ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ချင်တာလဲ

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ချင်သလဲလို့မေးလာရင် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘုရားဟောမဟုတ်လို့ ပြင်ချင်တာလို့ ဖြေရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘုရားဟော ပိဋကတ်သုံးပုံမဟုတ်ဘူး၊ ကိုရမ်ကျမ်းမဟုတ်ဘူး၊ သမ္မာကျမ်းစာမဟုတ်ဘူး၊ အဲဒီတော့ ပြင်စရာရှိလာရင် ပြင်ကြရမှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဒေါသ၊ မောဟ၊ လောဘမကင်းတဲ့လူတွေ ရေးဆွဲခဲ့တဲ့အတွက် အားနည်းချက်တွေ၊ ရှေ့နောက်မညီတာတွေ၊ မိမိကိုယ်ကျိုးအတ္တတွေနဲ့ ထည့်ချင်ရာထည့် သွားတာတွေ အများကြီးပါနေမှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အိမ်ရှင်၊ အိမ်ငှားစာချုပ်နဲ့တူတယ်။ အိမ်ရှင်က ဘယ်တာဝန်ရှိတယ်၊ အိမ်ငှားက ဘယ်လိုတာဝန်ရှိတယ်၊ ဘယ်လိုအခွင့်အရေးရှိတယ်၊ ဘာတွေလုပ်ရမယ်၊ ဘာတွေမလုပ်ရဘူးဆိုတာ သဘောတူစာချုပ်ချုပ်ကြတဲ့သဘောပါပဲ။ ဒီမိုကရေစီစနစ်မှာ အိမ်ရှင်ဟာ ပြည်သူလူထုဖြစ်ပြီး၊ အိမ်ငှားဟာ အစိုးရဖြစ်ပါတယ်။ အဲဒီတော့ အစိုးရကဘယ်လို၊ လွှတ်တော်ကဘယ်လို၊ တရားစီရင်ရေးကဘယ်လိုဆိုတာတွေရယ် ပြည်သူလူထုက ဘာတွေလုပ်ရမယ်၊ ဘာတွေမလုပ်ရဘူး၊ ဘယ်လိုတာဝန်တွေရှိတယ်၊ ဘယ်လိုအခွင့်အရေးတွေရှိတယ်ဆိုတာ စာချုပ်ချုပ်ကြတာဖြစ်တယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ခေါ်ပါတယ်။

စာချုပ်အတိုင်းနေကြည့်ကြ။ တကယ်နေကြည့်မှ အဆင်မပြေတာတွေ အခက်အခဲတွေဖြစ်လာရင် နောက်တကြိမ်စာချုပ်ချုပ်တော့ ပြင်ချုပ်ကြပေါ့။ တခါစာချုပ်ချုပ်ရုံနဲ့ ကမ္ဘာတည်သရွေ့ မပြင်ရတော့မယ့် အိမ်ရှင်၊ အိမ်ငှားစာချုပ်ဘယ်မှာရှိလို့တုံး။ အိမ်တံခါးမကြီးက ရွဲ့နေတယ်ဆိုရင် ပြင်ပေးဖို့ပြောရမှာပေါ့။ နောက်ဖေးပေါက်ကနေ သူခိုးတွေတက်နိုင်တယ်ဆိုရင် ဒီအပေါက်ကို ပိတ်ပေးဖို့ပြောရမှာပေါ့။ တံခါးမကြီးထက် ပြတင်းပေါက်ကကြီးနေရင် ပြင်ရမှာပေါ့။ ခြတွေစားနေရင် လဲရမှာပေါ့။ အိမ်လခဈေး ကြီးရင် လျှော့ရမှာပေါ့။ ဈေးသိပ်နည်းနေရင် ထပ်တောင်းရမှာပေါ့။ အိမ်ငှားက အိမ်ရှင်ကိုမတိုင်ပင်ဘဲ ဖျက်ဆီးနေရင် တားမြစ်ရမှာပေါ့။ ဒါဟာ ဘာကြောင့်ပြင်ချင်သလဲဆိုတာရဲ့အဖြေပါပဲ။ အတိုချုပ်ပြောရရင် ပြင်ချင်တာဟာ ပိုကောင်းချင်လို့ပါ။ အမေရိကန်ပြည်ထောင်စုရဲ့သက်တမ်း ၂၂၉ နှစ်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခဲ့တာ ၂၇ ကြိမ်ပါ။ အကြမ်းဖျင်းအားဖြင့် (၈)နှစ်ကိုတကြိမ် ပြင်ခဲ့တဲ့သဘောပါပဲ။ ၂ဝဝ၈ မှာ အတည်ပြုခဲ့တယ်ဆိုတဲ့ဟာကြီးက လည်း ကလန်ဒါကျအရဆိုရင် ၂ဝ၁၆ လောက်မှာကတည်းက ပြင်ဖို့ကောင်းနေတဲ့ကိစ္စပါ။ မြန်မာ့အိမ်နီးချင်း အိန္ဒိယမှာတော့ လွတ်လပ်ရေး သက်တမ်း ၇၅ နှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ချက်က (၁ဝ၁) ကြိမ်ပါတဲ့။ အိန္ဒိယနိုင်ငံကြီးဖွဲ့စည်းပုံပြင်လိုက်လို့ ကောင်းသွားလား၊ ဆိုးသွားသလား ကိုယ့်ဘာသာပဲ ကြည့်ပါတော့။ အိန္ဒိယဟာ အခုဆိုရင် အာကာသထဲကို ခရီးသွားနေပြီ။ နျူကလီးယားလက်နက်ပိုင်ဆိုင်နေပြီ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပြီ။

အခု မြန်မာပြည်မှာဖြစ်နေတာက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်လို့ အသံကြားလိုက်တာနဲ့ ကမ္မဝါစာ အသံကြားရတဲ့ ဖုတ်ပြိတ္တာ၊ တစ္ဆေ၊ သရဲတွေလိုပဲ ဝရုန်းသုန်းကားနဲ့ အော်ကြဟစ်ကြတော့တာပဲ။ ပြေးကြလွှားကြတော့တာပဲ။ ဘာလဲ၊ ဘယ်လဲဆိုတာလည်း သေသေချာချာ မသိကြတာများတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာနဲ့ ပုဒ်မ ၅၉(စ) လောက်ပဲထင်နေတဲ့ ခပ်ပြိန်းပြိန်းလူတွေကလည်း ရှိသေးတယ်။ သူများမယားကြာခိုထားတဲ့သူတွေဟာ ကိုယ့်မယားကို လူတောထဲခေါ်မသွားရဲဘူး။ ကိုယ့်မယားကိုကြည့် တဲ့သူတွေကိုလည်း ငါ့မယားကိုလုကြတော့မယ်ထင် တယ်လို့ စိတ်ထဲမှာ ဖြစ်နေတတ်တယ်။ အခုလည်း အဲဒီလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတမဖြစ်ရလေအောင် ညစ်နည်းပေါင်းစုံနဲ့ညစ်ပတ်ပြီး ၅၉(စ) ကို ဆွဲထားတယ်။ ထစ်ခနဲရှိ တခြားဟာကိုမမြင်ဘူး၊ မျက်မမြင်များ တောင်ဝှေးစမ်းသလို ၅၉(စ)ဆိုတာ ကြီးကိုပဲ ထ ထပြီးကိုင်ကြည့်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကြီးမှာ အခန်း(၁၅)ခန်းရှိတယ်။ ပုဒ်မပေါင်း ၄၅၇ ခုရှိတယ်။ ဇယား(၅)ခု ရှိတယ်။ အဲဒါတွေကိုဘာမှမမြင်နိုင်ဘဲ၊ ဘာမှရေရေရာရာ မသိဘဲတခါလာလည်း ၅၉(စ)၊ နောက်တနေရာ လည်း ၅၉(စ) ဖြစ်နေတာဟာ ရွှေမန်းတင်မောင်ရဲ့ ရွဲကုန်သည်ဇာတ်ထဲက မပေးပေးပေး ငါ့ရွှေခွက်ကိုပေးဆိုတဲ့ ဒေဝဒတ်လောင်း ဥစ္စာရူးနဲ့တူနေတယ်။ ၅၉(စ)ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ကုတ်ကုတ်ကတ်ကတ် ခဲရာခဲဆစ်ရေးထားတဲ့ ပုဒ်မတွေပဲဖြစ်တယ်။ အဲဒီတော့ ၅၉(စ)ကို ကာကွယ် ဖို့ ဆန္ဒပြနေသူတွေကိုပြောလိုက်မယ် ခင်ဗျားတို့က ပလ္လင်ကြီးကို ငါတို့ကလွဲလို့ သူများမတက်နိုင် အောင် လျှပ်စစ်ဓာတ်တွေလွှတ်လိုလွှတ်၊ သံဆူးကြိုးတွေကာလိုကာ၊ ပုလင်းကွဲတွေ စိုက်လိုစိုက်လုပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပလ္လင်ပေါ်ရောက်နေပြီ။ ခင်ဗျားတို့ဟာတွေက သူခိုးပြေးမှ ထိုးကွင်းထဆိုသလို ဘာမှအဓိပ္ပာယ်မရှိဘူး။ လက်တွေ့မှာဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ကို ခေါင်းဆောင်နေပြီ။ ဘယ်၅၉(စ)ကို ပြင်ဖို့လိုဦးမှာလဲ။ ဒီအချိန်မှာ ဘယ်သူကမှလည်း ၅၉(စ) ပြင်ပါလို့ အသည်းအသန်တောင်း မနေကြတော့တဲ့ဟာကို ကိုယ့်ဘာသာ ဘာကိုကြောက်မှန်းမသိဖြစ်နေတာ အံ့သြစရာပါပဲ။

သမ္မတကြီးဦးဝင်းမြင့်မှာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာနရှိတယ်။ သမ္မတကြီးဟာ ရဟတ်ယာဉ်နဲ့ ခရီးသွားခွင့်ရှိသလို ဒေါ်အောင်ဆန်းစုကြည် လည်း ရဟတ်ယာဉ်သုံးခွင့်ရှိတယ်။ သမ္မတကြီးအထူးလေယာဉ်နဲ့ နိုင်ငံခြားသွားခွင့်ရှိသလို၊ ဒေါ်အောင်ဆန်း စုကြည်ဟာ အထူးလေယာဉ်နဲ့ နိုင်ငံခြားသွားခွင့်ရှိတယ်။ သမ္မတကြီးကို ကော်ဇောနီနဲ့ကြိုဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီခင်းပြီးကြိုကြတယ်။ သမ္မတကြီးကို ဂုဏ်ပြုတပ်ဖွဲ့ကအလေးပြုသလို ဒေါ်အောင်ဆန်း စုကြည်ကိုရောက်လေရာနိုင်ငံတွေမှာ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုကြတယ်။ နိုင်ငံခြားတိုင်း ပြည်တွေရဲ့ ထိပ်သီးအစည်းအဝေးတွေကို သမ္မတကြီးတက်ခွင့်ရှိသလို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်ရှိတယ်။ နိုင်ငံတကာအစည်းအဝေးတွေမှာ သမ္မတကြီးမိန့်ခွန်းပြောခွင့်ရှိသလို ဒေါ်အောင်ဆန်း စုကြည်မိန့်ခွန်းပြောခွင့်ရှိတယ်။ အဲဒီတော့ အဲဒီလောက်လက်တွေ့အာဏာရနေတဲ့ဟာကို ဘယ်သူက ၅၉(စ)ကြီး ဖျက်သိမ်းပါ။ ကျွန်မ သမ္မတလုပ်ချင်လို့ပါလို့ ပြောနေလို့လဲ။ မပြောတဲ့ဟာကို အပြောလုပ်ပြီး ကာကွယ်ကြမယ်ဆိုပြီး ထအော်နေကြတာဟာ ရူးတာပါပဲ။

အရင်ကတော့ ဗုဒ္ဓဘာသာမှာ အနန္တောအနန္တ (၅)ပါး၊ သရဏဂုံ (၃)ပါးဆိုတာရှိတယ်။ ဦးဝီရသူ ဟောပြောပြတော့မှပဲ အနန္တောအနန္တ (၆)ပါး၊ သရဏ ဂုံ (၄)ပါးရှိမှန်း ဗဟုသုတတိုးရပါတယ်။ လွှတ်တော်ထဲရှိ စစ်သားများသည် တိုင်းပြည်ကိုကာကွယ်နေသူများဖြစ်သဖြင့် ဘုရားလိုကိုးကွယ်သင့်တယ်လို့ ဦးဝီရသူရဲ့ သမိုင်းဝင်သာသနာပြုစကားကြီးနဲ့ မေ လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တပည့်သားမြေးများကို အကုသိုလ်ရောက်ကြောင်း တရားများသင်ပြခဲ့ပါတယ်။

လွှတ်တော်ထဲကစစ်သားတွေကို ဘုရားလိုကိုးကွယ်ဖို့ဆိုတဲ့စကားကို လက်တွေ့ပြတဲ့အနေနဲ့ ဦးဝီရသူ ခေါင်းဆောင်ပြီး ညီညီညာညာထိခြင်းငါးပါးနဲ့ အရင်ရှိခိုးပြဖို့တော့ လိုပါလိမ့်မယ်။ ဒါမှပြည်သူတွေက နားလည်သဘောပေါက်ပြီး နောက်ကလိုက်လုပ်ကြမှာပါ။ အဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့သားတော်များဝတ်ဆင်တဲ့ ကြည်ညိုဖွယ်ရာ သင်္ကန်းအရောင်နဲ့ဆိုရင်တော့ မသင့်တော်ပါဘူး။ အဲဒီတော့ ဦးဝီရသူလည်း စစ်သားတွေကို ကန်တော့လို့ရ၊ ဗုဒ္ဓသာသနာလည်း မညှိုးမှိန်ရအောင် မိမိဘာသာသံဃာဂိုဏ်းခွဲထောင်စေချင်ပါတယ်။ မိုးပြာဂိုဏ်းဆိုတာလည်းရှိပြီး သားဖြစ်နေတော့ အစိမ်းပုပ်ရောင်သင်္ကန်းကိုခြုံတဲ့ အစိမ်းရောင်သင်္ကန်းဂိုဏ်းကို ထူထောင်မယ်ဆိုရင်တော့ ဘာမသိညာမသိ တပည့်ဒါယကာတွေ တရုန်းရုန်းနဲ့ ပုဂံခေတ်က အရည်းကြီး သာသနာလို အတော်ကိုစည်ကားတဲ့ ဂိုဏ်းတဂိုဏ်းပေါ်ပေါက်လာနိုင်ခြေရှိပါတယ်။ NLD အစိုးရ၊ သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကိုလည်း အံ့သြမိပါတယ်။ ဘာသာသာသနာကို လွဲချော်တဲ့ အသိတွေပေးပြီး၊ နိုင်ငံတော်ခေါင်းဆောင်တွေကို အကြည်ညိုပျက်စေတဲ့ အမုန်းစကားတွေကို လူသိ ရှင်ကြားပြောနေပြီဆိုရင် မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ ဗုဒ္ဓဘာသာရဲ့ဂုဏ်သိက္ခာဟာ ကမ္ဘာမှာအများကြီး ထိခိုက်ပါတယ်။ ဒါကိုတော့ အာဏာစက်နဲ့ အချိန်မီဆုံးမပေးဖို့ လိုပါလိမ့်မယ်။ သူ့နောက်မှာ ဘယ်သူ တွေရှိတယ်ဆိုတာကြီးကို တွေးကြောက်မနေဘဲ အစိုးရပီပီလုပ်စရာရှိတာကို ဥပဒေနဲ့အညီ ပြတ်ပြတ်သားသား လုပ်ကြရပါလိမ့်မယ်။ အမုန်းမီးတွေပွားလာလို့ ပြဿနာတွေဖြစ်ခဲ့ရင် နစ်နာရမှာက တိုင်းပြည်ပါ။

အကြိမ်ကြိမ်လည်းပဲ ပြောခဲ့ပြီးပြီ။ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုဆန္ဒမပါဘဲ ရေးဆွဲခဲ့တဲ့ ဥပဒေပါလို့။ ဒါကို မယုံသလိုနဲ့ ၁ဝ-၅-၂ဝဝ၈ လူထုဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့တယ်ဆိုတာကို ကျားကျားမီးယပ်ပြောနေတော့ မခက်ဘူးလား။ အဲဒီတုန်းက နာဂစ်မုန် တိုင်းတိုက်ပြီးလို့ ၈ ရက်မြောက်နေ့။ လူတွေဒုက္ခရောက်နေတဲ့အချိန်။ ဘယ်သူကမှ အဲဒီဆန္ဒခံယူပွဲကို စိတ်မဝင်စားဘူး၊ မသွားကြဘူး၊ မဲမပေးကြဘူး။ မဲပေးရင်လည်း မ ထောက်ခံဘူးဆိုတဲ့မဲကို ပေးခဲ့သူတွေလည်း မနည်း မနောဘဲ။ ဒီကြားထဲက ဘာကြောင့် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းတွေပြောလည်းဆိုတော့ ရှင်းနေတာပဲ။ ရွေးကောက်ပွဲရလဒ်ကို ဘယ်သူတွေက ရေတွက်တာလဲ၊ ဘယ်သူတွေက စောင့်ကြည့်ခွင့်ရခဲ့လဲ၊ ဘယ်သူ တွေက မဲစာရင်းတွေပေါင်းရသလဲ၊ လွတ်လပ်တဲ့ရွေးကောက်ပွဲစောင့်ကြည့်တဲ့ နိုင်ငံတကာအဖွဲ့တွေရှိသလား၊ မဲပေးတဲ့သူတွေကို လက်သန်းမင်တို့တာတွေလုပ်ခဲ့သလားဆိုရင် အားလုံးနိုးပါပဲ။ မဲပေးတာလည်း သူတို့၊ မဲရေတာလည်းသူတို့၊ မဲစာရင်းပေါင်းတာ လည်းသူတို့၊ အားလုံးထောက်ခံပါတယ်လို့ ကြေညာ တာလည်းသူတို့၊ ကိုယ့်ကုလားဖန်ကိုယ်ထိုး၊ ကိုယ့်ဖဲ ကိုယ်ချိုး၊ ကိုယ့်ဘာသာဝေ။ ပြီးတော့ ဂျိုကာသုံးကောင်ကျပါပြီလို့ ကိုယ့်ဘာသာပြော။ အဲဒါဟာ ၁ဝ-၅-၂ဝဝ၈ ပြည်သူ့ဆန္ဒခံယူပွဲပါ။ ဒါကိုမဟုတ်ကြောင်း သက်သေပြချင်ရင် အခုပြန်ပြီး မဲပုံးထောင်ပြီး လူထုဆန္ဒခံယူပွဲလုပ်ကြည့်လိုက်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ကြိုက်လွန်းတဲ့သူ ၅ဝ ရာခိုင်နှုန်းကျော်ရင် တသက်လုံးမပြင်ဘဲ ဒီအတိုင်း လက်ခံပါမယ်လို့ ကတိပြုပါတယ်။ လုပ်ရဲရင် လုပ်ကြည့်ကြစေချင်ပါတယ်။

၂ဝဝ၈ စာအုပ်အစိမ်းထဲမှာ ဘာပါလဲလို့မသိဘဲ ဘုမသိဘမသိပြင်ဖို့ပြောနေတာမဟုတ်ပါဘူး။ သေသေချာချာ လေ့လာပြီးလို့ ပြောနေတာပါ။ ကမောက်ကမတွေက အများကြီးပါ။ ပုဒ်မ ၅၈ မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်လို့ ပါပါတယ်။ ဒါဆိုသမ္မတကြီးဟာ နိုင်ငံမှာရှိတဲ့အားလုံးရဲ့အထွတ်အထိပ်ပေါ့။ နောက်တော့ ပုဒ်မ ၂ဝ(ဂ) မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်လို့ လာပြန်တယ်။ အဲဒီမှာ ပုဒ်မနှစ်ခုဆန့်ကျင်ဘက်ဖြစ်နေတယ်။ သမ္မတဟာ နိုင်ငံသားအားလုံးရဲ့ အထွတ် အထိပ်ဖြစ်တယ်ဆိုခဲ့ရင် လက်နက်ကိုင်တပ်ဖွဲ့ဆိုတဲ့ ရဲနဲ့ တပ်မတော်သားတွေဟာလည်း မြန်မာနိုင်ငံသား တွေဖြစ်တာကြောင့် သမ္မတဟာသူတို့ရဲ့အကြီးအကဲလည်း ဖြစ်ရမှာပေါ့။ နိုင်ငံတော်သမ္မတသည် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး၏ အကြီးအကဲဖြစ်သည်လို့ ဥပဒေမှာ ပြဋ္ဌာန်းရမှာပေါ့။ ပြီးတော့မှ နိုင်ငံတော်သမ္မတပြီးရင် ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ဝန်ကြီးပြီးရင် ကာကွယ်ရေးဦးစီးချုပ်တို့သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲဖြစ်သည်လို့ လာရမှာပေါ့။ ဒါမှသာ နိုင်ငံတော်သမ္မတဟာ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီတော့ပေမပေါ့။ အဲဒီလို ကို ၂ဝဝ၈ စာအုပ်ကြီးက ကမောက်ကမ များစွာဖြစ်နေတာပါ။

ဒီတော့ ၅၉(စ)ကို မဖျက်သိမ်းရေးသိပ်ပြီး လိုလားဆန္ဒပြနေသူတွေဟာ ၅၉(စ)ကို ကာကွယ်သလို ပုဒ်မ ၅၈ တကယ်အာဏာသက်ဝင်လာစေဖို့ကိုလည်း ကြိုးစားဆန္ဒပြကြစေချင်ပါတယ်။ ပုဒ်မ ၅၈ ကို ပုဒ်မ ၂ဝ(ဂ)က ကန့်လန့်တိုက် ကွဲလွဲဆန့်ကျင်နေတာကိုလည်း ဆန္ဒပြကြစေချင်တယ်။ သမ္မတအရည်ချင်းသတ်မှတ်ချက်ကို ပုဒ်မ ၅၉ မှာ က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ ဆိုပြီး (၇)ပိုဒ်တိတိ ရေပက်မဝင်အောင် တိတိကျကျပြဋ္ဌာန်းထားပေမဲ့ နိုင်ငံတော်မှာ အရေးကြီးတဲ့လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲဆိုသူ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ထိုက်သူရဲ့ အရည်အချင်းကန့်သတ်ချက်တွေကိုကျတော့ ပုဒ်မ ၃၄၂ မှာ ဘာမှမည်မည်ရရ ပြဋ္ဌာန်းမထားပါဘူး။ ကာကွယ် ရေးဦးစီးချုပ်ဖြစ်ထိုက်သူရဲ့ အရည်အချင်း၊ အသက်ကန့်သတ်ချက်၊ လက်ရှိတာဝန်ထမ်းဆောင်သူကို ပြန်ရွေးရခြင်းဟုတ်၊ မဟုတ် အငြိမ်းစားယူပြီးသူကို ခန့်ခွင့်ရှိ၊ မရှိ သမ္မတတခါတက်ရင် တပ်ချုပ်တကြိမ် ပြန်ရွေးရမှာလား၊ တခါရွေးပြီးရင် သက်တမ်းက ဘယ်နှနှစ်လဲဆိုတာတွေကို သေသေချာချာ ဘာမှ ရေးပြ မထားပါဘူး။ သမ္မတတွေ၊ ဒုသမ္မတတွေ၊ ဝန်ကြီးတွေ၊ တရားသူကြီးချုပ်တွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးအဖွဲ့ဝင်တွေကိုတာဝန်မှ ရုပ်သိမ်းဖို့ စွပ်စွဲပြစ်တင်ခြင်းဆိုတဲ့အခန်းတွေကို အသီးသီးပြဋ္ဌာန်းထားပေမဲ့စာ ပုဒ်မ ၃၄၂ မှာတော့ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ၏အဆိုပြုချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်ဆိုတဲ့ စာတကြောင်းပဲပါပါတယ်။ ဘယ်သူ့ကို၊ ဘယ်လိုအရည်အချင်းကြောင့်၊ အသက်ဘယ်လောက်အထိ၊ ဘယ် လိုခန့်ရမယ်ဆိုတာ မပါပါဘူး။ ၅၉(စ)ကိုပဲ၊ မဲနေသော ဆရာများ ၃၄၂ ရဲ့ မရှုပ်မရှင်းတွေကို တယောက်မှပြောသံမကြားပါဘူး။ ပုဒ်မ ၅၈ ရဲ့ ပြဋ္ဌာန်းချက်ကို တယောက်မှ ပြောသံမကြားမိပါဘူး။ ပုဒ်မ ၂ဝ(ဂ)ကို တယောက်မှ ပြောသံမကြားပါဘူး။ မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား မပြောတတ်ပါဘူး။

အဲဒီတော့ ၂ဝဝ၈ အခြေခံဥပဒေမှာ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ ရှေ့နောက်မညီတာတွေ အများကြီးပါပါတယ်။ အသေးစိတ်ပြောရရင် မကုန်နိုင်ပါဘူး။ အချိန်တန်ရင် ၄၅ ဦး ကော်မတီကတဆင့် ဘယ်ပုဒ်မတွေဟာ ဘယ်လိုပြင်သင့်တယ်ဆိုတာ လွှတ်တော်ထဲကို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် မဲခွဲဆုံးဖြတ်တဲ့အခါ ဘယ်သူတွေဟာ တိုင်းပြည်အတွက် စဉ်းစားတယ်၊ ဘယ်သူတွေဟာ ကိုယ့်အဖွဲ့အသာရဖို့ပဲ စဉ်းစားတယ်ဆိုတာ တိုင်းပြည်က မျက်ဝါးထင်ထင်တွေ့မြင်ကြရပါလိမ့်မယ်။ နောက်ဆုံးပြောချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘုရားဟောမဟုတ်သလို ကောင်းသထက်ကောင်းအောင် ပြင်ကိုပြင်ကြရမှာပါ။ သူများနိုင်ငံတွေမှာလည်း အကြိမ်ကြိမ်ပြင်ကြဆင်ကြပြီးပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တယ်ဆိုတာ ဘာမှဆန်းတဲ့ ကိစ္စမဟုတ်ဘူး။ ပြင်လို့မရအောင် မခက်ခက်အောင် အတင်းဆုပ်ကိုင်ထားတဲ့ကိစ္စကသာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အတ္တတွေကြောင့် မသမာတဲ့ကိစ္စတခုဖြစ်ပါကြောင်း။

သရဝဏ်(ပြည်)

News Watch

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8819,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ချင်တာလဲ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ချင်တာလဲ
https://2.bp.blogspot.com/-_tY4sWebFeE/XNbnnybwx2I/AAAAAAAAfuA/JAUVBjIfwgMKYK2RifKGFC8xpPiylYN3gCLcBGAs/s640/q1.jpg
https://2.bp.blogspot.com/-_tY4sWebFeE/XNbnnybwx2I/AAAAAAAAfuA/JAUVBjIfwgMKYK2RifKGFC8xpPiylYN3gCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2019/05/blog-post_12.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2019/05/blog-post_12.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy