04/16/17


မြောက်ကိုရီးယားဟာ စနေနေ့ကပဲ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ ဝန်မလေးဘူးလို့ ကြိမ်းဝါးထားခဲ့ပြီး နောက်တနေ့မှာ ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့တာပါ

မြောက်ကိုရီးယားရဲ့ မအောင်မြင်တဲ့ ဒုံးကျည်စမ်းမှုအပြီး နာရီပိုင်းတွင်းမှာပဲ တောင်ကိုရီးယားကိုရောက်ရှိလာတဲ့ အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က တောင်ကိုရီးယားကို အခုလို အချိန်မျိုးမှာ အရင်ကထက်ပိုပြီး ထောက်ခံမှုပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ချိုးဂျွန်းဟျော့ကတော့

'မြောက်ကိုရီးယားဟာ မနေ့ကလဲ ဒုံးကျည်တွေ အမျိုးမျိုး ပြတဲ့အပြင် ဒီနေ့လဲ ဒုံးကျည်ထပ်စမ်းပြီး တကမ္ဘာလုံးကို ခြိမ်းခြောက်နေတယ်ဆိုတော့ နောက်ထပ် ဒါမျိုးတွေ ထပ်လုပ်လာရင် ကျနော်တို့ကလည်း ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်' လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု မအောင်မြင်တာဟာ တွက်ဆထားပြီးသား ကိစ္စမဟုတ်ဘူးလို့လည်း မစ္စတာ မိုက်ခ်ပန့်စ်နဲ့အတူ ပါဝင်လာတဲ့ အမေရိကန် အရာရှိတွေက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ စနေနေ့ကပဲ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ ဝန်မလေးဘူးလို့ ကြိမ်းဝါးထားခဲ့ပြီး နောက်တနေ့မှာ ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့တာပါ။

တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ မစ္စတာ ပန့်စ်ဟာ ကိုရီးယားစစ်ပွဲအတွင်းက သေဆုံးသူတွေရဲ့ ဂူဗိမာန်ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး တနင်္လာနေ့ကျမှ တောင်ကိုရီးယားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
BBC Burmese



ဒီကနေ့ တနင်္ဂနွေနေ့ဟာ မဟာသင်္ကြန်နောက်ဆုံးနေ့ဖြစ်တဲ့ သင်္ကြန် အတက်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း သင်္ကြန်ရေကစားသူတွေ နောက်ဆုံးနေ့အနေနဲ့ အစွမ်းကုန် ပျော်မြူးကြမယ့် နေ့လည်း ဖြစ်ပါတယ်။

ဒီနှစ်မှာ သင်္ကြန်တွင်း မုန်တိုင်းကြောင့် အပူဒဏ်ကို သိပ်မခံစားကြရသလို တချို့ဒေသတွေမှာ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုဒဏ် ခံရတာမို့ အဆောက်အဦးတွေ ပျက်စီးခဲ့ရပါတယ်။

မူးယစ်သေစာ သောက်စားပြီး စည်းကမ်း မလိုက်နာမှုတွေ၊ ယာဉ်ကို မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ယဉ်တိုက်မှုတွေနဲ့ ယာဉ်တိမ်းမှောက် မှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနဲ့ အကျနေ့ ၂ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် ၈ ဦးသေဆုံးပြီး ၇၀ လောက် ဒဏ်ရာရခဲ့တာပါ။

သင်္ကြန်အကျနေ့အထိ နေပြည်တော်ကောင်စီ နယ်မြေတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၁၆၀ ကျော်ရှိနေသလို မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကို ရောက်လာတဲ့ လူနာ သုံးရာကျော်ရှိခဲ့ပြီး သေဆုံးသူက ၅ ဦး ရှိခဲ့ပါတယ်။ မုံရွာမြို့မှာလည်း သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ပြီး အဓိက ယာဉ် မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွါးမှုတွေကြောင့်သေဆုံးသူတွေ ရှိခဲ့တာပါ။

ဒီနှစ် သင်္ကြန်မှာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ၊ တိုင်းရင်းသား ဒေသတွေအားလုံးမှာ သင်္ကြန်ကို စည်စည်ကားကား ဆင်နွှဲခဲ့ကြပါတယ်။ အလှပြကားတွေ၊ စတုဒီသာ အကျွေးအမွေးတွေ၊ သံချပ်ပြိုင်ပွဲတွေနဲ့ စည်ကားပျော်ရွှင်နေကြသလို မန္တလေးမှာတော့ ကျုံးဘေးမှာ လမ်းလျှောက် သင်္ကြန်ကို ဆင်နွှဲခဲ့ကြပါတယ်။
VOA Burmese News


ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ် စစ်တွေနဲ့ သံတွဲကြား ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် ညနေ ၆ နာရီနောက်ပိုင်း ဘယ်သူမှ မနေကြတော့ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧပြီလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယသမ္မတဦးဆောင်တဲ့ အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဗဟို ကော်မတီ အရေးပေါ်အစည်းအဝေးအပြီးမှာ အခုလို ပြောတာပါ။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ” မာရသာ ” (Maarutha) နဲ့ပတ်သက်ပြီး ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ဒုတိယသမ္မတဦးဆောင်တဲ့ အမျိုးသားသဘာ ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုကော်မတီ အရေးပေါ်အ စည်းအဝေးပြုလုပ်ခဲ့တာပါ။

ဒေါက်တာဝင်းမြတ်အေးက “မုန်တိုင်းမိုင်က အမျိုးမျိုးပြောင်းလဲနေတယ်။ အခုဟာက ပြောလို့မရတာ တစ်နာရီကို မိုင် ၄၀၊ ၅၀၊ ၆၀ ဆိုတဲ့ အပြောင်းအလဲတွေ ရှိတယ်လေ။ အဲဒီအပြောင်းအလဲတွေက ကျနော်ကတော့ ကံကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆို လျော့သွားနိုင်တဲ့ အလားအလာလည်းရှိတယ်လို့ ပြောတယ်၊ ဒါပေမယ့် ကျနော်တို့က ပေါ့လို့မဖြစ်ဘူး။ အဓိကက အဲဒါ အရေးအကြီးဆုံးပဲ။ ဘာလို့လဲဆို လာနေတာတော့ တကယ်လာနေပြီ အန္တရာယ်ပေး မပေးဆိုတာ ဘယ်သူမှ အတတ်မပြောနိုင်ဘူးပေါ့။ ပုံမှန်အားဖြင့်တော့ အန္တရာယ်က လျော့နိုင်တဲ့ အလားအလာတော့ ရှိတယ်။ ဒါပေမယ့် ကြိုတင်ပြီးတော့ အသိနဲ့ သတိနဲ့ ရှိနေရမယ်။ ဆက်ပြီးတော့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကတော့ အားသွန်ခွန်စိုက်လုပ်နေမယ်။ တကယ်မုန်တိုင်းသက်ရောက်မယ်လို့ တိုက်ရိုက်ပြောထားတဲ့နေရာတွေ ရွှေ့မယ်။ ရွှေ့မယ်ဆိုတာ အတတ်နိုင်ဆုံး ရွှေ့မယ်။ အချိန်ကိုက်ရွှေ့မယ်။ ရွှေ့မယ်ဆိုတာ အခုနက တင်ပြချက်တွေကို စိစစ်လိုက်တဲ့ အခါကျတော့ ဒီညနေ ၆ နာရီမှာ ရွှေ့ကိုရွှေ့ရမယ်။ နေ့လည် ၁၂ နာရီမှာ သေချာပေါက် ၀င်နိုင်တဲ့သဘောရှိတာကို။ အဓိကကတော့ ရခိုင်ဘက်ပဲ။ ၆ နာရီမှာ ရွှေ့လို့ရအောင်ဆိုပြီး Alert လုပ်နေတယ်။ နှိုးဆော်နေမယ်။ ရွှေ့ပြီးတော့ နေလိုက်တာ မမှားဘူး။ တကယ် တန်းဖြစ်နိုင်တဲ့နေရာတွေက လူတွေက ရွှေ့လိုက်တာအကောင်းဆုံးပဲ။ ဒါကို တိုက်တွန်းနှိုးဆော်မယ်။ ပူးပေါင်း ဆောင်ရွက်မယ်။ နေ့လည် ၁၂ နောက်ပိုင်းမှာတော့ အန္တရာယ်ရှိပါတယ်။ ညနေ ၆ နာရီနောက်ပိုင်းမှာတော့ သေချာပေါက်မနေပါနဲ့တော့ ဒါကို နိုးဆော်ထားပါတယ်” လို့ ပြောပါတယ်။

ဒီအစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ် ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မာရသာ(Maarutha) ဟာ အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်ဘက်(၁၅၈)မိုင်ခန့်၊ ဂွမြို့ရဲ့ အနောက်- အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် မိုင်(၁၇၀)ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် (၁၉၅)မိုင်ခန့်နဲ့ စစ်တွေမြို့ရဲ့ အနောက်တောင် ဘက်(၂၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရပြီး မြန်မာနိုင်ငံကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားကနေ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းရသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

=============

DVB TV News

http://burmese.dvb.no/archives/201524

ဆိုင်ကလုန်းမုန်တိုင်း မာရသာ ဟာ ဒီည သန်းခေါင်မတိုင်ခင် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲမြို့အနီးကနေ ၀င်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ တနင်္ဂနွေနေ့လယ် ၁၂ နာရီကနေ နောက် ၁၂ နာရီအတွင်း ၀င်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းဝင်တဲ့အခါ လေတိုက်နှုန်း ၅၀ ကနေ ၆၀ လောက်အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်တို့အပြင် မြန်မာပြည်အလယ်ပိုင်းက စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီး စတဲ့ဒေသတွေဘက်မှာလည်း မိုးသက်လေပြင်းကျနိုင်တယ်လို့ မိုးလေ၀သ ဌာနက ခန့်မှန်းထားပါတယ်။

မာရသာမုန်တိုင်း အရှိန်ကြောင့် ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းက ရွာတစ်ရွာမှာတော့ ဒီနေ့မနက်က လူနေအိမ်တစ်လုံး အုန်းပင်ပိပြီးနောက် လူတစ်ဦးသေဆုံးခဲ့တယ်လို့ အစိုးရသတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။

ပုံ - MIMU / TSR
BBC Burmese


``ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၆)၊
၂၀၁၇ ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ,,
==================
(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် နှင့်ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။

(ခ) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်း‌ခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီ ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
=================================================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ အချိန်တွင် မြောက် လတ္တီကျု(၁၇.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၀) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ် ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
==============================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့မွန်းတည့်မှ နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါ သည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့် ဆုံးလေတိုက်နှုန်း မှာ တစ်နာရီ လျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်
နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

(ဃ) ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်း ရိုးတန်းဒေသ ကျောက်ဖြူမြို့၊ သံတွဲမြို့နင့် ဂွမြို့တို့၏ ကမ်းခြေဒေသ များတွင် (၄)ပေမှ (၆)ပေခန့်၊ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသ များတွင် (၂) ပေမှ (၄)ပေခန့်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်း ရပါသည်။

သတိပေးနှိုးဆော်ချက်
===============
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၁၆.၄.၂၀၁၇) ရက်နေ့မှ (၁၇.၄.၂၀၁၇) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက် ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ် မှနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း ဒေသ ကြီးအာက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင်နေရာကွက်၍ မိုးကြီး နိုင်ပါသည်။

အကြံပြုချက်
==========
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ် ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိ ပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်။ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မာရသာ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ည သန်းခေါင်ယံအချိန်မှာ ရခိုင်ကမ်းရိုးတန်းဘက်ကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်လိုက်ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ သံတွဲမြို့ကြားကို ဖြတ်ကျော်မှာဖြစ်တဲ့အတွက် အဲဒီဒေသမှာနေထိုင် သူတွေ အန္တရာယ်ကင်းလွတ်နိုင်တဲ့နေရာတွေကို ရှောင်ရှားဖို့ လိုနေပြီလို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

" လေဖိအားကတော့ တစ်နာရီ လေတိုက်ခိုက်နုန်းကတော့ မိုင် ၅ဝ၊ ၆ဝ လောက်ရှိတယ်ပေါ့နော်။ မုန်တိုင်း က ဒီည သန်းခေါင်လောက်မှာ စစ်တွေနဲ့ သံတွဲကြားကနေ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အနီရောင်အဆင့်ထုတ်ပြီဆိုရင်တော့ မိမိတို့ဒေသက ဘေးအန္တရာယ်ကျရောက်တဲ့ နေရာမှာရှိပြီဆိုရင် မုန်တိုင်းဘေးလွတ်တဲ့နေရာတွေကို ရှောင်ရှားရမယ့် အနေထားလေးတွေ ရှိတယ်ပေါ့နော်။ အခိုင်အမာရှိတဲ့ အဆောက်အဦးတွေ၊ လေကွယ်ရပ်မှာရှိတဲ့ တောင်ကုန်းတောင်တန်းတွေမှာ ရှောင်ရှား ဖို့တော့ လိုလာပြီပေါ့နော်"

အနီရောင်အဆင့် သတ်မှတ်ချက်ဟာ မြန်မာ့ကမ်းရိုးတန်းကို ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ဖြတ်ကျော်နိုင်တဲ့အတွက် ကြိုတင်ရှောင်ရှားဖို့ သတိပေးချက်ဖြစ်ပါတယ်။

မာရသာ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒီနေ့နဲ့ မနက်ဖြန်မှာ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ရခိုင်၊ ကယားနဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာနိုင်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးနိုင်ပါတယ်။

ဒါ့အပြင် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူ မြေပြိုတာတွေလည်း ဖြစ်နိုင်တဲ့အတွက် ကုန်းမြင့်အနီးမှာ နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကို သတိထားဖို့လည်း ပြောပါတယ်။

ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနားမှာ နေထိုင်သူတွေအနေနဲ့လည်း ရေကြီး၊ ရေလျှံ တာတွေဖြစ်နိုင်တာကြောင့် သတိထားနေထိုင်ဖို့ ကြိုတင်ကြေညာထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


နေပြည်တော် ဧပြီ ၁၆

ဆိုင်ကလုန်းမာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင် ရွက်ရေး အတွက် အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲ ၁၁ နာရီခွဲတွင် နေပြည်တော် ရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ တွေ့ဆုံ ဆွေးနွေး လျက်ရှိသည်။

ယခု ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်မုန်တိုင်း ကြိုတင်ပြင်ဆင်မှုများအနေဖြင့်

- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန(EOC)ကို (၂၄)နာရီဖွင့်လှစ်ထားရှိပြီး မုန်တိုင်းအ‌ခြေအနေကို စဉ်ဆက်မပြတ်လေ့လာ သုံးသပ်ကာ အချိန်နှင့်တပြေးညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း၊

- ပို့ဆောင်ဆက်သွယ်ရေး မပြတ်တောက်စေရေး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီများနှင့် စဉ်ဆက်မပြတ်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊

- တပ်မတော်အနေဖြင့် လည်း ရဟတ်ယာဉ်များ၊ လေယာဉ်များနှင့်ဆေးတပ်ဖွဲ့များကို အသင့် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ တပ်ရင်းတပ်ဖွဲ့များ အဆင်သင့်ဖြစ်စေ ရေးဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊

- သက်ဆိုင်ရာဒေသများရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့များ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ရွှေ့ပြောင်းရေးအတွက်ကြိုတင်စီမံထား ရှိခြင်း၊ ပြည်သူသို့ မုန်တိုင်းအသိပေးလှုံ့ဆော်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်းများ စုဆောင်ထားရှိခြင်း၊ စားရေရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများကြိုတင် စုပုံထားရှိခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊

- ပြည်သူလူထုအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက်လည်း ကြိုတင်ပြင်ဆင်ထားရှိကြောင်း၊

- သတင်းထုတ်ပြန်ရေးများနှင့် ပတ်သက်၍လည်း မုန်တိုင်းအခြေအနေကို စဉ်ဆက်မပြတ်သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ပြည်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်လည်း မုန်တိုင်းအသိပညာပေး အချက်အလက် များကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိကြောင်း၊

- ရိတ်သိမ်းပြီးသောစိုက်ပျိုးသီးနှံများ ကိုလည်း ဘေးလွတ်ရာအခိုအကာများသို့ ရွှေ့ပြောင်းထားနိုင်ရေး တောင်သူလယ်သမားများသို့ နှိုးဆော်ထားပြီးဖြစ်ကြောင်း၊

- ဆက်သွယ်ရေး မပြတ်တောက်စေရန် အတွက်လည်း ဆက်သွယ်ရေး အရန်စက်များ အဆင်သင့်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း ဆွေးနွေးကြပါသည်။


မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ (၁၆-၄-၂၀၁၇)နေ့ ရရှိသည့် သတင်းအခြေအနေအရ ယနေ့ည သန်းခေါင်ယံနှင့် (၁၇-၄-၂၀၁၇)နေ့ နံနက်(၆) နာရီခန့်အကြားတွင် ရခိုင်ပြည်နယ် စစ်တွေနှင့်သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၄၀) - (၅၀)ခန့်ဖြစ်နိုင်ကြောင်း တိုင်းတာရရှိသဖြင့် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်သည့် ဒေသများတွင် ပြည်သူများကို ပိုမိုဘေးကင်းလုံခြုံစိတ်ချရစေရန်အတွက် (၁၆-၄-၂၀၁၇)နေ့ ညနေ(၆)နာရီ နောက်ဆုံးထား၍ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာနေရာများသို့ စနစ်တကျ ရွှေ့ပြောင်း ထားရန်လိုအပ်ကြောင်း၊ ကမ်းခြေများတွင် ရောက်ရှိအပမ်းဖြေနေသူများ ဘေးလွှတ်ရာသို့ ပြန်လည်ထွက်ခွာ ကြရန်လိုကြောင်း၊ ဒေသအလိုက်ပြောင်းရွှေ့ရန် လိုအပ်မှုများကိုအကြံပြုကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ အစည်းအ‌ဝေးတွင်းမှ တိုက်ရိုက်ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။


ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရှိ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC) တွင် မုန်တိုင်း၏နောက်ဆုံးဖြစ်ပေါ် နေမှုအခြေအနေများကို ကြည့်ရှုကာ အချို့နေရာများသို့ အရေးပေါ်ဆက်သွယ်နိုင်ရေး ကြိုတင်ထားရှိသည့် ရေဒီယို လှိုင်းသုံးဆက်သွယ်ရေးစနစ် (Single Side Band-SSB) လက်တွေ့အသုံးပြုမှု ပြသခြင်းကို ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း တိုက်ရိုက်ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
နောက်ဆုံးတိုင်းထွာချက်များအရ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ၁၆ ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ သံတွဲမြို့အနီးမှ ဖြတ်ကျော် ၀င်ရောက် မည်ဟု ခန့်မှန်း ထားသည်။

လေတိုက်နှုန်းမှ ယခင်ခန့်မှန်းထားသည့် တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ နှုန်း ထက် လျှော့နည်းမည်ဟု သိရသည်။

State Counsellor Office Information Committee
https://www.facebook.com/MyanmarSCOInfoCom



မန်းရွှေစက်တော်ဘုရားပွဲမှာ ရောက်ရှိနေတဲ့ ဘုရားဖူးတွေနဲ့ ဈေးသည်တွေ ဧပြီလ ၁၆ ရက်နေ့က မန်းချောင်းရေတွေ တိုးလာနိုင်တဲ့ အတွက် ထွက်ခွာကြစဉ်။ Photo: Tun Min Naung
မုန်တိုင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မိုးရွာနေပြီး မန်းချောင်းရေတွေ တိုးလာနိုင်တဲ့အတွက် နှစ်စဉ် ကျင်းပနေတဲ့ မန်းရွှေစက်တော်ဘုရားပွဲမှာ ရောက်ရှိနေတဲ့ ဘုရားဖူးတွေနဲ့ ဈေးသည်တွေကို ညနေ ၃ နာရီ နောက်ဆုံးထားပြီး ပြန်လည်ထွက်ခွာဖို့ ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့က ကြေညာနေပါတယ်။

မန်းချောင်းအတွင်းကို တောင်ကျရေတွေ ကျလာနိုင်တာကြောင့် ဘုရားဖူးနဲ့ ဈေးသည်တွေ ဘေးကင်းဖို့ အတွက် ပြောင်းရွှေ့ခိုင်းတာဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင် ဦးအောင်ကြည် က ပြောပါတယ်။

"သူတို့က ဂုတ်ကြီးဘက်ကနေ ချောင်းရေတွေကျလာလို့ ၃ နာရီအတွင်း ရွှေစက်တော်ကို ရောက်နိုင်တယ် ဆိုပြီး ကြေညာချက် လော်စပီကာနဲ့ အော်ပါတယ်။ သတိပေးထားတယ်။ ကားတွေကို အချိန်မီထွက်သွားဖို့ ၊ ရွှေ့ကြပြောင်းကြတုန်းပေါ့"

ရွှေစက်တော်ဘုရားပွဲကို ဖော်ဖော်ဝါရီ ၁ ရက်နေ့ ဧပြီ ၁၇ ရက် ( နှစ်ဆန်းတစ်ရက်နေ့)အထိ ကျင်းပတာဖြစ် ပါတယ်။

ရွှေစက်တော်မှာ အနယ်နယ်အရပ်ရပ်ကနေ လာရောက်ဈေးရောင်းချနေတဲ့ ဆိုင်ခန်းပေါင်း တစ်ထောင်ကျော်ရှိပြီး တည်းခိုခန်းပေါင်း ၁၂ဝ ကျော် ရှိတယ်လို့ သိရပါတယ်။

မာရသာလို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ်အတော်များများမှာ မနေ့ကစပြီး မိုးရွာတာတွေ လေပြင်းတိုက်တာတွေ ဖြစ်ပွားနေပါတယ်။

RFA Burmese
http://www.rfa.org/burmese


သင်္ကြန်မိုးပြေးကနေ မုန်တိုင်းငယ်မိုး အဖြစ် ပြောင်းသွားပေမယ့် ရန်ကုန်မှာတော့ ပွဲမပျက်ပါဘူး။

သင်္ကြန်နောက်ဆုံးနေ့ အတက်နေ့မှာ မုန်တိုင်းအရှိန်ကြောင့် မိုးတွေရွာနေပေမယ့် ရန်ကုန်မြို့က သင်္ကြန်ပွဲတော် ဆင်နွှဲ သူများကတော့ မိုးကိုအန်တုပြီး ပျော်ပျော်ရွှင်ရွှင် ရေထွက် ကစားလည်ပတ်နေကြတာကို တွေ့မြင်ရပါတယ်။


ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း


မြောက်ကိုရီးယား အရှေ့ဘက်ကမ်းခြေကနေ စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ မအောင်မမြင် ဖြစ်ခဲ့တယ် ဆိုပြီး တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုဟာ ဒေသတွင်း ဆက်ဆံရေး တင်းမာနေချိန် ပြုံယမ်းမှာ ကြီးကျယ်ခမ်းနားလှတဲ့ စစ်ရေးပြ အခမ်းအနားကြီး ပြုလုပ်ကာ အမေရိကန်ကို သတိပေးပြီး နောက်တရက်မှာ ဖြစ်ခဲ့တာပါ။

ပဲ့ထန်းဒုံးကျည်ဟာ စတင် ပစ်လွှတ်ပြီးပြီးချင်း စက္ကန့်ပိုင်းအတွင်းမှာပဲ ပေါက်ကွဲ သွားခဲ့တယ်လို့ အမေရိကန်ဘက်က ဆိုပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အမျိုးအမည် မခွဲနိုင်သေးတဲ့ ဒုံးလက်နက် စမ်းသပ်မှုတခု မြောက်ကိုရီးယား အရှေ့ဘက် ဆိပ်ကမ်းမြို့ ဆင်ပိုမှာ ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီ ဒုံးကျည်စမ်းသပ်ဟာ မအောင်မြင်ခဲ့ဘူးလို့ ပါရှိပါတယ်။ အခြား အသေးစိတ် အချက်အလက်တွေတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိပါဘူး။

အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိ တယောက်ကတော့ အခု ပျက်ကျခဲ့တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ် ဒုံး ဖြစ်နိုင်ဖွယ်တော့ မရှိဘူး၊ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ် ဆိုပါတယ်။

ဒီစမ်းသပ်မှု မပြုလုပ်မီ နာရီပိုင်းလောက်ကပဲ မြောက်ကိုရီးယားဟာ ပြုံယမ်းက စစ်ချီတက်ပွဲမှာ တာဝေးပစ် ပဲ့ထိန်း ဒုံးကျည်တွေကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂအဖွဲ့ရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီး နျူကလီးယား စမ်းသပ်မှု ၅ ကြိမ်နဲ့ ဒုံးကျည် စမ်းသပ်မှု အကြိမ်အတော်များများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန်ဘက်ကလည်း ကိုရီးယားကျွန်းဆွယ်ကို လေယာဉ်တင် စစ်သင်္ဘောအုပ်စု စေလွှတ်ထားပါတယ်။

အခုလို စစ်ရေးအရ မတည်မငြိမ် ဖြစ်နေစဉ်မှာပဲ အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်ကလည်း တောင်ကိုရီးယားကို ထွက်သွားပါပြီ။ ဆိုးလ် မြို့တော် မှာ သူဟာ မြောက်ကိုရီးယား နျူကလီးယားနဲ့ ဒုံးကျည် အရေး အတွက် အကောင်းဆုံး ဘယ်လို ဖြေရှင်းနိုင်မလဲ ဆွေးနွေးဖွယ် ရှိပါတယ်။

တရုတ်နိုင်ငံကတော့ ကိုးရီးယားကျွန်းဆွယ်မှာ အချိန် မရွေး စစ်မက်ဖြစ်ပွားနိုင်ကြောင်း သတိပေးထားပြီး ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့နဲ့ စစ်ဖြစ်ရင် ဘယ်နိုင်ငံ အတွက်မှ အကျိုးမရှိဘူးလို့ သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုထားပါတယ်။
BBC Burmese


တနင်္ဂနွေနေ့ဟာဆိုရင် ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့ လို့ခေါ်တဲ့ ယေရှု ခရစ်တော် ရှင်ပြန်ထမြောက် လာတဲ့နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေက Easter Sunday ကို ကျင်းပမယ့်အစီအစဉ်တွေနဲ့ ဆုမွန်ကောင်းတောင်းပေးထားတာတွေကို မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။

St. Peter Square မှာ Easter Sunday ကျင်းပ
ကမ္ဘာတဝှမ်းမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေက Easter ပွဲတော်အထိမ်းအမှတ် အခမ်းအနားတွေကို ကြီးကျယ်ခမ်းနားစွာ ဆင်နွှဲကျင်းပနေချိန် မြန်မာနိုင်ငံမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီး Cardinal Charles Bo က ဦးဆောင်ပြီး ၀တ်ပြုဆုတောင်းသွားမှာ ဖြစ်ပါတယ်။ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းနေ့ Easter ရဲ့ ဘာသာရေးအရ အရေးပါပုံကို Father Robert ၀င်းတင်က ရှင်းပြပြီးတော့ ခုလို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

“Easter ရဲ့အဓိပ္ပါယ်ကတော့ ဓမ္မဟောင်းမှာတော့ ကျွန်ဘ၀ကနေ လွှတ်မြောက်တယ် အီဂျစ်လူမျိုးကို၊ ဒါကြောင့်ဘုရားသခင်ကလည်း ဒီအပြစ်ကျွန်ဘ၀ကနေပြီးတော့ လူတွေကို ကယ်ထုတ်တာ။ ရှင်ပြန်ထမြောက်ခြင်းဆိုတာက သေတဲ့အသက်တာကနေပြီးတော့ ရှင်ပြန်ထမြောက်တဲ့အသက်တာကိုပို့ဆောင်ပေးတာ ဒါကြောင့်မို့လို့ အဓိကအားဖြင့်တော့ ဆုတောင်းပေးချင်တာကတော့ လူတွေအပြစ်ကနေပြီးတော့ လွတ်မြောက်ပြီးတော့ ကောင်းမွန်တဲ့ စိတ်ကောင်းနှလုံးကောင်းရှိတဲ့အသက်တာနဲ့ ရှင်သန်ပါစေလို့ လူတိုင်းလူတိုင်းကို ဆုတောင်းပေးချင်ပါတယ်။”

ဒီနှစ်မှာ နှစ်သစ်ကူးအတာသင်္ကြန်ကာလနဲ့လည်း တိုက်ဆိုက်တဲ့အကြောင်းနဲ့ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းနေ့ Easter နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေအတွက် Father Robert ကျော်သူက ခုလို ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

“ကျနော်တို့အနေနဲ့ကျတော့လည်း ဘုရားသခင်ရှင်ပြန်ထမြောက်တဲ့ပွဲဆိုတော့ ကျနော်တို့အားလုံး ခရစ်ယာန်တွေအားလုံးအတွက်အင်မတန်အဓိပ္ပါယ်ရှိတဲ့ပွဲတော်တခုဖြစ်တယ်။ ပြီးတော့ ဒီနှစ်က တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်ရဲ့ သင်္ကြန်နဲ့လည်းတိုက်ဆိုင်တယ်ဆိုတော့ မြန်မာပြည်သူပြည်သားတွေအားလုံးပွဲတော်မှာ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပဖို့အတွက် ကျနော်တို့ ဆုတောင်းပါတယ်။ ဒီတပတ်ကတော့ ကျနော်တို့ သန့်ရှင်းသောရက်သတ္တပတ်ဆိုပြီးမှ ကျနော်တို့ သတ်မှတ်ထားတယ်။ ကျနော့်အနေနဲ့ကမြန်မာပြည်သူပြည်သားတွေအားလုံး ဒီသင်္ကြန်မှာ အကောင်းဆုံးပျော်ရွင်နိုင်ပြီးတော့ ဒီနှစ်သစ်ကူးမှာ ကောင်းသောပြောင်းလဲခြင်းသူတို့ရရှိကြပါစေ ၊ ပြီးတော့ လိုအင်ဆန္ဒတွေလည်း ပြည့်ဝပါစေ ပြီးတော့ အထူးသဖြင့် မြန်မာပြည်မှာ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ခရစ်ယာန်တွေအနေနဲ့ကတော့ အင်တိုက်အားတိုက်ဆုတောင်းပေးနေပါတယ်။ ဒီနှစ်ပွဲမှာလည်း ထူးထူးခြားခြားငြိမ်းချမ်းရေးအတွက် ထူးထူးခြားခြားထည့်သွင်းပြီးတော့ ဆုတောင်းပါတယ် ကျနော်တို့အားလုံးပေါ့နော် ။ ဆိုတော့ အဓိကတော့ ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲနဲ့ အတူပေါ့လေ ကောင်းသောပြောင်းလဲခြင်းတွေရရှိပါစေ၊ ပြီးတော့ ငြိမ်းချမ်းရေးကို ကျနော်တို့ ဦးတည်ပြီးတော့ ကောင်းသောငြိမ်းချမ်းရေး ရရှိပါစေပေါ့နော်။ အထူးသဖြင့်ကတော့ တိုင်းရင်းသားတွေ နဲ့ အစိုးရတွေကြားမှာ ပြေလည်မှု ညှိနှိုင်းမှုတွေအကောင်းဆုံးရရှိပါစေလို့ ကျနော့်အနေနဲ့ ဆုတောင်းပေးပါတယ်။”

စစ်ပွဲတွေ ရပ်ပြီး တိုင်းရင်းသားတွေလည်း ငြိမ်းချမ်းရေးရဖို့ ကိုလည်း ဆုမွန်ကောင်း တောင်းပေးကြပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်တော်မွေးတဲ့နေ့ ခရစ်စမတ်နေ့ကို အလေးအမြတ်ထားကြသလို ခရစ်တော် ကားစင် တင်ခံရတဲ့နေ့ Good Friday နေ့အပြီး သုံးရက်တာ လွန်မြောက်ပြီးတဲ့နေ့မှာ သခင်ယေရှု တဖန်ရှင်ပြန် ထမြောက်လာတဲ့နေ့အဖြစ် Easter Sunday နေ့ကို ခရစ်ယာန်ဘာသာဝင်တွေက ယုံကြည်သက်ဝင်ကြပြီး အထိမ်းအမှတ်တွေကို ကျင်းပကြတာဖြစ်တယ်။

ဒီလို Easter Sunday မှာ ကျင်းပမယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီးကချင်နှစ်ချင်းအဖွဲ့က ကိုထွယ်အောင်က ခုလို ပြောပြပါတယ်။

“ကျနော်တို့ KBC က Easter Sunday ဆိုပြီးတော့ KBC ထဲမှာပါတဲ့ အသင်းတော်တွေက မနက်ဖြန်ကျင်းပဖို့ရှိတယ်။ အသင်းတော်တိုင်းမှာလည်း ဆုတောင်းဝတ်ပြုဖို့ပဲ ။ Easter Sundayမှာတော့ တနိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ပါစေလို့။ ကျနော်တို့ KBC ကတော့ Program ပေါ့နော် ၀တ်ပြုဆုတောင်းဖို့ အစီအစဉ်လုပ်ပေးတယ်။ ပြီးတော့ အသင်းတော်မှာ သူတို့အစီအစဉ်နဲ့ ပြန်လုပ်ကြမှာ အဲဒီ Program ထဲမှာပါမယ့် ဒေသနာတို့ ၊ သီချင်းတို့ပေါ့နော်။”

Easter ပွဲတော်နေ့မှာ မိသားစုတွေ ဆုံတွေ့ကြသလို နှစ်စဉ်နှစ်တိုင်း ယေရှုခရစ်တော် ပြန်လည် ရှင်ပြန်ထမြောက်ခြင်း Easter ဘာသာရေးနေ့ ကို ဗာတီကန် နန်းတော်က St. Peter Square မှာ ကျင်းပကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း အိမ်ဖြူတော်မှာ သမ္မတ မိသားစုကလည်း ကလေးငယ်တွေနဲ့အတူ အီစတာဆန်းဒေးပွဲတော် ကြက်ဥကောက်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

အိသန့်စင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 သေဆုံး သူတွေထဲ ကလေး သူငယ်တွေလည်း ပါဝင်
ဆီးရီးယား နိုင်ငံမှာ အစိုးရတပ်က ထိန်းချုပ်ထားပြီး၊ သူပုန်တွေ ဝိုင်းထားတာ ခံနေရတဲ့ ကျေးရွာ နှစ်ရွာက သူတွေကို ဘေးလွတ်ရာ သယ်ထုတ် လာတဲ့ ဘတ်စ်ကား ယာဉ်တန်း ဗုံးခွဲ တိုက်ခိုက် ခံလိုက်ရတဲ့ အတွက် လူ ၄ဝ ကျော် သေဆုံး သွားပါတယ်။

အလက်ပိုမြို့ ဆင်ခြေဖုံး အရပ်မှာ ရှိတဲ့ ဖူအာနဲ့ ကဖာရာ ဆိုတဲ့ ကျေးရွာတွေက သူတွေကို တင်ဆောင်လာတဲ့ ယာဉ်တန်း အသေခံ ကားဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ပျက်စီး မီးလောင် နေတဲ့ ဘတ်စ်ကားတွေရဲ့ နံဘေး လူသေလောင်းတွေ ပြန့်ကြဲ နေတာမှာ သေဆုံး သူတွေထဲ ကလေး သူငယ်တွေလည်း ပါဝင်တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

မြို့တော် ဒမတ်စ်ကပ်စ် အနီး၊ အစိုးရတပ်တွေ ဝိုင်းထားတဲ့ မြို့ နှစ်မြို့ကနေ ဆွန်နီ သူပုန်တွေကို ထွက်ခွာခွင့် ပေးခဲ့တာရဲ့ အပြန်အလှန် အနေနဲ့ သူပုန်တွေ ဘက်ကလည်း ပြန်လည် လမ်းဖွင့် ပေးခဲ့တဲ့ ယာဉ်တန်း အခုလို တိုက်ခိုက် ခံလိုက်ရတာပါ။

ဒီလို တိုက်ခိုက် ခံခဲ့ရပေမယ့် ရှိနှင့်ပြီး သဘောတူမှု အတိုင်း ကယ်ထုတ်ရေး အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်ဖို့ စိုင်းပြင်း နေပါတယ်။

အစိုးရနဲ့ သူပုန်တပ်တွေ ကိုယ်စီ ဝိုင်းထားတဲ့ နေရာ ၄ နေရာမှာ အပြန်အလှန် လမ်းကြောင်းတွေ ဖွင့်ပေးဖို့ သဘောတူမှု ရလာအောင် အီရန်နဲ့ ကာတာ နိုင်ငံတို့က ကြားဝင် ညှိနှိုင်း ပေးထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဒီကနေ့ တနင်္ဂနွေနေ့ဟာ မဟာသင်္ကြန်နောက်ဆုံးနေ့ဖြစ်တဲ့ သင်္ကြန် အတက်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း သင်္ကြန်ရေကစားသူတွေ နောက်ဆုံးနေ့အနေနဲ့ အစွမ်းကုန် ပျော်မြူးကြမယ့် နေ့လည်း ဖြစ်ပါတယ်။

ဒီနှစ်မှာ သင်္ကြန်တွင်း မုန်တိုင်းကြောင့် အပူဒဏ်ကို သိပ်မခံစားကြရသလို တချို့ဒေသတွေမှာ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုဒဏ် ခံရတာမို့ အဆောက်အဦးတွေ ပျက်စီးခဲ့ရပါတယ်။

မူးယစ်သေစာ သောက်စားပြီး စည်းကမ်း မလိုက်နာမှုတွေ၊ ယာဉ်ကို မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ယဉ်တိုက်မှုတွေနဲ့ ယာဉ်တိမ်းမှောက် မှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနဲ့ အကျနေ့ ၂ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် ၈ ဦးသေဆုံးပြီး ၇၀ လောက် ဒဏ်ရာရခဲ့တာပါ။

သင်္ကြန်အကျနေ့အထိ နေပြည်တော်ကောင်စီ နယ်မြေတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၁၆၀ ကျော်ရှိနေသလို မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကို ရောက်လာတဲ့ လူနာ သုံးရာကျော်ရှိခဲ့ပြီး သေဆုံးသူက ၅ ဦး ရှိခဲ့ပါတယ်။ မုံရွာမြို့မှာလည်း သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ပြီး အဓိက ယာဉ် မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွါးမှုတွေကြောင့်သေဆုံးသူတွေ ရှိခဲ့တာပါ။

ဒီနှစ် သင်္ကြန်မှာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ၊ တိုင်းရင်းသား ဒေသတွေအားလုံးမှာ သင်္ကြန်ကို စည်စည်ကားကား ဆင်နွှဲခဲ့ကြပါတယ်။ အလှပြကားတွေ၊ စတုဒီသာ အကျွေးအမွေးတွေ၊ သံချပ်ပြိုင်ပွဲတွေနဲ့ စည်ကားပျော်ရွှင်နေကြသလို မန္တလေးမှာတော့ ကျုံးဘေးမှာ လမ်းလျှောက် သင်္ကြန်ကို ဆင်နွှဲခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၇ ရက်နေ့ ၁၈၄၅ အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းမကြီးဘေးရှိ ပိတောက်ရွှေဝါဖူးမဏ္ဍပ် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ဖြစ်ပွားစဉ် ၎င်းမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီ ကိုယ်စားပြုအဖွဲ့မှ ယိမ်းအကဖြင့်ဖျော်ဖြေနေစဉ် ဖြစ်ပြီး ၎င်းမဏ္ဍပ်၏ ယာဘက်ခြမ်းရှိ သံစင်မြင့် ၁၀ ပေပတ်လည်ခန့်ပြိုဆင်းသွားခဲ့ခြင်းဖြစ်ကာ မဏ္ဍပ်ပေါ်တွင် ကြည့်ရှုနေသူ ပရိတ်သတ် (၁၅)ဦးခန့်အောက်သို့ ကျသွားခဲ့ပြီး အမျိုးသမီး(၃)ဦးမှာ ခြေထောက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံးသို့ ပို့အပ်ဆေးကုသပေးခဲ့ကြောင်းနှင့် အဆိုပါ မဏ္ဍပ်အား ယာယီပိတ်သိမ်းထားခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



မုန်တိုင်းငယ်အဆင့်အနေနဲ့ ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်
ဧပြီလ ၁၅ရက်နေ့ည ၆နာရီက တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းက မုန်တိုင်းငယ်ဟာမြန်မာနိုင်ငံ ကိုကိုးကျွန်းရဲ့ အနောက်- အနောက်တောင်ဘက် ၂၃၅မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၇၀ခန့် ၊ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၂၀ခန့်နဲ့ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် ၄၃၅မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီ မုန်တိုင်းငယ်ဟာ သင်္ကြန်အတက်နေ့မှာ ကျောက်ဖြူနဲ့ သံတွဲမြို့လောက်ကို ဝင်နိုင်ကြောင်းနဲ့ မုန်တိုင်းငယ်အဆင့် တနာရီ ၃၅မိုင်နဲ့ မိုင်၄၀ အကြား ရှိနေပြီး ဆိုင်ကလုန်း မုန်တိုင်းအဆင့် ဖြစ်သွားရင်၄၅မိုင် ပတ်ဝန်းကျင်နဲ့ အများဆုံး မိုင်၅၀လောက်အထိ တိုက်နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်ဦးထွန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၀ပေကနေ ၁၅ပေအထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

မကွေးဘက်မှာ မိုးများနိုင်ပြီး လျှပ်တပြက် ရေကြီးတာတွေ၊ တောင်ကျရေ ကျတာတွေ ရှိလာနိုင်တာမို့ သတိထားဖို့ လိုတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

မုန်တိုင်းကြောင့် ရေယာဉ်တွေနဲ့ လေယာဉ်တွေ မတော်တဆ ထိခိုက်မှု မဖြစ်စေဖို့ သယ်ယူ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကလည်း သတိပေး နှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ သံတွဲမြို့မှာတော့ သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ဖို့ ရခိုင်ပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်အေးသိန်း ပါဝင်တဲ့ တာဝန်ရှိ အဖွဲ့ ရောက်ရှိနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ သံတွဲမြို့မှာ မိုးအုံ့နေပြီး ပင်လယ်ပြင်ကလည်း ထူးထူးခြားခြား တည်ငြိမ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese



ကမ်းလွန်ပြင်တွေမှာ မိုးသက်လေပြင်း ကျပြီး၊ လှိုင်းကြီး နိုင်
ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည် ရွေ့လျားလာနေတဲ့ အတွက် မြန်မာနိုင်ငံ တဝန်းမှာ လာမယ့် ဧပြီလ ၁၇ ရက် အထိ မိုးရွာတာ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ် ဆိုပြီး အစိုးရက သတိပေးထားပါတယ်။

ဧရာဝတီ တိုင်းဒေသကြီး ထဲမှာတော့ မုန်တိုင်း ဝင်လာမှာကို ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ရေကြောင်း သွားလာမှုတွေ ပိတ်ထားတယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။

လေပြင်းဒဏ်ကနေ ရေယာဉ်တွေ အကာအကွယ် ဖြစ်နိုင်တဲ့ လုံခြုံရာ နေရာတွေလည်း သတ်မှတ်ပြီး ဒေသတွင်း ခရိုင်၊ မြို့နယ် အားလုံးကို အသိပေး ထားတယ်လို့ တိုင်းအစိုးရ လျှပ်စစ်၊ လမ်းပမ်း နဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဘီဘီစီကို ပြောပါတယ်။

လိမ္မော်ရောင် အဆင့် သတ်မှတ်ထာတဲ့ အဲဒီ မုန်တိုင်းငယ်ကြောင့် မြန်မာ့ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပြင်တွေမှာ မိုးသက်လေပြင်း ကျပြီး၊ လှိုင်းကြီး နိုင်တဲ့ အတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေ သတိထားကြပါ ဆိုပြီး မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးချက် ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese



 မြောက်ကိုရီးယား စစ်ရေး အင်အားပြ
ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေး တင်းမာ နေချိန်မှာပဲ၊ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပင့်စ် တောင်ကိုရီးယား မြို့တော် ဆိုးလ်ကို သွားရောက် နေပါတယ်။

ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ အတူ ရပ်တည်မယ် ဆိုတဲ့ သဘောထားကို အခိုင်အမာ ပြသလိုတဲ့ အတွက် သွားရောက်တာ ဖြစ်တယ်လို့ မစ္စတာ ပင့်စ်ရဲ့ ရုံးအဖွဲ့က ထုတ်ပြန် ထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီယာနဲ့ ဒုံးကျည် အစီအစဉ်တွေ အပေါ် ဘယ်လို အကောင်းဆုံး ကိုင်တွယ်ကြမလဲ ဆိုတာကို အမေရိကန် ဒုတိယ သမ္မတ အလေးထား ဆွေးနွေးမယ်လို့ မျှော်လင့် ရပါတယ်။

မြောက်ကိုရီးယား ဘက်က ရေငုပ် သင်္ဘောမှာ တပ်ဆင်တဲ့ ထိပ်ဖူးတပ် ဒုံးကျည်တွေလိုမျိုး လက်နက် အသစ်တွေ အပါအဝင် စစ်ရေး အင်အားပြ ချီတက်ပွဲ ပြုံယမ်း မြို့တော်မှာ ပြုလုပ် ခဲ့ပြီး နာရီ အနည်းငယ် အကြာမှာပဲ အခုလို အမေရိကန် ဒုသမ္မတ တောင်ကိုရီးယားကို ထွက်ခွာ လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


အဲဒီ ကျောက်ပြားနေရာမှာ ဘုရင်စနစ် အရေးကြီးကြောင်းစာသားတွေပါဝင်တဲ့ ကျောက်ပြား ပြောင်းတပ်ထား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ရင်ပြင်မှာ တပ်ဆင်ထားတဲ့ ၁၉၃၂ ခုနှစ် သက်ဦးဆံပိုင် ဘုရင်စနစ် ဖြိုချတဲ့ တော်လှန်ရေး အထိန်းအမှတ် ကျောက်ပြား ပျောက်ဆုံးသွားပြီး အဲဒီ ကျောက်ပြားနေရာမှာ ဘုရင်စနစ် အရေးကြီးကြောင်း စာသားတွေပါဝင်တဲ့ ကျောက်ပြား ပြောင်းတပ်ထားတာကို ရဲတွေက စုံစမ်းနေပါတယ်။

ထိုင်းနိုင်ငံဟာ ရာစုနှစ် ၇ ခုလောက် သက်ဦးဆံပိုင်ဘုရင်ကပဲ အုပ်ချုပ်နေရာကနေ ၁၉၃၂ ခုနှစ် အာဏာသိမ်းမှုကနေ ရွေးကောက်ခံ အစိုးရတွေ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကျောက်ပြားရှိတဲ့ မြို့နယ်အပိုင် အုပ်ချုပ်ရေးမှူးကတော့ ဒါကို သူမလုပ်ပါလူးလို့ ငြင်းဆိုထားပြီး တရားခံကို မသိရသေးဘူးလို့ ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံက ဘုရင်စနစ်ထောက်ခံတဲ့သူတွေကတော့ ဒီအထိန်းအမှတ် ကျောက်ပြားကို ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်ထားခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုဝင်တွေကို ဝေဖန်သူတွေကို ပြစ်ဒဏ်ချတာတွေကိုလည်း စစ်ဦးစီးချုပ်ဟောင်း ဦးဆောင်နေတဲ့ ထိုင်းအစိုးရက တိုးမြှင့်လုပ်ဆောင်လာနေတာကိုလည်း လတ်တလောမှာ တွေ့မြင်နေရပါတယ်။

ဒီမိုကရေစီသစ် တက်ကြွလှုပ်ရှားရေး အဖွဲ့ဝင်တွေကတော့ ဒါဟာ ရှေးရိုးစွဲဘုရင်စနစ် ထောက်ခံသူတွေရဲ့ သမိုင်းကို ပြန်ပြင်ဖို့ ကြိုးစားမှုတခုပဲလို့ ဝေဖန်နေကြပြီး ဒီကိစ္စတွေဟာ ထိုင်းဘုရင်သစ် မဟာ ဝိဂျရာလောင်ကွန်း တက်လာပြီး နောက်ပိုင်း ဒီကိစ္စတွေ ပိုဆိုးလာတယ်လို့ ပြောဆိုနေကြပါတယ်။
RFA




မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ကို ဒေသတွင်း တမင်ရန်စနေတဲ့ လုပ်ရပ်တွေ မလုပ်ဆောင်ရန်နဲ့ ၎င်းတို့အနေနဲ့ နျူကလီးယားတိုက်ခိုက်မှုဖြင့် ပြန်လည်တုံ့ပြန်ရန် အသင့်ရှိနေကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခဲ့တဲ့ ကင်မ်ဂျုံအန်ရဲ့အဘိုးဖြစ်သူ ကင်မ်အီလ်ဆွန်းရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုံးယမ်းမြို့မှာ စစ်ရေးပြအခမ်းအနားကို ယနေ့ (ဧပြီ ၁၅ ရက်) ပြုလုပ်စဉ်အတွင်း ထိုသို့ ပြောကြားမှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

နိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်း မွေးနေ့အထိမ်းအမှတ် စစ်ရေးပြပွဲမှာ မြောက်ကိုရီးယားက စစ်သားများ၊ တင့်ကားများနဲ့ စစ်လက်နက်ကိရိယာများနဲ့အတူ ပြုံးယမ်းမြို့တစ်လျှောက် ချီတက်ကာ စစ်အင်အားကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါနေ့ကို မြောက်ကိုရီးယားမှာ "နေမင်းရဲ့နေ့" "Day of the Sun" လို့ ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံရဲ့ တရားဝင်အမည်) မှာ သိထားကြပါတယ်။

"မီးကုန်ယမ်းကုန်စစ်ပွဲတစ်ရပ်ကို မီးကုန်ယမ်းကုန်စစ်ပွဲနဲ့ တုံ့ပြန်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်၊ နျူကလီးယားတိုက်ခိုက်မှု မှန်သမျှကို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကိုယ်ပိုင်ပုံစံ နျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်တိုက်ခိုက်သွားဖို့ အဆင်သင့်ပါပဲ" လို့ မြောက်ကိုရီးယား စစ်ဘက်အရာရှိ ချိုရောင်ဟေးက ပြောကြားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်တက်နေပြီး အချိန်မရွေး စစ်ပွဲဖြစ်ပွားလာနိုင်မှုပေါ် စိုးရိမ်မှုများရှိနေစဉ်အတွင်း မြောက်ကိုရီးယားက ကြီးမားတဲ့ စစ်ရေးပြပွဲနဲ့အတူ ၎င်းရဲ့စစ်အင်အားကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ စစ်ရေးပြပွဲကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။

စစ်တီးဝိုင်းများနဲ့ တပ်ဖွဲ့ဝင်စစ်ကြောင်းများက ပြုံးယမ်းမြို့လယ်ရှိ ကင်မ်အီလ်ဆွန်းရင်ပြင်သို့ ချီတက်ကာ ကင်မ်ဂျုံအန်ကို အလေးပြုပြီး စစ်ရေးပြခဲ့ကြပါတယ်။ ယနေ့ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြပွဲမှာ အမေရိကန်က စိုးရိမ်မှုတွေရှိနေတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ရှေ့ပြေးပုံစံ အပါအဝင် လက်နက်များကိုလည်း မြောက်ကိုရီးယားက ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်များ (sumbarine-launched ballistic missiles - SLBMs) ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်သယ်ဆောင်ပြီး ကမ္ဘာတစ်ဝန်း ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန်စီစဉ်နေကြောင်း ခန့်မှန်းမှုများလည်း လတ်တလော ရက်ပိုင်းအတွင်း ပေါ်ထွက်နေခဲ့ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေ ဆက်တိုက်ရှိလာခဲ့ပြီးနောက် အမေရိကန်က ၎င်းရဲ့ ကားလ်ဗင်ဆန် (Carl Vinson) တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်သို့ စေလွှတ်ချထားခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ရဲ့ စစ်သင်္ဘောအုပ်စု စေလွတ်မှုဟာ ရန်စမှုအဖြစ် ရှုမြင်ပြီး တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။ မြောက်ကိုရီးယားအရေး တင်းမာမှုတွေအပေါ် အချိန်မရွေး စစ်ပွဲဖြစ်လာနိုင်ကြောင်းနဲ့ စစ်ပွဲဖြစ်ပါက မည်သူမျှ အောင်နိုင်သူမဖြစ်ဘဲ နစ်နာဆုံးရှုံးရလိမ့်မယ်လို့ တရုတ်နိုင်ငံက သတိပေးထားကြောင်းလည်း သိရပါတယ်။

တရုတ်နိုင်ငံက မြောက်ကိုရီးယားနဲ့နယ်စပ်ဒေသကို တပ်ဖွဲ့ဝင်များ စေလွှတ်နေကြောင်းလည်း သတင်းများက ဖော်ပြပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား တင်းမာမှုများ မြင့်တက်ကာ စစ်ရိပ်သန်းလာနေတဲ့ ကိုရိးယားကျွန်းဆွယ် အခြေအနေကို ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထား စောင့်ကြည့်နေကြကြောင်း သိရပါတယ်။

Source & Photo: AFP, BBC, Reuters, Daily Mail

=============

Duwun

ခမရ (၅၄၀) က တပ်မတော်သားတွေနဲ့ သင်္ကြန်လည်ပတ်တဲ့ ဒေသခံ လူငယ်အချို့ ဧပြီလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်၊ ပေါင်းတုတ်ကျေးရွာအုပ်စုမှာ ခိုက်ရန်ဖြစ်ပွားစဉ်
ခမရ (၅၄၀) က တပ်မတော်သားတွေနဲ့ သင်္ကြန်လည်ပတ်တဲ့ ဒေသခံ လူငယ်အချို့ ဧပြီလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်၊ ပေါင်းတုတ်ကျေးရွာအုပ်စုမှာ ခိုက်ရန်ဖြစ်ပွားစဉ်
Photo: ရခိုင့် သဇင် ချစ်သူ/ Facebook
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာအုပ်စုမှာ ခမရ (၅၄၀) က တပ်မတော်သားတွေနဲ့ သင်္ကြန်လည်ပတ်တဲ့ ဒေသခံ လူငယ်အချို့ ဒီကနေ့ ပြဿနာ ဖြစ်ပွားခဲ့ပြီး လူငယ် ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ တစ်ယောက်က ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး သုံးဦးစလုံးကို မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာ တင်ထားရတယ်လို့ ဦးထွန်းသာစိန် က ပြောပါတယ်။

"ကောင်လေးတွေကို ခေါ်ချပြီးတော့ သူတို့က သံတုတ်နဲ့ ရိုက်ပါတယ်။ ရိုက်တော့ ကျော်နိုင်စိုး ဆိုတဲ့ကလေးက ပြဲသွားပါတယ်။ ၄ ချက်လောက် ချုပ်ရပါတယ်။ ကျန်တဲ့ကလေး နှစ်ယောက်ကတော့ ရိုက်တဲ့ဒဏ်ရာတွေပဲ ရပါတယ်။ ကွဲပြဲဒဏ်ရာတော့ မရပါဘူး။ သူတို့ သုံးယောက်စလုံး အခုက မြောက်ဦး ဆေးရုံကြီးမှာ ရှိနေပါတယ်။"

ဒဏ်ရာရရှိသွားသူတွေဟာ ပေါင်းတုတ်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာက ဒေသခံတွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အထိ ရှိသူတွေဖြစ်ပါတယ်။

သူတို့ဟာ သင်္ကြန်အကျနေ့က ပေါင်းတုတ်ကျေးရွာအုပ်စု၊ နန်းကျားကျေးရွာ မဏ္ဍပ်မှာ ခမရ (၅၄၀)က တပ်မတော်သားတွေနဲ့ အချင်းများခဲ့ကြသူတွေဖြစ်ပြီး အဲဒီ ကိစ္စကြောင့် အခုလို ရိုက်နှက်ခံရတာ ဖြစ်တယ်လို့ ဦးထွန်းသာစိန် က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်က မြောက်ဦးမြို့နယ် ရဲစခန်းကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
RFA


အမေရိကန်အနေနဲ့ ဒေသတွင်းမှာ ရန်လိုတဲ့ အပြုအမူတွေ မပြုလုပ်ဖို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားစစ်ပွဲ ဆင်နွှဲဖို့ အတွက် အဆင်သင့်ပဲလို့လည်း ဆိုပါတယ်။

စစ်ပွဲကို စစ်ပွဲနဲ့ တုံ့ပြန်မယ်၊ နျူကလီးယားနဲ့ တိုက်ခိုက်လာရင် နျူကလီးယားနဲ့ ပြန်တိုက်မယ် ဆိုပြီး မြောက်ကိုရီးယားမှာ ဒုတိယ အာဏာအရှိဆုံးလို့ ယုံကြည်ထားကြတဲ့ ချွန်ယောင်ဟေးက ဆိုခဲ့တာပါ။

လက်ရှိ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဘိုး ဖြစ်တဲ့ မြောက်ကိုရီးယား နိုင်ငံကို တည်ထောင်ခဲ့သူ ကင်အီဆွန်းရဲ့ ၁၀၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်နေချိန်မှာ ဒီလို မှတ်ချက်စကားတွေ ထွက်လာခဲ့တာပါ။


ကင်ဂျုံအန်းက နျူကလီးယား စမ်းသပ်မှု အသစ်တခု ပြုလုပ်ဖို့ အမိန့်ပေးနိုင်တယ် ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ ထွက်ပေါ်နေတဲ့ ကြားမှာပဲ ပြုံးယမ်းမြို့တော်မှာ ကြီးကျယ်တဲ့ စစ်ရေးပြ အခမ်းအနားတခုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ အသစ်လို့ ယူဆရတဲ့ တိုက်ချင်းပစ် ဒုံးပျံတွေ၊ ရေငုပ်သင်္ဘောကနေ ဝေဟင်ထဲ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်တွေလည်း တွေ့မြင်ရပါတယ်။

အမေရိကန်က ကိုရီးယားကျွန်းဆွယ်ကို လေယာဉ်တင် စစ်သင်္ဘောအုပ်စု စေလွှတ် အပြီး နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မှာ မြောက်ကိုရီးယားက အခုလို သူ့ရဲ့ စစ်အင်အားကို ထုတ်ဖော် ပြသတာလည်း ဖြစ်ပါတယ်။

ဒေသတွင်းက ကမ္ဘာ့အင်အားကြီးနိုင်ငံလည်း ဖြစ်၊ မြောက်ကိုရီးယားရဲ့ မဟာမိတ်လည်း ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကတော့ ပဋိပက္ခ စစ်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်၊ တကယ်လို့ စစ်ဖြစ်လာခဲ့ရင် ဘယ်နိုင်ငံ အတွက်မှ အကျိုးမရှိဘူး ဆိုပြီး သောကြာနေ့က ထုတ်ဖော် ပြောကြားထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/



စစ်ကို စစ်နဲ့ တုန့်ပြန်ပြီး နျူးကလီးယားဆိုရင်လည်း ကျနော်တို့ရဲ့ နျူးကလီးယား နဲ့ ပြန်တိုက်မှာပါလို့ မစ္စတာ ချိုယောင်ဟယ်က ပြောဆိုခဲ့
မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံထူထောင်တဲ့ ခေါင်းဆောင်ကင်အီဆွန်းရဲ့ မွေးနေ့ကို ဆင်နွှဲ ကျင်းပခဲ့ပြီး ရေငုပ်သင်္ဘောက ပစ်နိုင်တဲ့ ဒုံးကျည်သစ် အပါအဝင် တခြားလက်နက်တွေကိုလည်း မြို့တော်တွင်း ချီတက်ပွဲတွေမှာ ထုတ်ဖော် ပြသခဲ့ ပါတယ်။

အခုလို ချီတက်ပွဲတွေ အတွင်းမှာ မြောက်ကိုရီးယားဘက်က ကိုရီးယားအလုပ်သမားပါတီ အတွင်းရေးမှူးလည်းဖြစ် ဗဟိုစစ်ကော်မတီ ဒုဥက္ကဌလည်း ဖြစ်တဲ့ မစ္စတာ ချိုယောင်ဟယ်က အမေရိကန်ကို အခုလို ခြိမ်းခြောက်ခဲ့ပါတယ်။

'တကယ်လို့ အမေရိကန်ကသာ အဆင်ခြင်မဲ့ ရန်စခဲ့မယ်ဆိုရင် ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက ချက်ချင်း ချေမှုန်းပစ်မယ့် တိုက်ခိုက်မှုမျိုးနဲ့ တုန့်ပြန်မှာပါ။

စစ်ကို စစ်နဲ့ တုန့်ပြန်ပြီး နျူးကလီးယားဆိုရင်လည်း ကျနော်တို့ရဲ့ နျူးကလီးယား နဲ့ ပြန်တိုက်မှာပါ' လို့ မစ္စတာ ချိုယောင်ဟယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံတကာ ကန့်ကွက်နေတဲ့ကြားက ဒီလ အစောပိုင်းမှာ တိုက်ချင်းပစ် ဒုံးပျံတခု ထပ်မံ စမ်းသပ်ခဲ့လို့ ပြီးခဲ့တဲ့ အပတ်က အမေရိကန်က ရေတပ်သင်္ဘောအုပ်စု တစု ကိုရီးယား ကျွန်းဆွယ်ကို စေလွှတ်ခဲ့ပြီး အခြေအနေတွေ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်ကလည်း နျူးကလီးယားဗုံး ထပ်စမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။

အခုလို အခြေအနေတင်းမာမှုတွေကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းဖို့အတွက် ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီက ရုရှားနိုင်ငံရေးဝန်ကြီးနဲ့ ဖုန်းဆက် စကားပြောခဲ့သေးတယ်လို့လည်း သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese


ကုလသမဂ္ဂအစီရင်ခံစာအပါအဝင် အများပြည်သူအတွက်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး Early Warning Project အဖွဲ့က လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားနိုင်ခြေ အမြင့်မားဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို တတိယနေရာမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ အခုလို လူမျိုးတုန်းသတ်ဖြတ်နိုင်ခြေအမြင့်မားဆုံးနိုင်ငံစာရင်းထဲ မြန်မာကို တတိယနေရာမှာ ထည့်သွင်းဖော်ပြလိုက်တဲ့အပေါ် ရခိုင်ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ဒါဟာ အခြေအမြေမရှိတဲ့စွပ်စွဲမှုအဖြစ်ပယ်ချလိုက်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေဆဲ မြန်မာနိုင်ငံအပေါ် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရတိုက်ခိုက်မှုအဖြစ် ရှု့မြင်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာတဝှမ်းမှာ အစိုးရတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုတွေ နောက်တဖန်ဖြစ်နိုင်တဲ့ စိုးရိမ်ဖွယ်အခြေအနေ မြင့်မားနေပြီးလူမျိုးတုန်း သတ်ဖြတ်မှုတွေဖြစ်ပွားနိုင်ခြေ အမြင့်မားဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို တတိယနေရာမှာ ထည့်သွင်းထားတဲ့ အစီရင်ခံစာကိုEarly Warning Project ဆိုတဲ့အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂအစီရင်ခံစာ အပါအဝင် အများပြည်သူအတွက်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး Early Warning Project အဖွဲ့က သုံးသပ်ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက မကြာသေးမှီကထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါ အချက်တွေအရ မြန်မာနိုင်ငံမှာရှိတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု တိုးလာတာနေတာကြောင့် လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေရောက်နိုင်ခြေမြင့်မားနေတယ်လို့ Early Warning Projectနှစ်ပါတ်လည်အစီရင်ခံစာက ဖော်ပြတာပါ။ ဒီအပေါ်မှာတော့ ရခိုင်ဒေသခံလည်းဖြစ် ရခိုင်ပြည်နယ်က မြေပုံမြိုနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးဖေသန်းက ဒါဟာ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်လိုက်တဲ့ စွပ်စွဲချက်တခုအဖြစ်ပယ်ချလိုက်ပါတယ်။

“လူမျိုးတုန်းသတ်ဖြတ်တယ် တတိယအဆင့်ရှိတယ်ဆိုတာဟာ အဲဒါကျတော့ ဒါဟာ လုံးဝအခြေအမြစ်မရှိဘူးခင်ဗျ။ ဒီအစီရင်ခံစာတွေ မီဒီယာတွေက တက်လာတာဟာ ကျနော်က တဖက်သက်ကျတယ်လို့ ။အတင်းအဓမ္မလုပ်တာတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့အဆင့်အထိတော့ မဟုတ်ဘူးခင်ဗျ ကျနော်တို့က ဒေသခံတွေပါ ဒါမျိုးကတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး ၊ အကြမ်းဖက်လုပ်တဲ့အခါမှာ ပြန်လည်စစ်ဆင်ရေးတွေလုပ်တဲ့အခါမှာတော့ နည်းနည်းအကြမ်းကိုင်တွယ်တာကတော့ ရှိချင်ရှိမှာပေါ့ ၊ ဒါပေမယ့် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့စကားကတော့ တော်တော့်ကို ကြီးကျယ်ပါတယ် လက်တွေ့မကျဘူးလို့ ကျနော်တို့ဒေသခံတွေအနေနဲ့ မြင်ပါတယ်။ လူဦးရေ ဘယ်လောက်များသေသွားလို့လဲ၊ ဒေသမှာ အခက်အခဲတွေတွေ့နေလို့လဲ ၊ ဒုက္ခသည်စခန်းမှာ ဆိုရင်လည်း စားနပ်ရိက္ခအပြည့်အစုံနဲ့ကို သူတို့ရှိနေကြတာပါ။ အပြင်မှာရှိတဲ့ရခိုင်တွေနဲ့တောင်မှ သူတို့စာဝတ်နေရေး ချောင်လည်ပါတယ်။”

ဒီမိုကရေစီဖော်ဆောင်မယ့်အရပ်သားအစိုးရလက်ထက်မှာမှ ဒီလိုပြင်းထန်တဲ့စွပ်စွဲချက်တွေ ဖိအားပေးမှုတွေ ပိုမြင့်တက်လာတဲ့အနေအထားဟာ ဒီမိုကရေစီလမ်းကြောင်းကို သွေဖီအောင် နှောင့်ယှက်နေတာနဲ့အတူတူပဲလို့လည်း ဦးဖေသန်းက သုံးသပ်လိုက်ပါတယ်။

“တမင်ကျနော်တို့နိုင်ငံကို အားနည်းချက်ရှိနေတဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ အဖက်ဖက်မှာ အားနည်းနေတဲ့ ကျနော်တို့ဒေသကို သက်သက် ဒီဘင်္ဂလီတွေဘက်ကလိုက်ပြီးတော့ ဖိအားပေးနေတယ်၊ ဒါတွေကိုပြောနေတယ်လို့ပဲ ကျနော်ထင်တယ် အရင်စစ်အစိုးရခေတ်ကတောင်မှ ဒီလောက်အထိ ဖိအားမရှိခဲ့ဘူးခင်ဗျ၊ ဒီမိုကရေစီအစိုးရရောက်မှ ဒီလောက်အတင်းအဓမ္မတိုက်တွန်းပြီးတော့မှ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တွန်းအားပေးနေတယ်ဆိုတာ ကျနော်တို့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း ကူညီရာမရောက်ပါဘူး ဖိအားပေးလွန်းတယ်လို့ ကျနော်တို့ ခံစားရပါတယ်။ လူ့အခွင့်အရေးပြောရင်လည်းပြောပေါ့နော် ဒါပေမယ့် အဲလောက်အထိကတော့ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ အဆင့်အထိတော့မရှိပါဘူး။ ဒါက ကျနော်တို့ဒေသကို ဖိအားပေးတာလွန်လွန်းတယ် ။ ဒါကြောင့်ဒါကိုတော့ လက်တွေ့မကျဘူးလို့ပဲ ပြောပါရစေ။”

အခုလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတချို့နဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတချို့တို့ဘက်က ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကြား စစ်တပ်နဲ့ လုံခြုံရေးတွေဘက်က ရိုဟင်ဂျာတွေအပေါ် အင်အားသုံးပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတယ်၊ လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ဆောင်နေတယ်ဆိုပြီး စွပ်စွဲနေသလို ရခိုင်ပြည်နယ်တွင်းကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု အဖွဲ့စေလွှတ်ဖို့ကိုလည်း ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှု ရှိနေတယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် ကုလအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဖွဲ့ လေ့လာနေသလို ဒုသမ္မတဦးမြင့်ဆွေကိုယ်တိုင်ဦးဆောင်ပြီးလည်း ရခိုင်ပြည်နယ်အရေးဆောင်ရွက်နေတာမျိုးရှိတာကြောင့် ဒီလိုနိုင်ငံတကာစုံစမ်းရေးအဖွဲ့စေလွှတ်ဖို့ကို အစိုးရဘက်က ငြင်းပယ်ထားတာပါ။

အခုလိုလူမျိုးတုန်းသတ်ဖြတ်နိုင်ခြေမြင့်မားလာနိုင်ခြေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေအပေါ် အဲ့ဒီ့ကို နိုင်ငံတကာစုံစမ်းရေးအဖွဲ့စေလွှတ်ခိုင်းပြီး လာလေ့လာမယ်ဆို အမြင်ရှင်းလင်းသွားနိုင်မလား ဆိုတဲ့ အမေးအပေါ် တော့ ဦးဖေသန်းက အခုလိုတုံ့ပြန်ပါတယ်။

“ကျနော်တို့ဘက်က ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ အကျိုးဆက်တွေလည်း ပါတော့ ပါတာပေါ့ခင်ဗျ ၊ ဒါပေမယ့် ခုနကပြောသလိုပဲ ကော်မရှင်တွေ၊ ကော်မတီတွေ အများကြီးဖွဲ့ထားတယ်။ ဒါတွေရဲ့အစီရင်ခံစာတွေအပေါ်မှာ သူတို့စောင့်ကြည့်သင့်တယ်ပေါ့ဗျာ၊ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့ကို ဖိအားပေးနေတယ်ဆိုတာ ကျနော်တို့နားလည်ပါတယ် ဒါကြောင့် နိုင်ငံတော်အနေနဲ့ဒီအပေါ်မှာ ဒီလိုစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပြည်တွင်းတွေကိုလာပြီးတော့ မလိုအပ်ဘူး၊ ပိုပြီးတော့ ပြဿနာတွေကို ရှုပ်ထွေးစေတယ်၊ လူ့အဖွဲ့အစည်း ၂ ခုကြားမှာ ပိုပြီးတော့ပြဿနာတွေကို ဖြစ်လာစေတယ်ဆိုတဲ့ ငြင်းဆန်မှုတွေကိုလည်း ကျနော်တို့က ထောက်ခံပါတယ်။ အခြေအနေကို စောင့်ကြည့်ပြီးတော့ ဘယ်လိုဖြစ်လာသလဲဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းတွေ UN အဖွဲ့အစည်းတွေနဲ့ စောင့်ကြည့်ပြီးတော့မှ ပိုပြီးတော့အဆင်ပြေလာလိမ့်မယ် ကျနော်တို့ ရခိုင်ဒေသခံတွေကလည်း ဒီအပေါ်မှာ အလွန်ပဲ စိုးရိမ်မှုတွေရှိတယ်လို့ပြောချင်ပါတယ်။”

အစိုးရတပ်တွေက ပြည်သူအမြောက်အများကို သတ်ဖြတ်မှုဟာ ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျဆင်းခဲ့ရာက အခုပြန်လည်မြင့် တက်လာတယ်လို့ Early Warning Project အဖွဲ့ကပြောပါတယ်။ လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေ အရောက်ဆုံးနိုင်ငံအဖြစ် ဆူဒန်နိုင်ငံကို ဖော်ပြထားပြီး မြန်မာနိုင်ငံကတော့ တတိယမြောက်နိုင်ငံအဖြစ် ဖော်ပြထားတာဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးတွေ အဆိပ်ဓါတ်ငွေ့သုံးသတ်ဖြတ်ခံခဲ့မှုအပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေကို အမှတ်ရစေပြီး နောင်ဒါမျိုးမဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် အမေရိကန်က Holocaust Memorial ပြတိုက်နဲ့ Dartmouth ကောလိပ်တို့ရဲ့ပံ့ပိုးမှုနဲ့ Early Warning Project အဖွဲ့ကနေ ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးလုပ်နေတာ ဖြစ်ပါတယ်။

 မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့တုန်းက ကြဲချခဲ့တဲ့ ဧရာမဗုံးကြီးကြောင့် သေဆုံးသူ စစ်သွေးကြွအရေအတွက် ၃ ဆ နီးပါးပိုများလာတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။

၃၆ ယောက်သေဆုံးတယ်လို့  သောကြာနေ့တုန်းက ပြောခဲ့တာကနေ စစ်သွေးကြွ အနည်းဆုံး ၉၂ ယောက်သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောနေတာပါ။ ဗုံးကျတဲ့နေရာကို စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်သေးတယ်လို့ ခန့်မှန်းကြပါတယ်။ အရပ်သားနဲ့ စစ်သားတွေ သေဆုံးတယ်ဆိုတဲ့ လက္ခဏာတော့ မတွေ့ ရပါဘူး။

IS စစ်သွေးကြွတွေ ရှိနေတယ်လို့ သတင်းရတဲ့ အာဖဂန်နိုင်ငံထဲက ဒေသကို အမေရိကန်က ဧရာမဗုံးကြီး ကျဲခဲ့တာ ဖြစ်ပြီး Kabul မြို့ က နိုင်ငံရေးနဲ့ စစ်ရေးအရာရှိတွေရဲ့ ထောက်ပံ့မှုကို ရခဲ့ပါတယ်။ ဒါပေမယ့် အာဖဂန်သမ္မတဟောင်း Hamid Karzai နဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်သံအမတ်တို့ ကတော့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုံ့ ချပါတယ်။

၉ မီတာ မြင့်ပြီး ၁၀ တန်လောင်လေးတဲ့ GBU-43 ဧရာမဗုံးကြီးကို အမေရိကန်က Nangarhar ပြည်နယ်ထဲက Achin ဒေသမှာ ကြာသပတေးနေ့တုန်းက ကြဲချခဲ့တာပါ။ IS စစ်သွေးကြွတွေကို ခြေမှုန်းတိုက်ဖျက်ရေးလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီလို ဗုံးကျဲခဲ့တာလို့ အမေရိကန်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်၏ ၁၀၅ နှစ်ပြည့် မွေးနေ့ အခမ်းအနားတွင် တွေ့ရသည့် သမ္မတ ကင်ဂျုံအန်းနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ပြုံယမ်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

    မြောက်ကိုရီးယားနိုင်ငံသည် ဧပြီလ ၁၅ ရက်က ၎င်း၏ စစ်ဘက်ဆိုင်ရာ အင်အား ပြသသည့်အနေဖြင့် ကီလိုမီတာ ၁၀၀၀ အကွာအဝေးထိ ရောက်အောင် ပစ်ခတ်နိုင်သော ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော တစ်စင်း အပါအဝင် အဆင့်မြင့်ဆုံး ပဲ့ထိန်းနှင့် နည်းဗျူဟာသုံး ဒုံးကျည်များအား စစ်ရေးပြ အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်များအား မြို့တော် ပြုံယမ်း အလယ်ရှိ Kim II Sung Square တွင် ကျင်းပသည့် မြောက်ကိုရီးယားနိုင်ငံအား တည်ထောင်သူ ကင်အီဆွန်း၏ ၁၀၅ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပနေစဉ်အတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်က စမ်းသပ်ခဲ့သော မြေပြင်မှ ဝေဟင်သို့ ကီလိုမီတာ ၁၀၀ အကွာအဝေး ပစ်ခတ်နိုင်သော နောက်ဆုံးပေါ် အဆင့်မြှင့်ထားသည့် ပဲ့ထိန်းတပ် ဒုံးကျည် “Lightning” နှင့် ကီလိုမီတာ ၁၀၀၀ အကွာအဝေး အထိ ပစ်လွှတ်နိုင်သော Polaris ဒုံးကျည်တပ် ရေငုပ်သင်္ဘောသစ် တစ်စင်းအား ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပြီး မြောက်ကိုရီးယား သမိုင်းကြောင်း တစ်လျှောက် အကြီးဆုံး စစ်ရေးပြ အခမ်းအနား တစ်ခုလည်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ခြင်းကြောင့် အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေး တင်းမာမှု မြင့်မားနေချိန်တွင် ယခုလို နှစ်ပတ်လည် အခမ်းအနားများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သုံးနာရီကြာ ပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသလို နိုင်ငံခြားသား ဧည့်သည်တော်များ၊ သံတမန်အဖွဲ့များ၊ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ အစိုးရ အရာရှိကြီးများအားလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



( ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ် )Photo: Kan Thar/RFA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ အစည်းအဝေးကို ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ ပန်ခမ်းနယ်မြေမှာ ဒီကနေ့ စတင် ကျင်းပနေပါတယ်။

ပန်ခမ်း အစည်းအဝေးကို တက်ရောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လိုချင်တဲ့ NCA နဲ့ လက်ရှိ NCA စာချုပ်နဲ့ နီးစပ်မှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးနေတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့် က ပြောပါတယ်။

"အဓိက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါ။ အားလုံး အစိုးရနဲ့ ၀ိုင်းဝန်းပြီးမှ၊ တပ်မတော်နဲ့ ၀ိုင်းဝန်းပြီးမှ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်အောင်။ အဲဒါပါ။ အရင်က ဟိုဘက်မှာ လုပ်ထားတဲ့ NCA နဲ့ အခု ဒီဘက်မှာ ရပ်တည်မယ့် အပစ်ရပ်စာချုပ်နဲ့ ဘယ်လိုနီးစပ်အောင်၊ ဘယ်လိုလုပ်မလဲဆိုတာ အဲဒီမှာ ကြိုးစားနေတာပါ။"

လက်ရှိကျင်းပနေတဲ့ ပန်ခမ်းဆွေးနွေးပွဲမှာ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ ကချင် လွတ်မြောက်ရေး တပ်မတော် KIA၊ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတောာ် MNDAA ၊ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရခိုင် တပ်မတော် AA စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တက်ရောက်ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ဒီကနေ့ နဲ့ မနက်ဖြန် နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ပန်ခမ်းဒေသမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကနေ လက်ရှိ NCA စာချုပ် မှာ လက်မှတ်မထိုးဘဲ UWSA ဦးဆောင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကော်မတီဖွဲ့ပြီး အစိုးရနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese



လိမ္မော်ရောင်အဆင့်မုန်တိုင်း ရခိုင်ကမ်းရိုတန်းတိုက်ခတ်နိုင် (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ရခိုင်ပြည်နယ်ရဲ့ မြို့တချို့ ကို ဦးတည်နေတဲ့ မုန်တိုင်း တခုဝင်ရောက်မှာဖြစ်တဲ့ အကြောင်းနဲ့ မုန်တိုင်းကြိုတင်သတိပေးချက် အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံကိုချဉ်းကပ် ၀င်ရောက်လာမယ့် မုန်တိုင်းဟာ လိမ္မော်ရောင်အဆင်ရှိတဲ့အကြောင်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းရဲ့  အနောက်-အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်၊ ပုသိမ်မြိုရဲ့  အနောက်တောင်ဘက် မိုင်(၃၈၀)ခန့်၊ သံတွဲမြို ရဲ့  အနောက် တောင်ဘက် (၄၃၅)မိုင်ခန့်နှင့် ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင်(၄၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတဲ့ မုန်တိုင်းငယ်ဟာ မကြာခင် မှာပဲ ပိုမိုးအားကောင်းလာနိုင်တဲ့အတွက် လိမ္မော်ရောင်အဆင့် သတိပေးချက်ကို မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမူဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားတာပါ။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့  ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ ဦးထွန်းလွင်ကတော့ မုန်တိုင်းငယ်တခု ၀င်ရောက်နိုင်တဲ့ အခြေအနေတွေကို အခုလို ပြောဆိုသွားပါတယ်။

“အခုဟာက မုန်တိုင်းငယ်ဖြစ်နေတယ် သူ့ကိုတော့လောလောဆယ် 92 P လို့တော့ ကြေညာတယ်ပေါ့နော် သူက ၂၀၁၇ မှာ ပထမဦးဆုံးဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းပေါ့နော်။ မုန်တိုင်းအနေနဲ့ပါပဲ လေတိုက်နှုန်းကတော့ ၃၀-၃၅ မိုင်လောက်တော့ရှိတယ်၊ သိပ်တော့အားအကောင်းကြီးမဟုတ်သေးဘူး ဒါပေမယ့် ဒီညနဲ့ မနက်ဖြန်လောက်မှာတော့ အပူပေါင်းမုန်တိုင်းအဆင့်ကိုတော့ ရောက်လာမယ်။ လေတိုက်နှုန်း ၄၀- ၄၅ လောက်တိုက်မယ်ပေါ့နော်။ သွားမှာကတော့ အရှေ့မြောက်ဘက်ကိုပဲ ဦးတည်မယ် အဲဒီဘက်ကို ဦးတယ်သွားတဲ့အတွက် ရခိုင်ပြည်အလယ် သံတွဲ၊ ကျောက်ဖြူပေါ့နော် အဲဒီဘက်ကို သံတွဲ၊ ကျောက်ဖြူကြား ဒါမှမဟုတ်ရင် သံတွဲပေါ့ အဲဒီဘက်ကို မနက်ဖြန်ညကတည်းက ၀င်မှာပေါ့နော်။”

မုန်တိုင်းကြိုတင်သတိပေးချက် အရောင် သင်္ကေတအရောင် လိမ္မော်ရောင်အဆင့် ဆိုတာဟာမြန်မာနိုင်ငံ ဘက်ကိုချဉ်းကပ်ဝင်ရောက်လာမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။မုန်တိုင်းရဲ့နောက်ဆက်တွဲအဖြစ် စိုးရိမ်ရတဲ့ ဒေသတွေနဲ့ ပတ်သက်လို ပြည်သူတွေသတိထားသင့်တဲ့အချက်တွေကိုလည်း ပြောဆိုသွားပါတယ်။

“ကျနော်မြင်တာကတော့ ဒီအတွက် သတိထားရမှာ ၂ ချက်ရှိတယ်။ ၁ ချက်က ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းရှိမှာပေါ့ ၊ လှိုင်းက ၁၂ -၁၅ ပေလောက် အထိရှိနိုင်တယ်။ အဲဒါကတော့ အန္တရာယ်ရှိတယ်။ နောက်တခါ ရခိုင်ကိုလွန်ပြီးတော့ မကွေးဘက်ဝင်သွားရင် မကွေးတောင်ပိုင်းမှာ မိုးရွာနိုင်တယ်၊ မိုးရွာရင် အဲဒီဘက်မှာ ဖြစ်တတ်တဲ့ အန္တရာယ်ကဘာလဲဆိုတော့ တောင်ကျချောင်းနဲ့ လျှပ်တပြတ် ရေကြီးတာပေါ့နော် Flash flood ပေါ့နော် အဲဒါကိုတော့ ဒေသခံ တွေသတိထားဖို့လိုတယ်၊ ကျနော်ထင်တာ ဒီလောက်ပါပဲ။”

မုန်တိုင်းငယ်ကြောင့် ဧပြီလ ၁၅ရက်နေ့ ကနေ ၁၇ရက်အတွင်း မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် တွေမှာတော့ မိုးကြီးမူတွေ လေပြင်းတွေတိုက်မူတွေ ရှိမှာဖြစ်တဲ့အကြာင်းနဲ့ တချို့တိုင်းနဲ့ ပြည်နယ်တွေမှာတော့မိုးရွာနိုင်တယ်လို့လည်း မိုးဇလကပြောဆိုထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမှုတွေ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ ဟာ တစ်နာရီကိုမိုင် (၄၀)အထိ တိုက်ခတ်နိုင်ကြောင်းသတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်၏ နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဧပြီလ ၁၅ ရက်က ပြုလုပ်စဉ် (ဆင်ဟွာ)
    ပြုံယမ်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

    မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ ၁၀၅ နှစ်ပြည့်မြောက်သည့် မွေးနေ့ပွဲအား ယနေ့ (ဧပြီလ ၁၅ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံတွင် ကြီးကျယ်ခမ်းနားစွာ  ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြုံယမ်းမြို့လယ်ရှိ ဂရင်းပလာဇာသို့ စစ်သားများက ချီတက်လာကာ ခေါင်းဆောင်ဟောင်း ကင်၏ သင်္ကေတအဖြစ် နေမင်း ပုံသဏ္ဍာန် သရုပ်ဖော်ပြသခဲ့သည်။

 မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအွန်နှင့် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

မြောက်ကိုရီးယားအပေါ် တိုက်ခိုက်ဖွယ်ရှိသည်ဟူသော အမေရိကန်၏ ခြိမ်းခြောက်မှုရှိနေသည့် စစ်ရေး တင်းမာမှုမြင့်နေသည့်ကြားမှ ယခုနှစ် အခမ်းအနားကို ကျင်းပနေခြင်းလည်း ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com