အနောက်ကိုကြည့်လွန်းလျှင် အရှေ့ကိုမမြင်နိုင်

အနောက်ဆိုသည်မှာ ရခိုင်အရေးဖြစ်သည်။ ဘင်္ဂါလီအရေးဖြစ်သည်။ အာဆာ (ARSA) အရေးဖြစ်သည်။ အိုအိုင်စီ (OIC) ခေါ် အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် မြန်မာအရေးဖြစ်သည်။ ကုလသမဂ္ဂနှင့် မြန်မာအရေး ဖြစ်သည်။ လူ့အခွင့်အရေးအုပ်စုများနှင့် မြန်မာအရေးဖြစ်သည်။ ICC ခေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် မြန်မာအရေး ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနှင့် မြန်မာအရေးဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစီရင်ခံစာတင်သွင်းသူယန်းဟီးလီနှင့် မြန်မာအစိုးရအရေးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအရေးဖြစ်သည်။ အာဆာအကြမ်းဖက်အဖွဲ့၊ ဘင်္ဂလားဒေ့ရှ်ဘက်ပြေး ဝင်သွားသော ဒုက္ခသည်ဆိုသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် အသားထဲက လောက်ထွက်သည့်ပမာ AA ဆိုသော လက်နက် ကိုင်အဖွဲ့တခု ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထပ်ပေါ် လာသည်။

တိုက်ပွဲများဖြစ်သည်၊ အရပ်သားများသေကြသည်၊ စစ်ပြေးစစ်ရှောင်ဒုက္ခသည်များ ပေါ်လာသည်။ AA အဖွဲ့ဝင်အချို့ သေကြသည်၊ တပ်မတော်ဘက်မှလည်း အကျအဆုံးရှိသည်။ AA က ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲကင်းစခန်းမှူးကိုဖမ်းဆီးခေါ်ဆောင်သွားသည်။ အစိုးရဘက်ကလည်း မြောက်ဦး မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူး ၄ ဦးအား မတရားအသင်းဆက်သွယ်မှုဥပဒေ ၁၇(၁)ဖြင့် ဖမ်းဆီးအမှုဖွင့် သည်။ မြောက်ဦးမြို့နယ်အတွင်းမှ ရပ်/ကျေးအုပ် ချုပ်ရေးမှူး ၈၅ ဦးတာဝန်မှ နုတ်ထွက်စာတင်သည်။ နောက်နေ့တွင် ၁၁ ဦးထပ်မံနုတ်ထွက်စာတင်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် AA ကိုကြောက်ရ၊ စစ်တပ်ကိုကြောက်ရ၊ အစိုးရ၏ဥပဒေများကို ကြောက်ရ နီးရာဓားကြောက်နေရသဖြင့် လုံခြုံမှုမရှိတော့ဘူးဟု ခံစားရသဖြင့် အလုပ်တာဝန်မှနုတ်ထွက် စာတင်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အခြေအနေသည် ရှုပ် ထွေးနေသည်။ မြန်မာတနိုင်ငံလုံး၏အာရုံသည် ရခိုင်ပြည်နယ် ပဋိပက္ခကိုပဲ နှစ်နှင့်ချီ၍အာရုံရောက်နေကြသည်။ ထိုသို့ အနောက်ဘက်တံခါးအတွက် အလုပ်များနေ၊ အာရုံစိုက်နေရသဖြင့် အရှေ့ဘက်တံခါးကိစ္စကို လူထုသည်မေ့နေကြသည်။ အစိုးရကလည်း မေ့နေသည်လား၊ သူ့အပူနှင့်သူလားတော့မသိ၊ သိပ်ပြီး အလေးပေးစဉ်းစားတာမရှိသလိုဖြစ်နေသည်။ ဘောလုံးစကားနှင့် ပြောရလျှင် မြန်မာအသင်းသည် အနောက်ဘက်ခြမ်းတွင်သာ ဘောလုံးအပေးအယူ လုပ်ကစားနေပြီး၊ အရှေ့ဘက်ခြမ်းသို့ ဘောလုံးပေးပို့ ကစားကွက်ဖော်မှုနည်းနေသလိုဖြစ်နေသည်။

အရှေ့ဘက်ခြမ်းဆိုသည်ကား တရုတ်နိုင်ငံဖြစ်သည်။ မြန်မာနှင့်နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်း ၅ နိုင်ငံရှိသည်။ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံတို့ဖြစ်သည်။ လာအိုနိုင်ငံနှင့်မူ အိမ်နီးချင်း ဖြစ်သော်လည်း ဆက်ဆံရေးမှာ ခပ်ကျဲကျဲသာဖြစ်သည်။ အပြန်အလှန်ကူးလူးဆက်ဆံမှုနည်းလှသည်။ ထိုင်းနိုင်ငံနှင့်မူကား အတိတ်ပဒေသရာဇ်ခေတ်က စစ်မက်ဖက်ပြိုင်မှုများ မကြာခဏရှိခဲ့သော်လည်း ယခုအခါစစ်ရေးထက် စီးပွားရေးအရ အပြန်အလှန်ကူးလူးဆက်ဆံမှုသာရှိသည်။ ထိုင်းသည် မြန်မာ၏မိတ်ဆွေနိုင်ငံဟု ပြော၍ရသည်။ အိန္ဒိယနိုင်ငံနှင့်လည်း မြန်မာနိုင်ငံသည် ပြဿနာကြီးကြီးမားမားမရှိ။ အိန္ဒိယနှင့် ပါကစ္စတန်နယ်စပ်တွင် စစ်ရေးတင်းမာသလိုမျိုး၊ မြန်မာနှင့် အိန္ဒိယကြားတွင်မရှိ။ တမူးဘက်တွင် အိန္ဒိယ-မြန်မာနယ်စပ်များတွင် နယ်စပ်ခြံစည်းရိုးပင်မရှိ။ ကြားပေါက်များမှ လွတ်လပ်စွာဝင်ထွက်နိုင်ကြသည်။ အိန္ဒိယသည် မြန်မာ၏မိတ်ဆွေနိုင်ငံဟု ပြော၍ရသည်။ ပြဿနာအဖြစ်ဆုံး အိမ်နီးချင်းနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံနယ်စပ်တွင် မြန်မာဘက်မှခြံစည်းရိုးပင် ကာထားရသည်။ ဘင်္ဂလားဒေ့ရှ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအားကိုးဖြင့် မြန်မာနိုင်ငံကိုဖိအားအမျိုးမျိုးပေးလေ့ရှိသည်။ မိတ်ဆွေနိုင်ငံဟုသတ်မှတ်၍ မရသောနိုင်ငံဖြစ်သည်။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေတာလည်း အလွန်ရှည်လျားသည်။ မြန်မာနိုင်ငံမြောက်ပိုင်း ခါကာဘိုရာဇီမှ မဲခေါင်မြစ် လောနိုင်ငံထဲစီးဝင်ရာ မြန်မာနိုင်ငံ၏အရှေ့မြောက် နယ်စပ်အထိဆက်စပ်နေသော တရုတ်-မြန်မာနယ်နိ မိတ်မျဉ်းမှာ ၁၃၇ဝ မိုင်ရှိ၏။ မြန်မာနှင့် ထိုင်းနယ်နိ မိတ်ထိစပ်မှုမှာ ၁၃ဝ၉ ဒသမ ၈ မိုင်သာရှိသဖြင့် တရုတ်-မြန်မာနယ်နိမိတ်သည် မြန်မာ၏အိမ်နီးချင်း နိုင်ငံများကြားတွင် နယ်နိမိတ်ထိစပ်မှုအရှည်လျားဆုံးဖြစ်သည်။ မြန်မာသည် အိန္ဒိယနှင့် ၈၃၁ ဒသမ ၈ မိုင်၊ လာအိုနိုင်ငံနှင့် ၁၄၇ မိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ၁၆၈ ဒသမ ၇ မိုင် အသီးသီးနယ်နိမိတ်ထိစပ်နေကြသည်။ ဆိုလိုရင်းမှာ တရုတ်-မြန်မာနယ်နိမိတ်မှာ အရှည်လျားဆုံးဖြစ်သည်။ ရှည်လျားလွန်းသည့်အပြင် နယ်နိမိတ်အများစုသည် မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းတောတောင်ထူထပ်ရာ အရပ်တွင်ကျရောက်နေသည့်အပြင် ခြံစည်းရိုး၊ အုတ်တံတိုင်း စသည်တို့မရှိသောကြောင့် ဟိုဘက် သည်ဘက်နယ်နိမိတ်မပြတ်မသား၊ ဝေဝါးနေသောနေရာ များစွာရှိနိုင်လေသည်။ နှစ်နိုင်ငံနယ်နိမိတ်သဘော တူလက်ခံခဲ့သောအချိန်မှာ ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်ဖြစ်သည်။ အချို့နေရာများတွင် နယ်နိမိတ်သတ်မှတ်သောနယ်ခြား ကျောက်တိုင်များအခိုင်အမာစိုက်ထူထား၏။ အချို့နေရာများတွင်မူကား ကျောက်တိုင်ရှိပုံမရချေ။ တရုတ်တို့သည် နယ်စစ်ဒေသတွင် အစောင့်အကြပ်ကင်းဝေးသည့် အားနည်းချက်ကိုအခွင့်ကောင်းယူ၍ နယ်နိမိတ်အမှတ်အသားများကိုဖျက်ဆီးခြင်း၊ မြန်မာ့နယ်မြေဘက်သို့ နယ်နိမိတ်ကျူးကျော်ဝင်ရောက်ခြင်း၊ မြေ အသာစီးယူခြင်း၊ နယ်ခြားကျောက်တိုင်ကို နေရာရွှေ့ခြင်းတို့ကို လစ်လျှင်လစ်သလိုလုပ်တတ်သည် (အိန္ဒိယတပ်ဖွဲ့ဝင်အချို့လည်း ထိုသို့လုပ်ကြောင်း ဆရာညီပုလေးရေးသော ထက်မြက်တဲ့ဓားသွားထက်က ချိုမြမြပျားရည်စက်စာအုပ်တွင် ဖော်ပြထား၏)။ ယခုလည်း တရုတ်တပ်ဖွဲ့ဝင်အချို့၏ မြန်မာ့နယ်ခြား မှတ်တိုင်ဖျက်ဆီးမှုသတင်းကိုကြားရ၏။ လောက်ကိုင်မှလာသော ၂ဝ၁၉ ဖေဖော်ဝါရီ ၂ ရက်နေ့ သတင်းတပုဒ်တွင် ဤသို့ဖော်ပြထား၏။

