0 (၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ KNU ထိန်းချုပ်နယ်မြေများတွင် ကျင်းပ
Photo..Getty images.Reuters
ယနေ့ကျရောက်သည့် (၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပေးပို့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၏ မိန့်ခွန်း၌ “ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၃နှစ်တိုင် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ကရင်တမျိုးသားလုံး မျှော်လင့်ချက်ပန်း တိုင်သို့ မရောက်ရှိသေးတဲ့အတွက် ကရင်တမျိုးသားလုံး လိုလားတဲ့ လွတ်လပ်ငြိမ်းချမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည် ရရှိရေးကို ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ထို့အပြင် KNU ၏ လမ်းညွှန်မှုအောက်မှ ကရင်လူထုနှင့် ကရင်တပ်မတော်သားများအနေဖြင့် မတရားမှုမှန်သမျှကို ကျော်လွှား နိုင်ရန် ခိုင်မာသောသတ္တိ၊ မှန်ကန်သော အမျိုးသားစိတ်ဓာတ်ဖြင့် ဥက္ကဌကြီး၏ မူ ၄ချက်နှင့် ရပ်တည်ပြီး ဘ၀တူ အဖိနှိပ်ခံ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရေး ဘက်ပေါင်းစုံ ဆက်လက် တိုက်ပွဲဝင်သွားရန် တိုက်တွန်းခဲ့သည်။
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကရင်အ မျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDOတို့ကို ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့တွင် ထိုစဉ် အုပ်ချုပ်သူ ဦးနုအစိုးရက မတရား အသင်းအဖြစ် ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ရန်ကုန်ရှိ KNDO ဌာနချုပ်ကို ဦးနု ဦးဆောင်သည့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သဖြင့် တပြည်လုံးရှိ ကရင်လူမျိုးများက ပြန်လည် ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင် ဖြစ်ပေါ်ခဲ့သည်။
Ref:(ကေအိုင်စီ)
0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်းကျေးရွာတွေ ဖွံ့ဖြိုးရေးလေ့လာ (ဓာတ်ပုံ)

Photo.Getty images. Reuters
မကွေးတိုင်း မြိုင်မြို့နယ်ထဲက ပဲပင်တိုက်နဲ့ ကျစ်ကြီး ကျေးရွာ ၂ခုမှာ ဗြိတိသျှအစိုးရ လက်အောက်မှာ ရှိတဲ့ DFID အဖွဲ့က ကူညီလုပ်ဆောင်ပေးနေတဲ့ ကျေးရွာ ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းတွေကို ဒီကနေ့ ဇန်န၀ါရီ ၃၁ အင်္ဂါနေ့မှာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာခဲ့တာပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗြိတိသျှ သံအမတ်ကြီးလည်း လိုက်ပါသွားသလို နေ့ချင်းပြန် သွားခဲ့ကြတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုံးက တာဝန်ခံ တဦး ဖြစ်တဲ့ ဦးခွန်သာက ပြောပါတယ်၊
ဦးခွန်သာမြင့်။ “ဒီကနေ့ကတော့ ဗြိတိသျှအစိုးရရဲ့ Department For International Development ဆိုတဲ့ ဌာနက မြန်မာပြည်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းလေးတွေပေါ့။ အဲဒီထဲမှာ မြိုင်မြို့နယ် ထဲမှာ ရှိတဲ့ ရွာနှစ်ရွာက စခန်းလေးတွေနဲ့ လုပ်ငန်းစဉ်လေးတွေကို သွားကြည့်ပါတယ်။ လိုအပ်တာလေးတွေကို ဆွေးနွေးကြတာပေါ့။ မနက်က ရန်ကုန်ကထွက်လာပြီး ပုဂံ ညောင်ဦး ရောက်ပါတယ်။ ပြီးတော့ ပခုက္ကူ၊ ပခုက္ကူကနေမှ ရွာတွေ သွားပါတယ်။ ခု အပြန်ခရီးပါ။ နေ့ချင်းပြန်ခရီးပါ။”
ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို နိုင်ငံတကာက ပေးလာကြမယ့် ဖွံဖြိုးရေးဆိုင်ရာ အကုအညီတွေမှာ ထိရောက်တဲ့ ပူးပေါင်းမှုနဲ့အကူအညီတွေဖြစ်အောင် ကြိုတင်လေ့လာတာဖြစ်တယ်လို့ ပြောပါတယ်၊
အခု မြိုင်မြို့နယ်ထဲက အဲဒီကျေးရွာ ၂ခုမှာ ဗြိတိသျှအစိုးရရဲ့ DFID အဖွဲ့က ရေရရှိရေး စီမံကိန်းတွေ အပါအ၀င် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တွေဖြစ်တဲ့ အပ်ချုပ်လုပ်ငန်း၊ ယက္ကန်းလုပ်ငန်း မုန့်မျိုးစုံ လုပ်ငန်း နဲ့ ဆိုင်ကယ်ပြင်လုပ်ငန်းလိုမျိုးတွေမှာလည်း နည်းပညာပိုင်းဆိုင်ရာတွေနဲ့ အကူအညီ ပေးနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီစံမံကိန်းတွေဟာ ဘယ်လောက်ထိကျေးရွာလူထုဖွံဖြိုးမှုကို အထောက်အကူဖြစ်စေတယ်၊ ဘယ်လိုအခက်အခဲတွေတော့ ရှိနေသေးတယ်ဆိုတာတွေကို သိဖို့အတွက် ကျေးရွာလူထုနဲ့လည်း တွေ့ဆုံ မေးမြန်း တာတွေ လုပ်ခဲ့ပါတယ်။
ဦးခွန်သာမြင့်။ “ အပြည်ပြည်ဆိုင်ရာအစိုးရတွေက မြန်မာပြည်ကို အကူအညီပေးတဲ့အခါကျတော့ ခုဒါတွေကတော့ သိပ်မကြီးသေးဘူးပေါ့။ ဒါပေမဲ့ အများကြီးဝင်လာတဲ့အခါကျတော့ ဘာတွေ လုပ်ပေးသင့်တယ်၊ ဘယ်လိုပုံစံတွေဖြစ်သင့်တယ်ဆိုတာကို အကြံပေးလို့ ရအောင် တောင်းဆိုလို့ ရအောင် ပူးပေါင်းလို့ ရအောင်ပေါ့။ အဲဒီတော့ ဒါလေး သွားလေ့လာတာပေါ့။ တွေ့ကြတဲ့အခါကျတော့ ထိရောက်မှုရှိအောင်ရယ်၊ မှန်ကန်မှုရှိအောင်ရယ်၊ အဲဒါက အရေးကြီးပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုပြီးတော့ လုပ်ကြတဲ့အခါမှာ မှန်ကန်ဖို့လည်း လိုသေးတာကို။ ရတဲ့ ပိုက်ဆံတွေ အလဟဿဖြစ်မသွားဖို့လည်း လိုပါတယ်။ တကယ်တမ်းလက်တွေ့လုပ်နေတာတွေကို သွားဆင်းကြည့်တော့လည်း လိုအပ်တဲ့အရာတွေနဲ့ ဖြည့်ဆည်းပေးရမှာတွေ တွေ့တာပေါ့။ နောက်ပိုင်းအတွက် အထောက်အကူဖြစ်တာပေါ့။”
အခု ဦးခွန်သာမြင့်ကို ဆက်သွယ်မေးမြန်းချိန်မှာ ပခုက္ကူမြို့ထဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်း ဖြတ်နေတဲ့အချိန်ဖြစ်နေတာမို့ မြို့ခံလူထုတွေ ဒေါ်အောင်ဆန်းစုကြည်ကို အော်ဟစ်ကြိုဆို နှုတ်ဆက် နေကြတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်၊
ဦးခွန်သာမြင့် ။ “ မြိုင်မြို့နယ်က စခန်းလေးတွေမှာပါပဲ၊ လာကြိုကြတဲ့ လူတွေကို စကားပြောပါတယ်။ ပြန်ကာနီးကျတော့လည်း အကျိုးအကြောင်းပေါ့။ ရှေ့လျှောက်ပြီး ဘာလုပ်မလဲ၊ လိုအပ်တာတွေကို ဖြည့်ဆည်းဖို့ရယ် ပြည်သူတွေကိုယ်တိုင်ကလည်း တက်တက်ကြွကြွ ပါဝင်ဖို့ရယ်၊ ကိုယ့်အားကိုယ်ကိုးကြ ဖို့ရယ်၊ အများကြီးပြောပါတယ်။ လာတာကတော့ စည်းရုံးရေးခရီးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အစ်မ သွားတော့လည်း တမြို့လုံးထွက်ကြတာပါပဲ။ မနက်ကဆိုရင် ပခုက္ကူမြို့ထဲကို တနာရီကျော် ဖြတ်ယူရ ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မကွေးတိုင်း ခရီးစဉ်အတွင်းမှာ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့် ကို ဆက်သွယ်မေးမြန်းထားတာပါ၊ ဒီခရီးးစဉ်တလျှောက် ဒေသခံအာဏာပိုင်တွေဘက်လည်း လုံခြုံရေးတွေမှာ ၀ိုင်းဝန်းကူညီခဲ့တယ်လို့ မြို့ခံတဦးကလည်း အခုလို ပြောပြပါတယ်။
“ ကူညီပါတယ်ခင်ဗျ၊ ရဲအရာရှိတွေ၊ နယ်ထိန်းတွေ လုံခြုံရေးမှူးတွေ၊ အရာရှိတွေ လိုက်ပါပြီးတော့ ကူညီကြပါတယ်။ ၂နာရီခွဲလောက်က ထွက်လာတာ၊ ခု ပခုက္ကူတံတားကြီးကို ရောက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကားတန်းနောက်မှာ ကျွန်တော်တို့ ပါလာပါတယ်။”
ပခုက္ကူမြိုခံပါရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစူကြည်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက် တနင်္ဂနွေနေ့ကလည်း ထားဝယ်မြို့ကို ပါတီစည်းရူံးရေးခရီးစဉ်အဖြစ် သွားခဲ့သလို လာမယ့် ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးတိုင်း၊ တခါ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပုသိမ်မြို့ကိုလည်း သွားမှာ ဖြစ်သလို ကချင်နဲ့ရှမ်းပြည်နယ်ဘက်တွေကိုလည်း စည်းရုံးရေးခရီးတွေထွက်ဖိှု့ရှိတယ်လို့လည်း NLD ပါင်္တိက ပြောပါတယ်၊၊ (VOA)
0 အနာဂတ်ခေါင်းဆောင်များအတွက် ရက်ပေါင်း (၄၀)
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် လာရောက်ကုသိုလ်ဖြစ် လုပ်အားဒါန များပေးကြသော အသင်းသူ/သားများနှင့် ဝန်ထမ်းများထဲမှ မိမိတို့ စားဝတ်နေရေး၊ မိသားစုအရေးများကို ရုန်းကန်လှုပ်ရှားကြရသည့် အချိန်များထဲမှ မိမိတို့၏ ပညာရေးအား ဂုဏ်ထူးဘွဲ့ထူးများရရှိအောင် ကြိုးစား ကြသော အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာသလို စားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ မိဘကိုကူညီလုပ်ကိုင်ရင်း ကျောင်းတက်ကာပညာရေးအတွက် ရုန်းကန်နေရသော မျိုးဆက်သစ်များသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဝင်ရောက်ဖြေဆိုရန်အတွက် ရက်ပေါင်း (၄၀) ခန့်သာ လိုတော့သည်။
မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ မုဒိတာလမ်းရှိ “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦးတို့မှာလည်း မိဘကိုကူညီရင်း ကျောင်းတက်ကာ စာကျက်နေရသောကြောင့် ပင်ပန်းနွမ်းနယ်နေကြကြောင်း “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းမှ ဆရာ/ မများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် စာမေးပွဲဖြေဆိုရန် ရက်ပေါင်း (၄၀) သာကျန်တော့သည့် ကျောင်းသား/သူများ၏ ပင်ပန်းနွမ်းနယ်မှုများကို ပပျောက်စေကာ ဦးနှောက်ရွှင်လန်း၊ ဉာဏ်ပညာထက်မြတ်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစန်းအေး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်ခင်သီတာ အောင်တို့မှ ၃၀.၁.၂၀၁၂ ရက်နေ့တွင် Ovaltine 400gm (၃၅)လုံး၊ Milo 285gm (၃၅) ဘူး၊ Enervon-C 30 tabs (၃၅)ဘူး၊ Mixagrip 4 tabs Card (၁၄၀) ကဒ်တို့ကို သွားရောက်လှူဒါန်းမှု ပြုခဲ့ကာ ကျောင်းသား/သူများအား အားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းမှ ပေါ်ထွက်လာမည်ဟု ယုံကြည်မိပါတော့သည်။
ကိုကျော်သူ
0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်မြို့တွင်ပြောကြားသောဟောပြောချက်(အသံဖိုင်)
ထားဝယ်မြို့မှာ ဟောပြောခဲ့တဲ့ အမေစုရဲ့ ဟောပြောချက်လေးပါ..
နေရာ - ဗိုလ်ချုပ်လမ်း တော်ဝင်ဦးဘေဘီစတိုး / အချိန် - မွန်းလွဲ ၄း၀၀
0 ရွှေဝါရောင် အရေးအခင်း ကတည်းက ပျောက်ဆုံးနေသည့် သားအား မိခင်က စောင့်မျှော်နေ

ပျောက်ဆုံးလျှက်ရှိသူ ကိုကိုဇော် (ခေါ်) ဇော်ကို၏ ငယ်စဉ်ကဓါတ်ပုံ
Mother long awaited son who was missing since Saffron revolution 2007
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကတည်းက ပျောက်ဆုံးလျှက်ရှိသည့် သားဖြစ်သူ ကိုကိုဇော်အား မကြာမီ နိုင်ငံရေး အကျဉ်းသား ၄ သုတ်လွှတ်ပေးစဉ် ပြန်လာနိုးဖြင့် မျှော်လင့်နေခဲ့သည်ဟု မိခင်ဒေါ်ဖြူဖြူမြင့်က YPI သို့ပြောသည်။
သားဖြစ်သူ ကိုကိုဇော် (ခ) ဇော်ကိုမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သူငယ်ချင်းနှင့်အတူ ရန်ကုန်မြို့လယ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် မြို့တော်ခန်းမ အနီးလူအုပ်ကြားထဲ သူငယ်ချင်းနှင့် ကွဲသွားခဲ့ရာမှ ထိုနေ့ည ၎င်းတည်းခိုရာ သူငယ်ချင်းအခန်းသို့ ပြန်မလာတော့သည်မှာ ယနေ့ထိဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောသည်။
ကိုကိုဇော်မှာ ထိုစဉ်က အသက် ၂၁ နှစ်အရွယ်ရှိပြီး မကွေးမြို့ စီးပွားစီမံ ပထမနှစ်ကျောင်းသားဖြစ်ကာ ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေရန် လာရောက်နေထိုင်နေစဉ် ရွှေဝါရောင် သံဃာ့အရေးအခင်း ဖြစ်ပွားလာပြီး ယင်းကဲ့သို့ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
မိခင်ဖြစ်သူက သူ့အနေဖြင့် မျှော်လင့်နေသည်ကို “သူများတွေ လွှတ်တယ်လွှတ်တယ်ဆိုတော့ ကိုယ့်သားလေးများ ပါမလားပေါ့၊ မျှော်တာပေါ့၊ နောက်တသုတ်ပြီး တသုတ်၊ ၄ သုတ်လောက်လွှတ်ပြီး ပါမလာဘူးဆိုတော့ စိုးရိမ်လာတာပေါ့” ဟု YPI သို့ပြောသည်။
ကိုကိုဇော် ပြန်ရောက်မလာသည့် နောက်ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် နေထိုင်သည့် အဒေါ်ဖြစ်သူ ဒေါ်မော်မော်မြင့်က ရန်ကုန်ဆေးရုံကြီးနှင့် ရင်ခွဲရုံတို့သို့ သွားရောက်ကာ စုံစမ်းခဲ့သော်လည်း တူဖြစ်သူနှင့် ပတ်သက်သည့် သဲလွန်စ မရရှိခဲ့ဟု မိခင်က ပြောပြသည်။
“သိသိချင်း သူ့အဒေါ်တွေက ဆေးရုံတွေလိုက်တယ်၊ ရင်ခွဲရုံတွေသွားမေးတယ်။ ဆေးရုံဆရာဝန်မက ဒီမှာ သေနတ်မှန်တဲ့ လူနာမရှိဘူးလို့ ပြောတယ်၊ ရင်ခွဲရုံသွားတော့ ကုလားလေးက အမတို့လူနာက ဘာဝတ်ထားလဲပေါ့၊ အဲလိုအဲလိုဝတ်ထားတယ်ဆိုတော့ မရှိဘူးလို့ဖြေတယ်၊ အထဲထိတော့ ပေးမ၀င်ဘူးပေါ့ ” ဟုထိုစဉ်က လိုက်လံစုံစမ်းခဲ့သည့် အဖြစ်ကိုပြန်လည်ပြောပြသည်။ယင်းသို့ စုံစမ်းသော်လည်း သဲလွန်စမရသဖြင့် အဖမ်းခံရပြီး အကျဉ်းကျနေသည်ဟု မိခင်နှင့် အဒေါ်ဖြစ်သူတို့က မျှော်လင့်ထားခဲ့ကြာရာ ရွှေဝါရောင်သံဃာ့အရေးအခင်းနှင့် ပတ်သက်သူများ လွတ်မြောက်လာသည့် အခါတိုင်း သားဖြစ်သူ ပြန်လာနိုးဖြင့် မျှော်လင့်ခဲ့ရကြောင်းကို မိခင် ဒေါ်ဖြူဖြူမြင့်ကပြောသည်။
“သားက တကယ်လို့ တခြားကိုထွက်သွားမယ် ရှောင်သွားမယ်ဆိုရင်လည်း သူ့မှတ်ပုံတင်နဲ့ ပိုက်ဆံလောက်တော့ ပြန်လာယူမှာပဲ၊ ကျွန်မအဲလိုစဉ်းစားတယ် ” ဟုပြောသည်။
အောက်တိုဘာလ နောက်ပိုင်းတွင် ရဲစခန်း၌ လူပျောက်တိုင်ကြားခဲ့သော်လည်း မည်သည့်အကြောင်းပြန် ချက်မှ မရကြောင်း သူ့အနေဖြင့်လည်း အစိုးရ၀န်ထမ်း တဦးဖြစ်သည့်အတွက် ထိုစဉ်က ပေါ်ပေါ်ထင်ထင် မစုံစမ်းရဲပဲ ရှိခဲ့ရာမှ ယခုအခါ အနည်းငယ်ပွင့်ပွင့်လင်းလင်း ဖြစ်လာသည့်အတွက် ယခုကဲ့သို့ အဖြစ်အပျက်ကို ထုတ်ပြောရခြင်းဖြစ်သည်ဟု ဆိုသည်။
ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၄ ဦးသာရှိခဲ့သည်ဟု ထိုစဉ်က ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက အဖြစ်အပျက်ဖြစ်ပွားပြီးမကြာမီ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပီညဲရိုးလာရောက်စဉ် တရားဝင်ပြောဆိုခဲ့သည်။
သို့ရာတွင် ယင်းအရေးအခင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ထုတ်ပြန်သည့် အစီရင်ခံစာတွင် အနည်းဆုံး ၃၀ ကျော်သေဆုံးခဲ့ရသည်ဟု ဖေါ်ပြထားခဲ့သကဲ့သို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Right Watch အဖွဲ့က ထုတ်ပြန်သည့် Crackdown အမည်ပေးထားသည့် အစီရင်ခံစာတွင် အနည်းဆုံး သေဆုံးသူ ၃၂ ဦးရှိသည်ဟု ဖေါ်ပြပါရှိသည်။ ။
Yangon Press International
0 ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ အဖွဲ့ ဝင်ဟောင်းများကနေ သူရဦးရွှေမန်းသို့ ”စွမ်းအားရှင်” ကိစ္စဖြေရှင်းရန် စာပေးပို့ ။
0 ဘာသာပြန် မြန်မာသတင်းများ (မောင်သစ်စိမ်း-mmcp)
အိန္ဒိယတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းမည်
source: Calcutta News
နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ဒီမိုကရေစီတိုက်ပွဲဝင်လာခဲ့သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိJamia Milia Islamia တက္ကသိုလ်က မကြာမီ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ တက္ကသိုလ်က အထူးအစည်းအဝေး ခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်ဖို့ ရှိပါတယ်။ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး ဘွဲ့အပ်နှင်းမယ့်အကြောင်း ပြောမယ်၊ တစ်ကယ်လို့ သူကလက်ခံနိုင် မယ်ဆိုရင်၊ ဒီကိုလည်း လာရောက်ဖို့ အချိန်ပေးနိုင်မယ်ဆိုရင် အထူးတွေ့ဆုံပွဲနဲ့ ဘွဲ့အပ်နှင်းဖို့ရှိပါတယ်"ဟု Vice Chancellor ဖြစ်သူ Najeeb Jungက တက္ကသိုလ်တွင် ပြုလုပ်နေသော "Myanmar: Bridging South and Southeast Asia" ခေါင်းစဉ်ဖြင့် ဟောပြောနေစဉ် ပြောဆိုခဲ့ကြောင်း သိရသည်။
UNအထူးကိုယ်စားလှယ် မြန်မာပြည်လာမည်
source: AFP
ကုလသမဂ္ဂမှ မြန်မာပြည်အတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ Tomas Ojea Quintanaက မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို လေ့လာဆန်းစစ်ရန် အင်္ဂါနေ့တွင် မြန်မာပြည်သို့ လာမည်ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်ဟု သိရသည်။
"ကျွန်တော်တို့အနေနဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်နေရပြီး နိုင်ငံ့သမိုင်းရဲ့ အရေးပါတဲ့ ဒီလိုအချိန်မှာ ကျွန်တော်လာရောက် ရခြင်းပါ။ ဒီအပြောင်းအလဲတွေကြားက လူအခွင့်အရေးတိုးတက်မှုတွေကို လေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်"ဟု သူကဆိုသည်။`၎င်းက အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေပြုအမတ်များနှင့် မြန်မာ့လူ့အခွင့်အရေး ကော်မရှင်တို့နှင့် တွေ့ဆုံရန်ရှိပြီး ဖေဖေါ်ဝါရီ ၅ ရက် နောက်ဆုံးနေ့တွင် ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ၎င်း၏ အစီရင်ခံစာကို ဖေဖေါ်ဝါရီ ၂၇ တွင်ပြုလုပ်မည့် ၁၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၌ တင်ပြမည်ဖြစ်ကြောင်း သိရသည်။
Michelle Yeohက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ထပ်မံကြိုးစားမည်
source: The Telegraph
The Laday ဇာတ်ကား၏ အဓိကသရုပ်ဆောင် Michelle Yeoh က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် မြန်မာပြည်လာဖို့ ထပ်မံကြိုးစားနေကြောင်း သိရသည်။ မလေးရှားနိုင်ငံဖွားMichelle Yeohသည် လွန်ခဲ့သည့်နှစ် ဇွန်လက မြန်မာပြည်လာရန် ကြိုးစားရာ၌ လေဆိပ်တွင် အကြောင်းပြချက်မရှိပဲ အထိန်းသိမ်းခံခဲ့ပြီး မြန်မာပြည်မှ နှင်ထုတ်ခံခဲ့ရသည်ဟု သိရသည်။ "မြန်မာပြည်က အလွန်သာယာတဲ့ နိုင်ငံတစ်ခုပါ။ ဟိုးတစ်ခေါက်တုန်းက နေရာစုံအောင် မသွားခဲ့ရဘူး။ ဒီတစ်ခါတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး နေရာစုံအောင်သွားမယ်"ဟု သူကဆိုသည်။
(မောင်သစ်စိမ်း-MMCP)
0 ဂျပန်အသံလွှင့်ဌာနများမှထုတ်လွှင့်သွားသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးထားဝယ်ခရီးစဉ် (ရုပ်/သံ)
0 မြန်မာ့ဆက်သွယ်ရေးမှ ကြေငြာချက်အပေါ်တုန့်ပြန်ခြင်း....(ဟာဂျူလီ.ကသာ)

မြန်မာ့ဆက်သွယ်ရေးက မကြာခင်နာရီပိုင်းက အထက်ပါအတိုင်းကြေငြာပါတယ်၊အဲဒီကြေငြာချက်အပေါ် အောက်ပါအတိုင်းတုန့်ပြန်ပါတယ်..
(၁)ယခင်မြန်မာဆက်သွယ်ရေးကဖုန်းတစ်လုံးကို မတန်တဆ ၁၅သိန်းနဲ့ ရောင်းချခဲ့ခြင်းအပေါ် ..ရှုံ့ချပါတယ်၊၁၅သိန်းပေးဝယ်ခဲ့သူများအပေါ် ၀န်ဆောင်မှု ဘာမှမလုပ်ပေးခဲ့သည့်အတွက် အထင်သေး မိပါတယ်၊တာဝန်မဲ့သည်ဟုလည်း ယူဆပါတယ်၊ထို့အပြင်၁၅သိန်းတန်ဖုန်းများ လစဉ်ခေါ်ဆိုခ ကျသင့် သည်ထက် ပိုမိုများနေသည့်အပေါ် စုံစမ်းစစ်ဆေး အယူမှုများပြုလုပ်သင့်ပါတယ်၊ မိမိသုံးစွဲသည့် ဖုန်းခေါ်ဆိုခ ထက် ပိုမိုကျသင့်နေသည့်ဖြစ်စဉ်များ ဂျာနယ်များတွင် တွေ့နိုင်ပါတယ်၊
(၂)မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်းလိုင်းများတိုးချဲ့နေသည် ဆိုသော်လည်း အဝေးလိုင်များ အလွန်ညံ့ဖျင်းလာပါသည်၊ကျွန်တော်၏ တုန့်ပြန်ချက်အား မယုံကြည်လျှင် ကသာမြို့သို့ ယခုပင် ဖုန်းခေါ်ကြည့်လိုက်ပါ..(မည်သူမဆို စမ်းသတ်ခေါ်ဆိုကြည့်နိုင်ပါသည်)၀၇၅ ၂၅၄၆၄.၊.၀၇၅၂၅၂၄၀.၊၀၇၅ ၂၅၇၀၅)ခေါ်ကြည့်ပါ..ဒါဆို လက်ရှိဖြစ်နေသော မြန်မာ့ဆက်သွယ်ရေးအခြေအနေကို သိနိုင်ပါသည်၊
ကသာမြို့မှာ အီးလိုင်းဟုခေါ်သော အဝေးဖုန်းလိုင်း ဘယ်နှလိုင်းပဲ ရှိတယ်ဆို လူကြီးမင်းတို့၏ စစ်ကိုင်းတိုင်းဆက်သွယ်ရေးမန်နေဂျာကိုမေးကြည့်ပါ။ ကသာမြို့အပါအ၀င် မြန်မာနိုင်ငံအထက်ပိုင်းကလူတွေ ဆက်သွယ်ပြောဆိုမှုမည်မျှခက်ခဲနေသည်ကိုသင်တို့မသိယောင်ဆောင်နေကြပါသည်၊.
တာဝန်သိကုမ္မဏီများမှ ၅၀၀၀တန်ဟု ပြောဆိုနေခြင်းကို သင်တို့ ကမဖြစ်နိုင် ..တည်ဆဲဥပဒေနှင့် မကိုက်ညီဟု ပြောဆိုနေခြင်း သည် ..မိမိကလည်း ဘာမှမလုပ်ပေးနိုင်.လုပ်ပေးနိုင်ပါသည်ဆိုသော ကုမ္မဏီများအပေါ်တိုက်ခိုက်ပြောဆို ကြေငြာနေခြင်းသည် လူထု၏ စိတ်ကူးယဉ်ကျေနပ်နေခြင်းအပေါ် ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ယူဆ တုန့်ပြန်အပ်ပါသည်...
0 ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်ထားဝယ်မြို့လူထုကြီးက တခဲနက်ကြိုဆိုထောက်ခံ


နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်နိုင်ငံရေးခရီးစဉ် ထွက်ခွာသောဒေါ်အောင်ဆန်းစုကြည်က လူထုသို့ ရွေးကောက်ပွဲဝင်ရခြင်း၏အကြောင်းအရင်းကို ပြောကြားခဲ့သည်။
“ ဒီမိုကရေစီကိုထူထောင်နိုင်တယ်ဆိုတာ ပြည်သူက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ၊ ကျွန်မတို့ကရွေးကောက်ပွဲဝင်တယ်ဆိုတာ ကျွန်မတို့ ဘာလုပ်ပေးမယ်လို့မပြောဘူး ။ ပြည်သူတွေကို လုပ်ပိုင်ခွင့်ရအောင်ကြိုးစားပေးမယ်လို့ ပြောချင်ပါတယ်။ ပြည်သူတိုင်းအတွက်တိုးတက်အောင်၊ ပြည်သူတွေကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးနိုင်ဖို့အတွက် ၊ ပြည်သူတွေအကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့အတွက် ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်အောင်လုပ်ဖို့အတွက်ရွေးကောက်ပွဲဝင်တာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က လောင်းလုံး တွင်ကြိုဆိုနေသော ဒေသခံပြည်သူများသို့ပြောကြားခဲ့သည်။
ထားဝယ်မြို့မှ လောင်းလုံး သို့သွားသောလမ်းတစ်လျှောက် နေရာလပ်မရှိရအောင် ကြိုဆိုသူများဖြင့် ကြက်ပျံမကျစည်ကားနေသည် ။ကျေးရွာများမှ ဒေသခံများမှာလည်း ကားစီးလုံးပြတ်များ ငှားရမ်းကာ လိုက်ပါ အားပေးနေကြပြီး ၊ရာနှင့်ချီသော ဆိုင်ကယ်များမှာလည်း ယာဉ်တန်းနောက်မှလိုက်ပါလျှက်ရှိသည်။
Photo..Getty images.7daysnews,ဥက္ကာကိုကို,Reuters
ထားဝယ်ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကား ကောက်နှုတ်ချက်များ
““မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။မဲဆွယ်တယ်ဆိုတာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရမရှိဘူး။
ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ပေးတဲ့တာဝန်ကို မကြေဘူးဘူးဆိုရင်
နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။
... မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့.ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။
ရေရှည်မှာကျဆုံးမှာပါ””
(ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌
ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ )
မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်းတစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "
(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)
" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "
" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "
" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "
" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "
" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "
" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "
" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
" အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "
(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)
" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "
(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)
The voice weekly








