တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ နောက်ထပ် ထပ်ဆောင်းခွန် ကောက်ခံမှုကို ရပ်နားရေး ဒီဇင်ဘာ ၁ ရက်က သဘောတူလိုက်ကြပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အာဂျင်တီးနားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးအပြီးမှာ ခုလို သဘောတူလိုက်တာပါ။
ရက် ၉၀ အတွင်း သဘောတူညီချက်ရရေး ပန်းတိုင်အတွက် ကုန်သွယ်ရေးဆိုင်ရာ ညှိုနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့လည်း အိမ်ဖြူတော်က စနေနေ့မှာ ကြေညာပါတယ်။
နဂိုက ကြေညာထားတဲ့အတိုင်း ဇန်နဝါရီ ၁ ရက်နေ့မှာ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ဘီလျံ ၂ဝဝ ဖိုး အပေါ် ထပ်ဆောင်းခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံတာ မလုပ်ဖို့ကိုလည်း ထရမ့်က သဘောတူခဲ့ပါတယ်။
တရုတ်အစိုးရဟာ စိုက်ပျိုးရေး စွမ်းအင်စက်မှုနဲ့ တခြား ထုတ်ကုန်တွေကို ဘယ်ရွေ့ ဘယ်မျှ မဖော်ပြတဲ့ ပမာဏအထိ အမေရိကန်ဆီကနေ ဝယ်ဖို့ သဘောတူခဲ့တယ်လို့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီသဘောတူညီချက်ကို တရုတ်မြို့တော် ပေကျင်း မြို့ခံတွေက သံသယ ရှိနေပြီး အမေရိကန် သမ္မတကို မယုံဘူးလို့ ပြောပါတယ်။
အမေရိကန် ကုမ္ပဏီတွေနဲ့ စားသုံးသူတွေဟာ ဈေးကြီးပေးပြီး အမေရိကန်က တရုတ်အပေါ် ထပ်ဆောင်းခွန်ကောက်တဲ့ ကုန်ကျစရိတ်တွေရဲ့ အစိတ်အပိုင်းတွေကို မျှခံနေရတာပါ။ ကုမ္ပဏီတွေ အများအပြားဟာ တရုတ်ကနေ သွင်းကုန်တွေအပေါ် ဈေးတင်ခဲ့ကြပါတယ်။
http://burmese.dvb.no/archives/category/news/international-news

COMMENTS