''မြန်မာ-တရုတ်နယ်စပ် BP144(3/4) အနီး စိုက်ထူထားသော မြန်မာနိုင်ငံတော်အလံကို တရုတ်စစ်သား အချို့က ဝင်ရောက်ဖျက်ဆီးမှု အခုရက်ပိုင်း အတွင်းဖြစ်ပွားခဲ့ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ ထံမှ သိရသည်။ အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ် ၂ ရပ်ကွက် နယ်နိမိတ်ကျောက်တိုင်အမှတ် BP-144/3 နှင့် BP-144/4 အကြား နှစ်နိုင်ငံနယ်နိမိတ်မျဉ်းနှင့် ၅ မီတာခန့်လောက်တွင် စိုက်ထူထားသော မြန်မာနိုင်ငံတော် အလံနေရာကို တရုတ်နယ်ခြားစောင့်တပ်မှ လက်နက်ကိုင် ၂၂ ဦးပါဝင်သောအဖွဲ့လာရောက်ပြီး အလံတိုင်ခြေရှိ အုတ်ခုံကိုဖြိုဖျက်ခဲ့ကာ အလံတိုင်ကို သံဖြတ်လွှဖြင့် ဖြတ်ယူသွားခြင်းဖြစ်ကြောင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ထံမှ သိရသည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်က ''ကျွန်တော်တို့ ပြည်နယ် အစိုးရထံကို စာနဲ့တင်ပြထားပါတယ်။ ပြီးတော့ တရုတ် ဘက်က ပြည်ပဆက်ဆံရေးဌာနကို ၂၉ ရက်နေ့ကပဲ ကန့်ကွက်စာပေးပို့ထားပါတယ်''ဟုပြောသည်။

အလံတိုင်တည်ရှိသည့်နေရာသည် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစွမ်းလူ၏ဂိုဒေါင်အနီးတွင် ဖြစ်ကြောင်းလည်း သိရသည်။ ၎င်းအလံတိုင်သည် ၂ဝ၁၆ ခုနှစ်က မြန်မာ-တရုတ်နှစ်ဖက်အဖွဲ့အစည်းများမှ နယ်နိမိတ်ကိစ္စကွင်းဆင်းဆောင်ရွက်စဉ် နှစ်နိုင်ငံနယ်နိမိတ်အခြေအနေအား ရှင်းလင်းစွာမြင်နိုင်ရန်အတွက် စိုက်ထူးထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ပြည်ပဆက်ဆံရေးဌာနသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့မှ ပေးပို့ခဲ့သော ကန့်ကွက်စာတွင်မူ ၎င်းတို့အနေဖြင့် ၎င်းအလံ တိုင်စိုက်ထူခြင်းအပေါ်ကန့်ကွက်လိုပါက နှစ်ဖက်အစိုးရ အဖွဲ့အစည်းအချင်းချင်း တရားဝင်ကန့်ကွက် ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်နက်များကိုင်ဆောင်၍ လာရောက်ဖျက်ဆီးခြင်းသည် ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရနှင့် တရုတ်အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် (မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အပိုဒ် ၁၆ အပိုဒ်ခွဲ ၃)အား ဖောက်ဖျက် ကျူးလွန်ရာရောက်ကြောင်း၊ ဒါကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထည့်သွင်းရေးသားပေးပို့ခဲ့သည်ဟု သိရှိရသည်။

ယင်းကြောင့် နောက်နောင်တွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုးမပေါ်ပေါက်စေဖို့အတွက် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းရေးသားထားကြောင်းလည်း သိရပါသည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ဒေသ များစီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၆ အပိုဒ်ခွဲ ၃ တွင် ''စာချုပ်ဝင် နှစ်နိုင်ငံ၏အရာရှိများသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ငြိမ်ဝပ် ပိပြားမှုပူးတွဲထိန်းသိမ်းရန်ကိစ္စများမှတပါး လက်နက်များ၊ ခဲယမ်းမီးကျောက်များ သို့မဟုတ် ပေါက်ကွဲစေ တတ်သည့် ပစ္စည်းများအားသယ်ဆောင်၍ အခြားစာချုပ်ဝင်နိုင်ငံ၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း မပြုရ''ဟု ဖော်ပြထားကြောင်း ဦးစီးအဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဆင်ဖြူဈေးအနီး မြန်မာနိုင်ငံဘက်အခြမ်းကို တရုတ်လက်နက်ကိုင်အဖွဲ့အချို့ဝင်ရောက်လာကာ ဈေးကော်မတီရုံးတည်ဆောက်ခြင်းအပေါ် ကန့်ကွက် မှုဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။

ဤဖြစ်ရပ်သည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို အကြီးအကျယ်ထိပါးစော်ကားခြင်းဖြစ်သည်။ အင်္ဂလိပ်နှင့်မြန်မာသည် ထိုကိစ္စမျိုးအတွက် နှစ်နိုင်ငံစစ်ခင်းခဲ့ရသည့် သာဓကပင်ရှိခဲ့၏။ မြန်မာပိုင် ရှင်မဖြူကျွန်းပေါ်တွင် မြန်မာအလံကိုဖြုတ်ချ၍ အင်္ဂလိပ်ယူနီယံဂျက်အလံလာရောက်စိုက်ထူသောကြောင့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲစတင်ဖြစ်ပွားခဲ့ဖူး၏။ ယခုဖြစ်စဉ်တွင် တရုတ်အလံလာရောက်မစိုက်ထူသဖြင့် တော်ပေသေး၏။ သို့သော် အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံ၏အလံတိုင်ကို နယ်ခြားစောင့်တပ် အဆင့်လောက်က မည်သည့်အကြောင်းပြချက်နှင့်မှ လက်နက်များကိုင်ဆောင်ပြီး လာရောက်ဖမ်းဆီးခွင့်၊ လာရောက်ဖြုတ်ချခွင့်မရှိပေ။ မြန်မာသည် ရခိုင်ပြည်နယ်အရေးအတွက် အနောက်ဘက်တံခါးတွင် အလုပ်ရှုပ်နေခိုက် တရုတ်သည် မြောက်ဘက်နှင့် အရှေ့မြောက်ဘက် (ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံနယ်စပ်ဒေသများ)တွင် စက်ပုန်းခုတ်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။

ပေါ်ပေါ်ထင်ထင်လုပ်နေသည်များမှာ ပင်လယ်ထွက်ပေါက်ပိတ်နေသော တရုတ်ပြည် ယူနန်ပြည်နယ်အတွက် ကူမင်း-ကျောက်ဖြူ ရေနံပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းလုပ်ခွင့်တွေရသွားကြ သည်။ တရုတ်သည် ရခိုင်ပြည်နယ်စစ်တွေ ကမ်းလွန်ဒေသတွင်ရှိသော မြန်မာ့သဘာဝဓာတ်ငွေ့သိုက်ကိုလည်း လက်ဝါးကြီးအုပ်ထားနိုင်သည်။ တရုတ်သည် မြန်မာအားငွေများထုတ်ချေး၏။ အကြွေးများပေး၏။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ ရခိုင်ကမ်းမြောင်အထိ ၂၃၈ဝ ကီလိုမီတာ ရှည်သောပိုက်လိုင်းကြီးကို ဖြတ်သန်းတည်ဆောက် ခွင့်ရခဲ့၏။ ဧရာဝတီနှင့် သံလွင်မြစ်ပေါ်တွင် ရေကာ တာများပိတ်ဆို့တည်ဆောက်ခွင့်ရခဲ့၏။ China National Offshore Oil Corporation နှင့် China National Petroleum Corporation တို့သည် မြန်မာ့ရေနံများကိုသန့်စင်မှု အဆင့်မြှင့်တင်မှုလုပ်ငန်းများတွင် လုပ်ဆောင်ရန် အရေးပါသောလုပ်ခွင့်ကန် ထရိုက်ရခဲ့ပြီး ထွက်လာသောရေနံများကိုပါ အချိုးကျ ခွဲဝေယူခွင့်ရရှိခဲ့သည်။ Petro China ကုမ္ပဏီသည် ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်(၁)မှ တရုတ်နိုင်ငံ ယူနန်ပြည်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခွင့်ရခဲ့သည်။ တရုတ်-မြန်မာစီးပွားရေး စင်္ကြံအတူတကွတည်ဆောက်ရေး၊ One Belt One Road စီမံကိန်းတို့ကိုလည်း မြန်မာဘက်မှ သဘော တူညီချက်ကိုရယူနိုင်ခဲ့သည်။ တရားဝင်မဟုတ်သော်လည်း တရုတ်တို့ဘက်မှအသာစီးရနေသောကိစ္စများ လည်းရှိသေးသည်။ ရှမ်းပြည်နယ်အတွင်း၊ အထူးဒေသ(၄) မိုင်းလားနယ်မြေတွင် တရုတ်စီးပွားရေးအုပ်စု တစု၏ ရင်းနှီးမြှုပ်နှံမှုဖြင့် စီးပွားရေးဇုန်တခုကို ထူထောင်နေကြောင်း သတင်းဖြစ်ပေါ်နေ၏။ ထိုသတင်းကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မှန်ကန်မှုမရှိဟုငြင်းဆိုသော်လည်း တရုတ်ကုမ္ပဏီတခုဖြစ်သော Shanghai Shellpay Internet Technology သည် ယင်းဒေသတွင် Yongbang Blockchain အထူးစီးပွားရေးဇုန်ကို ထူထောင်ရန် စီစဉ်နေကြောင်း စင်ကာပူရုပ်သံသတင်း Channel News Asia က ထုတ်လွှင့်ခဲ့သည်။ မိုင်းလားအထူးအုပ်ချုပ်ခွင့်ရဒေသ(၄) နယ်မြေတွင် တရုတ်ကုမ္ပဏီတခုက Digital City ပြုလုပ်မည့်ကိစ္စသည် ဗီဒီယိုဖိုင်များ၊ မြေပုံများနှင့်တကွ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နေသည်။ ရန်ကုန်မြို့သစ်စီမံကိန်းမှာပင် တရုတ်ကုမ္ပဏီတွေ ပါဝင်နေသည်။

နယ်စပ်သို့ဆန်တင်ပို့ရောင်းချသောလုပ်ငန်းတွင်လည်း တရုတ်နိုင်ငံက မြန်မာဘက်မှတင်သွင်းသောဆန်ကို တရားဝင်အဖြစ် ဆန်တန်ချိန် တသိန်းသာခွင့်ပြုခဲ့ပြီး ယခုအခါ မြန်မာဘက်မှ တန်ချိန်လေးသိန်းပို့ခွင့်ပြုပါရန် ညှိနှိုင်းနေရဆဲအဆင့်သာဖြစ်သည်။ထို့ကြောင့် မြန်မာဘက်မှဆန်များ တရုတ်သို့ နယ်စပ်မှ တင်ပို့ရောင်းချလိုလျှင် အခက်အခဲတခုမှာ မြန်မာနိုင်ငံမှ မူဆယ်နယ်စပ်အထိ တရားဝင်တင်ပို့ခြင်းဖြစ်သော် လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင်ကုန်စည်အဖြစ် သတ်မှတ်ထားခြင်းမရှိမှုပင်ဖြစ်၍ မြန်မာတို့ နစ်နာကြရလေသည်။ အလိုလိုနေရင်း ဥပဒေချိုးဖောက်သူ၊ မှောင်ခိုပစ္စည်းတင်သွင်းသူများ ဖြစ်ကြရသည်။ ဘာပဲဖြစ်ဖြစ် တရုတ်တို့ဘက်က ဤသို့အသာစီးယူထားခြင်းကို မြန်မာအာဏာပိုင်များသည် ပြင်းပြင်းထန်ထန် ကန့်ကွက်တောင်းဆိုမှုများ ပြုလုပ်ရမည်ဖြစ်သည်။

ဤကဲ့သို့ ကုန်သွယ်ရေးတွင် မမျှမတကန့်သတ်ချက်များ တရုတ်ဘက်က ချမှတ်နေသော်လည်း မြန်မာနိုင်ငံအတွင်းတွင်မူ တရုတ်တို့သည်ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ကာ ဥပဒေကို လက်တလုံးခြားဖြင့် စီးပွားရေးနယ်ပယ်အသီးသီးတွင် လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေလေသည်။ ရှမ်းပြည် နယ်နှင့် ကချင်ပြည်နယ်၏ မြေယာတော်တော်များ များတွင် တရုတ်လုပ်ငန်းရှင်များဝင်ရောက်ကာ စိုက်ပျိုး ရေးလုပ်ငန်းများ လုပ်ကိုင်နေကြလေသည်။ မြန်မာ များကိုတော့ အမည်ခံအနေဖြင့် ဗန်းပြကာ တရုတ်တို့ ကနောက်ကွယ်မှ ပိုင်ရှင်အဖြစ် စိုက်ပျိုးမြေများကို အသုံးချနေကြခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၆ ရက်နေ့ ကလည်း မြစ်ကြီးနားမြို့တွင် သခင်စစ်ကုမ္ပဏီမှ ပိုင်ရှင်ဦးဒိန်ဆောင်၊ မန်နေဂျာဦးဂွမ်လတ် ပါခြောက်ဦးတို့ သည် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးဖြစ်သည့် မောင်လပတ်ခေါင်လွမ်းနှင့် မမွန်းမွန်း ပန်တို့အား ကုမ္ပဏီရုံးခန်းသို့ခေါ်ကာ ဆဲဆိုရိုက်နှက်ပြီး ကာယိနြေ္ဒပျက်စီးအောင်ပြုလုပ်ခဲ့သဖြင့်ခံရသူများက ဝိုင်းမော်မြို့မရဲစခန်းတွင် ပုဒ်မငါးခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ အဓိကကိစ္စမှာ မန်ဒေါင်ကျေးရွာ အုပ်စုတွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးသော ကုမ္ပဏီနှစ်ခုဝင်ရောက်လုပ်ကိုင်နေ''ဆိုသည့်ခေါင်းစီးဖြင့် သတင်းရေးသားခဲ့၍ဖြစ်သည်။ တရုတ်ကုမ္ပဏီတခု၏ လူအချို့က သတင်းထောက်များကို ချုပ်နှောင်ရိုက် နှက်ခြင်းကို ဆန့်ကျင်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုအပေါ် ထိရောက်စွာအရေးယူပေးရန် မြန်မာအမျိုး သမီးသတင်းသမားများ အဖွဲ့အစည်း (Myanmar Women Journalist Society) က ထုတ်ပြန်ကြေ ညာခဲ့သည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကလည်း မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကိစ္စ ဥပဒေအတိုင်း ဖြစ်စေရမည်''ဟု ပြောကြားခဲ့သည်။ ထိုကိစ္စကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကလည်း ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။ တရုတ်၏ ခြေတံလက်တံအရှိန်ဖြင့် စာနယ်ဇင်းသမားများအပေါ်တွင်ပါ ကိုယ်ထိလက် ရောက် ဥပဒေပြင်ပပြုမူလာကြခြင်းဖြစ်ရာ လက်ပံ တောင်းတောင်၊ ကြေးနီတောင်စသော စီမံကိန်းများမှ တရုတ်များ၏ မြန်မာအလုပ်သမားများနှင့် ဒေသခံများ အပေါ် ပြုမူဆက်ဆံပုံများမှာလည်း ထင်တိုင်းကြဲသည့်ကိစ္စများစွာ ရှိနိုင်လေသည်။

မြန်မာတို့၏အသည်းနှလုံးဟုခေါ်ဆိုနိုင်သော ပုဂံဒေသမှာပင် တရုတ်စီးပွားရေးသမားများ ဝင်ရောက် နေကြသည်ကို ကြားသိရသည်။ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များက ဟိုတယ်နှင့် စားသောက် ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ရန် လိုက်လံဝယ်ယူခြင်း၊ နှစ်ချုပ်ဖြင့်ငှားရမ်းခြင်းများ လိုက်လံပြုလုပ်နေကြောင်း ပုဂံဒေသခံများက ပြောကြားသည့်သတင်းကိုလည်း ကြားသိရသည်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ဝယ်ယူသည့်အထဲတွင် နာမည်ကြီးဟိုတယ်များနှင့် စားသောက်ဆိုင်များပါဝင်ကြောင်း၊ ထို့ကြောင့် ရှေးဟောင်းမြို့တော် ပုဂံဒေသတွင် မန္တလေးမြို့ကဲ့သို့ တရုတ်စီးပွားရေးလုပ်ငန်းများ များပြားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောကြသည်။

''သူတို့က နိုင်ငံတကာမှာလည်း အဲဒီလို ပုံစံလုပ်တာပဲ။ နောက်ကျတော့ ထမင်းချက်၊ ဟင်းချက်က အစ စားပွဲထိုးရော သူတို့တရုတ်လူမျိုးပဲခေါ်လာမှာလေ။ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေလည်း သူတို့ဖွင့်ပြီးရောင်းတော့မှာ၊ ဇီးရိုးဘတ်ဂျက်ခေါ်တာပေါ့။ သူတို့လူမျိုးတွေဆီက ပိုက်ဆံကို သူတို့ပဲပြန်ယူတဲ့ သဘောပေါ့။ ဒါကိုတော့ တားဆီးရမယ်''ဟု ဝါရင့် ဧည့်လမ်းညွှန်ဦးဇော်ဝင်းချိုက ပြောသည်။
မီဒီယာကဏ္ဍတွင်လည်း တရုတ်တို့ မြန်မာကို လွှမ်းမိုးဖို့ ကြိုးစားနေသည်။ တရုတ်နိုင်ငံအကြောင်း စာအုပ်ရေးသားပြီး သူတို့ကိုလာပြလျှင် သူတို့ကြိုက်ပါက သံရုံးယဉ်ကျေးမှုဌာနမှ စာမူခလည်းပေးမည်၊ ထုတ်ဝေလည်းပေးမည်ဟု တရားဝင်ကြေညာထားသဖြင့် အချို့မြန်မာစာရေးဆရာအချို့ တရုတ်နိုင်ငံ နှင့်ပတ်သက်သော စာအုပ်စာတမ်းများကို အလုအယက် မြန်မာဘာသာပြန်ဆိုထုတ်ဝေနေတာတွေ့ရသည်။ ကျွန်တော်တို့နိုင်ငံသည် ပြဿနာပေါင်းစုံပတ်လည်ဝိုင်းနေ၏။ ပြည်တွင်းစစ်ဖြစ်နေတာ ၇၁ နှစ် ခန့်ရှိပြီ။ ရခိုင်ဒေသဘင်္ဂါလီ (နိုင်ငံတကာအခေါ ရိုဟင်ဂျာ) ပြဿနာအတွက် ကုလသမဂ္ဂတွင် တရုတ်၏ ထောက်ခံမှုကို မြန်မာနိုင်ငံသည် လိုအပ်နေ၏။ တရုတ်ကလည်း ထိုဝှက်ဖဲကိုကိုင်ထားကာ ရခိုင်ပြည်နယ်အရေးတွင် မြန်မာဘက်က ရပ်တည်ပေးမည်ဟု မြန်မာအကြိုက်စကားလုံးကို တဖွဖွပြော၏။ အခြားတဖက်တွင်လည်း သူ့အကျိုးစီးပွားအဓိကဖြစ်သော မြစ်ဆုံဆည်စီမံကိန်းကိစ္စ၊ Belt and Road စီမံကိန်းကိစ္စ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရေးကိစ္စတို့ကို မဖြစ်ဖြစ်အောင် တိုက်တွန်းဆော်သြလျက်ရှိသည်။ တရုတ်ပြည်မှ စီးပွားရေးသမားများကလည်း မြန်မာနိုင်ငံမှ သစ်မှောင်ခိုလုပ်ငန်း၊ မြန်မာအမျိုးသမီးများအား လူမှောင်ခိုလုပ်ငန်း၊ မြေငှား၍ အသီးစိုက်ကာ တရုတ်ပြည်ပြန်ပို့ပြီး မြန်မာကမြေကြီးတွေ ပျက်ကျန်ခဲ့ရသည့် လုပ်ငန်း၊ ပြည်တွင်းသို့ဝင်လာကာ နည်းပေါင်းစုံဖြင့် ဈေးကွက်လုသည့်လုပ်ငန်းအပါအဝင် စားပေါက်စားလမ်းမှန် သမျှကို လက်ကုန်နှိုက်လျက် ဆောင်ရွက်လျက်ရှိ၏။ မြန်မာ့နယ်နိမိတ်မှတ်တိုင်ကိုပင် ပြောင်ပြောင်တင်းတင်း ဖျက်ဆီးခြင်းတို့ ပြုလုပ်လာကြ၏။ ထိုအချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည် အချင်းချင်းရန်ဖြစ် ကောင်းတုန်းပင်ရှိသေး၏။ ပျင်းရိအိပ်ငိုက်လျက်ပင်ရှိသေး၏။ ငါ့မြေတလက်မ၊ ထိကမခံရန်တုံ့ပြန်အံ့ဟု ပုဆိုးခြုံထဲက လက်သီးပုန်းပြလျက်ပင်ရှိသေး၏။ သာကီမျိုးဟေ့ တို့ဗမာအမျိုးဘာသာစောင့်ရှောက်ရမယ်ဟု အော်တုန်းပင်ရှိသေး၏။ နောင်အခါမှာ ကုလားနဲ့ ငါးအရုပ်ရေးပြရမယ်ကွဲ့ဟု ပုံပြင်တွေပြောနေကြဆဲ ရှိသေး၏။ ဆရာဇော်ဂျီ၏ ကဗျာစာသားလိုပင် ''ထလော့ မြန်မာ၊ မြန်မာ ထလော့''ဟု တပ်လှန့်ချင်၏။ အနောက်ဘက်တံခါးကို အာရုံစိုက်လွန်းသဖြင့် အရှေ့တံခါး၊ အရှေ့မြောက်တံခါးများမှ ဂန္ဓလရာဇ်နဂါးကြီးခြံစည်းရိုးကိုချိုးဖျက်ကာ ငွေထုပ်ပိုက်၍ လူးကာလိမ့်ကာဝင်လာနေခြင်း၏ အန္တရာယ်ကိုလည်း သတိမူကြပါဟု တိုက်တွန်းလိုက်ရပါကြောင်း။

သရဝဏ်(ပြည်)
Photo 1 – Yongbang စီမံကိန်းနှင့်ပတ်သက်၍ Shellpay ကုမ္ပဏီ CEO ကျန်ဟုန်းက ရှင်းလင်းပြောကြားနေပုံ
Photo 2 – ရျမ်းပြည်နယ်၊ မိုင်းလားဒေသတွင် တရုတ် Shellpay ကုမ္ပဏီက Yongbang အထူးစီးပွားရေးဇုန်အမည်ဖြင့် Digital City တခုဖော်ဆောင်ရန်ပြထားသည့် မြေပုံအညွှန်း

==========

News Watch

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18110,news,2842,opinion,794,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: အနောက်ကိုကြည့်လွန်းလျှင် အရှေ့ကိုမမြင်နိုင်
အနောက်ကိုကြည့်လွန်းလျှင် အရှေ့ကိုမမြင်နိုင်
https://3.bp.blogspot.com/-N8m03nkJKtc/XIStt9zD_bI/AAAAAAAAfrM/upF-8fen7O80V36Eicmy5zeuRaA2_vnzQCLcBGAs/s640/q1.jpg
https://3.bp.blogspot.com/-N8m03nkJKtc/XIStt9zD_bI/AAAAAAAAfrM/upF-8fen7O80V36Eicmy5zeuRaA2_vnzQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/03/blog-post_76.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/03/blog-post_76.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy