![]() |
ရေကြီးရေလျှံမှုဖြစ်နေတဲ့ ပဲခူးမြို့ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်/ Photo: Kyaw Zaw Win/RFA |
မွန်၊ ကရင်၊ ပဲခူးနဲ့ ရခိုင်တို့မှာ မိုးကြီးဦးမှာလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
"ဒီရက်ပိုင်းတွေမှာတော့ မွန်၊ ကရင်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဒီဒေသတွေမှာတော့ နောက် ၃ ရက်လောက်အထိ ဆက်ပြီးတော့ မိုးကြီးနေဦးမယ်ပေါ့နော်၊ စစ်တောင်းမြစ်ရေဟာ ဒီနေ့ ၂ နာရီခွဲအချိန် တိုင်းထွာချက်အရဆိုလို့ရှိရင် မဒေါက်မြို့မှာ ၁၂၇၈ စင်တီမီတာပေါ့နော်၊ နှစ်ပေါင်း ၅၃ နှစ်အတွင်းမှာ အမြင့်ဆုံးရေမှတ်ကို ရောက်ရှိတဲ့အနေအထာမျိုးလေးတွေရှိပါတယ်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ၃ ပေခန့်၊ ပဲခူးမြစ်ရေက နှစ်ပေါင်း ၅၄ နှစ်အတွင်းမှာ အမြင့်ဆုံးရေမှတ်ကို ရောက်တာပေါ့နော်"
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွေမှာလည်း မိုးကြီးနိုင်မယ့် အနေအထားတွေရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး ရွှေကျင်မြစ်ရေဟာလည်း ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၆ ပေလောက်ကျော်လွန်နေပါတယ်။
အဲဒီမြစ်ရေတွေဟာ နောက်ရက်တွေမှာလည်း ဆက်တက်လာနိုင်သေးတယ်လို့ ဆိုပါတယ်။
စစ်ကိုင်း၊ ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ပဲခူး၊ မကွေးနဲ့ နေပြည်တော် စတဲ့ဒေသတွေမှာ ရေကြီးရေလျှံ မှုတွေကြောင့် လူ ၅ ယောက် သေဆုံးခဲ့ပြီး လူဦးရေ ၅ သောင်းနီးပါး ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
အဲဒီဒေသတွေက နေအိမ် ၁ သောင်းကျော်မှာ ရေတွေဝင်ရောက်နေတာကြောင့် ရေဘေးကယ်ဆယ်ရေး စခန်းတွေလည်း ဖွင့်လှစ်ထားရပါတယ်။
ပြောင်းရွှေ့နေရသူတွေအတွက် ဆန်ရိက္ခာဖိုးတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ရေထဲမျောပါပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ထောက်ပံ့ငွေတွေ၊ အိမ်ဆောက်ပစ္စည်းဖိုးတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စုစုပေါင်း ငွေကျပ်သိန်း ၁၅ဝဝ ကျော် ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ နေပြည်တော်တို့မှာ လူ ၅ ယောက် သေဆုံးသွားခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
COMMENTS