“မကောင်းသတင်းများ” - သရ၀ဏ်(ပြည်)

မြန်မာနိုင်ငံ၏သတင်းတွေက နိုင်ငံအတွင်းမှာပင် မဟုတ်၊ နိုင်ငံ၏ နယ်နိမိတ်ပြင်ပသို့ပင် တကမ္ဘာလုံးသို့ ပျံ့နှံ့ရောက်ရှိနေသည်။ အရင်တုန်းက မြန်မာဆိုလျှင် ဘယ်နားနေမှန်းမသိသော၊ နာမည်ကိုပင် ကောင်း ကောင်းမကြားဖူးသောအဖြစ်မှ ယခုအခါ မြန်မာ့သတင်းသည် မြောက်ကိုရီးယား၊ အီရန် စသောနိုင်ငံများနှင့် တန်းတူ ကမ္ဘာ့ထိပ်တန်း ပြောစမှတ် နိုင်ငံဖြစ်လာရသည်။ ပြီးခဲ့သောအပတ်က အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဆရာဖြစ်သူ မော်ရင်ဟိုကို သတင်းထောက်များက သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်းတခုမေးမြန်းသည်။ မော်ရင်ဟိုကိုင်တွယ်သော မန်ယူဘောလုံးအသင်းသည် ထိုစဉ်က ပရီးမီးယားလိဂ်တွင် သုံးပွဲကန်အပြီး တပွဲနိုင်နှစ်ပွဲရှုံးကာ ရမှတ်သုံးမှတ်သာရပြီး အမှတ်ပေးဇယား၏အဆင့် ၁၄ သို့ ရောက်နေသည်။
''ခင်ဗျား ဒီတပွဲထပ်ရှုံးရင် ရာထူးက နုတ်ထွက်ရတော့မယ်လို့ သတင်းတွေ ထွက်နေတယ်။ အဲဒါနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေရှိလား''
ထိုအခါ မော်ရင်ဟိုက ဖြေသည်။

“ကျုပ်အခြေအနေက မြန်မာနိုင်ငံရဲ့အခက်အခဲတွေလောက် မဆိုးသေးပါဘူး။ သတင်းတွေကို ဖတ်ကြည့်ကြရင် သိမှာပါ။ မြန်မာကမှ တကယ်ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။ ထပ်ပြောမယ်၊ မြန်မာက ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်”

မြန်မာနိုင်ငံ၏သတင်းကား ကမ္ဘာကျော်ဘောလုံးအသင်းနည်းပြကြီး ပါးစပ်ထဲသို့ပင် ရောက်နေချေပြီ။ ဂုဏ်ယူရမည်လား၊ ၀မ်းနည်းရမည်လား မသိတော့ပါ။ မော်ရင်ဟို၏ပြောလိုရင်း ရည်ရွယ်ချက်ကို သတိထားမိပါ သည်။ မော်ရင်ဟိုသည် ဘရိုက်တန်၊ တော့တင်ဟမ်ဟော့စပါးဟူသည့် ဘောလုံးအသင်းနှစ်သင်းကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီး ၂-၉-၂၀၁၈ နေ့တွင် ကန်မည့် ဘန်လေနှင့် အဝေးကွင်းပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့မည်ဆိုပါက မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ပြီး ရီးရဲမက်ဒရစ်နည်းပြဟောင်း ဇီဒန်းနှင့် အစားထိုးတော့မည်ဟူသော သတင်းများလည်း ဘောလုံးလောက၀ယ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါသည်။ လောင်းကစားဒိုင်များသည် မော်ရင်ဟိုပြုတ်၊ မပြုတ်ကိုပင် လောင်းကြောင်းများဖွင့်ကာ အလျော်အစားလက်ခံနေကြပြီဖြစ်သည်။ ထိုသို့ ရာထူးမှပြုတ်တော့မလို ဖြစ်နေသော အခြေအနေကို ရည်ညွှန်းကာ သတင်းထောက်များက ထိုအခြေအနေအတွက် စိုးရိမ်ပါသလားဟု မေး ခြင်းဖြစ်သည်။ မော်ရင်ဟိုက မြန်မာကို ဥပမာပေးသွားခြင်း၌ မြန်မာနိုင်ငံ၏ ခေါင်းဆောင်များသည်လည်း သူနှင့်တူသော အခြေအနေတခုရှိနေသည်။ သူ့ထက်ပင် ဆိုးနေသောအခြေအနေဖြစ်သည်ဟု ထောက်ပြသွားသည်။ အဓိကပြောလိုရင်းမှာ ထိုအချိန်က မြန်မာနိုင်ငံ၏တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ဘက်အရာရှိကြီးငါးဦးအား ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စသည့်ကိစ္စများတွင် တာဝန်ရှိသည်ဆိုပြီး တရားစွဲရန် ကုလသမဂ္ဂက ပြောဆိုလာသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရာထူးမှ နုတ်ထွက်ပေးရန်အထိ UN အချက်အလက်ရှာဖွေရေးမစ်ရှင်က ပြောဆိုလာကြသည်။ တချိန်တည်းမှာပင် ဘင်္ဂါလီမူဆလင် (မူရင်းတွင် ရိုဟင်ဂျာဟုသုံး)များ အစုအပြုံလိုက် အသတ်ခံရသောကိစ္စတွင် တားဆီးရန်ပျက်ကွက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ရာထူးမှ နုတ်ထွက်ပေးပါရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ ဇာအိအယ်လ်ဟူစိန်က ပြောဆိုထားသည်။

ထို့အပြင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်အပါအ၀င် စစ်ဘက်အရာရှိခြောက်ယောက်၏ ဖေ့စ်ဘွတ်အကောင့် ၁၈ ခု၊ အင်စတာဂရမ် အကောင့်တခု ဖော်လိုဝါ ၁၂ သန်းရှိသည်ဆိုသော မြ၀တီအပါအ၀င်ဖေ့စ်ဘွတ် Page ၅၂ ခုတို့အား ဖေ့စ်ဘွတ်က ဖယ်ရှားဖြုတ်ချခဲ့သည်။

ထိုအချက်များကိုမူတည်၍ မော်ရင်ဟိုက သူ၏အခြေအနေမှာ မြန်မာနိုင်ငံလောက် မဆိုးသေးဘူးဟု သတင်းထောက်များကို အရွဲ့တိုက်ကာ ဖြေကြားသွားခြင်းဖြစ်သည်။ မောင်ရင်ဟို ပြောတာ မှန်သင့်သလောက်မှန်၏။ ပြီးခဲ့သော တနင်္ဂနွေညက ကစားသော ဘောလုံးပွဲတွင် ဘန်လေအသင်းကို လူကာကူ၏ အနိုင်ဂိုးနှစ်ဂိုးဖြင့် နိုင်ပွဲပြန်ရခဲ့ပြီး ဖိအားများအောက်မှ အချိန်တိုအတွင်း ရုန်းထွက်နိုင်ခဲ့လေသည်။ မြန်မာနိုင်ငံ၏အဖြစ်ကတော့ မော်ရင်ဟိုလောက်မလွယ်ပေ။ ဘာပဲဖြစ်ဖြစ် တသက်လုံးမကြားဖူးရာမှ မြန်မာနိုင်ငံသည် မကောင်းသည့် ဥပမာတရပ်အဖြစ် စတင်အပြောခံနေရပေသည်။ စစ်အစိုးရလက်ထက်က ပြောကြားခံရခြင်းကား တမျိုးဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် ကမ္ဘာ့အမြင်၌ မြန်မာနိုင်ငံသားများသည် အလွန်သနားကြင်နာဖွယ်ကောင်းသော၊ အဖိနှိပ်ခံလူများဖြစ်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ကို ကမ္ဘာက သနားကြသည်။ သြော် မင်းတို့ဟာ စစ်အစိုးရလက်အောက်မှာ နေရတာပဲ၊ ရဲရဲဝံ့ဝံ့နဲ့ ဒီမိုကရေစီတောင်းနေကြတာပဲ စသည်ဖြင့် ကမ္ဘာက မြန်မာနိုင်ငံသားများကို ချစ်ခင်ကြသည်၊ လေးစားကြသည်၊ ကရုဏာသက်ကြသည်။ ရောက်ရာအရပ်မှာ ကျွန်တော်တို့ကို ကြင်ကြင်နာနာ ဆက်ဆံကြသည်။ စစ်အစိုးရကို အမြင်ကတ်ကြသည်။ ထိုကာလက နိုင်ငံခြားထွက်ရတာ မြန်မာတွေ မျက်နှာပန်းပွင့်လန်းကြသည်။ ခေါ်ချင်၊ ပြောချင်၊ ဖိတ်ချင်၊ ကျွေးချင်၊ မွေးချင်သူများ လှသည်။ ယခုအခါ ကမ္ဘာ့ဇာတ်ခုံပေါ်ဝယ်အမြင်တွေ ပြောင်းသွားသည်။ ကျွန်တော်တို့သည် ဗီလိန်များဖြစ်သွားသည်။ မြန်မာများနှင့် စစ်တပ်သည် ဖိနှိပ်သူများဖြစ်သွားကာ ဘင်္ဂါလီများ (သူတို့အခေါ် ရိုဟင်ဂျာများ)က သနားစရာဖိနှိပ်ခံလူတန်းစား ဖြစ်သွားသည်။ မြန်မာများ နိုင်ငံခြားသွားသည်ဖြစ်စေ၊ နိုင်ငံခြားသားများ မြန်မာပြည်လာသဖြင့် အကြောင်းအမျိုးမျိုးကြောင့်တွေ့ရသည်ဖြစ်စေ ကျွန်တော်တို့ကို လူ့အခွင့်အရေးချိုးဖောက်သူ၊ မူဆလင်များကို သတ်ဖြတ်အနိုင်ကျင့်နေသူ၊ ဘာသာရေးခွဲခြားသူ စသည်ဖြင့် ထင်မြင်ယူဆတာတွေကိုပဲ ရင်ဆိုင်နေရသည်။ အစိုးရတာဝန် ရှိသူတွေဆိုတာ မပြောပါနှင့်တော့။

ကျွန်တော်တို့လို သာမန်အရပ်သားတွေပင် ဒါတွေပဲ ဖြေနေရသည်။ ရှင်းပြီးရင်းရှင်းနေရသည်။ ရှင်းရင်းနှင့် ရှုပ်သည်။ ယခုအခါ ကျွန်တော်တို့သည် ဇာတ်လိုက်ဘ၀မှ ဗီလိန်လူကြမ်းဘ၀သို့ သက်ဆင်းကြရသည်။ လူ့အခွင့်အရေးကို ဂရုမစိုက်သူတွေ၊ ဘာသာရေးခွဲခြားသူတွေ၊ ရက်စက်ကြမ်းကြုတ်သူတွေဟု မြန်မာကို ကမ္ဘာ က မြင်ကြသည်။ ဟုတ်၍ခံရလျှင် တော်သေးသည်။ သာမန် တိုင်းသူပြည်သားအများစုမှာ ဘာမှအမှား လုပ်ကြသူတွေမဟုတ်ဘဲ အချောင်နာမည် ပျက်ကိန်းဆိုက်နေသည်။

ကျွန်တော့်မိတ်ဆွေ ခရီးသွားကုမ္ပဏီပိုင်ရှင်များသည် WTM လန်ဒန်၊ ITB ဘာလင် စသောမြို့ကြီးများတွင် တနှစ်တကြိမ်ကျင်းပသည့် ကမ္ဘာကျော်ခရီးသွားပြပွဲ (International Travel Show) တွေသို့ ကိုယ့်စရိတ် နှင့်ကိုယ် နှစ်စဉ်တက်ရောက်ကာ မြန်မာနိုင်ငံသို့ တိုးရစ်တွေလာလည်ကြဖို့ ဈေးကွက်မြှင့်တင်ရေးတွေ လုပ်လေ့ရှိသည်။ သို့သော် ယခုနှစ်တွင် ထိုနိုင်ငံတကာခရီးသွားပြပွဲများသို့ ကျွန်တော့်မိတ်ဆွေလုပ်ငန်းရှင်များ မသွားကြတော့ပါ။

''ငွေကုန်ခံပြီးတော့လည်း သွားရသေးတယ်။ ဟိုကျရင် မြန်မာပြည်က ပြဿနာတွေကို လာမေးတဲ့သူတွေကို ချည်းပဲ တရားခံတယောက်လို ဒိုင်ခံဖြေရှင်းနေရတာမျိုး မလုပ်ချင်တော့ဘူး''ဟု သူတို့က ပြောကြသည်။ မှန်ပါသည်။ ကိုယ့်နိုင်ငံကိုယ့်ကုမ္ပဏီကို တိုးရစ်တွေလာစေရန် ငွေကုန်လူပန်းခံ၍ မရေရာသောအခြေအနေတွင် ဈေးကွက်သွားမြှင့်တင်ရခြင်းဖြစ်သည်။ ထိုအထဲ ကိုယ်မကျူးလွန်သော ကိစ္စတခုအတွက် တရားခံလို လူတိုင်းကိုရှင်းပြနေရတာလည်း မနိပ်သေးချေ။ ထိုကိစ္စသည် မြန်မာတယောက်ချင်းက တကမ္ဘာလုံးသို့လိုက်၍ ရှင်းပြနေရမည့်ကိစ္စမဟုတ်ပါ။ မြန်မာသံရုံးများက၊ မြန်မာသံအမတ်ကြီးတွေအားလုံးက၊ မြန်မာစစ်သံမှူး တွေကိုယ်တိုင်က တကမ္ဘာလုံးတွင် ရှေ့တန်းသို့ထွက်ကာ အားကြိုးမာန်တက် ရှင်းကြလင်းကြရမည့် ကိစ္စဖြစ်သည် (NLD အစိုးရတက်လာခါစက ယခင်စစ်အစိုးရလက်ထက်မှ မြန်မာသံအမတ်ကြီးတွေကို အသစ်လဲလှယ် တော့မည် ထင်ခဲ့သော်လည်း လူဟောင်းများကိုသာ ဆက်လက်သုံးစွဲခဲ့တာ အံ့သြဖွယ်တွေ့မြင်ရလေသည်)။ မြန်မာနိုင်ငံခြားရေးဌာနမှ ကမ္ဘာပတ်၍ ရှင်းကြရမည့်ကိစ္စဖြစ်သည်။ ဒါကိုလည်း ကျွန်တော်အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ။ နောက်တခုက မီဒီယာဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုယ့်ထမင်း ကိုယ်စား၍ သတင်းအားလုံးကို တကမ္ဘာလုံးသို့နှံ့အောင် ဖြန့်ပေးနေသူများမှာ မီဒီယာသမားများ၊ သတင်း ထောက်များ၊ သတင်းဓာတ်ပုံဆရာများ၊ စစ်မြေပြင်သတင်းထောက်များ၊ သတင်းဆောင်းပါးဆရာများ၊ စာရေးဆရာများဖြစ်သည်။

ထိုသူများကိုသာ အားကိုးခဲ့လျှင် အစိုးရသည်လည်းကောင်း၊ တပ်မတော်သည်လည်းကောင်း အထူးတလည် တင်းဖြန့်နေစရာ၊ ၀ါဒဖြန့်နေစရာလိုမည်တောင်မဟုတ်။ ကောင်းသတင်းရော၊ ဆိုးသတင်းရော သတင်းမှန်သမျှ ကမ္ဘာကိုပျံ့နှံ့သွားမည်ဖြစ်သည်။ သတင်းသမားများသည် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင် သတင်းလိုက်၊ သတင်းယူသည်မှာ သူတို့ကျွမ်းကျင်ရာအလုပ်ဖြစ်သည်။ သူတို့ ဘေးကိုသူတို့ ကြည့်ရှောင်တတ်သည်။ ဘက်မလိုက်သော သတင်းသမားများကိုလည်း စစ်ဖြစ်နေသော ဘက်နှစ်ဘက်ကပင်လျှင် ရန်ပြုလေ့မရှိပါ။ ထို့ကြောင့် သတင်းသမားများ ဘေးအန္တရာယ်လုံခြုံမှုမရှိသောကြောင့် သတင်းယူခွင့်မပြုခြင်း ဖြစ်ပါသည်ဆိုသော ဆင်ခြေဆင်လက်မှာ လက်ခံနိုင်စရာမရှိပါ။ ယုတ္တိမရှိသော ဆင်ခြေသာဖြစ်ပါသည်။ တပ်မတော်ဘက်က ထိုဆင်ခြေကိုပေးလာခဲ့လျှင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်သည်လည်းကောင်း၊ အရပ်သား အစိုးရခေါင်းဆောင်ဖြစ်သော သမ္မတကြီးဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစု ကြည်သည်လည်းကောင်း သတင်းယူခွင့်ကို လက်ခံပေးဖို့ တပ်မတော်ကို ပြောရမည်ဖြစ်သည်။

ယခုအခါမြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှု အားနည်းပါသည်။ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာကိစ္စ များသည် အရပ်သား အစိုးရလက်အောက်တွင်မရှိဘဲ တပ်မတော်ကထိန်းချုပ်ထားသော ဌာနများဖြစ်သည် ဟုသာ အရပ်သားအစိုးရကို လိုလားသူများက တွင်တွင်ထောက်ပြကြပါသည်။ တပ်မတော်သည် အရာရာကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကိုးအကားနှင့်ပဲ အလုပ်လုပ်လေ့ စကားပြောလေ့ရှိသည်ဖြစ်ရာ အရပ်သားအစိုးရနှင့် အာဏာရပါတီသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကိုးအကားနှင့်သာ ပြတ်ပြတ်သားသား အမိန့်ပေးအုပ်ချုပ်ရတော့မည့် ကာလဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၈ တွင် ''နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်'' ဟု ရေးသားထားပေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ''တပ်မတော်အနေဖြင့် သမ္မတ၏ ခေါင်းဆောင်မှုအောက်တွင်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့ တပ်မတော်သည် မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုအောက်တွင်သာ ရှိသည်''ဟူ၍ ပြောခဲ့ဖူးသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှ သံအမတ်ကြီးများနှင့်တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဤသို့ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Facebook စာမျက်နှာတွင် ၂၀၁၈ မေလ ၄ ရက်က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရပြောရလျှင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးသုံးယောက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်သည် မြန်မာနိုင်ငံအစိုးရ ဦးဆောင်မှုအောက်တွင်သာရှိသည်ဟု တပ်ဘက်ကလက်ခံပြီးဖြစ်သည်ဟု ယူဆရမည်။ ဆိုလိုသည်မှာ ထိုအရေးအရာကိစ္စများကိုသမ္မတ သည် တပ်မတော်အား ပြတ်ပြတ်သားသား တာဝန်ပေးခိုင်းစေခွင့်ရှိသည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။

ယခုအခါ မြန်မာပြည်တ၀န်းလုံးတွင် ကြောက်ခမန်းလိလိ ဒုစရိုက်မှုများတိုးပွားနေသည်။ သီပေါမင်း ခေတ်ကနှင့်လည်း မတူ၊ မင်းတုန်းမင်းခေတ်ကနှင့် လည်းမတူ၊ အင်္ဂလိပ်ကိုလိုနီလက်ထက်နှင့်လည်း မတူ၊ ဖက်ဆစ်ဂျပန်ခေတ်နှင့်လည်း မတူ၊ ဦးနုခေတ်နှင့်လည်း မတူ၊ ဦးနေ၀င်းလက်ထက်နှင့်လည်း မတူ၊ ဦးစောမောင်လက်ထက်၊ ဦးသန်းရွှေလက်ထက်နှင့်လည်း မတူ။ ခေတ်အဆက်ဆက် အဆိုးရွားဆုံး အခြေအနေအဖြစ် တရားဥပဒေစိုးမိုးရေးပြိုလဲနေပါသည်။ နေ့ခင်းကြောင်တောင် ဓားနှင့်ခုတ်မှုများ၊ သေနတ်နှင့် ပစ်မှုများ၊ လူသတ်မှုများ၊ လုယက်မှုများ၊ အုပ်စုဖွဲ့ရိုက်နှက်မှုများသည် တောကြိုအုံကြားမှာ မဟုတ်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသောမြို့ ကြီးများ၏ မြို့လယ်ကောင်မှာပင် ထင်တိုင်းကြဲနေကြသည်။ ဆိုင်ကယ်ပေါ်မှ ဓားနှင့်ခုတ်သည်၊ ဆိုင်ကယ်ပေါ်မှ သေနတ်နှင့်ပစ်သည်၊ အုပ်စုဖွဲ့၍ ရိုက်ကြနှက်ကြသည်။ လူသတ်ကြသည်။ မုဒိမ်းကျင့်ကြသည်။ မူးယစ်ဆေးဝါး ပြောင်ပြောင်တင်းတင်းရောင်းဝယ် ဖောက်ကားသည်။ နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံး လောင်းကစားကြသည်။ ဥပဒေဆိုတာ ဆိုင်းဘုတ်ပဲရှိတော့သည်။ နှစ်လောင်းပြိုင်၊ သုံးလောင်းပြိုင်၊ လေးလောင်းပြိုင်၊ ငါးလောင်းပြိုင် စသည်ဖြင့်တရားခံ မပေါ်သော လူသတ်မှုများစွာရှိလာသည်။ လူသတ်ပြီးပြေးနိုင်လျှင် လွတ်သည်ဆိုသော အနေအထားက ပိုပြီးထင်ရှားလာသည်။

အောင်ဝင်းခိုင်လို နေပြည်တော်မှာပင် ပျောက်သွားသော ဖမ်းမမိသည့်တရားခံပြေးများမှာ မထူး ဆန်းတော့သလိုဖြစ်လာသည်။ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင်လည်း မူရင်းထုတ်လုပ်ဖြန့်ချိနေသော ဧရာမဒိုင်ကြီးတွေထက် ဆေးပြားအနည်းငယ်လက်ဝယ်မိသော လူငယ်များ၊ ရွာသားများ၊ နာမည်ကျော် အနုပညာသမားများကို အဖမ်းပြနေတာများနေပေသည်။ တရားခံအကြီးစားကြီးများမှာတော့ ပိုင်ရှင်မဲ့အဖြစ် မကြာခဏလွတ်နေတာ တွေ့ရလေသည်။ မြို့တွေမှာ နေ့ခင်းကြောင်တောင် အိမ်ပေါ်တက်လုကြသည်၊ ရိုက်ကြနှက်ကြသည်၊ လူဆိုးက ရဲကိုရိုက်သည်။ ရဲကလည်း အရပ်ဝတ်နှင့် ကားပေါ်တွင်လူတွေတင်၍ ရွာထဲဝင်ကာ လူမိုက်ဆန်ဆန် ရိုက်ကြ၊ နှက်ကြသည်။ လမ်းဘေးတွင် ထမင်းကြော်စားနေသောလင်မယားကို ရန်စခံရခြင်း၌ အပြစ်မရှိ သူလင်ယောက်ျားကို ရဲက ခေါင်းပေါက်အောင်ရိုက် နှက်ဖမ်းဆီးသည်။ ဧရာဝတီတိုင်းတွင် ခိုးမှုမသင်္ကာခံရသူကို ရဲကရိုက်နှက်စစ်ဆေးရာ လူသေသည်။ ရန်ကုန်မှာပြိုင်ကားများ သောင်းကျန်းကြသည်။ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူသည်ဟူ၍ မကြားရသေး၊ နိုက်ကလပ်တွင် လူသေသည်အထိ ရိုက်ကြနှက်ကြသည်။ ထိုလူသတ်မှုကို ဥပဒေအရာရှိကအကြံပေးကာ တရားသူကြီးက စွဲချက်မတင်ဘဲ လွှတ်ပစ်သည်။ ဥပဒေအရာရှိက အိမ်ဖော်ကိုရိုက်သတ်သဖြင့် သေသည်။ WY ၊ အိုက်စ် စသောမူးယစ်ဆေးဝါးများသည် ပဲကြီးလှော်ဝယ်ရသလို နေရာတကာတွင် ရရှိနိုင်လေပြီ။ ရိုက်ခြင်း၊ နှက်ခြင်း၊ သတ်ခြင်း၊ ဖြတ်ခြင်းတို့သည် မြို့တွေရွာတွေမှာ လုပ်ရိုးလုပ်စဉ်လိုပင် ဖြစ်လာသည်။ အသက် ၆၀ ကျော် အဘွားကိုပင် မုဒိမ်းကျင့်လူသတ်သည်အထိ ယုတ်မာကြသည်။ ကလေးများကို မုဒိမ်းကျင့်လူသတ်ကြသည်။ အမျိုးကောင်း သားသမီးတို့သည် ည ၈ နာရီကျော်လျှင် အိမ်ထဲမှအိမ့်အပြင် မထွက်ရဲတော့ပြီ။ မြန်မာသည်ကျရှုံးနိုင်ငံ Failed State ဖြစ်နေပေပြီ။ ဥပဒေမဲ့နိုင်ငံ Failed Law ဖြစ်နေပေပြီ။ မင်းမဲ့နိုင်ငံ Anarchy ဖြစ်နေပေပြီ။ တနိုင်ငံလုံး ထိတ်လန့်ချောက်ချားနေကြလေပြီ။ မြန်မာတပြည်လုံး ထိုသို့ဖြစ်နေခြင်း သည် မည်သူ့တွင် တာဝန်ရှိသလဲ။ ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်းပြောကြဆိုကြဖို့ အချိန်တန်ပြီဖြစ်သည်။

ကျွန်တော်တို့သည် ပြည်ထဲရေးက အရပ်သားအစိုးရလက်အောက်မှာ မရှိဘူးဆိုတာနှင့်ပဲ တနိုင်ငံလုံး ဖြစ်ချင်ရာဖြစ်ဟု ပစ်ထား၍မရ။ အစိုးရဟူ၍အာဏာယူထားလျှင် ကောင်းတာရော၊ ဆိုးတာရော အစိုးရမှာ တာဝန်ရှိသည်။ တာဝန်ယူရမည်။ ယခုဖြစ်ပျက်နေသောအခြေအနေဆိုးများကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ ထိထိရောက်ရောက် ဒုစရိုက်နှိမ်နင်းရေး၊ ရပ်ရွာအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ကြဖို့ ပြည်ထဲရေး ၀န်ကြီးကို သမ္မတက ပြတ်ပြတ်သားသား အမိန့်ပေးညွှန်ကြားရမည်။ ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂(ဇ)တွင် ပြဋ္ဌာန်းထားပေ၏။

ပြည်ထဲရေးနှင့်ဆိုင်သော ရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးကိစ္စများ သိသာထင်ရှားတိုး တက်မှုမရှိပါလျှင် ပြည်ထဲရေးဝန်ကြီးအား နိုင်ငံတော်သမ္မတက ရာထူးမှဖယ်ရှားပစ်သင့်ပေ၏။ ထိုသို့ လုပ်ပိုင်ခွင့်ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံက ခွင့်ပြုထားပြီးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅(ဂ)တွင်

''နိုင်ငံတော်သမ္မတသည်
(၁) ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီးတဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်။
(၂) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီးနှင့်ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်''လို့ ပါပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုအောက်တွင်သာ ရှိသည်ဟူ၍ တိုင်းသိပြည်သိပြောကြားထားပြီးဖြစ်သဖြင့် သမ္မတက ပြည်ထဲရေးဝန်ကြီးကို ရာထူးမှရပ်စဲဖို့ အမိန့်ပေးလျှင် တပ်ချုပ်က သမ္မတညွှန်ကြားချက်ကို ဆန့်ကျင်မည်မဟုတ်ဟု ယူဆရပေသည်။

အဓိကကတော့ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားလုပ်ကြဖို့ လိုအပ်နေခြင်းဖြစ်သည်။ ဖြစ်ပျက်နေသော ပြည်ထဲရေး၊ ကာကွယ်ရေးစသော ၀န်ကြီးဌာနများနှင့်ပတ်သက်၍ အစိုးရသည်အမျိုးသားရင်ကြားစေ့ရေး ဟူသော စိုးရိမ်သောကဖြင့် ဘာကိုမှ ၀င်၍မပြောဘဲ တုံဏှိဘာဝေလုပ်နေခဲ့ပါလျှင် အရပ်သားအစိုးရပဲ နာမည်ပျက်ပေလိမ့်မည်။ တိုင်းပြည်ပဲ မတည်မငြိမ်ဖြစ်ကာ နောက်ကြောင်းပြန်လိုသူတို့၏ လမ်းကြောင်းအတိုင်း ရေစီးနှင့်မျောတော့မည်။ ယခုအချိန်တွင် NLD အစိုးရသည် တိုင်းပြည်တွင်ဖြစ်နေသည့်ကိစ္စများကို ဘယ်ဟာကို တော့ တာဝန်ယူသည်၊ တာဝန်ရှိသည်၊ ဘယ်ကိစ္စကိုတော့ ကျွန်တော်တို့လုပ်လို့မရဘူး၊ လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒီကိစ္စတွေကိုတော့ ပြည်ထဲရေးမှာတာဝန်ရှိတယ်၊ သို့မဟုတ် ကာကွယ်ရေး၊ နယ်စပ်ရေးရာ စသည်ဖြင့် တာဝန်ရှိတယ်။ ထိုလုပ်ငန်းစဉ်တွေ မချောမွေ့ခဲ့လျှင် လက်ရှိတာဝန်ယူထားသူဝန်ကြီးတွေ အကျိုးဆက်ကို တာဝန်ယူရမယ်ဟု ပွင့်လင်းမြင်သာချပြသင့်သည်။

ဟိုလူ့မှာ တာဝန်ရှိသလိုလို၊ ကိုယ်နဲ့ပဲ မဆိုင်သလိုလို လုပ်နေ၍မရတော့။ အစိုးရတက်လုပ်ပြီဆိုကတည်းက ကဏ္ဍအားလုံးမှာ တာဝန်ရှိလေသည်။ မကောင်းသောအစိတ်အပိုင်းများ မိမိအစိုးရတွင် ပါဝင်လာပါက ဖြုတ်လဲဖို့လိုလျှင်လည်းကောင်း လဲရမည်။ သတိပေးဖို့လိုလျှင် သတိပေးရမည်။ သမ္မတသည် နိုင်ငံတော်၏ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်ပါ၏။ ရင်ကြားစေ့ရေးဟူသော နာမည်လှလှကလေးအောက်တွင် တိုင်းပြည်ပျက်ခန်း မင်းမဲ့တိုင်းပြည်လိုဖြစ်လာနေတာကိုတော့ လက်ပိုက်ကြည့်မနေသင့်တော့ပေ။ မြန်မာနိုင်ငံ၏ သတင်းဆိုးများ ကမ္ဘာသို့ဆက်ကာ ဆက်ကာပျံ့နေခြင်းကိုရပ်တန့်ရန် ယခုအချိန်မှစကာ အပြင်းအထန် ကြိုးစားအားထုတ် ကြပါစို့။

သရ၀ဏ်(ပြည်)
News Watch

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8548,interview,223,knowledge,9,Live,8,LocalNews,17513,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: “မကောင်းသတင်းများ” - သရ၀ဏ်(ပြည်)
“မကောင်းသတင်းများ” - သရ၀ဏ်(ပြည်)
https://4.bp.blogspot.com/-VYkEba7TLMI/W5UkFBuvDWI/AAAAAAAAfRw/fslc5vBRE6AcTmpf2_lqA393tFnyK9MCgCLcBGAs/s400/Q1.jpg
https://4.bp.blogspot.com/-VYkEba7TLMI/W5UkFBuvDWI/AAAAAAAAfRw/fslc5vBRE6AcTmpf2_lqA393tFnyK9MCgCLcBGAs/s72-c/Q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/09/blog-post_817.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/09/blog-post_817.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy