ဘားအံ ၁၈ စက်တင်ဘာ
ဘားအံအကျဉ်းထောင်မှ ထောင်ကျအကျဉ်းသား (၃၀)ဦးနှင့် တရားရုံးစစ်ဆေးဆဲ အချုပ်သား(၁၂)ဦး စုစုပေါင်း (၄၂) ဦး စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ထွက်ပြေးသွားခဲ့ပြီး ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့ရာ ယနေ့ ညနေ ၅ နာရီထိ ထောင်ကျအကျဉ်းသား ၁၅ ဦးနှင့် တရားရုံး စစ်ဆေးဆဲ အချုပ်သား (၇)ဦး စုစုပေါင်း (၂၂)ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
"ဘားအံအကျဉ်းထောင်က ထွက်ပြေးခဲ့တဲ့ (၄၂)ဦးထဲက စက်တင်ဘာ ၁၆ ရက်မှာ (၁၃)ဦး ၁၇ ရက်နေ့မှာ (၈)ဦး၊ ၁၈ ရက်နေ့မှာ (၁)ဦးနဲ့ အားလုံး (၂၂) ဦး ဖမ်းဆီးရမိပါပြီ''ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သော ထောင်ကျအကျဉ်းသား (၁၅)ဦးနှင့် တရားရုံး စစ်ဆေးဆဲ အချုပ်သား (၅)ဦး စုစုပေါင်း (၂၀)ဦးကို ဖမ်းဆီးရန် ကျန်ရှိနေပြီး ဖမ်းဆီးရမိရေးအတွက်နယ်မြေခံ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်သိ ပြည်သူများ ပူးပေါင်းကာ ရှာဖွေပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ သတင်းပေးနိုင်ရန်အတွက် ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားနှင့် အချုပ်သားများ၏ အမည်စာရင်းနှင့် မှတ်တမ်းဓာတ်ပုံများကိုလည်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ facebook စာမျက်နှာတွင် ဖော်ပြထားကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အကျဉ်းထောင်မှ ထွက်ပြေးသည့် အကျဉ်းသား (၄၂)ဦးကို ဘားအံမြို့နယ် ရဲတပ်ဖွဲ့က စက်မှုဇုန်နယ်မြေရဲစခန်းတွင် (ပ)၃၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄/၁၁၄ ဖြင့်လည်းကောင်း၊ (ပ)၄၀/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၃၃(ပ)၄၁/၂၀၁၈၊ ၁၉၆၁ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေတို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးရမိသည့် အကျဉ်းသားများကို အဆိုပါ အမှုတို့ဖြင့် ဆက်လက် အရေးယူဆောင်ရွက်ရန် အဖွဲ့ခါင်းဆောင်အဖြစ် ရဲမှူးတစ်ဦးစီပါဝင်သော အထူးအမှုစစ်အဖွဲ့ (၃)ဖွဲ့ဖြင့် ယနေ့တွင် စတင်စစ်ဆေးလျက်ရှိကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
မင်းသူ(ဘားအံ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
COMMENTS