ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်တို့ရဲ့ ရင်ထဲကအစ်မ

၂၀၁၅ ခုနှစ် ထိုင်းမှာကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံကို မြန်မာစာကြည့်တိုက်မှူးတွေတက်ရောက်ခဲ့ကြပါတယ်။ ညီလာခံနောက်ဆုံးနေ့မှာတော့ ၂၀၁၈ မှာ ဒီညီလာခံကို အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူကျင်းပပေးရမယ့် မြန်မာနိုင်ငံက အာဆီယံစာကြည့်တိုက်မှူးများညီလာခံအလံကို ထိုင်းနိုင်ငံဆီက လွှဲပြောင်းလက်ခံယူရပါတယ်။ မြန်မာနိုင်ငံတော်အလံကို မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးက ကိုင်ဆောင်ထားပြီး အဲဒီအချိန်မှာပဲ အာဆီယံ စာကြည့်တိုက်မှူးများ ညီလာခံဆိုင်ရာအလံကို ထိုင်းအဖွဲ့ဆီကနေ မြန်မာအဖွဲ့လက်ခံယူရပါတယ်။ မြန်မာစာကြည့်တိုက်မှူးတွေ အားလုံး ငါ့နိုင်ငံ၊ ငါ့လူမျိုးဆိုတဲ့ ခံစားချက်နဲ့ စိတ်လှုပ်ရှားနေကြသလို စာကြည့်တိုက်ကို စိတ်ဝင်စားမှုနည်းပြီး အားပေးမှုနည်းတဲ့ ကိုယ့် မြန်မာနိုင်ငံအခြေအနေကို ကိုယ်သိကြတာဖြစ်လို့ ဘယ်လိုငွေကြေးရှာဖွေ ကျင်းပကြရပါ့မလဲဆိုတဲ့ သောကအားလုံးကို ဖိစီးနေပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေက တိုင်းပြည်ဂုဏ်ဆောင်စာကြည့်တိုက်ဖြစ်တဲ့ အမျိုးသားစာကြည့်တိုက်ကိုတောင် တန်ဖိုးထားနေရာပေးရကောင်းမှန်း မသိကြသူတွေ အုပ်ချုပ်နေတဲ့အချိန်ပါ။ ကမ္ဘာအေးဘုရားလမ်းပေါ်က တဆင့် အတွင်းကိုသွယ်ထားတဲ့ သီရိမင်္ဂလာလမ်းပေါ်မှာရှိတဲ့ သစ်တောဝန်ကြီးဌာနရုံးဟောင်းကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အဖြစ် သုံးနေရတဲ့ အနေအထားပါ။ တကယ်တော့ နိုင်ငံတိုင်းအတွက် အမျိုးသားစာကြည့်တိုက်ဆိုတာ နိုင်ငံ့ဂုဏ်ဆောင် အမှတ်သင်္ကေတတခုပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက အမျိုးသားစာကြည့်တိုက်အနေအထားကတော့ ဟိုပြောင်းရ သည်ပြောင်းရနဲ့ ဆောက်တည်ရာမရတဲ့ စာကြည့်တိုက်အဖြစ် ရပ်တည်နေရတာပါ။ နာဂစ်မုန်တိုင်းတိုက်တော့ ကျိုက္ကဆံလမ်းမပေါ်မှာရှိတဲ့ အမျိုး သားစာကြည့်တိုက်လည်း ထိခိုက်ပျက်စီးမှုနည်းနည်း ရှိခဲ့ပါတယ်။ ဒါကိုအကြောင်းပြပြီး အမျိုးသားစာကြည့် တိုက်ကို သီရီမင်္ဂလာလမ်းထဲက သစ်တောဝန်ကြီးဌာနရုံးဟောင်းဆီ ပြောင်းစေခဲ့ပါတယ်။ ကျိုက္ကဆံလမ်းပေါ်က အမျိုးသားစာကြည့်တိုက်နေရာကို ရောင်းစားသလိုလို၊ ငှားစားသလိုလို သတင်းတွေထွက်လာခဲ့ပါတယ်။ အခုတော့ အဲဒီနေရာဟာပိုလိုကလပ်တခု ဖြစ်သွားပါပြီ။ တမျိုးသားလုံးအရေးဖြစ်တဲ့ အမျိုးသားစာကြည့်တိုက် နေရာကို တန်ဖိုးမထားပေမဲ့ လူတစုစာ ပိုလိုကလပ်အတွက် တန်ဖိုးထားကြတဲ့သူတွေ စီမံခန့်ခွဲတာ ခံနေရတဲ့အချိန်ပါ။

စာပေတန်ဖိုးထက် ငွေကိုတန်ဖိုးထားတဲ့ အနေအထား၊ တိုင်းပြည်ရဲ့ ဂုဏ်ထူးဆောင်စာကြည့်တိုက် ကိုဖယ်ရှားပြီး ပိုလိုကလပ်နဲ့ အစားထိုး၊ ငွေရှာကြံဖန်တီးယူကြတဲ့ အနေအထားမှာ အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံကို ဘယ်လိုကျင်းပကြရပါ့မလဲဆိုတဲ့သောက မြန်မာနိုင်ငံစာကြည့်တိုက် အလုပ်အမှုဆောင်အဖွဲ့ဝင်တွေအပေါ် ဖိစီးကြပါတယ်။အဲဒီကာလတုန်းက အုပ်ချုပ်နေသူတွေကို နားလည် ပေးဖို့ ကြိုးစားစဉ်းစားကြည့်ခဲ့ပါတယ်။ သူတို့နေရာကရပ်ပြီး စဉ်းစားကြည့်တော့ စာပေနဲ့စာကြည့်တိုက် တန်ဖိုးကို ရိုးသားစွာမသိတာ၊ စာပေထက် ငွေကိုစိတ်ဝင်စားတာစတဲ့ အချက်တွေတွေ့ရပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ နေပြည်တော်မှာ အမျိုးသားစာကြည့် တိုက်ရှိပြီဖြစ်လို့ ရန်ကုန်မှာ အမျိုးသားစာကြည့်တိုက်ကို အတွင်းထဲ(ချောင်ထဲ) ရောက်သွားလည်း ကိစ္စမရှိဘူးလို့ တွက်ဆကြပုံရပါတယ်။ အမျိုးသားစာကြည့်တိုက်တို့ ပြည်သူ့စာကြည့်တိုက်တို့ဆိုတာ လူအများသွားလာ ၀င်ထွက်ဖို့ အချက်အချာကျတဲ့နေရာ လွယ်ကူတဲ့ နေရာမျိုးမှာ ထားပေးရတာပါ။

ကံအားလျော်စွာ ၂၀၁၆ မှာ အင်န်အယ်လ်ဒီ အစိုးရတက်လာပါတယ်။ သမ္မတကြီးဦးထင်ကျော်ရော နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်စလုံး စာပေရေးသားနေသူတွေဖြစ်ပြီး စာပေနဲ့ စာကြည့်တိုက်ကို စိတ်ဝင်စားတန်ဖိုးထားကြ သူတွေဖြစ်လို့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အတွက် သင့်တော်ကောင်းမွန်တဲ့နေရာပေးဖို့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက သမ္မတကြီးဦးထင်ကျော်ထံကို စာရေးပန်ကြားခဲ့ပါတယ်။ စာပို့ပြီး တပတ်အတွင်းမှာပဲ နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်က သမ္မတအိမ်တော် မှာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အတွက် သက်ဆိုင်ရာဝန်ကြီးတွေကို အစည်းအဝေးခေါ်ယူပြီး ရန်ကုန်မြို့လယ်က ကုန်သည်လမ်းပေါ်မှာရှိတဲ့ ရေနံဓာတုရုံးဟောင်းကို အမျိုးသားစာကြည့်တိုက်အဖြစ် အသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒီအဆောက်အအုံကို အခုပြန်လည်မွမ်းမံပြင်ဆင်နေပါတယ်။

၂၀၁၆ ကနေ စတင်ပြင်ဆင်ခဲ့ရတဲ့ ၁၇ ကြိမ် မြောက်စာကြည့်တိုက်မှူးများ ညီလာခံကိုလည်း နိုင်ငံတော်အဆင့် ကျင်းပပေးမယ့် ညီလာခံအဖြစ် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစာကြည့်တိုက်နဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့က အဓိကတာဝန်ယူပူးပေါင်းလုပ်ဆောင်ဖို့ အစိုးရက ၂၀၁၇ ခုနှစ် မှာခွင့်ပြုပေးခဲ့ပါ တယ်။ အရှေ့တောင်အာရှစာကြည့်တိုက်မှူးများ ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရေးအ တွက် ၀န်ကြီးဌာနအားလုံးပါဝင်တဲ့ အစည်းအဝေးတွေကို ၂၀၁၇ မှာ ၂ ကြိမ်၊ ၂၀၁၈ မှာ ၂ ကြိမ်ကျင်းပ ခဲ့ပါတယ်။ အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံကိုကျင်းပနိုင်ဖို့ ၀န်ကြီးဌာနအားလုံးပါဝင် ၀ိုင်းဝန်းကြသလို ပုဂ္ဂလိကအဖွဲ့အစည်းတချို့ လူပုဂ္ဂိုလ်တဦးချင်းနဲ့ လုပ်ငန်းရှင်တချို့ကလည်း ငွေကြေး ကူညီလှူဒါန်းကြပါတယ်။ ထွန်းဖောင်ဒေးရှင်းဆိုရင် ညီလာခံအတွက် ပြင်ဆင်ရတဲ့ စာရွက်စာတမ်း၊ လက်ကမ်း စာစောင်၊ စာအုပ် စတာတွေကို မေတ္တာနဲ့ကူညီပုံနှိပ်ပေးခဲ့ပါတယ်။

ညီလာခံအတွက် ဖိတ်ကြားရမယ့်သူစာရင်း ဌာနဆိုင်ရာကဖိတ်ကြားရမယ့်သူတွေရဲ့ စာရင်းပြုစုကြတော့ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)အတွက် နေရာပေးခဲ့တဲ့အပြင် ပြင်ဆင်စရိတ်ပါချပေးခဲ့ပေမဲ့ သမ္မတရာထူး က နုတ်ထွက်သွားပြီဖြစ်တဲ့ ဦးထင်ကျော်ကို ဖိတ်ကြားဖို့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း အလုပ်အမှုဆောင် တွေက ဆန္ဒရှိကြပါတယ်။ ဦးထင်ကျော်တို့မိသားစု လက်ရှိနေထိုင်နေကြတဲ့ နေပြည်တော်ကအိမ်ကို မြန်မာနိုင်ငံစာကြည့်တိုက်အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ယောက်သွားရောက် ဖိတ်ကြားကြပါတယ်။ သွားရောက်တဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်သုံးဦးက ကျွန်မ၊ ဒေါ်မြတ်စန်းငြိမ်း (မြန်မာနိုင်ငံ စာကြည့်တိုက် အသင်း ဒု-ဥက္ကဌ-၂)နဲ့ ဒေါ်ခင်လေးစိုး(မြန်မာနိုင်ငံစာကြည့်တိုက်အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်)တို့ ဖြစ်ကြပါတယ်။

ဒေါ်မြတ်စန်းငြိမ်းက ဦးထင်ကျော်နဲ့ တူမတော်စပ်သူပါ။ အိမ်ထဲဝင်လာတဲ့ ကျွန်မတို့ကို ပထမဆုံး ထွက်ကြို ဆိုသူက ဦးထင်ကျော်ပါ။ အရင်ထက်စာရင် နည်းနည်းပိန်သွားပေမဲ့ ကျန်းကျန်းမာမာရွှင်ရွှင်လန်းလန်း အနေအထားနဲ့ ဦးထင်ကျော်ကို တွေ့ရပါတယ်။ ကျွန်မတို့ဧည့်ခန်းထဲရောက်တော့ တူမဖြစ်သူ ဒေါ်မြတ်စန်းငြိမ်းကို စက္ကူအိတ်တခုကမ်းပေးပါတယ်။ နှုတ်ကလည်း ''ရန်ကုန်ကသယ်လာတဲ့ စာအုပ်တွေကို ရှင်းရင်းထွက်လာတာ''လို့ ရှင်းပြပါတယ်။ ဒေါ်မြတ်စန်းငြိမ်းဖခင် ပျိုရွယ်စဉ်က ဒေါ်မြတ်စန်းငြိမ်းရဲ့မိခင်ဖြစ် လာမယ့်သူထံ ရေးသားခဲ့တဲ့စာတွေကို စက္ကူအိတ်တလုံးထဲ စုစုစည်းစည်းထည့်ထားတာကိုပေးရင်း ရှင်းပြ နေတာပါ။

ဆရာကြီးမင်းသုဝဏ်ရှိစဉ်က တနှစ်တခါ တပို့တွဲလတိုင်းကျင်းပတဲ့ သပြေညိုခြံထဲက ထမနဲပွဲကိုသွားရင်း ဦးထင်ကျော်ကို ကျွန်မတွေ့ဖူးတာဖြစ်ပေမဲ့ ဆရာကြီးမင်းသုဝဏ်ကွယ်လွန်ပြီးနောက် ဦးထင်ကျော်က ဖခင်ဖြစ်သူနဲ့ပတ်သက်တဲ့စာတွေကို စာကြည့်တိုက်မှာလာရှာချိန်ကစပြီး ဦးထင်ကျော်နဲ့ ခင်မင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ဖျာပုံမှာ ဆရာဇော်ဂျီရုပ်တုဖွင့်ပွဲနဲ့ စာကြည့်တိုက်ဖြစ်မြောက်ရေးအခမ်းအနားကျင်းပတော့ ဆရာဇော်ဂျီ သမီးသုံးယောက်ဖြစ်တဲ့ ဒေါက်တာခင်မျိုးဟန်၊ ဒေါက်တာခင်လှဟန်၊ ဒေါက်တာခင်အုန်းဟန်တို့နဲ့အတူ ဖျာပုံကိုကျွန်မတို့သွားခဲ့တဲ့ ခရီးစဉ်မှာ ဦးထင်ကျော်နဲ့ မမစုတို့ (ဒေါ်စုစုလွင်)လည်း လိုက်ပါခဲ့ကြပါတယ်။ ဒီ့နောက် ၂၀၁၃ ခုနှစ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျား စာကြည့်တိုက်လုပ်ငန်းမှာ ကျွန်မအလုပ်ဝင် လုပ်တော့ ဦးထင်ကျော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်တဦးဖြစ်လို့ အလုပ်အမှုဆောင်အဖွဲ့ ကော့မှူးကိုလာတဲ့အခါ ဦးထင်ကျော်နဲ့ ပြန်တွေ့ရပါတယ်။ တခါတလေ အလုပ်ကိစ္စကြောင့် ဦးထင်ကျော်ကို အီးမေးလ်နဲ့ ဆက်သွယ်ရတာမျိုးရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၆ မှာ ဦးထင်ကျော်နိုင်ငံတော် သမ္မတဖြစ်လာကတည်းက ကျွန်မတို့နဲ့ ဘာအဆက်အသွယ်မှ မရှိခဲ့ပါ။ ဒီနေ့မှ ဦးထင်ကျော်နဲ့ မမစု(ဒေါ်စုစုလွင်)ကို ပြန်တွေ့ရတာဖြစ်ပါတယ်။ ဦးထင်ကျော်နဲ့ မမစုက ကျွန်မတို့ကို စိမ်းမသွားဘဲ ရင်းရင်းနှီးနှီးရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြပါတယ်။ ကျွန်မတို့ကို ပြောပြတဲ့ အထဲမှာ''ကိုပိုက(ဦးထင်ကျော်ကိုဆိုလိုသည်) သမ္မတမလုပ်ချင်ဘူး။ အစ်မက တာဝန်ပေးလို့သာ လုပ်ရတာ။ ကိုပိုကို ဒုတိယသမ္မတအဖြစ် နာမည်စာရင်းမသွင်းခင် သိုသိုသိပ်သိပ်နေခဲ့ရတာ'' လို့ မမစုက ပြောသလို ဦးထင်ကျော်ကလည်း ''ကျွန်တော်သမ္မတမလုပ်ချင်ဘူး။ အစ်မတာဝန်ပေးတာမို့ ၆ လပဲ လုပ်ပေးမယ်လို့ အစ်မကိုပြောခဲ့ပေမဲ့ ၂ နှစ်ဖြစ်သွားတယ်။ ကျွန်တော့်ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း ကောလာဟလတွေ ပြောကြတာသိပါတယ်။ မြန်မာပြည်မှာ ကောလာဟလက သိပ်များသိပ်မြန်တယ်'' လို့ ပြောရင်းရယ်ပါတယ်။ ဦးထင်ကျော်က နောက်ထပ်စကားမပြောတော့ဘဲ ကျွန်မတို့ပေးတဲ့ဖိတ်စာနဲ့ ညီလာခံအစီအစဉ်စာအုပ်ကို ဖတ်နေချိန်မှာ မမစုက အမေစုအကြောင်း သူတို့တူလေးအကြောင်း စတာတွေပြောပါတယ်။ အစ်မကလေလို့ မမစု(ဒေါ်စုစုလွင်) က ပဲပြောပြော၊ ဦးထင်ကျော်ကပဲပြောပြော သူတို့မျက်လုံးတွေက အစ်မလို့သူတို့ရည်ညွှန်း သူအပေါ် ချစ်ခင်ယုံကြည်လေးစားကြောင်း ပြသနေပါတယ်။

သူတို့အိမ်မှာဖုတ်တဲ့ ချောကလက်ကိတ်မုန့်နဲ့ အအေးနဲ့ ကျွန်မတို့ကိုကျွေးမွေးဧည့်ခံပါတယ်။ အရှေ့တောင် အာရှစာကြည့်တိုက်မှူး ညီလာခံအကြိုအစီအစဉ်တခုဖြစ်တဲ့ ၂-၅-၂၀၁၈ ရက်နေ့မှာကျင်းပမယ့် ကျောင်းစာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲကို ဒေါ်စုစုလွင်တက်မယ်။ ၃-၅-၂၀၁၈ ရက်နေ့မှာကျင်းပမယ့် အရှေ့တောင်အာရှစာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲကိုတော့ ဦးထင်ကျော်ရော ဒေါ်စုစုလွင်ပါတက်မယ်လို့ ကျွန်မတို့ကို ပြောလိုက်ပါတယ်။ ဦးထင်ကျော်တို့ အိမ်ကအပြန်လမ်းမှာ သူတို့နှစ်ယောက်စလုံးက အစ်မ အစ်မနဲ့ ပါးစပ်ကတဖွဖွပြောသူအကြောင်း ကျွန်မတို့ စဉ်းစားလာပါတယ်။ သူတို့ပြောတဲ့ အစ်မဆိုတာ နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတာပါ။ ၃-၅-၂၀၁၈ အရှေ့ တောင်အာရှစာကြည့် တိုက်မှူးများညီလာခံဖွင့်ပွဲ အဖွင့်မိန့်ခွန်းကို နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်မိန့်ကြားမှာ ဖြစ်ပါတယ်။

၃-၅-၂၀၁၈ ရက် နံနက် ၈ နာရီကတည်းက မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက တာဝန်ရှိသူတွေနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဖိတ်ကြားထားတဲ့ဧည့်သည်တွေကို ကြိုဆို ဖို့အသင့်စောင့်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင် ကြိုရောက်နှင့်တဲ့ ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်တို့ကို စီစဉ်ထားတဲ့ နားနေခန်းထဲပို့ဆောင်ပေးကြပါတယ်။ အဲဒီနောက် ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ ရောက်လာကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီး ခန်းမထဲမ၀င်ခင် စောင့်ကြိုနေတဲ့ဦးထင်ကျော်၊ ဒေါ်စုစုလွင်တို့နဲ့တွေ့ဆုံပြီး စကားစမြည်ပြောကြပါတယ်။ သူတို့ပြောတဲ့ထဲမှာ ၁၉၃၆ လောက်က ရေးတာဖြစ် မယ်ဆိုတဲ့ စကားပါလာလို့စာအုပ် ဒါမှမဟုတ် စာတပုဒ်အကြောင်း သမိုင်းကြောင်းတခု အကြောင်းပြော နေကြတာလို့ ယူဆရပါတယ်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ခန်းမတွင်းကို ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်လာချိန်မှာ ခန်းမထဲကပရိသတ်က မတ်တတ်ရပ်ကြိုဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်တို့ ထပ်ချပ်မကွာပါလာကြပါတယ်။ လူတသောင်း လူတသိန်းထဲမှာ လူတယောက်တောင် မစွန့်ဝံ့လောက်တဲ့ လူတကာလိုလိုမက်မောတဲ့ သမ္မတရာထူးကို မယစ်မူးတဲ့၊ မလိုချင်တဲ့ စာရေးဆရာဘ၀ သာမန်ပြည်သူဘ၀ကိုသာ တန်ဖိုးထားတဲ့ ဦးထင်ကျော်နဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူထားဆဲဖြစ်တဲ့ ဒေါ်စုစုလွင်တို့ရဲ့ ရင်ထဲနှလုံးသားထဲမှာ သူတို့အခေါ် အစ်မ၊ လူထုအခေါ် နိုင်ငံတော် ၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အမြဲရှိနေတယ်ဆိုတာ ထင်ထင်ရှားရှားမြင်လိုက်ရတဲ့ပွဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံကျင်းပနေတဲ့ခန်းမဟာ ထွန်းညှိထားတဲ့ လျှပ်စစ်မီး ကြောင့်ရော သူတို့သုံးဦးရဲ့ ရင်ထဲမှာထားရှိတဲ့ အပြန်အလှန်တန်ဖိုးထား ချစ်ခင်မှုမေတ္တာ အရောင်ကြောင့်ပါ ပိုမိုလင်းလက်တောက်ပလာတယ်လို့ ခံစားရတဲ့အထိ မြန်မာစာကြည့်တိုက်မှူးများရဲ့ရင်ထဲ ကျေနပ်ပီတိ ဖြစ်ခဲ့ကြရပါတယ်။

ခင်နှင်းဦး
http://newswatch-mm.com/?article_detail&id=260

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8308,interview,222,knowledge,9,Live,8,LocalNews,17145,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်တို့ရဲ့ ရင်ထဲကအစ်မ
ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်တို့ရဲ့ ရင်ထဲကအစ်မ
http://newswatch-mm.com/img_upload/newswatch_241VU007.jpg
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_170.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_170.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy