တိုက်ခိုက်တဲ့နည်းလမ်းကို ပြန်သွားကြမယ်ဆိုရင်တော့ ဘယ်လိုမှ ရှေ့ဆက်ရမှာ မဟုတ်ပါဘူး။
မေး- ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာအစိုးရကို ဖိအားပေးတာတွေ အရေးပိတ်ဆို့တာတွေ လုပ်လာတယ်။ အဲဒီအတွက် မြန်မာက တရုတ်နဲ့ ဆက်ဆံရေး ပိုနီးစေတယ်လို့ လေ့လာသူတချို့က ပြောပါတယ်။ မြန်မာနဲ့ ဆိုင်တဲ့ မူဝါဒချမှတ်တဲ့အခါ တရုတ်ရဲ့ အခန်းကဏ္ဍကို ဘယ်လောက်ထိ ထည့်သွင်းစဉ်းစားသလဲ။
ဖြေ- နှစ်ပေါင်းများစွာ မြန်မာနဲ့ ဆက်ဆံခဲ့ရာမှာ အမေရိကန်ရဲ့ ရပ်တည်ချက်နဲ့ ရည်မှန်းချက်ကတော့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတဲ့ ပြည်သူတွေဖက်ကနေ ရပ်တည်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း ဒီအတိုင်း တသွေမတိုင်း လုပ်ဆောင်နေပါတယ်။
ဒါကြောင့်လည်း ရခိုင်မှာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ အခြေအနေတွေကို ကျနော်တို့ ဝေဖန် ထောက်ပြခဲ့တာပါ။ ရခိုင်အရေးနဲ့ပတ်သက်လို့ တာဝန်ခံဖို့ အရေးကြီးသလို ဖြစ်ခဲ့တဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းဖို့လည်း အရေးကြီးပါတယ်။ ဒါလွယ်လွယ်နဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒါကြောင့် ဖြေရှင်းရာမှာ တိုးတက်မှုတွေရှိဖို့ ကျနော်တို့ တိုက်တွန်းနေတာပါ။
ဒီအစိုးရက တခြား အစိုးရနဲ့ နီးစပ်သွားတယ်ဆိုတာကလည်း ဒီအစိုးရရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ တခြား အင်အားကြီး နိုင်ငံတွေနဲ့ ယှဉ်ပြိုင်နေ တာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီမှာရှိနေတာက ဒီမိုကရေစီကို အထောက်အပံ့ပေးဖို့ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်း ကြွယ်ဝရေးကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အားလုံးအတွက် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး ရရှိရေးတို့ ဖြစ်ပါတယ်။ ဒါကလည်း ဒီနိုင်ငံက နိုင်ငံသား အများစု လိုချင်နေတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စတွေကို အာရုံစိုက်နေပါတယ်။
မေး- ဒီအစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ပဲ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ထင်သလောက် မအောင်မြင်ဘူးလို့လည်း သုံးသပ်နေသူ ရှိပါတယ်။ သံအမတ်ကြီးအနေနဲ့ ဘယ်လို သုံးသပ်နေသလဲ။
ဖြေ- မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံး ကိစ္စလို့ ကျနော်ထင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အများကြီးနဲ့ တခြား ပါဝင်ပတ်သက်သူတွေ အများကြီး ရှိနေသလို ပဋိပက္ခဖြစ်တာကလည်း အတော်ကို ကြာနေပါပြီ။ ဒါကြောင့် ပါဝင်သူ အားလုံးမှာ ယုံကြည်မှုတွေ ပျောက်နေပါတယ်။ ဒါတွေကို ကျော်ဖြတ်ဖို့က မလွယ်ပါဘူး။ အချိန်အတော်ယူရမှာ ဖြစ်ပါတယ်။
ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ခံသလို ငြိမ်းချမ်းသွားတာ ကိုလည်း ဖြစ်နိုင်ရင် အမြန်ဆုံး မြင်ချင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ မလွယ်သလို အချိန်ယူရမယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေ အားလုံးက မကျေမလည် ဖြစ်နေရင်တောင်မှ ဆက်ကြိုးစား ဆွေးနွေးဖို့ ငြိမ်းချမ်းရေး စကားဝိုင်းကို ပြန်လည့်ဖို့နဲ့ ဆွေးနွေးပွဲ ဆက်ဖြစ်နေဖို့ ကျနော်တို့ အားပေးပါတယ်။ တိုက်ခိုက်တဲ့နည်းလမ်းကို ပြန်သွားကြမယ်ဆိုရင်တော့ ဘယ်လိုမှ ရှေ့ဆက်ရမှာ မဟုတ်ပါဘူး။ ပြီးတော့ အခက်အခဲတွေ ကျော်လွှားဖို့ နည်းလမ်းရှာဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။ အချိန်တော့ ယူရပါလိမ့်မယ်။
ဓာတ်ပုံ မူပိုင် Getty Images
မြန်မာ့ ငြိမ်းချမ်းရေး ဆိုတာ အမေရိကန်နဲ့ တရုတ်တို့ အတွက် မဟုတ်ပါဘူး။
မေး-မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့အရှေ့ပိုင်းက အင်အားကြီးတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တချို့တွေဟာ မြောက်ပိုင်းမဟာမိတ်ဆိုပြီး ဖွဲ့ထားပါတယ်။ ဒီအဖွဲ့တွေနောက်မှာ တရုတ် အာဏာပိုင်တွေ ရှိနေတယ်။ သူတို့တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်နေတာ တွေ့နေရပါတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ရှိလာတာကို ဘယ်လို ပြောချင်လဲ။
ဖြေ- ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး အောင်မြင်ဖို့ပဲ အလေးထားပါတယ်။ တရုတ် အစိုးရ အနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ အကူအညီပေး ချင်တယ် ဆိုပြီး ကျနော်တို့ကိုလည်း ပြောပါတယ်။ တကယ်လို့ တရုတ် အနေနဲ့ အကူအညီတွေ ပေးနိုင်တယ် ဆိုရင် ကောင်းပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေး ဆိုတာ အမေရိကန်နဲ့ တရုတ်တို့ အတွက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံတွင်း မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံး အတွက်ပါ။ တရုတ်က မြန်မာ့ ငြိမ်းချမ်းရေးမှာ ပါဝင် ဆောင်ရွက်လိုတာကို ကျနော်တို့ ကြိုဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်း ဘာတွေဖြစ်ပျက် နေသလဲ ဆိုတာကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတချို့ အနေနဲ့ သတိထားမိကောင်း ထားမိကြလိမ့်မယ်။
မေး- နိုင်ငံတကာ အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံကို ခြိမ်းခြောက် လာနေနိုင် တယ်လို့ သုံးသပ်တဲ့သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က ပဋိပက္ခ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်က ARSAလို အဖွဲ့နဲ့ ချိတ်မိပြီးတော့ အခွင့်အရေး ယူပြီး ဝင်လာနိုင်တယ်လို့ စိုးရိမ်သူတွေလဲရှိ နေပါတယ်။ နိုင်ငံတကာက အကြမ်းဖက်မှု အန္တရာယ်တွေက မြန်မာနိုင်ငံမှာ တကယ်ပဲ ရှိနေပြီလား။
ဖြေ-ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ပိုင်း ပြောချင်ပါတယ်။ ဒီနေ့ခေတ် အခြေအနေကြီးဟာ အကြမ်းဖက် တိုက်ခိုက် ခံရနိုင်တဲ့ အန္တရာယ်ကို ကမ္ဘာ့နိုင်ငံ အများစု အနေနဲ့ လုံးဝ လျစ်လျူရှု မျက်ကွယ်ပြုလို့ မရနိုင်တဲ့ အနေအထား ဖြစ်နေတယ်။ ဒါကတော့ ယေဘုယျ အခြေအနေကို ပြောတာပါ။
ဒုတိယအနေနဲ့ ပြောလိုတာကတော့ ရခိုင်ပြည်နယ်တွင်း ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတချို့ အနေနဲ့ သတိထားမိကောင်းထားမိကြလိမ့်မယ်။ နောက်ပြီး ပါဝင်ပတ်သက်လိုစိတ် ရှိကောင်း ရှိလာနိုင်တယ်။ ဒီလို ဖြစ်မလာဖို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီလို နောက်ဆက်တွဲ ကိစ္စမျိုးတွေ ရှိနေတဲ့ အတွက်၊ ရခိုင်ပြည်နယ် အကြပ်အတည်း ဖြစ်လာရတဲ့ နောက်ခံ အကြောင်းတွေ၊ တင်းမာမှုတွေကို ပြေလည်အောင် ဖြေရှင်းသင့်တာပါ။ အဲဒီ ဒေသမှာ နေထိုင် နေသူတွေ အားလုံးအတွက် ဥပဒေနဲ့ ငြိမ်းချမ်းရေး ပြန်လည် စိုးမိုးစေဖို့ လုပ်ဆောင်နိုင်မှ အပြင်ဘက်ကသူတွေ ရခိုင်အရေးထဲ ဝင်မလာမှာ ဖြစ်ပါတယ်။
http://www.bbc.com/burmese/burma-43273321

COMMENTS