05/30/13


အကြမ်းဖက် လက်တဆုတ်စာ တွေက လစဉ်လိုလို် ဘာသာရေး ပဋိပက္ခတွေ ဖန်တီးနေတာ တကယ့်ကိုအစီအစဉ်ကျကျပါပဲ။ အရင်က နယ်စပ်အရပ် မျက်နှာ အသီးသီးက တိုင်းရင်းသားလူမျိုးစု အသီးသီးနဲ့ နှစ် (၆၀) နှစ် (၄၀) နှစ်(၂၀) ပြည်တွင်းစစ်တွေအမျှင်မပြတ်မွေးထား ခဲ့တယ်။ တိုင်းပြည်ကမွဲပြာတယ်။ ပြည်သူက ပြောင်ပြောင်ရောင်ရောင်မရှိ၊ အမျော်အမြင်နည်းတဲ့ စစ်ခေါင်းဆောင်လက်တဆုတ်ကြောင့် တပ်မတော်ဟာပြည်သူ့ ချဉ်ဖတ်ဖြစ်ခဲ့တယ်။

တကမ္ဘာလုံးက သီးမခံနိုင်ပြီ ဆိုတဲ့အခါ ဒီမိုကရေစီနိုင်ငံသစ် ထောင်မယ် လို့ကြွေးကြော်လိုက်တယ်။ နိုင်ငံရေးအပြောင်းလား ဗျူဟာအပြောင်းအလဲ လား မရှင်းမလင်းဖြစ်နေချိန်မှာပဲ ရခိုင်ဘက်မှာ မူစလင်ကို စစ်မျက်နှာဖွင့်လိုက်တယ်။ ရခိုင်ပြည်နယ်ဟာ အနောက်ဘက်ဒေသ ဘာသာရေးခံတပ်ကြီးလိုဖြစ်နေတာပါ။ ရခိုင် တိုင်းရင်းသားတွေဟာ လူမျိုးကွဲ ဘာသာကွဲတွေနဲ့ ခေတ်၂ခေတ်လုံးအေးအတူပူအမျှနေခဲ့တယ်။ လွတ်လပ်ရေးရပြီးကတည်းက အဲဒီလောက်ပြင်းထန်တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခမျိုး မဖြစ်ဘူးဖူး။ ပဒေသရာဇ်ခေတ်ကအစပြုလို့ စစ်အာဏာရှင်ခေတ်အထိ ဗမာကိုလိုနီဝါဒကိုဆန့်ကျင်တော်လှန်ကြလို့
ကြွေးကြော်နေတဲ့ မျိုးချစ်ရခိုင်တွေလည်း ဒီတခါတော့ ဗုဒ္ဒသာသနာ အလံတော်အောက်မှာမြန်မာ့တပ်မတော်ကြီးကို ကယ်တင်ရှင်အဖြစ် လက်အုပ်ချီ ဂါရ၀ပြုလိုက်တယ်။
ဦးသိန်းစိန်အစိုးရ ငါးသလောက်အပြုံးနဲ့ အောင်ပွဲခံခဲ့တယ်။

သိပ်မကြာဖူး၊ မိတ္ထီလာမှာ တောကြောင်တွေလက်ခမောင်းခတ်ပြတယ်။ မိတ္ထီလာဟာ အထက်ဗမာပြည်နဲ့အောက်ဗမာပြည် ရဲ့ ကုန်စည် စီးဆင်းရာမြေလတ်ပိုင်းရဲ့ မဟာဗျူဟာကျတဲ့မြို့။

ရှေးဗမာမင်းတွေခေတ်ကစလို့ ဒီနေ့အထိ လယ်ယာကိုင်းကျွန်း သီးနှံ ကုန်စည်တွေ ကိုအထက်အောက်နှစ်ရပ်လုံးဆီ ဒိုင်ခံဖြန့်ဖြူးရာ ကုန်သွယ်ရေးမြို့။ အဲဒီမြို့ကို ဒီပဲရင်းအကြမ်းဖက်မှုဆန်ဆန် အကြမ်းဖက်တွေ က စီးနင်းခဲ့တယ်။ အဲဒီနောက် ပဲခူးတိုင်းကို ကျားကွက်ရွှေ့တယ်။ မြန်မာပြည် အလည်ပိုင်းမြို့တချို့နဲ့မန္တလေးကို သွေးထိုးစမ်းတယ်။ တနိုင်ငံလုံးက မွတ်စလင်လူမျိုးတွေကို အိပ်မက်ဆိုးတွေမက်စေတယ်။ဒီကြားထဲ သာသနာအရေခြုံ အာဏာရှင် လောက်ကောင်တွေ၊ ဒေါက်တိုင်တွေ ကလည်း ၉၆၉ ဂိုဏ်းတွေဖွဲ့ပြီးတစခန်းထတယ်။ မီးလောင်ရာလေပင့် လုပ်ပေးတယ်။ အနှစ်၆၀လောက် အာဏာရှင်အောက်မှာနေခဲ့တဲ့
ပြည်သူတွေဟာတိမ်တွေလို အရောင်အမျိုးမျိုးပြောင်းပြီး လှည့်စားနေတဲ့ ကြံ့ဖွတ်မာယာကို မရိပ်စားမိဖူး။

တရုတ်ကို ကျေးဇူးဆပ်နေတဲ့ ဓားပြအစိုးရဆီက ဒီမိုကရေစီ မုန့်စိမ်းပေါင်း အလကားရလိမ့်မယ်လို့ပဲထင်နေတယ်။ တကျပ်ဖိုးမရလည်း တမတ်ဖိုး ယူမယ်ဆိုတဲ့ အီးယူနဲ့ အမေရိကားကလည်း အခြေအနေအားလုံးမသိချင်ယောင်ဆောင်ပြီးဆန်ရှင်(စီးပွားပိတ်ဆို့မှု) တချို့ဖွင့်ရင်း လက်ခေါက်မှုတ်ပေးတယ်။

မနေ့ တနေ့ကတော့ ရှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမှာတောကြောင်အုပ်တွေပြိုဆင်းတယ်။တရုတ်ပြည်နဲ့ ကုန်စည်ကူးသန်းရာမှာ အရေးပါတဲ့ ကုန်သွယ်ရေးမြို့လေးဟာ မီးထတောက်ပြီးခြောက်ခြားနေတယ်။ ဒီကနေ့ထိ အကြမ်းဖက်တွေကို အရေးယူတာမကြားမိဖူး။

ဒီမိုကရေစီလို့အော်ရတဲ့အခါ မြန်မာ့လွတ်လပ်ရေးနဲ့ ဖွားဖက်တော်ပြည်တွင်းစစ်ကြီးကိုရပ်ပစ်ရမယ်။ ဒါတောင် ခေါင်းမာပြီး အယုံအကြည် နည်းတဲ့ ကချင်နဲ့ အခုထိ နိုင်ငံရေးဈေးဆစ်တုံး။ ဘာဘဲဖြစ်ဖြစ် တပ်မတော် ဟာ အရင်ကလို စစ်မျက်နှာ များများမဖွင့်ရဲဘူး။ ဆိုပါစို့ ပြည်တွင်းစစ်ငြိမ်းရင်စစ်တပ်ကိုလျှော့ချရတော့မယ်။ လူဦးရေတင်မက ဘတ်ဂျက်ပါလျှော့ချရတော့မယ်။ ပိုဆိုးတာက ရာစုနှစ်တ၀က်လောက် လက်နက်သြဇာနဲ့ ဘုန်းမီးနေလတောက်ပြခဲ့တဲ့ စစ်ခေါင်းဆောင်တွေ စားခွက်အပျောက်မခံချင်တာပဲဖြစ်တယ်။

သူတို့အပိုင်စီးထားတဲ့ ဦးပိုင်လို ကုမ္မဏီတွေ၊ မြေယာတွေ၊ အဆောက်အဦးနဲ့ သယံဇာတ အရင်းအမြစ်တွေဟာပီပြင်တဲ့ ဒီမိုကရေစီ စနစ်နဲ့ သဟဇာတ မဖြစ်ဘူး။ ပြည်သူ့ပိုင်ဆိုင်မှုကို အရင်ပုံစံအတိုင်းလက်ဝါးကြီးအုပ်လို့ မရဘူး။ ဥစ္စာဓနပိုင်ဆိုင်မှုတွေ ခွဲဝေပေးရတော့မယ်။ တပ်မတော်သားတွေနဲ့ သူတို့မိသားစုတွေ စားဝတ်နေရေးဖူလုံအောင်မလုပ်နိုင်ရင် ကိုယ့်တပ် ကိုယ့်ပြန်နင်းလိမ့်မယ်။ ပြီးတော့ ကျဆင်းနေတဲ့ တပ်မတော် ဂုဏ်သိက္ခာနဲ့ လူထုရဲ့ ယုံကြည်မှုပျက်ပြားနေတာကို ပြန်တည်ဆောက်ဖို့ ကျိုးစားရမယ်။

သိတဲ့အတိုင်းစစ်ခေါင်းဆောင်တချို့ဟာသူတို့တသက် ပေါ၊ ချောင်၊ ကောင်းတွေပဲအချောင်နှိုက်လာတာဆိုတော့ စေတနာအမှန်နဲ့ ပြုပြင်ပြောင်းလဲရေးကိုအားမထုတ်ပဲ သူတို့ စိတ်ထက်သန်တဲ့ အဓိကရုဏ်းတွေကနေ အမြတ်ထုတ်ဖို့ ကြံတယ်။

တချိန်က စွမ်းအားရှင် လူရမ်းကားတွေနဲ့ နိုင်ငံအနှံ့ အချက်အခြာကျရာနေရာတွေမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ အကွက်ကျကျ ဖန်တီးတယ်။ နဂိုရှိပြီးသား တည်ငြိမ်မှုတွေကိုစိတ်ကြိုက် ဖျက်ဆီး လိုက်တော့ မြို့ခံပြည်သူတွေ အားကိုးရာမဲ့ စိတ်ဓာတ်ခြောက်ခြားကုန်တယ်။ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး ဆိုတဲ့ အာဏာရှင်တွေရဲ့ လက်သုံးစကား ကို အကြော်သည် လက်သုတ်လိုပြန်ဖော်ထုတ်တယ်။ ပြည်သူတွေက တပ်မတော်ကို ကျေးဇူးရှင်လို အားကိုးအောင်ဖြတ်လမ်းနည်းနဲ့လုပ်တယ်။

လာမဲ့၂နှစ်အတွင်း ရွေးကောက်ပွဲတခုကို လုပ်ပေးရတော့မယ်။ တသက်လုံးက ဖြောင့်မတ်မှန်ကန်တဲ့စိတ်နဲ့ အာဏာယူရဲသူတွေမဟုတ်တော့ ဒီတချီ ကြံ့ဖွတ်ကွဲမယ်လို့ ပြည်သူကသိထားတယ်။ အဲဒီတော့အောက်လမ်းနည်းသုံးပြီး စည်းရုံးတယ်။

မြန်မာပြည်မှာ အခုလို ဘာသာရေးပဋိပက္ခတွေ အစပျိုးနေတာ ရည်ရွယ်ချက်ကြီးကြီးတော့ရှိပုံရတယ်။ တပ်မတော်ကို လူတွေပိုမိုအားကိုး ယုံကြည်ဖို့တင်မကပဲ အတိုက်အခံတွေရဲ့ အားကိုပါဖြိုခွဲချင်တာလည်း ပါနိုင်တယ်။ ဒီထက်ပိုပြီး စိုးရိမ်ရတာက မြန်မာပြည်က ဗုဒ္ဒဘာသာ အစွန်းရောက်တွေနဲ့မူစလင်တွေ ထိတ်တိုက်တွေ့မှုတွေက ပြင်ပကမ္ဘာအထိ မျက်စေ့နောက်စရာဖြစ်လာမှာကိုပါ။ အစွန်းရောက်မူစလင် အကြမ်းဖက်မှုကလည်း ကမ္ဘာ မြို့ကြီးတချို့မှာ ခြိမ်းခြောက်လာတယ်။ ဘာသာရေးအစွန်းရောက်တွေရဲ့တိုက်ခိုက်မှုတွေ ကို ကမ္ဘာ့ပြည်သူတွေက ဆန့်ကျင်လာတယ်။ မြန်မာပြည်သူတွေမှာ ဘာအကာအကွယ်မှမရှိပါဘူး။ ဘာလုံခြုံရေးစနစ်မှလည်း မရှိသေးဘူး။ တချိန်တုံးကလည်း ဗုံးတလုံးကွဲပြီဆို၊အပြစ်မရှိသူတွေပဲ သေကြေခဲ့တယ်။ ဒုက္ခရောက်ခဲ့တယ်။ မဲမဲမြင်ရာအကုန်ဖမ်း၊ စွတ်စွဲထောင်ချခဲ့တယ်။နောက်လည်း ဒီလိုပဲ ဖြစ်လာမှာပါ။ ယုဇနပလာဇာ ဗုံးကွဲမှု လက်ချက်တောင် ဖမ်းမမိသေးပါဘူး။တိုင်းပြည်က မတည်ငြိမ်ရင် ပြည်သူတွေပဲ နစ်နာတယ်။

တခုတော့ သတိထားရမယ်၊ ကျနော်တို့နိုင်ငံလို စပ်ကူးမတ်ကူး၊ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံဟာ ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ အစမ်းသပ်ခံမဖြစ်ဖို့ပါပဲ။ တပါးနိုင်ငံတွေက သူတို့တွေ့ရှိထားတဲ့ နည်းလမ်းသစ်တွေကို ဒီနိုင်ငံမှာလာပြီးအသုံးချတဲ့ လေ့ကျင့်ကွင်းတခုလည်း အသုံးချနိုင်တယ်။ ပဋိပက္ခတွေ ဖြေရှင်းတဲ့နည်းလမ်းဟာအဆင်မသင့် ဂွင်မတည့်ရင် ပဋိပက္ခကို အားပေးရာ ရောက်သွားနိုင်တယ်။

အခုဆိုရင် မြန်မာပြည်ဟာနိုင်ငံတကာအစုံစုံက မျက်နှာဖုံးစွပ် အမျိုးမျိုးနဲ့ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် ခြေရှုတ်နေတာပါ။ပြည်ပက NGO အဖွဲ့တချို့ဟာ အခုလို လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုတွေကို စံနစ်တကျမှတ်တမ်းယူ ထားတယ်။ နိုင်ငံတကာကို အစီရင်ခံစာတွေရေးပို့ပြီး ဖိအားပေးနေတာတွေရှိတယ်။ တိတ်တဆိတ် အရေးယူနေတာတွေရှိတယ်။

အဲဒီအချိန်ကျမှ ပြည်တွင်းရေးမှာ ၀င်ရှုတ်နေတယ်ဗျို့လို့ ထပ်ပြီးအော်အုံး မှာလား။ ဒီအရာကိုလွယ်လွယ်နဲ့တားမရပါ။ ပြည်သူတွေ အမြင်မကျယ်ရင်၊ အတွေးအခေါ်ကျဉ်းမြောင်းရင် အန္တရာယ်ဟာလက်တကမ်းမှာပဲ။ ကိုယ့်ဘက်ကခြေကျွံရင် ပြန်နှုတ်ရခက်ကုန်မယ်။ အပ်နဲ့ မထွင်းခဲ့လို ပုဆိန်နဲ့ ပေါက်ရမဲ့ကိန်းကိုကျနော်တို့လည်း လက်ခံမှာမဟုတ်ဘူး။
ကောက်ကျစ်တဲ့ အစိုးရကလည်း ထပ်ခါထပ်ခါ တပ်မတော်ကိုခုတုံးလုပ်ပြီး သြဇာတည်ဆောက်လာအုံးမယ်။ ဒါဆို ရှေ့ကို ချီတဲ့ ဒီမိုကရေစီမဟုတ်တော့ဘူး။

အရင်ကတော့ ပြည်သူတွေကို သံဒုတ်နဲ့ ရိုက်တယ်။

ကွဲတယ်၊ နာတယ်။

အခုတော့ သံဒုတ်ကို ရာဘာစွပ်ပြီးရိုက်နေတယ်။ ဒဏ်ရာမပေါ်တာပဲ ရှိတယ်။

ကွဲတယ်၊ နာတယ်။

အတူတူပါပဲ။


ကိုညို(အော်စလို)။


အပိုင်း(၁)

ကျွန်တော်တို့ ၂၁ရာစုအတွင်း ဖွဲ့စည်းရတဲ့ ကျောင်းသားသမဂ္ဂတွေမှာ အတွေးအခေါ်အရ အကြီးအကျယ် အငြင်း ပွားနေရတဲ့ ပြဿနာတစ်ခု ရှိတယ်။ သမဂ္ဂ နဲ့ ပရဟိတအဖွဲ့ မကွဲပြားတဲ့ ကျောင်းသားတွေရဲ့ မပြတ်မသား မရှင်းမလင်း ပြောဆိုလုပ်ကိုင်နေတာတွေကို အမြဲမပြတ် တွေ့ကြုံနေရတာပဲ။ သမဂ္ဂပြင်ပက (သမဂ္ဂ၀င်မဟုတ်တဲ့) ကျောင်းသားတွေ မသိကြတာဆိုရင် သမဂ္ဂစည်းရုံးရေး မအောင်မမြင် ဖြစ်တာပဲ အကျိုးဆက်ရှိပေမယ့် ကိုယ့်သမဂ္ဂထဲက အဖွဲ့ဝင်တွေ မကွဲ ပြားတာ လုပ်ဟန်ရောယှက်တာက အဖွဲ့အစည်းတွင်း စည်းရုံးရေးကိုပါ ထိခိုက်စေပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ၁၉၆၂ ကနေ ၂၀၁၂ အထိ အနှစ် (၅၀)လုံးလုံး အသင်းအပင်း လွတ်လပ်စွာ ဖွဲ့စည်းခွင့် ကို ပိတ်ပင် ဖိနှိပ်ထားတဲ့ ဥပဒေအောက်မှာ ကျရောက်ခဲ့ပါတယ်။ ယခုထိလည်း ဤဥပဒေ ကို ပယ်ဖျက်ခြင်း မရှိသေးပါ။ ဒါပေ မယ့် ၂၀၁၂ ဇန်န၀ါရီမှ စပြီး ကျွန်တော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကို ရဲရဲတင်းတင်း ပြန်လည် တည်ဆောက်ခဲ့ကြတယ်။ အရင်ကာလတုန်းက သမဂ္ဂဖွဲ့ချင်ကြတဲ့ ကျောင်းသားတွေဟာ မိမိတို့ ဆန္ဒတွေကို မြိုသိပ်ပြီး တစုံတရာ ပြဿနာမဖြစ်နိုင်တဲ့ ပရဟိတအဖွဲ့လေးတွေသာ တည်ထောင်ကြရတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ အချိန် ကာလနဲ့ ခေတ်ရေစီးကြောင်းကို သုံးသပ်ပြီး တလျှောက်လုံး ပိတ်ဆို့လာတဲ့ တံခါးတစ်ချပ်ကို အားပြင်းပြင်းဆောင့်တွန်း ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆိုတဲ့ နေရာမှာ ၂၀၀၀ခုနှစ် နောက်ပိုင်းကာလ အကျဉ်းထောင်ထဲရောက်ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ သမဂ္ဂ(မြေအောက်)တွေကို ဖွဲ့စည်းခဲ့သူတွေကို ဆိုလိုတာပါ။ ကျွန်တော်တို့ နဲ့ စိတ်တူ ကိုယ်တူ သမဂ္ဂ လိုလားသူ ကျောင်းသားတွေလည်း အစအဆုံး ရင်ပေါင်တန်း ပါဝင်ခဲ့ပါတယ်။

ဒီလို သမဂ္ဂဖွဲ့တဲ့နေရာမှာ ဗကသများအဖွဲ့ချုပ်က အနယ်နယ်အရပ်အရပ် ကျောင်းသားတွေကို လမ်းဖွင့်ပြီး အတူတူ လက်တွဲချီတက်ကြဖို့ စည်းရုံးခဲ့ကြပါတယ်။ စည်းရုံးရေး ကျယ်ပြန့်ဖို့အတွက် သမဂ္ဂ ကို စိတ်ပါဝင်စားသူ ဘယ်ကျောင်းသား ကိုမဆို ဆက်သွယ်ခဲ့ပါတယ်။ ယခု ဖွဲ့စည်းပြီး (၂၆)ခရိုင်သော ကျောင်းသားသမဂ္ဂ များ၊ လူမျိုးစု ကျောင်းသားသမဂ္ဂ များ နှင့်အတူ မရေမတွက်နိုင်သော တက္ကသိုလ်ကျောင်းသားသမဂ္ဂ များလည်း ဗကသများအဖွဲ့ချုပ် နဲ့ လာရောက် ချိတ်ဆက် ပူးပေါင်းကြတာ အားရ၀မ်းသာစရာ ကောင်းလှပါတယ်။ “လူသာလာပါ ပြဿနာယူမလာပါ” နဲ့ ဆိုတဲ့ စာတမ်းတွေကို လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ကပ်ထားတာ တွေ့တိုင်း ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဖြစ် အပျက်များကို ရည်ညွှန်းနေသလား တွေးမိပါတယ်။ အဖွဲ့ဝင်အဖြစ် ကူးပြောင်းလာသူ ပရဟိတ အဖွဲ့ဝင်ဟောင်းအချို့ဟာ လူသာမက အတွေးအခေါ် ပြဿနာတစ်ရပ်ကိုပါ သယ်ဆောင်လာကြပါတယ်။ ဒါကတော့ သမဂ္ဂကို ပရဟိတအဖွဲ့ အစည်းကြီး တစ်ခုလို့ မြင်ပြီး ပရဟိတဆန်တဲ့ အတွေးအခေါ်တွေနဲ့ စည်းရုံးလှုပ်ရှားတာပါ။ ပြီးခဲ့တဲ့ခေတ် အခြေအနေအရ ကျွန်တော်တို့ ကိုယ်တိုင် ပရဟိတအဖွဲ့အစည်း အခြေခံတွေနဲ့ မကင်းလွတ်ခဲ့ကြပါ။ ကျွန်တော်ဆိုရင် ပညာရေးအဓိက ထားတဲ့ သင်တန်းပေးရေး၊ စာဖတ်ဝိုင်းပြုလုပ်ရေး၊ စကားရည်လုဆွေးနွေးပွဲ ပြုလုပ်ရေး ပရဟိတအဖွဲ့ တစ်ခုမှာ စေတနာ့ ၀န်ထမ်းလည်းလုပ်၊ တက်ကြွစွာ ပါဝင်ဆွေးနွေးသူလည်း လုပ်ခဲ့ရသူပါ။ သမဂ္ဂ ကို စတင် တည်ထောင်ချိန်မှာတော့ သမဂ္ဂ ရဲ့ ဖွဲ့စည်းပုံ၊ သမဂ္ဂ ရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ အစဉ်အလာ၊ စည်းမျဉ်းတွေကို ကျကျနန လေ့လာပြီး အကောင် အထည် ဖော်ခဲ့ပါတယ်။ စစချင်းလုပ်ခါစကထက် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပုံစံကျသော သမဂ္ဂကို ရရှိလာမှာ ဖြစ်ပါ တယ်

အခု အတွေးအခေါ်ပြဿနာကို ထုတ်ဖော် ရေးရတာ သမဂ္ဂ နဲ့ ပရဟိတ သေသေချာချာ မကွဲပြားသေးတဲ့ ရဲဘော် တွေကို အပြစ်တင် နှိမ့်ချလိုတဲ့ ရည်ရွယ်ချက် ရှိလို့မဟုတ်ပါ။ ကျွန်တော်တို့ထက် ပိုမို အခွင့်အရေးသာတဲ့ ရဲဘော်တွေကို အတွေးအမြင် ပြတ်သားရှင်းလင်းအောင် ဝေဖန်အကြံပေးလိုခြင်းသာ ဖြစ်ပါတယ်။

အပိုင်း (၂)

သမဂ္ဂ၏ လုပ်ငန်းတာဝန်များကို အနှစ်ချုပ်ယူရင် လူမှုရေး၊ ပညာရေး နှင့် နိုင်ငံရေး တာဝန်များ ဟူ၍ ကဏ္ဍ(၃)ခု ရပါတယ်။ အင်္ဂလိပ်လိုပြောရင် “social, academic and political activities”များဟု ပြောရပါမည်။ ပရဟိတ အဖွဲ့အစည်း တွေရဲ့ သဘောပြောရရင်တော့ လူမှုရေး လုပ်ငန်းတစ်ခုကိုသာ ပိုပိုသာသာ လုပ်ကြလေ့ရှိပြီး တခါတရံ ပညာရေး နှင့် ဆက်စပ်သော လူမှုရေးအထောက်အကူပြုသည် ကိုလည်း တွေ့ရပါတယ်။ သို့ပေမယ့် ပရဟိတ အဖွဲ့အစည်းများဟာ နိုင်ငံရေး လုပ်ငန်းများကို လုပ်လေ့မရှိကြပါ။ ဒါဟာ သမဂ္ဂ နဲ့ ပရဟိတ အခြေခံ ကွဲပြားခြားနားချက် တစ်ခု ဖြစ်ပါတယ်။

ပရဟိတ အဖွဲ့အစည်းတွေမှာ ကိုယ့်အဖွဲ့အစည်းရဲ့ ကူညီနိုင်မှုဘောင် (သို့) ပစ်မှတ်ပြု လူ့အလွှာ တစ်ခုခု ထားရှိ ပါတယ်။ ဥပမာ- မိဘမဲ့ဂေဟာက မိဘမဲ့ကလေးများကိုသာ ကူညီခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကလည်း ဆင်းရဲ နွမ်းပါးသော ကလေးငယ်များကိုသာ ပညာသင်ပေးခြင်း၊ HIV/AIDS ဝေဒနာရှင်များ ပြုစုစောင့်ရှောက်ရေး ဂေဟာ များက ယင်းဝေဒနာသည် များကို လက်ခံစောင့်ရှောက်ခြင်း။ သမဂ္ဂ များမှာတော့ ကိုယ့်လူတန်းစား၊ ကိုယ့်လူ့အလွှာရဲ့ အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရုံတင်မက ပိုမိုနက်ရှိုင်း ကျယ်ဝန်းတဲ့ သွေးစည်းညီညွတ်မှုကို တည်ဆောက် ရပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးစီးပွားအထိ ထည့်သွင်းစဉ်းစားရပါတယ်။ ဥပမာ- ကျောင်းသားသမဂ္ဂ တွေက လယ်သမား၊ အလုပ်သမားတွေရဲ့ လှုပ်ရှားမှုတွေမှာ ၀န်းရံပါဝင်တာ၊ ပြည်သူလူထုကြီးရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု တွေမှာ ပါဝင်လှုပ်ရှားဝန်းရံတာ၊ ပြည်သူလူထုကြီးရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု တွေမှာ ပူးပေါင်းပါဝင်တာတွေ လုပ်ကြပါတယ်။ ဆိုလို ချင်တာက ပရဟိတရဲ့ ရည်ရွယ်ချက်က ကိုယ်ပြုစုခြင်းခံရသူတွေ နှလုံးစိတ်ဝမ်း အေးချမ်းဖို့သာ ဖြစ်ပြီး သမဂ္ဂရဲ့ ရည်ရွယ် ချက်ကတော့ ကိုယ်စားပြုတဲ့ လူ့အလွှာနဲ့လူတန်းစားတွေရဲ့ အခွင့်အရေးကို အခိုင်အမာ ခုခံကာကွယ်ဖို့သာ ဖြစ်တယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အနေနဲ့ စတင် တည်ထောင်ကတည်းက သာမန် လူမှုကူညီရေး အဖွဲ့ အစည်း ပုံစံသက်သက် ရပ်တည်ခဲ့ခြင်း မရှိပါဘူး။ ကျယ်ပြန့်တဲ့ စည်းရုံးရေး၊ တိုးတက်တဲ့ အမြင်၊ ရှေ့တန်းရောက် တဲ့ တက်ကြွမှုတွေကို အခြေခံပြီး အမျိုးသားရေး၊ ဒီမိုကရေစီအရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး၊ ငြိမ်းချမ်းရေး စတဲ့ မူဝါဒ(၅)ချက်ကို အကောင်အထည်ဖော်ခဲ့တာပါ။ တိုင်းပြည်ချစ်စိတ်နဲ့ လွတ်လပ်ရေး ရအောင် တိုက်ယူခဲ့တယ်။ လွတ်လပ်ရေး တည်တံ့ခိုင်မြဲအောင် ကြိုးစားတယ်။ လွတ်လပ်ရေး မဆုံးရှုံးသွားအောင်လည်း ကာကွယ်တယ်။ ဒါတွေဟာ ဗကသ ကြိုးပမ်းခဲ့တဲ့ အမျိုးသားရေး တာဝန်တွေပါပဲ။

ပြည်သူတွေရဲ့ လွတ်လပ်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို ထိပါးနှောင့်ယှက်လာတဲ့ အာဏာရှင် အစိုးရ အဆက်ဆက်ကိုလည်း ဗကသ က တပ်ဦးအခန်းကဏ္ဍယူပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါတယ်။ နယ်ချဲ့ခေတ်၊ဖက်ဆစ်ခေတ်၊ စစ်အာဏာရှင် ခေတ်တွေမှာ ပရဟိတ ဆန်ဆန် အလုပ်တွေပဲ လုပ်နေမယ်ဆိုရင် ဗကသများအဖွဲ့ချုပ် ဟာ ပြည်သူချစ်တဲ့ ကျောင်းသားသမဂ္ဂ ဖြစ်မလာတော့ဘဲ အာဏာရှင်တွေအလိုကျ လက်ဝေခံ ကျောင်းသားသမဂ္ဂ တစ်ခုသာ ဖြစ်နေတော့မှာ ပါ။ မတရား အုပ်စိုးသူတွေကို ဘာဖိအားမှ မပေးနိုင်ဘူးဆိုရင် သမဂ္ဂဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကျောင်းသားလွှတ်တော်ဆိုတဲ့ ၀ိသေသ ကို နောက်ဖေးလမ်းကြားသာ ပို့ထားရတော့မှာပါ။

နောက်ထပ် ပြောချင်တာက ကျောင်းသားတွေမှာ မူလတာဝန်တွေ ရှိပါတယ်။

(၁) ပညာသင်ယူခြင်း

(၂) သုတေသနပြုလေ့လာခြင်း

(၃) ကျောင်းတွင်း လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခြင်း

(ဥပမာ- စကားရည်လုပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ဟောပြောပွဲများ)

(၄) ကစားခုန်စား လေ့ကျင့်ယှဉ်ပြိုင်ခြင်း

(၅) အမျိုးသား ယဉ်ကျေးမှု၊ တိုင်းရင်းသား ယဉ်ကျေးမှုများကို လေ့လာခြင်း

(၆)ကျောင်းသား ညီညွတ်ရေး တည်ဆောက်ခြင်း

(၇) ကျောင်းသားသမဂ္ဂများတွင် ပါဝင်လှုပ်ရှားခြင်း

(၈) ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ပါဝင်အကြံပြုခြင်း စသည်တို့က အဓိက တာဝန်ကြီးများ ဖြစ်ပါတယ်။ မိမိ ၀ါဿနာနှင့် စေတနာအလျောက် ခေတ်တလျှောက်လုံး ကျောင်းတွင်း ဖွဲ့စည်းခွင့်ရတဲ့ ပရဟိတအဖွဲ့တွေ အားလုံးဟာ နိုင်ငံရေး ကင်းရှင်းရပါမယ်။ နိုင်ငံရေးအရ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေနဲ့ ပတ်သက်ခြင်း မရှိပါဘူးလို့ ၀န်ခံကတိ ပြုပြီးမှ ဖွဲ့ခွင့်ရကြတာပါ။ အဲ့ဒီလို ဖွဲ့စည်းထားရလို့ ဒီနေ့ခေတ် သမဂ္ဂတွေ ပေါ်လာချိန်မှာ ပရဟိတ အဖွဲ့တိုင်း သမဂ္ဂ နဲ့ မပူးပေါင်း နိုင်ကြတဲ့ ခြေချုပ်စည်းမျဉ်း ရှိနေကြပါတယ်။ တချို့တလေသာ အရဲစွန့်ပြီး သမဂ္ဂထဲ ၀င်ရောက်လာကြတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် မလွတ်လပ်မှုတွေ တက္ကသိုလ်ရင်ပြင်ထဲ ကိန်းအောင်းဆဲပဲလို့ မြင်ပါတယ်။ အကြောက်တရား တွေ တက္ကသိုလ်မုခ်ဦးအောက် ဖြတ်သန်းဆဲပဲလို့ မြင်ပါတယ်။ သွေးခွဲအုပ်ချုပ်မှုတွေ တက္ကသိုလ်အဆောက်အဦတွေထဲ ကြီးစိုးနေဆဲလို့ သတ်မှတ်ရပါမယ်။

အပိုင်း(၃)

ဒီကနေ့ ဗမာပြည်မှာ အကန့်အသတ်များစွာ ချုပ်ချယ်မှုများစွာကနေ လုံးဝဥုသုံ လွတ်လပ်သွားတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံ၊ သက်မွေးပညာသင်ကျောင်း တစ်ကျောင်းမျှ မရှိသေးဘူးဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံပြီး ပြောရဲပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီပညာရေး၊(Academic Freedom)လို့ ခေါ်တဲ့ ပညာရေးလွတ်လပ်ခွင့် နဲ့ တက္ကသိုလ်/ကျောင်းတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ဝေးလို့ အစိုးရကနေ တက္ကသိုလ်/ကျောင်းတွေဆီ ပံ့ပိုးပေးရမယ့် ထောက်ပံ့ကူညီမှုတွေတောင် လုံးဝနီးပါး မရှိတာတွေ့ရပါတယ်။ နိုင်ငံအနှံ့အပြား ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်၊ကောလိပ်များ ပမာဏ ကြီးကြီးမားမား ရှိပေမယ့် ပညာရေးဘတ်ဂျက်က ဆင်ပါးစပ်နှမ်းပက် ဆိုသလို ဖြစ်နေပါတယ်။ ကျောင်းသားသမဂ္ဂ ရဲ့ တာဝန်ဟာ ကိုယ့်သမဂ္ဂ တည်ရှိရာ တက္ကသိုလ်အတွက် ဘတ်ဂျက်တိုးမြှင့်ပေးဖို့၊ တစ်နိုင်ငံလုံး အတွက် ပညာရေး ဘတ်ဂျက် တိုးမြှင့်ပေးဖို့ တောင်းဆိုရမှာပါ။ အစိုးရက ဒီကိစ္စကို တနည်းတဖုံ ကိုင်တွယ်ဖြေရှင်းလာအောင် အသိပေးကြဖို့၊ အရေးဆိုကြဖို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ပရဟိတဆန်ဆန် စဉ်းစားပြီး “သူမလုပ်ရင် ကိုယ်လုပ်မယ်၊ သူ ဘတ်ဂျက်မထုတ်ရင် တို့ အလှူခံပြီး ဖြေရှင်းမယ်”ဆိုတဲ့ လုပ်ဟန်အမှားတွေကို စတင် တွေ့ရှိနေရပါပြီ။ ဘာကြောင့် လုပ်ဟန်မှားသလဲ။ ဖြေရှင်းကြည်ရအောင်။

(၁) ကျောင်သားများသည် မိဘချွေးနည်းစာဖြင့် ကျောင်းတက်သူအများစုဖြစ်သောကြောင့် ငွေကြေးအခက်အခဲ ရှိသည်။ အလှူခံတိုင်း မထည်နိုင်ပါ။ ကျောင်းလခမပေးရသော အခမဲ့ပညာရေးစနစ်ဖြစ်လျှင် ပိုကောင်းပါသည်။ အပိုငွေ ကြေး ပေးရလျှင် မသက်သာပါ။ သမဂ္ဂသည် အများစုသော ကျောင်းသားထု သက်သာချောင်ချိရေးကိုသာ ဆောင်ရွက်ရ ပါမည်။

(၂) အကယ်၍ အလှူခံရရှိလာသော ငွေကြေးများကို သမဂ္ဂ(သို့)သမဂ္ဂအဖွဲ့ဝင် တဦးတယောက်က ကိုင်တွယ်ပြီး စီမံဆောင်ရွက်ခြင်းသည် မသင့်လျော်ပါ။ အပိုအလို အငြင်းပွားယိုးစွပ်မှု ရှိခဲ့သော် သမဂ္ဂ ၏ ဂုဏ်သိက္ခာ စွန်းထင်းနိုင် ပါသည်။ ရသုံးငွေ ရှင်းတမ်း ထုတ်ပြန်ပေးနိုင်သည် ဆိုသော်လည်း ထဲထဲဝင်ဝင် မသိရှိသော ကျောင်းသားများ၏ သံသယ ကို အပြီးတိုင် မချေဖျက်နိုင်ပါ။

(၃) ကျောင်းပရ၀ုဏ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ အဆောင်၊ စားသောက်ဆိုင်(ကင်တဲန်း)၊ အားကစားကွင်း စသည်တို့သည် အစိုးရအဖွဲ့အစည်းပိုင် ဖြစ်သောကြောင့် အစိုးရမဟုတ်သော ပြင်ပ ပုဂ္ဂလိကမှ တာဝန်ယူ ပြင်ဆင်ပိုင်ခွင့် မရှိပါ။ ကျောင်းအာဏာပိုင်သာ တိုက်ရိုက် သက်ဆိုင်သော အရာဖြစ်ပါသည်။ ကျောင်းအာဏာပိုင် ခွင့်ပြုချက်ရသော ကန်ထရိုက်များသာလျှင် ပြင်ဆင်ခွင့် ရမည်ဖြစ်ပါသည်။

(၄) ကျောင်းတွင်း သန့်ရှင်းမှုရှိစေရန် အမှိုက်ပုံးများ ထားရှိခြင်း၊ အရိပ်ရစေရန် သစ်ပင်ပန်းပင် စိုက်ပျိုးခြင်း၊ သောက်ရေဗူးများ ထားရှိခြင်းတွင် သမဂ္ဂဖြစ်စေ ပရဟိတ အဖွဲ့အစည်းဖြစ်စေ လှူဒါန်းပိုင်ခွင့်ရှိသည်။ သို့သော် မိမိ အဖွဲ့အ စည်း ရန်ပုံငွေထဲမှသာ ဖြစ်သင့်သည်။ “သူကြီးဘုရား ရွာသားကောင်းမှု” ၀ါဒ မကျင့်သုံးသင့်ပါ။

သမဂ္ဂ ဖွဲ့စည်းလှုပ်ရှားမှု ပြန်လည်အသက်ဝင်လာသည့် တစ်နှစ်ကျော်ကာလအတွင်းမှာ လုပ်နည်းလုပ်ဟန်များ အသားမကျ ဖြစ်နေသည်မှာ သဘာဝကျပါတယ်။ အတွေ့အကြုံသစ်ကို စူးစမ်းရှာဖွေရင်း အတွေ့အကြုံဟောင်းထဲမှ ဆွဲ ထုတ်လာသည့် ပုံစံတစ်ခုကို လက်ရှိ အခြေအနေနှင့် အတွဲတွဲစပ်တိုင်း မအောင်မြင်တတ်ပါ။ ဖိနပ်နှင့်မတော်သော ဖနှောင့်ကို လှီးမပစ်ဘဲ တော်သည့် ဖိနပ်အသစ်ကို ရှာဖွေပြောင်းလဲ စီးသင့်သည်ဟု ထင်ပါသည်။ အယူအဆဟောင်း အတိုင်း လက်ခံပြီး မပြောင်းမလဲ ပြုလုပ်ခြင်း၊ ကိုယ့်အဖွဲ့အစည်း တူသူ အချင်းချင်း မချိတ်ဆက် မစူးစမ်းခြင်း၊ အခြားဒေသ များကို လေ့လာမှု မရှိခြင်း၊ မိမိဒေသ ထူးခြားချက်၊ အားကောင်းချက်များကို မှန်မှန်ကန်ကန် ကိုင်တွယ်အသုံးမပြုနိုင်ခြင်း တို့ကို သတိထားရှောင်ရှားပြီး ကျောင်းသားသမဂ္ဂ ဟူသမျှ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး လုပ်ငန်းများကို စည်းစနစ်တကျ လုပ်နိုင်ကြပါစေလို့ ပြုပြင်စေသော ဆန္ဒဖြင့် တိုက်တွန်းလိုက်ရပါတယ်။ ။

ကျော်ကိုကို



ကေအိုင်အေကချင်လွတ်လပ်ရေးတပ်မတော်နှင့်အစိုးရတို့ ငြိမ်းချမ်းရေးတည်ဆောက် ရန် ဆွေးနွေးနေချိန်နှင့် တိုက်ဆိုင်စွာ ဖြစ်ပေါ်သော သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပဋိပက္ခမှာ မလိုလားအပ်သောကိစ္စဖြစ်သဖြင့် ထိုကိစ္စ ဖြစ်အောင်လှုံ့ ဆော် သူများအား ရှုပ်ချကြောင်း SNLD သျှမ်းတိုင်းရင်းသာများ ဒီမိုကရေစီအဖွဲ့ချုပ်ကပြောပါသည်။

“ကေအိုင်အို နဲ့ ငြိမ်းချမ်းရေးရယူဖို့ ဆွေးနွေးညှိနှိုင်းတဲ့ အချိန်နဲ့ကိုက်ညီပြီးဒါကိုဖြစ်ပေါ် အောင် လှုံ့ဆော်သွားတယ်။ ဖြစ်သွား တဲ့ကိစ္စအပေါ်မှာ ကျနော်တို့စိတ်မကောင်း ဘူး။ ဖြစ်တဲ့အဖြစ် အပျက်အပေါ်လဲ ကျနော်တို့ ဘဝင်လဲမကျဘူး။ အကြမ်းဖက် ဆန်ဆန်ဖြစ်ရပ်ဟာ တိုက်ဆိုင် တာလား တမင်တကာသွေးထိုးလှုံ့ဆော်လို့ဖြစ်တာလားမသိပေမယ့် ဘာဘဲဖြစ် ဖြစ် မလိုလား အပ်တဲ့ပြဿနာ ဖြစ်တယ်။ ဒါကိုတော့ ကျနော်တို့ရှုတ်ချတယ်။ မဖြစ်တဲ့ကိစ္စလို့ဘဲ ကျနော် တို့မြင် ပါတယ်” ဟု ပြောခွင့်ရ ပုဂ္ဂိုလ်စိုင်းလိတ်ကပြောသည်။

ထိုကဲ့သို့ ငြိမ်းချမ်းရေးအတွက် လုပ်နေကြစဉ် ထိုအဖြစ်အပျက်မျိုး တစ်ခါမက ဖြစ်ခဲ့ဖူးကြောင်း စိုင်းလိတ်က သတိပေးပြောဆိုလိုက်သည်။

“ဒီလိုအလားတူဖြစ်ပျက်မျိုးအရင်ကကြုံဖူးတယ်။ ကျနော်တို့ တော်ဝင်နှင်းဆီခန်းမမှာ SNLD ကနေ ဦးဆောင်ပြီးတော့မှ ငြိမ်းချမ်းရေးအတွက် (သျှမ်း) ယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့ အခမ်းအနားကို ကျင်းပအချိန်မှာဘဲ မုံရွာလက်ပန်းတောင်း တောင် အရေးအခင်းဖြစ်တယ်။ ကျနော်တို့ လားရှိုး မှာ သျှမ်း ကယား ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း လုပ်နေချိန်မှာလဲ မိတ္ထိလာ လို အရေးအခင်းဖြစ်ခဲ့တယ်။ အခုလဲ ကချင်နဲ့ငြိမ်းချမ်းရေး တည် ဆောက်နေချိန်မှာတဖန် လား ရှိုးမှာထပ်ပေါ်တယ်။ ဝန်ကြီးဦးအောင်မင်းက ခုနပြောတဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ် ၃ ခုလုံး မှာပါဝင်တယ်လေ။ အဲတော့ ငြိမ်းချမ်း ရေးတည်ဆောက်နေ ချိန်မှာ တဖက်က နောက်ကြောင်း ပြန်လှည့်ဖို့များကြိုးစားနေသလားလို့ ယုံမှားသံသယဖြစ် စရာ ကောင်းတယ်။ တကယ်လို့အဲလို နောက်ကြောင်း ပြန်လှည့်ဖို့ လှုံ့ဆော်စည်းရုံးနေတာ ဘယ်သူဘဲဖြစ်ဖြစ်ကျနော်တို့ ရှုပ်ချရမှာဘဲ။ ဒါလုံးဝ ရှုပ်ချသင့်တယ်” ဟု ဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ ပြင်ပပယောဂ ကြောင့်ဖြစ်နိုင်ကြောင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင် NLD ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင် ကပြောသည်။

“ဒီလူတွေ ဒီလိုဖြစ်အောင်လုပ်ဖို့ချောင်းနေတာ ကြာလှပြီ။ ကျနော်တို့သတိထားမိတာ ၁ လ ၂ လ ရှိပြီဘဲ။ အခုတော့ အခွင့် သာတုန်း သူတို့လဲ ဝင်ချတော့တာ။ ကျနော်တို့ လားရှိုးမှာနေ လာတာသက်တမ်း ၆၀ ကျော်မှာ ဒါမျိုးတခါမှမရှိခဲ့ဘူးဘူး၊ သျှမ်း၊ ဗမာ၊တရုတ်၊ ကုလား အေးအေးဆေးဆေး နဲ့ အတူတူနေလာကြတာဘဲ။ ဒါ ပြင်ပ ပယောဂ ပါတယ်လို့ ဘဲမြင်တယ်” လားရှိုး NLD ဥက္ကဌ စိုင်းမြင့်မောင် က ပြောသည်။

အဆိုပါ အဓိကရုဏ်းထဲသို့ လူငယ်များမပါဝင်ရန်သာ အရေးကြီးကြောင်း လားရှိုးမြို့နေ လူငယ်တဦးကပြောသည်။

လားရှိုးမြို့ လက်ရှိအခြေအနေမှာ ယနေ့မနက်ပိုင်း ဘူတာကြီးတွင် ရပ်ကွက်တွင်းလူထုနှင့် မူစလင်ဘာသာဝင်များရိုက်နှက် မှုဖြစ်ပွါးခဲ့ပြီး လူနေအိမ်များ မီးရှို့မှုဖြစ်ပွါးခဲ့သေးသည်ဟု အဆိုပါလူငယ်ကပြောသည်။

တမြို့လုံး စစ်တပ်ဖြင့် လုံခြုံ ရေးတိုးမြင့်ချထားပြီး မီးလောင်ခဲ့ သည့်ဗလီအနီးဖြတ်သန်းသွား လာ ခွင့် မပေးကြောင်း မြို့နေလူထုတို့စိုးရိမ်ပူပန်မှုဖြင့် နေထိုင်နေ ရကြောင်း ပြောဆိုပါ သည်။

ယမန်နေ့ မေလ ၂၈ ရက်ညနေ ၄ နာရီက လားရှိုးမြို့ရပ်ကွက် ၈ ၌ ဓါတ်ဆီရောင်းသော နယ်မြေ ၁၅ အုပ်ချုပ်ရေးမှူး ၏သမီး မအေးအေးဝင်း (အသက် ၃၈ နှစ်) (ဖခင် ဦးမောင်မောင် ဝင်း) အားကျိုင်းတုံမှတ်ပုံတင်ကိုင်ဆောင်သည့် ကိုနေမင်းက ဓါတ်ဆီဖြင့် ပက်ဖြန်း၍ မီးရှို့ခဲ့ ရာမှ ဒေသတွင်းလူထုက မကျေမနပ်ဖြစ် ကာ ရပ်ကွက် ၂ ဗလီနှင့် မူဆလင်မိဘမဲ့ ခလေးများဂေ ဟာ၊ လူနေအခန်း ၈ ခန်း၊ တရုတ်အိမ် ၂ အိမ်၊ ကော်ရခါး အိမ်တအိမ် အား မီးရှို့ဖျက်ဆီးခဲ့ သည်။ ထို့အပြင် အထင်ကရ မူစလင်ဆိုင် နှင့် နေအိမ် ၁၀ ကျော်လည်း ရိုက်နှက်ဖေါက်ခွဲကာ ဖျက်ဆီးခဲ့သည်။ ထို့ အတွက်ကြောင့် အရေးပေါ် ဥပဒေ ပုဒ်မ ၁၄၄ (ည ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရ၊ လူ ၅ ယောက် အထက် အစုအဝေးမပြုရ ၊ ကျူးလွန်က အရေးယူခြင်းခံရ) အား အာဏာပိုင်များက ထုတ်ပြန်ထားသောကြောင့် ၊ မြို့တွင်းမှာခြောက်ကပ်လျက်ရှိပြီး လားရှိုးဈေး မန်ဆူဈေးတို့ ပိတ်ထားကြောင်း၊ ထို့အပြင် ရပ်ကွက်တွင်းရှိဈေးဆိုင် စားသောက်ဆိုင်များပါ မဖွင့်ရဲကြကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်

လားရှိုးမြို့က ပဋိပက္ခအတွင်း လူ ၁ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရတယ်လို့ နောက်ဆုံး ဝင်ရောက်တဲ့သတင်းတွေအရသိရပါတယ်။ အင်္ဂါနေ့က စတင်ခဲ့တဲ့ ပဋိပက္ခဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာတော့ အခြေအနေက အထိုက် အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ရဲက လုံခြုံရေး ယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တချို့ ရှိခဲ့ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့လူစုဝေးတွေဟာ တုတ်ဓါး လက်နက်တွေကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်ကာ မွတ်ဆလင်တွေကို ရှာဖွေခဲ့ကြပါတယ်။ လူအများစုကတော့ နေအိမ်အပြင် မထွက်ရဲဘဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းနဲ့ဈေးဆိုင်တဆိုင်လည်း ထပ်မီးရှို့ဖျက်ဆီး ခံရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယ ရဲမှူးကြီးမင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် နှစ်ရက်အတွင်းဗလီနဲ့အစ္စလမ် စာသင်ကျောင်း ၆လုံးနဲ့ဈေးဆိုင် ၁၇ဖျက်ဆီးတိုက်ခိုက်ခံရတယ်လို့ ရဲမှူးကြီးကပြောပါတယ်။ဒီပဋိပက္ခဟာ အင်္ဂါနေ့က မွတ်ဆလင် တယောက်က အမျိုးသမီးတစ်ဦးကို ဓါတ်ဆီနဲ့ပက် မီးရှို့မှု ဖြစ်ပြီးနောက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ညပိုင်းမှာ လူတွေက မကြေမနပ် ဖြစ်ပြီး ဗလီနဲ့ မွတ်စလင် မိဘမဲ့ ကျောင်းတစ်ခုကို မီးရှို့ခဲ့ကြပါတယ်။အမျိုးသမီးကို မီးရှို့တဲ့သူဟာ တာချီလိတ်ကနေ လားရှိုးမှာ လာနေတဲ့ နေဝင်း(၄၈ နှစ်)ဆိုသူ ဖြစ်တယ်လို့အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ခံရသူ မအေးအေးဝင်းဆိုသူ အမျိုးသမီးကတော့ ဆေးကုသမှု ခံယူနေပါတယ်။

ဒီပဋိပက္ခကိုသတင်းယူနေတဲ့ ဒေသတွင်းသတင်းထောက် ၂ယောက်ကိုလည်း ဆူပူသူတွေက ရိုက်နှက်ခဲ့တယ်လို့ အလွတ် သတင်းထောက်ခွန်ဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

ဘီဘီစီ
photo..ခွန် ဒီးယမ်Faceboook

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.