04/19/17


(၁၈.၄.၂၀၁၇) ရက်နေ့ ညနေ (၃)နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းတွင်နေထိုင်သူ ဦးမင်းအောင် သည် ၄င်း ၄၁ ယ ၉၅၇၇၇၇ ဆိုင်ကယ်ဖြင့် ကမ်းနားလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ မှ ငွေ (၁၆) သိန်းကျော်ခန့်အား ထုတ်ယူပြီး ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် ထည့်လျက်နေအိမ်သို့ ပြန်လာစဉ် မိတ်ဆွေဖြစ်သူရှိရာ ငွေလမင်းဆားစက်ရှေ့ တွင် ဆိုင်ကယ်သော့မဖြုတ်ပဲ စကားဝင်ပြောပြီး ခဏအကြာ ဆိုင်ကယ်အား ထွက်ကြည့်ရာ လူ(၃) ဦးမှ ဆိုင်ကယ်ကို ခိုးယူ သွားသဖြင့် ပုသိမ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ရာ ပုသိမ်မြို့မရဲစခန်း (ပ) ၁၃၆/၁၇ ပုဒ်မ ၃၇၉/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။


အခင်းဖြစ်နေရာသို့ ပုသိမ်မြို့နယ်မှူး ရဲမှူး သောင်းကြည် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသူ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ပြီး ပုသိမ်မြို့ပေါ်အတွင်း အဖွဲ့များခွဲလျက် လိုက်လံစစ်ဆေးခဲ့သည်။


ထိုသို့စုံစမ်းခဲ့ရာ ရဲအုပ် ဇော်မင်းထွန်းနှင့်နယ်ထိန်း တပ်ဖွဲ့ဝင် များသည် ည (၈) နာရီခန့်တွင် အမာခံသတင်းပေးများ ပြည်သူများဧင်္ သတင်းပေးချက်အရ ပြစ်မှုကျုးလွန်သူ အောင်မြင့မြတ် ၂၀ နှစ် မဟာဗောဓိလမ်း ရအက (၈) နှင့် ငြိမ်းချမ်းအောင် ၂၀ နှစ် ဆည်မြောင်းဝန်း အမှတ် (၂) ရပ်ကွက် နေသူ တို့အား ဖမ်းဆီးရမိပြီး ၄င်းတို့ နေအိမ်အသီးသီးရှိ ဗီဒိုအတွင်းမှ ခိုးယူရရှိသည့်ငွေ (၁၁) သိန်းကျော်အား လည်းကောင်း ထွက်ပြေးနေသည့် ကျန်တရားခံ ဝေဖြိုးအောင် နေအိမ်ဗီဒိုအတွှင်းမှ ငွေ (၄) သိန်းကျပ်အားလည်းကောင်း စုစုပေါင်း ၁၅၂၈၀၀၀ ကျပ်အား အချိန်တို အတွင်းပြန်လည်သိမ်းဆည်းရမိခဲ့သည်။



၎င်းတို့ခိုးယူခဲ့သော ဆိုင်ကယ်အား ပုသိမ်တက္ကသိုလ်သို့ သွားသည့် လမ်းဘေးတွင် ဝှက်ထားသဖြင့် ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။

Zaw Min Tun

ဘေဂျင်းမြို့တော်မှာ One Belt and One Road နိုင်ငံတကာ ညီလာခံကျင်းပဖို့ ပြင်ဆင်နေစဉ်
မေလအတွင်း ကျင်းပမယ့် တရုတ်နိုင်ငံရဲ့ One Belt and One Road OBOR Forum နိုင်ငံတကာ ညီလာခံဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့သာ ရည်ရွယ်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုကို မလိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မနေ့ကပြောကြားလိုက်ပါတယ်။

အခုလို မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံတကာစီမံကိန်းကြီးဟာ မြန်မာနိုင်ငံအတွက်ရော ဘယ်လို အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါသလဲ။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံပေါင်း ၁၁၀ က အစိုးရကိုယ်စားလှယ်တွေတက်ရောက်မယ့် One Belt and One Road နိုင်ငံတကာညီလာခံနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ဘာတွေပြင်ဆင်ထားသလဲဆိုတာကို နိုင်ငံခြားရေးဝန်ကြီး Wang Yi က မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“ညီလာခံဖွင်ပွဲအခမ်းအနားကို မေလ (၁၄)ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ သမ္မတ Xi Jinping ကိုယ်တိုင်တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားမှာပါ။ အဲဒီနောက်မှာတော့ အဆင့်မြင့် စည်းဝေးပွဲတွေကို ကျင်းပဖို့ရှိပါတယ်။ မေလ (၁၅)ရက်နေ့မှာ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တနေ့လုံးကျင်းပမှာဖြစ်ပြီး သမ္မတ Xi က သဘာပတိအဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီထိပ်သီးအစည်းအဝေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres၊ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim အပါအ၀င် နိုင်ငံပေါင်း ၂၈ နိုင်ငံရဲ့ အစိုးရခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်။”

ဒါအပြင် ကဏ္ဍမျိုးစုံမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို့ ညီလာခံမှာ ပါဝင်တဲ့ နိုင်ငံအားလုံးအတွက် စင်မြင့်တခု ပေးထားကြောင်း တရုတ်နိုင်ငံ ဖွံဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယ အကြီးအကဲ Wang Xiaotao က သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

“အဆင့်မြင့်စည်းဝေးပွဲတွေ ဆိုတဲ့ အဓိပ္ပါယ်ကတော့ အဆင့်မြင့် စုံညီစည်းဝေးပွဲတရပ်နဲ့အတူ သီးခြားစင်ပြိုင် ဆွေးနွေးပွဲ ခြောက်ခု ကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေကနေ ကဏ္ဍပေါင်း (၈)ခုကို ဦးစားပေးမှာဖြစ်ပါတယ်။ အခြေခံယန္တရား အဆောက်အဦး၊ စက်မှုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်နှင့် သံယဇာတကဏ္ဍ၊ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ပြည်သူကြား အပြန်အလှန် ဖလှယ်တဲ့ အစီအစဉ်တွေ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ ပင်လယ်ရေကြောင်း သွားလာမှုမှာ ပူးပေါင်းဆောင်ရွက်ရေး စတာတွေ ပါဝင်ဖို့ ရှိပါတယ်။ တက်ရောက်လာသူတွေအနေနဲ့ ဘယ်လိုနည်းနဲ့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖေါ်မလဲ၊ ဘယ်လို မြှင့်တင်ယူမလဲ၊ လက်တွေ့ကျတဲ့ အောင်မြင်မှုတွေ ဘယ်လိုထောက်ခံမလဲ စတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

One Belt and One Road ညီလာခံနဲ့ပတ်သက်လို့ တရုတ်က သူရဲ့နိုင်ငံတကာစီမံကိန်းကြီးကို သူပဲထိန်းချုပ်ဖို့ ကြိုးစားနေကြောင်း ဝေဖန်မှုတွေရှိနေတာပါ။ တရုတ်အစိုးရကတော့ အဲဒီဝေဖန်မှုကို ရှောင်ကြဉ်တဲ့အနေနဲ့ ညီလာခံကို အကြံပေးလုပ်ငန်းစဉ်အဖြစ် မြင်သာအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။

တရုတ်ရဲ့ OBOR စီမံကိန်းမှာ ဖွံဖြိုးဆဲနဲ့ ဖွံဖြိုးပြီး နိုင်ငံတွေခွဲခြားခြင်းမရှိပဲ သာတူညီမျှ တိုးတက်ရေးကို မြှင့်တင်ဖို့အတွက် ရည်မှန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါကြောင့် OBOR စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ဘယ်လို အကျိုးရှိနိုင်မလဲ။ တရုတ်-မြန်မာဆက်ဆံရေးကျွမ်းကျင်သူလည်းဖြစ်၊ မြန်မာ့နိုင်ငံရေးသုံးသပ်နေသူ ဦးမောင်မောင်စိုး အမြင်ကတော့-

“တရုတ်အဖို့ကတော့ ပိုးလမ်းခါးပတ်စီမံကိန်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူစီးပွားရေးဇုံဆိုပြီး ကားလမ်း၊ ရထားလမ်းဆက်သွယ်ရေးလမ်း ဖောက်ရင်းပဲဖြစ်ဖြစ် သူ့အနေနဲ့ လုပ်လို့ရတယ်။ ရွှေဂတ်စ် ပိုက်လိုင်းကလည်း သူတို့ ၀ယ်ယူထားပြီးသာ ဖြစ်တော့ အဲဒီကနေ လျှပ်စစ်ဓါတ် ထုတ်လို့လည်း ရတယ်။ လုပ်ငန်းထူထောင်မယ်ဆိုရင်ပေါ့။ အရေးကြီးတာက ဘာပြဿနာဖြစ်နေလဲဆိုတော့ မြန်မာပြည်မှာက တရုတ်ရင်းနှီးမြှုပ်နှံမှုကို စိုးရိမ်တာပေါ့။ စိုးရိမ်တဲ့အခါမှာ နှစ်နိုင်ငံလုံး အကျိုးရှိတဲ့ အခြေအနေဖြစ်ဖို့ လိုတယ်။ ပိုးလမ်းခါးပတ်စီမံကိန်းမှာ မြန်မာပြည်ပါလို့ တရုတ်ရင်းနှီးမြှုပ်နှံမှု ၀င်လာမယ်ဆိုရင် မြန်မာပြည်အတွက် ဘယ်လောက်ထိ အကျိုးရှိမလဲ။ မြန်မာပြည်သူတွေအတွက် ဘယ်လောက်ထိ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မလဲ။ ဒါတွေအရေးကြီးပါတယ်။ ဒါကို မြန်မာအစိုးရဘက်က ကြိုးစားရုံမက တရုတ်အစိုးရဘက်ကလည်း မြန်မာပြည်ကို ဖြတ်ရင် မြန်မာပြည်သူတွေရဲ့ မျက်နှာကို အဓိကကြည့်ဖို့ လိုတယ်။ တကယ်လို့ တရုတ်ဖက်က အစိုးရချင်း သဘောတူညီရင် ပြီးရောဆိုရင်တော့ မြစ်ဆုံစီမံကိန်းလို ပြဿနာတွေဖြစ်နိုင်ပါတယ်။”

ညီလာခံမတိုင်ခင် တရုတ်အစိုးရဟာ သူ့ရဲ့ OBOR ပိုးလမ်းခါးပတ် စီမံကိန်းအတွက် ထောက်ခံမှုကို တိုးချဲ့တဲ့အနေနဲ့ နိုင်ငံပေါင်း ၅၆ နိုင်ငံနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ဒါအပြင် OBOR စီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ ပိုးလမ်းမ ရံပုံငွေဆိုပြီး အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ မ တည် ရင်းနှီးခဲ့ပါတယ်။

One Belt and One Road ညီလာခံဖွင့်ပွဲ အခမ်းအနားကိုရုရှားသမ္မတ Vladimir Putin၊ အီတလီ ၀န်ကြီးချုပ် Paolo Gentiloni၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde တို့လည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားနေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေနဲ့လည်း တရုတ်အစိုးရက ညှိုနှိုင်းထားတဲ့အတွက် OBOR ညီလာခံကို အဲဒီနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

ဥရောပနဲ့ အရှေ့ဥရောပနိုင်ငံတွေဖြစ်တဲ့ Greece၊ Belarus အပြင် ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အီသီယိုပီးယား စတဲ့ နိုင်ငံတွေလည်း ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတွေကတော့ သူတို့ရဲ့ ခေါင်းဆောင်တွေ ညီလာခံတက်ရောက်ဖို့ရှိမရှိ တရုတ်နဲ့ သဘောတူညီမှုမရသေးသလို တရုတ်ရဲ့ စီးပွားရေးမဟာမိတ်အုပ်စုနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်နဲ့ တောင်အာဖရိကနိုင်ငံတွေကတော့ သူတို့ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ဖို့ မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တရုတ်ရဲ့ ပိုးလမ်းခါးပတ်စီမံကိန်းမှာ အာရှနဲ့ ဥရောပတိုက်ကိုဖောက်လုပ်မယ့် ကုန်လမ်းနဲ့ ရေကြောင်းလမ်းတွေပါဝင်ပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 (ဓာတ်ပုံ - အီးပီအေ)
ဧပြီ ၁၉၊ မက်ဒရစ်။ ။ ဘိုင်ယန်မြူးနစ်ကို ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒု-အကျော့ပွဲစဉ်တွင် ဟက်ထရစ်သွင်းဂိုးရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး ၁၀၀ ပြည့်ခဲ့သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

ရော်နယ်ဒိုမှာ ဘိုင်ယန်ကို ၂ - ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပထမအကျော့ပွဲစဉ်အပြီးတွင်လည်း ဥရောပသွင်းဂိုး ၁၀၀ ပြည့်ခဲ့ကာ ချန်ပီယံလိဂ်သွင်းဂိုး ၉၇ ဂိုးရခဲ့သည့်အတွက် ဒု-အကျော့တွင် သုံးဂိုးသွင်းနိုင်ပြီးနောက် ချန်ပီယံလိဂ်ဂိုး ၁၀၀ ပြည့်ခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး ၁၀၀ ဖြင့် ဂိုးအများဆုံးကစားသမားစာရင်းကို ဦးဆောင်နေပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၉၄ဂိုးဖြင့် ဒုတိယ၊ ရီးယဲလ်နှင့် ရှော်လ်ကေးတိုက်စစ်မှူးဟောင်း ရာအူးလ်က ၇၁ ဂိုးဖြင့် တတိယ၊ မန်ယူနှင့် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းက ၅၆ ဂိုးဖြင့် စတုတ္ထနေရာများတွင် အသီးသီးရပ်တည်နေသည်။

ရော်နယ်ဒိုမှာ မန်ယူမှ ရီးယဲလ်သို့ပြောင်းရွှေ့လာပြီးနောက် ၈ နှစ်အတွင်း ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၂၆၀ ကစားထားကာ ၂၇၉ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်သည်။

ရော်နယ်ဒိုမှာ ယခုနှစ်ချန်ပီယံလိဂ်တွင်လည်း သွင်းဂိုး ၇ ဂိုးရထားပြီး သွင်းဂိုးအများဆုံး ကစားသမား မက်ဆီထက် ၄ ဂိုးလျော့နည်းကာ စတုတ္ထနေရာတွင် ရပ်တည်နေသည်။
Mizzima - News in Burmese


Steve Stephens has committed suicide. He was wanted for shooting dead 74-year-old Robert Godwin in a random act of violence on Sunday

အမေရိကန်ပြည်ထောင်စုမှာ သူကိုင်ဆောင်တဲ့သေနတ်နဲ့ လူတယောက်ပစ်သတ်ခဲ့ပုံကို ဗီဒီယိုရိုက်ကူးကာ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တင်ပြသခဲ့ပြီးနောက် ထွက်ပြေးသွားတဲ့ တရားခံ Steve Stehphens စတီဗ် စတီဖင် ဆိုသူဟာ မိမိကိုယ်မိမိ ပစ်သတ်ပြီး မနေ့က အဆုံးစီရင်သွားပါပြီ။

အဲဒီ စတီဖင်ဆိုသူဟာ Ohio အိုဟိုင်းယိုးပြည်နယ် Cleaveland ကလိဖ်လင်းမြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေက အသက် ၇၄ နှစ်ရှိတဲ့ Robert Godwin ရောဘတ် ဂေါ့ဝင်း ဆိုသူကို ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ကာ လဲကျသေဆုံးသွားတဲ့အထိ ဗီဒီယိုရိုက်ကူး တင်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ ကလိဗ်လင်းမြို့တော်ဝန်က ထွက်ပြေးသွားတဲ့ ဝရမ်းပြေး စတီဖင်ကို ဖမ်းမိအောင် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၅ သောင်းပေးမယ်လို့ ကြော်ငြာခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဝရမ်းပြေးဟာ Ford ကုမ္ပဏီထုတ် Fusion အမျိုးအစား ဆီဒင်အငယ်စားတစင်းနဲ့ ထွက်ပြေးနေကြောင်း၊ လက်နက်ကိုင်ဆောင်ထားတဲ့အတွက် အန္တရယ်ကြီးမားကြောင်း ကြေညာခဲ့ပါတယ်။

နောက်၂ ရက်အကြာ အင်္ဂါနေ့ မနေ့က နေ့လည်ပိုင်းမှာတော့ မူလ သတ်ဖြတ်မှုဖြစ်ပွားတဲ့ ကလိဗ်လင်းမြို့နဲ့ မိုင် ၁ဝဝ ကျော်ကွာဝေးတဲ့ Pennsylvania ပင်စီဗေးလ်နီးယားပြည်နယ် တနေရာမှာ အဲဒီ ကားကို လူတယောက်က တွေ့တဲ့အတွက် ရဲကိုအကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက် တရားခံက ထွက်ပြေးသွားခဲ့ရာမှာ ရဲတွေက PIT လို့ခေါ်ဆိုတဲ့ ထွက်ပြေးကားကို ရဲကားနဲ့ဝင်တိုက်ပြီးရပ်တန့်သွားစေတဲ့ နည်းကို အသုံးပြုခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ သတင်းဌာနတွေက ကမ္ဘာအနှံ့ တိုက်ရိုက် ထုတ်လွှင့်တင်ပြခဲ့ကြပါတယ်။

“သတင်းပေးချက်အရ အဲဒီနေရာကိုရဲတွေ ရောက်သွားချိန်မှာ သူက ကားမောင်းထွက်ပြေးလို့ အနည်းငယ်ကြာ လိုက်ဖမ်းရပါတယ်။ သူ့ကားကို ရပ်တန့်အောင်ပြုလုပ်နိုင်ခဲ့ပြီးနောက် ရဲအရာရှိတွေက ကားအနီး ချဉ်းကပ်သွားချိန်မှာ စတိဗ် စတီဖင်က သူ့ကိုယ်သူအဆုံးစီရင်သွားပါတယ်” လို့ ရဲအရာရှိတဦးက ပြောပါတယ်။

သူပစ်သတ်ခဲ့တဲ့ ကံဆိုးသူ ရောဘတ် ဂေါ့ဝင်းရဲ့ မိသားစုက စတီဖင် ကို မိမိတို့ ခွင့်လွှတ်ကြောင်း ပြောကြားပါတယ်။

ဒီလူသတ်မှုကျူးလွန်ပုံရိုက်ကူးတင်ပြခဲ့တဲ့ ဗီဒီယိုကို ၂ နာရီကြာမြင့်ပြီးနောက် ဖေ့စ်ဘုတ်ပေါ်ကနေ ဖြုတ်ချဖယ်ရှားခဲ့ပါတယ်။

ဘာကြောင့် ဒီလောက်ကြာကြာ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရှိနေခဲ့ရသလဲဆိုတာ စုံစမ်းစစ်ဆေးနေကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မနေ့ကတော့ ဖေ့စ်ဘုတ်တီထွင်သူ Mark Zuckerberg မာ့က် ဇူကာဘာဂ့် က “ရောဘတ် ဂေါ့ဝင်းရဲ့ မိသားစုနဲ့ ထပ်တူ ကျနော်တို့ရဲ့ နှလုံးသားတွေကြေကွဲရပါတယ်။ ဒီလိုဖြစ်ရပ်ဆိုးမျိုး နောက်ထပ်ပေါ်ပေါက်ခြင်း မရှိအောင် ကျနော်တို့ အစွမ်းကုန် ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဖေ့စ်ဘုတ်ဟာ ကျနော်တို့ရဲ့ ဒီနေ့ ကမ္ဘာမှာ မရှိမဖြစ်တဲ့အရာတခုလို နေရာယူနေပါပြီ။ သတင်းတွေကို ကမ္ဘာအနှံ့ ချက်ခြင်းသိရလို့ အကျိုးရှိလှသလို့ ဖေ့စ်ဘုတ်ကို အဆင်ခြင်မဲ့သုံးစွဲမှုတွေကြောင့် လောကကို ဘယ်လောက် အကျည်းတန်စေပြီး နစ်နာမှုတွေဖြစ်စေနိုင်သလဲဆိုတာ စဉ်းစားသင့်လှကြောင်းပါ ခင်ဗျာ။
RFA



ဘုရား စောင်းတန်းမှာ ဘာသာခြားတွေ ဈေးရောင်းတာ မျိုးချစ် သံဃာများ မလိုလား
ဧပြီလ ၁၇ ရက် မြန်မာ နှစ်ဆန်း တစ်ရက်နေ့က ရွှေတိဂုံဘုရားမှာ အစ္စလာမ် ဘာသာဝင် ကိုသန်းနိုင်ဦး ဈေးရောင်း နေတာကို မြန်မာ မျိုးချစ် ရဟန်းတော်များ အဖွဲ့က သံဃာ တချို့က ပိတ်ပင် တားဆီးခဲ့ ပါတယ်။

ဈေးရောင်းခွင့် မရှိဘူးလို့ ပြောဆိုပြီးနောက် ဗဟန်းမြို့နယ် ထဲက ဘုန်းကြီးကျောင်းကို ခေါ်သွားပြီး မျက်နှာကို နှစ်ချက် ရိုက်နှက်ခဲ့တယ်လို့ ကိုသန်းနိုင်ဦးက ပြောပါတယ်။

နောက်ပိုင်းမှာ သူရောင်းတဲ့ မျက်မှန် ၁၀၀ ကျော်ကို သိမ်းဆည်း ထားလိုက်ပြီး ပြန်လိုချင်ရင် နောင်ကို အဲဒီ နေရာမှာ ဈေးမရောင်း ပါဘူးဆိုတဲ့ ခံဝန် ကတိ ရေးထားတဲ့ စာကို လက်မှတ်ရေးထိုး ယူလာရမယ်လို့ သံဃာတွေက ပြောလိုက် ပါတယ်။

ဒါပေမဲ့ ဧပြီလ ၁၈ ရက် ညနေပိုင်းမှာ ဗဟန်း ရဲစခန်းက သူ့ကို ဆက်သွယ်လာပြီး ပစ္စည်းတွေ ပြန်ယူလို့ ရပြီလို့ ပြောကြောင်း ကိုသန်းနိုင်ဦးက ပြောပါတယ်။

မြန်မာ မျိုးချစ် ရဟန်းတော်များအဖွဲ့ (ရန်ကုန်) ရဲ့ အတွင်းရေးမှူး ဦးသုစိတ္တ ကတော့ ဗုဒ္ဓ ဘာသာဝင်တွေ အထွဋ် အမြတ် ထားတဲ့ ဘုရားမှာ ဗုဒ္ဓ ဘာသာ ဈေးသည်တွေကိုသာ မြင်ချင်ပြီး မွတ်ဆလင် တွေကို မရောင်းစေချင်တဲ့ အတွက် ခွင့်မပြုဖို့ အရင် အစိုးရနဲ့ အခု အစိုးရထံကို ပန်ကြား ထားခဲ့ပြီး ဖြစ်တယ်လို့ မိန့်ပါတယ်။

ရွှေတိဂုံ ဘုရားနဲ့ ရန်ကုန်က တန်ခိုးကြီး ဘုရားတွေကို IS အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနိုင်တယ်လို့ ကြေညာထားတဲ့ အတွက် ရွှေတိဂုံ စေတီတော်ကြီး လုံခြုံရေးနဲ့ အခါကြီး ရက်ကြီးမှာ ကောင်းမှု ကုသိုလ် လုပ်ကြတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်လို့ မွတ်ဆလင်တွေကို တားမြစ်ရတာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်သစ် (YBS) ယာဉ်လိုင်းအားလုံး၏ လေးပုံ သုံးပုံကို ၄ လ အတွင်းကားသစ်များဖြင့် လဲလှယ်နိုင်မည်ဟု ရန်ကုန်မြို့အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွတ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္စျိမသို့ပြောသည်။

“အားလုံးနီးပါးတော့ မဟုတ်သေးဘူး။ လေးပုံ သုံးပုံလောက်တော့ဖြစ်သွားပြီပေါ့။ မေလကုန်လောက်ဆိုရင်လေ"ဟု ၎င်းက ပြောဆိုသည်။

YBS စနစ်သစ်တွင် ဘတ်စ်ကားစီးရေ ၃,၅ဝဝ ကျော် ပြေးဆွဲနေပြီး ကားသစ် ၁၀၀၀ ခန့် ရှိနေခြင်းလည်းဖြစ်သည်။

ကားအသစ်မှာယူထားသည့် ယာဉ်လိုင်းများထဲတွင် ဗန္ဓုလကုမ္ပဏီမှတင်သွင်းသည့် ကားအစီးရေ ၁၀၀၀ ခန့်နှင့် မေတ္တာလှိုင်းယာဉ်လိုင်းမှ တင်သွင်း ရန်ရှိသည့် ကားအစီးရေတစ်ထောင်ခန့်မှာ မကြာမီ ရန်ကုန်မြို့သို့ရောက်လာရန်ရှိနေကြာင်း ရန်ကုန်မြို့အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွတ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူးဒေါက်တာမောင်အောင်ကပြောဆိုသည်။

သို့သော် ရန်ကုန်တိုင်းအစိုးရမှ လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲရန် မှာယူထားသည့် ကားအသစ်များ​ရောက်​မည့်​အချိန်​မှာ “​မေကုန်လောက်ဆိုရင်တော့ ကားသစ်တော်တော်များများ ၃၀၀၀ လောက်တော့ရှိမှာပေါ့နော်” ဟုဒေါက်တာမောင်အောင်က ဖြည့်​စွက်ပြောသည်။

လွန်ခဲ့သည့် သုံးလခန့်​က စတင်ပြောင်းလဲလိုက်သည့် ဘတ်စ်ကားစနစ်သစ်သည် ဧပြီလ ၁၆ ရက်က ၃လပြည်ခဲ့ပြီဖြစ်သည်။

ဒုတိယ အဆင့်အနေဖြင့် ခြောက်လတွင်း အစိုးရမှ ကားသစ်အစီးရေ တစ်ထောင်ကျော် ထပ်မံမှာယူရန်ရှိနေသေးကြောင်း ရန်ကုန်မြို့အများပြည်သူသယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွတ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှသိရသည်။

“အစိုးရ ဝယ်တာက ၁၀၀၀ ကျော်ဆို ၃၀၀၀ ကျော်လောက်ဖြစ်လာမယ်။ တကယ်လိုတာက ၄၅၀၀ လောက်ပဲလိုတာ တဖြည်းဖြည်းနဲ့တော့ ကားသစ်နဲ့အစားထိုးသွားမှာပါ” ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

လက်ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းများအားလုံးကို အဆင့်မြှင့်တင်မှုအနေဖြင့် ပထမသုံးလအတွင်း ကားသစ်များဖြင့် အသစ်ဝယ်ယူပြေးဆွဲရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။

လက်ရှိ YBS အဖြစ် ပြေးဆွဲနေသော ကားအများစုမှာ ယခင် မထသလက်ကျန် ကားဟောင်းများဖြစ်ပြီး ယခုကဲ့သို့ ကားသစ်များနှင့်လှဲလှယ်ရန် ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

သို့သော်လက်ရှိတွင် ကားအစီးရေ တစ်ထောင်ကျော်ခန့်​ကသာ အဲကွန်းဖွင့်ပြီး CCTV တပ်ဆင်ထားသည့် ကားသစ်များအဖြစ်ရှိနေခြင်းလည်းဖြစ်သည်။

လက်ရှိ YBS စနစ်သစ်တွင် ဘတ်စ်ကားစီးရေ ၃,၅ဝဝ ကျော် ပြေးဆွဲနေပြီး စီးရေ ၄,၅ဝဝ အထိ ပြေးဆွဲနိုင်ရန် ရန်ကုန်တိုင်းအစိုးရက မျှော်မှန်းသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/26056


တရုတ် အမျိုးသားလေကြောင်းလိုင်းသည် မြောက်ကိုရီးယားသို့ ပျံသန်းပြေးဆွဲမှုများ ရပ်ဆိုင်းလိုက်ခြင်းသည် မည်သည့် နိုင်ငံရေးလှုံ့ဆော်မှုကြောင့်မှ မဟုတ်ဟု တရုတ်အစိုးရက ဧပြီ ၁၇ ရက်တွင် ငြင်းဆိုခဲ့သည်။ မြောက်ကိုရီးယားအစိုးရ၏ လက်နက်စီမံကိန်းများကို ကူညီထိန်းချုပ်ပေးရန် တရုတ်အစိုးရပေါ်တွင် ဖိအားများ မြင့်တက်လာစဉ် တရုတ်အမျိုးသားလေကြောင်းလိုင်းက မြောက်ကိုရီးယားသို့ လေယာဉ်ခရီးစဉ်ပြေးဆွဲမှုများကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

အဲချိုင်းနား (Air China) လေကြောင်းလိုင်းက ပေကျင်း-ပြုံယမ်း ခရီးစဉ်ကို ရပ်ဆိုင်းထားသည်ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီတွင် ဧပြီ ၁၄ ရက်က ထုတ်လွှင့်ခဲ့ရာ ယင်းလုပ်ရပ်သည် မြောက်ကိုရီးယားကို ဖိအားပေးရန် ရည်ရွယ်ခြင်း ဟုတ် မဟုတ်နှင့် ပတ်သက်၍ ထင်ကြေးများ မြင့်တက်ခဲ့သည်။

သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် လူကန်က ယင်းကိစ္စသည် အစိုးရနှင့် ကင်းရှင်းပြီး ဈေးကွက်အခြေအနေကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။ “အဲချိုင်းနားပဲ ဖြစ်ဖြစ်၊ အခြား လေကြောင်းလိုင်းတွေပဲ ဖြစ်ဖြစ် ဒီလိုမျိုးဆုံးဖြတ်ချက်ကို ချမှာပဲ။ ဒါကို အဓိပ္ပာယ်ကောက် မလွဲသင့်ပါဘူး” ဟု လူက ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်သည် မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိက မဟာမိတ်နိုင်ငံဖြစ်သလို အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်လည်း ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား လက်နက်စီမံကိန်းများကို ထိန်းချုပ်ရန် တရုတ်ဘက်က ပိုမိုလုပ်ဆောင်ပေးရန် ထရန့်အစိုးရအဖွဲ့က တိုက်တွန်းလျက် ရှိသည်။

ဖေဖော်ဝါရီလကလည်း တရုတ်အစိုးရက မြောက်ကိုရီးယားဘက်မှ ကျောက်မီးသွေး တင်သွင်းမှုများအားလုံးကို ယခုတစ်နှစ်လုံးအတွက် ရပ်ဆိုင်းလိုက်ပြီဟု ကြေညာခဲ့သည်။ ကျောက်မီးသွေးသည် မြောက်ကိုရီးယားအတွက် အသက်တမျှ အရေးပါသည့် တင်ပို့ကုန်ဖြစ်သည်။

အဲချိုင်းနားက ခရီးသည် နည်းပါးသောကြောင့် ပြုံယမ်းခရီးစဉ်ကို ရပ်လိုက်ရခြင်း ဖြစ်သည်ဟု ဧပြီ ၁၇ ရက်က ဖြေကြားခဲ့သည်။ အဲချိုင်းနားသည် မြောက်ကိုရီးယားသို့ ပုံမှန်ခရီးစဉ် ပျံသန်းပြေးဆွဲနေသည့် တစ်ခုတည်းသော နိုင်ငံခြားလေကြောင်းလိုင်း တစ်ခုဖြစ်သည်။ “ပေကျင်း-ပြုံယမ်း ခရီးစဉ်ကို လုံးဝဖျက်လိုက်တာ မဟုတ်ပါဘူး ။ လက်မှတ်ရောင်းချရမှု အခြေအနေပေါ် မူတည်ပြီး ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်” ဟု အဲချိုင်းနားမှ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိ ဘိုကင်စနစ်အရ ပေကျင်း-ပြုံယမ်း ခရီးစဉ်ပြေးဆွဲမှုသည် အစောဆုံး လာမည့်နှစ် မတ်လတွင်မှ ပြန်လည် စတင်နိုင်မည်ဟု ဆိုသည်။

မြောက်ကိုရီးယား၏ အမျိုးသားလေကြောင်းလိုင်း ဖြစ်သော အဲကော်ယိုသည် ဧပြီ ၁၇ ရက်က ပေကျင်းသို့ လေကြောင်းခရီးစဉ်မှာ ၁၀ နာရီကျော်ကြာ နှောင့်နှေးသွားခဲ့သည်။ ပြုံယမ်းလေဆိပ်က ခရီးသွားများကို ရာသီဥတုကြောင့် နှောင့်နှေးသည်ဟု ဆိုသော်လည်း ပေကျင်းဘက်မှ ရာသီဥတုမှာ အများအားဖြင့် သာယာနေခဲ့သည်။

တရုတ်မှ အဓိက ခရီးသွားအေဂျင်စီများကလည်း လူစိတ်ဝင်စားမှု နည်းပါးသောကြောင့် မြောက်ကိုရီးယားသို့ ခရီးစဉ်စီစဉ်မှုများကို ရပ်ဆိုင်းလိုက်သည်ဟု အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယားသို့ ခရီးစဉ် စီစဉ်ပေးနေသည့် နိုင်ငံခြားကုမ္ပဏီများကမူ စိတ်ဝင်စားမှု လျော့သွားခြင်း မရှိဟု ဆိုကြသည်။

Writer:
Ref: AFP

===========

Eleven Media Group


ဧပြီ ၁၈ – ကိုရီးယားကျွန်းစွယ်မှာ စစ်ဖြစ်ခဲ့ရင် ဒုက္ခသည်တွေ ဂျပန်ကို အလုံးအရင်းနဲ့လာမယ့် အရေးအတွက် အရေးပေါ်စီမံကိန်းတွေကို ဂျပန်အစိုးရက ရေးဆွဲနေကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက တနလာင်္နေ့က ပြောပါတယ်။ အစိုးရဟာ နိုင်ငံခြားသားတွေကို ကာကွယ်ရေး၊ မြေယာစီမံချက်၊ ခိုလှုံရေးစခန်းတွေ တည်ဆောက်ရေးနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို စစ်ဆေးရေးအပါအ၀င် စီမံချက်တွေကို ဆောင်ရွက်နေကြောင်း အာဘေးက လွှတ်တော်မိန့်ခွန်းမှာ ပြောပါတယ်။ အာဘေးက အခုလိုပြောတာဟာ အရင်က မကြာခဏမေးဖူးတဲ့ မေးခွန်းကို ဖြေကြားလိုက်တာဖြစ်ပေမယ့် မြောက်ကိုရီးယားရဲ့ မစ်ဆိုင်းဒုံးစွမ်းရည်က တဟုန်ထိုးမြင့်တက်နေပြီး အမေရိကန်နဲ့ တင်းမာမှုမြင့်နေတဲ့ အခုအချိန်မှာ ဒီမေးခွန်းဟာ လက်တွေ့ပိုဆန်လာပါတယ်။ အစိုးရဟာ စစ်ဖြစ်လာရင် တောင်ကိုရီးယားမှာရှိတဲ့ ဂျပန်နိုင်ငံသား ၆၀၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်း ပေးမယ့်စီမံကိန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

အာဘေးဟာ မြောက်ကိုရီးယားအရေးကို အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်နဲ့ အင်္ဂါနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ပန့်စ်ဟာ တောင်ကိုရီးယားကနေ တိုကျိုကို လာရောက်မှာဖြစ်ပြီး “မြောက်ကိုရီးယားကို မဟာဗျူဟာအရ သည်းခံခဲ့တဲ့ခေတ် ကုန်ဆုံးသွားပြီ” လို့ ကြေညာမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ပြုံယန်းအပေါ် ပိုမိုဖိအားပေးတဲ့ ပြောင်းလဲမှုကို ထပ်လောင်းအတည်ပြုခြင်းဖြစ်ပါတယ်။ အာဘေးက ဒီမူဝါဒကို ချီးကျူးပြီး မကြာသေးမီက ပူးတွဲထုတ်ပြန်ချက်အတွင်း အမေရိကန်က ဂျပန်ကို ကာကွယ်ပေးဖို့ နျူကလီးယားကိုရော၊ သမားရိုးကျလက်နက်တွေကိုပါ အသုံးပြုမယ်လို့ ကတိပေးထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ “ကျွန်တော်တို့က မြောက်ကိုရီးယားရဲ့သဘောထားကို ပြောင်းလဲဖို့နဲ့ တရုတ်က ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာဖို့အတွက် အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ” လို့ အာဘေးက ပြောပါတယ်။ အာဘေးရဲ့ အမျိုးသားလုံခြုံရေးကောင်စီထဲက ၀န်ကြီးတွေဟာ မြောက်ကိုရီးယားနိုင်ငံအတွင်း နောက်ဆုံးဖြစ်ရပ် တွေကို လေ့လာဆန်းစစ်ဖို့နဲ့ ဂျပန်ဘက်က တုံ့ပြန်မှုတွေအတွက် တွေ့ဆုံခဲ့ကြောင်း ၀န်ကြီးများရုံးဝန်ကြီး ယိုရှီဟီဒီဆူဂါက ပြောပါတယ် ။

သောကြာနေ့က NSC အဖွဲ့ဝင်တွေဟာ မြောက်ကိုရီးယားလက်နက်ကိုင်စစ်သားတွေက ဒုက္ခသည်ဟန်ဆောင်ပြီး ဂျပန်ထဲ ၀င်လာနိုင်တဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဆိုပါတယ်။ ဂျပန်နိုင်ငံသားတွေကို ဘေးကင်းရာရွှေ့ပြောင်းဖို့ လိုအပ်လာခဲ့ရင် ဂျပန်အစိုးရဟာ တောင်ကိုရီးယားကို အရပ်သုံး ဒါမှမဟုတ် စစ်သုံးလေယာဉ်နဲ့ သဘောင်္တွေ စေလွှတ်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် စစ်လေယာဉ်တွေ၊ သဘောင်္တွေ စေလွှတ်တာဟာ တောင်ကိုရီးယားအတွက် အထိခိုက်မခံတဲ့ ကိစ္စ ဖြစ်လာနိုင်ပြီး အကြောင်းက ၁၉၀၀ ပြည့်လွန် ပထမ နှစ် ၅၀ အတွင်း ဂျပန်စစ်တပ်ရဲ့ ကျူးကျော်မှုနဲ့ နယ်ချဲ့မှုတို့ကို ပြန်အမှတ်ရစေနိုင်ကြောင်း ဝေဖန်သူတွေက ပြောပါတယ်။

စုပြည့်စုံ

ref: ABC, Apr 18th
Kumudra


ဧပြီ ၁၈ – နိုင်ငံတကာကရှုတ်ချမှုတွေရှိနေသလို အမေရိကန်နဲ့စစ်ရေးတင်းမာမှုတွေမြင့်တက်လာနေပေမယ့်လည်း မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိတစ်ဦးက ပြုံယမ်းမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ နောက်ထပ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် စသဖြင့်လုပ်ဆောင် သွားမှာဖြစ်တယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဒုတိယဝန်ကြီး ဟန်ဆွန်ယိုး ကဘီဘီစီ သတင်းထောက် ဂျွန်ဆက်ဝေါ့ကိုပြောကြားခဲ့ပါတယ်။

အမေရိကန်အနေနဲ့ စစ်ရေးအရအရေးယူမှုလုပ်ခဲ့ပါက စစ်ပွဲအကြီးအကျယ်ဖြစ်သွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်ကလည်း မြောက်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန်ကို အကဲလာမစမ်းဖို့ သတိပေးခဲ့ပါတယ်။ အမေရိကန်ရဲ့မြောက်ကိုရီးယားအပေါ် မဟာဗျူဟာမြောက်စိတ်ရှည်သည်းခံတဲ့ခေတ်က ကုန်လွန်သွားခဲ့ပြီ၊ လို့လည်း သူကဆိုပါတယ်။ မြောက်ကိုရီးယားက မအောင်မြင်ခဲ့တဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုလုပ်ဆောင်ခဲ့ပြီးခဲ့နောက်နာရီအနည်းငယ်အကြာ တနင်္ဂနွေနေ့က မစ္စတာ ပန့်စ်ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကိုရောက်ရှိခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် ရန်စပြောဆိုမှုတွေအရှိန်တက်လာမှုနဲ့အတူ ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ သဘောထားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ကျွန်တော်တို့အပေါ် စစ်ရေးအရတိုက်ခိုက်မှုလုပ်ဖို့ပြင်ဆင်နေမယ်ဆိုရင် ကျွန်တော်တို့ ဘက်ကလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင်နည်းလမ်းနဲ့ နျူကလီးယားလက်နက်နဲ့လက်ဦးမှုရယူပြီး တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း မစ္စတာ ဟန်က ဘီဘီစီကိုပြောခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကရှုတ်ချတာတွေနဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေရှိနေပေမယ့်လည်း မြောက်ကိုရီးယားအစိုးရဟာ မကြာသေးခင်နှစ်တွေအတွင်းက သူတို့ရဲ့ နျူကလီးယားနဲ့ဒုံးကျည်စမ်းသပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ အမေရိကန်အပါအဝင်ကမ္ဘာတလွှားက နိုင်ငံတွေဆီ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ်ဒုံးကျည်မှာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သည်ကိစ္စ ဖြစ်လာမှာမဟုတ်ဘူးလို့ပြောခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ အပေါ်ဖိအားပေးမှုတွေတိုးမြှင့်သွားမယ်၊လို့ ဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတက ရေတပ်တိုက်ခိုက်ရေးတပ်ဖွဲ့ကို ကိုရီးယားကျွန်းဆွယ်ဆီစေလွှတ်ခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း အစောပိုင်းကတည်းကတပ်ဖြန့်ချထားမှုတွေလုပ်ဆောင်နေတဲ့ အငြင်းပွားဖွယ်ရာ ဒုံးကာကွယ်ရေးစနစ်တပ်ဖြန့်ချထားမှုကိုဆက်လက်လုပ်ဆောင်နေပါတယ်။

မအေးသီမွန်

[Ref:BBC; 18 April 2017]

Kumudra


ဧပြီ ၁၈ – တရုတ်နဲ့ရုရှားဟာ အမေရိကန်ရေတပ်တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကို ကိုရီးယားနဲ့ ဝေးရာအရပ်ဆီ ရောက်သွားအောင် ခြောက်ထုတ်ဖို့ သူလျှိုသင်္ဘောတွေ စတင်စေလွှတ်ခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။ ဒေသတွင်းတင်းမာမှုတွေမြင့်တက်လာတာနဲ့အတူ ဒေါ်နယ်ထရမ့်ကလည်းအင်အားပြသမှုတစ်ရပ်အနေနဲ့ ကိုရီးယားကျွန်းဆွယ်ဆီတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ဖို့ အမေရိကန်လေယာဉ်တင်သင်္ဘောUSS ကားလ်ဗင်ဆင်ကို စေလွှတ်ခဲ့ပါတယ်။

Raw Story ကလည်း ပြိုင်ဘက်အင်အားကြီးနိုင်ငံတွေလည်း သူလျှိုရေယာဉ်တွေစေလွှတ်ထားတယ်လို့ ယိုမီယူရီရှင်ဘွန်းမှာဖော်ပြထားတဲ့ ဂျပန်အစိုးရသတင်းအရင်းအမြစ်တွေရဲ့ပြောကြားချက်တွေကို ကိုးကားပြီး ရေးသားထားပါတယ်။ သည်သင်္ဘောတွေဟာ အဆိုပါဒေသတွင်း အမေရိကန်ပြည်ထောင်စုက အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်မယ့် အရေးကို နှစ်နိုင်ငံလုံးက သတိပေးကန့်ကွက်ပြီးနောက် အမေရိကန်ကို သတိပေးတဲ့လုပ်ရပ်တစ်ခုအဖြစ် ရည်ရွယ် စေလွှတ်ထားပုံရပါတယ်။

ရုရှားအစိုးရပြောခွင့်ရအမျိုးသား ဒီမီထရီပက်စ်ကော့ဗ်ကလည်း သည်တစ်ပတ်အစောပိုင်းမှာ သတင်းထောက်တွေ ကိုပြောရာမှာ သူတို့ဟာ နိုင်ငံအားလုံးကိုတည်ငြိမ်ကြဖို့ တောင်းဆိုထားပြီး ရန်စတဲ့ခြေလှမ်းတွေအထိဖြစ်စေနိုင်တဲ့ လုပ်ရပ်တိုင်းကို ရှောင်ရှားကြဖို့ အားလုံးကိုတောင်းဆိုထားတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကလည်း သည်ပြောကြားချက်အတိုင်းထပ်တူပြုပြီးတော့ အမေရိကန် အစိုးရနဲ့ ပြုံးယမ်းအစိုးရကိုလည်း ပြန်လှည့်လို့မရနိုင်တဲ့အခြေအနေမရောက်ခင် အစွန်းကနေ နောက်ပြန်ဆုတ် ကြဖို့ ပြောကြားထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားဒုတိယသံအမတ်ကြီးကလည်း သည်ဒေသတွင်း အခုလိုရေတပ်တပ်ဖွဲ့ စေလွှတ်မှုကို ရှုတ်ချထားပါတယ်။ သူက အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်ကို ကမ္ဘာ့ရန်အများဆုံးနေရာတစ်ခုဖြစ်အောင် လုပ်ဆောင်နေပြီး အချိန်မရွေး သာမိုနျူကလီးယားစစ်ပွဲတစ်ပွဲဖြစ်ပွားအောင်ဖန်တီးနေတယ်လို့ အမေရိကကို စွပ်စွဲထားပါတယ်။ ကိုရီးယားကျွန်းဆွယ်ကမ်းလွန်မှာ ထရမ့်အစိုးရရဲ့ သည်ကားလ်ဗင်ဆင် နျူကလီးယားတင် သင်္ဘောတပ်ဖွဲ့ စေလွှတ်တာဟာ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ဂရုမစိုက်တဲ့ကျူးကျော်မှုလုပ်ရပ်တွေဟာ အရေးကြီးတဲ့ အနေအထားထိရောက်ရှိနေပြီဆိုတာပြသလိုက်တာပဲဖြစ်တယ်လို့ သူကပဲဆက်ပြောပါတယ်။

ချိုလေးငယ်

ref: theSun. Apr 17, 2017
Kumudra


မစ္စတာ Pence ကို တိုကျိုမြို့တော်မှာ လက်ခံ တွေ့ဆုံခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
မြောက်ကိုရီးယားနိုင်ငံကို သူ့ရဲ့ နျူကလီးယားလက်နက် နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ စွန့်လွှတ်လာအောင် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားပေးမှုတွေ လုပ်သွားရလိမ့်မယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းပေါင်းစုံ စဉ်းစားထားပြီးဖြစ်သလို၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး ရည်မှန်းချက်ကို အမေရိကန်ပြည်ထောင်စုက နောက်ဆုတ်မှာမဟုတ်ဘူးလို့လည်း ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း မစ္စတာ Pence က ပြောပါတယ်။

၂၀၀၉ ခုနှစ်က ပျက်ပြယ်သွားခဲ့တဲ့ မြောက်ကိုရီးယားအရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲ အပါအ၀င် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ပတ်သက်လို့ အရင်ကကြိုးပမ်းခဲ့ကြတဲ့ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေကို ထောက်ပြပြီးတော့လည်း မြောက်ကိုရီးယားဘက်က ကတိတွေ အကြိမ်ကြိမ်ဖျက်ပြီး ရန်လိုမှုတွေသာ တိုးလုပ် ဆောင်လာခဲ့တယ်လို့လည်း ဒုသမ္မတ Pence က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်လို့ မဟာဗျူဟာအရ စိတ်ရှည်သည်းခံလာခဲ့တဲ့အချိန် ကုန်သွားပါပြီလို့ ဆိုပြီး မြောက်ကိုရီးယားကို ဖိအားပေးပြီး ပိုမို အထီးကျန်အောင် လုပ်ဖို့အတွက် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကြား တွေ့ဆုံဆွေးနွေးသွားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့လည်း မစ္စတာ Pence က ထပ်မံ ပြောသွားပါတယ်။ မစ္စတာ Pence ကို တိုကျိုမြို့တော်မှာ လက်ခံ တွေ့ဆုံခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း - မြောက်ကိုရီးယားအစိုးရကို ကိုင်တွယ်ဖို့ အမေရိကန်က ဘက်ပေါင်းစုံကနေ ချဉ်းကပ် လုပ်ဆောင်နေတဲ့အပေါ် ကြိုဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ပေမဲ့ ဒီလို တွေ့ဆုံ ဆွေးနွေးနိုင်အောင် ဆွေးနွေးမှုတွေ သက်သက်လုပ်နေရုံကတော့ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့လည်း မစ္စတာ အာဘေးက ပြောပါတယ်။
VOA Burmese News



အိမ်ပေါ်တက်၍ ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွား
ဧပြီ ၁၈၊၂၀၁၇

မောင်တောမြို့နယ် ဖွေယာရွာ အိမ်ထောင်စု အမှတ် (၂၂) နေ တပ်ဦးချောင်းကျေးရွာ အုပ်စုတာဝန်ခံ အာမီအာလီ (၃၈)နှစ်သည် အိမ်၌ရှိနေစဉ် ဧပြီ ၁၇ ရက် ညပိုင်းက အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် အမည်( စိစစ်ဆဲ) အမျိုးသား (၁၀) ဦးခန့်မှ ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တပ်ဦးချောင်းကျေးရွာ အုပ်စုတာဝန်ခံ အာမီအာလီ (၃၈)နှစ်သည် အိမ်၌ရှိ နေစဉ် အနက်ရောင်မျက်နှာဖုံးစွပ်ထားသည့် အမည်( စိစစ်ဆဲ) အမျိုးသား (၁၀) ဦးခန့်ရောက်ရှိလာပြီး(၂) ဦးမှာ အိမ်ပေါ်သို့တက်၍ အာမီအာလီအား ဓားဖြင့်ခုတ်၍ အိမ်အောက်သို့ဆွဲချခဲ့သည်။ ထို့နောက် အာမီအာလီ အား အိမ်၏အရှေ့၌ မျက်နှာဖုံးစွပ်ထားသည့် သူများက ဓားဖြင့်ထပ်မံခုတ်ထိုးခြင်းများပြုလုပ်ရာ ပတ်ဝန်းကျင်မှ လူများထွက်လာသဖြင့် မျက်နှာဖုံးစွပ်အဖွဲ့သည် သေနတ်(၅)ချက်ပစ်ဖောက်၍ ရွာ၏ အနောက်မြောက်ဖက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ဓားခုတ်ခံရမှုကြောင့် အာမီအာလီတွင် လက်ဖျံ၊ လက်မောင်း၊ ဦးခေါင်း ငယ်ထိပ်၊ ယာတင်ပါးပြတ်ရှ၊ နောက်ကျော ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် အာမီအာလီ၏ နေအိမ် အနီးပတ်ဝန်းကျင်၌ ရှင်းလင်းရာ ပစ္စတိုကျည်ခွံ (၂)ခုတွေ့ရှိခဲ့ပြီး မျက်နှာဖုံးစွပ် အဖွဲ့များထွက်ပြေး သည့် လမ်ကြောင်းအတိုင်း လိုက်လံ ရှင်းလင်းလျက်ရှိသည်။ သေဆုံးသွားသည့် အာမီအာလီ အား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေး ယူဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom



ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Lavrov အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    မော်စကို ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

    ရုရှား နိုင်ငံခြားရေး ဝန်ကြီး Lavrov က ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အပေါ် ဆောင်ရွက်ခဲ့သည့် တစ်ဖက်သတ် ဆောင်ရွက်မှုမျိုးအား မြောက်ကိုရီးယား နိုင်ငံ အပေါ် မဆောင်ရွက်ရန် မျှော်လင့် ကြောင်း ပြောကြား ခဲ့သည်။

Lavrov က အမေရိကန် နိုင်ငံ ဒုတိယ သမ္မတ Mike Pence ၏ "ဝါရှင်တန် မှ မြောက်ကိုရီးယား နိုင်ငံ အပေါ်ထားရှိသည့် မဟာဗျူဟာ သည်းခံမှု သည် ပြီးဆုံးခဲ့ပြီ"ဟူသော ပြောဆိုမှုနှင့် ပတ်သက်၍ ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ သည် ပြီးခဲ့သည့် ကာလတစ်လျှောက်လုံးတွင် မြောက်ကိုရီးယား နိုင်ငံ အပေါ် မဟာဗျူဟာ သည်းခံမှု ထားရှိခဲ့သည် ဟုမယူဆကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် အပြင်းထန်ဆုံးသော ပိတ်ဆို့အရေးယူမှုများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့်လည်း လုံလောက်သည့် ပြင်းထန်သော အရေးယူမှု များကို ဆောင်ရွက်ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ အား အကြိမ်ကြိမ် ဝေဖန်ပြစ်တင် ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Lavrov က အမေရိကန် နိုင်ငံ မှ မြောက်ကိုရီးယား နိုင်ငံ အား တစ်ဖက်သတ် စစ်အင်အားဖြင့် ခြိမ်းခြောက်မှု ဆောင်ရွက်ခဲ့ပါက လွန်စွာ အန္တရာယ်များသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် အများအပြား ကို ချိုးဖောက်ခဲ့ပြီး နျူကလီးယား စမ်းသပ်မှု နှင့် ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု များ ဆောင်ရွက်ခဲ့သည့် အပေါ် လက်မခံကြောင်း ၊ သို့သော်လည်း အမေရိကန် နိုင်ငံ မှ ထိုနည်းတူစွာ နိုင်ငံတကာ ဥပဒေ ကို ချိုးဖောက်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ကို ဖျက်ဆီးသည့် ပုံစံဖြင့် စစ်အင်အား အသုံးပြုနိုင်သည်ဟူသော အဓိပ္ပါယ် သို့ မသက်ရောက်ကြောင်း ၊ ရုရှားနိုင်ငံ အနေဖြင့် မကြာသေးသည့် အချိန်က အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အပေါ် ဆောင်ရွက်ခဲ့သည့် တစ်ဖက်သတ် ဆောင်ရွက်မှု မျိုးကို ထပ်မံ မမြင်တွေ့လိုကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ သတင်းပြန်ကြားရေး ဆိုင်ရာ အတွင်းရေးမှူး Peskov က ဧပြီ လ ၁၇ ရက်တွင် ရုရှား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား အရေး နှင့်ပတ်သက်၍ ရပ်တည်မှု သည် ကာလတစ်လျှောက် ပြောင်းလဲမှု မရှိကြောင်း ၊ သက်ဆိုင်ရာ အသီးသီး တို့မှ ချုပ်ငြိမ်းကာ မည်သည့် ရန်ပြုသည့် သဘော သက်ရောက်သော ဆောင်ရွက်မှုမျိုးကိုမှ မဆောင်ရွက်ရန် တိုက်တွန်းကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ဆက်လက်၍ နိုင်ငံတကာ နှင့် ညှိနှိုင်းဆောင်ရွက်မှု ကို ကြိုးပန်းဆောင်ရွက်ကာ ရရှိခဲ့ပြီး ဖြစ်သော မူဘောင်များအောက် တွင် မြောက်ကိုရီးယား အရေး ကို ဖြေရှင်းသွားမည် ဖြစ်ကြောင်း မီဒီယာ များထံသို့ ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဧပြီ ၁၇ ရက် (နှစ်ဆန်း ၁ ရက်နေ့)က ရေပက်ခံထွက်သည့်ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကားက မော်လမြိုင်ဘက်ရေသန့်စက်ရုံက ဝန်ထမ်းတွေရေကစားထွက်လာတဲ့ကား၊ လမ်းကွေ့မှာ အရှိန်နဲ့ကွေ့ တော့ လမ်းဘေးရောက်သွားတာကို ပြန်ဆွဲတင်တော့ မထိန်းနိုင်တော့ဘဲ မှောက်သွားတာ၊ တော်တော်များများ က ဒဏ်ရာရသွားတယ်။”ဟု မုတ္တမ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

 မော်လမြိုင်မြို့နေ ယာဉ်မောင်း ဝင်းဗိုလ်(၂၈)နှစ် မောင်းနှင်သော ယာဉ်ပေါ်တွင် မော်လမြိုင်၊ ဒေါင်းဇရပ်ရှိ သောက်ရေသန့်စက်ရုံမှ ရေကစားသူ ကျား(၂၀)ဦး၊ မ(၁၅)ဦးလိုက်ပါလာပြီး ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ဘက် မှ ရေကစားပြီး မော်လမြိုင်သို့အပြန်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် (၁၈၀/၂)နှင့် (၁၈၀/၃) အကြား၌ လမ်းကွေ့အား အရှိန်ဖြင့်ကွေ့စဉ် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ သောက်ရေသန့်စက်ရုံမှ ဝန်ထမ်းကျား (၇)ဦးနှင့် မ(၁၀)ဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် မုတ္တမဆေးရုံနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ထားရပြီး ယာဉ်မောင်း ဝင်းဗိုလ်အား မုတ္တမနယ်မြေရဲစခန်းမှ ယာဉ်(ပ)၈ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/



မာရသာ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်က ကျေးရွာတွေမှာ လေပြင်းတိုက်ခတ်ပြီး လန်ကျသွားတဲ့သွပ်ပြားတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဧပြီလ ၁၇ ရက်နေ့က ကူညီရှင်းလင်းပေးစဉ်။ Photo: Myanmar Fire Services Department FB
မာရသာ မုန်တိုင်းအရှိန်ကြောင့် မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ မိုးများပြီး ရေကြီးတာ၊ မြေပြို တာတွေဖြစ်နိုင်တယ်ဆိုတဲ့ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီရဲ့ သတိပေးချက်ကြောင့် သက်ဆိုင်ရာ မြို့နယ်က ဌာနဆိုင်ရာတွေကို သတိပေး အကြောင်းကြားထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ နောက် ၇၂ နာရီအတွင်း ရေကြီးတာ၊ မြေပြိုတာတွေရှိနိုင်ကြောင်း နဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ အကြောင်းကြားထားတာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

"ဂျပန်က လေ့လာဆန်းစစ်ရေးဆိုတဲ့ အေဂျင်စီက မိုးရွာသွန်းမှု စောင့်ကြည့်တဲ့ အေဂျင်စီကတွေ့ တာ။ တွေ့တော့ သူကနေပြီးတော့ ပြောတာက ၁ နာရီကို ၁၀ မီလီမီတာကနေ ၃၀ မီလီမီတာအတွင်း ရွာသွန်းနိုင်ခြေရှိပါတယ်တဲ့။ အဲလိုပြောတော့ အကယ်၍များ ရေကြီးတာတွေလည်း ဖြစ်လာနိုင်တယ်၊ အကယ်၍ ပျော့တဲ့အပိုင်းတွေမှာလည်း မြေပြိုတာတွေဖြစ်နိုင်တယ်၊ ပြည်သူတွေက ကြိုတင်ပြီးတော့ ဝိရိယစိုက်ထားတာ မမှားဘူးပေါ့နော်။ အဲဒါအတွက်ကို ကျနော်က ရေးလိုက်တာပါ။ သတိပေးပါတယ်။ ကျနော်တို့ ကယ်ဆယ်ရေးကနေပြီးတော့ စာပို့တယ်။ တယ်လီဖုန်းနဲ့လည်းပြောတယ်။ ကရင်ပြည်နယ် ဦးစီးမှူးရုံး၊ မွန်ပြည်နယ် ဦးစီးမှူးရုံး၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးရော ပို့ပါတယ်ခင်ဗျ"

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း မာရသာဟာ ကုန်းတွင်းပိုင်းကိုဝင်ပြီး ပျက်ပြယ် သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့မြောက်ဖျားတွေမှာ ၃ ရက် အတွင်း မိုးကြီးနိုင်တယ်လို့ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီက ရေးသားထားတာဖြစ်ပါတယ်။

ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရေဘေးပညာပေးစာစောင်တွေ၊ မြေပြိုတာနဲ့ပတ်သက်တဲ့ အသိပညာပေး လက်ကမ်း စာဆောင်တွေကို ဖြန့်ဝေထားတယ်လို့လည်း သိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မာရသာတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ တောင်ကုတ်၊ ကျောက်ဖြူနဲ့ သံတွဲမြို့နယ်တွေ၊ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် မော်လမြိုင်ကျွန်း၊ ဟင်္သာတ၊ ဝါးခယ်မနဲ့ လပွတ္တာ၊ မကွေး တိုင်းဒေသကြီးမှာဆိုရင် မင်းဘူးနဲ့မြို့သစ်မြို့နယ်တွေမှာ အိမ်အမိုးလန်တာ၊ အိမ်ပျက်စီးတာ၊ နံရံပြိုကျတာတွေ ဖြစ် ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese



( နိုင်ငံတော်သမ္မတနှင့် ဇနီးဒေါ်စုစုလွင် မိသားစုတို့ရဲ့ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၈ ရက်နေ့က သုံးခွမြို့မှာပြုလုပ်ခဲ့စဉ် ) Photo: Aung Thain Kha/RFA
ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုဘဝ ချမ်းသာရေးကို အဓိကထားလုပ်ဆောင်သွားမယ် လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဒီကနေ့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မဟာ အတုလ ဝေယံ သာသနာ့ ဗိမာန် တော်ကြီးမှာ ကျင်းပတဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် မိသားစု မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ မင်္ဂလာနဲ့ သက်ကြီး ပူဇော်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင် မိသားစု နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ မင်္ဂလာနဲ့ သက်ကြီးပူဇော်ပွဲ ကျင်းပတာ ဒီနှစ်ဆိုရင် ၂ ကြိမ်မြောက်ဖြစ်ပြီး ဒီနှစ်ဟာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အဆင့် ကျင်းပတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဇနီးဒေါ်စုစုလွင် မိသားစုဟာ သံဃာတော်အရှင်သူမြတ် ၁၀ ပါးကို ဆွမ်း၊ သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုတွေကို လှူဒါန်းခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော် ချီးမြှင့်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အသက် ၈၀ နဲ့ အထက် အဘိုး၊ အဘွား ၁၅၀၀ ကျော်အတွက် အသုံးအဆောင်ပစ္စည်းတွေနဲ့ အလှူငွေပေးအပ် ကန်တော့ခဲ့ပါတယ်။

ဒီကနေ့ အလှူကို နိုင်ငံတော်အဆင့် ကျင်းပခဲ့ပေမယ့် နိုင်ငံတော်သမ္မတနဲ့ ဇနီးဒေါ်စုစုလွင် မိသားစုရဲ့ ကိုယ်ပိုင်ငွေနဲ့ လှူဒါန်းတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အစိုးရသက်တမ်းအစမှ စတုဒီသာ အလှူပွဲကျင်းပခဲ့ပေမယ့် နိုင်ငံတော်သမ္မတနဲ့ ဇနီး တက်ရောက်ခဲ့ခြင်းမရှိဘဲ သုံးခွမြိ့နယ် ပြည်သူတွေကို ဖိတ်ကြားပြီး စတုဒီသာ လှူဒါန်းခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

သုံးခွမြို့ဟာ ဒေါ်စုစုလွင် ရဲ့ ဇာတိဖြစ်ပြီး အခမ်းအနားအပြီးမှာတော့ သမ္မတ ဦးထင်ကျော် နဲ့ ဇနီး ဒေါ်စုစုလွင်တို့ဟာ သုံးခွမြို့ ၁ရပ်ကွက် မဂ္ဂင်လမ်းက နေအိမ်ကို သွားရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



သင်္ဘောတီကောင်နဲ့ အမျိုးတူတဲ့ ယောက်သွားတွေ
ဖိလစ်ပိုင်က နိုင်ငံတကာ သိပ္ပံ ပညာရှင် တစုက ရှားပါး ပင်လယ် သတ္တဝါ တမျိုးကို ပထမဆုံးအကြိမ် သက်ရှိထင်ရှား တွေ့ရှိကြောင်း ကြေညာ ခဲ့ပါတယ်။

သင်္ဘောတီကောင် လို့ ခေါ်တဲ့ ဒီရေသတ္တဝါတွေဟာ ၅ ပေထိ ရှည်လျားနိုင်ပြီး ၂ လက်မထိ ဗြက်အကျယ် ရှိတတ်ပါတယ်။

ဒီတီကောင်ကြီး ၅ ကောင်ကို မင်ဒါနာအို ကျွန်းက ပင်လယ်အော် တခုမှာ ဖိလစ်ပိုင်၊ အမေရိကန်နဲ့ ပြင်သစ် ပညာရှင်တွေ ရှာတွေ့ခဲ့ကြတာပါ။

သူ့ကိုယ်ထည်ကို အခွံမာနဲ့ အုပ်ထားပြီး ရွှံ့နွံတွေထဲမှာ ခေါင်းစိုက်ပြီး အစာရှာတတ်ပါတယ်။

သင်္ဘောတီကောင် လို့ ခေါ်ပေမယ့် တီကောင်ထက် ယောက်သွား ကမာတွေနဲ့ ပိုနီးစပ်ပါတယ်။

ဒီတီကောင်ကြီးတွေ ရှိမှန်းသိတာ ကြာပြီဖြစ်ပေမယ့်လည်း တခါမှ သက်ရှိထင်ရှား လေ့လာလို့ရတဲ့ အကောင် နမူနာကို မရခဲ့ဘဲ ခုမှ စတွေ့ရတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



အပစ်မရပ်ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံခဲ့စဉ်။
“၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်”အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ဆောင်ကျဉ်းနိုင်အောင် ကြိုးပမ်းကြဖို့နိုင်ငံတော်သမ္မတက ပြောဆိုလိုက်ချိန်မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကလည်း တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေး ရအောင် နိုင်ငံသူနိုင်ငံသားတွေ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုတတိုင်းပြည်လုံးစစ်မီးငြိမ်းပြီး “ငြိမ်းချမ်းရေးနှစ်” အမှန်တကယ် ဖြစ်ဖို့ဆိုရင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်မှန်တဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေဖြစ်လာ ဖို့က အဓိက အရေးကြီးဆုံးဖြစ်တယ်လို့ တိုင်းရင်းသားတွေက သုံးသပ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

NLD ဦးဆောင်တဲ့အရပ်သားအစိုးရ လက်ထက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန်မှာ အဓိက တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်မယ်လို့ နိုင်ငံတော်သမ္မတဦးထင်ကျော်ရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပါ အလေးအနက် ပြောဆိုထား တာပါ။ နှစ်သစ်ကူး ဆုတောင်းမှာတော့ နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး နိုင်ငံသူနိုင်ငံသားတွေအတွက် ရလဒ်ကောင်းတွေဖော်ဆောင်နိုင်မယ့် ၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် မျှော်မှန်းတယ်လို့ မိန့်ခွန်းပြောထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်းနဲ့ တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးရအောင်ကြိုးစားသွားကြဖို့ နိုင်ငံကို နှစ်သစ်မှာ တိုက်တွန်းခဲ့ပါတယ်။

“နိုင်ငံသူနိုင်ငံသားအားလုံး နှစ်သစ်မှာ အဲဒီခွန်အားနဲ့ ကျော်လွှားနိုင်ဖို့အတွက် အခွင့်အရေးရဖို့လိုတယ်၊ အခွင့်အရေးရအောင်လည်း ဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်၊ ဒီလိုရတဲ့အခွင့် အရေးအပေါ် မူတည်ပြီးတော့ နိုင်ငံသူနိုင်ငံသားအားလုံး ကနေ နောင်လာမယ့် ၁၃၇၉ ခုနှစ် မှာလည်း ကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်၊ နောက်တစ်ခုကလည်း ငြိမ်းချမ်းရေးပေါ့ ငြိမ်းချမ်းရေး အရေးကြီးပါတယ် တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်၊ ဒါကြောင့်ခုနကပြောတဲ့ ခွန်အားတွေနဲ့အတူ ငြိမ်းချမ်းရေးတွေ ရအောင်ကြိုးစားသွားကြဖို့လည်း ဆုမွန်ကောင်းတောင်းပါတယ် ”

အခုလို နိုင်ငံခေါင်းဆောင်တွေဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုက်တွန်းနေတာနဲ့ပတ်သက်လို့ တိုင်းပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အလားအလာကောင်းပါသလား အမှန်တကယ်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ဘယ်လိုမျှော်လင့်ချက်တွေ ထားနိုင်ပါသလဲ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေနိုင်မလဲဆိုတဲ့အပေါ်မှာတော့ တိုင်းရင်းသားတွေဘက်က အမှန်တကယ်စစ်မှန်တဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေးက အဓိကအကျဆုံးဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အခုလို နိုင်ငံ့ခေါင်းဆောင်တွေဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ဖို့စကားကို ဦးစားပေးပြောဆိုလိုက်တဲ့အပေါ်ကြိုဆိုပြီး တိုင်းရင်းသားတွေဘက်ကလည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်ပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာနိုင်ဖို့ မျှော်လင့်ပါတယ်လို့လည်း ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ရဲ့အတွင်းရေးမှူး ဦးလဘမ်ဂမ်အောင်ကပြောပါတယ်။

“ကာကွယ်ရေးဦးစီးချုပ်ကလည်း အဲဒီလို မိန့်ခွန်းပြောထားတယ်၊ နိုင်ငံတော်သမ္မတကလည်း ပြောထားတယ်ဆိုတော့ အကုန်လုံးစိတ်တူကိုယ်တူ ၊ စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်သွားမယ် အကောင်အထည်ဖော် သွားမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပြည်သူလူထုတွေအားလုံး စည်းစည်းလုံးလုံးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းရေး Process ကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ သူတို့ပြောတဲ့ မိန့်ခွန်းအတိုင်းဖြစ်လာနိုင်မယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ အထွေထွေအတွင်းရေးမှူးဦးစိုင်းညွန့်လွင်က မြန်မာ့ငြိမ်းချမ်းရေးအလားအလာနဲ့ပတ်သက်လို့ သူ့အမြင် အခုလိုပြောပါတယ်။

“ဒီနှစ်မှာ အစိုးရပိုင်းရော တပ်မတော်ပိုင်းကပါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တော်တော်လေးကြိုးစားတာရှိပါတယ်။ ဒါကြောင့်လည်း ၂၀၁၇ က ငြိမ်းချမ်းရေးနှစ်ဖြစ်မယ်ဆိုပြီးပြောတာဖြစ်မှာပါ ဒါဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး ကြိုးပမ်းနေသရွေ့ဆိုရင်တော့ ဒါကျနော်တို့ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒီပန်ဆန်းမှာလည်းပဲ သူတို့အဖြစ်နိုင်ဆုံး ညှိနှိုင်းဖို့လုပ်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ၂ ဖက်စလုံးကပေါ့နော် ဖြစ်နိုင်စွမ်းရှိတဲ့ကိစ္စတွေကို လုပ်မယ်၊ တတ်နိုင်သလောက် လျှော့ပြီးရပ်မယ်ဆိုရင်တော့ ဒီနှစ် သမ္မတကြီး ဦးထင်ကျော်တို့မျှော်မှန်းသလို ဒီနှစ်ထဲမှာလည်း ပြေလည်ကောင်းပြေလည်သွားနိုင်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကချင်ကို ရောက်လာတုန်းက ကိုယ်တိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကချင်တွေရဲ့သဘောထားကို တင်ပြနိုင်ခဲ့တဲ့ ဦးလဘမ်ဂမ်အောင်ကလည်း အရေးကြီးဆုံးကတော့ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကြား ယုံကြည်မှုတည်ဆောက်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေ စတင်နိုင်ဖို့ အရေးကြီးတယ်ဆိုတာကို ထောက်ပြပါတယ်။

“တခြားတိုင်းရင်းသားတွေရော၊တိုင်းရင်းသားလက်နက်ကိုင် တွေရော ယုံကြည်မှုရရှိဖို့ဆိုတာက အင်မတန်မှ ခက်ခဲတယ်ပေါ့နော် အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေး Process ကိုကောင်းကောင်းမွန်မွန်နဲ့ အမြန်အကောင်အထည်ဖော်မယ် ၊ မေတ္တာစေတနာထားပြီး ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ပုံစံမဟုတ်ပဲနဲ့ သဘောထားကြီးကြီးထားပြီးတော့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးတိုင်ပင်ပြီးလုပ်ဆောင်သွားမယ်ဆိုရင်တော့ အပစ်အခတ်တိုက်ခိုက်မှုတွေလည်း ရပ်ဆိုင်း လာမယ်၊ လျှော့နည်းလာမယ်လို့ ကျနော်တို့ အဲလိုသုံးသပ်တယ်။ မဟုတ်လို့ရှိရင် ငြိမ်းချမ်းရေးညီလာခံတက်တဲ့လူကတက်ရောက်၊ ဖြစ်ချင်ရာဖြစ် အကုန်ပစ်ခတ်တိုက်ခိုက်ဆိုတော့ ဒီငြိမ်းချမ်းရေးProcess အောင်မြင်လာဖို့ဆိုတာကတော့ အရမ်းအလှမ်းဝေးသေးတယ်လို့ ကျနော်တို့ မြင်ပါတယ်။”

စစ်မှန်တဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့က ခေါင်းဆောင်တွေကြား မကြာခဏတွေ့ဆုံမှုတွေနဲ့အတူ အမြင်သုံးသပ်ချက်ဖလှယ်တာတွေ လုပ်သင့်တယ်လို့လည်း ဦးစိုင်းညွန့်လွင်က အကြံပြုပါတယ်။

မကြာခင်မှာတော့ ၂၁ရာစုပင်လုံညီလာခံပြန်လည်စတင်နိုင်ဖို့ ရှိပြီး NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော NCA အပစ်ရပ်စာချုပ်မထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်နိုင်ဖို့အရေး ဆွေးနွေး အဖြေရှာနေကြဆဲလည်းဖြစ်ပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar President Office)
နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလကုန်မှာ ဥရောပ ၄နိုင်ငံခရီးစဉ်သွားရောက်ဖို့ ရှိသလို မေလအတွင်းမှာတော့ တရုတ်နိုင်ငံ ကိုသွားဖို့ရှိနေပါတယ်။ မေလဆန်းပိုင်းမှာတော့ ကာလအတန်ကြာတည်းက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကို စတင်နိုင်ဖို့ ညှိနှိုင်းနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ်က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်တွေ ဆက်တိုက်သွားရောက်ဖို့ သတင်းက အစောပိုင်းကာလတည်းက ထွက်ပေါ်နေခဲ့တာပါ။ အခုတော့ ဧပြီလကုန်ပိုင်းမှာ ဒီခရီးစဉ်တွေ စတင်တော့မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ်က ဦးဇော်ဌေးက အတည်ပြုပြောဆိုပါတယ်။

“ဧပြီလကုန်ပေါ့နော် ဧပြီလကုန်ပိုင်းမှာ ဥရောပသွားမယ်၊ Belgium ၊ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် သွားမယ်။ မေလထဲမှာ တရုတ်နိုင်ငံသွားဖို့ရှိတယ်။

ဒီခရီးစဉ်တွေမှာတော့ Belgium၊ ပြင်သစ်နဲ့ အီတလီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အာဏာရပြီးတဲ့နောက် ပထမဆုံးသွားရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် စက်တင်ဘာလတုန်းကတော့ ဗြိတိန်နိုင်ငံကို သွားရောက်ခဲ့ပြီး ၀န်ကြီးချုပ်ထရီဇာမေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အခုသွားရောက်မယ့် ဥရောပ ၄နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိထားပြီး အကူအညီပေးနေ တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံကိုတော့ NLD အစိုးရဖွဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်နိုင်ငံတော်ခရီးစဉ် အဖြစ်၂၀၁၆ခုနှစ် သြဂုတ်လအတွင်းက သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်က ပြန်လာပြီး တရုတ်နိုင်ငံခရီးစဉ် မတိုင်မီ အချိန်မှာတော့ အချိန်အတော်ကြာတည်းက ပြင်ဆင်လာတဲ့ ၂၁ရာစုပင်လုံညီလာခံကို ကျင်းပဖို့ အလားအလာရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးဇော်ဌေးက

“မေလပေါ့နော် မေလဆန်းပေါ့နော်၊ မေလ ပထမပတ် ၊ ဒုတိယပတ် အဲဒီလောက်မှန်းတာပေါ့နော် ဟိုဘက်ဒီမှာ ညှိနှိုင်းထားတာတော့ရှိတယ် ၊ ရက်သတ်မှတ်တာကတော့ တရားဝင်သတ်မှတ်ဖို့လိုသေးတယ်ပေါ့နော်။”

၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ရည်မှန်းထားသလို ပြီးခဲ့တဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာလည်း နိုင်ငံခေါင်းဆောင်တွေက နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားရာမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ကြောင်း အလေးထားပြောဆို ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ကချင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့ခဲ့
မြန်မာ အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်က ကေအိုင်အေ မပါဘဲ ကျန်တဲ့ မြောက်ပိုင်း လက်နက်ကိုင် မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ TNLA ပလောင်အဖွဲ့ ၊ MNDAA ကိုးကန့်နဲ့ AA ရခိုင် အဖွဲ့ တို့နဲ့ မကြာခင် တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ TNLA က ပြောပါတယ်။

UWSA နယ်မြေ ပန်ခမ်းမှာ ကျင်းပနေတဲ့ တိုင်းရင်းသား ညီလာခံမှာ NCA လမ်းကြောင်း ပြင်ပ ကနေ တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက် ကိုယ်စားပြု ဆွေးနွေးဖို့ အဖွဲ့ ၇ ဖွဲ့ပါ ကော်မတီ တစ်ရပ် ဖွဲ့စည်းဖို့လည်း သဘောတူခဲ့ ကြတယ်လို့ TNLA က ပြောပါတယ်။

အဲဒီ အဖွဲ့တွေက UWSA ဝ အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ ကေအိုင်အေ ကချင် လွတ်လပ်ရေး အဖွဲ့၊ SSPP/SSA ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း၊ TNLA ပလောင်အဖွဲ့ ၊ MNDAA ကိုးကန့်နဲ့ AA ရခိုင် အဖွဲ့ တို့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



အီးယူ ဥရောပ သမဂ္ဂက ထွက်ဖို့ ဗြိတိန် ဆန္ဒခံယူခဲ့
ဗြိတိန်မှာ လာမယ့် ဇွန်လ ၈ ရက်မှာ အထွေထွေ ရွေးကောက်ပွဲ အမြန် ကျင်းပဖို့အတွက် ပါလီမန်မှာ မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုမယ်လို့ ဝန်ကြီးချုပ် ထရီဇာမေက ကြေညာလိုက်ပါတယ်။

၂ဝ၂ဝ မှာ လက်ရှိ ပါလီမန် သက်တမ်းမကုန်သေးခင် ရွေးကောက်ပွဲ မလုပ်ချင်ဘူးလို့ အရင်တုန်းက ထရီဇာမေက ပြောကြားခဲ့ဖူးပါတယ်။

ဗြိတိန်မှာ အထွေထွေ ရွေးကောက်ပွဲ ကို မူလ အစီအစဉ်ထက် သုံးနှစ်စောပြီး ကျင်းပဖို့ စီစဉ်နေတာပါ။

ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂက နုတ်ထွက်ရေး စေ့စပ် ညှိနှိုင်းမှုတွေ လုပ်နေချိန်မှာ နိုင်ငံတည်ငြိမ် ခိုင်မာဖို့က ဒီတစ်နည်းပဲ ရှိတဲ့ အတွက် ဒီဆုံးဖြတ်ချက်ကို သူ့အနေနဲ့ မလုပ်ချင်ဘဲ လုပ်လိုက်ရတာလို့ ထရီဇာမေက ပြောပါတယ်။

ဗြိတိန် နိုင်ငံ အနေနဲ့ ပေါင်းစည်း ဆောင်ရွက်ကြပေမယ့် ပါလီမန်ကတော့ အဲဒီလို မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အတိုက်အခံ ပါတီတွေက ဗြိတိန်နိုင်ငံ အီးယူက နုတ်ထွက်ရေးပြင်ဆင်မှုတွေကို ထိခိုက်အောင် လုပ်နေပြီး ဆွေးနွေး ညှိနှိုင်းမှုတွေကို အားနည်းအောင် လုပ်နေတယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲ မလုပ်ရင် ဒီလို အာဏာ နေတာတွေ ဆက်ဖြစ်နေမယ်လို့လည်း သူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပါလီမန်မှာ ထရီဇာမေ ဒီအဆိုတင်ရင် ထောက်ခံမယ်လို့ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီကိုဘင်က ပြောကြား လိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ပါကစ္စတန် နိုင်ငံ စစ်တပ် တပ်ဖွဲ့ဝင် တို့ လုံခြုံရေး လုပ်ငန်း ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)
    အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

    ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်မှု "Radd-ul-Fasaad" စစ်ဆင်ရေးတွင် တိုးတက်မှုများ ရရှိနိုင်ခဲ့ပြီး လက်ရှိချိန်ထိ အကြမ်းဖက်သမားပေါင်း ၁၀၈ ဦးကို အသေရမိ နိုင်ခဲ့ကြောင်း ဧပြီလ ၁၇ ရက်နေ့ ကထုတ်ပြန်ခဲ့သည်။

ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ပြန်ကြာရေး ဌာန ဌာနမှူး Asif Ghafoor က စစ်ဆင်ရေး ဆောင်ရွက်ချိန်မှ စတင်၍ ပါကစ္စတန် စစ်တပ်တပ်ဖွဲ့ နှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဌာန တို့သည် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှု ရှင်းလင်းရေး ဆောင်ရွက်မှုပေါင်း ၄၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သမား ၁၀၈ ဦးကို ပစ်သတ်ခဲ့ကြောင်း ၊ အကြမ်းဖက် အဖွဲ့ဝင်ဟု သံသယ ရှိသူ ၄၅၀၀ ကျော်ကို ဖမ်းဆီး နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကို သိမ်းဆီး နိုင်ခဲ့ကြောင်း ၊ စစ်ဆင်ရေး ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်သမား များနှင့် ၄င်းတို့အားထောက်ခံကူညီသူများအားလုံးရှင်းလင်းနိုင်သည့် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Asif Ghafoor က ပါကစ္စတန် နိုင်ငံ နှင့် အာဖဂန်နစ္စတန် နိုင်ငံ နယ်စပ် ထိန်းချုပ်ရေး သည် လွန်စွာအရေးကြီးကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် လက်ရှိချိန်တွင် နိုင်ငံအနောက်မြောက်ပိုင်း နယ်စပ် တစ်လျှောက်တွင် ခြံစည်းရိုးအကာများကို တည်ဆောက်ပြုပြင်နေပြီး ဆက်လက်၍ နိုင်ငံ အနောက်တောင်ပိုင်းတွင်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် ပါကစ္စတန် နိုင်ငံ ၌ အကြမ်းဖက် တိုက်ခိုက်မှု အကြိမ်ကြိမ် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၁၉ ဦး သေဆုံးခဲ့ကာ ရာနှင့်ချီသော သူများ ဒဏ်ရရှိခဲ့သည်။ပါကစ္စတန် စစ်ဘက် ဆိုင်ရာ က ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာ  "Radd-ul-Fasaad"  ဟူသည့် အမည်ဖြင့် အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးကို စတင်ခဲ့ပြီး အကြမ်းဖက်ဝါဒ အင်အားစု တို့၏ လက်ကျန် နှင့် ပုန်းအောင်း နေသည့် အင်အား အဖွဲ့အစည်း တို့အား ရှင်းလင်းသည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com


နိရဉ္စရာ၊ ဧပြီ ၁၈

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရေပက်ကစားရန်လာသော အရပ်သား ကားတစ်စီးကို တပ်ရင်းရှေ့ ဂိတ်ဝမှ သစ်လုံးဖြင့်တားပြီး ကားပေါ်ပါလာသည့် လူငယ်များအား ကားပေါ်မှ ဆွဲချကာ သံတုတ်များဖြင့် ရိုက်နှက်ခဲ့သည့် ခမရ ၅၄၀ တပ်ရင်းမှ တပ်သားများကို ယနေ့တွင် မြောက်ဦးရဲစခန်းတွင် အမှုဖွင့်သွားမည်ဟု အရိုက်ခံခဲ့ရသည့် လူငယ်များက ပြောသည်။

“ ကျွန်တော်တို့ဒီကနေ့ မြောက်ဦးမြို့ ရဲစခန်းမှာ အမှုဖွင့်သွားမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ရင် နောင်မှာလည်း ခုလို အနိုင်ကျင့်မှုတွေ ဖြစ်ပေါ်လာတဲ့ အတွက် အမှုဖွင့်ကို ဖွင့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ တရားဥပဒေအရ ကျွန်တော်တို့ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်” ဟု အရိုက်ခံရ၍ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသူ ရဲဇော်နိုင် (၁၈) နှစ်က နိရဉ္စရာသို့ ပြောသည်။


ဧပြီလ ၁၅ ရက်နေ့က မွန်းလွဲ ၂ နာရီခန့် အချိန်တွင် မြောက်ဦးမြို့ ပေါင်းတုတ် ကတိုးဆိပ်ရွာမှ အမျိုးသမီးငယ်များ အပါအ၀င် လူငယ် ၂၀ ခန့် ပါဝင်သော သင်္ကြန် ရေပက်ခံ ကားကို မြောက်ဦး အခြေစိုက် ခမရ ၅၄၀ အ၀င်ဝ ဂိတ်ရှေ့တွင် သစ်လုံးဖြင့် တားပြီး ကားပေါ်တွင် ပါလာသော လူငယ်များကို ကားပေါ်မှ ဆွဲချပြီး တပ်သား အနည်းဆုံး ငါးယောက်မှ ဆယ်ဦးခန့်ထိ သံတုတ်များ၊ သစ်သားတုတ်များ ဖြင့် ရိုက်နှက်ခဲ့ကြသည်။

“ ကျွန်တော်ကို နှစ်ချက် သုံးချက် ရိုက်ပါတယ်။ ကျွန်တော် ထွက်ပြေးတော့ လဲကျသွားပါတယ်။ လာပြီး သံတုတ်တွေနဲ့ သုံးလေးချက် ဆက်ရိုက်ပါတယ်။ ကျွန်တော်တို့ သုံးယောက်ကို ဆေးရုံတင်ရပါတယ်။ မနေ့ကမှ ဆေးရုံက ဆင်းလာပါတယ်။ ကျွန်တော်ရဲ့ ခန္ဓာကိုယ်က အခုထိ နာနေပါတယ်။ မနက်ဖြန် စစ်တွေကို သွားပြီး ဓာတ်မှန်ရိုက်ရဖို့ စီစဉ်ထားပါတယ်” ဟု ရဲဇော်နိုင်က ဆိုသည်။

တပ်ရင်းရှေ့တွင် ပြသနာ မဖြစ်ပွားမီ တစ်ရက် အရင် ဧပြီလ ၁၄ ရက်နေ့က မြောက်ဦးမြို့နယ် နန်းကျကျေးရွာ ရေကစားမဏ္ဍပ်တွင် ခမရ ၅၄၀ မှ တပ်သားအချို့နှင့် ပေါင်းတုတ် ကတိုးဆိပ်ရွာမှ လူငယ်များ အကြား စကားအချေအတင်များမှု ဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့မှ ၀င်ရောက် ဖျန်ဖြေ သဖြင့် ပြေအေးသွားခဲ့ကြောင်း၊ သို့သော်လည်း နောက်ထပ် တပ်သားများကို ခေါ်ယူပြီး လိုက်ပါလာကြောင်း၊ ရွာမှ လူငယ်များကို ရဲတပ်ဖွဲ့မှ ထပ်မံ ၀င်ရောက်ဖျန်ဖြေသဖြင့် တစ်စုံတစ်ရာ ပြသနာ မရှိဘဲ ပြီးဆုံးသွားကြောင်း၊ ၎င်းအငြိုးဖြင့် ဧပြီလ ၁၅ ရက်နေ့ မြောက်ဦးမှ ရေကစားအသွားတွင် ကားကို မှတ်ထားပြီး မြောက်ဦးမြို့မှ အထွက် တပ်ရင်း ဂိတ်ဝ ရှေ့တည့်တည့်တွင် သစ်တုံးဖြင့် ကားကိုတားပြီး လူငယ်များကို ကားပေါ်မှ ဆွဲချပြီး သံတုတ်များဖြင့် ရိုက်နှက်ခဲ့ကြသည်ဟု ဒဏ်ရာ အပြင်းအထန် ရရှိသွားသူ ကျော်နိုင်စိုးက ပြောသည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ပေါင်းတုတ် ကုတိုးဆိပ်ရွာမှ ကျော်နိုင်စိုး (၁၈) နှစ်၊ ကျော်မြင့် (၂၅) နှစ်နှင့် ရဲဇော်နိုင် (၁၈) တို့ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မြောက်ဦးဆေးရုံသို့ တင်ပို့ခဲ့ရပြီး အမျိုးသမီးငယ် တစ်ဦးတွင်လည်း ဒဏ်ရာ အနည်းရရှိခဲ့သည်။

အဆိုပါ အခင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကားဒရိုင်ဘာအား ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်က သူတို့ ဒီလို စကားများ ရန်ဖြစ်ထားတာကို မသိဘူး။ ကျွန်တော်က အဲဒီ ကုတိုးဆိပ်ရွာကလည်း မဟုတ်ပါ။ ကားကို ငှားတော့ ကျွန်တော် လိုက်ပါသွားပါတယ်။ ကားကို သစ်သားတုံး တစ်ခုနဲ့ တားထားပါတယ်။ ရေပက်မယ်ထင်ပြီး ကားကို ရပ်လိုက်တော့ တပ်သားတွေ အများအပြားထွက်လာတာကို တွေ့ရပါတယ်။ နောက် အော်ဆူကြနဲ့ ပွတ်လောရိုက်သွားခဲ့ပါတယ်။ ရိုက်ပွဲ ဖြစ်နေတုန်း ကျွန်တော် လည်ပင်းကို စစ်သားတစ်ယောက် က ဓါးနဲ့ထောက်ပြီး ကားသော့ကို တောင်းပါတယ်။ ကျွန်တော် ဖုန်းကိုလည်း သိမ်းယူသွားပါတယ်။ ကျွန်တော်ကို ကားသော့ပေးပါဆိုရင်လည်း ကားသော့ကို ပေးလိုက်မှာပါ။ ခုလို လည်ပင်းကို ဓားနဲ့ ထောက်ပြီး တောင်းတာကတော့ လွန်တယ်လို့ ယူဆပါတယ်” ဟု ပြောဆိုသည်။


အဆိုပါ ပြသနာနှင့် ပတ်သက်ပြီး မြောက်ဦး ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မြောက်ဦးမြို့ ဒုရဲမှူး ဖေသန်းက “ အမှုဖွင့် တရားစွဲဆိုနိုင်အောင် ဆေးစာတော့ ထုတ်ပေးလိုက်ပါပြီ။ ခုအချိန်ထိတော့ ရဲစခန်းမှာ အမှုလာဖွင့်တာတော့ မရှိသေးပါဘူး” ဟု ပြောဆိုသည်။

မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ထွန်းသာစိန်အား ဆက်သွယ်မေးမြန်းရာ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဧပြီလ ၁၇ ရက်နေ့ ညနေမှာ ဖြေရှင်းဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ကျွန်တော်ကို ခေါ်ပါတယ်။ ဗျူးဟာမှူးရယ်၊ တပ်ရင်းမှူးရယ်၊ ရဲမြို့နယ်မှူးနယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရယ်၊ အရိုက်ခံရတဲ့ ကလေးတွေရယ်၊ ကျွန်တော်ရယ်ပေါ့။ ကျွန်တော်ကတော့ မသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက် လူသိရှင်ကြား ဖြစ်နေတဲ့ အမှုတစ်ခုကို ကျွန်တော်က ဘာမှ ၀င်ရောက် ဆုံးဖြတ် ပေးလို့ မရဘူး။ တရားရုံးမှ အပ ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်တဲ့ အတွက် ကျွန်တော် မသွားတာပါ” ဟု နိရဉ္စရာက ယနေ့ နံနက် ဆက်သွယ် မေးမြန်း စဉ် ပြောကြားသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ခမရ ၅၄၀ သို့ ဆက်သွယ် မေးမြန်းလိုသော်လည်း အဆက်အသွယ် မရသဖြင့် တပ်ဘက်မှ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

(ဒဏ်ရာလူငယ်တစ်ဦးနှင့် ရိုက်ပွဲ ဖြစ်ပွာနေစဉ်/ ဓာတ်ပုံ- ရခိုင့်သဇင်ချစ်သူ)
Narinjara
https://www.facebook.com/Narinjara



တူရကီသမ္မတ Recep Tayip Erdogan
အမေရိကန်သမ္မတ Donald Trump က တူရကီသမ္မတ Recep Tayip Erdogan ကို လူထုဆန္ဒခံယူပွဲအောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ တူရကီရဲ့ လွတ်တော်အုပ်ချုပ်မှုစံနစ်ကနေ သမ္မတကို အုပ်ချုပ်မှုအာဏာအပြည့်အဝရရှိအောင် ဖန်တီးပေးတဲ့ ဆန္ဒခံယူပွဲကို ပွတ်ကာသီကာကပ်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

သမ္မတ ၂ ဦး တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြတာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။


ဆီးရီးယားမှာ မကြာခင်က ဓါတုလက်နက်နဲ့တိုက်ခိုက်မှုကို သမ္မတ Bashar al-Assad တာဝန်ခံရေးနဲ့ IS အကြမ်းဘက်အဖွဲ့ တိုက်ထုတ်ရေး၊ အကြမ်းဘက်ဝါဒအဆုံးသတ်ရေးစတာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းတွေပါ ထည့်သွင်းပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။

OSCE လို့ ခေါ်တဲ့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကစေလွှတ်တဲ့ နိုင်ငံတကာရွေးကောက်ပွဲ အကဲခတ်အဖွဲကတော့ တနင်္ဂနွေနေ့က ကျင်းပတဲ့ လူထုဆန္ဒခံယူပွဲအခင်းအကျင်းဟာ မတရားမျှတမှုမရှိကြောင်း၊ သမ္မတအာဏာ ပိုခိုင်မြဲရေးထောက်ခံတဲ့ စည်းရုံးလှုံ့ဆော်ပွဲတွေဟာ အခက်အခဲ လုံးဝရင်မဆိုင်ခဲ့ရသလို၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်မရှိတာအပါအဝင်၊ ခြိမ်းခြောက်အကြပ်ကိုင်တာတွေနဲ့ သတင်းမီဒီယာတွေလက်လှမ်းမမှီတာတွေရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာထောက်ပြလိုက်ပါတယ်။

ဒါ့အပြင် မဲပြားတွေမှာ တရားဝင်တံဆိပ်မနှိပ်ဘဲ မဲပေးခွင့်ပြုတဲ့ တူရကီဗဟိုတရာရုံးချုပ်ရဲ့ အငြင်းပွားဖွယ်ဆုံဖြတ်ချက်ကို OSCE အဖွဲ့ကမေးခွန်းထုတ်လိုက်သလို၊ အတိုက်အခံ CHP ပါတီကနေလည်း တံဆိပ်မနှိပ်ထားတဲ့မဲပြား တသန်းခွဲအထိရှိခဲ့တာကြောင့်၊ ဆန္ဒခံယူပွဲမှာ သမ္မတထောာက်ခံတဲ့ဘက်အသာစီးရခဲ့တာလို့ စွပ်စွဲနေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 မိုက်ပန့်စ်နဲ့ အာဘေး တိုကျိုမှာတွေ့
မြောက်ကိုရီးယား အဏုမြူ အစီအစဉ်ကို စွန့်လွှတ်ရေး အတွက် သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေတိုးပေးဖို့ အမေရိကန်နဲ့ ဂျပန် နိုင်ငံတို့ သဘောတူလိုက်ပါတယ်။

တိုကျိုမှာ ရောက်နေတဲ့အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ် က အမေရိကန် အနေနဲ့ သူ့အဆို ဒေသတွင်းက မဟာမိတ် တွေ ရင်ဆိုင်နေရတဲ့ ဆိုးရွားလှတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို မဟာမိတ်တွေ အားလုံးနဲ့ အတူ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုဖိအားပေးတာတွေ မပါဘဲ ဆွေးနွေးညှိနှိုင်းတာဟာ အဓိပ္ပာယ်မရှိဘူး လို့လည်း ဂျပန် ဝန်ကြီးချုပ် အာဘေးက မိုက်ပန့်စ်ကို ပြောကြား ခဲ့ပါတယ်။

အမေရိကန်က တိုက်ခိုက်ဖို့ ပြင်မယ်ဆိုရင် အဏုမြူနဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese