
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဗိုလ်တာ (VOLTA) ဆိုတဲ့ ရှိုးပွဲပြသစဉ်အတွင်း သရုပ်ပြနေစဉ် အသက် ၃၈ နှစ်အရွယ် အမြင့်ကြိုးတန်းပေါ် ကျွမ်းဘားသမား ယန်းအာနော့ဒ် စင်မြင့်ပေါ်ကနေ ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရသွားလို့ တမ်ပါ အထွေထွေဆေးရုံကို အမြန်ပို့ပေမယ့် ဆေးရုံပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
စင်ပေါ်မှာ ပွဲမစခင် သူတင်ဆက်သရုပ်ဖော်မယ့် အကွက်အသစ်ကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့သေးတယ်လို့ သိရပြီး “လေ့ကျင့် သရုပ်ဆောင်မှုတွေ အများကြီး ပြီးသွားတော့ နောက်ဆုံး ကျနော်တို့ရဲ့ စုံတွဲတင်ဆက်မှုလေး ဒီည ပြပါတော့မယ်။ တင်ဆက်ရတော့မယ် အချိန်ကျလာပါပြီ” လို့ ရေးထားပါတယ်။
ထိတ်လန့်ဖွယ်ရာ ရုပ်သံထဲမှာ ယန်းက တွဲဖက်သရုပ်ပြသူ ပါဝယ်ဝယ်ဇက်စကီနဲ့ အမြင့်ပေါ်က တွဲလောင်းကျနေတဲ့ ကြိုးတန်းပေါ်မှာ လှည့်ပြပြီး စင်အတွင်းဘက်ကို လွှဲကာ စင်ရဲ့အလယ်ကို ပြန်လွှဲလာချိန် ကြိုးကို ဆုပ်ကိုင်ထားရာကနေ လွတ်ထွက်သွားတယ်လို့ ယူဆရပါတယ်။
ကလေးနှစ်ဦး ဖခင် ယန်းဟာ ၁၂ ပေလောက် အမြင့်ရှိတဲ့နေရာကနေ ပြုတ်ကျခဲ့တာဖြစ်တယ်လို့ Cirque du Soleil ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပြီး “ကျနော်တို့ရဲ့ နှစ်ရှည်လုပ်ကိုင်လာတဲ့ အမြင့်ကြိုးတန်းပေါ်က ကျွမ်းဘားသမား ယန်းအာနော့ဒ် သရုပ်ပြစဉ် စင်ပေါ်က ပြုတ်ကျခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို ချက်ချင်းလုပ်ခဲ့ပြီး သူ့ကို အနီးဆုံးဆေးရုံ ပို့ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။
Cirque du Soleil ကုမ္ပဏီနဲ့ ယန်း တွဲလုပ်ခဲ့တာ ၁၅ နှစ်ကျော်နေပြီး သေဆုံးချိန်မှာ မီယာမီမှာနေထိုင်တယ်လို့ သိရပါတယ်။
ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်သူကလည်း “လာမယ့်ရက်တွေမှာ ယန်းရဲ့မိသားစုတွေနဲ့ ကျနော်တို့ရဲ့ဝန်ထမ်းတွေ အထူးသဖြင့် ဗိုလ်တာရှိုးပွဲရဲ့ အဖွဲ့တွေကို အထောက်အပံ့ပေးဖို့ပဲ ဂရုထားမှာပါ။ ဒီစိတ်မကောင်းစရာအဖြစ်အတွက် ကျနော်တို့ သတင်းအချက်အလက်တွေ စုဆောင်းနေပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေတဲ့ အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်း လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။
သူ သေဆုံးပြီးတဲ့နောက် ဖလော်ရီဒါပြည်နယ် တမ်ပါမြို့မှာ ပြသမယ့် ပွဲစဉ်နှစ်ခုကို ဖျက်သိမ်းခဲ့တယ်လို့ သည်ဆန်းသတင်းမှာ မတ်လ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။
http://burmese.dvb.no/archives/259699
COMMENTS