
ဒီကနေ့တနင်္လာနေ့မနက်မှာ ဘူးသီးတောင်မြို့နယ်နဲ့ရသေ့တောင်မြို့နယ်ဘက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးတယ်လို့ AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။
“ဒီကနေ့တော့ တိုက်ပွဲအဓိကနှစ်နေရာဖြစ်တယ်ဗျ။ ရသေ့တောင်နဲ့ဘူးသီးတောင်ကြားမှာပေါ့လေ။ ဥယာဉ်သာ ဆိုတဲ့ရွာအနားမှာဖြစ်တာ။ ဗမာစစ်တပ်ဖက်ကလက်နက်ကြီးတွေနဲ့ တနာရီမထိုးခင်ကစပြီးတော့ အဆက်မပြတ် ပစ်နေတာ။ နောက်တနေရာက ရသေ့တောင်မြို့ရဲ့အရှေ့ဖက်ပေါ့နော်။ အဲဒီကြိမ်သာရွာအနား မှာဖြစ်တာ။ မနက် (၈)နာရီလောက်မှာတိုက်ပွဲစဖြစ်တာ။ အဲဒီမှာတော့ ဗမာ့တပ်မတော်ကနေပြီးတော့ သူတို့တော်တော်လေးအကျဆုံးများသွားတယ်။”
ရသေ့တောင်မြို့နယ်အတွင်း ဒီမနက်ဖြစ်ပွါးတဲ့အခြေအနေကိုတော့ ဒေသခံတဦးကအခုလိုပြောပါတယ်။
“ဒီမနက်ကတော့ ကျွန်တော်တို့ ဒီရသေ့တောင်နဲ့ လေး ငါးမိုင်လောက်အပေါ်မှာရှိတဲ့ ကံမေချောင်းပေါ့နော် အဲဒီ အထဲမှာ တိုက်ပွဲကမိနစ်(၂၀)လောက်ဖြစ်ခဲ့တယ်ခင်ဗျ။ ထိခိုက်မှုကတော့မသိရသေးဘူးပေါ့နော်။ အဲဒီနေရာမှာက ဒေသခံတွေက အကုန်လုံး ရှောင်နေကြရပြီးပေါ့။ နောက်ပြီးတော့တိုက်ပွဲဧရိယာတွေက ဘယ်သူမှမတက်ရဲကြ ဘူး ဆိုတော့ အခြေအနေက တော့ဘယ်သူမှမသိဘူးခင်ဗျ။”
မနေ့က တနင်္ဂနွေနေ့မှာလည်း ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ အဲဒီအခင်းဖြစ်ပွါးရာဒေသကို သွားရောက်ခဲ့တဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အခုလိုပြောပါတယ်။
“မနေ့ကတိုက်ပွဲဖြစ်တာကတော့ သရက်ပြင်အုပ်စု အလယ်ချောင်းနားမှာဖြစ်တာပါ။ ရွာသားတွေကတော့ တခြား ရွာကိုတိမ်းရှောင်လာတယ်။ (၆၀)ကျော်တယ်လို့ပြောတယ်။ မနေ့ကသရက်ပြင်ကိုလာပြီးတော့ သူတို့ခိုလှုံသေး တယ်။ အဲဒါကိုမြို့နယ်အုပ်ချုပ်ရေးမှူးက ဒုံးသိမ်ကျေးရွာကိုပြောင်းရွှေ့ထားတယ်လို့ အဲဒီလိုဘဲကျွန်တော်တို့ သိပါ တယ်။”
တိုက်ပွဲဖြစ်ပွါးရာဒေသက ရွာသား(၁၅)ဦးကို နယ်မြေခံ တပ်မတော်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဦးထွန်း အောင်သိန်းကဆက်ပြောပါတယ်။
“တိုက်ပွဲတွေငြိမ်သွားပြီးတဲ့နောက်မှာ သရက်ပြင်အုပ်ချုပ်ရေးမှူးနဲ့နောက်တယောက်ဖမ်းသွားတယ်။ အဲဒီသရက်ပြင် ကျေးရွာကို စပါးဝယ်ထွက်လာတဲ့ စပါးစက်လှေက လူ(၃)ယောက်ပါသွားတယ်။ နောက်ပြီးလမ်းသွားလမ်းလာ လူ(၃) ယောက်ပါသွားတယ်။ နောက်ပြီးတော့ ပြင်ချောင်းကျေးရွာက ကယ်ဆယ်ရေးပစ္စည်းတွေလာလှူတဲ့ ကလေး(၇)ဦး ပါသွားတယ်။ အားလုံးပေါင်း(၁၅)ဦး သူတို့မှာတော့ ဘာအပြစ်မှရှိမှာမဟုတ်ဘူးလို့ကျွန်တော်တို့ထင်တယ်။ ဒီဖမ်း ထားတဲ့(၁၅)ဦးကိုလဲ နယ်ခြားစောင့် တပ်ရင်း(၃)မှာထိမ်းသိမ်းထားတယ်လို့ အဲဒီလိုဘဲကျွန်တော်တို့သိပါတယ်။”
သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလိုင်အပါအ၀င်ရွာသား(၁၅)ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားတာနဲ့ပက်သက်ပြီး ဘာကြောင့် ခေါ်ယူသွားတာကို တိတိကျကျ မသိရသေးဘူးလို့ ဦးထွန်းအောင်သိန်း က ဆိုပါတယ်။
AA အဖွဲ့ဘက်ကပြောတဲ့ ထိခိုက်ကျဆုံးမှုနဲ့ တခြားတိုက်ပွဲတွေရဲ့အခြေအနေ၊ ဒေသခံတွေကို ဖမ်းခေါ်သွားတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့နဲ့ အသေးစိတ်ကိုသိရဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူးကို ဗွီအိုအေ က အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဇန်နဝါရီလ ၁၃ ရက် တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်တဲ့အကြောင်းကိုတော့ အဲဒီနေ့တရက်ထဲမှာပဲ တပ်မတော်ဘက်က သတင်း ထုတ်ပြန်ထားပြီး တပ်မတော်က နယ်မြေလုံခြုံရေး ဆောင်ရွက်တာမှာ ဘူးသီးတောင်မြို့တောင်ဘက်၊ သရက်ပြင်ကျေးရွာအနီး AA အဖွဲ့က အင်အား ၅၀ လောက်နဲ့ မနက် ၈ နာရီခွဲကနေ မွန်းလွဲ ၁၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပြီးတော့ AA အဖွဲ့ ဆုတ်ခွာသွား တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကတော့ ရွာသားတွေကို စစ်တပ်က ခေါ်မေးတာ ဖြစ်နိုင် ကြောင်းပြောပါတယ်။
“ဖမ်းဆီးသွားတာမဖြစ်နိုင်ပါဘူး။ ခေါ်မေးတာပဲဖြစ်ပါလိမ့်မယ်။ ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်စုံစမ်းစစ်ဆေးဆဲပါ။ တချို့ဟာ တွေက သတင်းဟာ ကျွန်တော်တို့ပြောလို့မရဘူး။”
ဒုံးသိမ်ကျေးရွာကို ပြောင်းရွှေ့ထားတဲ့ စစ်ရှောင်အရေအတွက်ဟာ ၂၀၀ ကျော်ရှိနေတယ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါ တယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကို ရှင်းလင်းဖို့ဆိုပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက် နေ့မှာ နိုင်ငံတော်သမ္မတရုံးကနေ တပ်မတော်ကို ညွှန်ကြားထားပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတာပါ။
ဒီအတောအတွင်းမှာပဲ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့သတင်းတွေ ပေါက်ကြားလို့ဆိုပြီး စစ်တွေလေဆိပ်မှာ တာဝန်ကျခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေး စသုံးလုံးအဖွဲ့က တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး ဒါနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ လက်ရှိမှာတော့ စစ်တွေမြို့တွင်းနဲ့လေဆိပ်မှာ လုံခြုံရေး တိုးမြှင့် ထားတယ်လို့ စစ်တွေအခြေစိုက် ၀ံလက်ဖေါင်ဒေးရှင်းရဲ့ ဒါရိုက်တာ ခိုင်ကောင်းစံက ဗွီအိုအေကိုပြောပါတယ်။
“ကျွန်တော်တို့ကြားတော့ကြားတာပေါ့။ ဒါပေမဲ့သေချာတာကတော့ စစ်တွေမြို့မှာကိုယ်၌က လုံခြုံရေးတွေတိုးချဲ့ချထားတာ တွေ့ရတာပေါ့နော်။ ရဲအင်အားတွေအများကြီးတွေ့ရတယ်။ နောက်ပြီးတော့လေဆိပ်ထဲမှာဆိုရင်လဲ ယူနီဖေါင်းမ၀တ်တဲ့ သတင်း ထောက်တွေပေါ့နော်။ အဲတာမျိုးတွေအများကြီးတွေ့နေရတာပေါ့။ စစ်တွေလေဆိပ်မှာလဲ အဲဒီလိုမျိုး။ ဒေသခံဌာနကမဟုတ်တဲ့ လူတွေလဲ အများကြီးတွေ့နေရတာပေါ့နော်။ ”
၂၀၁၈ နိုဝင်ဘာလကုန်ကနေ ၂၀၁၉ နှစ်ဆန်း ဒီကနေ့အထိ ရခိုင်ပြည်နယ်ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွါးရာဒေသတွေကနေ စစ်ရှောင်ထွက်ပြေးနေရသူ ဒုက္ခသည်အရေအတွက်ဟာလည်း ၆၀၀၀ ပတ်ဝန်းကျင်ထိ ရှိနေပြီဖြစ်သလို အဲဒီဒုက္ခသည်တွေအတွက် အကူအညီတွေလည်း အရေးပေါ်လိုအပ်နေပါတယ်။
https://burmese.voanews.com/a/rakhine-situation-refugee-got-arrested-/4743714.html
COMMENTS