ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟု အမည်တွင်စေသော်


သဘာဝအတိုင်း လှပပြီး ဒေသခံငါးဖမ်းလှေများ မုန်တိုင်းကြုံလျှင် အကာအကွယ်ပေးသည့် ပန်းတမော့ကျွန်းကို ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟု အမည်ပေးရန် ကြိုးစားနေသည်။ (ဓာတ်ပုံ−အောင်သစ်လွင်
ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများ ဖြစ်ပြီဆိုသည်နှင့် သင်္ဘောနှင့် စက်လှေအချို့သည် သည်ကျွန်းလေး အနီးတွင် လာရောက်ခိုလှုံကြရသည်။ ပြာလဲ့နေသော ပင်လယ်ရေပတ်လည် ၀ိုင်းထားသည့် ထိုကျွန်းသည် မြစ်ဝ ကျွန်းပေါ်ကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းမှ ရေလုပ်သားများ၊ ပင်လယ်ငါးဖမ်းစက်လှေများနှင့် သင်္ဘောများ၏ မုန်တိုင်းအန္တရာယ်မှ လွတ်မြောက်ရေး တဒင်္ဂပုန်းခိုရာ ဖြစ်သလို ကယ်တင်ရှင်လည်းဖြစ် သည်။

ကျွန်း၏အမည်မှာ ပန်းတ မော့ကျွန်းဟု တွင်ပါသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေပြီး လှပသော ကမ်းခြေများစွာ ပိုင်ဆိုင်ထားသည့် ဧရာဝတီတိုင်း ဒေသကြီး ရွှေသောင်ယံမြို့တွင် ပင်လယ်ပြင်အတွင်း ထိုးထွက် တည်ရှိနေသည့် ပတ်ပတ်လည် ဧရိယာ ၄၆ ဧကကျော် ကျယ်ဝန်း သော ကျွန်းတစ်ကျွန်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်အစပ်တွင် တည်ရှိနေ၍ ပင်လယ်တွင် မုန်တိုင်းဖြစ်ပြီ ဆိုသည်နှင့် ငါးဖမ်းစက်လှေများ သည် ကျွန်းလေး၏လေကွယ်ရာ အရပ်သို့ အလုအယက်ပြေးဝင်ခိုလှုံကြရသည်။

မကြာတော့မည့် ကာလတွင် သည်ကျွန်းကလေးကို ဒေါ်အောင်ဆန်းစုကြည်ကျွန်း (The Lady Island)ဟု အမည်ပြောင်းလဲသတ်မှတ်ရန်ရှိနေသည်။ သဘာဝဘေးမျိုးစုံမှ အကာအကွယ်ပေးနေ၍ ဒေသခံများ၊ ရေလုပ်သားများက မြတ်မြတ်နိုးနိုးရှိနေသော ပန်းတ မော့ကျွန်းကို ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟု အမည်ပေးရန် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကြိုးစားနေသည်။

‘‘ဒီကျွန်းလေးက တော်ရုံတန်ရုံ မုန်တိုင်းလောက်ကတော့ စိတ်ချရတယ်။ အမေစုနာမည်နဲ့ ကျွန်း ဖြစ်လာမယ်ဆိုရင် မြန်မာတင် မဟုတ်ဘူး။ ကမ္ဘာကလည်း သိလာမယ်ဆိုတော့ ဒေသခံတွေကတော့ လမ်းပန်းဆက်သွယ်ရေးတွေ ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်မိတယ်’’

ဟု ဘောမိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပန်းတ မော့ကျွန်း၏ အရေးပါပုံနှင့် ဒေသအတွက် မျှော်လင့်ချက်ကို အထက်ပါအတိုင်း ညွှန်းဆိုသည်။ ငါးဖမ်းလုပ်ငန်းနှင့် ဆက်စပ်သော ရေလုပ်ငန်းကိုသာ မိရိုးဖလာလုပ်ကိုင်နေပြီး မုန်တိုင်းနှင့် နှစ်စဉ်ပက်ပင်း ရင်ဆိုင်နေရသည့် ကျွန်းအနီးရှိ ဒေသခံများက ပန်းတမော့ကျွန်းကို အားကိုးအားထားပြုကြသည်။ ထို့ကြောင့်ပင် ကျွန်းအမည်ကို သူတို့ချစ်ခင်အားကိုးသော ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပြောင်းလဲရန် ဒေသခံအချို့ ဦးဆောင်ကြိုးစားနေသည်။

ပန်းတမော့ကျွန်းဟူသော အမည် မည်သည့်အချိန်ကတည်းက ဖြစ်တည်ခဲ့သည်ကို ဒေသခံများ မသိပေ။ ဒေသခံအချို့က ပန်းတစ်ပွင့်ကျွန်းဟုလည်း ခေါ်သည်။ မည်သို့ပင်ဆိုစေ လှပသော အဆိုပါကျွန်းတွင် ဒဏ္ဍာရီပုံပြင်အချို့ရှိနေသည်။

ရှေးအခါက အဆိုပါကျွန်းတွင် မောင်နှမနှစ်ဦးရှိပြီး မောင် ဖြစ်သူ ငါးဖမ်းထွက်ချိန်တွင် နှမဖြစ်သူက ပန်းတစ်ပွင့်ပန်၍ စောင့်နေခဲ့သောကြောင့် ပန်းတစ်ပွင့် ကျွန်းဟု ခေါ်ဆိုသည့် ဒဏ္ဍာရီ ဆန်ဆန် ပုံပြင်လည်းရှိနေသည်။ ဒေသခံအများစုက ယင်းဖြစ်ရပ်ကို အယုံအကြည်မရှိဟု ဆိုသည်။ အသက်(၈၀)ခန့် အဘိုးအိုတစ်ဦး၏အဆိုအရ ကျွန်းပေါ်တွင် အလွန်လှပစွာ ပေါက်ရောက်နေသော ပန်းများကို ကျွန်းဘေးမှ လှေဖြင့် ဖြတ်သွားတိုင်း မော့ကာကြည့်ကြရသောကြောင့် ပန်းတမော့ကျွန်းဟု အမည်တွင်ကြောင်းလည်း ပြောစမှတ်ပြုသည်။

တကယ်လည်း ငေးကြည့်ချင်စရာ ကျွန်းလေးဖြစ်သည်။ ကျွန်း ဘေးပတ်ချာလည်မှ ပင်လယ်ရေ သည် ပြာလဲ့သန့်စင်နေပြီး ကမ်းခြေအနီးမှ စက်လှေအချို့ ဖြတ်သွားသည့် မြင်ကွင်းက ပန်းချီကားတစ်ချပ်လို လှပနေသည်။ စက်လှေ ပေါ်မှ ကြည့်ပါကလည်း ပြန့်ပြူးနေ သော ဖြူလွလွသောင်ပြင်ပေါ်တွင် အချို့ နေရာများ၌ အညိုရောင် ကျောက်ဆောင်အချို့နှင့် သစ်ပင်ကြီးများ အုပ်ဆိုင်းနေသည်ကို မြင်ရ၍ သမင်လည်ပြန် ငေးမော ကြည့်ချင်စရာ မြင်ကွင်းဖြစ်သည်။

ကျွန်းပတ်ဝန်းကျင်တွင် ထူးခြားသော ဖြစ်ရပ်အချို့ ရှိခဲ့သည်ကို ဒေသခံအချို့က ဖောက်သည်ချသည်။ လွန်ခဲ့သော ၂ နှစ်ခန့် မိုးရာသီကာလ ညတစ်ညတွင် ဒေသခံ ရေလုပ်သား ဦးဝင်းမြင့်သည် တူဖြစ်သူနှင့်အတူ စက်လှေ မောင်းနှင်လာစဉ် ကျွန်း၏ ကမ်းခြေအနီး စက်ရပ်သွား၍ အသင့်ပါလာ သော ဆီကို ဖြည့်နေဆဲ၌ အမျိုးသမီး/အမျိုးသားခွဲခြား၍ မရသော လူနှစ်ဦး ပင်လယ်ထဲသို့ ဆင်းသွားသည်ကို မြင်ခဲ့ကြောင်း ပြောသည်။ ငါးဆင်းငုပ်သူနှစ်ဦးဖြစ် မည်ဟု ယူဆသောကြောင့် ငါးဟင်းစားတောင်းရန် တစ်နာရီခန့် ကြာ စောင့်ဆိုင်းခဲ့သော်လည်း ပြန်ပေါ်မလာတော့၍ ကြာကြာမနေ၀ံ့ တော့ဘဲ စက်လှေမောင်း၍ အ သော့နှင်ခဲ့ရဖူးသည်ဟု ဦးဝင်းမြင့်က ပြောသည်။ ဒေသခံအများစုကမူ ထူးထူးခြားခြား ဖြစ်ရပ်များမကြုံတွေ့ဖူးကြောင်း ပြောပြီး ကျွန်း၏ ဒေသခံများအပေါ် ကျေးဇူးတရားကြီးမားပုံကို ဂုဏ်ယူပြော ဆိုကြသည်။

‘‘ကျွန်းမှာ လူမနေသလို တခြားရွာက လူတွေက သစ်ပင်တွေဘာတွေ လာခုတ်မယ်ဆိုရင်လည်း မြင်တဲ့သူက သွားတားလိုက်တယ်။ ဒါကြောင့် ကျွန်းက သဘာဝအတိုင်းပဲ လှနေတယ်။ နောက်ပြီး ဒေသခံတွေရဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်။ မုန်တိုင်းဆိုတာနဲ့ စက်လှေတွေ ဒီမှာ လာခိုကြတာပဲ’’ ဟု ဘောမိကျေးရွာမှ ဒေသခံတစ် ဦးက ဆိုသည်။

ပန်းတမော့ကျွန်းကို အမည် ပြောင်းရန် ကြိုးစားရာတွင် အဓိက ရည်ရွယ်ချက်နှစ်ခု ရှိနေသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား ဒေသခံများက ချစ်ခင်ကြောင်း လက်တွေ့ပြသလို ပြီး လူထုခေါင်းဆောင်၏ အမည် ဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး ကျွန်းအဖြစ် မှတ်တမ်းဝင်လိုခြင်း နှင့် ဒေသဖွံ့ဖြိုးရေးအထောက်အ ကူရရန်ဖြစ်ကြောင်း ဘောမိကျေး ရွာတွင် နေထိုင်သော ကိုစိုးမိုးက ပြောသည်။ ဘေးပတ်ဝန်းကျင်မှ အခြားကျွန်းများကဲ့သို့ လူနေထိုင် ခြင်းမရှိဘဲ သီးခြားရှိနေသော ပန်းတမော့ကျွန်းကလည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ များနှင့် အပန်းဖြေလိုသူများ လာ ရောက်လိုစိတ်ဖြစ်အောင် ဆွဲဆောင်မှုအပြည့်ရှိသော သဘာဝအလှတရားများ ပိုင်ဆိုင်ထားသည်။ ကျွန်း၏ပတ်ချာလည်တွင် အမှိုက်သရိုက် ကင်းစင်သော လှပသေသပ်သည့် ကမ်းခြေနေရာရှိသလို

အချို့နေရာများတွင် ကျောက်ဆောင်များလည်း ရှိနေသည်။ ပင်လယ်ရေသည် ကြည်စိမ်းနေပြီး ရေအောက် ၁၅ ပေခန့်အထိ ကျောက်သားများကို အထင်းသား မြင်နေရသည်။

ပေ ၂၀၀ခန့် အမြင့်ရှိသော ကျွန်းပေါ်တွင် မန်ကျည်းပင်ကြီးများအပါအဝင် သစ်ပင်ကြီးများ ပေါက်ရောက်နေသည်။ မည်သည့် ကာလက တူးထားမှန်း ဒေသခံများ ကိုယ်တိုင်မခန့်မှန်းနိုင်သော ရေချို တွင်းတစ်တွင်းလည်း ကျွန်းပေါ် တွင် ရှိနေသည်။

ပန်းတမော့ကျွန်းမှ နှစ်မိနစ် ခန့် စက်လှေစီးလျှင် ရောက်သည့် ကျွန်းတစ်ကျွန်းတွင် လူနေပြီး အုန်းပင်များ ပေါပေါများများ ပေါက် ရောက်နေသည်။ မုန်တိုင်းရာသီ မဟုတ်သော်လည်း ကျွန်း၏ လေ ကွယ်ရာ အရပ်တွင် စက်လှေ ဆယ်စီးခန့် ကျောက်ချရပ်နား ထားသည်ကို တွေ့ခဲ့ရသည်။ ကျွန်းကို အဝေးမှ ကြည့်ပါက တောင်ကမူ သုံးခုဖြင့် ဖွဲ့စည်းထားသည်ကို မြင်ရပြီး အနီးကပ်ကြည့်ရှုပါက တောင်ကမူ လေးခုရှိနေသည်။ ကျွန်းပတ်ဝန်းကျင်တွင် ရေနေ သတ္တဝါမျိုးစိတ်များစွာ ကျက်စား နေထိုင်သည်ဟု ဒေသခံများက ပြောသည်။ ယခုဆောင်းပါးရေး ရန် ပန်းတမော့ကျွန်းသို့ သွား ရောက်ခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်က ကျွန်း၏ကမ်းခြေတွင် မျှင်ငါးပိ လုပ်ရာ၌ အဓိကပါဝင်သည့် မျှင်ကောင်များ အထွေးလိုက် အဆုပ် လိုက်ဖြင့် အချိန်အခါမဟုတ်ဘဲ ကမ်းပေါ်တင်နေ၍ ဒေသခံများ အလုအယက် ဖမ်းယူနေသည်ကို တွေ့ရသည်။ ပန်းရောင်ဖြစ်ပြီး ပိုးလောက်လမ်းကဲ့သို့ ပုံသဏ္ဌာန် ရှိသည့် မျှင်ကောင်များကို ကမ်းခြေတွင် ငါးရှာရန်နှင့် ကျွန်းပေါ်တွင် ထင်းခွေရန် အနီးဝန်းကျင်မှ ဒေသခံ ၁၀ ဦးခန့် လာရောက်စဉ် တွေ့ရှိခြင်းဖြစ်သည်။ ထိုနေ့က လူမနေသော ကျွန်းပတ်ဝန်းကျင်တွင် မျှင်ကောင်ကောက်သူများ တရုန်း ရုန်းဖြစ်နေခဲ့သည်။

ပန်းတမော့ကျွန်းသို့ ရွှေ သောင်ယံမြို့၊ ချောင်းသာကမ်း ခြေနှင့် သာပေါင်းမြို့တို့မှ သွားရောက်နိုင်ပြီး ၄၅ မိနစ်မှ နှစ်နာရီခန့် စက်လှေ စီးရမည်ဖြစ်သည်။ မည်သည့်ဆိပ်ကမ်းမှ လာသည်ဖြစ်စေ ပင်လယ်ရေကြည်ကြည်လင်လင် ပေါ်တွင် ပင်လယ်လေ ဝဝလင်လင် ရှူရှိုက်ကာ သဘာဝရှုခင်းများကို ငေးမောရင်း ဘောလုံးပွဲကောင်း တစ်ပွဲကြည့်ရသလို အချိန်ကုန်မှန်း မသိဘဲ ကျွန်းပေါ်သို့ ရောက်သွား မည်သာဖြစ်သည်။

ပန်းတမော့ကျွန်း အမည်မှ ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟု နာမည်အတည်ပြု ပြောင်းနိုင်ပါက ကျွန်းပေါ်တွင် အသင့်စိုက်ထူရန် အတိုင်ပင်ခံ၏ ပုံစံတူ ရုပ်တုကို စကျင်ကျောက်ဖြင့် ထုလုပ်ရန် ဒေသခံအချို့ ပြင်ဆင်နေကြ သည်။ စုစုပေါင်း ၁၀ ပုံကို ဒီဇိုင်းဖော်ပြီးနောက် ဒေသခံအများစု ရွေးချယ်သည့် ပုံစံကို ထုလုပ်မည် ဟု ဘောမိကျေးရွာ မွန်မြတ်ဖြူဖြူ စင်ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရင် က ပြောသည်။

သို့သော် ကျွန်းအမည်ပြောင်းလဲသတ်မှတ်ရေး ဒေသခံများက အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ထံ တင်ပြရန် လိုအပ်နေသေးသည်။

ကျေးရွာခြောက်ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေသုံးထောင်ကျော်ရှိသော ဘောမိကျေးရွာအုပ် စုတွင် ကျွန်းအမည်ပြောင်းလဲရေး ဒေသခံအားလုံး၏ သဘောထား အမြင်ကို တောင်းခံရန် လိုအပ်နေ ကာ အများစုက သဘောတူလိမ့် မည်ဟု မျှော်လင့်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောသည်။ ဘောမိကျေးရွာအုပ်စုတွင် ဘောမိ၊ ဂျိတ်လက်၊ ပြာတိုက်၊ တောင်နီမော်၊ ခြောက်အိမ်စုနှင့် မီးလောင်ချိုင်တို့ပါဝင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီအနိုင်ရခဲ့သော ဒေသလည်း ဖြစ်သည်။ ဒေသခံများ၏ ဆန္ဒဇော ကြောင့် ထွက်ပေါ်လာသော ဒေါ်အောင်ဆန်းစုကြည်၏ အမည်ဖြင့် ကျွန်းတစ်ကျွန်းဖြစ်ပေါ်လာဖွယ်ရှိသည်ဆိုသော သတင်းများကို လူမှုကွန်ရက်ပေါ်မှ ကြားသိနေရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီး အစိုးရကို မေးမြန်းရန်သာ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

တိုင်းဒေသကြီး လူမှုရေးဝန် ကြီး ဒေါက်တာ လှမြတ်သွေးက အဆိုပါကိစ္စသည် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့တစ်ဖွဲ့လုံး နှင့်သက်ဆိုင်ပြီး နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၏ အမည်ဖြင့် ကျွန်း တစ်ကျွန်း ဖြစ်လာမည်ဆိုသည့် သတင်းသည် စိတ်ဝင်စားဖွယ်အ လွန်ကောင်းကြောင်း ပြောကြား သည်။

‘‘ပြည်သူလူထုကတော့ ဖြစ်စေချင်ကြတာပေါ့။ ကျွန်မတို့ ဘက်ကလည်း အများကြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ အစိုးရတစ်ဖွဲ့လုံးနဲ့ ဆိုင်ပါတယ်’’

မူလအမည်ဖြင့် နှစ်ပေါင်း များစွာတည်ရှိနေသော ကျွန်းကို အ မည်ပြောင်းလဲသတ်မှတ်ရေးသည် လွယ်ကူသည်မဟုတ်ဘဲ ဌာနဆိုင် ရာ လုပ်ငန်းအဆင့်ဆင့်ဖြင့် စနစ် တကျ အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော် မြင့်က ဆိုသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လက်ရှိအချိန်အထိ တင်ပြအသိပေးထားခြင်း မရှိသေးဟု ဝန်ကြီးဦးကျော်မြင့်က ဆက် လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အ မည်နှင့်ပန်းခြံတစ်ခုရှိနေသည်ကို ရွှေသောင်ယံမြို့မှ ဒေသခံများကသိရှိထားသည်။ အဆိုပါ ပန်းခြံ သည် မြန်မာနိုင်ငံတွင် မဟုတ်။ ကမ္ဘာ့အနောက်ဘက်ခြမ်းရှိ နော် ဝေးနိုင်ငံတွင် ဖြစ်သည်။ နော်ဝေးအစိုးရနှင့် ပြည်သူများက အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုကာ ၎င်းတို့နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် ပန်းခြံတစ်ခု ဖွင့်လှစ် ထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၁)နှစ်ပြည့်မွေးနေ့တွင် ဖွင့်လှစ်ခဲ့သည့် ပန်းခြံဖွင့်ပွဲသို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပို့ပေးခဲ့သည့်သဝဏ်လွှာတွင် ပန်းခြံဆိုသည်မှာ လူထုလူတန်းစားအမျိုးမျိုးအပေါ် သဘာဝက ပေးအပ်သည့် ငြိမ်သက်မှုကို အတူတကွ ခံစားရန် လာရောက်ရသည့် နေရာဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အပြန်အလှန် ဖက်လဲတကင်း ပြုကြရသည့်နေရာဖြစ်ကြောင်း ရေးသားခဲ့သည်။

အကယ်၍ ပန်းတမော့ကျွန်း ကို ဒေသခံများဆန္ဒအတိုင်း ဒေါ် အောင်ဆန်းစုကြည်ကျွန်းဟု အ မည်ပေးအပ်နိုင်ခဲ့ပါက ပင်လယ် ထဲ၌ သီးခြားရှိနေကာ ဒေသခံများ ကို ခြိမ်းခြောက်လေ့ရှိသည့် မုန် တိုင်းရန်မှ အကာအကွယ်ပေး ထားသော ‘ကျွန်းလေး’ ကို အတိုင် ပင်ခံက မည်ကဲ့သို့ ဋီကာဖွဲ့ဆိုမည် မသိပေ။

ရွှေသောင်ယံဒေသခံအများ စုကမူ သဘာဝက လက်ဆောင် ပေးထားသော ၎င်းတို့ဒေသမှ လှပသော ကျွန်းကိုလည်း မြန်မာနိုင်ငံ တွင် ပထမဆုံး အနေဖြင့် ဒေါ် အောင်ဆန်းစုကြည်ကျွန်းဖြစ်လာ ရေးကို မျှော်လင့်ရင်ခုန်နေသည်။

ကျွန်းအမည်ပြောင်းရန် ဒေသခံများက အလွန်စိတ်အားထက်သန်နေသည်။ (ဓာတ်ပုံ-အောင်သစ်လွင်)

Source: 7 Day[full_width]


COMMENTS

Name

art,1,article,1335,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,35,history,2,international,8111,interview,222,knowledge,9,Live,8,LocalNews,16852,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,183,statement,59,technic,58,translate,34,video,1071,voice,76,
ltr
item
dawnmanhon: ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟု အမည်တွင်စေသော်
ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟု အမည်တွင်စေသော်
http://www.7daydaily.com/sites/default/files/story/2018/02/s1.jpg
dawnmanhon
http://www.dawnmanhon.com/2018/02/blog-post_398.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/02/blog-post_398.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy