
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး VK
တပ်မတော်စစ်ကြောင်းဟာ AA တပ်ဖွဲ့ဝင် ၅၀ ခန့် ယာယီအခြေပြုထားတဲ့ တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး AA ဘက်က ကျဆုံးသူ ၅ ဦးနဲ့ သေနတ် ၂ လက်နဲ့ တခြားလက်နက်ပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ သူတို့စခန်းကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာ မဟုတ်ဘဲ မနေ့က တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ RFA ကို ဒီနေ့ ပြောပါတယ်။
တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘဲ နယ်မြေလုံခြုံရေးအတွက် AA အဖွဲ့ကို ဆက်လက်တိုက်ခိုက် သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက ရခိုင်ပြည်မြောက်ပိုင်းဘက်က မြို့နယ်တွေမှာ အခုလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့က နယ်ခြားစောင့်ရဲကင်းစခန်း၎ ခု ကို AA က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ရပါတယ်။
အစိုးရက AA ကို တိုက်ခိုက်နှိမ်နင်းဖို့အတွက် နိုင်ငံတော်သမ္မတရုံးကနေ ဇန်နဝါရီလ ၇ ရက်နေ့က တပ်မတော်ကို ညွှန်ကြားပြီးနောက်မှာ AA ကို အလုံးအရင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့် အကွာလောက်မှာ မနေ့က မနက်ပိုင်းလောက်က တပ်မတော်စစ်ကြောင်းက AA တပ်ဖွဲ့ဝင် ၅၀ လောက်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။
‘’မနေ့ကတုန်းကတော့ ကျွန်တော်တို့ဘက်က အဲဒီစခန်းကိုရတာ မှန်ပါတယ်ခင်ဗျ၊ မြဝတီက ထုတ်ပြန်တာ အဲဒီအတိုင်းပါပဲခင်ဗျ၊ ကျွန်တော်တို့က နယ်မြေရှင်းရင်းနဲ့ အဲဒီစခန်းကို အဲလိုလုပ်တာလေ၊ တိုက်ပွဲတွေက သူတို့ရဲ့ဗျူဟာအရ ရွာအနီးနားလေးမှာပဲပေါ့ ဧရိယာနားလောက်မှာ တိုက်ပွဲဖော်တယ်၊ ကျွန်တော်တို့ သုံးသပ်တာကတော့ ဒေသခံတွေ မတည်ငြိမ်ဖြစ်အောင် ဒေသခံတွေ ကြောက်လန့်ပြီးထွက်ပြေးအောင် တိုက်ပွဲရှောင်တဲ့သူတွေများနေပြီ ဒုက္ခတွေရောက်နေပြီ၊ တမင်ဖြစ်အောင်ကို ကျေးရွာဝန်းကျင်တွေနားကို တမင်ကို တိုက်ကွက်ဖော်နေတာ ဒေသခံတွေ လုံခြုံရေးစိုးရိမ်ပူပန်မြှု့ဖစ်အောင် တမင်လုပ်နေတဲ့ရည်ရွယ်ချက်လို့ မြင်ပါတယ်ခင်ဗျ’’
တဆက်တည်းမှာပဲ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ရတယ်ဆိုတာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦး က ပြောပါတယ်။
AA အဖွဲ့ကတော့ သူတို့စခန်းကို တပ်မတော်က သိမ်းဆည်းခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်ကို AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က အခုလိုပြောပါတယ်။
‘’ဒါသတင်းအမှားတွေပဲဗျ ကျွန်တော်တို့ဆီက စခန်းတွေ သိမ်းဆည်းရမိတာတို့ဆိုတာ သတင်းအမှားတွေပါ၊ မနေ့က ၁၆ ရက်နေ့မှာ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ တစ်နေ့လုံး ဘာမှမရှိပါဘူးခင်ဗျ၊ သူတို့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် လုပ်ကြံဖန်တီးပြီးတော့ရေးတာဗျ’’
အဲဒီသတင်းကို အတည်ပြုနိုင်ဖို့ RFA က ဘူးသီးတောင်မြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာဒေသခံတွေဆီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း လွှတ်တော်ကိုယ်စား လှယ်တွေက သူတို့မသိကြောင်း ပြောကြပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
https://www.rfa.org/burmese/news/aa-denied-army-occupied-insurgents-camp-01172019054657.html
COMMENTS