ရန်ကုန်မြို့ရှိ ကားလမ်းများ ဆိုးရွားစွာပျက်စီးနေပြီး ချိုင့်ခွက်များဖြစ်ပေါ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား သတိပေးပြီး နောက်တရက် ယနေ့ (ဇူလိုင် ၂၁ ရက်) တွင် ရန်ကုန်မြို့နေရာအချို့ ၌ လမ်းများ အလျင်အမြန်ပြုပြင်လျက်ရှိသည်ကို တွေ့ရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၀ ရက်က ကော့မှူးမြို့သို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် ရန်ကုန်မြို့မှ လမ်းများပျက်စီးနေပြီး ကော့မှူးမြို့အ၀င်လမ်းများ ကောင်းမွန်ကြောင်း ၀န်ကြီးချုပ်အား ပြောဆိုခဲ့ခြင်းဖြစ်ပြီး လမ်းများပြုပြင်ရာတွင်လည်း ထပ်ခါထပ်ခါ ပြုပြင်ရတာမျိုး မဖြစ်စေရန် မူဝါဒချမှတ်၍ လုပ်ဆောင်ရန်မှာကြားခဲ့သည်ဟု သိရသည်။
“ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ပြောပြတယ်။ ကော့မှူးကို ၀င်လာထဲက တခါထဲ လမ်းကကောင်းတာပဲ။ မတူဘူးလို့။ ရန်ကုန်မြို့ထဲက လမ်းတွေက မကောင်းဘူးလို့ ပြောလိုက်တယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယနေ့ ဇူလိုင် ၂၁ ရက်တွင် ဗဟန်း (၃)လမ်း၊ အထက်ပန်းဆိုးတန်းလမ်းမှ ပန်းဆိုးတန်းခုံးတံတားတလျောက်နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ သခင်မြပန်းခြံရှေ့အချို့နေရာတို့တွင် လမ်းများဖို့ခြင်း၊ မြေကော်စက်များဖြင့် ကော်ခြင်း၊ လမ်းများ ပြုပြင်ခြင်းလုပ်ငန်းများပြုလုပ်နေကြသည်ကို တွေ့ရသည်။
မိုးတွင်းကာလ ရန်ကုန်လမ်းမများပေါ်တွင် ချိုင့်ခွက်များဖြစ်ပေါ်နေမှုကို ရန်ကုန်မြို့တော်စည်ပင်မှ ပြုပြင်မှုများ ပြုလုပ်နေပြီး ဆိုးဆိုးရွားရွားဖြစ်နေသည့် ချိုင့်ခွက်များ၊ ယာဉ်အစီးရေ သွားလာမှုများသည့် နေရာများကို ကွန်ကရစ်လောင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ(လမ်း/တံတား) ဌာနမှ တာဝန်ရှိသူတဦးက News Watch သို့ ပြောကြားခဲ့သည်။
“တကယ်တော့ နည်းပညာအားနည်းတဲ့အတွက် မဟုတ်ဘူး။ မိုးများလို့ ဖြစ်တာပါ။ ကတ္တရာနဲ့ မြန်မာရာသီဥတုနဲ့က ကိုက်ညီမှုမရှိလို့ပါ။ အဲဒါကြောင့် လမ်းတော်တော်များများကို ကွန်ကရစ်လမ်းတွေအဖြစ် ပြောင်းလဲခင်းနေတာပေါ့”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
အဆိုပါ လမ်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
သားချမ်းမြတ်
Photo - မော်ရိုး
News Watch

COMMENTS