ရန်ကုန်ဆေးရုံကြီးဝင်းထဲရှိ စည်းမဲ့ကမ်းမဲ့ဈေးသည်တွေကြောင့် ဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း ဆေးရုံရှိတာဝန်ရှိသူများက သတင်းမီဒီယာများကို ဖိတ်ခေါ်၍ ပြောဆိုလိုက်သည်။
စည်းမဲ့ကမ်းမဲ့ဈေးရောင်းမှုကြောင့် ကြွက်၊ခြင်၊ ယင် ပိုးမွှားများတိုးပွားနေကြောင်း၊ ဈေးသည်များသည် ဆေးရုံကြီးတွင် ဈေးရောင်းရုံတင်မကဘဲ ဆေးရုံကြီး၏ ရေချိုးခန်းများကို သုံးစွဲခြင်း၊ ဆေးရုံအဆောက်အဦးများတွင် ကျုးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အ၀တ်အစားများလှန်းခြင်း များပြုလုပ်နေကြောင်း ဆေးရုံအုပ် ဒေါက်တာဒေါ်ခင်သိင်္ဂီမြင့်ကပြောကြားသည်။
ယခုပြဿနာအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြို.တော်ဝန်ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းတို့အားလည်း တင်ပြခဲ့ကြောင်း၊ သို့သော်လည်း စည်ပင်သာယာအဖွဲ.များမှ စည်းမဲ့ကမ်းမဲ့ဈေးသည်များကို ခေတ္တခဏမျှသာရှင်း ပေးနိုင်သောကြောင့် ယခုကဲ့သို့သတင်းမီဒီယာများကို ခေါ်ယူရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
“ဒီမှာကအလှူအတန်းတွေလည်းများတယ်။ ဒါ့ကြောင့်နေစရာလည်း အလကားရတယ်။ စားစရာလည်းအလကားရတယ်။ ဒီလိုရောနှောနေထိုင်တဲ့ သူခိုးတွေ၊ ခါးပိုက်နှိုက်တွေလည်းရှိတယ်။ နောက်ပြီး လူနာပွဲစားတွေလည်းရှိတယ်။ ဒီကိစ္စတွေကို ရှင်းကိုရှင်းရမယ့် အနေအထားရောက်နေပြီဆိုတာ ပြည်သူလူထုကို ချပြတဲ့သဘောပါ”ဟု ရန်ကုန်ဆေးရုံကြီး လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာခင်မောင်ကြီးကလည်း ဆိုသည်။
Myanmar Now
https://www.facebook.com/myanmarnownews
COMMENTS