော့ မခက်ခဲနိုင်ပေမယ့်လို့ ကျန်တာတွေက ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုတော့ ကျနော် မသိသေးဘူးခင်ဗျ။”

ဒီကုမ္ပဏီတွေအနေနဲ့ ရုပ်သံထုတ်လွှင့်ခအဖြစ်နဲ့ တလကို သိန်း ၂၀၀ ကျပ် ပြန်ကြားရေးကို ပေးသွင်းရဖြစ်ပါတယ်။ ဒါ့အပြင် တခြားကုန်ကျစရိတ်တွေလည်းရှိတာကြောင့် ဒီကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးအမြောက်အမြာလိုအပ်ပြီး ၊ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတွေရဲ့ငွေကြေးပံ့ပိုးမှုတွေနဲ့ မှီခိုနေရတယ်လို့ ကိုနေထွန်းနိုင်က ပြောပါတယ်။ ဒီအခြေအနေမျိုးမှာ မီဒီယာတွေအနေနဲ့ ပိုင်ရှင်တွေရဲ့ သြဇာလွှမ်းမိုးမှုကနေရော ဘယ်လောက်အထိ လွတ်လွတ်လပ်လပ်ဖော်ပြနိုင်မလဲ။

“ ပုဂ္ဂလိက ထဲမှာဆိုရင် တတ်နိုင်တဲ့လူက နည်းမယ်ခင်ဗျ မလွဲမသွေဒီပိုက်ဆံရှိပြီးသားဖြစ်တဲ့ သူဌေးကြီးတော့ ကုမ္ပဏီတွေကိုပဲ မှီခိုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကလည်းအစဉ်အဆက်ကြည့်မယ်ဆိုရင် ရှေ့မှာရှိထားပြီးသားဖြစ်တဲ့ Sky Net ကိုပဲ ကြည့်ကြည့် MRTV ကိုပဲကြည့်ကြည့်ကျနော်တို့က sharp ဖြစ်တဲ့သတင်းတွေက အခုအချိန်မှာ ထိုးထွက်လာတာမရှိသေးတဲ့အတွက် အားလုံးသတိထားပြီးလုပ်ကြမှာပဲ ဆိုတော့ အရင်းအနှီးကြီးတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ သတိထားရမယ်ပေါ့နော်။ ဒီအပေါ်မှာ ပိုင်ရှင်ရဲ့သြဇာလွှမ်းမိုးမှုက မြန်မာပြည်မှာ ထုံးစံအတိုင်းပဲ သူ့ကို လွန်ဆန်လို့မရတဲ့အနေအထားမျိုးကတော့ ရှိလာလိမ့်မယ်လို့ ကျနော်ထင်တယ် ။ ကျနော်မြင်တာကတော့ Editorial ပိုင်းလွတ်လပ်ခွင့်ဆိုတာကတော့ တမူထူးပြီးတော့မှ ချွန်ထွက်လာမယ့် ပုံစံမျိုးကတော့ မရှိဘူးလို့ ကျနော်မြင်ပါတယ်။”

ဒါ့အပြင် မီဒီယာတွေအနေနဲ့ လက်ဝါးကြီးအုပ်မှုတွေ ပြေပျောက်ပြီး တန်းတူယှဉ်ပြိုင်နိုင်ဖို့အတွက်ဆိုရင်တော့ မီဒီယာဥပဒေကို အမြန်ဆုံးပြင်ဆင်ဖို့လိုတယ်လို့ သူကပြောပါတယ်။ အခုထုတ်လွှင့်ခွင့်ရသွားတဲ့ ရုပ်သံလိုင်း ၅ လိုင်းထဲက မဇ္ဈိမရုပ်သံလိုင်းမှာ ထုတ်လွှင့်မယ်အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး မဇ္ဈိမသတင်းမီဒီယာဌာနရဲ့ တာဝန်ရှိသူ ဦးစိုးမြင့်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ဒီ မဇ္ဈိမ ရုပ်မြင်သံကြားလိုင်းမှာတော့ ဘာတွေပါလာမလဲဆိုရင်တော့ နံပတ်၁ကတော့ သတင်းပေါ့နော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း ၊ တိုင်းရင်းသားဒေသတွေရဲ့သတင်း တွေပါမယ်။ ပြီးတော့ ကျနော်တို့ infotainment လို့ခေါ်တဲ့ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးကို ပေါင်းစပ်ပြီးတော့ ထုတ်လုပ်တဲ့အစီအစဉ်တွေပေါ့ အဲဒါတွေပါပါမယ်။ နောက်ပြီးတော့ ဘာပါမလဲဆိုရင်တော့ ကျနော်တို့ ဖျော်ဖြေရေးသတ်သတ် အစီအစဉ်တွေပါလာပါမယ်ခင်ဗျ ။ အဲဒီတော့ ဒီဟာတွေကို ခြုံပြီးပြောမယ်ဆိုရင်တော့ ဒီဟာက Mix channel ပေါ့နော် သတင်းရယ် ပြီးတော့ ခုနကပြောတဲ့ သတင်းနဲ့ဖျော်ဖြေရေးကိုပေါင်းစပ်တဲ့ အစီအစဉ် ၊ ပြီးတော့ ဖျော်ဖြေရေးသတ်သတ်အစီအစဉ်တွေအဲဒါတွေအစုံပါပါမယ်ခင်ဗျ။”

ဒီရုပ်သံလိုင်းတွေအနေနဲ့ MRTV ရဲ့ လက်ရှိရှိနေပြီးသားစနစ်ထဲကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ MRTV က နဂိုရှိပြီးသားရုပ်သံလိုင်း ၁၄ လိုင်းထဲက လိုင်း ၃ လိုင်းကို အစားထိုးပြီး အသစ် ၂ လိုင်း နဲ့ စုစုပေါင်း ၁၆ လိုင်း ပြသသွားမှာဖြစ်ပါတယ်။
VOA Burmese News


ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ ဆီးရီးယားက လူအများအပြား သေဆုံးစေတဲ့ ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တာ အတွက် ဆီးရီးယားအာဏာရှင် Bashar al-Assad ကို နိုင်ငံတကာက ရှုံ့ချမယ့်အရေးကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

အခုလို ဗီတိုအာဏာသုံး ပယ်ချတာဟာ ရုရှားအနေနဲ့ တာဝန်ခံမှု မရှိတာဖြစ်သလို ကုလသမဂ္ဂရဲ့ သီးခြားလွတ်လပ်တဲ့စုံစမ်း စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ဖို့ပါ ဆန့်ကျင်တာ ဖြစ်ပြီး၊ ဆီးရီးယားမှာ ငြိမ်းချမ်းရေးရအောင် အထောက်အကူ တိုးမြှင့်ပေးမယ့် ဆုံးဖြတ်ချက် အတွက်ပါ ငြင်းဆန်တာ ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က လုံခြုံရေးကောင်စီကို ပြောပါတယ်။ ဒါ့အပြင် ဒါဟာ ရုရှားဟာ ဆီးရီးယားသမ္မတ Bashar al-Assad ဘက်ကနေ ရပ်တည်ဖို့ နောက်တကြိမ် ထပ်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ ကြားနေမဲက ၃ မဲရှိပါတယ်။ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန် ပြည်ထောင်စုတို့က ရေးဆွဲခဲ့တဲ့ အရေးယူမှုကို ရုရှားက ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်က ရှားရှားပါးပါး ရုရှားဘက်က မရပ်တည်ပဲ ကြားနေမဲ ပေးခဲ့တာပါ။ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ Bolivia က ကန့်ကွက်မဲထည့်ခဲ့သလို Ethiopia နဲ့ Kazakhstan တို့ကတော့ တရုတ်နည်းတူ ကြားနေမဲပေးခဲ့တာပါ။

အခု ဆုံးဖြတ်ချက် မူကြမ်းမှာ ဓါတ်ငွေ့သုံး တိုက်ခိုက်မှုကို အပစ်တင် ရှုံ့ချထားသလို ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို သိရဖို့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးဝင်ဖို့ တောင်းဆိုထားပါတယ်။ အစောပိုင်းတုန်းက အလားတူ မူကြမ်းတင်ဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မဲခွဲဆုံးဖြတ်ရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။

တကယ်လို့ ရုရှားက ပြောသလို ဆီးရီးယားအာဏာရှင်ဘက်က အပစ်မရှိဘူးဆိုရင် ဒီဆုံးဖြတ်ချက်ထဲက ပန်ကြားချက်ကြောင့် ရလာမယ့် အချက်လက်တွေကနေ သူ့မှာ အပစ်မရှိတာကို တွေ့နိုင်မှာ ဖြစ်သလို တကယ်လို့ သူ့မှာ အပစ်ရှိနေရင်တော့ ရုရှားပါ ဝိုင်းအကျဉ် ခံရနိုင်တယ်လို့ လည်း သံအမတ်ကြီး Haley ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဏာရှင် Assad ကို အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့် နေတယ် လို့လည်း သတိပေးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရန်ကုန်သင်္ကြန်အကြိုနေ့မြင်ကွင်း
ဒီကနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် မဟာသင်္ကြန်ပွဲတော်အဖွင့် အကြိုနေ့ပါ။ မြန်မာနိုင်ငံတ၀န်း၊ အထူး သဖြင့် မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေကိုဖွင့်လှစ်ပြီး စပြီးတော့ ရေကစား ပျော်ရွှင်ကြတဲ့နေ့လဲဖြစ်ပါတယ်။ အဲဒီထဲကမှ ဒီကနေ့ မနက်ပိုင်းကလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်နဲ့ အရှေ့ပိုင်းခရိုင်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားတွေကို ကျနော်/ကျမတို့ရဲ့ ဗွီအိုအေ၀ိုင်းတော်သားတွေ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့ကြပါတယ်။ အရင်ဆုံး ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရောက်ခဲ့တဲ့ ကိုကျော်ကျော်သိန်း ပေးပို့ထားတဲ့သတင်းကို နားဆင်နိုင်ပါပြီ။

"ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အခမ်းအနားကြီးကို အောင်မြင်စွာဖွင့်လစ်ပါကြောင်းကြေညာအပ်ပါတယ်ရှင်။"
၁၃၇၈ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားပဲ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်မြို့တော်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဖဲကြိုးဖြတ်ပြီးတော့ ဖွင့်လစ်ပေးခဲ့ပါတယ်။ အကအဖွဲ့မျိုးစုံကလည်း လှလှပပဖျော်ဖြေနေကြတာလည်းဖြစ်ပါတယ်။ ဒီနှစ် သင်္ကြန်ပွဲတော်ကိုလည်း မနှစ်ကလိုပဲ ပြည်သူ့သင်္ကြန်ဖြစ်အောင် စည်စည်ကားကားနဲ့ လုပ်သွားမယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ဆက်ပြီးလုပ်သွားကြပါလို့ ၀န်ကြီးချုပ်က သူ့ရဲ့အဖွင့်အမှာစကားမှာ တိုက်တွန်းပြောသွားပါတယ်။




ပါဝင်ကပြယှဉ်ပြိုင်တဲ့အကအဖွဲ့ထဲမှာ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန အကအဖွဲ့ကလည်း ၁ ဖွဲ့အပါအ၀င်ဖြစ်ပါတယ်။ ဒီမီးသတ်ဦးစီးဌာန အကအဖွဲ့ဝင်တွေကို VOA ကတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

"မေး။ ။ဒီသင်္ကြန်မှာ ဖျော်ဖြေလာတာ နှစ်ရှည်လို့ ဆက်တိုက်ဖျော်ဖြေလာတာဆိုတော့ မနှစ်ကနဲ့ ဒီနှစ် သင်္ကြန်က ဘာကွာသလဲ။
ဖြေ။ ။ဘာကွာသလဲဆိုတော့ နှစ်တိုင်းကတော့ ညီမတို့ ဖျော်ဖြေနေကြ ၊ ပြိုင်ပွဲဝင်နေကြပါပဲရှင့်။

မေး။ ။ ဆိုတော့ သင်္ကြန်မှာ ဗဟိုမဏ္ဍပ်ဖွင့်ပွဲမှာရော လာဖျော်ဖြေရတာ စိတ်ထဲမှာဘယ်လိုခံစားရသလဲ။
ဖြေ။ ။ညီမတို့ ဘယ်လိုခံစားရသလဲဆိုတော့ ၀မ်းသာပါတယ်ရှင့် ဒီလို ဖျော်ဖြေခွင့်ရတဲ့အတွက်။"

ဒီကနေ့ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ပါဝင်ပြီးတော့ ဆင်နွဲကြသူတွေထဲမှာ နိုင်ငံခြားသားတချို့ကိုလည်း တွေ့ရပါတယ်။ ဒီအထဲမှာ အမေရိကန်သူတဦးနဲ့ ပြင်သစ်နိုင်ငံသားတဦး သူတို့ နှစ်ဦးစလုံးက မြန်မာနိုင်ငံမှာ အင်္ဂလိပ်ဘာသာပြ ဆရာတွေအဖြစ် အလုပ်လုပ်ကိုင်နေကြသူတွေပါ ။ သူတို့ သင်္ကြန်ခံစားချက် ၊ ပထမဦးဆုံး သင်္ကြန်အတွေ့အကြုံကိုလည်း သူတို့က ပြောပြသွားပါတယ်။

“တကယ်ကို ပျော်ဖို့ကောင်းတာပါရှင်။ အကမယ်တွေ ဖျော်ဖြေတာကို ကျမနှစ်ကြိုက်ပါတယ်။”
“ရိုးရိုးသားသားပြောရရင် ဒါကိုကျနော်မျှော်လင့်နေတာပါ။ သိပ်ကိုလည်းကြည့်လို့ကောင်းပါတယ်။ သိပ်ကိုလည်း ရိုးရာဆန်ပါတယ်။ တကယ်ကို ပျော်စရာပါခင်ဗျ။”




ရန်ကုန်တိုင်းဝန်ကြီးချုပ်က မနက်ပိုင်းမှာ မဏ္ဍပ်ကိုဖွင့်ပေးပြီးတဲ့နောက်မှာ အနုပညာရှင်အသီးသီးက အက၊ အလှဂီတ သီဆိုဖျော်ဖြေပွဲတွေ ဆက်ပြီးတော့ ကျင်းပပါတယ်။ တခါ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဘေးမှာ ရေကစားမဏ္ဍပ် တည်ဆောက်ထားပြီးတော့ ကလေးလူငယ်အရွယ်မျိုးစုံ ရေကစားပျော်မြူးကြပါတယ်။ ရေပတ်ခံကားတွေလည်း သိပ်ပြီးကျပ်ကျပ်တည်းတည်းကြီးမဟုတ်ပေမယ့် စိတ်စိတ်ကလေးတော့ ရေပတ်ခံထွက်တဲ့အနေအထားကိုတွေ့ရပါတယ်။

တခါ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပတ်ပတ်လည်မှာ ရဲတပ်ဖွဲ့ဝင်လုံခြုံရေး တွေချထားတာကိုလည်း တွေ့ရသလို အရေးပေါ်ဖြစ်လာရင် ကူညီကယ်ဆယ်စောင့်ရှောက်ဖို့အတွက် အရေးပေါ်လူနာတင်ယာဉ်တွေ ၊ ပြီးတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု ကူညီပေးမယ့် ပရဟိတအဖွဲ့တွေ ချထားတာကိုလည်း ကျနော်တို့တွေ့ရပါတယ်။

ဒီကနေ့မဟာသင်္ကြန်အကြိုနေ့မှာ ရန်ကုန်မြို့တလျှောက် အနည်ငယ်စည်ကားတယ်လို့ ပြောလို့ရတဲ့နေရာတလျှောက်ကတော့ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပဲဖြစ်ပါတယ်။ ကျန်တဲ့ ရန်ကုန်မြို့ရဲ့နေရာအသီးသီး မှာတော့ မဟာသင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်လှုပ်ရှားနေနေကြတာတွေကို ကျနော်တို့ လှည့်လည်သွားလာကြည့်ရှု့စဉ်မှာတွေ့မြင်ရပါတယ်။ မည်သို့ဖြစ်စေ တနှစ်တခါမှကြုံကြရတဲ့ မဟာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေ နေရာအသီးသီးမှာ ပုံသဏ္ဍန်အသီးသီးနဲ့ ပျော်ရွှင်ဆင်နွဲဖို့ ရင်ခုံစောင့်စားပြင်ဆင်နေကြပြီလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ကျနော်ကျော်ကျော်သိန်းပါ၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ရှေ့ကနေပြီးတော့ သတင်းပေးပို့တာပါခင်ဗျ။

အခုနားဆင်ခဲ့ရတာကတော့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကိုရောက်ခဲ့တဲ့ ကိုကျော်ကျော်သိန်း ပြောပြသွားတာပါ။ ဆက်ပြီးတော့ ရန်ကုန်တိုင်းတွင်း ခရိုင်လေးခုမှာရှိတဲ့ မဏ္ဍပ်လေးခုထဲက တခုရဲ့ဖွင့်ပွဲကို ရောက်ခဲ့တဲ့ မမေခ သတင်း ပေးပို့ထားတာကို နားဆင်ပါ။
ကျမရောက်နေတဲ့နေရာကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အရှေ့ပိုင်းခရိုင်ဖျော်ဖြေရေး မဏ္ဍပ်မှာပဲဖြစ်ပါတယ်။ အရှေ့ပိုင်းခရိုင်ဖျော်ဖြေရေး မဏ္ဍပ်မှာ အလွှာစုံက အနုပညာရှင်တွေ အကအလှဖျော်ဖြေမှုတွေနဲ့ တင်ဆက်ကပြသွားမှာဖြစ်ပါတယ်။

ဒီ ၂ နှစ်အတွင်းရန်ကုန်မြို့သင်္ကြန်ပွဲတော်တွေကို နွဲပျော်ကြတာတွေပြောင်းလဲသွားတယ်လို့ လူတော်တော်များများက ပြောကြပါတယ်။ အထူးသဖြင့်ကတော့ သင်္ကြန်ကာလအတွင်း အခကြေးငွေတွေယူပြီး မဏ္ဍပ်တွေဖွင့်တာကို တိုင်းဒေသကြီးအစိုးရက ပိတ်ပင်ကန့်သတ်လိုက်တဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက စလို့ သင်္ကြန်မဏ္ဍပ်အရေအတွက် လျှော့သွားတာမှ ဒီနှစ်ဆိုရင် မနှစ်ကမဏ္ဍပ်အရေအတွက်ရဲ့ ထက်ဝက်လောက်ပဲရှိပါတော့တယ်။ ဒါပေမယ့်လည်း သင်္ကြန်ပွဲပြောင်းလဲသွားပုံအပေါ် မတူကွဲပြားတဲ့အမြင်ရှိသူတဦးကတော့ သာကေတမြို့ခံတဦးဖြစ်သူ ဒေါ်အေးအေးအောင်ပါ။

“ဒီနှစ်သင်္ကြန်က ဘာကွဲပြားသလဲဆိုတော့ ခါတိုင်းနှစ်ဆိုရင် အတိုတွေအပြတ်တွေပေါတာပေါ့နော်။ ဒီနှစ်မှာတော့ ရိုးရိုးလေးပဲပေါ့ သီချင်းဆိုတာတွေကအစ အကုန်ရိုးရိုးလေးတွေဖြစ်တယ်။”
တဖက်မှာလည်း မြန်မာနိုင်ငံရဲမဟာသင်္ကြန်ပွဲတော်အထူးသဖြင့်ရန်ကုန်မြို့လို မန္တလေးတွေလို မြို့ကြီးတွေက ပွဲတော်တွေဟာ သာမန်လူတန်းစားတွေအားလုံးနဲ့ တန်းတူပျော်ရွှင်ဆင်နွဲနိုင်တဲ့ ပွဲတော်မျိုးမဟုတ်ပဲ ခရိုနီတွေကြီးစိုးတဲ့ အသပြာသင်္ကြန်ပွဲတော်လိုဖြစ်နေပြီလို့လဲ ပြောတာတွေရှိပါတယ်။

သင်္ကြန်ပွဲတော်မှာ လူတိုင်းပျော်ရွင်ခွင့်မရတဲ့အခြေအနေကို နားလည်ထားတဲ့အတိုင်းအဓိပ္ပါယ်ဖွင့်ဆိုသူကတော့ နောက်ထပ်သာကေတမြို့ခံတဦးဖြစ်တဲ့ ကိုထွန်းလင်းအောင်ပါ။

“ကုန်ဈေးနှုန်းတွေက ကြီးတော့ လူတွေက သိပ်ပြီးတော့အဆင်မပြေကြဘူးလေ။ အဆင်မပြေကြတော့ သိပ်ပြီးတော့ မကဲနိုင်ဘူးပေါ့နော် ၊ ဈေးအရောင်းအ၀ယ်တွေလည်းပါးပါတယ်။”

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ ရန်ကုန်တိုင်းမဟာသင်္ကြန်ပွဲတော်ကို
လူထုသင်္ကြန်ဖြစ်စေရမယ်ဆိုပြီးတော့ မနှစ်ကတည်းက ကတိပြုပြောဆိုထားတာပါ။ဒါပေမယ့်လည်း လက်တွေ့မှာတော့ အဲဒီလိုအခြေအနေမျိုးတွေ မတွေ့ရသေးကြောင်းပါ။


ကျော်ကျော်သိန်း. မေခ
VOA Burmese News







နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာအင်္ကြန်အကြိုနေ့ သပြေခက်နဲ့ ရေကစား
Photo..Myanmar State Counsellor Office

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာအင်္ကြန်အကြိုနေ့ သပြေခက်နဲ့ ရေကစား ✌✌✌

Ko Pu fb မှ



ရန်ကုန် မြို့ တော် မဟာ သင်္ကြန် ဗဟို မဏ္ဍပ်အား တွေ့ ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

    မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်တွင် ကျရောက်သော မြန်မာ နှစ်သစ်ကူး အတာ သင်္ကြန် ပွဲတော် အတွက် ရန်ကုန် မြို့ တော် မဟာ သင်္ကြန် ဗဟို မဏ္ဍပ်အား ယနေ့ ဧပြီ ၁၃ ရက်(သင်္ကြန် အကြိုနေ့ ) နံနက်ပိုင်းတွင် ရန်ကုန်မြို့ တော်ခန်းမရှေ့ ၌ စတင် ဖွင့်လှစ်ခဲ့သည်။


ယင်းဖွင့်ပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မဟာသင်္ကြန် ပွဲတော်ကြီးကို ရိုးရာ အစဉ်အလာ နှင့် အညီ ဖြတ်သန်း ကြရမည် ဖြစ်ကြောင်း ၊ နှစ်ဟောင်းတွင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၏ အကောင်းဆုံးကို ပြန်ကြည့်ပြီး နှစ်သစ်မှာ ပိုမို ကောင်းမွန်သည့် စနစ်သစ် တစ်ရပ်ကို ထူထောင်နိုင်ရန် အားလုံး ၀ိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်ကြောင်း ၊ ရန်ကုန်မြို့ တော်အား ရှေးဟောင်း အမွေအနှစ်များဖြင့် စိမ်းလန်းပြီး နေချင့်စဖွယ် စီးပွားရေး မြို့ တော်ကြီး ဖြစ်လာစေရန် ကြိုးပမ်း ကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


ရန်ကုန် မြို့ တော် မဟာ သင်္ကြန် ဗဟို မဏ္ဍပ်အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရိုးရာ အက ယိမ်းအဖွဲ့ များဖြင့် ကပြ ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com



နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဇနီး ဒေါ်စုစုလွင်တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ဇနီး မစ္စ ဖန်းလီယွမ်တို့နဲ့အတူ ဧပြီလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ Photo:Myanmar President Office
ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ပညာရေး ကဏ္ဍတွေ အတွက် တရုတ်နိုင်ငံက ယွမ် ၁ ဘီလီယံ အကူအညီပေးသွားမယ်လို့ မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်မှာ အခုလိုအကူအညီတွေပေးဖို့ အပါအဝင် သဘောတူညီ ချက် ၉ ခုတို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဧပြီလ ၁၂ ရက် မနေ့က သတင်းထုတ်ပြန်ထားတာပါ။

နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ဖို့၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အကူအညီတွေပေးဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်ဆွေးနွေး မယ့် ဆွေးနွေးပွဲတွေကိုလည်း ဆက်ပြီးကျင်းပကြဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေကြတဲ့ ကျောက်ဖြူ အထူး စီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို ဆွေးနွေးခဲ့ကြတယ် လို့ ဖော်ပြထားပေမယ့် မြစ်ဆုံစီမံကိန်းကိစ္စကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးအပါအဝင် အစိုးရဝန်ကြီးတွေဟာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြတာပါ။

အဲဒီခရီးစဉ်အတွင်းမှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မစ္စတာ လီခချန်းတို့အပါအဝင် တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


လာမယ့်စနေနေ့ ဒါမှမဟုတ် မကြာခင်ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်ဖေါက်ခွဲနိုင်ပြီး၊ ဥမင်လှိုဏ်ခေါင်း တခုမှာ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ အမေရိကန်အစိုးရနဲ့ အခြားသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ လာမယ့် စနေနေ့ဟာ မြောက်ကိုရီးယား နိုင်ငံကို တည်ထောင်ခဲ့တဲ့ Kim Il Sung ရဲ့ အသက် ၁၀၅ နှစ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားကိစ္စနဲ့ပတ်သက်လို့ ဘာမှ မှတ်ချက်မပေးချင်ပေမယ့်၊ အနီးကပ်စောင့်ကြည့်နေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ အရာရှိတဦးက VOA ကိုပြောပါတယ်။

မြောက်ကိုရီးယား မြောက်ပိုင်း Punggye-ri ဒေသ - နျူကလီးယားလက်နက် စမ်းသပ်မယ့် နေရာတခုကို ဂြိုလ်တုတခုက ဗုဒဟူးနေ့မှာ ဓါတ်ပုံရိုက်ယူ နိုင်ခဲ့ပြီး၊ အဲဒီမှာ လှုပ်ရှားမှုတွေ ဆက်ရှိနေသလို၊ အဓိက စီမံခန့်ခွဲမှုလုပ်တဲ့ နေရာမှာလည်း လှုပ်ရှားမှုအသစ်တွေ တွေ့ရကြောင်း Johns Hopkins တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန၊ အမေရိကန်-ကိုရီးယား အရေးလေ့လာနေတဲ့ 38 North website မှာဖေါ်ပြ ထားပါတယ်။

မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် နျူကလီယား စမ်းသပ်ဖို့ ပြင်ဆင်လုပ်ဆောင်မှုတွေ အဆင်သင့်ဖြစ်နေပြီလို့ နျူးကလီယားအရေး လေ့လာ စောင့်ကြည့်တဲ့ Joseph Bermudez Jr. နဲ့ Jack Liu တို့က ပြောပါတယ်။ မြောက်ကိုရီးယားက အခုလို ရန်စလာနိုင်တဲ့ အပြုမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားဖက်က စစ်ရေးပြင်ဆင်တဲ့ အရိပ်လက္ခဏာတွေတော့ မတွေ့ရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



၂၀၁၇ ခုနှစ် မန္တလေး မြို့ တော် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)
    မန္တလေး ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

    ပြောင်းလဲချိန်တန်ပြီ ဆိုသည်နှင့်အညီ ပြည်သူ့ အစိုးရက နိုင်ငံတော်ကို ပြန်လည် တည့်မတ် နေချိန်တွင် နိုင်ငံသားအချင်းချင်း အပြန်အလှန် စောင့်ရှောက်ကြရန်နှင့် နိုင်ငံတော်ကြီး ဖွံ့ ဖြိုး တိုးတက်ရေးတွင် ကိုယ်စွမ်းဆောင်နိုင်သည့် ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင် ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ နံနက်တွင် ပြုလုပ်သည့် မန္တလေး မြို့ တော် မဟာ သင်္ကြန် မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

“မြန်မာ့ ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ရဲ့ အနှစ်သာရဖြစ်တဲ့ တခြားသူတွေအပေါ် မေတ္တာ ထားပြီး ပူလောင်မှုတွေ လျော့ကျပြီး အေးချမ်းအောင်၊ ပျော်ရွှင်လန်းဆန်းအောင် ယဉ်ကျေး သိမ်မွေ့ စွာ အတာသင်္ကြန်ပွဲကို ဆင်နွှဲကြဖို့  ဖြစ်ပါတယ်၊ ယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲက ရရှိလာတဲ့ မေတ္တာ တရားတွေကို အခြေခံပြီး ကျွန်တော်တို့ အားလုံးဟာ ပြည်ထောင်စုဖွား နိုင်ငံတော်သူ နိုင်ငံတော်သား အချင်းချင်း မိသားစု ဘ၀တွေ လုံခြုံ တိုးတက်အောင် အပြန် အလှန် စောင့်ရှောက်ပေးကြရမှာ ဖြစ်ပါတယ်။ မိမိတို့ နေထိုင်ကြတဲ့ နိုင်ငံတော်ကြီး ဖွံ့ ဖြိုး တိုးတက်အောင် ကိုယ်စွမ်းဆောင်နိုင်တဲ့ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင်ရွက် ကြဖို့ လည်း မေတ္တာရပ်ခံပါတယ်” ဟု မန္တလေးမြို့ တော် မဟာသင်္ကြန် မဏ္ဍပ်ကို ဖွင့်ပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က“မေတ္တာတရားကို အခြေခံထားပြီး ပြည်သူနဲ့ အတူ ဆက်လက် ကြိုးစား ဆောင်ရွက်နေကြမှာ ဖြစ်ပါတယ်၊ နှစ်ဟောင်းက အညစ်အကြေးအားလုံးကို အတာ ရေစင် နဲ့  သွန်းလောင်း သန့် စင်ကြပြီး စိတ်သစ်၊ အတွေးအမြင်သစ်၊ ခွန်အားသစ်တွေနဲ့  နှစ်သစ်မှာ မေတ္တာတရား အခြေခံထားတဲ့ လူမှု ပတ်ဝန်းကျင်သစ်ကို အတူ လက်တွဲ ထူထောင်ကြပါစို့ ” ဟုလည်း တိုက်တွန်းပြောကြား ခဲ့သည်။


ဝန်ကြီးချုပ် မိန့် ခွန်း ပြောကြားအပြီးတွင် မန္တလေး ဂုဏ်ဆောင် မြို့မ အသင်းနာယက ဦးရွှန်းမြိုင်၊ စာရေးဆရာ သတင်းစာဆရာ မောင်သစ်လွင် (လူထု)၊ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် ဦးဝင်းမောင် တို့ အပါအ၀င် မြို့ မိ မြို့ ဖ ငါးဦးတို့ က မန္တလေးမြို့ တော် မဟာ သင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 ထို့ နောက် မန်းစည်ပင် ယိမ်းအဖွဲ့ နှင့် ကျောင်းသူအင်အား ၃၀၀ မှ ကပြဖျော်ဖြေခဲ့ကြပြီး မြို့မ ငွေငန်း အလှပြယာဉ် ဦးဆောင်သည့် မန္တလေးတိုင်း ဒေသ ကြီး ရှိ ခရိုင် ခုနစ်ခုတို့ မှ အလှပြယာဉ်များ သံချပ်အဖွဲ့ ယာဉ်များက မဏ္ဍပ်ရှေ့ တွင် ဖြတ်သန်း ဂါရ၀ ပြုခဲ့ကြသည်။

အဆိုပါ မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲသို့  မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တပ်မတော်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မိသားစု ၀င်များ တက်ရောက်ခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com



ရေကြီးနေတဲ့ဥရုချောင်းနဲ့ ဖားကန့်မြို့ မရှီကထောင်ကြိုးတံတားကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ Photo - U Tin Soe ( Pharkant Resident )
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီသင်္ကြန်အပြီးမှာ အမျိုးသားလွှတ်တော် ဥက္ကဌထံ အစီရင်ခံစာ တင်ပြသွားဖို့ရှိတယ်လို့ ဖားကန့်ဒေသကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက ပြောပါတယ်။

ရွှေတူးတာတွေ၊ မြေစာတွေ စနစ်တကျမစွန့်ပစ်တာတွေကြောင့် ဥရုချောင်းဟာ ရေလမ်းကြောင်း မကောင်းတော့ သလို ဖားကန့်ဒေသက သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတယ်လို့ အမျိုးသားလွှတ်တော် သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးကျော်သီဟက ပြောပါတယ်။

"ဥရုချောင်းက နဂိုတုန်းကဆိုရင် ကြည်ပြီးတော့မှ စိမ်းပြီးတော့ အောက်ကကျောက်ခဲလေးတွေကို မြင်နေရ တဲ့ နေရာမျိုးတဲ့၊ ဒါပေမဲ့ အခုအပေါ်ကနေပြီးတော့မှ ရွှေတူးလို့၊ ရွှေရှာလို့ပဲဖြစ်ဖြစ်၊ အပေါ်က ကျောက် စိမ်းတွေတူးတဲ့ ကုမ္ပဏီတွေကနေပြီးတော့ မြေစာပုံတဲ့နေရာတွေက မြေတွေကျကျလာရင်းနဲ့ အဲဒီဘက် ကို ရောက်လို့ပဲဖြစ်ဖြစ်၊ လမ်းတွေဖောက်လို့ပဲဖြစ်ဖြစ်၊ အမျိုးစုံသောအကြောင်းအချက်တွေပေါ် မူတည်ပြီးတော့မှ ရေလမ်းကြောင်းက မကောင်းတော့ဘူး၊ သဘာဝပတ်ဝန်းကျင်ဘက်က ကြည့်ရင် လည်း တော်တော်ပျက်စီးယိုယွင်းမှုတွေများတယ်၊ ဘယ်လောက်ကတော့ ထိန်းသိမ်းလို့ဖြစ်မလဲဆိုတာကို ကြည့်ပြီးတော့ ပြန်ရီပို့တင်ရမှာပေါ့၊ သင်္ကြန်ပြီးတော့ လောက်ပေါ့"

အဲဒီကော်မတီဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဖားကန့်ဒေသမှာ သွားရောက်ကွင်းဆင်း လေ့ လာခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အင်အားကြီး စက်ယန္တရားမျိုးစုံကို အသုံးပြုပြီး ကျောက်စိမ်းနဲ့ ရွှေတူးဖော် လုပ်ကိုင်နေမှုကြောင့် သဘာဝတောတောင်တွေ ပျက်စီးလာမှုတွေရှိနေတယ်ဆိုပြီး ဒေသခံတွေရဲ့ တိုင်ကြားမှုတွေကြောင့် သွားရောက်စစ်ဆေးတာ ဖြစ်တယ်လို့လည်း ဦးကျော်သီဟက ပြောပါတယ်။

အဲဒီလို ယာဉ်စက်ယန္တရားတွေနဲ့ အလွန်အကျွံတူးဖော်လုပ်ကိုင်နေမှုကြောင့် သဘာဝတော၊ တောင်၊ ချောင်း ၊ မြောင်းတွေ ပျက်စီးပြီး မိုးတွင်းဆို ရေကြီးပြီး နွေဆိုရေရှားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကို ဒေသခံပြည် သူတွေက ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်လွှတ်တော် သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင် ရာကော်မတီကလည်း ကျောက်မျက်ကုမ္ပဏီတွေရဲ့ ကျောက်စိမ်း တူးဖော်ရေးမှာအသုံးပြုတဲ့ စက်ယန္တရားတွေကို သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ကန့်သတ်ဆောင်ရွက်ဖို့အတွက် အစိုးရကို တိုက်တွန်း ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


ပစိဖိတ် သမုဒ္ဒရာ အနောက်တောင်ပိုင်းရှိ နယူးဇီလန်ကျွန်းစုနိုင်ငံရဲ့ မြောက်ပိုင်း ကျွန်းစု အရှေ့ဘက် ကမ်းခြေ တလျှောက် မြို့တွေက လူတွေဟာ မျိုးဆက်ပေါင်းများစွာ အတွင်းမှာ အဆိုးရွားဆုံးလို့ ခေါ်တွင်နိုင်မယ့် မုန်တိုင်း တခု ဝင်လာဖို့ရှိလို့ အိုးအိမ်တွေက စွန့်ခွာထွက်ပြေးနေရပါတယ်။

ဆိုင်ကလုန်း ကွတ်ခ် လို့ အမည်ပေးထားတဲ့ အပူပိုင်းမုန်တိုင်းဟာ လာမယ့် သောကြာနေ့ မှာ တောင်ပိုင်း ကျွန်းစုဘက် အထိ လျှင်လျှင်မြန်မြန် ကျရောက်မလာမီ ဂရင်းနစ်စံတော်ချိန် ၆ နာရီ (ဒေသစံတော်ချိန် ၁၈ နာရီ) မှာ ပင်လယ်ကနေ ကမ်းခြေကို စတင်ဝင်ရောက်မယ်လို့ ယူဆထားကြပါတယ်။

ဒီရေလှိုင်း မြင့်တက်ခြင်း၊ ပင်လယ်ရေလှိုင်းလုံးကြီးများ ကမ်းခြေကို ဝင်ရောက်ခြင်းနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

သိပ်မကြာမီက ဆိုင်ကလုန်း ဒက်ဘီရဲ့ အဖျားခတ်မှုကြောင့် ရေကြီးရေလျှံမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ နယူးဇီလန်မှာ အခု နောက်ထပ် အင်အားပြင်း ဆိုင်ကလုန်း တလုံး ဒဏ်ခံရမယ့် အခြေအနေ ဖြစ်နေပါတယ်။

အခုဆိုရင် နယူးဇီလန် မြောက် ကျွန်းစု ရဲ့ ဒေသအတော်များများမှာ နိုင်ငံတော် အဆင့် အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။

မြေပြိုကျမှုတွေ၊ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပြီး ဖြစ်တဲ့ မြေနိမ့်ပိုင်းဒေသ ကိုရိုမန်ဒဲလ် (Coromandel) မှာဆိုရင် ဒေသခံတွေကို အလျှင်အမြန် နေအိမ်တွေကနေ ထွက်ခွာကြဖို့ နှိုးဆော်ထားပါတယ်။


အရင် အပတ်က ဆိုင်ကလုန်း ဒက်ဘီ နောက်ဆက်တွဲ ရေကြီးမှုဒဏ် ခံခဲ့ရတဲ့ ပလန်တီပင်လယ်အော် မှာ ဆိုရင်လည်း အခု လာမယ့် ဆိုင်ကလုန်း ကွတ်ခ် အတွင်းမှာ မိုးရေချိန် ၁၁ လက်မ (၃၀၀ မီလီမီတာ) လောက် မိုးရွာသွန်းမယ် ခန့်မှန်းရလို့ အိမ်တချို့ ရေပြန်မြုပ်မယ့် အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဘီဘီစီရဲ့ နယူးဇီလန် နဲ့ သြစတြေးလျ သတင်းထောက် Hywel Griffith က ပြောပါတယ်။

လာမယ့် မုန်တိုင်း အတွင်း အမြင့်ဆုံး ၁ နာရီ ၉၃ မိုင် (၁၅၀ ကီလိုမီတာ) နှုန်း လေပြင်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။

ကျွန်းတခုလုံးမှာ ကျောင်းတွေနဲ့ စီးပွားလုပ်ငန်း စောစောစီးစီး ပိတ်သိမ်းထားကြပြီး ရေကြီးမှု ဒဏ် လတ်တလော ခံထားရတဲ့ မြောက်ပိုင်းကျွန်းစုက အော့ကလန် မြို့ကြီးမှာ ဆိုရင် လူတွေဟာ လာမယ့် မုန်တိုင်းအတွက် စားနပ်ရိက္ခာတွေ စုဆောင်းနေကြပါပြီ။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/



မက္ကဆီကို ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)
    မက္ကဆီကို စီးတီး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

    မက္ကဆီကိုနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသော ပြည်နယ်တစ်ခုဖြစ်သည့် Sinaloa ပြည်နယ်တွင် ဧပြီ ၁၂ ရက် အစောပိုင်းက မြေပြင်နှင့်နီးကပ်စွာပျံသန်းလာသော လေယာဉ်တစ်စီးပေါ်မှ လူသေအလောင်း သုံးလောင်းပစ်ချခဲ့ကြောင်း သိရသည်။

အသက်မသေခင် ညှင်းပမ်းနှိပ်စက်ခံထားရသည့် လူသေအလောင်း သုံးလောင်းကို လေယာဉ်ငယ်တစ်စီးက Eldorado မြို့ နှင့် Sinaloa မြို့တို့၏ မတူညီသည့် နေရာသုံးခုတွင် ပစ်ချခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်ကို Milenio နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ဒေသစံတော်ချိန် နံနက် ၇း၀၀နာရီ ဝန်းကျင်တွင် မြေပြင်နှင့်နီးကပ်စွာ ပျံသန်းလာသည့် လေယာဉ်တစ်စင်းပေါ်မှ လူသေအလောင်းများပစ်ချခဲ့သည်ဟု ဒေသခံများက သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ရုပ်အလောင်းတစ်လောင်းစီကို မတူညီသည့် နေရာတစ်ခုစီတွင် တွေ့ရှိခဲ့ရပြီး တတိယမြောက်ရုပ်အလောင်းကို ဒေသတွင်းလူမှုလုံခြုံရေးရုံး ခေါင်မိုးပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မက္ကဆီကိုနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများသည် တစ်ခါတစ်ရံ ၎င်းတို့သတ်ဖြတ်ခဲ့သူများကို တံတားပေါ်မှ ကြိုးဆွဲချထားခြင်း၊ လမ်းမပေါ်၌ ပစ်ထားခဲ့ခြင်း စသည့်ဖြင့် လူမြင်ကွင်းများ၌ ထားရှိကာ ပြိုင်ဘက်ဂိုဏ်းများအား သတိပေးလေ့ရှိသော်လည်း ယခုကဲ့သို့ လေယာဉ်ပေါ်မှ ပစ်ချခြင်းသည့် ပထမဆုံးဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



ဘင်္ဂလားဒေ့ရှ် တွင် ကြိုးပေးကွပ်မျက်ခံရသည့် အကြမ်းဖက်သမား သုံးဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဒါကာ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ ကော်မရှင်နာမင်းကြီး Anwar Choudhury အား ၂၀၀၄ခုနှစ်တွင် လက်ပစ်ဗုံးဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သော စစ်သွေးကြွအုပ်စုခေါင်းဆောင် တစ်ဦးနှင့် နောက်လိုက် နှစ်ဦးတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဧပြီ ၁၂ ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်စစ်ဆေးရေးအရာရှိချုပ် ဗိုလ်မှူးချုပ် Syed Iftekhar Uddin က မတရားအသင်း တစ်ခုဖြစ်သော Harkar-ul-Jehad-al-Islami (HUJI) အကြမ်းဖက်အုပ်စုခေါင်းဆောင် Mufti Abdul Hannan နှင့် ၎င်း၏ လက်ထောက် Sharif Shahedul Alam တို့အား ဒါကာမြို့စွန် Gazipurခရိုင် ရှိ Kashimpur အဆင့်မြင့်အကျဉ်းထောင် တွင် ဒေသစံတော်ချိန် ည ၁၀း၀၀နာရီ က ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

၎င်းက တတိယမြောက် HUJI စစ်သွေးကြွတစ်ဦးဖြစ်သည့် Delwar Hossain ကိုလည်း နိုင်ငံအရှေ့မြောက်ပိုင်း Sylhet မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် အလားတူ အချိန်၌ ကွပ်မျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com



 မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်
ပြုံယမ်းမြို့တော်မှာ အိမ်ယာတွေကော စီးပွားရေး လုပ်ငန်း နေရာတွေ ပါ ပါဝင် တဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီး တခု ပြီးစီးလို့ ဖွင့်လှစ်တဲ့အခမ်းအနား ကို အကြီးအကျယ် ကျင်းပခဲ့ပါတယ်။

ဒီ ပြုံယမ်းမြို့တော်မှာ ဆောက်လုပ်ပြီးစီးလို့ ဖွင့်လှစ်လိုက်တဲ့ တိုက်တာ အဆောက်အဉီး တွေ ဆီကို ဝင်လာတဲ့လမ်းမ ကြီးမှာ လူတွေ ထောင်ချီ ပြီး ဝင်ရောက်လာခဲ့ပါတယ်။

စစ်ယူနီဖောင်းတွေ နဲ့ အရာရှိတွေ သူတို့ရင်ဘတ်မှာလည်း ဆုတံဆိပ်တွေ အပြည့်ပါ။ နောက် မှာတော့ အနောက်တိုင်းဝတ်စုံပြည့် ၀တ်ဆင်ထားကြတဲ့ အရပ်ဘက် က သူတွေ တခါ ရိုးရာဝတ်စုံတွေ ၀တ်ဆင်ထားကြတဲ့ အမျိုးသမီးတွေ ပြည်သူတွေ အများ အပြားပါ။

ဒီလမ်းမကြီး ကို တားထားခဲ့တဲ့ ဖဲကြိုးနီကို ဖြတ်ပေးပြီး ဖွင့်လှစ်ပေးလိုက်တာ ကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ပါ။

ခမ်းနားတဲ့ဒီ ဆောက်လုပ်ရေး ပရောဂျက် ကို အခုလို အမေရိကန်နဲ့ တင်းမာချိန်မှာ ဖွင့် ပြလိုက်တဲ့ သဘော ကတော့ တို့ဘာသာ တို့ စီးပွားရေး အရ ခိုင်မာ အောင်လုပ်နိုင်တယ် ဆိုတဲ့ အချက်ပြချက် ပဲလို့ အဲဒီ ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်ဆပ်ဝတ်တ် က သုံးသပ်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကိ ကိုရီးယား ကျွန်းဆွယ်ဒေသ ဘက်မှာ အမေရိကန် စစ်သင်္ဘော အုပ်စု တခု ကို ချထားခဲ့ပြီးတော့ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တရုတ် က မကူ လည်းအမေရိကန် က ကိုယ့်ဘာသာ ကိုယ်လုပ်မှာ ဆိုတဲ့မှတ်ချက် စကား ကို ပြောထားပါတယ်။

မြောက်ကိုရီးယား ဘက်က လည်း သူတို့ ဘာသာသူတို့ အားရှိရှိနဲ့ ကာကွယ်သွားမယ် လို့ ခပ်ထန် ထန် တုန့်ပြန်ထားတာပါ။

မြောက်ကိုရီးယား နျူးကလီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာ က မဖြေရှင်း နိုင်သေးပါဘူး

တရုတ် ကတော့ ကိုရီးယား ကျွန်းဆွယ်ဒေသမှာ နျူကလီးယား ကင်းမဲ့တဲ့ဇုန်အဖြစ် လုပ်ဆောင်သွားဖို့ ပိုင်းဖြတ်ထားတယ်လို့ ပြောပြီး အခု အမေရိကန် နဲ့မြောက်ကိုရီးယား တို့ တင်းမာ တဲ့ကိစ္စမှာ တော့ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းတွေနဲ့သာ ဖြေရှင်း ကြပါလို့ သဘောထား ထုတ်ပြန်ထားတာပါ။

ပြုံယမ်း က ဆောက်လုပ်ရေး စီမံကိန်းကြီး ဖွင့်ပွဲကို တက်လာတဲ့ လူတွေ ထဲက မြောက်ကိုရီးယား နိုင်ငံသား ကင်ဆွန် ဂွတ် က

ကျနော်တို့ ရဲ့ ကြီးမြတ်တဲ့ခေါင်းဆောင် တွေ က ပထမဉီးစားပေးအနေနဲ့ စစ်ရေးအင်အားကြီးမားရမယ် ဆိုတဲ့ ပေါ်လစီ ချထားခဲ့တာ။ ခေါင်းဆောင် ကင်ဂျုံအွန်း က နျူကလီယား ပါဝါ ကို ရယူနိုင်တဲ့ ခေါင်းဆောင် ဆိုတော့ ကျနော်တို့ စိတ်အေးချမ်းသာ လုံလုံခြုံခြုံနေရတာ ပေါ့လို့ ပြောပါတယ်။

နောက်ပရိသတ် ထဲက အမျိုးသမီးတယောက် ဖြစ်တဲ့ ကင်ဘူဟွေ ကတော့

ရှေ့ ဘာဖြစ်လာမလဲဆိုတာမသိပါဘူး။ ဒါပေမယ့် ဘာမှ စိတ်ပူစရာမရှိပါဘူး။ ရှေ့ဆက်သွားဖို့ ပဲ လို့ ဆိုပါတယ်။

အခုလို မြောက်ကိုရီးယား ထဲ လုံခြုံစိတ်ချ ပါတယ် ဆိုတဲ့ အသံတွေ ပဲကြားရပေမယ့် မြောက်ကိုရီးယား နဲ့ တရုတ် နယ်စပ် ဖက် တရုတ်ဘက်အခြမ်းက သူတွေ ကတော့ စစ်ဖြစ်ခဲ့ရင် သူတို့ မြေထဲ မြောက်ကိုရီးယား က ဒုက္ခသည်တွေ ရောက်လာမှာကို စိုးရိမ်ပါတယ်။

စစ်သာဖြစ်လာလို့ ကတော့ ကျွန်းဆွယ် ဒေသတခုလုံး ကမောက်ကမ နဲ့ အကုန်လုံး ကသောင်းကနင်း ဖြစ်ကုန်တော့မှာ။ မြောက်ကိုရီးယား တင်မကဘူး တောင်ကိုရီးယား ကော စစ်ထဲပါလာတော့မှာ ။

တရုတ်သမ္မတ ရှီကျင့်ဖျင် က ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရှိဖို့ အမေရိကန် သမ္မတ ကို ပြောထားပါတယ်။ အမေရိကန်အနေနဲ့လည်း တနိုင်ငံ ထဲနဲ့တော့ စစ်ပွဲ စမယ် ဆိုတာမျိုး မလုပ်ရဲဘူးထင်ပါတယ် လို့ ဒန်ဒေါင်းမြို့ခံတယောက် က ပြောသွားပါတယ် ။

မြောက်ကိုရီးယား ကတော့ စီမံကိန်း ဖွင့်ပွဲ တေးသံ ကနေ တို့မမှု ဆိုတဲ့ သတင်းပါးနေပေမယ့် ဒေသတွင်းမှာ တော့ စိုးရိမ်မကင်း ဖြစ်နေ တာတွေ ကတော့ အထင်အရှားတွေ့နေရပါတယ်။

BBC Burmese
http://www.bbc.com/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.